← Chapters

တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့်

Vol. 31 Ch. 429

တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့်

Vol. 31 Ch. 429

ပင်လယ်ရေပြင်ထက်မှ ကျောက်ကလပ်ကြီးပေါ်တွင်…

ကျိုးကျုန်းထျန်းနှင့် အခြားသူများသည် နဂါးငိုကျွန်းတည်ရှိရာသို့ လှမ်းကြည့်နေကြသည်။ သူတို့ကိုကြည့်ရသည်မှာ စိုးရိမ်ပူပန်နေဟန်မရှိဘဲ ခပ်အေးအေးပင် ဖြစ်၏။

လုန်လီက…

"မျှော်လင့်မထားတဲ့ ပြဿနာတွေ ဖြစ်လာပေမယ့် ပြဿနာကြီးကြီးမားမားတော့ မဟုတ်လောက်ပါဘူး"

ယခုအချိန်ထိ သိသာထင်ရှားသည့် ပြောင်းလဲမှုများကို ကျွန်းပေါ်တွင် သူတို့ မတွေ့ရသေးပေ။ ကျွန်းပေါ်တွင် ဘိုးဘေးနဂါး၏ ရောင်ဝါက ဖုံးလွှမ်းပိတ်ဆို့ထားသောကြောင့် အခြေအနေများကို အတိအကျ မသိရှိနိုင်ခြင်း ဖြစ်သည်။

ဖြစ်ပေါ်နေသည့် တန်ခိုးစွမ်းအားအတက်အကျများနှင့် သက်ရောက်မှုများအပေါ်သာ မူတည်ပြီး အခြေအနေကို ဆုံးဖြတ်နိုင်ကြသည်။ တန်ခိုးစွမ်းအားအတက်အကျများစွာ ဖြစ်ပေါ်နေသော်လည်း ပြင်းထန်ခြင်း မရှိပေ။

ကျွန်းပေါ်မှ လူငယ်များ အန္တရယ် ရှိ မရှိ ဆိုသည်ကတော့…

ခွန်လွန်တောင်မှ တပည့်များတော့ မည်သို့ရှိမည် မသိသော်လည်း နဂါးမျိုးနွယ်လူငယ်များကတော့ လောလောဆယ်တွင် အခြေအနေကောင်းလေသည်။

သို့ပေသိ ခွန်လွန်တောင်မှ အကြီးအကဲများ ဝင်ရောက်စွက်ဖက်ခြင်း မရှိသေးသည်ကို ကြည့်ခြင်းအားဖြင့် ပြဿနာကြီးကြီးမားမား မဖြစ်သေးသည့် အဓိပ္ပါယ်ပင် ဖြစ်သည်။

မြောင်ယွဲ့က လုန်လီနှင့် အခြားနဂါးမျိုးနွယ်များကို ကြည့်လိုက်ပြီး…

"တိုက်ပွဲဖြစ်နေတယ်ဆိုပေမယ့် လူငယ်တွေ အတွေ့အကြုံရတယ်လို့ ယူဆပါတယ် ၊ နဂါးမျိုးနွယ်တွေက ကျွန်မတို့တပည့်တွေကို ကောင်းချီးလက်ဆောင်တွေ ပေးရုံမကဘဲ တိုက်ပွဲအတွေ့အကြုံကိုပါ စေတနာအပြည့်နဲ့ ပေးလိုက်တယ်လို့ ယူဆပါတယ်"

ပြောပြီးသည်နှင့် မြောင်ယွဲ့က ရယ်မောလိုက်၏။

သူမစကားကိုကြားသည်နှင့် လုန်လီနှင့် လုန်စီးစီးတို့၏မျက်နှာများက အကျည်းတန်စွာ ရှုံ့မဲ့သွားကြသည်။ နဂါးဧကရီရန်ကျင်းကတော့ ငြိမ်သက်နေပြီး သူမခံစားချက် မည်သို့ရှိသည်ကို မပြသခဲ့ပေ။

