ကောင်းကင်နဂါးဓားပိုင်ရှင်
Vol. 32 Ch. 438
(၁၅)ရက်မြောက်နေ့။
ဘိုးဘေးနဂါး၏ ကောင်းချီးလက်ဆောင်ကို အပြည့်အ၀ ရရှိခဲ့ပြီးဖြစ်လေရာ ကျန်းလန်တို့အုပ်စုလည်း နေရာမှ ထွက်ခွာလာခဲ့ကြသည်။
အခြားအုပ်စုမှလူများနှင့် ဆုံပြီးလျှင် ယနေ့ မွန်းတည့်အချိန်လောက်၌ နဂါးငိုကျွန်းမှ ပြန်လည်ထွက်ခွာကြရမည် ဖြစ်၏။ ပြီးလျှင်တော့ ခွန်လွန်တောင်သို့ ပြန်ကြရပေမည်။
"ငါတို့ ပြန်ကြရတော့မယ်"
လုန်ယွိက တိုးလျသည့်လေသံဖြင့် ပြောလိုက်သည်။
သူမက လုန်ယွိအသွင်နှင့် ဖြစ်လေရာ အမူအရာက တည်ငြိမ်အေးစက်ပြီး မျက်နှာထက်တွင် အပြုံးရိပ်တစ်စက်ပင် ထင်ဟပ်ခြင်း မရှိပေ။ သို့သော် ကျန်းလန်အနားတွင် ရှိနေသည့် အချိန်မှာတော့ သူမ မျက်ဝန်းများထဲတွင် အေးစက်မှုများကို မတွေ့မြင်ရပေ။
အဋ္ဌမမင်းသားက...
"ကောင်းချီးလက်ဆောင် ပေးအပ်ပွဲက ပြီးသွားပြီ ၊ နောက်ထပ် ရက်နည်းနည်းလောက်နေပြီးရင် ပြန်ကြရတော့မယ်ထင်တယ်"
ခွန်လွန်တောင်သို့ ပြန်ရမည်ကို လုန်မန် တွန့်ဆုတ်မနေခဲ့ပေ။
သူ့အတွက် နဂါးနန်းတော်တွင် စိတ်ဝင်စားစရာ ဘာမှမရှိပေ။ ခွန်လွန်တောင်တွင် တောကောင်များကိုကင်ပြီး ရောင်းစားရသည်ကမှ ပိုပြီးစိတ်ဝင်စားစရာကောင်းသေးသည်။
သူက နဂါးမျိုးနွယ်များ၏ အဋ္ဌမမင်းသားဖြစ်လေရာ သူ၏အဆင့်အတန်းက အလွန်မြင့်မားသည်။ နဂါးမင်းနှင့် နဂါးဧကရီမှလွဲပြီး နန်းတော်တွင် သူ့အမိန့်ကို မည်သူမှ မငြင်းဆန်ဝံ့ကြပေ။
သို့သော် နဂါနန်းတော်က အလွန်တိတ်ဆိတ်ငြိမ်ပြီး အသက်ဝင်ခြင်း မရှိပေ။
နဂါးများကတော့ အသားကျနေပြီ ဖြစ်သော်လည်း ငယ်ရွယ်သည့် အဋ္ဌမမင်းသားကတော့ ထိုအခြေအနေမျိုးဖြင့် မနေထိုင်လိုပေ။ သူက ငယ်ရွယ်သူတစ်ယောက်ဖြစ်ပြီး ခွန်လွန်တောင်တွင်တော့ သူ သွားချင်သည့်နေရာများကို လွတ်လွတ်လပ်လပ် သွားခွင့်ရှိသည်။
အခြားသူများနှင့် စကားပြောသည့်အခါတွင်လည်း ဣန္ဒေသြိက္ခာတစ်ခွဲသားဖြင့် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားစရာ မလိုပေ။ ခွန်လွန်တောင်တွင် စည်းကမ်းသတ်မှတ်ချက်များလည်း များများစားစား မရှိပေ။
သေရည်ဆိုင်သို့လာသည့် ဧည့်သည်အချို့ကတော့ သူ့အတွက် စိတ်မကောင်းဖြစ်ကြသည်။ နဂါးနန်းတော်တွင် တည်ငြိမ်သည့်ဘဝတစ်ခုဖြင့် နေထိုင်ရခြင်းက ခွန်လွန်တောင်တွင် အကျယ်ချုပ်နေထိုင်ရခြင်းထက် ပိုမိုကောင်းမွန်သည်ဟု သူတို့က တွေးထင်ကြသည်။
သူတို့အတွေးများကို လုန်မန် မဝဖေန်လိုပေ။
သို့သော်…
