ရှေးဟောင်းဧကရာဇ်နန်းတော်ကျရှုံးသွားခဲ့ပြီ
Vol. 32 Ch. 442
နောက်ဆုံးစာမျက်နှာတွင် စာလုံးအနည်းငယ် ရေးသားထားလေသည်။
သို့သော် စာအုပ်ထဲတွင် ရေးသားထားသည့် လက်ရေးမျိုးမဟုတ်ဘဲ ဆရာဖြစ်သူမော့ကျန်းသုန့်၏လက်ရေးဖြင့် ရေးသားထားခြင်းပင်။
အဘယ်ကြောင့်ဆိုသော် ခွန်လွန်ဘိုးဘေး ချန်ထားခဲ့သည့် စာကြောင်းက မည်သည့်စာကြောင်းဖြစ်သည်ကို စာအုပ်ထဲတွင် ဖောပြထားခြင်း မရှိလေရာ မော့ကျန်းသုန့်က ကျန်းလန်သိရှိစေရန် ထည့်သွင်းရေးသားပေးလိုက်ခြင်း ဖြစ်၏။
မော့ကျန်းသုန့်က ထိုစာကြောင်းကို သိရှိသူ ဖြစ်သည်။ ကျန်းလန်အနေဖြင့် ခွန်လွန်တောင် ၊ အနက်ရှိုင်းဆုံးနေရာသို့ သွားပြီး မကြည့်ရှုနိုင်သည်ကိုလည်း သူက သိရှိသည်။ ထို့ကြောင့် အဆုံးသတ်တွင် ထိုစာကြောင်းကို ထည့်သွင်းရေးသားပေးလိုက်ခြင်း ဖြစ်သည်။
ဝါကျတိုလေး တစ်ကြောင်းမျှသာ ဖြစ်သည်။
"ရှေးဟောင်းဧကရာဇ်နန်းတော်ကျရှုံးသွားခဲ့ပြီ။"
ကျန်းလန် စာအုပ်ကိုပိတ်လိုက်ပြီး တိတ်ဆိတ်ငြိမ်သက်နေ၏။ သူ တွေးတောစဉ်းစားဖို့ အချိန်လိုအပ်သည်။
"ခွန်လွန်တောင်၏အဓိကတောင်ထွတ်ကြီးကိုးခု" စာအုပ်ထဲတွင် ခွန်လွန်ဘိုးဘေးအကြောင်းနှင့် ခွန်လွန်တောင်၏ မူလအစကို အကြမ်းဖျင်း မှတ်တမ်းတင်ထားသည်။ ပထမတောင်ထွတ်နှင့် နဝမတောင်ထွတ်ရှိ လမ်းကြောင်းများအတွင်း ဝင်ရောက်သွားပြီးနောက် ခွန်လွန်ဘိုးဘေး မည်သည့်အရာများ ကြုံတွေ့ခဲ့ရကြောင်း ကျန်းလန် သိချင်သော်လည်း ထိုကိစ္စများက သူနှင့် လားလားမှ မသက်ဆိုင်ပေ။
သို့ပေသိ နောက်ဆုံး ချန်ထားခဲ့သည့်စကားကတော့ သူနှင့် အများကြီး သက်ဆိုင်သည်။
"ရှေးဟောင်းဧကရာဇ်နန်းတော်ကျရှုံးသွားခဲ့ပြီ။ "
ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် ရှေးဟောင်းဧကရာဇ်နန်းတော်အကြောင်း ဒဏ္ဍာရီများစွာရှိခဲ့သည်။ သို့သော် ရှေးဟောင်းဧကရာဇ်နန်းတော်သည် ပျောက်ကွယ်သွားသည်ဟု ဆိုကြပြန်သည်။ မည်သည့်နေရာသို့ ရောက်ရှိသွားမှန်း မည်သူမှ မသိရှိခဲ့ကြပေ။
နတ်ဘုရားရာထူးများ၏ အရှေ့ပိုင်းတွင် "ရှေးဟောင်းဧကရာဇ်နန်းတော်" ဟု ပါဝင်သည်။ တစ်နည်းဆိုရသော် နတ်ဘုရားရာထူးများသည် ရှေးဟောင်းဧကရာဇ်နန်းတော်နှင့် ဆက်စပ်နေသည်။ နတ်ဘုရားရာထူး တည်ရှိရာနေရာသည်လည်း ရှေးဟောင်းဧကရာဇ်နန်းတော်ပင် ဖြစ်နိုင်သည်။ သို့ဆိုလျှင် ရှေးဟောင်းဧကရာဇ်နန်းတော်က မည်သည့်နေရာတွင် ရှိပါသနည်း။
