← Chapters

ရွှေရောင်မြို့တံခါး

Vol. 3 Ch. 126

ရွှေရောင်မြို့တံခါး

Vol. 3 Ch. 126

နက်ဆန်က ခွန်အားကုန်ကိုသုံးပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက် လိုက်ပါတယ်။ လီချင်းချင်းကလည်း စွမ်းအားကြီးမားတဲ့ မာစတာတစ်ယောက်ဆိုပေမဲ့ ဒဏ်ရာရထားတဲ့နက်ဆန်ထက် မသိမသာအားနည်းနေဆဲပါ။ ဒါကြောင့် တရစပ်ဓားချက်တွေကို မခုခံနိုင်ဘဲ နောက်ကိုဖြည်းဖြည်းချင်းဆုတ်နေရတယ်။

“ငါ့ကို မေ့မထားနဲ့။” ရူဘီက ဒိုင်းကိုမြှောက်လိုက်ပြီး အခက်အခဲထဲ ကျရောက်လုနီးနီးဖြစ်နေတဲ့ လီချင်းချင်းကို လာကူညီပါတယ်။ သူ့ဒိုင်းအလယ်တည့်တည့်က ကျောက်မျက်ဟာ ရွှေရောင်တောက်ပ လာခဲ့ပြီးတော့ နက်ဆန်ရဲ့ကိုယ်ပေါ်ကို ကျရောက်သွားတယ်။

“ဆွဲငင်ခြင်းကျန်စာ...”

ထန်း...

နက်ဆန်က လီချင်းချင်းကိုထပ်ပြီးတိုက်ခိုက်ကာ လက်ထဲကလှံကို ဖြုတ်ချဖို့ကြိုးစားလိုက်ပေမဲ့ သူ့ဓားက သံလိုက်နဲ့အဆွဲခံရသလိုမျိုး ဖြစ်သွားပြီးတော့ ရူဘီရဲ့ဒိုင်းကိုသာ ရိုက်မိသွားတယ်။

“ဘာ...” နက်ဆန်က အံ့ဩသွားပြီး ထပ်မံတိုက်ခိုက်ကြည့်ပေမဲ့ အလားတူပါပဲ။ သူ့ဓားက ရူဘီဆီကလွဲပြီး တခြားဘယ်ကိုမှ ထိအောင် မတိုက်ခိုက်နိုင်တော့ပါဘူး။ ဒါကြောင့်လက်သီးနဲ့ ထိုးဖို့ကြိုးစားကြည့်ပေမဲ့လည်း အလားတူပါပဲ။

“ငါထင်သာတာမှန်မယ်ဆိုရင် မင်းဘယ်လိုတိုက်တိုက် သူ့ကိုပဲ ထိနေတော့မှာ။ ဒိုင်းသူတော်စင်ရဲ့မွန်မြတ်ဒိုင်း စွမ်းအားကြောင့် ငါတို့ဒီလိုဖြစ်နေတာပဲ ဖြစ်လိမ့်မယ်။”

ပါစီဗယ်က စဥ်းစဥ်းစားစားနဲ့ပြောလိုက်တယ်။ နက်ဆန်ရဲ့မျက်နှာ လေးနက်သွားပြီးတော့ ပြောလိုက်တယ်။

“မင်းဒီဒိုင်းကို ချိုးဖျက်နိုင်လား။” လောလောဆယ် ပါစီဗယ်က သူဆင့်ခေါ်နိုင်တဲ့ တစ်ဦးတည်းသောသူပါ။ ရူဘီတစ်ယောက်ကိုပဲ တိုက်ခိုက်နိုင်တော့မယ်ဆိုရင် မြန်မြန်ဆန်ဆန်နဲ့နိုင်အောင် တိုက်ခိုက်မှ ဖြစ်တော့မှာပါ။

“မင်းရူးနေတာလား။ အဲဒါက ရာစုနှစ်ပေါင်းများစွာ တည်ရှိလာတဲ့ အထွတ်အမြတ်လက်နက်ဟ။”

ပါစီဗယ်က ကျိန်ဆဲလိုက်တယ်။ သူက တစ္ဆေဘုရင်ဆိုပေမဲ့ အခုလို မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ အထွတ်အမြတ် လက်နက်တစ်ခုကို ဖျက်ဆီးဖို့လောက်ထိတော့ စွမ်းအားမကြီးဘူး။ နက်ဆန်က တစ်ချက်မဲ့လိုက်ပြီး...

