← Chapters

တာအိုအင်မော်တယ်

Vol. 31 Ch. 433

တာအိုအင်မော်တယ်

Vol. 31 Ch. 433

ကောင်းကင်နဂါးဓားက လူတိုင်းကို ထိတ်လန့်သွားစေခဲ့ပြီး ထိုဓား၏တန်ခိုးစွမ်းအားကို အမှန်တကယ်ခံစားလိုက်ရသူမှာတော့ နဂါးနက်ဘုရင် အန်းကျီ ဖြစ်သည်။

သူ့မျက်ဝန်းများထဲတွင် ထိုဓားက လောကတစ်ခုပမာဖြစ်နေခဲ့သည်။

ကျန်းလန်က သူ့ကို သတ်ဖြတ်နေသည် မဟုတ်ပေ။ နဂါးဓားကိုယ်တိုင်က ယာဇ်ပူဇော်ပေးမည့် စတေးခံသတ္တဝါကို ရှာဖွေနေခြင်းဖြစ်၏။ သူ့ကို မိုးကေင်းကင်နဂါးဓားက သတ်ဖြတ်တော့မည် ဖြစ်သည်။

ထိုအချက်ကို သဘောပေါက်သွားသည်နှင့် ဘယ်လောက်ပင် ခုခံပါစေ အသုံးမဝင်တော့ကြောင်း အန်းကျီ နားလည်လိုက်သည်။ ဓားသွားက သူ့ခန္ဓာကိုယ်ကို ခုတ်ပိုင်းချလိုက်ပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။

သူ၏ ခန္ဒာကိုယ်က ပြိုကွဲသွားပြီး ဝိညာဉ်သည်ပင် အက်ကွဲသွားပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိလိုက်သည်။

လောကကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ သူ၏စိတ်က အလွန်အမင်း အေးဆေးတည်ငြိမ်နေပြီး သူ့နှလုံးသားထဲတွင် ဉာဏ်အလင်းပွင့်မှုတစ်ခု ဖြစ်တည်လာသည်။

သူက ဓားရှည်ကိုကိုင်ဆောင်ထားသူကို ကြည့်လိုက်သည်။

ကောင်းကင်နဂါးဓားမှ ထွက်ပေါ်နေသည့်ရောင်ဝါက သူ့ကို အဆက်မပြတ်တိုက်ခိုက်နေကြောင်း တွေ့မြင်နေရ၏။ သူ တစ်စုံတစ်ခုကို နားလည်သွားဟန် ရှိသည်။

"ကျုပ်နားလည်ပြီ"

အန်းကျီ၏အသံက တိတ်ဆိတ်မှုများကို ဖြိုခွင်းပြီး တည်ငြိမ်စွာ ထွက်ပေါ်လာသည်။

ကျန်းလန်က ကောင်းကင်နဂါးဓားကို ဝှေ့ယမ်းလိုက်သည့်အခါ ပင်လယ် (၄)ခုလံး အမိန့်နာခံကြပြီး ပတ်ဝန်းကျင်မှ ရေလှိုင်းများနှင့် မိုးကြိုးများလည်း ရပ်တန့်သွားသည်။ အားလုံးက အေးခဲသွားသည့်အလားပင်။

ကျန်းလန်နှင့် အန်းကျီသာ မသက်ရောက်ဘဲ ကျန်ရှိသည်။

တစ်ယောက်က ဓားကိုင်ထားပြီး တစ်ယောက်ကတော့ ဓားအတွက် စတေးခံရမည့်သူ ဖြစ်သည်။

"မင်းက…"

နဂါးနက်ကြီးက ကျန်းလန်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

"မွေးရာပါ အင်မော်တယ်လား"

ဓားရှည်ကိုကိုင်ထားသည့် ကျန်းလန်၏လက်တွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။ သူ ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပြီး ပြန်လည်ကုသရန် နေရာတစ်နေရာ ရှာဖွေရမည် ဖြစ်သည်။ မဟုတ်ပါက သူ သတိလစ်သွားနိုင်၏။

နဂါးနက်ပြောနေသည့် စကားများကိုတော့ သူ နားမလည်ပေ။

နဂါးနက်ကြီး သေဆုံးသွားပြီဖြစ်ပြီး သူ၏ခန္ဓာကိုယ်က တစ်စစီ ပြိုကျပျက်စီးနေသည်။ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ကျန်းလန်ကို စကားအနည်းငယ်ပြောနေခြင်းပင် ဖြစ်၏။

