ဂိုဏ်းတူမောင်လေးက တာ့လော်အင်မော်တယ်လား
Vol. 31 Ch. 428
ကျန်းလန်က ရှောင်ယွိပြောသည့် စကားများကို စိတ်ထဲ မထားပေ။
နဝမတောင်ထွတ်ရင်ပြင်တွင် ယှဉ်ပြိုင်ကြမည်ဆိုပါက သူက လူသားအင်မော်တယ်အဆင့်ဖြင့် ရှောင်ယွိကို ရင်ဆိုင်ဦးတော့ သူမအနေဖြင့် သူ့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
ကျောက်စိမ်းရေကန်တွင် မယှဉ်ပြိုင်ကြသရွေ့ ရှောင်ယွိ သူ့ကို ရှုံးနိမ့်နေမည်ပဲ ဖြစ်သည်။ ကျောက်စိမ်းရေကန်ကတော့ ရှောင်ယွိ၏ ပိုင်နက်နယ်မြေဖြစ်လေရာ ကျန်းလန်အတွက် အားသာချက်မရှိနိုင်ပေ။
ကံကောင်းသည်မှာ ထိုနဂါးမလေးက တုံးလွန်းပြီး ကျောက်စိမ်းရေကန်တွင် သူနှင့် ဘယ်တော့မှ ယှဉ်ပြိုင်ခြင်း မပြုခဲ့ပေ။
ကျန်းလန်က…
"ဂိုဏ်းတူအစ်မ… လက်ခဏပေး"
ရှောင်ယွိက သူမ၏လက်တစ်ဖက်ကို ကမ်းပေးလာတော့ ကျန်းလန်က သူမ၏လက်လေးကို ညင်သာစွာ ကိုင်လိုက်သည်။
ထို့နောက် သူ့လက်ဖြင့် ရှောင်ယွိ၏ လက်ဖဝါးကို ထိလိုက်သည့်အခါ အလင်းရောင်များ ထွက်ပေါ်လာပြီး သူမ၏လက်ကို ဖုံးအုပ်သွားသည် ။ ခဏကြာပြီးနောက် အလင်းရောင် ပျောက်ကွယ်သွား၏။
ထိုအခါမှ ကျန်းလန်က သူမလက်ကို လွှတ်ပေးလိုက်သည်။
"ရပြီ…"
ရှောင်ယွိက သူလက်လေးကို ပြန်ရုတ်သိမ်းလိုက်ပြီး ကြည့်လိုက်သည်။ သူမ၏လက်ဖဝါးထက်တွင် အင်းသင်္ကေတတစ်ခုရှိနေပြီး ချက်ချင်းပင် သဲလွန်စမကျန် ပျောက်ကွယ်သွားသည်။
ရှောင်ယွိက ကျန်းလန်ကို စူးစိုက်ကြည့်လိုက်ရင်း…
"အဲဒါဘာလဲ"
ကျန်းလန်က…
"ဂိုဏ်းတူအစ်မ အန္တရယ်ကင်းအောင် ကာကွယ်ပေးဖို့ပေါ့ ၊ မင်း ဒီ ကျွန်းပေါ်မှာ ရှိနေသရွေ့ အန္တရယ်ရှိပြီဆိုတာနဲ့ ကိုယ်သိခွင့်ရလိမ့်မယ်"
ရှောင်ယွိ ပြောသလို ဆရာဒေါ်လေး မြောင်ယွဲ့နှင့် ဆရာဦးလေး ကျိုးကျုန်းထျန်းတို့ကတော့ သူတို့ (၂)ယောက် အန္တရယ်ကင်းရန် အရံအစီအစဉ်များ ပြုလုပ်ထားသည်မှာ အမှန်ပင် ဖြစ်၏။ သို့သော် သူတို့ အသက်အန္တရယ် မကြုံတွေ့ရသရွေ့ ထို အစီအစဉ်များက အကောင်အထည်ပေါ်လာမည် မဟုတ်ပေ။
စောစောက လုန်ယွိ အစစ်အမှန်အင်မော်တယ်များနှင့် တိုက်ခိုက်စဉ် ထို အရံအစီအစဉ် ထွက်ပေါ်လာလုနီးပါး ဖြစ်ခဲ့ရသည်ကို ကျန်းလန် ရိပ်မိခဲ့သည်။
