← Chapters

ခွန်လွန်ဘိုးဘေး

Vol. 32 Ch. 441

ခွန်လွန်ဘိုးဘေး

Vol. 32 Ch. 441

သို့ဆိုလျှင်…

သူက "နတ်ဘုရားရာထူးများ၏နိယာမများ" ဆိုသည့်စာအုပ်ကို မဖတ်မီ "ခွန်လွန်တောင်၏အဓိကတောင်ထွတ်ကြီးကိုးခု" ဆိုသည့်စာအုပ်ကို အရင်ဖတ်ရှုရမည့်သဘောဖြစ်သည်။

အဘယ့်ကြောင့် ထိုသို့ပြုလုပ်ရပါမည်နည်း။

နတ်ဘုရားရာထူးများက ခွန်လွန်တောင်နှင့် ဆက်စပ်နေသောကြောင့်လား။ သို့မဟုတ် ခွန်လွန်တောင် ဖြစ်တည်လာသည့် မူလဇာစ်မြစ်က နတ်ဘုရားရာထူးများ ဖြစ်ပေါ်လာသည်နှင့် ဆင်တူနေသောကြောင့်လား။

ကျန်းလန် လက်ထဲမှ စာအုပ်ကို ချက်ချင်း ပြန်ပိတ်လိုက်သည်။

ထို့နောက် "ခွန်လွန်တောင်၏အဓိကတောင်ထွတ်ကြီးကိုးခု" ဆိုသည့်စာအုပ်ကို ထုတ်ယူလိုက်၏။ စာအုပ်ကိုဖွင့်လိုက်သည့်အခါ ဆရာဖြစ်သူ မှတ်ချက်ရေးထားသည်ကို မတွေ့ရှိရပေ။

မာတိကာကိုကြည့်လိုက်တော့ ခွန်လွန်တောင်အကြောင်း များများစားစား မတွေ့ရဘဲ လူတစ်ယောက်ကအကြောင်းကိုသာ အဓိကထားပြီး ရေးသားထားကြောင်း တွေ့ရသည်။

ထိုသူ၏အမည်က ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် လှည့်လည်သွားလာသူ "ကု" ဆိုသူ ဖြစ်ပြီး သူ၏ကျင့်ကြံခြင်းအဆင့်က အလွန်မြင့်မားသည်။ ပြီးတော့ သူက နက္ခတ်ပညာနှင့် ပထဝီဝင်အကြောင်းကိုလည်း ကျွမ်းကျင်သူ ဖြစ်၏။

ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးတွင် သူ့ခြေရာ မထင်ကျန်သည့် နေရာဆို၍ မရှိပေ။

သူက နဂါးမျိုးနွယ်များ ဂုဏ်အသရေ ကြီးမားချိန်နှင် နတ်မိစ္ဆာများစတင်ထွက်ပေါ်လာချိန်ကိုလည်း သိရှိခဲ့သူ ဖြစ်သည်။ များပြားလှစွာသော မျိုးနွယ်စုများ၏ ကျဆုံးသွားခြင်းနှင့် ဖြစ်တည်လာခြင်းများစွာကိုလည်း သိရှိခဲ့သူ ဖြစ်သည်။

သို့သော် သူက အခြားသူများ အာရုံစိုက်ခံရအောင် နေထိုင်ခြင်းမရှိဘဲ သာမန်ခရီးသွားတစ်ယောက်ပမာ ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် လှည့်လည်သွားလာနေခဲ့သည်။

တစ်နေ့တွင်တော့ လှည့်လည်သွားလာရင်းဖြင့် အဆုံးမရှိသည့် ကောင်းကင်ကြီးကို သူစိတ်ဝင်စားလာသည်။

"ကောင်းကင်ထက်မှာ ဘာရှိမလဲ"

ထိုနေ့က အဆုံးမရှိသည့် ကောင်းကင်ထက်သို့ သူ ပျံသန်းထွက်ခွာသွားခဲ့သည်။

သို့သော် သူ မည်သည့်အရာမှ သိရှိခဲ့ရခြင်း မရှိပေ။ ကောင်းကင်ကြီးသည် သူတွေးထင်ထားသကဲ့သို့ ထူးခြားမှု မရှိပေ။ သို့ရာတွင် ကောင်းကင်ထက်တစ်နေရာတွင် တစ်ခုခုရှိနေကြောင်း သူ ခံစားမိသည်။