ကျန်းလန် ခေါင်းမော့ကာ ကောင်းကင်ထက်သို့ မျှော်ကြည့်လိုက်သည်။ ရှေးဟောင်းဧကရာဇ်နန်းတော်သည် ကောင်းကင်အမြင့်ထက် တစ်နေရာတွင် ရှိရပေမည်။
သာမန်ဆိုလျှင် ထိုနေရာသို့ သွားရောက်နိုင်မည် မဟုတ်ပေ။ ပျက်သုဉ်းတစ်စပြင်လောကကြီးမှ လူတစ်ယောက်၏ စွမ်းအားဖြင့် ထိုနေရာသို့ သွားရောက်နိုင်မည် မဟုတ်ပေ။ ခွန်လွန်ဘိုးဘေးသည်ပင် ထိုနေရာသို့သွားရန် လမ်းကြောင်းတစ်ခု ရှာဖွေခဲ့ရသည်။
ခဏမျှ တိတ်ဆိတ်နေပြီးနောက် ကျန်းလန် အကြံတစ်ခု ရလိုက်သည်။
ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ တစ်ဆင့် ခြေရာခံကြည့်ရန် ဖြစ်သည်။
ရှေးဟောင်းဧကရာဇ် အနိမ့်ပိုင်းနန်းတော်မှ ထွက်ခွာပြီးနောက် ရှေးဟောင်းဧကရာဇ်နန်းတော်အကြောင်းကို နားလည်လိမ့်မည်ဟု ဧကရာဇ်ရှီးဟယ်က ပြောခဲ့ဖူးသည်။
သို့သော် ထိုနေရာသို့ သွားရောက်ရန် အချိန်အနည်းငယ် ကြာမြင့်မည် ဖြစ်သည်။
ယခုတော့…
ကျန်းလန်က သူ့ဘေးနားတွင်ထိုင်နေသည့် ရှောင်ယွိကို တစ်ချက်ကြည့်လိုက်ပြီး လောလောဆယ်တွင် ထိုနေရာသို့ သွားရောက်ရန် ရည်ရွယ်ချက်ကို စွန့်လွှတ်လိုက်သည်။
ရှောင်ယွိက မေးဖျားလေးကို လက်ဖြင့်ထောက်ထားရင်း ကျန်းလန်ကို ကြည့်နေသည်။
"ဂိုဏ်းတူမောင်လေး ၊ ရှင်ဖတ်နေတဲ့စာအုပ်တွေက ကျွန်မလည်း တစ်ခါမှ မမြင်ဖူးဘူး"
"ခွန်လွန်တောင်၏အဓိကတောင်ထွတ်ကြီးကိုးခု" ဆိုသည့်စာအုပ်ကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
သို့သော် ကျန်းလန်၏ မျက်ဝန်းများထဲမှ နက်နဲသည့်အတွေးများကို တွေ့မြင်လိုက်ရသည့်အခါ စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည့်အကြောင်းအရာများက ထင်သလောက် မရိုးရှင်းသည်ကို ခန့်မှန်းနိုင်ခဲ့သည်။
"ဒီစာအုပ်တွေက ခွန်လွန်တောင် စာကြည့်တိုက်မှာ မရှိဘူး"
ပြောပြီးသည်နှင့် ကျန်းလန်က စာအုပ်ကို သိမ်းဆည်းလိုက်သည်။ ရှောင်ယွိအနေဖြင့် ထိုသို့သောစာအုပ်များကို ဖတ်ချိန်မတန်သေးပေ။
အထူးသဖြင့် ဆရာဖြစ်သူရေးသားထားသည့် "ရှေးဟောင်းဧကရာဇ်နန်းတော်ကျရှုံးသွားခဲ့ပြီ" ဆိုသည့် စာကြောင်းကိုတွေ့လျှင် ရှောင်ယွိ မည်သည့်နည်းနှင့်မှ နားလည်မည် မဟုတ်ပေ။ ရှေးဟောင်းဧကရာဇ်နန်းတော်အကြောင်း သိရှိသူ လူများစွာ မရှိပေ။
ရှောင်ယွိက…
"ဂိုဏ်းတူမောင်လေးက ဘယ်လိုလျှို့ဝှက်ရမယ်ဆိုတာ သိပ်သိတာပဲ"