“ဒီလိုဆိုရင်လည်း ဒိုင်းကိုင်ထားတဲ့သူကို ရအောင်သတ်တာပေါ့။”

နက်ဆန်က ဆုံးဖြတ်ချက်ချလိုက်ပြီး သူတတ်မြောက်ထားတဲ့ ဓားပညာမှန်သမျှကို စတင်ထုတ်သုံးတယ်။ နက်ဆန်ရဲ့ဓားရေးက ဓားသူတော်စင်လောက် မမြင့်မားပါ။ ဒါပေမဲ့ နိမ့်တဲ့အထဲလည်း မပါပါဘူး။ တိုက်ခိုက်နိုင်စွမ်းမရှိတဲ့ ဒိုင်းသူတော်စင်ကို ဖိနှိပ်ဖို့ လုံလောက်နေဆဲပါ။

ထန်း... ထန်း.... ထန်း...

နက်ဆန်က ရူဘီရဲ့သံချပ်ကာ လွတ်နေတဲ့နေရာတွေကို စတင်ပြီး ထိုးနှက်တိုက်ခိုက်တယ်။ ရူဘီကတော့ သူ့တစ်ရပ်စာလောက်ရှိတဲ့ ဒိုင်းကို ပေါ့ပါးစွာကိုင်ဆောင်ထားရင်း တိုက်ကွက်မှန်သမျှကို တားဆီးထားတယ်။ အဲဒီနောက်တော့ နောက်တစ်ခါသူ့ဒိုင်းက အလင်းရောင်ဖြာထွက်လာပြီး လီချင်းချင်းပေါ်ကျတယ်။

“ဒါက အမြန်နှုန်းကောင်းချီးပဲ။ နင်လုပ်နိုင်တာလုပ်ပြီး သူ့ကို မြန်မြန်လက်စသတ်လိုက်တော့။”

ရူဘီက စိုးရိမ်စွာနဲ့ပြောလိုက်တယ်။ နက်ဆန်ရဲ့တိုက်ကွက်တွေကို ရေပက်မဝင်အောင် ကာကွယ်ထားနိုင်ပေမဲ့ ဖိအားဒဏ်ကိုတော့ ခံစားနေရဆဲပါ။

“ဒါဆိုရင်လည်း မြန်မြန်လေး လက်စတုန်းပေးရတာပေါ့။”. လီချင်းချင်းက သူ့လှံကိုအောက်စိုက်လိုက်ပြီး ခြေဖျားနဲ့ ခတ်လိုက်တယ်။ ခန္ဓာကိုယ်အမူအရာက အင်းလေးသား လှေလှော်သလိုပုံစံမျိုးနဲ့ရှိနေပြီး အဝါရောင်အဆောင်တစ်ခုကို လှံဖျားမှာကပ်လိုက်တယ်။ အဆောင်က ပြာဖြစ်သွားပြီးနောက် လှံဖျားတစ်ဝိုက်မှာ အင်မတန်အေးစက်လှတဲ့ လေအေးတွေနဲ့ ပြည့်နှက်သွားပြီး အမြန်နှုန်းလည်း ဆင့်ကဲတိုးတက်လာတယ်။

“လေအေးစည်းချက်လှံ”

ရွှမ်း... ရွှမ်း... ရွှမ်း...

လီချင်းချင်းက လှံဖျားကိုဝေ့ပတ်နေတဲ့ လေပွေလေဝဲတွေကို အသုံးချပြီးတော့ လှံကိုနဂါးတစ်ကောင်ကနေသလိုမျိုး လွှဲယမ်း တိုက်ခိုက်တယ်။ အမြန်နှုန်းကလည်း ကြောက်စရာကောင်းတဲ့ အဆင့်မှာရောက်နေပြီး နက်ဆန်ဟာ ခုခံဖို့မပြောနဲ့ရှောင်ဖို့ မနည်းလုပ်နေရတဲ့ အနေအထားရောက်သွားတယ်။

“အချိန်ကျပြီ။”

ရူဘီကလည်း လီချင်းချင်းနဲ့ပူးပေါင်းပြီးတော့ ဒိုင်းကိုခန္ဓာကိုယ် အားအပြည့်နဲ့တွန်းထုတ်ကာ လှံကိုရှောင်နေလို့ တခြားတစ်ယောက် တိုက်ကွက်ကိုခုခံဖို့မဖြစ်နိုင်တဲ့ နက်ဆန်ကိုဒိုင်းနဲ့ ဝင်ဆောင့်တယ်။

ဘောင်း...

