← Chapters

ကိုယ့်ဇနီး

Vol. 32 Ch. 436

ကိုယ့်ဇနီး

Vol. 32 Ch. 436

ကျိုးကျုန်းထျန်းက ဓားဝိညာဉ်ထုတ်လွှတ်လိုက်သည့် သူ့လက်ကို အသာပြန်လည်ရုတ်သိမ်းလိုက်ပြီး နဂါးဧကရီရန်ကျင်းကို လှမ်းကြည့်လိုက်သည်။

သူက နဂါးနက်ကို သတ်ဖြတ်ရန်ကြိုးစားခဲ့သော်လည်း ရန်ကျင်းက တားဆီးလိုက်သည့်အတွက် မအောင်မြင်ခဲ့ပေ။ နဂါးမျိုးနွယ်များက ခွန်လွန်တောင်နှင့် မဟာမိတ်ပြုထားကြသည်ဖြစ်လေရာ ရန်ကျင်းက နဂါးနက်ကို မတိုက်ခိုက်စေလိုလျှင် ကျိုးကျုန်းထျန်းအနေဖြင့် တိုက်ခိုက်ရန် မသင့်တော်ပေ။

ရန်ကျင်းက တည်ငြိမ်စွာဖြင့်…

"ကျွန်မတို့ နဂါးမျိုးနွယ်အချင်းချင်းကိစ္စမှာ ခွန်လွန်တောင်က ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပါဘူး"

မြောင်ယွဲ့က အရေးမစိုက်ဟန်ဖြင့်…

"ကြည့်ရတာ မင်းတို့နဂါးမျိုးနွယ်တွေက နတ်မိစ္ဆာတွေနဲ့တိုက်ခိုက်ပြီး အားနည်းနေလို့ နဂါးနက်တွေနဲ့ ပြဿနာ မဖြစ်ချင်တာထင်တယ်"

အမှန်တော့ နဂါးနက်သည်လည်း နဂါးမျိုးနွယ်ဝင်သာ ဖြစ်သည်။ ထို့ကြောင့် နဂါးမျိုးနွယ်များက နဂါးနက်ကို ကာကွယ်ပေးခြင်းသည် သဘာဝကျပေသည်။ အကယ်၍ နဂါးမျိုးနွယ်အချင်းချင်းကြား မလိုလားအပ်သည့် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပါက နောက်ဆက်တွဲအကျိုးဆက်ကို မည်သူမှ သိရှိနိုင်မည် မဟုတ်ပေ။

ထို့ပြင် နဂါးမျိုးနွယ်များ အကူအညီလိုအပ်လာသည့်တစ်နေ့တွင် နဂါးနက်များက အထောက်အကူကောင်း ဖြစ်လာနိုင်သည်။ ယခုဆိုလျှင် ကောင်းကင်နဂါးဓားသည်လည်း ပြန်လည်နိုးထလာခဲ့ပြီဖြစ်ရာ နဂါးအစစ်အမှန်များနှင့် နဂါးနက်များ တစ်ဖန်ပြန်လည် ပေါင်းစည်းခွင့် ရနိုင်သည်။

နဂါးဓားဝိညာဉ်သည် နဂါးနက်များနှင့် နဂါးအစစ်အမှန်များကြား တိုက်ပွဲတစ်ခုကို အသက်သွင်းနိုင်ခဲ့သည်။ ထိုဓားသိုင်းက နဂါးမျိုးနွယ်များကို မည်မျှ တန်ခိုးစွမ်းအား မြင့်မားလာစေမည်ကို မည်သူမှ မမှန်းဆနိုင်ကြပေ။

လုန်လီက…

"ဧကရာဇ်လွန်လင် ဘယ်သူလဲဆိုတာကိုသာ မင်းက ကျုပ်တို့ကို ပြောပြရမှာမဟုတ်ဘူးလား တောင်သခင်မမြောင်ယွဲ့"

မြောင်ယွဲ့က မည်သည့်စကားမှ မဆိုဘဲ တစ်ချက်ရယ်မောလိုက်သည်။ ဧကရာဇ်လွန်လင် မည်သူဖြစ်ကြောင်း သူမလည်း မသိရှိပေ။

