← Chapters

ကြောက်မက်ဖွယ်ရာဧကရာဇ်ရှီးဟယ်

Vol. 32 Ch. 435

ကြောက်မက်ဖွယ်ရာဧကရာဇ်ရှီးဟယ်

Vol. 32 Ch. 435

အမှောင်ထုကို ထိုးခွင်းကာ လင်းထိန်တောက်ပလာသည့် အလင်းရောင်ကို ကျန်းလန် ကြည့်လိုက်သည်။

ဧကရာဇ်ရှီးဟယ် လက်တစ်ဖက်ဆန့်တန်းထားသည်ကိုသာ တွေ့ရပြီး ဘာလုပ်နေသည်ကို မသိရပေ။ မြင်ကွင်းကိုကြည့်ရင်း ကျန်းလန် အံ့အားသင့်လျှက် ရှိသည်။

တိုက်ကွက်က အရမ်းရိုးရှင်းသလို ခံစားရသော်လည်း အလွန်ထူးဆန်းပြီး အစွမ်းထက်လွန်းသည်။ ထိုတိုက်ကွက်ကို တွေ့မြင်ပြီးသည်နှင့် ကျန်းလန် တောင်ပေါ်ပြန်ပြီး တစ်ယောက်တည်းကျင့်ကြံလိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည်။

ခွန်လွန်တောင်ပြင်ပတွင် အလွန် အန္တရယ်များလွန်းသည်။

ဧကရာဇ်ရှီးဟယ်၏ တိုက်ကွက်က ထူးခြားလှကြောင်း ကျန်းလန်တစ်ယောက်တည်း ခံစားမိခြင်း မဟုတ်ပေ။ ကျိုးကျုန်းထျန်းနှင့် အခြားသူများသည်လည်း ခံစားလိုက်ကြရသည်။

ကျိုးကျုန်းထျန်းက ခပ်တိုးတိုးလေသံဖြင့်…

"သူက နဂါးနက်ကို အဲဒီလောက်လွယ်လွယ်နဲ့ ဆွဲဖြဲလိုက်တာလား"

နဂါးဧကရီရန်ကျင်း၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

ထိုသို့သောတိုက်ကွက်မျိုးကို ထုတ်ဖော်အသုံးပြုနိုင်သူ အနည်းငယ်သာရှိလေသည်။ ယခု ကျောက်ကလပ်ပေါ်တွင် မတ်တတ်ရပ်နေကြသည့် နဂါးမျိုးနွယ်များရော ၊ ခွန်လွန်တောင်မှ တောင်သခင်များပါ ထိုသို့ မပြုလုပ်နိုင်ကြပေ။

ဆိုတော့ နဂါးနက်ကို ထိုမျှ လွယ်လွယ်ကူကူ အနိုင်ယူရန် မည်သို့သော လျှို့ဝှက်ချက်ကို ခွန်လွန်တောင်က အသုံးပြုခဲ့ပါသနည်း။

သူတို့ ပဟေဠိ ဖြစ်နေစဉ်မှာပင် နဂါးနက်၏ တန်ခိုးစွမ်းအားက ရုတ်တရက် ပုံပျက်သွားပြီး သူ့ကိုယ်သူ ပြန်လည်ထိမှန်သွားသည်။ နဂါးနက်မှာ အနက်ရောင်အဝတ်စတစ်စ လိမ်ညှစ်ခံလိုက်ရသည့်အလား တင်းကျပ်တွန့်လိမ်သွားသည်။

"ခရက်"

နဂါးနက်၏ အရိုးကွဲအက်သံများ ထွက်ပေါ်လာသည်။

"ဂရား…"

နာကျင်မှုဝေဒနာကို သည်းမခံနိုင်စွာ နဂါးနက်ထံမှ ဟိန်းဟောက်သံကြီးတစ်သံ ပြုလုပ်လိုက်သည်။ သူ့ခန္ဓာကိုယ်က သူ့တန်ခိုးစွမ်းအားနှင့်သူ ပြန်ပြီး လိမ်ညှစ်ခံနေရသည်။