အန်းကျီက…

"မွေးရာပါအင်မော်တယ်မို့လို့ ဒီဓားသိုင်းကို အသုံးပြုနိုင်တာ ဖြစ်ရမယ်"

သူ့စကားသံတွင် စိတ်ပျက်မှုနှင့် ဒေါတရားများ ပြည့်နက်နေသည်။

"ဒါပေမဲ့… ဒါပေမဲ့…"

အန်းကျီ၏ မျက်ဝန်းများထဲတွင် မနှစ်မြို့ခြင်းများနှင့် တန်ခိုးစွမ်းအား လျော့နည်းသွားခြင်းများကို တွေ့မြင်ရသည်။

"ဒါပေမဲ့ နဂါးဓားသိုင်းကို တတ်ကျွမ်းသူက ဘာလို့ ကျုပ်တို့နဂါးနက်တွေထဲက မဖြစ်ရတာလဲ ၊ ကျုပ်တို့က သူတို့လောက် မယုတ်မာခဲ့သလို နိမ့်ကျတာမျိုးလည်း မရှိပါဘူး"

ကျန်းလန်က နဂါးနက်ကြီးကို ကြည့်နေပြီး မည်သည့်စကားမှ မပြန်မပြောပေ။ သူက နဂါးမဟုတ်သောကြောင့် နဂါးများကြားမှ ရန်ငြိုးကို နားမလည်ပေ။

မည်သို့ပင်ဖြစ်စေ ပျက်သုဉ်းတစ်စပြင်လောကကြီးသည် ဘယ်တုန်းကမှ မရိုးရှင်းခဲ့ပေ။

သူက ခွန်လွန်တောင်မှ တပည့်ငယ်လေးတစ်ယောက်သာဖြစ်ပြီး ကျယ်ပြောသည့်လောကကြီးထဲသို့ပင် ခြေချရဲခြင်း မရှိခဲ့ပေ။ ယခု နဂါးမျိုးနွယ်များထံ ခရီးထွက်လာခြင်းကပင် သူ့မိန်းမကြောင့် ဖြစ်လေသည်။ ထို့ကြောင့် ပြဿနာများကို တည်ငြိမ်သွားအောင် ဖြေရှင်းရပေလိမ့်မည်။

သူ့အလုပ်က ဒါပဲဖြစ်၏။

အန်းကျီက ကျန်းလန်ထံမှ အဖြေရှာနေခြင်းမဟုတ်ပေ။ သူ့မကျေနပ်ချက်များကိုသာ ပြသနေခြင်းဖြစ်သည်။

"ဝုန်း…"

ရေလှိုင်းများ ပြိုကျသွားပြီး တိမ်တိုက်များလည်း ပြယ်လွင်သွားသည်။

နဂါးနက်ကြီး၏ခန္ဓာကိုယ်က အလွှာလိုက်အက်ကွဲသွားပြီး မကျေမနပ်ဖြင့်ပင် မြူမှုံများအဖြစ် ပြောင်းလဲသွားသည်။

နဂါးနက်ကြီး အသက်ပျောက်သွားသည်ကို မျက်လုံးနှင့် ကိုယ်တိုင်တွေ့မြင်ရတော့မှ ကျန်းလန်လည်း သက်ပြင်းချလိုက်မိသည်။

သို့သော်…

သူ ပြန်လည်ဆုတ်ခွာခါနီးတွင် မျက်ဝန်းတစ်စုံက သူ့ကို မလှုပ်နိုင်အောင် ညှို့ယူထားလိုက်လေသည်။ ရန်သူက သူ့ထံသို့ အလွန်လျှင်မြန်သည့် အရှိန်အဟုန်ဖြင့် ရောက်လာနေကြောင်း ကျန်းလန် အာရုံခံလိုက်မိသည်။

"ပင်လယ်အနက်ရှိုင်းဆုံးနေရာက လာနေတာလား"

ကျန်းလန် ခေါင်းငုံ့ကြည့်လိုက်သည်။

မထင်မရှားတစ်စုံတစ်ရာကို ကျန်းလန် အာရုံခံလိုက်မိပြီး တောက်ပသည့်နေရာင်ပမာ တန်ခိုးစွမ်းအားတစ်ခုက ပင်လယ်အနက်ရှိုင်းဆုံးနေရာမှ သူ့ထံ ချဉ်းကပ်လာနေသည်ကို  ခံစားလိုက်ရသည်။

"တာ့လော်အင်မော်တယ်ထက် အဆင့်မြင့်တဲ့သူတစ်ယောက်ပဲ ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ကျန်းလန် အံ့သြတုန်လှုပ်သွားသည်။