ကျောက်ကလပ်ထက်ရှိ လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားကြပြီး မည်သူမှ မေးခွန်းထုတ်မနေကြတော့ပေ။  သူတို့အားလုံး ထိုအကြောင်းများကို မပြောချင်ကြတော့သလို မေးမြန်းနေခြင်းအားဖြင့် မည်သည့်ရလဒ်မှ ထွက်လာမည်မဟုတ်ကြောင်း သူတို့ သိရှိပြီးသား ဖြစ်သည်။ အားလုံးက မှန်းဆချက်များသာ ဖြစ်ပြီး နောက်ဆက်တွဲဖြစ်ရပ်များကို မည်သူမှ ခန့်မှန်းနိုင်ကြမည် မဟုတ်ပေ။

နဂါးမျိုးနွယ်များကတော့ ဧကရာဇ်လွန်လင်ထက်ဆာလျှင် ကောင်းကင်နဂါးဓားကို ခေါ်ထုတ်နိုင်သည့် နဂါးဓားသိုင်းတတ်ကျွမ်းသူကိုသာ ပိုပြီး အလေးထားသည်။

ထိုသူသည် နဂါးမျိုးနွယ်များ၏ အနာဂတ်ကို တိုက်ရိုက်သက်ရောက်မှုရှိမည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လေ၏။

***

လုန်ယွိက လုန်မန် ရှိနေသည့်နေရာသို့ သတိထားချဉ်းကပ်လာသည်။

ရန်သူ၏ထောင်ချောက်အတွင်း ကျရောက်ခြင်း မရှိစေရန် သူမက ပတ်ဝန်းကျင်ကိုလည်း သေသေချာချာ လေ့လာခဲ့သည်။ သို့သော် သူမ အနားသို့ ရောက်လာသည့်အခါ မြေပြင်ထက်လဲကျနေသည့် လုန်မန်ကို တွေ့လိုက်ရသည်။

သူမ လုန်မန်ကို စစ်ဆေးကြည့်လိုက်သည့်အခါ အသက်ရှူသံတည်ငြိမ်နေပြီး အသက်အန္တရယ်မရှိကြောင်း သိလိုက်သည်။ အဋ္ဌမမင်းသားနှင့် မနီးမဝေး မြေပြင်ထက်တွင်တော့ တင်ပျဉ်ခွေထိုင်နေသည့် ကျန်းလန်ကို တွေ့ရသည်။

သူ့ကိုကြည့်ရသည်မှာ ဒဏ်ရာအပြင်းအထန်ရရှိထားဟန်ရှိပြီး ဒဏ်ရာများကို ကုသနေခြင်း ဖြစ်ဟန်တူသည်။

လုန်ယွိ သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမ ကျန်းလန်ကို အနီးကပ် သေသေချာချာ လေ့လာကြည့်လိုက်ပြီးနောက် အခြေအနေ သိပ်မပြင်းထန်ကြောင်း ရိပ်မိလိုက်သည်။

ထို့နောက် သူမက အစီအရင်များကို စတင်ပြုလုပ်လိုက်၏။ တစ်ခုက ချီစွမ်းအားစုစည်းခြင်းအစီအရင်ဖြစ်ပြီး ထိုအစီအရင်က ကျန်းလန်၏ ဒဏ်ရာကို မြန်မြန် သက်သာလာစေနိုင်သည်။

နောက်တစ်ခုကတော့ ဝင်္ကပါအစီအရင် ဖြစ်သည်။ သူမက ဝင်္ကပါအစီအရင်ကို မကျွမ်းကျင်သော်လည်း ကျန်းလန် ပြုလုပ်သည်ကို မကြာခဏ တွေ့မြင်နေရသည့်အတွက် အနည်းငယ် ပြုလုပ်နိုင်နေခြင်း ဖြစ်၏။ သာမန်လူများနှင့်ယှဉ်လျှင်တော့ သူမက အနည်းငယ် သာလွန်နိုင်သည်။