အဋ္ဌမမင်းသားက ရယ်မောလိုက်ရင်း…

"ကျုပ်က မာနကြီးတယ်လို့ မင်းထင်နေတုန်းပဲလား… မဟုတ်ဘူး… မဟုတ်ဘူး… မဟုတ်ပါဘူး ၊ ကျုပ်က နည်းနည်းလောက်ပိုပြီး ယုံကြည်မှုရှိတာပါ ၊ ဒီလောက်ပါပဲ"

မြင်ကွင်းနှင့်အတူ အသံနက်ကြီး ထွက်ပေါ်လာသည်။

လုန်လီနှင့် အခြားသောနဂါးမျိုးနွယ်များမှာ မျက်နှာအပျက်ကြီးပျက်လျှက် ရှိကြသည်။

နဂါးနက် မည်မျှတန်ခိုးစွမ်းအားမြင့်မားကြောင်း သူတို့ အသိဆုံး ဖြစ်သည်။ သို့သော် သြဇာအရှိန်အဝါ ကြီးမားလှသည့် အနှီပုဂ္ဂိုလ်သည် နဂါးနက်ကို အလွယ်တကူပင် လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သည်။

နဂါးအစစ်အမှန်များက နဂါးနက်များကို မိုးကြိုးတန်ခိုးစွမ်းအားဖြင့် ထိန်းချုပ်ထားသည့်အတွက် သူတို့အနေဖြင့် အထွတ်ထိပ်တန်ခိုးစွမ်းအားများ အသုံးမပြုနိုင်ကြသည့်တိုင် ထိုမျှလောက် အားနည်းနေသည်မှာ မဖြစ်သင့်ပေ။

လုန်စီးစီးက မြောင်ယွဲ့ကို လှမ်းကြည့်လိုက်ရင်း…

"ရှင်တို့ ခွန်လွန်တောင်ကလူတွေ ဘာလုပ်လိုက်တာလဲ"

ထိုသူက မည်သူဖြစ်ကြောင်း သူတို့အားလုံး သိချင်နေကြသည်။

တောင်သခင်မ မြောင်ယွဲ့က…

"လူတစ်ယောက်ကို ဖိတ်ခေါ်ပြီး အကူအညီ တောင်းလိုက်တာပါ"

လုန်စီးစီးက…

"အဲဒါ ဘယ်သူလဲ"

သူမမေးခွန်းကို မြောင်ယွဲ့က ပြန်ဖြေခဲ့ပေ။

အမှန်တော့ ထိုသူ မည်သူဖြစ်ကြောင်း နဂါးနက်လည်း သိချင်နေ၏။

သူ့ခန္ဓာကိုယ်တစ်ခုလုံး လိမ်ချိုးခံထားရသလို နာကျင်နေပြီး တစ်ဖက်လူက သူ့ကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ထားခြင်း ဖြစ်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး စတင် အက်ကွဲလာပြီး ပြင်းထန်လှသည့် တန်ခိုးစွမ်းအားက သူ့ကို ကြောက်ရွံ့တုန်လှုပ်လာစေသည်။

ဤသည်က သာမန်တန်ခိုးစွမ်းအား မဟုတ်ပေ။ ထိုသို့သော တန်ခိုးစွမ်းအားမျိုးကို ပိုင်ဆိုင်သူဆို၍ နဂါးမျိုးနွယ်များထဲတွင်ပင် တစ်ယောက်တည်း ရှိသည်။

သို့ပေသိ ထိုပုဂ္ဂိုလ်က အဘယ့်ကြောင့် ရုတ်တရက် ပေါ်လာရပါသနည်း။

"မင်း ဘယ်သူလဲ"