သို့သော် သူ၏ လှုပ်ရှားမှုက မြန်ဆန်းလွန်းသည့်အတွက် ဆရာဒေါ်လေးနှင့် ဆရာဦးလေးတို့ သတိမပြုမိကြတော့ပေ။ သူတို့ လှုပ်ရှားမှု ပြုလာလျှင်လည်း ပြဿနာမရှိပေ။
ရှောင်ယွိက ကျန်းလန်ကို ကြည့်လိုက်ရင်း…
"ဂိုဏ်းတူမောင်လေးက ကျွန်မကို ထိန်းချုပ်လိုက်တာလား ၊ ဒါဆို အခု ဘယ်ကိုသွားမလို့လဲ ၊ ကျွန်မကို ထားသွားတော့မလို့လား"
ကျန်းလန် : "……"
ရှောင်ယွိက လက်နှစ်ဖက်ကို နောက်ပစ်လိုက်ရင်း…
"ဂိုဏ်းတူမောင်လေး ၊ ကျွန်မကို ပြောစရာစကားတစ်ခုခု မရှိတော့ဘူးလား"
"ကိုယ်တို့ နဂါးမျိုးနွယ်တွေရဲ့ ပိုင်နက်ထဲကို စ ရောက်တုန်းမှာပဲ ကိုယ်တို့ဆီကို ခိုးကြောင်ခိုးဝှက်နဲ့ ရောက်လာတဲ့ ရောင်ဝါတစ်ခုကို တွေ့ခဲ့ရတယ်"
ကျန်းလန်က ပြောရင်း သူသိပ်သည်းထားသည့် ရောင်ဝါကို ထုတ်ပြလိုက်သည်။
ထိုအရာ မြူခိုးအလုံးအဝန်းတစ်ခုနှင့်တူပြီး အလင်းရောင်မှိန်မှိန် ထွက်ပေါ်လျှက် ရှိ၏။
"ရန်သူတွေက ဂိုဏ်းတူအစ်မကို ဖမ်းဆီးဖို့ ကြိုးစားနေကြတာ ၊ သူတို့က ဂိုဏ်းတူအစ်မအကြောင်းကို စုံစမ်းဖို့ ဒီရောင်ဝါကို အသုံးပြုခဲ့ကြတယ် ၊ ဒါပေမဲ့ ကိုယ်က ဒီအကြောင်းသိသွားလို့ အဲဒီရောင်ဝါကို သိမ်းဆည်းထားခဲ့တယ်"
ကျန်းလန်က ဆက်ပြောသည်။
"ဒီရောင်ဝါကြောင့် သူတို့က ကိုယ်တို့ရဲ့ တည်နေရာကို သိရှိနိုင်တယ် ၊ ကိုယ်ကလည်း သူတို့တည်နေရာကို ခန့်မှန်းကြည့်နိုင်တယ်"
ခဏနားပြီးမှ ကျန်းလန်က ဆက်ပြောသည်။
"ဆိုတော့… ရန်သူတွေက မြစ်တစ်ဖက်ကမ်းမှာ ရှိနေတယ်ဆိုတာ ကိုယ် အာရုံခံမိတယ် ၊ ဒီတော့ သူတို့ကို သွားပြီး ရှင်းပစ်ရမယ်လေ"
ကျန်းလန်အနေဖြင့် မည်သည့်အရာကိုမှ ဖုံးကွယ်ထားစရာ မလိုပေ။ ထို့ပြင် ရန်သူများကို သွားရောက်ရှင်းလင်းသည့်အခါ ရှောင်ယွိကို ခေါ်သွားရန် မဖြစ်နိုင်ပေ။
ရှောင်ယွိက မည်သည့်မေးခွန်းကိုမှ ထပ်မမေးတော့ပေ။
"ကောင်းပြီလေ… ၊ ဒါဖြင့် ကျွန်မ ဒီမှာပဲ စောင့်နေတော့မယ်"
ခဏမျှ စဉ်းစားပြီးနောက် ကျန်းလန်က ရှောင်ယွိ ပတ်ပတ်လည်တွင် စည်းဝိုင်းတစ်ခု ရေးဆွဲလိုက်သည်။
