မင်းယောက်ဖရိုက်တာ
Vol. 32 Ch. 437
နံနက်ခင်းအချိန်။
ကျန်းလန်က သစ်သားဓားလေးကို ရှောင်ယွိအား ပြန်ပေးလိုက်သည်။
ရက်အနည်းငယ်ကြာပြီးနောက် သူလည်း ဒဏ်ရာများ အပြည့်အ၀ ပြန်လည် သက်သာလာမည်ဖြစ်ရာ ပြဿနာကြီးကြီးမားမား ရှိမည် မဟုတ်ပေ။
ရှောင်ယွိက ကျန်းလန်ကို မည်သည့်မေးခွန်းမှ မမေးသော်လည်း နဂါးဓားသိုင်းအကြောင်းအလွန်သိချင်နေသည်ကို ကျန်းလန် ရိပ်မိလိုက်သည်။
သူက ရှောင်ယွိအပေါ် မည်သည့်အရာမှ ဖုံးကါယ်မထားဘဲ အကြောင်းစုံပြောပြလိုက်သည်။
ရှောင်ယွိက...
"ဒါဖြင့် နောက်ဆို အဲဒီဓားသိုင်းကို မသုံးလို့ မရဘူးလား"
ကျန်းလန်က...
"ဘာဖြစ်လို့လဲ ဂိုဏ်းတူအစ်မ"
"ဘာလို့လဲဆိုတော့ အဲဒီ နဂါးဓားဝိညာဉ်ထွက်ပေါ်လာတာနဲ့ ကျွန်မ တစ်ယောက်ယောက်ကို ထပြီး တိုက်ခိုက်ချင်လာတယ်"
နဂါဓားသိုင်းက နဂါးမျိနွယ်များ၏ တိုက်ခိုက်လိုစိတ်နှင့် တိုက်ခိုက်ရေး ဝိညာဉ်ကို မြှင့်တင်ပေးနိုင်ကြောင်း ကျန်းလန် ချက်ချင်း သဘောပေါက်သွားသည်။ သို့ဆိုလျှင် ထိုဓားသိုင်းကို သင်ယူခဲ့ခြင်း၏ အကျိုးဆက်များက အသေးအမွှားကိစ္စ မဖြစ်နိုင်ပေ။
နဂါးဘုရင်ာသ နဂါးဓားသိုင်းကို တတ်ကျွမ်းမည်ဆိုပါက နဂါးမျိုးနွယ်တစ်ခုလုံး၏ တိုက်ခိုက်မှုစွမ်းရည်သည် အဆမတန် မြင့်တက်လာမည် ဖြစ်သည်။
သို့ဆိုလျှင်...
ဤနဂါးဓားသိုင်းသည် အမှန်ကတယ်ပင် အထင်ကြီးစရာ ကောင်းလှသည်။
ထိုဓားသိုင်းက "မိုးနဲ့မြေကိုဖန်ဆင်းခြင်း" ခေါင်းစဉ်အောက်မှ ရရှိသည့် ပညာရပ်တစ်ခု မဟုတ်သော်လည်း မိုးနဲ့မြေမှ ထွက်ပေါ်လာသည့် သဘာဝဓားသိုင်းတစ်ခု ဖြစ်သည်မှာ ထင်ရှားသည်။
ထိုအချိန်...
"အင်း အင်း"
အဋ္ဌမမင်းသား မျက်လုံးများကို ဖွင့်နိုင်ရန် ရုန်းကန်လျှက် ရှိသည်။
နောက်ဆုံး မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ရှုတ်ယှက်ခတ်နေသည့် ပတ်ဝန်းကျင်ကို တွေ့မြင်လိုက်ရသည်။ ထို့နောက် မြေပြင်ထက်တွေ အေးအေးဆေးဆေးထိုင်နေသည့် ယောက်ဖနှင့် အစ်မဖြစ်သူကို တွေ့လိုက်ရသည်။
ရှောင်ယွိက သူ့ကို ပြုံးပြလိုက်၏။
လုန်မန် သူ့ခေါင်းအနောက်ဘက်မှ ပြင်းထန်သည့် နာကျင်မှုကို ခံစားလိုက်ရသည်။
"အ..."
သူက ခေါင်းအနောက်ဘက်ကို လက်ဖြင့်ပွတ်ရင်း မြေပြင်ထက်မှ လူးလဲထလိုက်သည်။
ကျန်းလန် : "......"
ရှောင်ယွိ : "......"