သို့သော် သူမက ထိုအကြောင်းကို စိတ်ထဲမထားဘဲ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။
"မိုးတောင်ချုပ်တော့မယ် ၊ နောက် (၂)ရက်လောက်ဆိုရင်တော့ ကျွန်မ ကျောက်စိမ်းရေကန်ကိုပြန်ပြီး တံခါးပိတ်ကျင့်ကြံလိုက်ဦးမယ်"
ထို့နောက် သူမက ကျန်းလန်ကို လှည့်ကြည့်လိုက်ရင်း…
"ဒါနဲ့… ကျွန်မ တံခါးပိတ်ကျင့်ကြံရာက ထွက်လာရင် လူသားအင်မော်တယ်အဆင့် အောင်မြင်တော့မှာ သိလား ၊ ဂိုဏ်းတူမောင်လေးကတော့ လူသားအင်မော်တယ် ၊ အလယ်ဆင့်ပဲ ရှိသေးတာ မဟုတ်လား"
ကျန်းလန် : "……"
ရှောင်ယွိက သူ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို အသိဆုံးဖြစ်သည်။ ဆရာဖြစ်သူထက်ပင် ပိုပြီး သိသေးသည်။
ကျန်းလန် ခေါင်းညိတ်ပြလိုက်၏။ အများအမြင်တွင် သူက တကယ်ပဲ လူသားအင်မော်တယ် ၊ အလယ်ဆင့် ဖြစ်သည် မဟုတ်လား။
ရှောင်ယွိက တည်ကြည်လေးနက်စွာဖြင့်…
"နောက်ထပ်နှစ်ပေါင်း (၁၀၀)နေရင် ပြုလုပ်မယ့်စိန်ခေါ်ပွဲမှာ ဂိုဏ်းတူမောင်လေး ကျွန်မကို လုံး၀ လှည့်စားခွင့် မရှိဘူးနော်"
ဒီစကားက လူသားအင်မော်တယ် ၊ အလယ်ဆင့်ထက် မြင့်မားသော တန်ခိုးစွမ်းအားကို အသုံးပြုခွင့်မရှိဟု ရှောင်ယွိက သူ့ကို သတိပေးလိုက်ခြင်းလား။
ကျန်းလန် ညင်သာစွာပင် ခေါင်းညိတ်ပြလိုက်သည်။
ရှောင်ယွိနှင့် ယှဉ်ပြိုင်ရာတွင် အများအမြင်တွင်ရှိသည့် ကျင့်ကြံခြင်းအဆင့်ထက်ပိုပြီး အသုံးပြုတိုက်ခိုက်ရန် သူ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပေ။
အရင် စိန်ခေါ်ပွဲ (၂)ခုတွင် ရှောင်ယွိ ရှုံးခဲ့ရသည့်အကြောင်းရင်းမှာ နဝမတောင်ထွတ်တွင်တိုက်ခိုက်ရန် သူမဘက်မှ ဇွတ်အတင်း ရွေးချယ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ညမိုးချုပ်ပြီဖြစ်လေရာ ကျန်းလန် အိပ်ခန်းထဲ ဝင်လာခဲ့သည်။
ရှောင်ယွိက ကျန်းလန်အနားသို့ တိုးကပ်လာရင်း…
"ဂိုဏ်းတူမောင်လေး ၊ ကျွန်မ ဒီတစ်ခေါက် နဂါးတစ်ဝက်အသွင် မပြောင်းတော့ဘူး ထင်တာပဲ"
ကျန်းလန်က တိုးလျသည့်လေသံဖြင့်…
"ဂိုဏ်းတူအစ်မ လျှောက်မကုတ်ခြစ်ရင်တော့ ပိုကောင်းမှာပေါ့"
"ဂိုဏ်းတူမောင်လေး"
ရှောင်ယွိက ကျန်းလန်ဘေးနားတွင် ဝုန်းကနဲ ဝင်ထိုင်လိုက်ပြီး သူမပုံစံက လုန်ယွိအသွင် ပြောင်းလဲသွားသည်။
"ဒါဖြင့် ဂိုဏ်းတူမောင်လေးက လူသားမိန်းကလေးတွေကို ပိုပြီး သဘောကျတာလား"