အသံကျယ်ကြီးတစ်ခုထွက်လာပြီး နက်ဆန်လွင့်ထွက်သွားတယ်။ နောက်တော့ ဂူနံရံတစ်ခုနဲ့ရိုက်မိပြီး ပြန်ပြုတ်ကျလာပါတယ်။ သူ့ ကျောက ကြီးမားတဲ့နာကျင်မှုကိုခံစားရပြီး အဆုတ်ကွာသွားပြီလို့ ထင်မိတဲ့အထိပဲ။

“ပွဲသိမ်းပြီ....” လီချင်းချင်းက လှံကိုလက်နှစ်ဖက်နဲ့အနေအထား ပြောင်းကိုင်လိုက်ပြီး ထိုးသွင်းမယ့်အနေအထားပြုတယ်။ အသင့်ဖြစ်တဲ့အခါမှာတော့ တစ်ခါတည်းပြေးတက်ပြီးတော့ နက်ဆန့်နှလုံးသားရှိရာကို လှံဖျားနဲ့ထိုးသွင်းဖို့ ကြိုးစားတယ်။

စွတ်...

သွေးတွေက မြေပြင်ပေါ်ဖြာကျလာတယ်။ နက်ဆန်ရဲ့မျက်လုံးက အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားတယ်။ လှံဖျားက ကျောနောက် ကနေ ပြန်ထွက်လာခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသွားတဲ့သူက သူမဟုတ် ခဲ့ပါဘူး။

“မိုနီကာ...” နာမည်တစ်ခုကို သူရေရွတ်လိုက်တယ်။ ရူးသွပ်နေတဲ့ မိန်းကလေးရဲ့ခရမ်းရောင်နဲ့အဖြူရောင်ဆံနွယ်တွေက လေနဲ့အတူ မျောလွင့်နေပြီး သွေးစတချို့လည်းစွန်းထင်းလို့နေပါတယ်။ မိုနီကာက လဲကျနေတဲ့နက်ဆန်နဲ့လီချင်းချင်းကြားထဲမှာရပ်နေပြီး သူ့ကိုထိုးမိလုဆဲဆဲလှံချက်ကို ခန္ဓာကိုယ်နဲ့ဝင်ခံခဲ့တာ။

ပေးဆပ်မှုအနေနဲ့ကတော့ လှံက သူ့ဘယ်ဘက်ရင်ဘတ်ကို ထုတ်ချင်းဖောက်ဝင်သွားခဲ့တာပဲ။ မိုနီကာက နက်ဆန်ကို ကျောပေးထားတဲ့အတွက် မျက်နှာအမူအရာကိုမမြင်ရပေမဲ့ အလွန်နာကျင်နေရမယ်ဆိုတာကို ခန့်မှန်းသိရှိနိုင်တယ်။

“ဟားဟားဟား...”

ဖြစ်ရပ်နဲ့ဆန့်ကျင်စွာပဲ မိုနီကာဆီကနေ ရယ်သံသဲ့သဲ့ထွက်လာပြီး ဒီမိန်းကလေးက သူ့ရဲ့သွေးစွန်းနေတဲ့လက်တွေနဲ့ လီချင်းချင်းရဲ့ လှံကိုဆုပ်ကိုင်ကာ သူ့ရင်ဘတ်ထဲကနေ ဆွဲထုတ်လိုက်ပါတယ်။ ဒဏ်ရာကိုပိတ်ဆို့ထားမယ့် လှံမရှိတော့တာကြောင့် သွေးတွေက ရင်ဘတ်ကနေ အတားအဆီးမဲ့ စီးကျလာတယ်။

“စိတ်မပူပါနဲ့ဒါလင်... ကျွန်မအဆင်ပြေပါတယ်။ ကျွန်မနှလုံးသားက ညာဘက်မှာလေ။”

“သတိထား....”

