ပင်လယ်လေးစင်းတွင်ပြိုင်ဘက်ကင်း
Vol. 31 Ch. 432
ပင်လယ်ကိုဖြတ်ကာ ရေလှိုင်းများ လှိမ့်ဆင်းလာပြီး ကောင်းကင်ထက်တွင်လည်း အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအရာများအားလုံးက ကျန်းလန်၏ဓားအတွင်းသို့ စုစည်းဝင်ရောက်သွားကြသည်။
တတိယဓားကွက် ထုတ်ဖော်လိုက်ပြီးနောက် ကျန်းလန် နေရာတွင်ပင် ပျောက်ကွယ်သွား၏။ ကျန်းလန်သည် ပတ်ဝန်းကျင်မှ ရေလှိုင်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာပြီး အဆုံးမရှိသည့် ဓားဝိညာဉ်နှင့် ပေါင်းစပ်သွားသည်။
"ဘုန်း"
တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်လာပြီး ပင်လယ်ရေပြင်တစ်ခုလုံး အငွေ့ပျံခမ်းခြောက်သွားတော့မတတ် ထင်မှတ်ရသည်။
နဂါးဟိန်းသံကြီးတစ်သံထွက်ပေါ်လာပြီး ဓားဝိညာဉ်က အေးခဲသွားသည်။ နဂါးနက်ဘုရင်နှင့် ဓားဝိညာဉ်ကြးမှ အားပြိုင်မှုတစ်ခု ဖြစ်၏။
"ဘုန်း"
"ဘန်း"
"ဘန်း"
တန်ခိုးစွမ်းအားများ ရိုက်ခတ်မိသွားပြီး အလင်းတန်းများ ဖြာထွက်လာသည်။
ရေလှိုင်းများထက်တွင် တိုက်ခိုက်နေကြသည့် ပုံရိပ် (၂)ခု ရှိနေပြီး သွေးများစိမ့်ထွက်လာကာ ပင်လယ်ရေပြင်တစ်ခုလုံး သွေးနီရောင်စိုးသွားသည်။
ကျန်းလန်၏ဓားသွားက ရေလှိုင်းများနှင့် ပေါင်းစပ်သွားပြီး ပင်လယ်ပြင်ကို ဖြတ်သန်းသွားသည်။
"ဗွမ်း"
"ဘန်း"
လှိုင်းများ ကွဲပျက်သွားပြီး ပုံရိပ်များ ရပ်တန့်သွားသည်။ အရာအားလုံး ရပ်တန့်သွားလေသည်။
"ဝှစ်"
ပင်လယ်လှိုင်းလုံးများ ရပ်တန့်သွားပြီး လှိုင်းလုံးများထက်တွင် ပုံရိပ် (၂)ခု ရှိနေသည်။
ထိုပုံရိပ်များထဲမှ တစ်ယောက်က ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထား၏။
ထိုသူက ကျန်းလန်ပင် ဖြစ်သည်။
"ခရက်"
"ဘန်း"
ကျန်းလန်လက်ထဲတွင် ကိုင်ထားသည် ဆောင်းရိပ်ရေစင်ဓားတွင် အက်ကွဲကြောင်းများထွက်ပေါ်လာပြီး တစ်စစီကွဲကြေသွားသည်။ နဂါးဓားသိုင်း တတိယဓားကွက်မှာ အလွန်ထူးခြားပြင်းထန်လေရာ ဆောင်းရိပ်ရေစင်ဓားက ခံနိုင်ရည်မရှိဘဲ ပျက်စီးသွားခြင်း ဖြစ်၏။
ကျန်းလန်၏ ခန္ဓာကိုယ်သည်လည်း တစ်ချက်တုန်ခါသွားပြီး ဒဏ်ရာရရှိသွားသည်။ ဒဏ်ရာက အပေါ်ယံဒဏ်ရာတစ်ခု မဟုတ်ပေ။