ဤနေရာတွင် ထိုသို့ ကြောက်မက်ဖွယ်ရာ တည်ရှိမှုမျိုး ရှိနေခဲ့သည်ကို မယုံနိုင်ခဲ့ပေ။ ပြေးရန်သာ ရှိသည်။

ကျန်းလန် ချက်ချင်းထွက်ပြေးရန် ဟန်ပြင်လိုက်သော်လည်း တစ်ဖက်လူက သူ့အား လှုပ်ရှားမရအောင် ညှို့ငင်ထားသည်။

သူတင်မဟုတ်ဘဲ သူ့လက်ထဲမှ ကောင်းကင်နဂါးဓားကိုပါ ညှို့ငင်ထားခြင်း ဖြစ်၏။ ကျန်းလန် ချက်ချင်းပင် ဓားရှည်ကို ရေထဲသို့ ပစ်ချလိုက်သည်။

ဓားသွားက ပင်လယ်အနက်ရှိုင်းဆုံးအထိ ဦးတည်သွားပြီး ကောင်းကင်နဂါးဓားမှ တန်ခိုးစွမ်းအားအကြွင်းအကျန်များက တစ်ဖက်လူ၏ အမြင်အာရုံကို ပိတ်ဆို့ထားလိုက်ကြသည်။

ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ ကျန်းလန် ထွက်ပြေးသွားလေတော့၏။ သို့သော် လှိုင်းလုံးများထက်တွင် ရေများပမာ ကျန်းလန်၏ပုံရိပ်က ဝိုးတဝါး ထင်ကျန်ရစ်ခဲ့သည်။

သူ ရှိသမျှ နည်းလမ်းပေါင်းစုံအသုံးပြုကာ ထွက်ပြေးခဲ့သည် လွတ်အောင်မပြေးနိုင်လျှင် အသက်ပျောက်မည် ဖြစ်သည်။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို သူ ပထမဆုံးအကြိမ် ခံစားဖူးခြင်း ဖြစ်သည်။ တစ်ဖက်လူက သေချာပေါက် တာအိုအင်မော်တယ်တစ်ယောက် ဖြစ်၏။

သူတို့ (၂)ယောက်၏ အဆင့်က ကွာခြားလွန်းသည်။ ထိုအချိန်တွင် သူသည် တန်ခိုးစွမ်းအာအကြောင်း ဘာမှ နားမလည်သေးကြောင်း ရုတ်ချည်း နားလည်လိုက်သည်။

နက်ရှိုင်းသောပင်လယ်ပြင်မှ နဂါးနက်တစ်ကောင် ထွက်လာသည်နှင့် ပင်လယ်ရေသည် တဟုန်ထိုး မြင့်တက်လာသည်။ ထိုနဂါးနက်က ပါးစပ်ကို ဖွင့်လိုက်ပြီး ကောင်းကင်နဂါးဓားကို ကိုက်ချလိုက်သည်။

"ကလန်"

နဂါးနက်ကြီးက ဓားသွားကို ကိုက်ဖြတ်လိုက်သည်နှင့် ပင်လယ်တစ်ခုလုံး လှိုင်းလုံးကြီးများ မြင့်တက်လာပြီး အရပ်မျက်နှာတိုင်းသို့ ပျံ့နှံ့သွားသည်။

"ခရက်"

"ဘန်း"

ကောင်းကင်နဂါးဓားး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။

တစ်ချိန်တည်းမှာပင် သူ၏တာဝန်ပြီးဆုံးသွားသည့်အလား နဂါးဓားအပိုင်းအစများက တစ်ချက်လှုပ်ရှားသွားပြီး လာရာအရပ်အတိုင်း ပြန်လည်ထွက်ခွာသွားကာ သလင်းနဂါးရုပ်တုကြီးဆီသို့ ပြန်ရောက်သွားသည်။

နဂါးဓား ထွက်ခွာသွားသည်နှင့် အနက်ရောင်နဂါးက ခေါင်းကိုလှည့်လိုက်ပြီး တစ်စုံတစ်ခုကို ပင်လယ်အတွင်းသို့ အန်ချလိုက်သည်။ သူ၏ တန်ခိုးစွမ်းအားက ပင်လယ်ပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

သို့သော်…

ထင်ကျန်ရစ်ခဲ့သည့် ကျန်းလန်၏ ရေပုံသဏ္ဌန်ပုံရိပ်က ပျက်စီသွားပြီး မည်သူမှ ရှိမနေခဲ့ပေ။

"ထွက်ပြေးသွားပြီလား"