ထိုနေရာအထိ ဖတ်ရှုပြီးသည့်နောက် ကျန်းလန် အတော်လေး ပဟေဠိ ဖြစ်သွားသည်။ ယခုအချိန်ထိ စာအုပ်ထဲတွင် ခွန်လွန်တောင်အကြောင်း တစ်လုံးမှ မပါသေးပေ။

သို့သော် သူက အလျင်လိုခြင်း မရှိဘဲ စာအုပ်ကို ဆက်ဖတ်လိုက်သည်။

မကြာမီ သူ မျက်မှောင်တစ်ချက် ကြုတ်လိုက်၏။ ခွန်လွန်တောင်အကြောင်း စတင်ပါဝင်လာပြီ ဖြစ်သည်။

ကောင်းကင်ထက်တွင် မည်သည့်ထူးခြားချက်မှ မတွေ့ရသည့်အခါ "ကု" က နည်းလမ်းအသစ်တစ်ခုကို ရှာဖွေခဲ့သည်။

လောကအလည် မရေမတွက်နိုင်သည့် နှစ်ပေါင်းများစွာ လှည့်လည်သွားလာခဲ့ပြီးသည့်နောက် သူ ကောင်းကင်ဘုံကို စိတ်ဝင်စားလာခဲ့သည်။ သူက ပျက်သုဉ်းတစ်စပြင်လောကကြီးထဲတွင် လှည့်လည်သွားလာနေရင်း အနောက်ဘက်စွန့်ပစ်နယ်မြေသို့ ရောက်သည့်အခါ ဆက်မသွားတော့ဘဲ ရပ်တန့်လိုက်သည်။

သူရပ်လိုက်သည့်နေရသည် တောင်ပေါင်းများစွာ စုဝေးဖြစ်တည်နေသည့် တောင်တန်းတစ်ခု ဖြစ်၏။

ထိုတောင်တန်းဆီသို့ ရောက်လာသည်နှင့် ထူးခြားသည့်စွမ်းအားတစ်ခုကို သူ ခံစားလိုက်ရသည်။ ထိုနေရာက အလွန်ထူးခြားသည်။

သူက တောင်တန်း၏ မြေပြင်အခြေအနေကို တစ်ချက်လေ့လာလိုက်ပြီးနောက် နောက်ဆုံးတွင် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ ထို့နောက် သူ နားလည်သည့်အသိပညာများကို ကျောက်ဆောင်တစ်ခုထက်တွင် ချရေးလိုက်သည်။

နောက်ပိုင်းတွင် ထိုကျောက်ဆောင်ထက်တွင် ရေးသားထားသည့်စာများကို "ခွန်လွန်စိတ်ကျမ်း" ဟု အမည်ပေးခဲ့သည်။

***

ကျန်းလန် အံ့အားသင့်သွားသည်။

"ခွန်လွန်စိတ်ကျမ်းက ဒီလိုမျိုး စတင်ဖြစ်တည်လာတာကိုး"

အမှန်တော့ "ခွန်လွန်တောင်၏အဓိကတောင်ထွတ်ကြီးကိုးခု" စာအုပ်မှာ ခွန်လွန်ဘိုးဘေးအကြောင်းကို အဓိကထား ဖော်ပြထားသည့် စာအုပ်ဖြစ်သည်။ ထို့ပြင်ခွန်လွန်ဘိုးဘေး၏ အမည်ကို ကျန်းလန် ယခုမှ ပထမဆုံး ကြားဖူးခြင်း ဖြစ်၏။

"ကြည့်ရတာ ခွန်လွန်ဘိုးဘေးက အတော်လေး တန်ခိုးစွမ်းအား မြင့်မားတဲ့ပုံပဲ ၊ ဘဝရဲ့ ဖြစ်ပျက်မှုတွေနဲ့ အချိန်နဲ့အမျှပြောင်းလဲမှုတွေကို သူ သိမြင်ခဲ့တယ်"

"သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲဆိုတာ သိချင်လိုက်တာ"

ကျန်းလန် အချိန်အတန်ကြာအောင် အတွေးနက်နေပြီးသည့်နောက် ခွန်လွန်ဘိုးဘေးသည် တောင်သခင် (၉)ပါးထက် တန်ခိုးစွမ်းအား မြင့်မားသူဖြစ်ရမည်ဟု ကျန်းလန် ကောက်ချက်ချလိုက်သည်။

လက်ရှိမှာတော့ ခွန်လွန်တောင်တွင် တန်ခိုးစွမ်းအား အမြင့်မားဆုံးသူမှာ ဧကရာဇ်ရှီးဟယ် ဖြစ်နိုင်သည်။