ရူဘီက အံ့အားသင့်နေတဲ့ လီချင်းချင်းရှေ့မှာရပ်လိုက်ပြီး ဒိုင်းကိုမြှောက်လိုက်တယ်။ မိုနီကာက စကားဆုံးတာနဲ့ သူ့လက်သည်းတွေနဲ့ လီချင်းချင်းရဲ့လည်ပင်းကို ကုပ်ဖဲ့ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ဒိုင်းနဲ့လက်သည်းတွေ ရင်ဆိုင်မိကာ မီးပွားတွေပန်းထွက်လာတယ်။ ပြဿနာက မိုနီကာ့လက်သည်းဟာ ပါစီဗယ်လောက်မမာတာကြောင့် ကျိုးပဲ့ကုန်ပြီး လက်ကနေ သွေးတွေစိမ့်ထွက်လာပါတယ်။

“ဘာကြောင့် မိုက်ရူးရဲဆန်ရတာလဲ...” နက်ဆန်က ချက်ချင်းပဲ ပြန်ထလိုက်ပြီးတော့ လီချင်းချင်းနဲ့ရူဘီကို အားကုန်တိုက်ကာ နောက်ကိုအနည်းငယ်ဆုတ်သွားရအောင် လုပ်လိုက်ပါတယ်။ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပြီးဖြစ်တဲ့ မိုနီကာက ဆက်ပြီး တိုက်ခိုက်ဖို့အတွက် မသင့်တော်တော့ပါဘူး။

“ သူတို့က အားနည်းနေတာတောင် ကြောက်ဖို့ကောင်းနေတုန်းပဲ။”

ရူဘီနဲ့လီချင်းချင်းကလည်း ဖိအားဒဏ်ကိုမခံနိုင်ဘဲ ပြန်ပြီးတော့ စုဖွဲ့ဖို့အတွက် နောက်ကိုပြန်ဆုတ်ရကာ အချင်းချင်းမျက်စပစ် ပြလိုက်တယ်။

တစ်ခဏတာ တိုက်ခိုက်ခံရခြင်းကနေ လွတ်မြောက်ပြီးတဲ့ နောက်မှာတော့ နက်ဆန်က ဒဏ်ရာရနေတဲ့ မိုနီကာကို ကြည့်လိုက်တယ်။ မိုနီကာက သူ့ရင်ဘတ်ကိုဘက်နဲ့ဖိထားရင်းက နက်ဆန့်နောက်ကိုလျှောက်လာပြီး သိုင်းဖက်လိုက်ပါတယ်။

“ကျွန်မ ရှင်နိုင်တာကိုပဲ မြင်ချင်တယ်။ ကျွန်မကိုဂရုမစိုက်ဘဲ ဆက်ပြီးတိုက်ခိုက်ပါ။”

နက်ဆန်က သူ့ကိုယ်ထဲက စွမ်းအားတွေတိုးတက်လာတာကို သတိထားမိလိုက်တယ်။ မိုနီကာရဲ့လက်ညိုးက သူ့ရင်ဘတ်ပေါ် ရှိနေတာကို သတိထားမိတယ်။ သူ့နောက်မှာရပ်နေတဲ့ မိန်းကလေးရဲ့ဆံပင်တွေအားလုံးက အဖြူရောင်ပြောင်းလုနီးပါး ဖြစ်နေပြီ။

“တော်လောက်ပြီ...” နက်ဆန်က မိုနီကာရဲ့လက်ကို ဖမ်းဆွဲပြီး ရိုက်ခိုင်းလိုက်တယ်။ မဟုတ်ရင် ဒီမိန်းကလေးက သူကိုယ်သူ သေမှာဂရုမစိုက်ဘဲ ဆက်ပြီး စွမ်းအားလွှဲပြောင်းပေးနေမှာ။

“မင်းတို့ငါ့ကို ဒေါသထွက်အောင်လုပ်ပြီ။”

နက်ဆန်ရဲ့နတ်ဘုရားခန္ဓာကိုယ်က ရုတ်တရက်ပြန့်ကားထွက်လာ ခဲ့ပါပြီ။ ရူဘီနဲ့လီချင်းချင်းက လေးနက်တဲ့မျက်နှာတွေနဲ့ အဲဒီ နတ်ဘုရားခန္ဓာကိုယ်ကြီးကိုကြည့်လိုက်တယ်။

“ဒီလူက သူ့စွမ်းအားတွေအကုန်လုံးပြန်မရသေးပေမဲ့ အယ်ဒါအဆင့်တိုက်ကွက်ကို ထုတ်ဖော်နိုင်စွမ်းရှိနေပြီလို့ ယူဆရမယ်။ အဲဲဒီတုန်းကအကွက်ကို ပြန်လုပ်ရအောင်။”