အထူးသဖြင့် နဂါးဓားသိုင်းသည် လူသားတစ်ယောက်ဖြစ်နေသည့် ကျန်းလန်နှင့် သဟဇာတသိပ်မဖြစ်သောကြောင့် အချို့အဆင့်များကို ဖြတ်ကျော်ရန်မှာ သူ့အတွက် အလွန်ခက်ခဲသည်။
သူ့ရှေ့တွင်တော့ တစ်ကိုယ်လုံး သွေးများဖုံးလွှမ်းနေသည့် နဂါးနက်ဘုရင်အန်းကျီ ရှိနေသည်။ သူ၏ရောင်ဝါက အနည်းငယ် အားနည်းသွားသည့်တိုင် အသက်ရှင်သန်နေဆဲ ဖြစ်သည်။
ကျန်းလန်က နဂါးဓားသိုင်း အသုံးပြုတိုက်ခိုက်သော်လည်း ရန်သူကို သတ်ဖြတ်နိုင်ခြင်း မရှိခဲ့ပေ။
အဘယ်မျှ ကံဆိုးလိုက်ပါသနည်း။
ထိုနဂါးနက်ကြီးသာ တာ့လော်အင်မော်တယ် ၊ အလယ်ဆင့်ဆိုလျှင် အသက်ပျောက်သည်မှာ ကြာပြီ ဖြစ်သည်။
သို့သော်…
အန်းကျီက တာ့လော်အင်မော်တယ် ၊ အလယ်ဆင့်သို့ လျော့ကျအောင် ဖိနှိပ်ခံထားရသည့်တိုင် သူ၏ မူလကျင့်ကြံခြင်းအဆင့်က တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့် ဖြစ်သည်။
ထို့ကြောင့် သာမန် တာ့လော်အင်မော်တယ် ၊ အလယ်ဆင့်ထက် တန်ခိုးစွမ်းအား မြင့်မားနေသဖြင့် ကျန်းလန်မှာ မသတ်ဖြတ်နိုင် ဖြစ်နေရသည်။
"ဒီကောင်ကြီးကို နွားရိုင်းကိုးကောင်စွမ်းအားနဲ့ သတ်ပစ်ရမလား ၊ နဂါးသုတ်သင်ဓားသိုင်းနဲ့ သတ်ပစ်ရမလား"
ကျန်းလန် မျက်ခုံးများတွန့်ချိုးကာ စဉ်းစားရင်း ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
ယခုတော့ ဆရာဦးလေးကျိုးကျုန်းထျန်းနှင့် အခြားသူများ ရောက်လာမည်မဟုတ်တော့ကြောင်း သူ နားလည်ခဲ့ရပြီ။ သူတို့က မကြောက်ရွံ့သော်လည်း ကိစ္စတစ်စုံတစ်ခုကြောင့် ထိန်းချုပ်ထားကြဟန် ရှိသည်။
ထို့ကြောင့် ဤပြဿနာကို သူတစ်ယောက်တည်း ဖြေရှင်းရပေတော့မည်။
သူက နဂါးဓားသိုင်းကို အသုံးပြုနေသည့်အတွက် သူ့ကို နဂါးတစ်ကောင်ဟု အားလုံးက ထင်မှတ်ကြပေလိမ့်မည်။ သူသာ လူသားတစ်ယောက်ဖြစ်မှန်း သိရှိလျှင် နဂါးမျိုးနွယ်များက သူ့ကို အလွတ်ပေးမည် မဟုတ်ပေ။
သို့သော် နွားရိုင်းကိုးကောင်စွမ်းအားနှင့် နဂါးသုတ်သင်ဓားသိုင်းများကိုလည်း အသုံးပြု၍ မဖြစ်နိုင်ပြန်ပေ။
"ဒါဆို ငါ လွတ်မြောက်နိုင်ပါတော့မလား"
ကျန်းလန်တွေးလိုက်သည်။
နွားရိုင်းကိုးကောင်စွမ်းအားကို အသုံးပြုလိုက်လျှင် သူက ခွန်လွန်တောင်မှဖြစ်ကြောင်း ပေါ်သွားမည်ဖြစ်သည်။ နဂါးသုတ်သင်ဓားသိုင်းကို အသုံးပြုလိုက်လျှင်တော့ နဝမတောင်ထွတ်မှ ကျန်းလန် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိသွားကြပေလိမ့်မည်။