အပြစ်ရှိသလိုဖြင့် ခေါင်းကိုတစ်ဖက်လှည့်သွားသော ရှောင်ယွိကို ကျန်းလန် လှမ်းကြည့်လိုက်သည်။
အချိန်အတန်ကြာပြီးနောက် အဋ္ဌမင်းသားထံမှ စိတ်ဆိုးမာန်ဆိုးဖြင့် စကားသံထွက်ပေါ်လာသည်။
"အစ်မ ၊ ယောက်ဖ ၊ ကျုပ် သတိလစ်နေတုန်း ခေါင်းကို တစ်ယောက်ယောက်က ရိုက်ထားတာလား"
ရှောင်ယွိက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီး မသိချင်ယောက်ဆောင်နေသည်။
ကျန်းလန်ကလည်း ရှောင်ယွိ ကြည့်ရာနေရာသို့ လိုက်ကြည့်လိုက်၏။
လသာသည့် ရှုခင်းလည်း မဟုတ်ပါဘဲ ၊ ခြစ်ခြစ်တောက်ပူပြင်းသည့်နေမင်းကို ရှောင်ယွိ အဘယ့်ကြောင့် မော့ကြည့်နေရပါသနည်းဟု ကျန်းလန်တွေးလိုက်သည်။
နေရောင်ကို ပြူးကြည့်နေသည်မှာ သူမ မျက်လုံး မစူးဘူးလား။ သို့မဟုတ် နဂါးများ၏မျက်လုံးများက ထူးခြားစွာ နေရောင်ကို ကြည့်ရှုနိုင်စွမ်း ရှိသည်လား။
ရှောင်ယွိ အမူအရာကို တွေ့သည်နှင့် အဋ္ဌမမင်းသားက သူမကို သံသယဖြင့် ကြည့်လိုက်သည်။
"ကျွန်တော့်ကို ရိုက်တာ အစ်မလား"
ရှောင်ယွိက ကျန်းလန်ကို ချက်ချင်းပင် လက်ညှိုးထိုးပြလိုက်ပြီး...
"မင်းရဲ့ ယောက်ဖရိုက်တာ အစ်မကိုယ်တိုင်မြင်တယ် သိလား"
ကျန်းလန် : "......"
အဋ္ဌမမင်းသား : "......"
သူ အချိန် (၈)ရက်လောက် သတိမေ့နေရသည်ကို အဋ္ဌမင်းသား သဘောပေါက်သွားသည်။
သူ့အစ်မက ရက်စက်လွန်းလှသည်။
သို့ပေသိ သူက ထိုအကြောင်းကို စိတ်ထဲမှထားဘဲ ဧကရာဇ်ရှီးဟယ်ကိုသာ စိတ်ဝင်စားနေသည်။ ယောက်ဖကို မေးကြည့်ရန်ကလည်း မသင့်တော်ပေ။
ဘေးနားတွင် အစ်မဖြစ်သူလည်း ရှိနေလေရာ လူအနည်းငယ်သာ သိရှိသည့် ထိုနာမည်ကို ထုတ်ဖော်ပြော၍ မဖြစ်ပေ။
ဧကရာဇ်ရှီးဟယ် သူ့ခန္ဓာကိုယ်ကို အသုံးချပြီးနောက် ဉာဏ်အလင်းများစွာာပွင့်သွားပြီး အဆင့်တက်ရန်လည်း ပိုမိုလွယ်ကူသွားသည်ဟု လုန်မန်ခံစားရသည်။
နဂါးမျိုးနွယ်များမှ အခြားသော မွေးရာပါအင်မော်တယ်များနှင့် ယှဉ်ကြည့်မည်ဆိုလျှင် သူက ကျင့်ကြံခြင်းအဆင့် များစွာလျှင်မြန်သည် ခွန်လွန်တောင်တွင် နေထိုင်ခြင်းက ပင်လယ်လေးခုမှ နဂါးမျိုးနွယ်များအားလုံးထက် ကျင့်ကြံခြင်းအဆင့်တက်ခြင်း ပိုမိုလျှင်မြန်နေခဲ့သည်။