ကျန်းလန်က…
"ဟင့်အင်း… ကိုယ်က ဂိုဏ်းတူအစ်မကိုပဲ သဘောကျတာ"
လုန်ယွိက ကျန်းလန်ဘေးနားသို့ အသာတိုးကပ်ကာ သူ့ကို ပြုံးပြလိုက်ရင်း…
"ပြီးရော… ဒီညတော့ ရှင့်ကို နာကျင်အောင် မလုပ်ပါဘူး"
***
နောက်တစ်နေ့နံနက်။
ကျန်းလန် အိမ်ထဲမှထွက်လာပြီး ကျောက်စားပွဲထက်တွင် ဝင်ထိုင်လိုက်သည်။
သူ့လက်တွင် ထင်ကျန်နေသည့် ကုတ်ခြစ်ရာများကို တစ်ချက်ကြည့်လိုက်ပြီးနောက် အရေးမစိုက်တော့ပေ။ အခန်းထဲမှ နဂါးမလေးသည် ဘယ်သောအခါမှ သတိမရှိဘဲ သူ့ကို ကုတ်ခြစ်မြဲ ဖြစ်သည်။
ယခုဆိုလျှင် အရင်ကထက်ပိုပြီး ဆိုးရွားစွာပင် သူ့ကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားပြီး ကုတ်ခြစ်ပစ်သေးသည်။
"ကျင့်ကြံခြင်းအဆင့် မြင့်လာလေ ပို ကုတ်ခြစ်လေလား မသိဘူး ၊ အခြားနဂါးတွေရော အတူတူပဲလား မပြောတတ်ဘူး"
ကျန်းလန် အံ့အားသင့်စွာဖြင့်ပင် တွေးမိသည်။
သို့သော် ထိုပြဿနာက အဖြေရှာရန် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အခြားသောနဂါးများသည် လူသားများနှင့် အိမ်ထောင်ပြုလေ့မရှိဘဲ နဂါးမျိုးနွယ်အချင်းချင်းသာ လက်ထပ်ကြမည် ဖြစ်လေရာ အတူတူ အိပ်စက်သည့်အချိန်မျိုးတွင် နဂါးအစစ်အမှန်အသွင်ဖြင့်သာ အိပ်စက်ကြပေလိမ့်မည်။
ရှောင်ယွိကတော့ ခြွင်းချက် ဖြစ်သည်။
ခြံဝင်းထဲတွင် ထိုင်နေရင်း ကျန်းလန်က အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
မိုးဖွဲလေးများ ကျဆင်းပြီးကာစ နေရောင်ခြည်ထွက်ပေါ်လာသည်ကို တွေ့မြင်ရသည်။ နေခြည်နုနုအောက်တွင် ကမ္ဘာလောကကြီးက အသစ်ပြန်လည်မွေးဖွားလာသည့်အလား ထင်မှတ်ရသည်။
ထိုစဉ်…
"ဒုန်း"
အိမ်တံခါးဝဆီမှ အသံတစ်သံ ထွက်ပေါ်လာသည်။
နဂါးအကြေးခွံများဖြင့် ဖုံးလွှမ်းနေသည့် ရှောင်ယွိသည် တံခါးနှင့် ဝင်တိုက်မိခြင်း ဖြစ်သည်။ သူမ၏လည်ပင်းထက်တွင်လည်း သွေးနီရောင်အနာရွတ်ကြီးက ထင်ဟပ်လျှက် ရှိသည်။
သူမက ကျန်းလန်ကို ရှက်ကိုးရှက်ကန်းဖြင့်လှမ်းကြည့်ရင်း…
"ဂိုဏ်းတူမောင်လေး ယဉ်ကျေးမှုရှိပါ ၊ ကျွန်မ တံခါးနဲ့ ဝင်တိုက်မိတာကို မရယ်ရဘူးနော်"
ကျန်းလန် စကားပြန်မပြောခင်မှာပင် သူမက ကျန်းလန်ဘေးနား ရောက်လာသည်။
"မေ့လို့ မေ့လို့… ဂိုဏ်းတူမောင်လေးက ရယ်မှ မရယ်တတ်တာ"
သူမက စကားပြောရင်း ကျန်းလန်လက်မှ ကုတ်ခြစ်ခံထားရသည့် ဒဏ်ရာများကို မန္တန်အသုံးပြုကာ ကုသပေးလိုက်သည်။