သူ မည်သည့်နေရာတွင် နေထိုင်လိုကြောင်း သူက တကယ်တမ်း ရွေးချယ်ပိုင်ခွင့်ရှိသူ မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ခွန်လွန်တောင်တွင် ယောက်ဖနှင့် အစ်မက သူ့ကို ကာကွယ်ပေးထားသည့်အတွက် ပြဿနာမရှိလှပေ။
သေရည်ဆိုင်တွင်လည်း ဆိုင်ရှင်အဘိုးက သူ့ကို စောင့်ရှောက်ပေးသည့်အတွက် ဘေးကင်းလေသည်။ ထို့ပြင် အပြင်ထွက်လျှင်လည်း အန္တရယ်ကင်းစေရန် ကောင်ငယ်လေးကိုအတူခေါ်သွား၍ရသေးသည်။
ကျန်းလန်က လုန်ယွိမျက်နှာလေးကို ငုံံ့ကြည့်ရင်း စကားမဆိုဘဲ တိတ်ဆိတ်နေသည်။
မည်သည့်အချိန်မှ နဂါးနန်းတော်သို့နောက်တစ်ကြိမ် ပြန်လာရမည်ကို သူ မသိရှိပေ။ အနာဂတ်တွင် နောက်ထပ် အခွင့်အရေး ရှိပါဦးမည်လားဆိုသည်ပင် ပြောရခက်သည်။ နောက်တစ်ကြိမ် အခွင့်အရေး ရခဲ့လျှင်တောင်မှ လုန်ယွိ၏မိခင် သက်ရှိထင်ရှား ရှိနေပါဦးမည်လား မသေချာပေ။
သို့ပေသိ ယခုတစ်ခေါက် နဂါးနန်းတော်သို့လာရောက်သည့် ခရီးစဉ်က လုန်ယွိအတွက် အမှတ်ရစရာ ဘာမှမကျန်ရစ်ခဲ့ပေ။
သူမ၏မိခင်ဖြစ်သူကလည်း သူမထံ တစ်ခါမှ လာရောက်လည်ပတ်ခြင်း မရှိခဲ့ပေ။ နဂါးနန်းတော်သည် ရှောင်ယွိ၏ အိမ်ဖြစ်သော်လည်း သူမနှင့် ဘာမှမသက်ဆိုင်သည့် နေရာတစ်ခုအလားပင် ဖြစ်သည်။
နဂါးဧကရီက မည်မျှသွေးကြီးပြီး ဘဝင်ကိုင်သူ ဖြစ်ပါစေ သမီးဖြစ်သူကိုတော့ ထိုသို့ မဆက်ဆံသင့်ပေ။ သူမသာ လုန်ယွိနှင့်ဆက်ဆံရေးကောင်းမွန်အောင် နေထိုင်မည်ဆိုလျှင် နောက်တစ်ကြိမ် အဋ္ဌမမင်းသား နဂါးနန်းတော် ပြန်ရန်ပင် အခွင့်အရေး ရရှိနိုင်သည်။
လူသားများ၏စိတ်ထားများ ရှုတ်ထွေးကြသလို နဂါးများသည်လည်း အတူတူပင်ဖြစ်သည်ဟု ကျန်းလန် တွေးလိုက်မိ၏။
အချိန်ခဏမျှကြာပြီးနောက် ကျန်းလန်တို့အုပ်စုနှင့် လုကျန်းတို့အုပ်စု ဆုံမိကြသည်။
သူတို့အုပ်စုသည်လည်း ထိခိုက်ဒဏ်ရာရထားခြင်း မရှိပေ။ သို့သော် အန္တရယ်ကင်းရန် ပင်လယ်အောက်ဆင်းပုန်းကြသည့် လင်အန်း ၊ ပေဖန်း ၊ ကျင်းထင်နှင့် ကျိကျန်တို့မှာတော့ တစ်ကိုယ်လုံး ရေများစိုရွှဲလျှက် ရှိကြသည်။
မွန်းတည့်ချိန်။
နဂါးငိုကျွန်းကို ဖုံးလွမ်းထားသည့် နဂါးအရိပ်နှင် နဂါးရောင်ဝါ ပျောက်ကွယ်သွားသည်ကို အားလုံး တွေ့မြင်လိုက်ကြရသည်။
ထို့နောက် ကောင်းကင်ထက်မှ လူရိပ် (၂)ခု ကျွန်းပေါ်သို့ ဆင်းသက်လာသည်။ မြောင်ယွဲ့နှင့် ကျိုးကျုန်းထျန်းပင် ဖြစ်၏။
မြောင်ယွဲ့က ခွန်လွန်တပည့်များကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း...