လွတ်မြောက်ရန် အပြင်းအထန် ကြိုးစားနေရင်း နဂါးနက်က မေးခွန်းထုတ်သည်။

ဧကရာဇ်ရှီးဟယ်က နဂါးနက်ကို ဖမ်းဆုပ်ထားရင်းဖြင့်ပင် ပြုံးလိုက်၏။

"ကျုပ်က…. ပျက်သုဉ်ခြင်းငရဲဘုံရှစ်ထပ် ဧကရာဇ်လွန်လင်…"

ပြောပြီးသည်နှင့် ဧကရာဇ်ရှီးဟယ်က နဂါးနက်ကို ဖမ်းဆုပ်ထားသည့်လက်ကို ဖြေလျှော့လိုက်သည်။ ထိုအခါ နဂါးနက်၏ခန္ဓာကိုယ်အတွင်းမှ တန်ခိုးစွမ်းအားများက နေရာအနှံ့ပျံ့နှံ့သွားပြီး ခန္ဓာကိုယ်တစ်ဝက်ခန့် အက်ကွဲသွားသည်။

"ဘန်း"

နဂါးနက်၏ ခန္ဓာကိုယ်မှ အသွေးအသားများ ပေါက်ကွဲသွားပြီး ဧကရာဇ်ရှီးဟယ်၏လက်ထဲသို့ ကျဆင်းလာသည်။

နဂါးနက်၏ခန္ဓာကိုယ်တစ်ဝက်က ပင်လယ်အတွင်းသို့ နစ်မြုပ်သွားပြီး ဒဏ်ရာအပြင်းအထန်ဖြင့် ထွက်ပြေးသွားတော့သည်။

တိုက်ပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။

ကျန်းလန်ကတော့ အံ့အားသင့်လျှက် ရှိ၏။

နဂါးနက်သည် ခန္ဓာကိုယ်တစ်ဝက်ခန့် အက်ကွဲပျက်စီးသွားပြီးနောက် ဆက်လက်တိုက်ခိုက်ရန် ယုံကြည်မှု ပျောက်ဆုံးသွားခဲ့သည်။ ဤတိုက်ပွဲက ဧကရာဇ်ရှီးဟယ် မည်မျှ ကြောက်မက်ဖွယ်ရာကောင်းကြောင်း ပြသနေသည်ပင်။

အထူးသဖြင့် ဧကရာဇ်ရှီးဟယ်က တိုက်ကွက်တစ်ကွက်တည်းဖြင့် တိုက်ပွဲကို အဆုံးသတ်ခဲ့ပြီး ထိုတိုက်ကွက်က အတော်လေး ပြင်းထန်ခဲ့သည်။

ပြီးတော့…

သူက နာမည်အမှန်ကို မပြောဘဲ "ပျက်သုဉ်ခြင်းငရဲဘုံရှစ်ထပ် ဧကရာဇ်လွန်လင်" ဆိုသည့် အမည်ကို အသုံးပြုခဲ့သည်။

"ငါ့အပေါ် အပြစ်ပုံချနေတာလား" ဟု ကျန်းလန် တွေးလိုက်သည်။

သို့သော် အများကြီး စဉ်းစားမနေတော့ဘဲ မျက်ခုံးများကို တွန့်ချိုးထားရင်း ဧကရာဇ်ရှီးဟယ် အသုံးပြုခဲ့သည့် တိုက်ကွက်ကို ပြန်လည်တွေးတောကြည့်နေသည်။

ထိုသို့သော တိုက်ခိုက်မှုမျိုးကို တွန်းလှန်ခုခံနိုင်သည့် အရည်အချင်းရှိမှသာ သူ့ဘ၀ ဘေးကင်းမည် ဖြစ်၏။ သို့ပေသိ ကံမကောင်းစွာပင် ထိုတိုက်ကွက်ကို ကျန်းလန် နားမလည်ခဲ့ပေ။

ထိုတိုက်ကွက်က အလွန်နက်နက်လွန်းလေရာ ဘယ်လိုပဲ စဉ်းစားကြည့်ပါစေ နားလည်နိုင်ခြင်းမရှိပေ။