ရူဘီက ဒိုင်းကိုမြှောက်လိုက်ပြီး ဒိုင်းအလင်းရောင်က နှစ်ယောက်လုံးအပေါ်ကို ကျဆင်းလာတယ်။ များပြားတဲ့ ကောင်းချီးအမျိုးအစားစုံလင်က သူတို့နှစ်ယောက်လုံးရဲ့ စွမ်းအားတွေကို တိုးပွားလာစေခဲ့တယ်။

“ခွန်အား။”

“ခုခံမှု”

“မာဂုဏ်”

ရူဘီက ကောင်းချီးတစ်ဒါဇင်လောက်ကို တစ်ခါတည်းသုံးပြီး နောက်ဆုံးကျန်ရှိနေတဲ့ သူ့စွမ်းအားတွေနဲ့ အလွန်ကြီးမားလှတဲ့ အလင်းလွှာကြီးတစ်ခုကိုဖန်တီးကာ နှစ်ယောက်လုံးကိုကာကွယ် လိုက်ပါပြီ။

“ ရွှေရောင်မြို့တံခါး....” အလင်းလွှာကြီးက သာမန်ဆန်ဆန် မဟုတ်ဘဲ စိုက်ကြည့်ရုံနဲ့တင် ကွန်စတန်တီနိုပယ်မြို့အဝင် သီအိုဒိုဆီးယန်းတံတိုင်းကြီးရဲ့မြို့တံခါးဝကို မြင်နေရသလိုမျိုးခံစားရတယ်။ ဒီအလင်းလွှာနဲ့ကာကွယ်ပေးခံရတဲ့ သူတွေက လုံခြုံစိတ်ချရမှုကိုခံစားရပြီး တိုက်ခိုက်နေသူတွေကို စိတ်ပျက်အားလျော့သွားစေနိုင်တဲ့ ခံစားချက်ကိုပေးစွမ်းတယ်။

“ဓာတ်ငါးပါးအဆောင်ပညာ...”

တစ်ဖက်မှာတော့ လီချင်းချင်းက အဆောင်ငါးခုကိုတစ်ပြိုင်နက် ထုတ်ဖော်လိုက်တယ်။ မီး၊ ရေ၊ လေ၊ မြေ၊ သတ္တု ဆိုင်ရာစွမ်းအား ငါးရပ်က လှံကိုင်ထားတဲ့လီချင်းချင်းကိုထောက်ပံပေးထားပြီး မယုံနိုင်စရာကောင်းတဲ့စွမ်းအားအဆင့်ကို ရောက်ရှိသွားတယ်။ လှံထိပ်မှာတော့ အဖြူအနက် ယင်ယန်စွမ်းအင်နှစ်ရပ်က လှည့်ပတ် နေခဲ့ပြီးတော့ ဆန့်ကျင်ဘက်နှစ်ခုပေါင်းစည်းခြင်းရဲ့ အင်အားကြီးပုံကို ဖော်ပြနေတယ်။

ဘုန်း...

နက်ဆန်ရဲ့အရိပ်ကြီးက လက်ကိုမြှောက်လိုက်ပြီး ရွှေရောင် အလင်းလွှာကြီးကို ရိုက်ချလိုက်တယ်။ အလင်းလွှာကြီးက ဖိနှိပ်ခံရပြီး နည်းနည်းနောက်ကိုချိုင့်ဝင်သွားပေမဲ့ ပျက်စီးတာမျိုး မဖြစ်ခဲ့ဘူး။ အဲဒီအစား ရူဘီနဲ့လီချင်းချင်းတို့က ပြိုင်တူပြုံးလိုက် ကြပါတယ်။

“တန်ပြန်တိုက်မယ်....” လီချင်းချင်းက သူ့လှံကို မြှောက်လိုက်ပြီး အိုလံပစ်အားကစားပြိုင်ပွဲက လှံပစ်သမားတစ်ယောက်လိုမျိုး ကိုယ်ဟန်အတိုင်း ကိုယ်ကိုကိုင်းကာ လှံကိုအမြောက်ဆန်တစ်ခုလို ပစ်လွှတ်လိုက်တယ်။

ယင်ယန်နဲ့ဓာတ်ငါးပါးစွမ်းအားတွေစုစည်းနေတဲ့လှံက အလင်းလွှာကိုဖြတ်သန်းပြီး အရိပ်ကြီးကိုတိုက်ရိုက်ထိမှန် သွားခဲ့တယ်။

ဝှစ်...