"ပြဿနာမရှိတော့ဘူး ၊ အားလုံးပြီးသွားပြီ ၊ မင်းတို့အားလုံးလည်း ဘိုးဘေးနဂါးရဲ့ ကောင်းချီးလက်ဆောင်တွေရရှိပြီးပြီ မဟုတ်လား"
တပည့်အားလုံးက ခေါင်းညိတ်အဖြေပေးလိုက်ကြသည်။
ထို့နောက် မြောင်ယွဲ့က ကျန်းလန်ကို အဓိပ္ပါယ်ပါပါဖြင့် တစ်ချက်လှမ်းကြည့်လိုက်သည်။
ကျန်းလန် သဘောပေါက်သွားသည်။
ဧကရာဇ်လွန်လင်က နဂါးနက်ကို နှိမ်နင်းလိုက်ကြောင်း တောင်သခင် (၂)ယောက် သိရှိထားကြသည်။ သူမက ကျန်းလန်ထံမှ နဂါးနက်၏ အသွေးအသားများကိုသိပ်သည်းထားသည့် သွေးနီရောင်ပုလဲကို တောင်းလိုက်ခြင်းဖြစ်၏။
ကျန်းလန်က ဧကရာဇ်ရှီးဟယ် ပေးခဲ့သည့် သွေးပုလဲကို မြောင်ယွဲ့လက်ထဲ ထည့်ပေးလိုက်သည်။
သူက မည်သည့်စကားမှ မဆိုခဲ့ပေ။ မည်သည့်စကားဆိုရမည် မသိသည့်အတွက် ဆိတ်ဆိတ်နေခြင်းက အကောင်းဆုံး ဖြစ်သည်။ မြောင်ယွဲ့ကလည်း မည်သည့်စကားမှမဆိုဘဲ သွေးပုလဲကို ယူလိုက်သည်။
အခြားသူများအားလုံး အံ့အားသင့်သွားကြသည်။ အဋ္ဌမမင်းသားနှင့် လုန်ယွိတို့သည်ပင် မည်သည့်အကြောင်းအရာများ ဖြစ်ပျက်သည်ကို မသိခဲ့ကြပေ။
မြောင်ယွဲ့က သွေးပုလဲကို သိမ်းဆည်းလိုက်ပြီးနောက် တစ်ချက်ရယ်မောလိုက်ရင်း...
"ကောင်းပြီ ၊ ခွန်လွန်တောင်ကိုမပြန်ခင် နဂါးနန်းတော်မှာ ရက်အနည်းငယ်လောက် အနားယူဖို့ အချိန်ရတယ်"
မြောင်ယွဲ့ကို ကြည့်ရသည်မှာ အလွန်စိတ်သဘောထားကောင်းသည့်ပုံစံမျိုး ဖြစ်သည်။
သို့သော် ကျန်းလန်ကတော့ တစ်ခါမှ ထိုသို့ မတွေးမိပေ။ ဆရာဒေါ်လေးမြောင်ယွဲ့ ရယ်မောလျှင် အလွန်အန္တရယ်များသည်ဟု သူ အမြဲတမ်း ခံစားမိသည်။
ထိုသို့ အန္တရယ်ရှိသူတစ်ယောက်က ဆရာဖြစ်သူ၏ ဇနီးဖြစ်လာမည်ကို တွေးမိသည့်အခါ ကျန်းလန် အတော်လေး ကူရာကယ်ရာမဲ့သွားသည်။
ဆဋ္ဌမတောင်ထွတ်မှ ဆရာဒေါ်လေး ချန်ရှီမှာလည်း ဆရာဖြစ်သူနှင့် သင့်တော်နိုင်သည်။
ဧကရာဇ်ရှီးဟယ်ကတော့ ဆရာဖြစ်သူအတွက် ဇနီးလောင်းကို ပဉ္စမတောင်ထွတ်တွင် ရှာဖွေရန် ပြောသွားခဲ့သည်။ ဆရာဒေါ်လေးမြောင်ယွဲ့ကို ရည်ရွယ်သည်မှာ ထင်ရှားသည်။
သို့ဖြစ်ရာ ဆရာဒေါ်လေးမြောင်ယွဲ့ကို ဆရာကတော်မြောင်ယွဲ့ဖြစ်လာအောင် သူ ကြိုးစားပေးရုံကလွဲပြီး အခြားရွေးချယ်စရာ မရှိတော့ပေ။