အစီအရင်များအားလုံး ပြုလုပ်ပြီးစီးသွားသည့်အခါ သူမ ပတ်ဝန်းကျင်ကို သတိထားစောင့်ကြည့်ရင်း ကျန်းလန်နံဘေးတွင် ငြိမ်သက်စွာ ထိုင်နေလေသည်။

အဋ္ဌမမင်းသား အဘယ့်ကြောင့် သတိလစ်သွားသည်ကို သူမမသိပေ။ သို့သော် သူမ နာမည်တစ်ခု ကြားခဲ့ရသည်။

"ဧကရာဇ်လွန်လင်"

ရှောင်ယွိ ထိုနာမည်ကို တီးတိုးရေရွတ်လိုက်သည်။

ထိုနာမည်က မည်သည့်အရာကို ကိုယ်စားပြုမှန်း သူမ မသိရှိပေ။ သို့သော် ထိုပုဂ္ဂိုလ်သည် အလွန်တရာ တန်ခိုးစွမ်းအား မြင့်မားသူတစ်ယောက် ဖြစ်နိုင်သည်။

ထိုသူက ကျန်းလန်များလား။

မဖြစ်နိုင်ပေ။

ထိုသူ၏ တန်ခိုးစွမ်းအားက ကျန်းလန်ထက် ပိုမိုသာလွန်သည်ဟု သူမ ခံစားမိသည်။

"ဒါဆို ဂိုဏ်းတူမောင်လေး လုန်မန်ကို ပေးလိုက်တဲ့စာရွက်ထဲကနာမည် ဖြစ်နိုင်တယ်"

လုန်ယွိ မှန်းဆကြည့်လိုက်သည်။

သူမ ပတ်ဝန်းကျင်ကို လှည့်ပတ်ရှာဖွေသော်လည်း ထိုစာရွက်ကို မတွေ့ရတော့ပေ။ လုန်မန် သတိရလာမှသာ မေးမြန်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့နံနက်။

လုန်ယွိသည် နေရာမှာပင်ထိုင်ရင်း ကျန်းလန်ကို ကြည့်နေသည်။ ထို့နောက် သူမက ပတ်ဝန်းကျင်မှ သွေးကွက်များကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ကျန်းလန် အန်ချထားသည့် သွေးများဖြစ်၏။

ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူမ၏လက်ဖဝါးထက်တွင် မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ ထိုမီးတောက်က စစ်မှန်သည့် သမာဓိမီးတောက် ဖြစ်သည်။ မကြာခင်မှာပင် မီးတောက်များက မြေပြင်ထက်တွင် စွန်းထင်းနေသည့် သွေးကွက်များကို လောင်ကျွမ်းဖောျက်ဖျက်ပစ်လိုက်သည်။

ပြီးမှ လုန်ယွိက သူမလက်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ကျန်းလန်နံဘေး ငြိမ်သက်စွာ စောင့်ပေးနေလေတော့သည်။

ပတ်ဝန်းကျင်မှ ချီစွမ်းအားများသည် ကျန်းလန်ခန္ဓာကိုယ်ဆီသို့ အဆက်မပြတ် စုရုံးရောက်ရှိလာသည်။ ချီစွမ်းအားစုစည်းမှုအစီအရင်က အနည်းနဲ့အများ ထိရောက်မှုရှိသော်လည်း သူမသည် ထို့ထက်ပိုကောင်းအောင် အစီအရင်ကို မပြုပြင်တတ်တော့ပေ။

နေမွန်းတည့်ချိန်။

"အင်း… အင်း…"

အဋ္ဌမမင်းသား၏ ခန္ဓာကိုယ် တစ်ချက်လူးလွန့်သွားပြီး သတိရလာလုနီးပါး ဖြစ်လာသည်။ လုန်ယွိက လုန်မန်ကို အံ့အားသင့်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းလန်ကို လှည့်ကြည့်လိုက်သည်။

ကျန်းလန်၏ အခြေအနေကို လုန်မန် သိရှိသည်လား ၊ မသိရှိသည်လား မသေချာပေ။

သူမ ချက်ချင်း မတ်တတ်ထရပ်လိုက်ပြီး လုန်မန်အနားသို့ လျှောက်သွားကာ သစ်သားဓားဖြင့် ခေါင်းကိုရိုက်ရန် ဟန်ပြင်လိုက်သည်။