ခွန်လွန်ဘိုးဘေး၏ ကျင့်ကြံခြင်းအဆင့်က သူနှင့် ယှဉ်လျှင် မည်မျှကွာခြားသည်လဲကျန်းလန် သိချင်မိသည်။

ရှေခေတ်ဘိုးဘေးနှင့် သူက တန်ခိုးစွမ်းအား မည်မျှကွာခြားကြောင်း ကျန်းလန် သိချင်မိသည်။ ဆရာဖြစ်သူကို တိုက်ရိုက်သွားမမေးဘဲ သိရှိနိုင်မည် မဟုတ်ပေ။

ဧကရာဇ်ရှီးဟယ်ကို သွားမေးမည်ဆိုလျှင်တော့ ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်ပေလိမ့်မည်။

ထို့နောက် ကျန်းလန် စာအုပ်ကို ဆက်ဖတ်လိုက်သည်။ နောက်ပိုင်း ဘာဆက်ဖြစ်မည်ကို သိချင်မိသည်။

ယခုအချိန်ထိ ခွန်လွန်ဘိုးဘေး သက်ရှိထင်ရှား ရှိသေးသည်လား ၊ မရှိတော့ဘူးလားဆိုသည်ကိုတော့ မသိရှိရပေ။ ဤစာအုပ်က အဖြေပေးကောင်းပေးနိုင်ပေလိမ့်မည်။

"ခွန်လွန်စိတ်ကျမ်း" ကို အစွဲပြုပြီး တောင်တန်းကြီးတစ်ခုလုံးကို ခွန်လွန်တောင်ဟု နောက်ပိုင်းတွင် အမည်ပေးခဲ့ကြသည်။

ထိုအချိန်မှစပြီး "ကု" က ခွန်လွန်တောင်တွင် နေထိုင်ခဲ့သည်။ သူက ပတ်ဝန်းကျင်တောင်များကို လှည့်လည်သွားလာရင်း ကောင်းကင်ဘုံကို ရှာဖွေရန် စီစဉ်မှုများစွာ ပြုလုပ်ခဲ့သလို များစွာလည်း ကြိုးစားအားထုတ်ခဲ့သည်။

နှစ်ပေါင်း (၁၀၀) တိတိ ကြာမြင့်ခဲ့ပြီးနောက် ပြင်ဆင်မှုများအားလုံး ပြုလုပ်ပြီးစီးခဲ့၏။

ထို့နောက်တွင်တော့ မြေပြင်တစ်ခုလုံးတုန်ခါအက်ကွဲသည့် အသံကြီးတစ်သံထွက်ပေါ်လာကာ ခွန်လွန်တောင်ကြောတစ်လျှောက် ပဲ့တင်ထပ်သွားခဲ့သည်။

မြေပြင်ထက်မှ တောင်မြင့်ကြီး (၉)ခုက မြင့်မားစွာ ထိုးဖောက်ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။

"ပြီးပြီ…"

"ကု" က ဆိုသည်။

"ငါလိုချင်တဲ့အဖြေက ဒီတောင်ထွတ်ကိုးခုမှာ ရှိနိုင်တယ်"

ဤသည်က မြေပြင်ထက်မှ မြင့်မားစွာ ထွက်ပေါ်လာသည့် တောင်ထွတ် (၉)ခုကို ကြည့်ပြီး "ကု" ၏ သုံးသပ်ချက် ဖြစ်သည်။ အခြေအနေအားလုံး တည်ငြိမ်သွားတော့မှ "ကု" က နောက်ဆုံး ထွက်ပေါ်လာသည့် တောင်ထွတ်ဆီသို့ ထွက်ခွာသွားသည်။

တောင်ထွတ်တစ်ခုလုံး အနက်ရောင်အခိုးအငွေ့များဖြင့် ဖုံးလွှမ်းလျှက် ရှိပြီး အလွန်လည်း ထူးခြားလှသည်။

ထိုတောင်ထွတ်တွင် လမ်းကြောင်းတစ်ခုကို "ကု" တွေ့ရှိခဲ့သည်။ ထိုလမ်းကြောင်းမှ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လျှက်ရှိပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

"ဒီနေရာများလား"

"ကု" တွေးလိုက်သည်။

ထို့နောက် သံသယများစွာနှင့်အတူ လမ်းကြောင်းအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေတော့၏။