တောင်ပေါ်ပြန်ရောက်မှသာ ဆရာဖြစ်သူကို မေးကြည့်ရပေမည်။
သို့သော် တာ့လော်အင်မော်တယ်အဆင့် ရောက်ရှနေပြီဖြစ်သော ကျန်းလန်အတွက်လည်း ကိစ္စများစွာ လုပ်ဆောင်ရန် လိုအပ်နေသေးသည်။
နတ်ဘုရားရာထူးနှင့် ပတ်သက်သည့်စာအုပ်များကို ဖတ်ရှုလေ့လာပြီးနောက် ရှေးဟောင်းဧကရာဇ်နန်းတော်သို့လည်း နောက်တစ်ကြိမ် ထပ်မံသွားရောက်ကြည့်ရန် လိုအပ်သည်။
သူ၏နတ်ဘုရားရာထူးတည်ရှိရာ ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ ထွက်ခွာနိုင်ရန်လည်း ကြိုးစားကြည့်ချင်မိသည်။
အရင်က ဧကရာဇ်ရှီးဟယ် ပြောသွားသည့် စကားများထဲတွင် ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ ထွက်ခွာသွားနိုင်လျှင် ရှေးဟောင်းအလယ်ပိုင်းနန်းတော်ရှိ နတ်ဘုရားရာထူးနေရာကို သိရှိနိုင်မည်ဟု ပါဝင်သည်။
သို့သော် နဂါးမျိုးနွယ်များနေထိုင်ရာနေရာတွင်တော့ ထိုသို့ပြုလုပ်၍ မဖြစ်နိုင်ပေ။ ခွန်လွန်တောင်ပြန်ရောက်မှ ကြိုးစားကြည့်ခြင်းက အန္တရယ်ကင်းနိုင်သည်။
နဝမတောင်ထွတ်တွင်ဆိုလျှင် တစ်ခုခုပြဿနာကြုံတွေ့ပါကလည်း သူ့ဆရာ ရှိနေလေသည်။
ယခုနေရာမှာတော့…
***
ကျန်းလန်တို့အားလုံး နဂါးနန်းတော်သို့ ပြန်လည် ရောက်ရှိလာကြသည်။
လူတိုင်းက ရရှိလာသည့် ကောင်းချီးလက်ဆောင်ကို အသုံးပြုကာ ဆက်လက်ကျင့်ကြံနေခဲ့ကြသည်။
ကျန်းလန်သည်လည်း ဆက်လက်ကျင့်ကြံနေခဲ့သည်။ တာ့လော်အင်မော်တယ်ဖြစ်လာပြီးနောက် သူ၏ကျင့်ကြံခြင်းအဆင့်က အရင်ကလောက် လျှင်မြန်ခြင်း မရှိတော့ပေ။ သို့သော် ကောင်းချီးလက်ဆောင်က ကျင့်ကြံခြင်းကို နှစ်အနည်းငယ် ပိုမိုမြန်ဆန်အောင် ကူညီပေးနိုင်သည်။
နှစ်အနည်းငယ်ပင်ဖြစ်စေ ၊ ဆယ်စုနှစ်အနည်းငယ်ပင်ဖြစ်စေ အထင်ကြီးလောက်စရာတော့ ဖြစ်၏။
အချိန် (၃)ရက် ကြာပြီးနောက်...
ကျန်းလန် လုန်ယွိကို လှမ်းကြည့်လိုက်သည်။ သူမသည်လည်း အခြေခံကျင့်စဉ်များကို အတော်လေး ခိုင်မာအောင် စုစည်းကျင့်ကြံနိုင်ခဲ့ဟန်ရှိသည်။ သို့ပေသိ သူမပုံစံက အနည်းငယ် စိတ်မသက်မသာဖြစ်နေဟန်ရှိသည်။
ကျန်းလန်က ခပ်တိုးတိုးလေသံဖြင့်...