သူမ၏မျက်ဝန်းများက နဂါးငိုကျွန်းကိုကြည့်နေပြီး သူစိတ်ထဲတွင် တွေးနေသည့်အတွေးများကို မည်သူမှ မသိနိုင်ပေ။ အခြားသူများကလည်း တိတ်ဆိတ်သွားကြသည်။

ယခုအချိန်ထိ ကျွန်းပေါ်တွင်  လှုပ်လှုပ်ရှားရှား သိပ်မရှိသေးလေရာ ဤအတိုင်းဆက်သွားလျှင်တော့ အန္တရယ်သိပ်မရှိဟု ထင်မှတ်ရသည်။

***

မြစ်တစ်ဖက်ကမ်းရောက်နေသည့် ကျန်းလန်ကတော့ တုံ့ဆိုင်းမနေဘဲ တောင်ထိပ်အနားသို့ ရောက်လာခဲ့သည်။ သူက မှောင်ရိပ်ခိုရင်း တောင်ဝင်ပေါက်ကို ကြည့်လိုက်၏။

တောင်အတွင်းရှိ လိုဏ်ဂူက သေးငယ်သည် မဟုတ်ပေ။

"ဟိုရောင်ဝါရဲ့ တုံ့ပြန်မှုအရတော့ ရန်သူက ဒီအထဲမှာ ရှိနေတာပဲ ၊ အထဲမှာ နဂါးနက်တွေ ပုန်းနေတာ ဖြစ်ရမယ်"

တောင်အတွင်းလိုဏ်ဂူထဲတွင် ရောင်ဝါ (၂)ခု ရှိနေသည်ကို ကျန်းလန် ရှင်းရှင်းလင်းလင်း ခံစားရသည်။ ထိုရောင်ဝါများက အစစ်အမှန်အင်မော်တယ်အဆင့်ဖြစ်ရန် နီးစပ်သည်။

သူတို့က ပုန်းအောင်းနေကြပြီး သူရောက်လာသည်ကို စောင့်ဆိုင်းနေခြင်း ဖြစ်နိုင်သည်။

"အထဲကို ဝင်ကြည့်ရမယ်"

သစ်ရွက်အမြင်တန်ခိုးစွမ်းအားသည် လူတစ်ယောက်၏ အသွင်အပြင်ကို ဖုံးကွယ်ထားနိုင်စွမ်း ရှိသည်။ သို့သော် ယခုအချိန်တွင် ရန်သူက သူ့ကို သတိပြုမိနေပြီ ဖြစ်၏။

နဂါးနက်များက သူ့ကို စောင့်နေသည်ဆိုလျှင် သူတို့ လိုဏ်ဂူပေါက်ဝကို သေသေချာချာ စောင့်ကြည့်နေပေလိမ့်မည်။ သို့ဆဆိုလျှင် မည်မျှပင် ဖုံးကွယ်ထားပါစေ ထိရောက်မည် မဟုတ်ပေ။

"အထဲဝင်မယ်ဆိုရင် လွတ်လမ်းတော့ ရှာထားရမယ်"

ကျန်းလန်တွေးလိုက်သည်။

ထို့နောက် လွတ်လမ်းတစ်ခုကို စတင်ပြင်ဆင်လိုက်သည်။  ရန်သူက သူ၏ပြိုင်ဘက် ဟုတ် မဟုတ် မသိနိုင်သေးသောကြောင့် ဘေးကင်းစွာ လွတ်မြောက်နိုင်ရန်နှင့် အန္တရယ်များကို ရှောင်ရှားနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်ထားရမည် ဖြစ်သည်။

ဆရာဒေါ်လေးမြောင်ယွဲ့နှင့် ဆရာဦးလေး ကျိုးကျုန်းထျန်းတို့ သူ့အတွက် ပြုလုပ်ထားပေးသည့် အရန်အစီအစဉ်ကိုလည်း သူ့အနေဖြင့် ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ သို့သော် သူ ထိုအရာအပေါ်တွင် မှီခို၍တော့ မရပေ။