ထို့နောက် သူမက ကျန်းလန် နောက်ကျောဘက်သို့ ရောက်လာပြီး ကျောပြင်ထက်မှ ဒဏ်ရာများကိုလည်း ကုသပေးလိုက်သည်။ ကျောပြင်ထက်မှ ဒဏ်ရာများက လက်မှဒဏ်ရာများထက်ပင် ပိုဆိုးသေးသည်။
ကျန်းလန်ကတော့ တိတ်ဆိတ်ငြိမ်သက်နေ၏။
သူက အပြုံးအရယ် နည်းခြင်းသာဖြစ်ပြီး မပြုံးရယ်တတ်ခြင်းတော့ မဟုတ်ပါပေ။
ရှောင်ယွိက…
"ဂိုဏ်းတူမောင်လေး ၊ ရှင့်ရဲ့ကျင့်ကြံခြင်းအဆင့်က ဒီလောက်မြင့်မားတာ ၊ ဘာလို့ ကျွန်မကြောင့် ဒဏ်ရာရနေရသေးတာလဲ"
ထို့နောက် သူမက နဂါးအကြေးခွံများ ထက်ပေါ်နေသည့် သူမ၏လက်ကို အခြားလက်တစ်ဖက်ဖြင့် ကုတ်ခြစ်ကြည့်လိုက်သည်။ သံကို ကုတ်ခြစ်နေသကဲ့သို့ စူးရှသည့် အသံတစ်သံသာ ထွက်ပေါ်လာပြီး မည်သည့်ဒဏ်ရာမှ ရရှိခြင်း မရှိပေ။
ရှောင်ယွိက သူမလက်ကို ကျန်းလန်အားပြလိုက်ရင်း…
"တွေ့လား ၊ ကျွန်မကျတော့ ဘာဒဏ်ရာမှ မရဘူး"
"အင်း… ဘာဒဏ်ရာမှ မရဘူး"
ကျန်းလန်က ရှောင်ယွိ၏ နဂါးအကြေးခွံများဖြင့်ပြည့်နေသည့် လက်လေးကို အသာထိကိုင်ရင်း ဆိုသည်။
နဂါးအကြေးခွံများမရှိပါက သူမ၏လက်များ ဒဏ်ရာရသွားမည်လားဟု ကျန်းလန် သိချင်မိသည်။ အခွင့်အရေးရပါက စမ်းသပ်ကြည့်ရပေလိမ့်မည်။
သို့သော် သူ့နဂါးမယ်လေး ရှောင်ယွိဖြင့် မစမ်းသပ်ဘဲ နဂါးအထီးလေး လုန်မန်ကို စမ်းသပ်ကြည့်လျှင် ပိုကောင်းပေမည်။ ရှောင်ယွိ ဒဏ်ရာရခြင်းထက် လုန်မန်ဒဏ်ရာရခြင်းက ပြဿနာ မရှိနိုင်ပေ။
ရှောင်ယွိက ကျန်းလန်ကိုကြည့်ရင်း မေ့စေ့ကို လက်ဖြင့်အသာပွတ်လိုက်သည်။
"ဒီတော့… ကျွန်မရဲ့ ခန္ဓာကိုယ်က ဂိုဏ်းတူမောင်လေးရဲ့ခန္ဓာကိုယ်ထက် ပိုပြီးသန်မာတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့"
"တုံး အ ပြီး မာနကြီးတဲ့ နဂါးမလေး"
ဟုသာ ကျန်းလန် စိတ်ထဲက တွေးလိုက်မိလေတော့၏။
***
အချိန် (၂)ရက်ကြာခဲ့ပြီးနောက်…။
တံခါးပိတ်ကျင့်ကြံရန်အတွက် ရှောင်ယွိ ကျောက်စိမ်းရေကန်သို့ ပြန်တော့မည် ဖြစ်သည်။
"ဘိုးဘေးနဂါးပေးအပ်လိုက်တဲ့ ကောင်းချီးလက်ဆောင်ကို အသုံးပြုပြီး ဆက်ကျင့်ကြံရမယ် ၊ ပြီးရင်တော့ ကျွန်မကိုယ်ကျွန်မ ထိန်းချုပ်နိုင်မယ်ထင်တာပဲ"
ရှောင်ယွိက ကျန်းလန်နှင့်အတူ ခြံဝင်းအတွင်းမှ လမ်းလျှောက်ထွက်လာရင်း သူမလည်ပင်းထက်မှ အနာရွတ်ကို ထိကိုင်ကာ ပြောလိုက်သည်။