"ဂိုဏ်းတူအစ်မ ၊ နောက်နှစ်ရက်လောက်ဆိုရင် ကိုယ်တို့ ပြန်ကြရတော့မယ် ၊ အခု မင်းအမေကို သွားပြီး နှုတ်ဆက်ကြမလား"
ကျန်းလန်စကားကိုကြားသည့်အခါ လုန်ယွိ ပျော်ရွှင်သွားသလို ကူရာကယ်ရာလည်း မဲ့သွားသည်။
"သွားကြစို့"
လုန်ယွိ မည်သည့်တုံ့ပြန်မှုမှ မပြုလုပ်နိုင်ခင်မှာပင် ကျန်းလန်က သူမ၏လက်လေးများကို ဆွဲကိုင်လိုက်ရင်း အပြင်သို့ ခေါ်ထုတ်လာခဲ့သည်။
သူတို့ဦးတည်ရာက နဂါးဧကရီရန်ကျင်း နေထိုင်ရာ နန်းဆောင်သို့ ဖြစ်သည်။
***
ဘိုးဘေးနဂါးနေထိုင်ရာနန်းဆောင်။
ဘိုးဘေးနဂါးသည် သလင်းနဂါးကြီးဆီသို့ ပြန်ရောက်လာသည့် ကောင်းကင်နဂါးဓားကို ကြည့်ရင်း ငြိမ်သက်လျှက် ရှိသည်။
ဘိုးဘေးနဂါး၏ ဘေးနားတွင် လုန်ကျန့် ရှိနေပြီး သူက တစ်ချက်မှ မလှုပ်ရှားရဲဘဲ ခေါင်းငုံ့လျှက် မတ်တတ်ရပ်နေ၏။
ဘိုးဘေးနဂါးက ကောင်းကင်နဂါးဓားကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေသည်ဖြစ်ရာ သူ ဘာတွေးနေသည်ကို လုန်ကျန့် မခန့်မှန်းနိုင်ပေ။ သို့သော် ဆုံးဖြတ်ချက်တစ်ခုတော့ သေချာပေါက် ချမှတ်မည် ဖြစ်၏။
နဂါးဓားသိုင်းကို တတ်ကျွမ်းသူတစ်ယောက်ထွက်ပေါ်လာပြီ ဖြစ်သောကြောင့် နဂါးဓားကို ဖိနှိပ်ထားသည့် စည်းတံဆိပ်က အလိုလို ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
သို့သော် ထိုသူမည်သူဖြစ်ကြောင်း သဲလွန်စတစ်ခုပင် သူ ရှာမတွေ့ခဲ့ပေ။ ထိုသူက လေထဲတွင် ပျောက်ကွယ်သွားသည့်အလား သဲလွန်စကို လုံး၀ မခန့်မှန်းနိုင်ခဲ့ပေ။
ဘိုးဘေးနဂါးကလည်း မည်သည့်ထင်မြင်ချက်မှ မပြောလေရာ လုန်ကျန့်မှာ မေးမြန်းခြင်းလည်း မပြုဝံ့ပေ။ ဘာပဲဖြစ်ဖြစ် ဘိုးဘိုးနဂါး ထင်မြင်ချက်တစ်ခုခု ပြောမည်ဟု သူ မျှော်လင့်နေမိသည်။
ထိုအချိန်မှာပင် ဘိုးဘေးနဂါးက ကောင်းကင်နဂါးဓားမှ အကြည့်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။
ကောင်းကင်နဂါးဓားက တစ်ချက် တုန်လှုပ်သွားသည်။
"ချွင်"
ဓားက လုန်ကျန့်ရှေ့မှာပင် ပျံသန်းထွက်ခွာသွားပြီး အခြားသော သလင်းဓားငယ်လေးများမှာလည်း နောက်မှ လိုက်ပါသွားကြသည်။ ထို့နောက် မူလဓားသွားနှင့် ဓားငယ်လေးများ ပေါင်းစပ်သွားကြကာ ဓားရှည်တစ်လက် ဖြစ်တည်လာသည်။
ဓားသွားက ဖန်သားပမာကြည်လင်နေပြီး တန်ခိုးစွမ်းအားရောင်ဝါများနှင့် ပြည့်နက်နေသည်။ ဓားသွားအတွင်း၌ နဂါးပုံသဏ္ဌန်များ ထွင်းထုထားပြီး အတော်လေး သိသာထင်ရှားသည်။