ထို့ပြင် နဂါးဓားသိုင်းကို အသုံးပြုခဲ့သူက နဂါးမျိုးနွယ်မဟုတ်ဘဲ လူသားတစ်ယောက် ဖြစ်နေကြောင်း နဂါးများလည်း သိသွားကြပေမည်။
သို့သော် နွားရိုင်းကိုးကောင်စွမ်းအားထက် မြင့်မားသည့်တန်ခိုးစွမ်းအား သူ့တွင် မရှိပေ။
လုံလောက်သည့် ပေးဆပ်မှု ပြုလုပ်နိုင်မည်ဆိုလျှငေတာ့ နွားရိုင်းကိုးကောင်စွမ်းအားဖြင့် ယှဉ်နိုင်သည့် လျှို့ဝှက်နည်းလ်းအချို့ကို အသုံးပြုနိုင်မည် ဖြစ်၏။
သို့သော်…
သူ့တွင် ထူးဆန်းသည့် ခံစားချက်တစ်ခု ရှိနေသည်။
တစ်စုံတစ်ခုက သူ့ကို ဆင့်ခေါ်ရန် စောင့်ဆိုင်းနေသည့်အလား ဖြစ်ပြီး ထိုအရာက နဂါးဓားသိုင်းနှင့် ပဲ့တင်ထပ်နေသည့်အရာဖြစ်သည်။
သူ ကြိုးစားကြည့်ရမည်လား။
နဂါးနက်ကြီးမှာ ပင်ပန်းနေပြီး ကြောက်လည်းကြောက်ရွံ့နေပြီ ဖြစ်သည်။
သူက သေမင်းတံခါးဝအစွန်းတွင် လမ်းလျှောက်နေရသည့်အလား ခံစားရပြီး ယခုတိုက်ပွဲကိုကျော်ဖြတ် အသက်ရှင်နိုင်မည်ဆိုလျှင် ကံကောင်းသည်ဟု ဆိုရပေလိမ့်မည်။
နဂါးနက်ကြီးက...
"မင်းက အထင်ကြီးလောက်ပါပေတယ် ၊ သိပ်ကို အထင်ကြီးလောက်ပါပေတယ် ၊မင်းအသက်ဘယ်လောက်ရှိပြီလဲ ကျုပ်မသိဘူး ၊ ဒါပေမဲ့ ကျုပ် မင်းလက်မှာ သေလုနီးပါးခံခဲ့ရတယ် ၊ ကံကောင်းလွန်းလို့သာ အသက်ရှင်နေခဲ့တာပဲ"
နဂါးနက်ဘုရင်အန်းကျီက ခေါင်းကိုမော့ကာ ကျန်းလန်ကို ကြည့်လိုက်သည်။ မလိုအပ်သည့် ခံစားချက်များ သူ့မျက်ဝန်းများထဲတွင် ရှိမနေပေ။
"မင်းသာ နဂါးနက်တစ်ကောင်ဖြစ်မယ်ဆိုရင် ကျုပ်သေရင်တောင်မင်းကို ကာကွယ်ပေးပြီး ပျိုးထောင်ပေးမှာပဲ ၊ ဒါပေမဲ့ မင်းက နဂါးနက်တစ်ကောင် မဟုတ်ဘူးလေ ၊ ဒီတော့ မင်းကို သတ်ပစ်ရတော့မယ် ၊ အခု မင်းရဲ့ဓား ပျက်စီးသွားပြီ ၊ ကျုပ်ကို တိုက်ခိုက်နိုင်မှာ မဟုတ်တော့ဘူး"
စကားပြောနေရင်း အန်းကျီက သူ၏ တန်ခိုးစွမ်းအားများကိုလည်း စုစည်းလိုက်သည်။ ဒဏ်ရာအပြင်းအထန်ရထားသဖြင့် တန်ခိုးစွမ်းအားကို ချက်ချင်းအသုံးမပြုနိုင်ဘဲ စုဆောင်းရန် အချိန်တစ်ခု ယူခဲ့ရသည်။
***
ကျွန်းတစ်ဖက်ခြမ်းတွင်တော့…
လုန်ယွိက အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်နေသည်။