ဤသည်က အကြောာင်းတစ်ခုခု ရှိရမည်ဖြစ်သော်လည်း ဘာအကြေင်းမှန်း သူ မသိရှိသလို မည်သူမှလည်း သူ့ကို ပြောမပြကြပေ။
နဂါးဓားကို တတ်ကျွမ်းသူ မည်သူဖြစ်ကြောင်း သိချင်သော်လည်း ထိုကိစ္စက သူနှင့် အလှမ်းဝေးလွန်းသည်။ အချိန်ရမှ မိခင်ဖြစ်သူကို မေးကြည့်သင့်သည်။
လောလောဆယ်မှာတော့ တခြားဘာမှ ထွေထွေထူးထူး စဉ်းစားစရာ မရှိပေ။
ယခု ကျွန်းပေါ်တွင် အန္တရယ် မရှိတော့လေရာ ဘိုးဘေးနဂါးပေးအပ်သည့် ကောင်းချီးလက်ဆောင်ကို အေးဆေးစွာ ရယူနိုင်တော့မည် ဖြစ်သည်။
ရှောင်ယွိက လုန်ယွိအသွင် ပြောင်းလဲလိုက်ပြီး ကျွန်းတစ်ခုလုံးကို လွှမ်းခြုံထားသည့် နဂါးရောင်ဝါမှထွက်ပေါ်လာသည့် ဘိုးဘေးနဂါး၏ ကောင်းချီးလက်ဆောင်ကို စတင်စုပ်ယူ ကျင့်ကြံလိုက်သည်။
ကျန်းလန်က ရှောင်ယွိလုပ်ထားသည့် အစီအရင်များကို ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်လိုက်သည်။ ယခုဆိုလျှင် သူတို့ရှိရာနေရာသို့ အခြားလူများ ရောက်လာနိုင်ကြတော့မည် မဟုတ်ပေ။
ကျန်းလန် မည်သည့်အကြောင်းအရာကိုမှ မစဉ်းစားတော့ပေ။ နဂါးနက်များနှင့်ပတ်သက်သည့် ကိစ္စကိုလည်း သူ ရှင်းရှင်းလင်းလင်း မသိသေးပေ။
တာ့လော်အင်မော်တယ်အဆင့် နဂါးနက်ဘုရင်ကို သတ်ဖြတ်ပြီးဖြစ်လေရာ သူ့အနေဖြင့် ထပ်မံတိုက်ခိုက်စရာ အကြောင်းမရှိတော့ပေ။
ထို့ပြင် တာအိုအင်မော်တယ်အဆင့် နဂါးနက်ကိုလည်း ဧကရာဇ်ရှီးဟယ်က နှိမ်နင်းလိုက်ပြီဖြစ်ရာ ရန်သူ့ဘက်မှ အရှုံးကြီး ရှုံးနိမ့်သွားပြီဟု ဆိုနိုင်သည်။ ဆက်ပြီးတိုက်ခိုက်မည်ဆိုလျှင် နဂါးနက်များ မျိုးပြုတ်သွားဖွယ်ရာသာ ရှိ၏။
ကျန်းလန် အတွေးများကို ရပ်တန့်လိုက်ပြီး နဂါးနက်နှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲကို ပြန်လည် သုံးသပ်လိုက်သည်။ ဖြစ်ပျက်ခဲ့သည်များကို ခွဲခြမ်းစိတ်ဖြာပြီး အတွေ့အကြုံရယူရန် လိုအပ်သည်။
"တာ့လော်အင်မော်တယ် နောက်ဆုံးအဆင့်က အတော်လေး ကြောက်စရာကောင်းတာပဲ"
"ဒီလိုပုဂ္ဂိုလ်တစ်ယောက်ကို နဂါးဓားသိုင်းနဲ့ သတ်ဖြတ်လို့ မရနိုင်ဘူး ၊ ဒါပေမဲ့ နဂါးသုတ်သင်ဓားသိုင်းနဲ့ အန္တရယ်ကိုးသွယ်စွမ်းအားကတော့ သတ်ဖြတ်နိုင်မယ်ထင်တယ်"