"ဂိုဏ်းတူအစ်မ စည်းဝိုင်းထဲမှာပဲ နေပါ ၊ ဒါဆို ဘယ်လိုအန္တရယ်မျိုးမှ ကျရောက်မှာ မဟုတ်ဘူး"
ရှောင်ယွိက မျက်တောင်လေးများ တဖျတ်ဖျတ်ခတ်ရင်းပြုံးလိုက်သည်။
"ဒီစကားက ရင်းနှီးနေသလိုပဲနော်"
ထို့နောက် သူမက အလျှင်အမြန်ပင် ကျန်းလန်မျက်နှာကို မော့ကြည့်လိုက်ရင်း…
"ဂိုဏ်းတူမောင်လေးက အစစ်အမှန်အင်မော်တယ်အဆင့် ရောက်နေပြီလား"
ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့် မည်မျှရှိသည်ကို ရှောင်ယွိ သိချင်မိသည်။
ကျန်းလန်က တည်ငြိမ်စွာဖြင့်…
"အဲဒီထက် နည်းနည်း အဆင့်မြင့်တယ်"
ရှောင်ယွိက…
"ဒါဖြင့် အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်ထားတာလား"
ကျန်းလန်က…
"အဲဒီထက်လည်း နည်းနည်းမြင့်သေးတယ်"
ရှောင်ယွိ တဖြည်းဖြည်း ယုံရခက်လာသည်။
"မိုး… မိုးကောင်းကင်အင်မော်တယ် ကနဦးအဆင့်လား"
ခွန်လွန်တောင်မှ တပည့်ရင်းများထဲတွင် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ဖြစ်သည့် လုကျန်းက တန်ခိုးစွမ်းအားအမြင့်မားဆုံး ဖြစ်သည်။
သို့သော် လုကျန်းသည်ပင် ယခုမှ အစစ်အမှန်အင်မော်တယ် အောင်မြင်ပြီးသည့်အဆင့်ဖြစ်ပြီး မိုးကောင်းကင်အင်မော်တယ်ပင် မဖြစ်သေးပေ။ ယခု ခရီးစဉ်ပြီးဆုံးလျှင် ဂိုဏ်းတူအစ်ကိုလုကျန်းက မိုကောင်းကင်အင်မော်တယ်အဆင့်သို့ အဆင့်တက်ရောက်တော့မည်ဟု ဂိုဏ်းတူအစ်မဟုန်လွမ်ထံမှ သတင်းကြားထားသည်။
သူမ၏ မောင်လေးလုန်မန်သည်လည်း အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်ထားသူ ဖြစ်သည်။ မိုးကောင်းကင်အင်မော်တယ်ဖြစ်လာရန်အတွက် အချိန်တစ်ခုအထိ စောင့်ရပေဦးမည်။
မိုးကောင်းကင်အင်မော်တယ်အဆင့်သည်ပင် အတော်လေး တန်ခိုးစွမ်းအား မြင့်မားနေပြီ ဖြစ်၏။
ကျန်းလန်က တည်ငြိမ်သည့်လေသံဖြင့်…
"နည်းနည်းလောက် ထပ်တိုးလိုက်ဦး"
ရှောင်ယွိ : "……"
ခဏမျှ ဆွံ့အနေပြီးမှ…
"မိုးကောင်းကင်အင်မော်တယ် အလယ်ဆင့်လား"
ရှောင်ယွိမှာ ယုတ္တိမရှိသည့် အရာများကို မေးမြန်းနေရသည့်အလား ခံစားလိုက်ရသည်။
ကျန်းလန်က မဖြေဘဲ ရှောင်ယွိကို ကြည့်လိုက်သည်။