နဂါးနက်က နဂါးငိုကျွန်းတစ်ဖက်ခြမ်းသို့ လှမ်းကြည့်လိုက်သည်။

"မွေးရာပါ အင်မော်တယ်တစ်ယောက် ရှိနေတယ်"

သူ အပြင်သို့ ထွက်လာပြီဆိုမှတော့ တစ်ခုခု လှုပ်ရှားရမည် ဖြစ်သည်။

ထိုနေရာတွင် မွေးရာပါအင်မော်တယ်တစ်ယောက်နှင့် ကျောက်စိမ်းရေကန်နတ်ဘုရားမ ရှိနေသည်။ တစ်ယောက်ကိုရရှိလျှင် သူ့အတွက် လုံလောက်ပြီ ဖြစ်၏။

သို့သော် သူက နဂါးဧကရီရန်ကျင်းရှိရာသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ သူတို့ တစ်ယောက်ကိုတစ်ယောက် တားဆီးကြမည်လား။ ထိုအချက်က သူ့ကို အနှောက်အယှက် ဖြစ်စေသည်။

သို့သော်…

သူ လှုပ်ရှားရမည် ဖြစ်၏။

***

ကျောက်ကလပ်ပေါ်တွင်…

ရန်ကျင်းနှင့် သူမ၏လူများမှာ နဂါးနက်တစ်ကောင် ရုတ်တရက်ပေါ်လာသည်ကို တွေ့သည့်အခါ အနည်းငယ် အံ့အားသင့်သွာကြသည်။

ထိုသို့သောအဆင့်ရှိသည့် နဂါးနက်တစ်ကောင်က လှုပ်ရှားမည်တဲ့လား။

ကောင်းကင်နဂါးဓား သူ့နေရာသူ ပြန်ရောက်သွားပြီးနောက် ရန်ကျင်းက လှုပ်ရှားရန် စီစဉ်လိုက်သည်။ မဟုတ်ပါက စောစောက နဂါးဓားသိုင်း အသုံးပြုသူ အန္တရယ်ကျရောက်ပေလိမ့်မည်။

သို့သော် သူမ တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် မြောင်ယွဲ့၏လက်တစ်ဖက်က သူမပခုံးထက် ကျရောက်လာပြီး တားဆီးလိုက်သည်။

မြောင်ယွဲ့က ရယ်မောလိုက်ရင်း…

"စိတ်မပူပါနဲ့ ၊ နဂါးမျိုးနွယ်တွေရဲ့ တန်ခိုးစွမ်းအားရှင် လွတ်မြောက်သွားပြီထင်ပါတယ် ၊ ကျွန်မတို့ ဆက်ကြည့်ကြရအောင်ပါ"

ထိုအချိန်တွင် ရေလှိုင်းထက်မှ လူရိပ်ပျောက်ကွယ်သွားကြောင်း ရန်ကျင်း တွေ့မြင်လိုက်ရသည်။ သို့သော် သူမ စိတ်မေအးနိုင်သေးပေ။

"နဂါးနက်က အန္တရယ်ပြုဖို့ ရောက်လာတာ ၊ ရှင်တို့ ခွန်လွန်တောင်က တကယ်ပဲ ကျောက်စိမ်းရေကန်နတ်ဘုရားမရဲ့ အသက်အန္တရယ်ကို အရေးမစိုက်ဘူးလား ၊ ရှင်တို့ ခွန်လွန်တပည့်တွေရဲ့ အသက်တွေကိုရော အရေးမစိုက်တော့ဘူးလား ၊ ဒါပေမဲ့ ကျွန်မတို့ကတော့ ကျွန်မတို့လူငယ်တွေကို အရေးစိုက်တယ်"

နဂါးဧကရီရန်ကျင်း၏အသံက အေးစက်လျှက် ရှိသည်။

သေဆုံးသွားသည့် နဂါးဘုရင်က ပင်လယ်ထဲမှ နဂါးနက်များအတွက် သတင်းတစ်ခု ချန်ထားခဲ့ခြင်း ဖြစ်သည်။ ထိုနဂါးနက်၏ ရည်ရွယ်ချက်က မွေးရာပါအင်မော်တယ်ဖြစ်သည့် လုန်မန် (သို့မဟုတ်) ကျောက်စိမ်းရေကန်နတ်ဘုရားမကို ပစ်မှတ်ထားခြင်း ဖြစ်နိုင်သည်။