အများအမြင်တွင် ကျန်းလန်က လူသားအင်မော်တယ် တစ်ယောက်ဖြစ်သည်။ သို့သော် လူသားအင်မော်တယ်တစ်ယောက် နားလည်ရန် မဆိုထားနှင့် ကျင့်ကြံခြင်းအစစ်အမှန်ဖြစ်သည့် တာ့လော်အင်မော်တယ်အဆင့်ဖြင့်ပင် ကျန်းလန် လုံး၀ နားလည်ခြင်း မရှိခဲ့ပေ။

ထိုအချိန်…

"ဝှစ်"

ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာသည်။

ထိုဓားဝိညာဉ်က ပင်လယ်ထဲသို့ ဖြတ်ကျော်ဝင်ရောက်သွားပြီး ထွက်ပြေးသွားသည့် နဂါးနက်နောက်သို့ လိုက်ပါသွားသည်။ ဓားဝိညာဉ်ကို တွေ့မြင်သည်နှင့် ဆရာဦးလေး ကျိုးကျုန်းထျန်း လှုပ်ရှားလိုက်ပြီဖြစ်ကြောင်း ကျန်းလန် သိလိုက်၏။

"ကြည့်ရတာ နဂါးနက်တော့ မလွတ်လောက်တော့ဘူး"

သူ တွေးလိုက်သည်။

သို့သော် သူ တိုက်ခိုက်နိုင်သည့် ရန်သူ မဟုတ်သောကြောင့် ကျန်းလန် အရေးမစိုက်တော့ပေ။

တကယ်တမ်း အန္တရယ်ရှိသူက ဧကရာဇ်ရှီးဟယ် ဖြစ်သည်။ သူသာ အဋ္ဌမမင်းသား ခန္ဓာကိုယ်ထဲမှ မြန်မြန် ထွက်မသွားဘူးဆိုလျှင် ကျန်းလန် အချိန်ကြာကြာ တောင့်ခံနိုင်မည် မဟုတ်တော့ပေ။

သူရရှိထားသည့် ဒဏ်ရာများက ပိုမိုပြင်းထန်လာလေရာ အချိန်ကြာမြင့်စွာ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။ မကြာခင် သူ့အကြောင်း ဘူးပေါ်သလို ပေါ်ပေတော့မည်။

ကောင်းကင်နဂါးဓားကိုကိုင်ဆောင်ကာ နဂါးနက်ဘုရင်နှင့် တိုက်ခိုက်ခဲ့သူမှာ သူ ဖြစ်ကြောင်း အားလုံး သိရှိသွားကြပေမည်။ သူ့အတွက် အလွန်အန္တရယ်များသည့် အခြေအနေပင်။

ထိုအချိန် ဧကရာဇ်ရှီးဟယ်က သူ့ကို လှည့်ကြည့်လာသည်။ သူ့လက်ထဲတွင် နဂါးနက်၏ အသွေးအသားများကို သိပ်သည်းထားသည့် သွေးနီရောင် အလုံးတစ်လုံး ရှိနေသည်။

ဧကရာဇ်ရှီးဟယ်က ထိုသွေးပုလဲလုံးကို ကျန်းလန်ထံ လှမ်းပေးလိုက်ရင်း…

"ဒီပစ္စည်းကို မြောင်ယွဲ့ ၊ ဒါမှမဟုတ် ကျိုးကျုန်းထျန်းကို ပေးလိုက်ပါ"

ပြောပြီးသည်နှင့် သူက ပေါ့ပေါ့ပါးပါးပင် ကျန်းလန်ကို ကြည့်လိုက်သည်။

ကျန်းလန်က ဧကရာဇ်ရှီးဟယ်လှမ်းပေးသည့် သွေးပုလဲလုံးကို ကြည့်လိုက်သည်။ ထိုပုဂ္ဂိုလ်က အသွေးအသားများကို လိုအပ်နေဟန်ရှိသည်။

