← Chapters

နဝမတောင်ထွတ်၏လျှို့ဝှက်ချက်

Vol. 32 Ch. 443

နဝမတောင်ထွတ်၏လျှို့ဝှက်ချက်

Vol. 32 Ch. 443

ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်။

ခန်းမဆောင်ထဲတွင် တောင်သခင်အချို့ရှိနေပြီး ကိစ္စရပ်အချို့ကို ဆွေးနွေးနေကြသည်။

လျိုကျင်းက သက်ပြင်းတစ်ချက်ချရင်း...

"ကောင်းကင်နဂါးဓားက နဂါးနန်းတော်မှာ အစကတည်းက ရှိနေတာပဲ ၊ ဘာမှ မထူးဆန်းဘူး ၊ အမှန်တကယ် အံ့သြစရာကောင်းတာက နှစ်ပေါင်းကြာရှည် ပျောက်ဆုံးနေတဲ့ နဂါးဓားသိုင်း ပြန်ပေါ်လာတာပဲ"

"အခု ဒီဓားသိုင်း ပြန်ပေါ်လာပြီဆိုတော့ ဓားသိုင်းတတ်ကျွမ်းသူက နဂါးမျိုးနွယ်တွေရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့အတွက် သူတို့အတွက် အကူအညီ အများကြီး ရလိမ့်မယ် ၊ နောက်ဆို အဋ္ဌမမင်းသားကို သူတို့ဘက်က ပြန်ခေါ်ချင်တယ်ဆိုရင် ကျုပ်တို့နဲ့ ရင်ဆိုင်ဖို့ သူတို့ကိုယ်သူတို့ ယုံကြည်မှု ရှိသွားလိမ့်မယ်"

နဂါးဓားသိုင်း ပျောက်ဆုံးနေသည်မှာ အချိန်အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကောလဟလများအရ နဂါးဓားသိုင်းကို မိုးနဲ့မြေမှ ပြန်လည်ရုတ်သိမ်းသွားခဲ့သည့်အတွက် ဘယ်သောအခါမှ ပြန်လည်ထွက်ပေါ်လာတော့မည် မဟုတ်ဟု ဆိုကြသည်။

သို့ပေသိ ယခုတော့ ထိုဓားသိုင်းက ပြန်လည်ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ထိုကိစ္စက သူတို့အားလုံးကိုသာမက နဂါးမျိုးနွယ်များကိုပါ အံ့အားသင့်သွားစေခဲ့သည်။

မြောင်ယွဲ့က...

"အဲဒီလူ ဘယ်သူလဲဆိုတာ နဂါးမျိုးနွယ်တွေလည်း သိတဲ့ပုံမပေါ်ဘူး ၊ အခုဆိုရင် အဋ္ဌမမင်းသားမှာ နဂါးဓားရှိနေတယ် ၊ ဒါကိုကြည့်ခြင်းအားဖြင့် အဲဒီလူ ဘယ်သူလဲဆိုတာ နဂါးမျိုးနွယ်ဘက်က မသိတာ ထင်ရှားနေတယ် ၊ ဆိုတော့… သုံးသပ်ရမှာက အဲဒီလူကို နဂါးမျိုးနွယ်တွေဘက်က တမင်သက်သက် လျှို့ဝှက်ဖုံးကွယ်ထားတယ်လို့ ထင်သလား ၊ ဒါမှမဟုတ် အဲဒီလူက ခွန်လွန်တောင်မှာ ရှိနေတာလား"

ကျူးချင်က မျက်မှောင်ကြုတ်လိုက်ရင်း...

"အဲဒီလူက ခွန်လွန်တောင်မှာ ဟုတ်လား ၊ ဂိုဏ်းတူအစ်မက ဘာတွေများသိထားလို့လဲ"

ကျူးချင်တင် မဟုတ်ပေ ၊ ကျိုးကျုန်းထျန်းနှင့် အခြားသူများလည်း ပဟေဠိ ဖြစ်သွားကြသည်။

ဖုန်းယီရှောက်က...

"နဂါးငိုကျွန်းကို သွားကြတဲ့ လူငယ် (၁၅)ယောက်ကို ကျုပ်တို့ ချုံ့ပြီး ကြည့်နိုင်တယ်... ၊ မသိနိုင်တဲ့ သဲလွန်စတွေကို ရှာဖွေနေမယ့်အစား နဂါးဓားသိုင်းတတ်ကျွမ်းသူက အဲဒီလူငယ်တွေထဲက ဘယ်သူဖြစ်နိုင်မလဲဆိုတာ မှန်းဆကြည့်ရအောင်"

ကျိုးကျုန်းထျန်းက သေရည်တစ်ငုံသောက်လိုက်ရင်း...