"တစ်ချက်တည်းနဲ့ သတ်ဖြတ်ဖို့ကတော့ မလွယ်လောက်ဘူး ၊ နဂါးသုတ်သင်ဓားသိုင်းရဲ့ တိကျတဲ့ သက်ရောက်မှုကို ခန့်မှန်းနိုင်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး"
ကျန်းလန် တွေးလိုက်သည်။
အင်မော်တယ်များကြားမှ တိုက်ပွဲများက အလွန်ပင် ကြီးမားပြင်းထန်လွန်းသည်။
အန္တရယ်ကိုးသွယ်စွမ်းအားသည်ပင် ရန်သူကို တစ်ချက်တည်းဖြင့် သတ်ဖြတ်မပစ်နိုင်လျှင် အနာဂတ်တွင် ကျန်းလန်အတွက် ကြီးမားသည့် ပြဿနာ ဖြစ်လာနိုင်သည်။
"ငါက တန်ခိုးစွမ်းအား လုံလောက်အောင် မမြင့်မားသေးဘူး ၊ ငါသာ တာ့လော်အင်မော်တယ် ၊ အလယ်ဆင့်လောက်ဆိုရင် အဲဒီနဂါးနက်ကို သတ်ရတာ ပိုပြီးလွယ်ကူမှာပဲ"
"ဒါပေမဲ့ ဒီတစ်ခေါက် နဂါးဓားသိုင်း (၃)ကွက်ကို အသုံးပြုလိုက်တာကလည်း တစ်ဖက်လူရဲ့ အကြံအစည်တွေကို ပျက်စီးသွားစေရုံတင်မကဘူး ငါ့ရဲ့ ဖြစ်တည်မှုကိုလည်း အပြည့်အ၀ ဖုံးကွယ်ထားနိုင်ခဲ့တယ်"
"ဒီတော့ ငါ့ လုပ်ဆောင်ချက် ကျရှုံးတယ်လို့ မပြောနိုင်ဘူး ၊ ဒါပေမဲ့ တာအိုအင်မော်တယ်အဆင့် နဂါးနက်တစ်ကောင် ရုတ်တရက်ပေါ်လာတာကတော့ ငါလုံး၀ မျှော်လင့်မထားတဲ့အချက်ပဲ"
ဟုတ်ပေ၏။
တာအိုအင်မော်တယ်အဆင့် နဂါးတစ်ကောင်ထွက်ပေါ်လာမည်ဟု သူ ဘယ်တုန်းကမှ တွေးမထားခဲ့ပေ။
ပျက်သုဉ်းတစ်စပြင်လောကကြီးသည် ခွန်လွန်တောင် မဟုတ်ပေ။ ခွန်လွန်တေင်တွင်ဆိုလျှင် မည်မျှတန်ခိုးစွမ်းအားမြင့်မားသည့် ရန်သူကို ရင်ဆိုင်ရပါစေ သူ့အတွက် စိုးရိမ်စရာ မရှိပေ။
အမှန်တော့ သူ ရှင်းလင်းသုတ်သင်ခဲ့သည့် တာ့လော်အင်မော်တယ်အဆင့် နဂါးဘုရင်က အသလွတ်အသေခံသွားခဲ့ခြင်း မဟုတ်ပေ။
သူက တာအိုအင်မော်တယ် နဂါးနက်ကို တိတ်တဆိတ်သတင်းပို့ခဲ့ခြင်း ဖြစ်ဟန်တူသည်။ တာအိုအင်မော်တယ်နဂါးနက်ကလည်း တာ့လော်အင်မော်တယ်နဂါးနက် နှိမ်နင်းခံရသည်အထိ အခြေအနေကို စောင့်နေပြီးမှ ကျန်းလန်ဒဏ်ရာရနေချိန် အခွင့်အရေးကိုလက်လွှတ်မခံဘဲတိုက်ခိုက်ခြင်း ဖြစ်သည်။
ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် အမှောင်ထဲမှတိုက်ခိုက်ရန် စောင့်နေကြသည့် ရန်သူများစွာ ရှိသည်။ ထိုအချက်က ကျန်းလန်ကို အန္တရယ် ကျရောက်စေနိုင်သည်။
"ခွန်လွန်တောင်က ထွက်လာပြီး ပျက်သုဉ်းတစ်စပြင်လောကကြီးကိုရောက်တော့မှ ဘယ်ကိစ္စမဆို ပိုပြီးသတိထားသင့်တယ်ဆိုတာ သိလာရတယ်"