သို့သော် အသွေးအသားများအားလုံးကိုတော့မဟုတ်ပေ။ ထူးခြားမှုရှိသည့် အသွေးအသားများကိုသာ ဧကရာဇ်ရှီးဟယ်က လိုအပ်ခြင်း ဖြစ်သည်။

ခွန်လွန်တောင်သို့ ရောက်နေသည့် ရွှေပြဒါးအမြုတေအဆင့် နတ်လူသားမျိုးနွယ်သူလျှိုကို တောင်သခင် (၂)ယောက်ကိုယ်တိုင် သတ်ဖြတ်ပြီး အသွေးအသားများကို ရယူသွားသကဲ့သို့ ဖြစ်သည်။ သို့ပေသိ ထို အသွေးအသားများတွင် မည်သို့သော ထူးခြားချက် ရှိသည်ကိုတော့ ကျန်းလန်လည်း မသိရှိပေ။

ကျန်းလန်က သွေးပုလဲကို လက်ခံယူလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့… ဆရာဦးလေးနဲ့ ဆရာဒေါ်လေးကို ကျွန်တော် ပေးလိုက်ပါ့မယ်"

ဧကရာဇ်ရှီးဟယ်က…

"ဒါနဲ့ စောစောက ကျုပ်တိုက်ခိုက်လိုက်တဲ့ တိုက်ကွက်ကို နားလည်သလား"

ကျန်းလန်က ခေါင်းခါယမ်းလိုက်ရင်း…

"တပည့်က အရည်အချင်း အားနည်းပါတယ် ၊ နားမလည်ပါဘူး"

တကယ်လည်း သူ နားလည်ခြင်း မရှိပေ။

ဧကရာဇ်ရှီးဟယ်က ပြုံးလိုက်ရင်း…

"ဒါက ပြဿနာတော့ မရှိပါဘူး"

သူက ဆက်ပြောသည်။

"အခု ကျုပ်ပြောတာတွေကို မှတ်ထားပါ ၊ မင်း အဓိက ကျင့်ကြံခြင်းအဆင့်တွေကို ကျော်ဖြတ်တဲ့အချိန်ကျ အဲဒီတိုက်ကွက်ကို နားလည်လာလိမ့်မယ် ၊ ပြောရရင် မင်း တာ့လော်အင်မော်တယ်အဆင့်ရောက်ရင် နားလည်လာနိုင်ပါတယ်"

ကျန်းလန် : "……."

အဓိကကျင့်ကြံခြင်းအဆင့်များကို ဖြတ်သန်းနိုင်မှ ထိုတိုက်ကွက်ကို နားလည်မည်တဲ့လား။

ယခုလည်း သူက တာ့လော်အင်မော်တယ်အဆင့် ရောက်ရှိနေပြီ ဖြစ်သည်။ အဘယ့်ကြောင့် တိုက်ကွက်ကို နားမလည်ရပါသနည်း။

တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့်မျှသာ ရှိသေးသည့်အတွက် ထိုတိုက်ကွက်ကို မသင်ယူနိုင်ခြင်း ဖြစ်ဟန်တူသည်။

သူသာ တကယ်တမ်း လူသားအင်မော်တယ်တစ်ယောက်ဆိုပါလျှင် ထိုတိုက်ကွက်ကို သင်ယူရန် အချိန်ပေါင်းများစွာ စောင့်ဆိုင်းရမည် ဖြစ်သည်။ ယခု သူက တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့် ဖြစ်သည့်အတွက် နားလည်နိုင်ရန် အခွင့်အရေးမြင့်မားသည်။

"ဒါနဲ့… နဝမတောင်ထွတ်ရဲ့ တစ်ဦးတည်းသောတပည့်တစ်ယောက်အနေနဲ့ အနာဂတ်မှာ ဘာအစီအစဉ်တွေ ရှိသလဲ"