သို့သော် ဓားကိုင်ထားသည့် သူမ၏လက်က တစ်ချက်တုံ့ဆိုင်းသွားပြီးနောက် ခန္ဓာကိုယ်သေးငယ်သွားကာ ရှောင်ယွိအသွင် ကူးပြောင်းသွားသည်။

သူမက သတိရလာလုနီးပါး ဖြစ်နေသည့် လုန်မန်ကိုကြည့်ကာ ပြုံးလိုက်ရင်း…

"မောင်လေး ၊ မင်းရဲ့ယောက်ဖ နိုးလာတဲ့အထိ ခဏလောက် ဆက်အိပ်လိုက်ဦး"

ပြောပြီးသည်နှင့် သူမက လက်ထဲမှ သစ်သားဓားကို ဝှေ့ယမ်းကာ လုန်မန်၏ ခေါင်းအနောက်ဘက်ကို ရိုက်ချလိက်တော့သည်။

"ဘန်း"

သတိရလာတော့မည့် လုန်မန်ခမျာ ကြီးမားသည့် ထိုးနှက်ချက်တစ်ခုကို ခံလိုက်ရသည့်အလား ခန္ဓာကိုယ် တစ်ချက်တုန်ခါသွားပြီးနောက် မြေပြင်ထက် ဆန့်ဆန့်ကြီး ငြိမ်သက်သွားတော့၏။

သို့သော် သူ့အသက်ရှူသံကတော့ ပုံမှန်အတိုင်းပင် ဖြစ်သည်။

ရှောင်ယွိ စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီး သစ်သားဓားကိုကိုင်ထားရင်းဖြင့်ပင် လုန်မန်ကို ခဏမျှ စိုက်ကြည့်လိုက်သည်။ ပြီးမှ ကျန်းလန်ရှိရာသို့ ပြန်လျှောက်လာပြီး လုန်မန် သတိပြန်ရလာလျှင် ထပ်ပြီးရိုက်နှက်ရန် အသင့်ပြင်ထားလိုက်သည်။

နောက်တစ်နေ့။

အဋ္ဌမမင်းသား၏ ခန္ဓာကိုယ်က လူးလွန့်လာပြီး နိုးထလာရန် ရုန်းကန်လျှက် ရှိသည်။ သို့သော် ရှောင်ယွိ၏ သစ်သားဓားဖြင့် အရိုက်ခံလိုက်ရပြီး ပြန်လည်သတိလစ်သွားသည်။

ထိုသို့ဖြင့် အချိန် (၇)ရက်တိုင်တိုင် ကြာမြင့်ခဲ့သည်။

ယနေ့ ရှောင်ယွိက အဋ္ဌမမင်းသားကို သစ်သားဓားဖြင့် ရိုက်နှက်သည်မှာ (၇)ကြိမ် ပြည့်မည့်နေ့ ဖြစ်သည်။

"သစ်သားဓားက နည်းနည်း တန်ခိုးစွမ်းအား လျော့နည်းလာသလိုပဲ ၊ သိပ် အသုံးမဝင်တော့ဘူးထင်တယ်"

လက်ထဲမှ သစ်သားဓားကိုကြည့်ရင်း ရှောင်ယွိ ရေရွတ်လိုက်သည်။

လုန်မန်က အစစ်အမှန်အင်မော်တယ် အောင်မြင်သည့်အဆင့်ဖြစ်ပြီး သူမကတော့ လူသားအင်မော်တယ် နောက်ဆုံးအဆင့် ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့် ကွာခြားလွန်းသည်ဖြစ်ရာ တကယ်ဆိုလျှင် လုန်မန်ကို သတိလစ်အောင် သူမ ရိုက်နှက်နိုင်စွမ်း ရှိမည် မဟုတ်ပေ။

သို့သော် သူမက နဂါးသုတ်သင်ဓားဝိညာဉ်ပါရှိသည့် သစ်သားဓားကို အသုံးပြုခဲ့သောကြောင့် လုန်မန်ကို သတိလစ်အောင် ရိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုတော့ အကြိမ်ပေါင်းများစွာ အသုံးပြုလိုက်ရသဖြင့် သစ်သားဓားအတွင်းမှ ဓားဝိညာဉ် အားနည်းသွားပုံရသည်။