နှစ်ပေါင်းအတန်ကြာပြီးသည့်နောက် ထိုလမ်းကြောင်းအတွင်းမှ "ကု" တစ်ယောက် ပြန်လည်လွင့်ထွက်လာသည်။ အပြင်သို့ ရောက်ရောက်ချင်းပင် သူက လမ်းကြောင်းကို စည်းတံဆိပ်ခတ်ကာ ချိတ်ပိတ်လိုက်ပြီး အတွင်းထဲမှ သတ္တဝါမျး ထွက်မလာစေရန် ကာကွယ်ထားလိုက်သည်။

"ကု" ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာအနည်းငယ် ရရှိထားသော်လည်း သူက အရေးမစိုက်ပေ။ လက်တစ်ချက်ဝှေ့ယမ်းလိုက်ပြီး နောက်ဆုံးအနေဖြင့် ချိတ်ပိတ်ခြင်းကို အဆုံးသတ်လိုက်သည်။

ထို့နောက် ခေါင်းတစ်ချက်ခါယမ်းလိုက်၏။

ဤနေရာက သူ ရှာဖွေနေသည့် နေရာမဟုတ်ပေ။

***

ကျန်းလန် အံ့အားသင့်သွားသည်။

"အဲဒါက နဝမတောင်ထွတ်က ငရဲတံခါးပဲ"

သို့ဆိုလျှင် ငရဲတံခါးကို ဖွင့်လှစ်ခဲ့သူက ခွန်လွန်ဘိုးဘေးကိုယ်တိုင် ဖြစ်လေသည်။ စည်းတံဆိပ်ခတ်ကာ ချိတ်ပိတ်ရသည့်အကြောင်းရင်းကတော့ မရဏလောကမှလူများ ခွန်လွန်ဘိုးဘေးနောက်သို့ လိုက်လာသောကြောင့် ဖြစ်နိုင်သည်။

အထဲမှ ပုဂ္ဂိုလ်များကလည်း ခွန်လွန်ဘိုးဘေးကို အပြင်သို့ လွင့်ထွက်သွားသည်အထိ အစွမ်းကုန် အင်အားသုံး တိုက်ခိုက်ခဲ့ကြဟန် ရှိသည်။

ကျန်းလန် သက်ပြင်းတစ်ချက် တိတ်တဆိတ်ချလိုက်သည်။

"အချိန်ကြာလာတာနဲ့အမျှ မရဏလောကက ပိုပြီး အင်အားကြီးလာပုံရတယ် ၊ အခုဆိုရင် သူတို့က ခွန်လွန်ဘိုးဘေး ပိတ်ထားတဲ့ စည်းတံဆိပ်ကိုတောင် ဖျက်စီးဖို့ ကြိုးစားနေကြပြီ"

ထိုခေတ်အခါက မရဏလောကမှလူများ အသက်ရှိသေးလားဆိုသည်ကိုတော့ ကျန်းလန် မသိရှိပေ။ သူတို့ အသက်ရှိနေသေးသည်ဆိုလျှင် တန်ခိုးစွမ်းအား ပိုမိုမြင့်မားနေလောက်ပြီဖြစ်ပြီး ခွန်လွန်ဘိုးဘေးကိုပင် ကြောက်ရွံ့တော့မည် မဟုတ်ပေ။

မဟုတ်လျှင်တော့…

အတင့်ရဲလွန်းခြင်းအတွက် မရဏလောကမှ နောက်ပိုင်းမျိုးဆက်ကိုသာ အပြစ်တင်ရမည် ဖြစ်သည်။

ခွန်လွန်တောင် ဖြစ်ပေါ်လာရသည့်အခြေအနေကို ကျန်းလန် သိရှိသွားပြီ ဖြစ်သည်။ ခွန်လွန်ဘိုးဘေး မရှိတော့သည့်နောက် ခွန်လွန်တောင်၏ အားနည်းချက် ၊ အားသာချက်များကို ပြောရန်မှာ ခက်ခဲသည်။ ထို့ကြောင့် မရဏလောကမှ သတ္တဝါများ ပြင်ပသို့ထွက်မလာသည်က အကောင်းဆုံးပင် ဖြစ်သည်။

များစွာတွေးမနေတော့ဘဲ ကျန်းလန် စာအုပ်ကို ဆက်ဖတ်လိုက်သည်။

ငရဲတံခါးကို ချိတ်ပိတ်ပြီးသည့်နောက် ခွန်လွန်ဘိုးဘေးက သူ ဖန်ဆင်းခဲ့သည့် တောင်ထွတ် (၉)ခုကို အလွန်ကျေနပ်စွာဖြင့် တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ထိုတောင်ထွတ်များကို နဝမတောင်ထွတ်မှ စတင်ကာ တစ်ခုပြီးတစ်ခု အစဉ်အတိုင်း လေ့လာသွားသည်။