"နောက်ဆို အပြင်ထွက်စရာကိစ္စမရှိတော့ရင် ငါ နဝမတောင်ထွတ်မှာပဲကျင့်ကြံနေသင့်တယ်"
ကျန်းလန် တွေးလိုက်သည်။
ထို့နောက် ကျန်းလန်လည်း ဘိုးဘေးနဂါးပေးအပ်သည့် ကောင်းချီးလက်ဆောင်ကို စုပ်ယူကျင့်ကြံရန် မျက်လုံးများကို မှိတ်လိုက်သည်။ ဒဏ်ရာသက်သာလာစေရန်လည်း ဆက်လက်ကျင့်ကြံရဦးမည် ဖြစ်၏။
နဂါးငိုကျွန်းတွင် နောက်ထပ် (၆) ရက် ၊ (၇)ရက်ခန့် နေကြရဦးမည် ဖြစ်သည်။ ထို့နောက် ခွန်လွန်တောင်သို့ ပြန်ကြရမည်။
နဂါးမျိုးနွယ်များထံလာရောက်လည်ပတ်သည့် ခရီးစဉ်က ပြီးဆုံးတော့မည်ဖြစ်ပြီး ဆရာဒေါ်လေးမြောင်ယွဲ့နှင့် ဆရာဦးလေးကျိုးကျုန်းထျန်းတို့သည်လည်း ပြန်ရန် အလျင်လိုနေမည်လား မဆိုနိုင်ပေ။
(၁၄)ရက်ဆိုသောအချိန်က လျှင်မြန်စွာပင်ကုန်ဆုံးသွားသည်။
ကျန်းလန်၏ဒဏ်ရာများလည်း အပြည့်အ၀ ပြန်လည်ကောင်းမွန်သွားပြီ ဖြစ်သည်။
လုန်မန်နှင့်လုန်ယွိတို့မှာလည်း ဘိုးဘေးနဂါးပေးအပ်သည့် ကောင်းချီးလက်ဆောင်ကို အပြည့်အ၀ ရရှိခဲ့ကြသည်။
အဋ္ဌမမင်းသားက မတ်တတ်ထရပ်လိုက်ရင်း...
"ဒီကောင်းချီးလက်ဆောင်က လူသားအင်မော်တယ်တွေအတွက်ပိုပြီးသင့်တော်တယ်ထင်တယ် ၊ အစစ်အမှန်အင်မော်တယ်တွေအတွက်တော့ သိပ်အသုံးမဝင်ပါဘူး"
သူက ပျင်းကြောတစ်ချက်ဆန့်ရင်း ခေါင်းအနောက်ဘက်ကို တစ်ချက်ပွတ်လိုက်သည်။
သူက လုန်ယွိကို လှမ်းကြည့်လိုက်ရင်း...
"အစ်မ ၊ အနာဂတ်မှာ ကျွန်တော့်ဦးနှောက် ကောင်းကောင်းအလုပ်မလုပ်တော့ရင် အစ်မပဲ ကျွန်တော့ကို တာဝန်ယူရမှာနော်"
ရှောင်ယွိက...
"ငါက တာဝန်ယူရမယ် ၊ ဘာဖြစ်လို့လဲ ၊ ဦးနှောက်မကောင်းတော့ရင် မိန်းမ မရနိုင်တော့လို့လား ၊ ဒါဆိုရင် ငါ ရှာပေးပါ့မယ်ဟာ"
အဋ္ဌမမင်းသား : "……"
သေရည်ဆိုင်မှ ကောင်ငယ်လေးကို လုန်မန် သတိရလိုက်မိသည်။
ဇာမဏီကောင်မလေး၏အချစ်ကိုရရှိရန် အသဲအသန်ကြိုးစားနေသည့် ထိုကောင်ငယ်လေးသည် အတော်လေးအသုံးမကျဟု သူ ခံစားရသည်။
ကိုယ်နှင့် မျိုးနွယ်မတူသည် အခြားမျိုးနွယ်တစ်ယောက်ကို သဘောကျရပါမည်လား။ ထိုအချက်က ပိုပြီးအသုံးမကျဟု သူ ခံစားရသည်။
လူသားတွေကတော့ မျိုးနွယ်မတူလည်း အဘယ့်ကြောင့် ချစ်ကျွမ်းဝင်ကြပါသနည်း။
အဋ္ဌမမင်းသားက အလေးအနက်လေသံဖြင့်...