တိုက်ပွဲအခြေအနေကို ရှင်းရှင်းလင်းလင်း မတွေ့မြင်ရသည့်တိုင် နဂါးနက်ဘက်မှ အသာစီးရတော့မည်ကို သူမ ရိပ်မိသည်။
ထိုသူက ကျန်းလန်ဖြစ်နေနိုင်သည့်အတွက် သူမ ဂရုစိုက်မိလေသည်။ ဟုတ်သည် ၊ မဟုတ်သည် မသေချာသော်လည်း သူမ စိတ်ပူပန်မိသည်။
ကျောက်ကလပ်ထက်တွင်…
ရန်ကျင်းနှင့် အခြားသူများသည်လည်း တိုက်ပွဲအခြေအနေကို လှမ်းမျှော်ကြည့်နေကြသည်။ ကျွန်းပေါ်တွင် နဂါးရောင်ဝါ ဖုံးလွှမ်းနေသည့်အတွက် ယေဘူယျအခြေအနေကိုသာ သူတို့ သိမြင်နိုင်သည်။
နဂါးဓားသိုင်းအသုံးပြုသူ ခံစစ်အနေအထားရောက်သွားကြောင်း သူတို့အားလုံး ရိပ်မိလိုက်ကြသည့်အခါ လှုပ်ရှားရန် အသင့်ပြင်လိုက်ကြ၏။ ထိုသူ အသက်အန္တရယ်ရှိမည်ဆိုလျှင် သူတို့က ချက်ချင်း လှုပ်ရှားမည် ဖြစ်သည်။
ထိုသူ မည်သူဖြစ်နေပါစေ နဂါးဓားသိုင်းတတ်ကျွမ်းသူတစ်ယောက်ကို သူတို့ ကယ်တင်ရမည် ဖြစ်သည်။ နဂါးဓားသိုင်းကို တတ်ကျွမ်းပြီး နဂါးများကို ထိန်းချုပ်နိုင်သည်ဆိုကတည်းက ထိုသူက နဂါးမျိုးနွယ်တစ်ယောက် ဖြစ်ရပေမည်။
ထိုစဉ်…
တစ်စုံတစ်ခု တုန်လှုပ်သွားဟန် ရှိပြီး ရန်ကျင်းနှင့် သူ့လူများအားလုံး မျက်မှောင်ကြုတ်လိုက်ကြ၏။
ပင်လယ်ရေလှိုင်းများထက်မှ ဝိုးတဝါးပုံရိပ်သည် တစ်စုံတစ်ခုကို ဖမ်းဆုပ်ရန်အတွက် လက်တစ်ဖက်ဆန့်တန်းလိုက်သည်ကို တွေ့မြင်လိုက်ကြရ၏။
ကျန်းလန်ကတော့ နဂါးနက်ကြီးကို ကြည့်လိုက်သည်။ ရန်သူက သူ့ကို သတ်ဖြတ်ချင်နေကြောင်း သိရှိပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားရန် သူ့အတွက် မခက်ခဲပေ။
သို့သော် ရန်သူကို အပြတ်မရှင်းနိုင်ခဲ့ပါက လုန်ယွိအတွက် အန္တရယ်မကင်းနိုင်ပေ။ နတ်မိစ္ဆာများသည်လည်း ယခုကိစ္စတွင ်ပါဝင်ပတ်သက်နေကြသည်ဖြစ်လေရာ သူနှင့်လုန်ယွိ (၂)ယောက်လုံးတွင် အန္တရယ် ရှိလာနိုင်သည်။
ထို့ကြောင့် အခွင့်အရေးကို လက်လွှတ်ရန် တွန့်ဆုတ်နေမိသည်။ ထို့ပြင် သူနှင့် ပဲ့တင်သံထပ်နေသည့် တစ်စုံတစ်ခုကိုလည်း စမ်းသပ်ကြည့်ချင်နေမိသည်။
ကျန်းလန် တစ်စုံတစ်ခုကို သတိရသွားသည်။ ပဲ့တင်သံထွက်ပေါ်လာသည်မှာ နဂါးဓားသိုင်းနှင့်ဆက်စပ်နေသည့် နဂါးဓားမှ ဖြစ်နိုင်ခြေရှိသည်။
ထိုခဏမှာပင် ကျန်းလန်က လေထုထဲသို့ လက်ကို ဆန့်တန်းလိုက်ပြီး သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အသုံးပြုကာ အသံကို ပြောင်းလဲလိုက်သည်။