ထိုတောင်ထွတ်များတွင် သူတွေ့ရှိသည်များက မှော်ရုံနယ်မြေများ ဖြစ်သည်။ ထို မှော်ရုံနယ်မြေများက သူ ရှာဖွေနေသည့်လမ်းကြောင်း မဟုတ်ပေ။

နောက်ဆုံးတော့ ပထမတောင်ထွတ်သို့ ရောက်ရှိလာခဲ့သည်။ ဤနေရာတွင်တော့ သူ လိုချင်သည့် တစ်စုံတစ်ခု ကျိန်းသေ ရှိရပေမည်။ ဤတောင်ထွတ်က ငရဲတံခါးတည်ရှိသည့်တောင်ထွတ်နှင့် ခပ်ဆင်ဆင် တူညီသည်။ ထို့ကြောင့် ဤနေရာတွင်လည်း လမ်းကြောင်းတစ်ခု ရပေလိမ့်မည်။

သို့သော် ပထမတောင်ထွတ်မှ ထွက်ပေါ်နေသည့် အငွေ့အသက်များက နဝမတောင်ထွတ်မှ အငွေ့အသက်များကဲ့သို့ မှောင်မိုက်နေခြင်းမရှိဘဲ ကြည်လင်တောက်ပလျှက် ရှိသည်။

"ဒီနေရာမှာ ငါ ရှာနေတဲ့လမ်းကြောင်း ရှိနိုင်တယ်"

ထင်သည့်အတိုင်းပင် လမ်းကြောင်းတစ်ခုကို ရှာတွေ့ရှိသည့်အခါ  "ကု" တစ်ယောက် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားလေတော့၏။ သူက တုံ့ဆိုင်းမနေဘဲ လမ်းကြောင်းအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေတော့၏။

နှစ်အတန်ကြာပြီးနောက် ထိုလမ်းကြောင်းအတွင်းမှ "ကု" ပြန်လည် လွင့်ထွက်လာခဲ့သည်။

ယခုတစ်ကြိမ်မှာတော့ သူဒဏ်ရာအပြင်းအထန် ရရှိထားသည်။ ငရဲတံခါးအတွင်းသို့ ဝင်ရောက်စဉ်ကထက် သူ့ဒဏ်ရာများက ပိုမိုပြင်းထန်သည်။ မှတ်တမ်းအရဆိုလျှင် သူ့ဘဝတွင် ရရှိဖူးသည့် ဒဏ်ရာများထဲတွင် အပြင်းထန်ဆုံး ဒဏ်ရာ ဖြစ်၏။

သို့သော် အပြင်သို့ ပြန်ရောက်လာသည်နှင့် "ကု" က ဒဏ်ရာများကို မကုသနိုင်သေးဘဲ လမ်းကြောင်းကို စည်းတံဆိပ်ခတ်ကာ ချိတ်ပိတ်လိုက်သည်။

ထို့နောက်တွင်တော့…

"ကု" သည် အေးအေးဆေးဆေးနေထိုင်ရင်း စာအုပ်များကို စတင်ရေးသားခဲ့သည်။ တပည့်များကိုလက်ခံကာ ပညာသင်ပေးခဲ့သည်။

ထိုအချိန်မှစတင်ကာ ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် ခွန်လွန်တောင်က ကျင့်ကြံသူဂိုဏ်းတစ်ခုဖြစ် စတင်ထွက်ပေါ်လာခဲ့သည်။

နှစ်အနည်းငယ် ကြာခဲ့ပြီးသည့်နောက် "ကု" က တပည့်များအတွက် များစွာသောမှော်ဝင်ပစ္စည်းများနှင့် စာအုပ်စာတမ်းများကို ချန်ရစ်ခဲ့ကာ ပထမတောင်ထွတ်မှ သူကိုယ်တိုင် ချိတ်ပိတ်ထားသည့် လမ်းကြောင်းအတွင်းသို့ ထပ်မံဝင်ရောက်သွားခဲ့လေသည်။

ထို့နောက် သူ့သတင်းကို မည်သူမှ မကြားသိရတော့ပေ။

"ခွန်လွန်တောင်၏အဓိကတောင်ထွတ်ကြီးကိုးခု" ဆိုသည့်စာအုပ်က ထိုနေရာတွင် အဆုံးသတ်သွားခဲ့သည်။