"နောက်တစ်ဆင့်လောက် မှန်းကြည့်ပါဦး"
ရှောင်ယွိသည် အတန်ကြာစကားမပြောဘဲ ကျန်းလန်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေခဲ့သည်။
ပြီးမှ…
"မိုးကောင်းကင်အင်မော်တယ် အောင်မြင်ထားတဲ့အဆင့်"
ကျန်းလန် မည်သည့်စကားမှ မဆိုဘဲ တိတ်ဆိတ်နေ၏။
ရှောင်ယွိက လက်မနှင့်လက်ညှိုးလေးကို အနည်းငယ် ကွေးပြလိုက်ရင်း…
"နည်းနည်း… နည်းနည်းလောက် ထပ်မြင့်သေးတာလား"
ကျန်းလန် ခေါင်းညိတ်လုက်သည်။
ရှေင်ယွိမှာ အံ့သြမှင်တက်သွားပြီး ဆက်မတွေးနိုင်တော့ပေ။
"ရပြီ… ဂိုဏ်းတူမောင်လေး သွားလို့ရပြီ…"
ကျန်းလန်က ပတ်ဝတ်းကျင်ကို တစ်ချက်စစ်ဆေးကြည့်ပြီးနောက် မည်သည့်အန္တရယ်မှ မရှိကြောင်းသိရမှ စိတ်အေးလက်အေး ဖြစ်သွားသည်။
"ခဏစောင့်နေနော် ၊ အချိန်သိပ်ကြာမယ် မထင်ပါဘူး ၊ ရန်သူဘက်က အရမ်းအင်အားကြီးနေမယ်ဆိုရင် ကိုယ် ပြန်ဆုတ်လာခဲ့မယ်"
ရှောင်ယွိ ခေါင်းညိတ်ပြလိုက်သည့်အခါ ကျန်းလန်လည်း လှည့်ထွက်လာခဲ့သည်။
ခြေလှမ်းအနည်းငယ် သွားပြီးနောက်…
"ဂိုဏ်းတူမောင်လေး ခဏနေပါဦး"
ရှောင်ယွိက သူ့ကို တားဆီးလိုက်သည်။
ကျန်းလန်က အနည်းငယ်စိတ်ရှုတ်ထွေးသွားဟန်ဖြင့် ရှောင်ယွိကို လှည့်ကြည့်လိုက်သည်။ ရှောင်ယွိက ကျန်းလန်အနားသို့ ရောက်လာပြီး ခြေဖျားလေးများအသာထောက်ကာ ကျန်းလန်ခေါင်းကို ပုတ်လိုက်သည်။
ထို့နောက် သူမက အလေးအနက်ဖြင့် စကားဆိုလိုက်၏။
"ဂိုဏ်းတူမောင်လေး ၊ ဒီတစ်ခေါက် ရှင် ကျွန်မကို ကာကွယ်ပေးတာ ယာယီပဲဆိုတာ မှတ်ထားရမယ် ၊ တကယ်တော့ ကျွန်မက ဂိုဏ်းတူအစ်မတစ်ယောက်ပါ ၊ နောက်တစ်ခါကျ ကျွန်မက ဂိုဏ်းတူမောင်လေးကို ကာကွယ်ပေးမယ်"
ကျန်းလန် : "……"
သူ ခဏမျှ တိတ်ဆိတ်နေ၏။ ပြီးမှ ခေါင်းညိတ်သဘောတူလိုက်ပြီး ထွက်ခွာသွားလေသည်။
သူက သိပ်သည်းထားသည့် ရောင်ဝါ၏ တုံ့ပြန်မှုအတိုင်း မြစ်တစ်ဖက်ကမ်းသို့ ထွက်ခွာလာခဲ့သည်။ ရန်သူက ဘယ်လောက် အားကောင်းမည်လဲ သူ သိချင်သည်။
သူ ရန်သူကို ယှဉ်နိုင်ပါမည်လား။ တတ်နိုင်လျှင်တော့ အားလုံးကို အပြတ်ရှင်းခဲ့ရပေလိမ့်မည်။
မတတ်နိုင်လျှင်တော့…