ဘုန်း...

သူတို့ထင်မှတ်မထားခဲ့တာက နက်ဆန်ရဲ့နတ်ဘုရားခန္ဓာဟာ လှံနဲ့ထိမိတာနဲ့ ဘယ်တုန်းကမှမရှိခဲ့သလို ပျောက်ကွယ်သွားပြီး လှံက ဂူနံရံကိုပဲထိမိကာ ဂူအမိုးကိုပဲ ပြိုကျသွားစေခဲ့ပါတယ်။

“ညမင်းသားက ငါတို့ကိုအတည်မတိုက်ဘဲ ထွက်ပြေးသွားတာပဲ။”

ရူဘီက အံ့ကိုကြိတ်ထားလိုက်တယ်။

...

“ဟေး... ဟေး... သတိထားဦး။”

ဂူနဲ့ဝေးရာ မြက်ခင်းပြင်တစ်နေရာမှာတော့ နက်ဆန်က သွေးတွေ စိုရွဲနေပြီး သတိလစ်နေပြီဖြစ်တဲ့ မိုနီကာကိုပွေ့ဖက်ထားရင်းက စိုးရိမ်စိတ်နဲ့ပြောလိုက်တယ်။

မိုနီကာက သူ့မှာကျန်နေတဲ့ စွမ်းအားတွေအားလုံးကို သူ့ဆီ လွှဲပေးခဲ့ပေမဲ့ လုံလောက်အောင်ပြန်မကောင်းလာခဲ့ပါဘူး။ အယ်ဒါအဆင့်စွမ်းအားကို တစ်ချက်စာထုတ်ဖော်နိုင်ရုံသာ ရှိခဲ့ပါတယ်။ တိုက်ကွက်တစ်ခုတည်းနဲ့သူတော်စင်တစ်ယောက်ကို သတ်နိုင်မယ်လို့ မျှော်လင့်လို့မရတဲ့အတွက် အရိပ်ခရီးသွားနည်းနဲ့ ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ရတာပါ။

ဒါပေမဲ့...

“ငါသူ့ကို သေခွင့်မပေးနိုင်ဘူး။” နက်ဆန်က နှုတ်ခမ်းတွေ ပြာနှမ်းပြီး တစ်ကိုယ်လုံးဖြူဖျော့နေတဲ့ မိုနီကာကို ကြည့်လိုက်ပြီး ပြောပါတယ်။ ဒီမိန်းကလေးက သူ့အတွက်အများကြီး ပေးဆပ်ပေး ခဲ့ပြီးပြီမဟုတ်လား။

နက်ဆန်က မိုနီကာကို သက်သောင့်သက်သာအနေအထားမျိုး ဖြစ်စေဖို့အတွက် မင်းသမီးတစ်ပါးလို ပွေ့ချီထားလိုက်ပြီးတော့ ဒဏ်ရာကနေ သွေးတွေဆက်မထွက်လာစေဖို့အတွက် သူ့အင်္ကျီကို ဖြဲပြီးတော့ ပက်တီးလိုမျိုးသိုင်းစည်းပေးလိုက်တယ်။

“အမြန်ဆုံး နီးစပ်ရာဆေးရုံတစ်ရုံကို သွားမှဖြစ်မယ်။” သတိမေ့နေတဲ့ မိုနီကာက စကူးဘတ်တစ်ကောင်ရဲ့ပုံစံ အတိုင်းပဲရှိနေသေးတယ်။ ချိုတွေ၊ အတောင်ပံတွေနဲ့။ ဒါပေမဲ့ သူ့မှာရွေးစရာမရှိတော့ဘူး။

...