တစ်စုံတစ်ခုကို အားကိုးအားထားပြုနေလျှင် ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ မှားယွင်းသည့် ဆုံးဖြတ်ချက်များ ချမှတ်ရန် လွယ်ကူသွားပေလိမ့်မည်။ ထို အရံအစီအစဉ်က သူ သေသေချာချာ မသိနိုင်သည့် ကိစ္စတစ်ခု ဖြစ်ပြီး နောက်ဆုံးအချိန်ရောက်မှသာ အားကိုးနိုင်မည်လည်း ဖြစ်သည်။

အရာအားလုံးအဆင်သင့်ဖြစ်မှ ကျန်းလန် လိုဏ်ဂူအတွင်းသို့ ဝင်ခဲ့သည်။ သူက ကျင့်ကြံခြင်းအဆင့်အမှန်ကို ထုတ်ဖော်ထားခြင်းမရှိဘဲ မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့် အဖြစ်သာ ထုတ်ဖော်ထားသည်။

ကျန်းလန်ရောက်လာသည်ကို တွေ့သည့်အခါ လိုဏ်ဂူစောင့်များ အနည်းငယ် အံ့အားသင့်သွားသည်။

"ကျုပ်တို့စောင့်နေတဲ့သူ မဟုတ်ဘူးပဲ ၊ မြွေမိစ္ဆာမယ် ပြန်လာတာ မဟုတ်ဘူး ၊ သူက ယောကျ်ားတစ်ယောက်ပဲ ၊ မိုးကောင်းကင်အင်မော်တယ် ကနဦးအဆင့်ဖြစ်ပြီး တန်ခိုးစွမ်းအားမြင့်မားလွန်းတယ် ၊ ဒီလိုဏ်ဂူထဲ သူ ဝင်လာရဲတာ မအံ့သြတော့ပါဘူး"

"ကျုပ်တို့စောင့်နေတဲ့သူ မဟုတ်ဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ"

မကြာမီ ကျန်းလန် လိုဏ်ဂူထဲဝင်လာသည့်သတင်းက အတွင်းထဲမှ နဂါးနက်များထံ သတင်းရောက်သွားသည်။ ယခုကိစ္စက အတွင်းထဲမှ နဂါးနက်ဘုရင် ဆုံးဖြတ်ချက်ရမည့်ကိစ္စ ဖြစ်သည်။

"ကျုပ်တို့လူ ပြန်လာတာမဟုတ်ဘဲ တခြား မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက် ရောက်လာတယ် ၊ ဟုတ်လား"

နဂါးနက်ဘုရင် အန်းကျီက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ သူ ဆုံးဖြတ်ချက်တစ်ခုခု ချရပေမည်။

လိုဏ်ဂူအတွင်းပိုင်းမှာ နန်းတော်တစ်ခုပမာဖြစ်ပြီး နဂါးနက်ဘုရင်"အန်းကျီ" နေထိုင်ရာ နေရာလည်း ဖြစ်သည်။

အန်းကျီက…

"ဒီ လိုဏ်ဂူ အနက်ရှိုင်းဆုံးနေရာကလွဲပြီး တခြားနေရာတွေကို သူ ကြည့်ချင်ရင် ကြည့်သွားပါစေ ၊ ဒါပေမဲ့ ကျုပ်တို့ ရှိနေတဲ့ နေရာကိုတော့ သူ မသိစေနဲ့"

ကျန်းလန်က ကင်းထောက်တစ်ယောက်ဖြစ်ရမည်ဟု နဂါးနက်ဘုရင်က ယူဆလိုက်သည်။

ထို့ကြောင့် ဤနေရာတွင် မည်သည့်အန္တရယ်မှ မရှိကြောင်း သူက တစ်ဖက်လူကို သတင်းပေးလိုသည်။ သို့ရာတွင် ဤနေရာက ထူးခြားသည့်နေရာတစ်ခု ဖြစ်လေရာ ကျန်းလန် ပြန်သွားလျှင် အခြားသူများကိုလည်း မျှားခေါ်လာနိုင်မည်ဟု သူက ယူဆသည်။