ကျန်းလန်နှင့် အတူတူ နေပြီးတိုင်း ထိုအနာရွတ်က ထင်သာမြင်သာ ထွက်ပေးလာလေ့ ရှိသည်။ ထို့ပြင် အဝတ်အစားများသာ ဝတ်ဆင်ထားခြင်း မရှိလျှင် သူမခန္ဓာကိုယ် နေရာအတော်များများတွင်လည်း နဂါးအကြေးခွံများ ဖုံးအုပ်နေမည်မှာ အမှန်ပင်။
ကျန်းလန်က…
"ဂိုဏ်းတူအစ်မ ၊ အချိန်ဘယ်လောက်ကြာအောင် တံခါးပိတ်ကျင့်ကြံမှာလဲ"
ရှောင်ယွိက…
"သိပ်မကြာပါဘူး ၊ ငါးနှစ် ခြောက်နှစ်လောက်ပဲ ကြာမှာပါ ၊ ကျွန်မ ကျင့်ကြံပြီးရင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မလားဆိုတာ ထပ်ပြီး ကြိုးစားကြည့်တာပေါ့"
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
အချိန် (၅)နှစ် ၊ (၆)နှစ်ဆိုသည်က ကြာမြင့်သည်ဟု မဆိုသာပေ။
တံခါးပိတ်ကျင့်ကြံခြင်းမှ ပြန်ထွက်လာလျှင်တော့ ရှောင်ယွိက လူသားအင်မော်တယ် ၊ အောင်မြင်သည့်အဆင့်သို့ ရောက်ရှိနေပေလိမ့်မည်။
အစစ်အမှန်အင်မော်တယ်အဆင့်သို့ အဆင့်တက်ရန်မှာလည်း သူမအတွက် များစွာ နှေးကွေးမည် မဟုတ်ပေ။
ကျောက်စိမ်းရေကန်သို့ ပြန်ခါနီးအချိန်။
ရှောင်ယွိက ကျန်းလန်နှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေလေသည်။
ထို့နောက် သူမက ကျန်းလန်နောက်ဘက်သို့ လက်ညှိုးညွှန်ပြလိုက်ရင်း...
"ဂိုဏ်းတူမောင်လေး ၊ ဟိုမှာကြည့်လိုက်"
ကျန်းလန် လှည့်ကြည့်လိုက်တော့ မည်သည့် ထူးခြားချက်မှလည်း မတွေ့ရပေ။
ထို့ကြောင့် သူက ပြန်လှည့်ပြီး မေးရန် ဟန်ပြင်လိုက်စဉ်တွင်...
ရှောင်ယွိ၏ နှုတ်ခမ်းလေးများက သူ့နှုတ်ခမ်းထက် လာရောက်ထိကပ်သည်ကို ခံစားလိုက်ရသည်။
ရှောင်ယွိက ခြေဖျားလေးများထောက်လျှက် သူ့ကို နွေးထွေးအိစက်သည့် အနမ်းတစ်ချက် ပေးလိုက်သည်။
ထို့နောက် သူမက နောက်သို့ ခြေတစ်လှမ်းပြန်ဆုတ်လိုက်ပြီး တောက်ပစွာ ပြုံးရယ်လိုက်ရင်း...
"ကျွန်မကို တုတ်ထိုးသကြားလုံး ဝယ်ပေးဖို့ မမေ့နဲ့နော်..."
ပြောပြီးသည်နှင့် သူမက ကျန်းလန်ကို နှုတ်ဆက်ပြီး ဓားကို စီးနှင်ကာ ထွက်ခွာသွားလေတော့သည်။
သူမ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ကျန်းလန်က မတ်တတ်ရပ်ရင်း ငေးကြည့်ကျန်ရစ်ခဲ့သည်။
နေရောင်ခြည်က ကောင်းကင်ထက်တွင် တောက်ပနေပြီး လေပြေလေးက တိုက်ခတ်နေသည်။
အတန်ကြာပြီးနောက် ကျန်းလန် ခြံဝင်းဆီသို့ လှည့်ပြန်လာခဲ့သည်။
သူ ခေါင်းတစ်ချက် မသိမသာ ခါယမ်းလိုက်ရင်း...
"ဒီ နဂါးမလေးကတော့လေ..."
***