ဧကရာဇ်ရှီးဟယ်၏အသံက ကျန်းလန်နားထဲတွင် မြည်ဟည်းထွက်ပေါ်လာသည်။

ကျန်းလန်က…

"ကျွန်တော် လုံလောက်တဲ့ တန်ခိုးစွမ်းအား ရရှိအောင် ကျင့်ကြံနိုင်တဲ့အခါ ကျွန်တော်လုပ်ရမယ့် တာဝန်တွေအားလုံးကို ပြုလုပ်ပါ့မယ် ၊ ပြီးတော့ ဆရာ့အတွက် တာအိုလက်တွဲဖော်ရှာဖွေပေးချင်တယ်"

ထိုစကားမျာကို ပြောပြီးနောက် ကျန်းလန် မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

ထိုအကြောင်းအရာများက သူ့စိတ်ထဲမှ အတွေးများသာ ဖြစ်ပြီး တစ်ခါမှ ထုတ်ဖော်ပြောရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ ယခုတော့ အဘယ့်ကြောင့် ထိုစကားများကို လွှတ်ခနဲ ပြောလိုက်မိပါသနည်း။

ဧကရာဇ်ရှီးဟယ်က သူ့ကို တစ်ခုခုလုပ်ခဲ့တာလား။

ကျန်းလန် ဧကရာဇ်ရှီးဟယ်ကို လှမ်းကြည့်လိုက်သည်။ ထိုပုဂ္ဂိုလ်သည် သူမျှော်မှန်းထားသည်ထက် ပိုပြီး အန္တရယ်များကြောင်း နားလည်လိုက်သည်။

သူက…

ကျန်းလန်သည် ရှေ့ဆက်တွေးမည့်အတွေးကိုပင် ဆက်မတွေးရဲတော့ဘဲ ရပ်တန့်လိုက်သည်။ သူတွေးသမျှ ပါးစပ်မှ ထုတ်ပြောမိမည်ကို စိုးရိမ်သောကြောင့်ပင်။

"ဟေ…"

ကျန်းလန်စကားကိုကြားသည့်အခါ ဧကရာဇ်ရှီးဟယ်က နေရာမှာပင် ကြက်သေသေသွားသည်။

သူက သိချင်စိတ်ဖြင့်…

"ဒါဖြင့် မင်းဆရာအတွက် ဇနီးလောင်း တွေ့ထားပြီလား"

အနာဂတ်တွင် ခွန်လွန်တောင်ကို စွန့်ခွာသွားလိုခြင်း ရှိ မရှိ သိချင်သည့်အတွက် သူက ကျန်းလန်ကို မေးခွန်းမေးလိုက်ခြင်း ဖြစ်သည်။ သို့သော် မယုံကြည်နိုင်စရာကောင်းသည့် အဖြေကို ရရှိခဲ့သည်။

ဒီကောင်လေးက မော့ကျန်းသုန့်ကို တာအိုလက်တွဲဖော် ရှာပေးချင်နေသည်တဲ့လား။

တပည့်လုပ်သူက မော့ကျန်းသုန့်ထက်ပင် အမြင်ကျယ်နေသေးသည်။

ကျန်းလန်ကတော့ ခေါင်းကိုသာ တွင်တွင်ငုံ့ထားပြီး တွေးလည်းမတွေးတော့သလို စကားလည်း မပြောတော့ပေ။ ဧကရာဇ်ရှီးဟယ်ကလည်း နောက်ထပ် မည်သည့်မေးခွန်းကိုမှ မမေးတော့ပေ။

ဧကရာဇ်ရှီးဟယ်က…

"ကျုပ်သွားရဖို့ အချိန်နီးပြီ"

ထို့နောက် အပြီးတိုင်ထွက်ခွာမသွားခင် စကားတစ်ခွန်း ပြောလိုက်၏။

"မင်းဆရာအတွက် တာအိုလက်တွဲဖော်ရှာပေးချင်ရင် ပဉ္စမတောင်ထွတ်မှာ ရှာသင့်တယ်"