မိုးကေင်းကင်အင်မော်တယ်အဆင့်လောက်က နဂါးနက်ဘုရင်အတွက် စိတ်ပူစရာ မလိုပေ။ သူက ထိုသူမတွေ့နိုင်အောင် ပုန်းအောင်းနေနိုင်မည်ဟု သေချာပေါက် ယုံကြည်ထားသည်။

ကျန်းလန်ကတော့ အထူး "သတိကြီးစွာဖြင့်" လိုဏ်ဂူအတွင်းသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာသည်။ သူက အပေါ်ယံတွင်လည်း အလွန်သတိထားနေသည့်ဟန်ဆောင်နေပြီး စိတ်ထဲတွင်လည်း အမှန်တကယ် သတိထားနေခဲ့သည်။

ထို့နောက် တန်ခိုးစွမ်းအားတစ်ခု မြင့်တက်လာပြီး သူ့လက်ထဲတွင် ဓားတစ်လက် ပေါ်လာသည်။ ထိုဓားက စနစ်တွင် မှတ်ပုံတင်ရာမှ ရရှိထားသည့် ဓားတစ်လက်ဖြစ်ပြီး "ဆောင်းရိပ်ရေစင်ဓား" ဟု ခေါ်လေသည်။

ဓားက ဖန်သားပမာ ကြည်လင်နေပြီး ပြောမပြနိုင်လောက်အောင် ထက်ရှလျှက် ရှိသည်။ ဓားသွားထဲတွင် အင်းသင်္ကေတများစွာ ရှိနေပြီး အလွန်စွမ်းအားမြင့်မားသည့် ဓားတစ်လက်ပင် ဖြစ်၏။ ထိုဓားက အင်မော်တယ်တန်ခိုးစွမ်းအားများကိုပင် ခံနိုင်ရည် ရှိသည်။

ကျန်းလန်က နဂါးဓားသိုင်းကိုလည်း ကျွမ်းကျွမ်းကျင်ကျင် သင်ယူတတ်မြောက်ပြီးပြီ ဖြစ်သည်။

တန်ခိုးစွမ်းအားလည်း အလုံအလောက်ရှိသလို ဓားသိုင်းကျွမ်းကျင်မှုကလည်း မြင့်မားနေပြီဖြစ်ရာ ပင်လယ်လေးခုတွင် ထိုဓားသိုင်းကို အသုံးပြုရန် သင့်တော်လေသည်။

နွားရိုင်းကိုးကောင်စွမ်းအားနှင့် အန္တရယ်ကိုးသွယ်စွမ်းအားကို ယခုခရီးစဉ်တွင် အသုံးပြုရန် မသင့်တော်ပေ။ သူ့အနေဖြင့် အရမ်းသိသာသွားမည် ဖြစ်သည်။

အဓိက စိုးရိမ်ရမည်မှာ ဤနေရာတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့လျှင် တိုက်ပွဲ၏ နောက်ဆက်တွဲ အခြေအနေများကို အခြားသူများ သေချာပေါက် တွေ့မြင်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် လက်သီးနတ်ဘုရားဆိုသည်မှာ ယခု ခွန်လွန်တောင်မှ လိုက်ပါလာသည့် တပည့် (၁၀)ယောက်ထဲမှ တစ်ယောက်ဖြစ်ကြောင်း ဆရာဒေါ်လေးမြောင်ယွဲ့နှင့် ဆရာဦးလေးကျိုးကျုန်းထျန်းတို့ ရိပ်မိသွားကြပေလိမ့်မည်။