"ကျွန်းပေါ်ကိုသွားတဲ့ လူငယ် (၁၅)ယောက်… ဟုတ်လား ၊ နဂါးမျိနွယ်တွေပဲ နဂါးဓားသိုင်းကို အသုံးပြုနိုင်မှာ မဟုတ်ဘူးလား ၊ ဒီလိုဆိုရင် ခွန်လွန်တောင်က တပည့် (၉)ယောက်ကို ဖယ်ထားပြီး စဉ်းစားရမှာပေါ့"

လျိုကျင်းက...

"ဒါဆို လူ (၆)ယောက်ပဲကျန်မယ် ၊ အဲဒီထဲမှာ အဋ္ဌမမင်းသားကတော့ မွေးရာပါအင်မော်တယ်တစ်ယောက် ဖြစ်တယ်"

ထို့နောက် သူက ဖုန်းယီရှောက်နှင့် မြောင်ယွဲ့ကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း...

"ဒီတော့ အဋ္ဌမမင်းသားက ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားတယ်လို့ မင်းတို့တွေသံသယဝင်နေတာလား ၊ သူက နဂါးဓားသိုင်း တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်လား"

ကျူးချင်က ခေါင်းခါယမ်းလိုက်ရင်း...

"ကျွန်မတော့ အဲဒီလို မထင်ဘူး"

သူမက ဆက်ပြောသည်။

"အဋ္ဌမမင်းသားက မွေးရာပါအင်မော်တယ်ဆိုပေမယ့် သူမွေးဖွားလာတာ သိပ်မှမကြာသေးတာ ၊ သူက ထူးခြားတဲ့သူတစ်ယောက် မှန်ပေမယ့် တာ့လော်အင်မော်တယ်ဆင့်တော့ လုံးဝမဖြစ်နိုင်ဘူး ၊ အဲဒီ နဂါးဓားသိုင်းတတ်ကျွမ်းတဲ့သူက တာ့လော်အင်မော်တယ် ၊ အလယ်ဆင့်လောက်ရှိတယ်လို့ ဂိုဏ်းတူအစ်ကို ကျိုးကျုန်းထျန်း ပြောခဲ့တယ် မဟုတ်လား ၊ အဋ္ဌမမင်းသားနဲ့ယှဉ်ရင် အဆင့်ချင်း အရမ်းကွာနေတယ်"

မြောင်ယွဲ့က တိုးလျသည့်လေသံဖြင့်...

"ဒါပေမဲ့ အဋ္ဌမမင်းသားအပြင် ခွန်လွန်တောင်မှာနေထိုင်တဲ့ နောက်ထပ်နဂါးမျိုးနွယ်တစ်ယောက် ရှိသေးတယ်လေ ၊ သူလည်း ထူးခြားတဲ့သူတစ်ယောက်ပဲ မဟုတ်လား ၊ တကယ်ဆိုရင် မွေးရာပါအင်မော်တယ်တွေက ထူးခြားတာမှန်ပေမယ့် နဂါးမျိုးနွယ်ထဲမှာ အဲဒီလိုလူတွေက ပေါမှပေါပဲ ၊ ဒါပေမဲ့…"

သူမက ခဏနားပြီးမှ ဆက်ပြောသည်။

"ဒါပေမဲ့ ချီစွမ်းအားသန့်စင်ခြင်းအဆင့်နဲ့ မွေးဖွားလာတဲ့ နဂါးတွေလည်း ထူးခြားတာပါပဲ ၊ အခုဆိုရင် အဲဒီလိုထူးခြားတဲ့ နဂါးမျိုးက တစ်ယောက်ပဲ ကျန်တော့တယ်"

လူတိုင်း အံ့အားသင့်သွားကြသည်။

မြောင်ယွဲ့က ကျောက်စိမ်းရေကန်နတ်ဘုရားမကို သံသယဝင်နေသည်လား။

ကျူးချင်က...