ထို့နောက် သလင်းနဂါးကြီးက မရေမတွက်နိုင်သည့် ရေမှုံရေစများအဖြစ် ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်နဂါးဓားနှင့် ပေါင်းစပ်သွားသည်။
ရုတ်တရက် ဖြစ်ပေါ်သွားသည့် ပြောင်းလဲမှုကြောင့် လုန်ကျန့် အလွန် အံ့အားသင့်သွား၏။ ဓားသွားများ တစ်ခုပြီးတစ်ခုပေါင်းစပ်သွားသည့်အတွက် သူက အံ့အားသင့်သွားခြင်း မဟုတ်ပေ။
ကောင်းကင်နဂါးကို တံဆိပ်ခတ်ထားခြင်းမရှိသည့်အချိန်မျိုးတွင် ဘိုးဘေးနဂါးက ထိုဓားကို အသုံးပြုခွင့်ရှိသည်။ သို့သော် ယခုလက်ရှိ ဘိုးဘေးနဂါးက နဂါးဓားသိုင်းကို သိရှိသူ မဟုတ်ပေ။
သို့ဖြစ်ရာ အဘယ့်ကြောင့် နဂါးဓားကို ကိုင်ဆောင်ရပါသနည်း။ ထိုအချက်က လုန်ကျန့်ကို အံ့အားသင့်စေသည့်အချက်ဖြစ်သည်။
သို့သော် ဘိုးဘေးနဂါးတွင် အစီအစဉ်တစ်ခုခုတော့ ရှိရပေမည်
"လုန်မန် ပြန်တော့မှာလား"
ဘိုးဘေးနဂါး၏အသံက တည်ငြိမ်စွာ ထွက်ပေါ်လာသည်။
လုန်ကျန့်က...
"ဟုတ်ကဲ့ ၊ နောက်ရက်ပိုင်းလောက်ဆို သူ ခွန်လွန်တောင်ကို ပြန်တော့မယ်"
"ဒီ ဓားရှည်ကို လုန်မန်ကို ပေးလိုက်ပါ ၊ ဒီဓားကို အခုချိန်ကစပြီး သူ ပိုင်ဆိုင်သွားပါပြီ"
ထိုစကားကိုကြားသည့်အခါ လုန်ကျန့်မှာ အံ့သြခြင်းမက အံ့သြသွားသည်။
"အဋ္ဌမမင်းသားကို ဓားရှည်ပေးရမယ် ၊ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ထိုစကားကို လုန်ကျန်း စိတ်ထဲကသာ ပြောလိုက်ခြင်းဖြစ်ပြီး တကယ်တမ်းတွင် ထုတ်ဖော်မပြောရဲခဲ့ပေ။
သို့ဆိုလျှင် နဂါးဓားသိုင်းတတ်ကျွမ်းသူမှာ လုန်မန်ဖြစ်သည်ဟု ဘိုးဘေးနဂါးက ယူဆသည်လား။
ဘိုးဘေးနဂါးက တိုးလျသည့်လေသံဖြင့်...
"အဲဒီလူက လုန်မန် မဟုတ်ဘူး"
ခဏနားပြီးမှ သူက ဆက်ပြောသည်။
"ဒါပေမဲ့ နဂါးမျိုးနွယ်တွေထဲမှာ အဲဒီဓားသိုင်း (၃)ကွက်ကို သင်ယူဖို့ ဖြစ်နိုင်ခြေအရှိဆုံးသူက လုန်မန်ပဲ"
လုန်ကျန့်က...
"ဒါဖြင့် အဲဒီဓားကို ခွန်လွန်တောင်ကို အဋ္ဌမင်းသားနဲ့အတူ ထည့်ပေးလိုက်ရမှာလား"
ဤသည်က အသေးအမွှားကိစ္စတစ်ခု မဟုတ်ပေ။ ထို့ကြောင့် သေချာအောင် မေးမြန်းရလေသည်။
ဘိုးဘေးနဂါးက သိမ်မွေ့သည့်လေသံဖြင့်...
"သူ ယူသွားပါစေ"
ပြီးမှ သူက လုန်ကျန့်ကို အမိန့်ပေးလိုက်သည်။
"ကဲ မင်း လုပ်စရာရှိတာ ဆက်လုပ်တော့"
***