ထိုအချက်က အလွန်အန္တရယ်များလွန်းသည်။

လိုဏ်ဂူအတွင်း ဝင်ရောက်လိုက်ပြီးနောက် ဤနေရာက သာမန်ထက်ထူးခြားသည်ကို ကျန်းလန် ခံစားမိသည်။ အပြင်ဘက်တွင် နဂါးနက်များ၏ အငွေ့အသက်များဖြင့် ပြည့်နက်နေသည့်တိုင် လိုဏ်ဂူထဲတွင်တော့ မည်သည့်အငွေ့အသက်မှ ရှိမနေပေ။

သို့ရာတွင် အနက်ရောင်နဂါးများကို အာရုံမခံမိသည့်တိုင် ဤနေရာက အလွန်အန္တရယ်ကြီးကြောင်း ခံစားရနိုင်သည်။

ကိုယ့်ကိုယ်ကိုယ် လျှော့မတွက်ခြင်းက ရန်သူကို လျှော့တွက်ခြင်းနှင့် ကွာခြားမှုရှိသည်။ ကျန်းလန်က ရန်သူကို အထင်သေးခြင်းမရှိသည့်တိုင် ကိုယ့်အစွမ်းကိုယ့်အစကိုလည်း လျှော့မတွက်ခဲ့ပေ။ သို့ပေသိ လုံလောက်သည့် သတိတော့ ရှိနေဆဲပင်။

သူက နဂါးနက်များကို အလစ်ချောင်းတိုက်ခိုက်ရန် ပြင်ဆင်ထားသည်။

"အစောင့်တွေက လူသားအင်မော်တယ် အောင်မြင်ထားတဲ့အဆင့် နှစ်ယောက် ရှိတယ် ၊ သူတို့က အစစ်အမှန်အင်မော်တယ် ဖြစ်ခါနီးနေပြီ ၊ ပြီးတော့ သူတို့ရဲ့ ပုန်းကွယ်နိုင်စွမ်းက မြင့်မားလွန်းတယ် ၊ ဒီမှာ နေရာအများစုက မှောင်မိုက်နေတာဆိုတော့ ချောင်တိုင်း ထောင့်တိုင်းမှာ နဂါးနက်တွေ ပုန်းအောင်းနေနိုင်တယ်"

ကျန်းလန်တွေးလိုက်သည်။

နဂါးနက်များ၏ ပုန်းအောင်းနိုင်စွမ်းက အလွန်မြင့်မားသည်။ အမှောင်ထုသည် သူတို့ပုန်းအောင်းရန်အတွက် အကောင်းဆုံးအခြေအနေဖြစ်သည်။ ကျန်းလန်ကတော့ လိုဏ်ဂူအတွင်းရှိ ထောင့်တိုင်း ၊ နေရာတိုင်းကို အာရုံခံကြည့်ခဲ့သည်။

တဖြည်းဖြည်း လိုဏ်ဂူအောက်ခြေသို့ ရောက်လာသည့်အခါ အခြေအနေကို အကြမ်းဖျင်း နားလည်သွားသည်။

"ဒီနေရာမှာ အစစ်အမှန်အင်မော်တယ် (၁၃)ယောက် ၊ မိုးကောင်းကင်အင်မော်တယ် (၇)ယောက် ရှိတယ် ၊ တာ့လော်အင်မော်တယ်အဆင့်တော့ မတွေ့ရဘူး"

ထို့နောက် ကျန်းလန်က အမှောင်ထုထဲတွင် မီးဘောလုံးတစ်ခုကို တမင်တကာပင် ထွန်းညှိလိုက်သည်။ ထိုမီးဘောလုံးက နဂါးနက်များပုန်းအောင်းနေသည်ကို တွေ့မြင်နိုင်ခြင်း မရှိပေ။

ထူးဆန်းသည်မှာ ရန်သူက သူ့ကို တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိပေ။

"ငါ့ကို ကင်းထောက်လို့ထင်နေတာဖြစ်ရမယ်"