ရက်ပေါင်းများစွာရှိခဲ့ပြီ။

ကျွန်မနောက်ကိုလိုက်နေတဲ့ မီးလျှံကျောင်းတော်က အဖွဲ့ဝင်တွေကို ရှောင်ရှားရင်းနဲ့ ခရီးဆက်လာခဲ့တာ အတော်ကြာခဲ့ပါပြီ။ နက်ဆန် မပါဘဲနဲ့ ဒီလောက်ရှည်တဲ့ခရီးကို သွားခဲ့ဖူးတာ ပထမဆုံးအကြိမ်ပဲ။

သူပေးထားတဲ့ပိုက်ဆံတချို့လည်း ကျွန်မနဲ့အတူပါလာတော့ အတော်ကောင်းတယ်ပြောရမလား။ အဲဒါတွေသုံးပြီးတော့ တစ်နိုင်ငံကနေတစ်နိုင်ငံ အနားမနေဘဲ ခုန်ကူးနေခဲ့တာ။

တကယ်တမ်းပြောရရင် နက်ဆန်ဘယ်နေရာမှာရှိနေလဲ ကျွန်မ သေချာမသိဘူးဆိုပေမဲ့ စိတ်ထဲမှာ ကြိုသိနေသလိုမျိုးပဲ။ စိတ်ကူးပေါက်ပြီး လိုက်ရှာနေတယ်လို့ပြောလို့ရတယ်ဆိုပေမဲ့ ညဘက် ကျွန်မအိပ်တဲ့အခါတိုင်းမှာ နက်ဆန်နဲ့ပတ်သက်ပြီး ကျွန်မအိပ်မက်မက်တတ်တယ်။

သူရှိနေတဲ့နေရာတွေ၊ သူလုပ်နေတဲ့အရာတွေက အိပ်မက်လို့ ပြောရမှာထက်တောင် အများကြီးပိုပီပြင်နေတာ တွေ့ရတယ်။ သူရန်သူတွေနဲ့တိုက်ခိုက်နေတယ်လို့ မနေ့ညက အိပ်မက်မက်တော့ သိပ်စိုးရိမ်သွားခဲ့တာ။ ကျွန်မအိပ်မက်တွေက အမှန်ဖြစ်နိုင်တယ်လို့ တွေးမိတော့ ကျွန်မအိပ်မက်ထဲကနေရာကို မေးစမ်းပြီးတော့ ရှာဖို့ဆုံးဖြတ်လိုက်တယ်။

ကံကောင်းတယ်လို့ပဲပြောရမလား။ ကျွန်မအိပ်မက်ထဲမှာ သံလွင်ပင်တွေအများကြီးရှိနေတဲ့ တောင်ကုန်းပေါ်က မြို့လေးတစ်မြို့ကို မြင်မက်ခဲ့တယ်လေ။ ပြီးတော့ တောင်ကုန်းပေါ်က အုတ်ကြွပ်တွေမိုးထားတဲ့ ရဲတိုက်ကြီးတစ်ခုနဲ့အဲဒီအောက်က ဂူဝကြီးကိုရောပဲ မြင်ခဲ့ရသေးတာ။ အသုံးဝင်ဆုံး အချက်အလက်ကတော့ အညိုရောင်ကြေးသားနဲ့ ထုလုပ်ထားတဲ့ စစ်သူကြီးလိုလို ဘုရင်လိုလိုရုပ်ထုကြီးကို မြင်မက်မိတာပါပဲ။

အဲဒီအကြောင်းကို ရထားဘူတာမှာလက်မှတ်ရောင်းတဲ့ လူကြီးကို ပြောပြတော့။

“ကလေးမ၊ မင်းပြောတဲ့ရုပ်ထုကြီးက ငါ့ဇာတိမြို့က ဧကရာဇ် ပလိရောလုဂက်ရုပ်ထုကြီးနဲ့တူသလိုပဲ။ တကယ်လို့ သွားရှာချင်ရင် အဲဒီမြို့ကို သွားပါလား။ ဂရိကျွန်းဆွယ်တောင်ပိုင်းက မိစ်ထရပ်မြို့ လေးလေ။”

...

“မိစ်ထရပ်မြို့ဆေးရုံလား... ငါ့ကို စိတ်မပျက်စေဖို့တော့ မျှော်လင့်ရတာပဲ။”

နက်ဆန်က သူ့ရင်ခွင်ထဲရှိနေတဲ့ မိုနီကာကို ငုံကြည့်လိုက်တယ်။ သွေးတွေစိမ့်ထွက်နေဆဲဖြစ်တဲ့ ဒဏ်ရာကိုမြင်တော့ မျက်နှာက မည်းမှောင်သွားပြီး ဆေးရုံဆိုင်းဘုတ်ကို နောက်တစ်ခါပြန်ကြည့် လိုက်ရင်းကနေ ဆေးရုံဝင်းထဲကို ခပ်သွက်သွက်ပဲ ဝင်လိုက်တယ်။

All Chapters