သို့ပေသိ နောက်ထပ် (၇)ရက်ခန့် လုန်မန်ကို ကောင်းကောင် ဆက်ရိုက်နိုင်သေးလေရာ ပြဿနာ မရှိလှပေ။ လုန်မန် အရိုက်ခံရမည့် အကြိမ်အရေအတွက်သည် ကျန်းလန် နိုးထလာမည့်အချိန်အပေါ်တွင် မူတည်သည်။

ရှောင်ယွိ အတွေးလွန်ရင်း ရင်တထိတ်ထိတ် ဖြစ်နေချိန် သူမဘေးနားမှ အသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။

"ဂိုဏ်းတူအစ်မ ၊ ဘာလုပ်နေတာလဲ"

"ဟင်…"

ရှောင်ယွိ လန့်သွားပြီး သူမလက်ထဲမှ သစ်သားဓားကို လွှင့်ပစ်လိုက်သည်။

ယခုမှ ကျင့်ကြံရာမှ နိုးထလာသော ကျန်းလန်မှာ သစ်သား လွင့်ပျံသွားသည်ကိုကြည့်ရင်း မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

အမလေး… သတိလစ်နေသည့် အဋ္ဌမမင်းသား၏ရင်ဝကို သွားစိုက်မှဖြင့်…။

သို့သော်…

"ဝှစ်…"

ရှောင်ယွိက သစ်သားဓားကို အလျှင်အမြန် ပြန်လည်ဖမ်းဆီးလိုက်သည်။ ထိုအခါမှ ကျန်းလန်လည်း စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်မိသည်။

အချိန်အတန်ကြာ ကျင့်ကြံခဲ့ပြီးနောက် သူရရှိထားသည့် ဒဏ်ရာကို တည်ငြိမ်အောင် ထိန်းလိုက်နိုင်ပြီ ဖြစ်သည်။ အပြီးတိုင် ပျောက်ကင်းသက်သာရန်ကတော့ အချိန်ထပ်မံ လိုအပ်ပေဦးမည်။

လောလောဆယ်တွင် သူ၏တန်ခိုးစွမ်းအားကို အပြည့်အ၀ အသုံးချရန် မလိုအပ်သေးရာ ဒဏ်ရာ မပျောက်ကင်းသေး၍လည်း ပြဿနာမရှိပေ။ ထို့ပြင် သူ့ဒဏ်ရာက တည်ငြိမ်နေပြီဖြစ်သောကြောင့် မည်သူမှ သတိထားမိတော့မည် မဟုတ်တော့ပေ။

သတိရလာလာချင်းမှာပင် အဋ္ဌမမင်းသားကို ခုတ်ထစ်ရန် သစ်သားဓားကိုကိုင်ကာ စောင့်နေသည့် ရှောင်ယွိကို တွေ့မြင်ရသည့်အတွက် ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။ ဤသည်က အလွန်အန္တရယ်များသည့် အနေအထားပင်။

ရှောင်ယွိက ကျန်းလန်အနားရောက်လာပြီး မျက်နှာကို အနီးကပ် သေသေချာချာ ကြည့်လိုက်သည်။

"ဂိုဏ်းတူမောင်လေး ၊ နေကောင်းသွားပြီလား ၊ အခု အချိန် (၇)ရက်တောင်ကြာနေပြီ သိလား ၊ နောက်ထပ် (၇)ရက်မှ နိုးမလာရင် ကျွန်မက ဂိုဏ်းတူမောင်လေးကို နှိုးရတော့မှာ"

ထို့နောက် သူမက ကျန်းလန် ဘေးနားတွင် ဝင်ထိုင်လိုက်သည်။

အချိန် (၇)ရက်။

ကျန်းလန် အံ့အားသင့်သွားသည်။

အဋ္ဌမမင်းသားက သတိမေ့နေဆဲဖြစ်လေရာ သူက နာရီပိုင်းမျှသောအချိန်လေးသာ ကုန်လွန်သွားသည်ဟု ထင်ခဲ့မိသည်။