ကျန်းလန်ကို အံ့အားသင့်စေသည်မှာ ခွန်လွန်ဘိုးဘေးက ပထမတောင်ထွတ်မှ လမ်းကြောင်းအတွင်းသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားခြင်း ဖြစ်သည်။ အထဲတွင် မည်သို့သောအရာများ ရှိနေသောကြောင့် သူက ထပ်ပြီး ဝင်ရောက်သွားရပါသနည်း။

"အရင်တစ်ခေါက်ဝင်သွားတုန်းက အပြင်းအထန် ဒဏ်ရာရခဲ့တာတောင် ဘာလို့ နောက်တစ်ခေါက် ထပ်ဝင်သွားရတာလဲ ၊ ပြီးတော့ နောက်တစ်ကြိမ်ဝင်သွားပြီးတဲ့နောက် သူ ပြန်ထွက်မလာတော့ဘူး ၊ ဒါမှမဟုတ် အထဲမှာ သူ့ကို စောင့်နေတဲ့ တစ်စုံတစ်ခုများ ရှိနေခဲ့တာလား"

ကျန်းလန် နားမလည်နိုင် ဖြစ်ရသည်။

သို့သော် နဝမတောင်ထွတ်က မရဏလောကနှင့် ချိတ်ဆက်နေပြီး ပထမတောင်ထွတ်က ကောင်းကင်ဘုံနှင့် ချိတ်ဆက်နေသည်ဆိုသည့်အချက်ကိုတော့ အတည်ပြုနိုင်ခဲ့သည်။

ကောင်းကင်ဘုံသည် ခွန်လွန်ဘိုးဘေး ရှာဖွေနေသည့် နေရာဖြစ်သည်။ သို့သော် အထဲတွင်ရှိသည့် မည်သို့သောအရာက သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့ပါသနည်း။ အထဲတွင်ရှိသူများက ရန်သူများ ဖြစ်သည်ဆိုလျှင် သူကရော အဘယ့်ကြောင့် နောက်တစ်ကြိမ် ထပ်မံဝင်ရောက်သွားရပါသနည်း။

ထို့ပြင် မှတ်တမ်းထဲတွင် ကျောက်စိမ်းရေကန်အကြောင်း ပါဝင်ခြင်း မရှိလေရာ ကျောက်စိမ်းရေကန် မည်သို့ ဖြစ်တည်လာသည်ကိုတော့ ကျန်းလန် မသိရှိနိုင်ခဲ့ပေ။

စာအုပ်တွင် စာမျက်နှာ (၂)မျက်နှာခန့် ကျန်ရှိနေသေးသည့်အတွက် ကျန်းလန် ဆက်လှန်ကြည့်လိုက်သည်။

စာကြောင်းတစ်ကြောင်း ရေးသားထားသည်ကို တွေ့လိုက်ရ၏။

" "ကု" သည် လမ်းကြောင်းအတွင်းသို့ ဒုတိယအကြိမ်မဝင်ရောက်မီ ခွန်လွန်တောင်၏ အနက်ရှိုင်းဆုံးနေရာတွင် စာကြောင်းတစ်ကြောင်း ချန်ထားရစ်ခဲ့သည်"

ကျန်းလန်က အံ့အားသင့်စွာဖြင့်…

"ဒါပဲ ပါတာလား ၊ ဘာရေးခဲ့မှန်းလည်း မသိရဘူး"

ခွန်လွန်ဘိုးဘေး ရေးခဲ့သည့်စာကြောင်းကို သိချင်လျှင် ခွန်လွန်တောင်၏ အနက်ရှိုင်းဆုံးနေရာသို့ သွားကြည့်ရမည် ဖြစ်သည်။

သို့သော် ခွန်လွန်တောင်၏ အနက်ရှိုင်းဆုံးနေရာက ဘယ်မှာလဲ ၊ ခွန်လွန်ဝတ်ကျောင်းတော်များလား။

ထိုနေရာသို့ သွားရောက်ရန်ကတော့ အန္တရယ်များလွန်းလှသည်။

ထို့နောက် ကျန်းလန် နောက်ဆုံးစာမျက်နှာကို လှန်ကြည့်လိုက်သည်။ ထိုအခါ သူ အလွန်ပင် အံ့အားသင့်သွားရလေတော့၏။

***

All Chapters