စကားသံ အဆုံးသတ်သွားသည်နှင့် ဧကရာဇ်ရှီးဟယ်ထွက်ခွာသွားပြီး အဋ္ဌမမင်းသား မြေပြင်ထက်သို့ ဝုန်းခနဲ လဲကျကာ သတိလစ်မေ့မျောသွားတော့သည်။

ကျန်းလန်သည် ဧကရာဇ်ရှီးဟယ် တကယ်ထွက်ခွာသွားပြီး သူ့တို့ကို စောင့်ကြည့်မနေတော့ကြောင်း သေချာစေရန် အချိန်အတန်ကြာ စောင့်ဆိုင်းနေခဲ့သည်။

နောက်ဆုံးတော့ ထိန်းမထားနိုင်တော့ဘဲ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူလျော် ဖြစ်လာသည်။

"ဝေါ့…"

ကျန်းလန် ပါးစပ်ထဲမှ သွေးများအန်ချလိုက်ပြီး အားနည်းဖျော့တော့စွာဖြင့် နေရာမှာပင် ထိုင်ချလိုက်သည်။

သူ့ခန္ဓာကိုယ်တွင်လည်း အက်ကွဲကြောင်းများ ပြန်လည်ထွက်ပေါ်လာပြီး ဒဏ်ရာများက ပေါက်ကွဲထွက်စ ပြုလာသည်။ ကျန်းလန် ချက်ချင်းပင် ဆေးလုံးများကို မျိုချလိုက်ပြီး ဒဏ်ရာများကို သက်သာစေလိုက်သည်။

သူက လုန်ယွိကို စည်းချကာ ကာကွယ်ပေးခဲ့သော်လည်း ယခုတော့ သူ့ကိုကာကွယ်ပေးရန် လုန်ယွိထံမှ အကူအညီယူရတော့မည် ဖြစ်သည်။ ထို့ကြောင့် လုန်ယွိကို ချပေးထားသည့် စည်းကို ပျက်ပြယ်စေလိုက်သည်။

ထို့နောက် မျက်လုံးများကို မှေးမှိတ်လိုက်ပြီး ဒဏ်ရာများကို စတင်ကုသလိုက်လေတော့သည်။

သူ၏သိစိတ်က ရုပ်ခန္ဓာ အနက်ရှိုင်းဆုံးသို့ နစ်ဝင်သွားပြီး ပတ်ဝန်းကျင်တွင် ဘာဖြစ်နေသည်ကို လုံး၀ အာရုံမခံနိုင်တော့ပေ။ သူရရှိထားသည့် ဒဏ်ရာများက ပြင်းထန်လွန်းပြီး အချိန်တစ်လျှောက်လုံး ရရှိခဲ့သမျှ ဒဏ်ရာများတွင် အပြင်းထန်ဆုံး ဒဏ်ရာဖြစ်သည်။

တစ်ချိန်တည်းမှာပင်…

လုန်ယွိ၏ပတ်ပတ်လည်တွင် ကျန်းလန် ချပေးသွားသည့်စည်းဝိုင်းက တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်။ လုန်ယွိက စည်းဝိုင်းနေရာမှ အပြင်သို့ လှမ်းထွက်လိုက်၏။

"ဂိုဏ်းတူမောင်လေး ချပေးသွားတဲ့စည်းဝိုင်းက ပျောက်ကွယ်သွားပါလား ၊ သူ တစ်ခုခု ဖြစ်နေလို့များလား"

သူမက အနက်ရောင်နဂါးကြီး ပျောက်ကွယ်သွားရာနေရာသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် လုန်မန် ရှိနေလေသည်။

လုန်ယွိ ထိုလမ်းကြောင်းအတိုင်း ဦးတည်ထွက်ခွာလာခဲ့သည်။ ထိုနေရာတွင် ကျန်းလန် ရှိကောင်း ရှိနေနိုင်သည် မဟုတ်ပါလား။

***

All Chapters