ဆရာဒေါ်လေးမြောင်ယွဲ့နှင့် ဆရာဦးလေးကျိုးကျုန်းထျန်းတို့ကို အကူအညီတောင်းရပေလိမ့်မည်။
ကျန်းလန် ပျောက်ကွယ်သွားသည်အထိ ကြည့်နေပြီးမှ ရှောင်ယွိက လုန်ယွိအသွင်သို့ ကူးပြောင်းလိုက်သည်။ သူမသည် စည်းဝိုင်းအတွင်းရှိ ကျောက်ဆောင်တစ်ခုထက်တွင်ထိုင်ရင်း အလေးအနက် စဉ်းစားနေ၏။
ကျန်းလန်အနားတွင် ရှိစဉ်က သူမ အကြောင်းအရာများစွာကို မတွေးခဲ့မိပေ။ ယခု သူမတစ်ယောက်တည်း ကျန်ရစ်ခဲ့တော့မှ ခေါင်းထဲသို့ အတွေးများစွာ ဝင်ရောက်လာသည်။
"စောစောက ဂိုဏ်းတူမောင်လေး တိုက်ခိုက်တဲ့အခါ ရန်သူအားလုံး သွေးမှုံတွေအဖြစ် ပြောင်းလဲသွားတယ် ၊ ဒီမြင်ကွင်းကို ငါ ရင်းနှီးနေသလိုပဲ"
လုန်ယွိ တွေးလိုက်သည်။
ဟုတ်ပေ၏။
ပြန်တွေးကြည့်မည်ဆိုလျှင် သူမ ခွန်လွန်တောင်ရှိ တောအုပ်တစ်ခုတည်းတွင် မှော်ဝင်ပစ္စည်းတစ်ခုဖြင့် ထိန်းချုပ်ခံရပြီး အသက်ဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။ ထိုအချိန်တွင် ခွန်လွန်တပည့်တစ်ယောက် ရောက်လာပြီး သူမ၏ရန်သူများကို သတ်ဖြတ်ကာ သူမအသက်ကို ကယ်တင်ခဲ့သည်။
သူမ ထိုသူကို လိုက်လံစုံစမ်းခဲ့သော်လည်း မည်သူမှန်း မသိရှိခဲ့ရပေ။
ထို့နောက် တတိယတောင်ထွတ် မှော်ရုံနယ်မြေထဲတွင် သူမ ဒဏ်ရာအပြင်းအထန်ရပြီး နောက်ဆုံးအချိန်ရောက်လုနီးပါးတွင် ထိုသူ ပေါ်လာခဲ့ပြန်သည်။
ထိုသူ သွားလေရာရာတွင် သွေးမှုံများလွင့်ပျံနေသည်ကို သူမ တွေ့မြင်ခဲ့ရသည်။ နောက်ဆုံးတော့ ထိုသူက သူမကို ထပ်မံကယ်တင်ခဲ့ပြန်သည်။
ထိုစဉ်က ထိုသူက သူမကို သတ်ဖြတ်မည်လားဟု တွေးထင်ခဲ့သော်လည်း တကယ်တမ်းတွင် သတ်ဖြတ်ခဲ့ခြင်း မရှိပေ။ သူမကတော့ ထိုသူကို ဂိုဏ်းထဲမှ အကြီးအကဲတစ်ယော်ကလား ၊ လျှို့ဝှက်စွာနေထိုင်သည့် တန်ခိုးစွမ်းအားရှင်တစ်ယောက်လားဟု တွေးထင်ခဲ့ဖူးသည်။
ယခုတော့ အစကတည်းကပင် သူမအသက်ကို ကယ်တင်ခဲ့သော ထိုသူသည် သူမ၏ အနာဂတ်ခင်ပွန်းလောင်း ဖြစ်နေခဲ့သည်။ ကျန်းလန် ဆွဲပေးသွားသည့် စည်းဝိုင်းကို လုန်ယွိ ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူမနှုတ်ခမ်းလေးများ အနည်းငယ် တွန့်ကွေးသွား၏။