"မဖြစ်နိုင်ဘူး"

"ရှောင်ယွိက ကျွန်မ မျက်စိရှေ့မှာ အရွယ်ရောက်လာတာ ၊ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ကျွန်မ မသိအောင် ဖုံးကွယ်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ ပြီးတော့ သူ လူသားအင်မော်တယ်အဆင့်တက်တော့ မိုးကောင်းကင်စမ်းသပ်ခံရခြင်း ရင်ဆိုင်ရတာကို ကျွန်မတို့အားလုံး မျက်မြင်တွေ့ခဲ့တာပဲလေ"

"ပြီးတော့ သူ လူသားအင်မော်တယ်ဖြစ်တာ အဋ္ဌမမင်းသားထက် အများကြီး နောက်ကျတယ် ၊ ဒီလောက်အချိန်တိုလေးအတွင်းမှာ တာ့လော်အင်မော်တယ် ဖြစ်လာဖို့ဆိုတာ သူ့အတွက် လုံးဝမဖြစ်နိုင်ဘူး"

မြောင်ယွဲ့က ခေါင်းညိတ်လိုက်ရင်း…

"မှန်ပါတယ်"

ခဏမျှ တုံ့ဆိုင်းနေပြီးမှ သူမက ဆက်ပြောသည်။

"ဒါပေမဲ့ သူက ကျောက်စိမ်းရေကန်နတ်ဘုရားမဆိုတော့ ထူးခြားမှု ရှိနိုင်တာပဲ ၊ သူက သာမန်သမားရိုးကျထက်တော့ သာလွန်တာအမှန်ပဲလေ"

ထို့နောက် မြောင်ယွဲ့က မောကျန်းသုန့်ကို လှမ်းကြည့်လိုက်ပြီး…

"ဒါနဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ ကျန်းလန်တို့ရော အဆင်ပြေကြရဲ့လား"

မော့ကျးန်သုန့်က…

"အင်း… လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်ကတောင် သူတို့ ရင်ပြင်မှာ လမ်းလျှောက်နေတာ တွေ့သေးတယ် ၊ ဘာပြဿနာမှမရှိလောက်ပါဘူး ၊ သူတို့ အဆင်ပြေကြတဲ့ပုံပါပဲ"

ထို့နောက် သူက မည်သည့်စကားမှ မပြောတော့ပေ။

နဂါးဓားသိုင်းတတ်ကျွမ်းသူမှာ မည်သူဖြစ်ကြောင်း မော့ကျန်းသုန့် ရိပ်မိခဲ့ပြီး ဖြစ်သည်။ သို့သော် ထိုကိစ္စက သာမန်သိစိတ်ဖြင့်ဆိုလျှင် အတော်လေး ဆန့်ကျင်ဘက် ဖြစ်နေသည်။

ကျန်းလန်က နှစ်ပေါင်း (၆၀၀) အတွင်း မိုးကောင်းကင်အင်မော်တယ် ဖြစ်လာခဲ့သည်။ ထိုထက်မက ယခုတော့ တာ့လော်အင်မော်တယ်ပင် ဖြစ်နေခဲ့လေပြီ။

နှစ်ပေါင်း (၆၀၀)ကျော်လေးဖြင့် တာ့လော်အင်မော်တယ် ဖြစ်လာခြင်းက…

သာမန်လူတစ်ယောက်၏ အသိတရားနှင့် လုံး၀ ဆန့်ကျင်ဘက် ဖြစ်နေလေ၏။

တောင်သခင်များ အတန်ကြာဆွေးနွေးခဲ့ကြသော်လည်း မည်သည့်လှုပ်ရှားမှုမှ ပြုလုပ်ရန် မဆုံးဖြတ်ခဲ့ကြပေ။ လှုပ်ရှားရန်လည်း အချိန်မကျသေးပေ။

နဂါးဓားသိုင်းတတ်ကျွမ်းသူ ခွန်လွန်တောင်တွင် ရှိနေသည်ဆိုပါက သူ့အလိုလို ထွက်ပေါ်လာသည်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။ ထိုသူ ထွက်ပေါ်လာရန်အတွက် ခွန်လွန်တောင် ပတ်ဝန်းကျင်တွင် ရှိနေသည့် လူအများကို ရင်းမြစ်အချို့ ပေးပြီး အသုံးချနိုင်သည်။