လုန်လီနှင့် အခြားသူများမှာလည်း မျက်နှာပျက်လျှက် ရှိသည်။

ဟုတ်ပေ၏။ ငယ်ရွယ်သော နဂါးမင်းသားလေးက ကျွန်းပေါ်တွင် ရှိနေသည် မဟုတ်ပါလား။

မြောင်ယွဲ့က ခပ်တိုးတိုးလေသံဖြင့်…

"ဆက်စောင့်ကြည့်ပါ ၊ အန္တရယ် မရှိနိုင်ပါဘူး ၊ အန္တရယ်ရှိတယ်ဆိုရင် ကျွန်မတို့လည်း ဝင်ပြီး တိုက်ခိုက်မှာပေါ့"

သူမ၏စကားသံတွင် ယုံကြည်မှုအပြည့် ရှိနေလေသည်။

ရန်ကျင်း အနည်းငယ် အံ့အားသင့်သွားသည်။

ခွန်လွန်တောင်မှ လူများက စိတ်ထားမကောင်းကြသော်လည်း ယုံကြည်မှုတော့ အပြည့်ရှိကြသည်။ သူတို့ တစ်စုံတစ်ခုကို ယုံကြည်ထားလျှင် အခြားနည်းလမ်းတစ်ခုဖြင့် လှုပ်ရှားရန် ပြောင်းလဲမည် မဟုတ်ပေ။

ယခုကဲ့သို့ စကားထွက်လာသည်မှာ သူတို့တွင် အားကိုးစရာ တစ်ခုခု ရှိနေသောကြောင့် ဖြစ်ဟန်တူသည်။

လုန်လီက စိတ်ရှုတ်ထွေးသွားဟန်ဖြင့်…

"မင်းတို့ ဘာတွေလုပ်ထားခဲ့တာလဲ"

သူတို့ မြောင်ယွဲ့ကို နားလည်နိုင်ခြင်း မရှိပေ။

မြောင်ယွဲ့က…

"ဆက်ကြည့်လိုက်ရင် အဖြေသိရလိမ့်မယ်"

ရန်ကျင်းတို့အဖွဲ့ မည်သည့်စကားမှ မဆိုကြတော့ပေ။ သို့သော် လိုအပ်လျှင် တိုက်ခိုက်ရန်အတွက် သူတို့၏ တန်ခိုးစွမ်ာအးများကို အဆင်သင့် မြှင့်တင်ထားကြလေသည်။

မြောင်ယွဲ့ မျက်လုံးများကို ကျဉ်းမြောင်းရင်း စောင့်ကြည့်နေသည်။ ကျန်းလန် ထိုအမည်ကို အသုံးပြုမည်လား သူမ အလွန်သိချင်နေမိသည်။

"ဂိုဏ်းတူအစ်ကို မော့ကျန်းသုန့်ရဲ့ စကားအရဆိုရင်တော့ ကျန်းလန်က ကိုယ်ပိုင်အမြင်ရှိပြီး သူ ဘာလုပ်နေတယ်ဆိုတာ သူကိုယ်တိုင် နားလည်တဲ့သူ ဖြစ်တယ် ၊ ဒါပေမဲ့ သူ သိတာက နည်းလွန်းတယ် ၊ သူ အဲဒါကို အသုံးပြုမလား မပြုဘူးလားဆိုတာတော့ မပြောတတ်ဘူး"

သူမက ဆက်ပြောသည်။

"ဒါပေမဲ့ အဲဒါကို အသုံးပြုနိုင်ခြေ မြင့်မားတယ် ၊ ဘာလို့လဲဆိုတော့ နဂါးနက်ရဲ့ပစ်မှတ်က သူတို့အနားမှာ ရှိနေတယ်လေ"

မြောင်ယွဲ့က ကျန်းလန် ထိုအမည်ကို အသုံးပြုမည့်အချိန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ကျိုးကျုန်းထျန်းက နဂါးနက်ကို ကြည့်လိုက်ပြီး သေရည်တစ်ငုံသောက်လိုက်၏။

"အဲဒီကောင်က နက်ရှိုင်းတဲ့ပင်လယ်ထဲက အားနည်းတဲ နဂါးနက်တစ်ကောင်ပဲ ၊ ဖိနှိပ်ခံထားရတာကြောင့် သူ့တန်ခိုးစွမ်းအားက အထွတ်ထိပ်အဆင့်မှာ ရှိမနေနိုင်တော့ဘူး ၊ ဒါပေမဲ့ ကျုပ်တို့ရှိနေတာ သိလျက်နဲ့ သူက လှုပ်ရှားချင်သေးတယ် ၊ ဒီတော့ သူ့လှုပ်ရှားမှုနောက်ကွယ်မှာ တခြားအကြောင်းတွေ ရှိရမယ်"

***

All Chapters