"အစ်မ ၊ အစ်မနဲ့ ယောက်ဖလိုမျိုး ပြီးပြည့်စုံပြီး ပျော်ရွှင်တဲ့ဘဝနဲ့ အတူတူ ရွှေလက်တွဲခွင့်ရဖို့ဆိုတာ လူတိုင်းအတွက်တော့ မလွယ်ကူဘူးလေ…"
"လောကကြီးမှ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွဗဆိုတာ မတူညီတဲ့ မျိုးနွယ်စုတွေရဲ့ အမြင်ကွဲပြားခြင်းတွေက အစပြုတာပဲ ၊ အထူးသဖြင့် မတူညီတဲ့ မျိုးနွယ်စုတွေအတွက် စိတ်ခံစားမှုနဲ့ အတွေးအခေါ်တွေ ပေါင်းစည်းနိုင်ဖို့ဆိုတာ ခက်ခဲလွန်းတယ်"
"တစ်ဖက်သားအပေါ် ကောင်းကောင်းဆက်ဆံမယ်ဆိုရင် အရာအားလုံးအဆင်ပြေမယ်လို့ လူသားတွေက ယူဆကြတယ် ၊ ဒါပေမဲ့ ဇာမဏီမျိုးနွယ်တွေကတော့ တစ်ဖက်သားကို နင်းတက်သွားတာ ပိုကောင်းတယ်လို့ ယူဆကြတယ်"
"ချီလင်ကောင်မလေးဆိုရင်လည်း ကြည့်ဦးလေ ၊ လူတွေက သူ စကားပြောလိုက်တာနဲ့ကို ရိုက်နှက်ပစ်ချင်ကြတော့တာပဲ ၊ ဆိုတော့ မျိုးနွယ်စုတွေကြားက မတူညီမှုတွေက အရမ်းကြီးမားပြီး ရှုတ်ထွေးလွန်းတယ်"
"ကျွန်တော့်ယူဆတာကတော့ လောကမှာ တန်ခိုးစွမ်းအားမြင့်မားအောင် ကြိုးစားတာက အကောင်းဆုံးပါပဲ ၊ ဘယ်သူ့ကိုမဆို သူတို့လည်ပင်းကိုသာ လှံနဲ့ထောက်ထားနိုင်ရင် ပြဿနာအတော်များများ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်"
ကျန်းလန်က အဋ္ဌမမင်းသားကို စိုက်ကြည့်နေပြီး မည်သည့်စကားမှ မဆိုခဲ့ပေ။
အဋ္ဌမမင်းသား ပြောသည့်စကားများက မှားသည်လား ၊ မှန်သည်လား ကျန်းလန် မသိရှိပေ။
ဇာမဏီမျိုးနွယ်များနှင့် ချီလင်မျိုးနွယ်များနှင့်ပတ်သက်ပြီး ကျန်းလန် မသိရှိပေ။ထို့ပြင် သူက နဂါးမျိုးနွယ်များအကြောင်းလည်း သိပ်မသိပေ။
သူ သိရှိသည်က လုန်ယွိတစ်ယောက်သာဖြစ်ပြီး နဂါးမျိုးနွယ်များကို မဟုတ်ပေ။
သေရည်ဆိုင်မှ ကောင်ငယ်လေးကတော့ ဇာမဏီကောင်မလေးကို အနိုင်ယူနိုင်မည် မဟုတ်သေးပေ။
လူတစ်ယောက်ကို အတင်းအကျပ် ဦးညွှတ်လာစေရန်မှာ အချိန်တစ်ခုတော့ ယူရမည် ဖြစ်သည်။ ထိုသို့ပြုလုပ်နိုင်ရန်အတွက်မှာလည်း တန်ခိုးစွမ်းအား မြင့်မားနေမှ ဖြစ်ပေလိမ့်မည်။
ကောင်ငယ်လေးက သေချာပေါက် တန်ခိုးစွမ်းအား မြင့်မားခြင်း မရှိသေးပေ။
ရှောင်ယွိကတော့ လုန်မန်ပထမဆုံးပြောသည့် -
"အစ်မ ၊ အစ်မနဲ့ ယောက်ဖလိုမျိုး ပြီးပြည့်စုံပြီး ပျော်ရွှင်တဲ့ဘဝနဲ့ အတူတူ ရွှေလက်တွဲခွင့်ရဖို့ဆိုတာ လူတိုင်းအတွက်တော့ မလွယ်ကူဘူးလေ…"
ဆိုသည့်စကားကိုသာ ကြားလိုက်မိပြီး ကျန်သည့်စကားများကို မကြားတော့ပေ။
သို့သော် သူမက ဒီအတိုင်းပင် ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေ၏။
မည်သို့ပင်ဖြစ်စေ လုန်မန်၏ အနာဂတ်ဇနီးလောင်းကို ရွေးချယ်ပေးမည်သူ့မှ သူတို့၏မိခင်သာဖြစ်ပြီး သူမက ဆုံးဖြတ်ပေးနိုင်မည် မဟုတ်ပေ။
***