ကျန်းလန်က…

"အဋ္ဌမမင်းသား သတိရမလာသေးဘူးလား"

ရှောင်ယွိက…

"သေချာပေါက် သတိရလာတာပေါ့"

ပြီးမှ ရှောင်ယွိက သူမမေးစေ့လေးကို လက်နှစ်ဖက်ပေါ်သို့ တင်လိုက်ပြီး ကျန်းလန်ကို ကြည့်လိုက်သည်။

"ဂိုဏ်းတူမောင်လေး ဒဏ်ရာရထားတာ လုန်မန် သိမှန်း မသိမှန်း မသိဘူးလေ ၊ အဲဒါကြောင့် သူ့ကို ဆက်အိပ်ခွင့်ပေးထားတာ ၊ ဂိုဏ်းတူမောင်လေးအကြောင်း သူများတွေသိသွားမှာ အဖြစ်မခံနိုင်ဘူးလေ ၊ ပြီးတော့ ကျွန်မ သူ့ခေါင်းကို ရိုက်တာကလည်း အရမ်းမပြင်းထန်ပါဘူး"

ကျန်းလန် တိတ်ဆိတ်ငြိမ်သက်သွားသည်။

တကယ်တော့ သူဒဏ်ရာရထားကြောင်း အဋ္ဌမမင်းသား သိရှိသွားလျှင်လည်း ပြဿနာ မရှိပေ။ လုန်မန်က သူနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမှ ဆက်စပ်တွေးတောနိုင်မည် မဟုတ်ပေ။ သို့ပေသိ မသိသည်ကတော့ ပိုကောင်းသည်သာပင်။

ကျန်းလန် ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်တော့ ဝင်္ကပါအစီအရင်နှင့် ချီစွမ်းအားစုစည်းခြင်း အစီအရင်များ ပြုလုပ်ထားကြောင်း သိလိုက်သည်။ ရှောင်ယွိ ပြုလုပ်ထားခြင်းပင် ဖြစ်ပေလိမ့်မည်။

အစီအရင်များက အတော်လေး ညံ့ဖျင်းလှသော်လည်း ကျန်းလန် ဝမ်းသာသွားမိသည်။

ကျန်းလန်က ရှောင်ယွိကို လှမ်းကြည့်ရင်း…

"ဂိုဏ်းတူအစ်မ ၊ ကိုယ့်ကို တစ်ခုခုမေးစရာများ ရှိလို့လား"

အဋ္ဌမမင်းသားက သတိလစ်နေဆဲ ဖြစ်သောကြောင့် သူတို့ (၂)ယောက် စကားပြောရ အဆင်ပြေလေသည်။

ရှောင်ယွိက လုန်ယွိအသွင်ပြောင်းလဲလိုက်ပြီး ကျန်းလန်ကိုကြည့်ကာ တိုးလျသည့် လေသံဖြင့် စကားဆိုသည်။

"ကျွန်မမှာ မေးစရာမေးခွန်း တစ်ခုပဲရှိတယ်"

ခဏနားပြီးမှ သူမက ဆက်ပြောသည်။

"ကျွန်မက ရှင့်အတွက် ဘာလဲ"

သူမက ကျန်းလန်အတွက် ဘာလဲ။

ထိုမေးခွန်းက ကျန်းလန်ကို အံ့အားသင့်သွားစေသော်လည်း သူက အဖြေပြန်ပေးလိုက်သည်။

"ဂိုဏ်းတူအစ်မက ကိုယ့်ဇနီးလေ…"

"ဟုတ်တယ်… အဲဒါကြောင့် ဘာမှ ကိစ္စမရှိဘူး ၊ အားလုံး ဒီအတိုင်းထားလိုက်တော့"

လုန်ယွိသည် ကျန်းလန်၏ ပခုံးထက်သို့ ခေါင်းလေးအသာမှီလိုက်သည်။

သူမ၏စကားသံက တည်ငြိမ်နေသည့်တိုင် ပျော်ရွှင်မှုများဖြင့် ပြည့်နက်လျှက် ရှိလေတော့၏။

***

All Chapters