"ဓားကိုဆင့်ခေါ်တယ်"
ကျန်းလန်၏အသံက အဆက်မပြတ်စီးဆင်းနေသည့် စမ်းချောင်းအလား ထွက်ပေါ်လာပြီး ပင်လယ်ကိုဖြတ်ကာ လေထဲသို့ လွင့်မျောသွားသည်။
နဂါးနက်ကြီးမှာ အံ့အားသင့်သွားပြီး မျက်နှာလည်း သိသိသာသာ ပျက်ယွင်းသွားသည်။ ချက်ချင်းပင် အစွမ်းကုန် တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်လိုက်သည်။
တစ်ချိန်တည်းမှာပင်…
ဖန်သားအလားကြည်လင်နေသည့် သလင်းနဂါးရုပ်တုကြီး၏ အနောက်ဘက်မှ နဂါးဓားသည် ကျန်းလန်၏ဆင့်ခေါ်သံကို တုံ့ပြန်လိုက်သည့်အလား ပြင်းထန်စွာ တုန်လှုပ်လာသည်။
"ကလန်"
ဓားသံထွက်ပေါ်လာပြီး နဂါးဓားသည် ပင်လယ်ထဲသို့ အရှိန်အဟုန်ဖြင့် ထွက်ခွာသွားတော့သည်။
"ချွင်…"
"ချွင်…"
နဂါးဓားထွက်ခွာသွားသည်နှင့် နဂါးရုပ်တုကြီးအတွင်းမှ မရေမတွက်နိုင်သည့် သလင်းဓားလေးများ ထွက်ပေါ်လာပြီး ပင်လယ်ရေပြင်ထဲသို့ အရှိန်ဖြင့် ဝင်ရောက်ကာ ပျောက်ကွယ်သွားကြသည်။
တောင်တစ်ခုထက်တွင်ရှိနေပြီး မျက်လုံးကို မှိတ်ထားသည့် ဘိုးဘေးနဂါးသည် ဖြည်းညှင်းစွာဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။
ထိုအချန် ကျောက်ကလပ်ထက်တွင် မတ်တတ်ရပ်နေကြသော ရန်ကျင်းနှင့်အဖွဲ့သည် ပင်လယ်ပြင်တစ်ခုလုံး လှိုင်းများပြင်းထန်လာသည်ကို ခံစားလိုက်ကြရသည်။ ကြည်လင်တောက်ပနေသည့် သလင်းဓားတစ်လက်သည် နဂါးငိုကျွန်းရှိရာသို့ ဦးတည်ပျံသန်းသွားသည်ကို သူတို့ တွေ့မြင်လိုက်ကြရ၏။
"ဝှစ်…"
ထို့နောက် ဓားရိုးသည် လက်ကို ဆန့်တန်းထားသည့် လူရိပ်လက်ထဲသို့ ကျရောက်သွားကြောင်း ဝိုးတဝါး တွေ့မြင်လိုက်ကြရ၏။
ထိုမြင်ကွင်းကိုကြည့်ပြီး လုန်လီနှင့် အခြားသူများ အံ့အားသင့်သွားကြသည်။
ထိုဓားက... နဂါးဓားဖြစ်သည်။
မည်သူမှ ရယူနိုင်ခြင်းမရှိခဲ့သည့် နဂါးဓားက ထိုသူလက်ထဲ အဘယ့်ကြောင့် ရောက်ရှိသွားရပါသနည်း။ ထိုခဏတွင် မြောင်ယွဲ့စကားများက အဓိပ္ပါယ်ရှိသည်ဟု သူတို့ တွေးလိုက်မိကြသည်။
ဘိုးဘေးနဂါးသည် ဂုဏ်သရေရှိ နဂါးမျိုးနွယ်တစ်ယောက်ကို တိတ်တဆိတ် နဂါးဓားသိုင်း သင်ပြပေးခဲ့ပြီး ထိုသူက သူ၏ ဓားသိုင်းကို စမ်းသပ်ရန် နဂါးနက်ကို အသုံးပြုနေသည်လား။