ကျန်းလန် ခန့်မှန်းကြည့်လိုက်သည်။

ထိုသို့ဆိုလျှင် သူ့အတွက် ပိုမိုအဆင်ပြေသည်။ သူ လိုဏ်ဂူအောက်ဘက်သို့ ဆက်ဆင်းသွားပါက မည်သို့သော တန်ခိုးစွမ်းအားရှင်များ ရှိနေမည်ကို သိမြင်ရမည် ဖြစ်သည်။

သူ့ ပတ်ဝန်းကျင်တွင် ရေသံများကြားနေရသည်ဖြစ်ရာ  ကျွန်းအောက်ခြေ ပင်လယ်ရေမျက်နှာပြင်အောက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိလိုက်သည်။ သို့သော လိုဏ်ဂူအတွင်းထဲတွင်တော့ ရေမရှိပေ။

တိုက်ပွဲဖြစ်ပွားလျှင်တော့ တောင်တစ်ခုလုံး ပြိုကျသွားမည်ဖြစ်ပြီး လိုဏ်ဂူထဲ ရေများဝင်ရောက်လာပေလိမ့်မည်။ ထိုသို့ဆိုလျှင် အခြေအနေလည်း အလွန်သိသာသွားပေလိမ့်မည်။

ထိုသို့တွေးမိသည်နှင့် ကျန်းလန်က မျှော်လင့်မထားသည့် အခြေအနေများကြုံတွေ့ရပါက ရင်ဆိုင်ဖြေရှင်းရန် မန္တန်တစ်ခုကို ရွေးချယ်ထားလိုက်သည်။ ဤသည်မှာ မန္တန်ပညာကျွမ်းကျင်ခြင်း၏ အကျိုးကျေးဇူးပင်။

အတန်ကြာပြီးနောက်…

သူ နေရာတစ်နေရာသို့ ရောက်လာသည်။ ဤနေရာကို စောင့်ကြမ်နေသူများမှာ မိုးကောင်းကင်အင်မော်တယ် (၂)ယောက်ဖြစ်သည်။

အထဲတွင်တော့…

ကျန်းလန် လိုဏ်ဂူအတွင်းပိုင်းသို့ ဆက်ဝင်လို့ မရတော့ပေ။ မမြင်ရသည့်အရံအတားတစ်ခုက သူ့ကို တားဆီးထားသည်။

"ဒုန်း"

ကျန်းလန်က မမြင်ရသည့်အရံအတားကို လက်ဖြင့် ထိကိုင်ကြည့်လိုက်ရာ ထိုအရာမှ ပြင်းထန်လှသောတန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရ၏။

သူက ချက်ချင်းပင် အမှန်တရားမျက်လုံးတန်ခိုးစွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်သည်။

အတွင်းထဲတွင် ကြီးမားသ့် အနက်ရောင်နဂါးကြီးတစ်ကောင်ရှိနေသည်ကို ကျန်းလန် တွေ့မြင်လိုက်ရသည်။ နဂါးကြီး၏ ခန္ဓာကိုယ်ထက်တွင် အားကောင်းသည့် ရောင်ဝါတစ်ခု ထွက်ပေါ်လျှက် ရှိ၏။

တစ်ချိန်တည်းမှာပင် ကျန်းလန်က နဂါးနက်ဘုရင်၏ ကျင့်ကြံခြင်းအဆင့်ကို စစ်ဆေးကြည့်လိုက်သည်။

တစ်ဖက်လူ၏ ကျင့်ကြံခြင်းက တောင်တစ်တောင်အလား ခိုင်မာလွန်းသည်။

"တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့်"

နဂါးနက်ဘုရင်၏ ကျင့်ကြံခြင်းအဆင့်ကို သိလိုက်ရသည့်အခါ ကျန်းလန် အံ့အားသင့်သွားသည်။

သူ မတိုက်ခိုက်တော့ဘဲ ပြန်လည်ဆုတ်ခွာရန် စဉ်းစားလိုက်သည်။

သူနှင့် နဂါးနက်ဘုရင်က ကျင့်ကြံခြင်းအဆင့် ကြီးမားစွာ ကွာခြားလွန်းသည်။ သူ့တွင် အန္တရယ်ကိုးသွယ်စွမ်းအား ပိုင်ဆိုင်ထားသည့်အတွက် တာ့လော်အင်မော်တယ် ၊ အလယ်ဆင့် ကျင့်ကြံသူတစ်ယောက်ကို ကောင်းကောင်းရင်ဆိုင်နိုင်သည်။

သို့သော်...

တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့်တစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်မည်ဆိုလျှင်တော့ သေချာပေါက် အသက်ပျောက်ပေလိမ့်မည်။

သို့ရာတွင် သူ ဆုတ်ခွာသွားခါနီးအချိန် နဂါးနက်ကြီး၏အနီးပတ်ဝန်းကျင်မှ မှိန်ဖျော့ဖျော့ ရောင်ဝါတစ်ခုကို သတိထားလိုက်မိသည်။

"ဖိနှိပ်ခံထားရတာပဲ ၊ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ထိပ်ဆုံးအဆင့်မှာ မရှိနိုင်ဘူး"

ကျန်းလန်တွေးလိုက်သည်။

တစ်ဖက်လူ၏ တန်ခိုးစွမ်းအားက သူ တွေးထင်ထားသလောက် မမြင့်မားနိုင်ပေ။ သို့ရာတွင် နဂါးနက်ဘုရင်က ကျင့်ကြံခြင်းအဆင့် ဘယ်လောက်အထိ ထုတ်ဖော်အသုံးပြုနိုင်မည်လဲ ကျန်းလန် မသိရှိပေ။

သူ ဒီအတိုင်း ပြန်လည်ဆုတ်ခွာသွားမည်ဆိုလျှင် အခွင့်အရေးတစ်ခု လက်လွတ်ဆုံးရှုံးရပေလိမ့်မည်။ စမ်းသပ်တိုက်ခိုက်ကြည့်မည်ဆိုလျှင်တော့ သူ့အတွက် အန္တရယ် ရှိနိုင်သည်။

သို့ပေသိ ကျန်းလန်က ချက်ချင်းပင် စမ်းသပ်တိုက်ခိုက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ရန်သူကို ရင်မဆိုင်နိုင်ဘဲ ရှုံးနိမ့်ရမည်ဆိုလျှင် ထွက်ပြေးရန်လွတ်လမ်းကိုလည်း သူ ပြင်ဆင်ထားပြီးသား မဟုတ်ပါလား။

ထိုခဏတွင် ကျန်းလန်က လေထဲတွင် အင်းသင်္ကေတတစ်ခု ရေးဆွဲလိုက်သည်။

ထို့နောက် သူ့လူများကို သတင်းပို့ရန် ဟန်ဆောင်ပြီး စကားတစ်ခွန်း ပြောလိုက်သည်။

"ဒီနေရာက လုံခြုံတယ် ၊ မင်းတို့ဒီကိုလာလို့ရတယ်"

ကျန်းလန်၏အသံထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်မှ နဂါးနက်များမှာ လန့်ဖျတ်သွားကြ၏။

တစ်ချိန်တည်းမှာပင် အင်းသင်္ကေတမှ အလင်းရောင်များ ထောက်ပလာသည်။ မှောင်မိုက်နေသည့် လိုဏ်ဂူတစ်ခုလုံး လင်းထိန်သွားပြီး ပုန်းအောင်းနေသည့် နဂါးနက်များ အားလုံးကို တွေ့မြင်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် ကျန်းလန်က လှုပ်ရှားမှု ပြုလုပ်လိုက်ပြီး မမြင်ရသည့်အရံအတားကို ဖြတ်ကျော်ကာ တာ့လော်အင်မော်တယ် နဂါးနက်ဘုရင်ကို ဓားဖြင့် ခုတ်ပိုင်းချလိုက်လေတော့၏။

***

All Chapters