"ဂိုဏ်းတူညီမလေး လင်စီးယာပြောတဲ့ ကံတရားဆိုတာ ဒါကိုပြောတာဖြစ်ရမယ်"
အမှန်တကယ်ပင် ကံတရားအတိုင်း ဖြစ်လေသည်။
လုန်ယွိ ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်လိုက်သည်။
မြူခိုးများကို တွန်းကန်သည့်အစီအရင်ကို အသုံးပြုကာ သူမ ကျောက်စိမ်းရေကန်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။ ထိုအစီအရင်ကို သူမ ကျန်းလန်ထံမှ သင်ယူခဲ့ခြင်း ဖြစ်သည်။
ထို့နောက် သူမ ကျောက်စိမ်းရေကန် နတ်ဘုရားမ ဖြစ်လာခဲ့သည်။ ထို့ကြောင့်ပင် ကျန်းလန်နှင့် စေ့စပ်ခဲ့ရလေသည်။
***
အလွန်ကျယ်ပြန့်သော မြစ်ရေပြင်ကို ကျန်းလန် ဖြတ်ကျော်ခဲ့သည်။ မြစ်တစ်ဖက်ကမ်းသို့ ရောက်သည့်အခါ အလွန်ထူထပ်သော နဂါးအငွေ့အသက်များကို သူ ခံစားလိုက်ရသည်။
ထိုနဂါးအငွေ့အသက်က လုန်ယွိခန္ဓာကိုယ်မှ နဂါးအငွေ့အသက်များနှင့် ကွဲပြားသည်။
နဂါးနက်တွေလား…။
"ဒီတစ်ခေါက် အစီအစဉ်ကို ဦးဆောင်တဲ့သူတွေက သူတို့ပဲ ဖြစ်ရမယ်"
ကျန်းလန် ကောက်ချက်ချလိုက်သည်။
သို့သော် နတ်မိစ္ဆာများကိုလည်း သတိထားရမည် ဖြစ်သည်။ နဂါးနက်များနှင့် နတ်မိစ္ဆာများ မည်သူက ပိုပြီး အန္တရယ်များလဲဆိုသည်ကိုတော့ ကျန်းလန် မသိရှိပေ။
နဂါးနက်များက ပိုပြီး အန္တရယ်များနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ယခုက နဂါးနက်များ၏ ပိုင်နက်ဖြစ်နေသောကြောင့်ပင်။
ဘာပဲဖြစ်ဖြစ် ကျန်းလန်ကတော့ သတိတစ်ချက် မလွတ်ရဲပေ။
နဂါးနက်များက အပေါ်ယံဟန်ပြ ခြိမ်းခြောက်မှုမျှသာ ဖြစ်ပြီး နောက်ကွယ်မှ လှုပ်ရှားသူများက နတ်မိစ္ဆာများလည်း ဖြစ်နေနိုင်သည်။
"ရောင်ဝါက တုံ့ပြန်မှုတွေ ပိုပြီးသိသာလာတယ် ၊ ငါ ဒီကိုရောက်လာတာ သူတို့ သိမှာပဲ ၊ ဒီတော့ ငါ အချိန်ဆွဲနေလို့မရဘူး ၊ အမြန်လှုပ်ရှားမှပဲ"
ကျန်းလန် တွေးလိုက်သည်။
ထို့နောက် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအားကို ထုတ်ဖော်ကာ နဂါးနက်များရှိရာသို့ အလျှင်အမြန် ချဉ်းကပ်သွားသည်။