ကျန်းလန် နဂါးဓားကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ စောစောက နဂါးဓားသိုင်းကို အသုံးပြုစဉ် သူခံစားခဲ့ရသည့် ပဲ့တင်ထပ်သံကို ထပ်မံကြားသိလိုက်ရ၏။
ဓားသွားကိုကိုင်ထားရင်း အေးစိမ့်သည့် ဓားဝိညာဉ်ကိုပါ ခံစားလိုက်ရသည်။
"ဝုန်း"
လှိုင်းလုံးကြီးများထလာပြီး မရေမတွက်နိုင်သည့် သလင်းဓားငယ်လေးများ ပင်လယ်ထဲမှ ထွက်ပေါ်လာပြီး ကျန်းလန်လက်ထဲမှ နဂါးဓားနှင့် ချိတ်ဆက်သွားကာ စက္ကန့်ပိုင်းအတွင်းမှာပင် ဓားရှည်တစ်ချောင်း ဖြစ်ပေါ်လာသည်။
ဓားရှည်မှ ကြီးကျယ်ခမ်းနားသည့် ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး လောကတစ်ခုလုံးအလယ် ဝင့်ကြွားနေဟန် ရှိသည်။
ထိုဓား၏အမည်က "အောက်လုန်" ဖြစ်ပြီး "ကောင်းကင်နဂါးဓား" ဟုလည်း ခေါ်ဆိုကြသည်။
ကျန်းလန် ကောင်းကင်နဂါးဓားကို ဝှေ့ယမ်းလိုက်သည်နှင့် ပင်လယ် (၄)စင်းမှ အော်မြည်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။
"ဘုန်း…"
ပင်လယ် (၄)စင်းသည် တုန်လှုပ်လာပြီး ဓားသွားက ခုတ်ပိုင်းချလိုက်သည်နှင့် တိမ်များ အရောင်ပြောင်းသွားကာ လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည်။
"ဘုန်း"
ပင်လယ်ပြင်ထက် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ကောင်းကင်ဘုံ (၉)ထပ်လုံးတွင် လျှပ်စီးများ တဖျတ်ဖျတ်လက်လျှက် ရှိ၏။
ကောင်းကင်နဂါးဓားက သူ့ကိုပိတ်ထားသည့် စည်းတံဆိပ်ကို ကိုယ်တိုင်ဖျက်စီးဖွင့်လှစ်လိုက်ပြီး ဓားတန်ခိုးစွမ်းအားများ အကန့်အသတ်မရှိ စတင်ထွက်ပေါ်လာသည်။
ကျန်းလန်က ဓားကို ခုတ်ပိုင်းချလိုက်သည်နှင့် ဓားတန်ခိုးစွမ်းအားများက နဂါးနက်ကြီးရှိရာသို့ ဝင်ရောက်လာသည်။ ဤဓားရှည်ဖြင့်ဆိုလျှင် နဂါးနက်ဘုရင်အန်းကျီကို သတ်ဖြတ်ပစ်နိုင်ပေလိမ့်မည်။
ကောင်းကင်နဂါးဓားကို ရုတ်တရက် တွေ့မြင်လိုက်ရသည့်အခါ အန်းကျီ လမ်းပျောက်သွားသလို ခံစားလိုက်ရသည်။ ထိုဓားကို ပိတ်ထားသည့် စည်းတံဆိပ် ပျက်စီးသွားသည်နှင့် ပထမဆုံး သွေးနှင့် ယာဇ်ပူဇော်ရမည် ဖြစ်သည်။
ထိုဓားဖြင့် ပထမဆုံး ရင်ဆိုင်ရသည့် သက်ရှိသည် စတေးခံသတ္တဝါပင် ဖြစ်၏။
အခြေအနေက နောက်ပြန်လှည့်၍ မရတော့ကြောင့် အန်းကျီ နားလည်လိုက်လေတော့သည်။
***