အချိန်အတန်ကြာသွားသည့်နောက် တောင်သခင်များ၏ အစည်းအဝေး အဆုံးသတ်သွားသည်။

မြောင်ယွဲ့သည်လည်း ပဉ္စမတောင်ထွတ်သို့ ပြန်လာခဲ့၏။

ပဉ္စမတောင်ထွတ်၏ ခန်းမဆောင်ထဲတွင် သူမတစ်ယောက်တည်း ထိုင်နေရင်း နဝမတောင်ထွတ်ရှိရာသို့ လှမ်းမျှော်ကြည့်လိုက်သည်။ သူမ မေးကို လက်ဖြင့် အသာကိုင်ရင်း မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်၏။

"ဂိုဏ်းတူအစ်ကို မော့ကျန်းသုန့်ပုံစံက အရင်ကနဲ့မတူဘူး ၊ ငါ မေးခွန်းမေးလိုက်တော့ သူ့ကိုကြည့်ရတာ တစ်ခုခုကို ဖုံးကွယ်ထားသလိုပဲ"

"သူ့ကိုကြည့်ရတာ လျှို့ဝှက်ချက်တစ်ခုခုကို သိထားတဲ့ပုံပဲ ၊ ဆိုတော့… အဲဒါ ဘာဖြစ်နိုင်မလဲ ၊ သူ ဘယ်သူ့အကြောင်းကို ဖုံးကွယ်ထားတာလဲ"

မယုံကြည်နိုင်စရာ ကိစ္စတစ်ခုကို သိရှိသွားသည့်အလား မြောင်ယွဲ့က မျက်လုံးကို တစ်ချက်စွေကြည့်လိုက်ပြီး ရယ်မောလိုက်လေ၏။

***

တောင်ခြေသေရည်ဆိုင်။

အဋ္ဌမင်းသားကတော့ သူ့လက်ထဲရောက်လာသည့် ဓားအသစ်ဖြင့် သားကောင်များကို ခုတ်ထစ်လှီးဖြတ်နေ၏။ အခြားသူများက သူ၏ဓားကို လှပသည်ဟု ထင်ကြသော်လည်း အစွမ်းထက်သည့် နဂါးဓားမှန်း မည်သူမှ မသိကြပေ။

နဂါးဓားသိုင်းမတတ်ကျွမ်းသူတစ်ယောက်အတွက် ဤဓားသည် သာမန်ဓားတစ်လက်မျှသာ ဖြစ်သည်။ အဋ္ဌမမင်းသားလက်ထဲမှာပင် အသုံးမကျသည့် ဓားတစ်လက် ဖြစ်နေခဲ့သည်။

နဂါးဓားသိုင်းတတ်ကျွမ်းမှသာလျှင် ဤဓားကိုကိုင်ရန် အရည်အချင်း ပြည့်မီပေလိမ့်မည်။

မဟုတ်ပါက…

အသားခုတ် ၊ ဟင်းရွက်လှီးရန်မျှသာ အသုံးပြုနိုင်ပေမည်။

ကောင်ငယ်လေးက ဒေါသတကြီးဖြင့်…

"ချီလင်ကောင်မလေးရဲ့ စကားအရဆိုရင် ဟုန်ယာ အသက်အန္တရယ်ရှိနေပြီ"

အဋ္ဌမမင်းသားက ဓားကိုဘေးသို့ချကာ လှီးဖြတ်ထားသည့် အသားတုံးများကို မီးဖိုထက်တွင် ကင်လိုက်ရင်း…

"ကာယကံရှင်ကတောင် အေးအေးဆေးဆေးဖြစ်နေတာ ၊ မင်းက ဘာတွေ အလျင်လိုနေတာလဲ"

လုန်မန်သည် သေရည်ဆိုင်ထဲတွင် အသားကင်ရောင်းချခြင်းကို နံနက်ပိုင်း ခဏတာသာ ပြုလုပ်ဝံ့လေသည်။ သေရည်ဆိုင်ရှင်အဘိုးအို ရှိနေသည့် နေ့ခင်းအချိန်များတွင် ရောင်းချဝံ့ခြင်း မရှိပေ။ သူက အဘိုးအိုကို မထီမဲ့မြင်မပြုရဲပေ။

ဦးလေးလုန်ရဲ့သည်လည်း ယခုတလော ဘယ်ရောက်လို့ ဘယ်ပေါက်နေလဲ မသိပေ။ လုန်ရဲ့က သူ့ကို စောင့်ရှောက်ပေးနေသူဖြစ်သလို နဂါးနန်းတော်သို့လည်း ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ခွင့် ရရှိထားသူ ဖြစ်သည်။