သို့သော် သိပ်သည်းထားသည့်ရောင်ဝါကို သစ်ရွက်အမြင်တန်ခိုးစွမ်းအားဖြင့် ဖုံးကွယ်ထားသည့်အတွက် တစ်ဖက်လူကို များစွာ ပြဿနာဖြစ်စေသည်။ တစ်ဖက်လူက သူ၏တည်နေရာကို ခန့်မှန်းခြေ အနီးစပ်ဆုံးသာ သိရှိနိုင်မည် ဖြစ်သည်။
ဤနည်းအားဖြင့် တစ်ဖက်သား၏ အင်အားကို စုံစမ်းရန် သူ့အတွက် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။
***
ကျန်းလန်ရောက်ရှိလာသည့် မြစ်တစ်ဖက်ကမ်းတွင် တောင်တစ်တောင် ရှိလေသည်။ တောင်၏ အတွင်းပိုင်းက လိုဏ်ခေါင်းဖြစ်နေပြီး ကျွန်းအောက်ဘက်ရှိ ပင်လယ်အတွင်းသို့ ငုပ်လျှိုးဝင်ရောက်သွားသည်။
တောင်ထိပ်၏ အနက်ရှိုင်းဆုံးနေရာတွင်တော့ တန်ခိုးစွမ်းအားမြင့်မားလွန်းသည့် ရောင်ဝါကို ထုတ်လွှတ်နေသော အနက်ရောင်နဂါးကြီးတစ်ကောင်ရှိနေလေသည်။ သူက မျက်လုံးများကို ဖွင့်ကြည့်လိုက်၏။
သူ့မျက်ဝန်းများက အလေးအနက်ရှိနေပြီး ပျော်ရွှင်မှု အရိပ်အယောင်များကိုလည်း တွေ့မြင်ရသည်။
"မြွေမိစ္ဆာပြန်ရောက်လာပြီပဲ ၊ အကုန်လုံး ချောချောမွေ့မွေ့ အဆင်ပြေခဲ့တယ်ထင်တယ်"
ထိုသူမှာ ဤနေရာတွင် ပိတ်မိနေသည့် အနက်ရောင်နဂါးကြီးဖြစ်သည်။ သူ့တွင် နောက်လိုက်နောက်ပါ နဂါးနက်အုပ်စုလည်း ရှိလေသည်။
ယခုတစ်ခေါက် အလုပ်က သူတို့အတွက် အလွန်အဓိကကျသည်။ သူက အနည်းငယ် ပဟေဠိ ဖြစ်သွားသော်လည်း အများကြီးမစဉ်းစားဘဲ အပြင်ဘက်မှ သူ့လူများကိုအဆင့်သင့်ပြင်ခိုင်းလိုက်သည်။
ကျောက်စိမ်းရေကန်နတ်ဘုရားမကို ဖမ်းဆီးနိုင်လျှင် သူတို့အလုပ် အောင်မြင်ပြီ ဖြစ်သည်။
ဤကိစ္စ ပြုလုပ်နိုင်လျှင် သူတို့သည် အနာဂတ်တွင် ဤနေရာ၌ ပိတ်မိနေမည် မဟုတ်တော့ပေ။ နဂါးမျာ၏ မိုးကြိုးတန်ခိုးစွမ်းအားဖြင့် ဖိနှိပ်ခံထားရသည်ကိုလည်း ကြောက်နေစရာ မလိုတော့ပေ။
"မလောနဲ့ ၊ သူမကို အရင် ဝင်ခွင့်ပေးလိုက်"
နဂါးနက်က ပြောလိုက်သည်။
တောင်ဝင်ပေါက်တွင်စောင့်နေသည့် နဂါးနက်တစ်ယောက်က တိတ်ဆိတ်နေ၏။ အမှောင်ထုထဲတွင် သူတို့၏ ရောင်ဝါများက ဖုံးကွယ်နေကြသည်။
တောင်၏အတွင်းပိုင်းတစ်ခုလုံး တိတ်ဆိတ်နေပြီး ရောက်လာမည့်သူကို သူတို့အားလုံး စောင့်ဆိုင်းနေကြသည်။
ထောင်ချောက်ထဲသို့ ဝင်လာမည့် သားကောင်ကို စောင့်နေကြသည့်အလားပင် ဖြစ်တော့၏။
***