သေရည်ပန်းကန်များကို အဝတ်တစ်ခုဖြင့် သုတ်နေသည့် ဟုန်ယာကို ကောင်ငယ်လေးက လှမ်းကြည့်လိုက်သည်။

ထို့နောက် သူက ခပ်တိုးတိုးလေသံဖြင့်…

"ဟို မင်းမျိုးမင်းနွယ်ပြောတာတော့ မိန်းကလေးတွေက တစ်ခါတစ်လေမှာ သူတို့အားနည်းချက်ကို ထုတ်ဖော်မပြတတ်ကြဘူးတဲ့"

"ဒီတစ်ခေါက် ကျွန်တော် သူ့ကို ကာကွယ်ပေးလိုက်ရင် နောက်ဆို သူ ကျွန်တော့်ကို အားကိုးလာမှာပဲ ၊ ပြီးတော့ အစ်ကိုကြီးရဲ့ အစီအရင်ထဲက ဟုန်ယာအတုကလည်း အဲဒီလိုပဲ ပြောခဲ့တယ်"

အဋ္ဌမမင်းသားက အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့်…

"မင်းက ဟုန်ယာအတုပြောတတွေကို မှတ်မိနေသေးတာလား"

ကောင်ငယ်လေးက သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"သူက ဟုန်ယာအတုဖြစ်နေပေမယ့် သူပြောတဲ့ စကားလုံးတိုင်းက ကျွန်တော့်အတွက်တော့ မမေ့နိုင်စရာပါပဲ ၊ အဲဒီစကားတွေသာ အမှန်ဖြစ်လာမယ်ဆိုရင် ကျွန်တော့်ဘဝတစ်ခုလုံး ပြီးပြည့်စုံသွားလိမ့်မယ် ၊ ဒါပေမဲ့ ကျွန်တော့် ရင်ထဲမှာ မျှော်လင့်ချက်တွေ ဘယ်လောက်ပဲ ထားနေပါစေ အဲဒီဟုန်ယာက အတုအယောင်တစ်ခုပါပဲဗျာ"

ကောင်ငယ်လေး နာကျင်နေသည်ကို အဋ္ဌမမင်းသားက လျစ်လျူရှုလိုက်သည်။

ဇာမဏီကောင်မလေး၏ ဆံပင်ကိုဆွဲကာ လှံရှည်ဖြင့် ခေါင်းကို ရိုက်နှက်လိုက်မည်ဆိုလျှင် ထိုနာကျင်ခံစားနေရမှုများ ပျောက်ကွယ်သွားမည် ဖြစ်သည်။

လုန်မန်က…

"ဒါနဲ့ မင်းကို အကြံဉာဏ်တွေပေးနေတဲ့ အဲဒီ မင်းမျိုးမင်းနွယ်က အသက်ကြီးလို့ သေခါနီးနေပြီ မဟုတ်ဘူးလား"

ကောင်ငယ်လေးက ချက်ချင်းပင် မျက်လုံပြူးမျက်ဆံပြူး ဖြစ်သွားပြီး…

"ဘယ်ကလာ သေရမှာလဲ ၊ ကျွန်တော် သူ့ကို ဆေးဝါးတွေပေးလိုက်တယ် ၊ နောက်ထပ် အနှစ် (၂၀၀) ကနေ (၃၀၀)အထိ သူ အသက်ရှင်နေဦးမှာ"

ကောင်ငယ်လေးက ဆက်ပြောသည်။

"သူ နောက်တစ်ခေါက် ဆိုင်ကိုလာရင် သူ့ကို မေးခွန်းတွေ မေးလို့ရသေးတယ် ၊ ဒါပေမဲ့ ခင်ဗျားကို သတိပေးလိုက်မယ် ၊ အဲဒီလူကို လှံရှည်နဲ့ လုံး၀ မရိုက်ပါနဲ့"

အဋ္ဌမမင်းသားက မည်သည့်စကားမှမဆိုဘဲ သူ့လက်ထဲမှ နဂါးဓားကို ဝှေ့ယမ်းလိုက်သည်။ လှံရှည်နဲ့ မရိုက်ရဘူးဆိုလျှင် ဓားနှင့်ခုတ်ရလျှင်လည်း မဆိုးဘူးပဲလေ။

ထို့နောက် ကောင်ငယ်လေးက စားပွဲထက်တွင်ထိုင်ကာ လုန်မန်ကင်ထားသည့် အသားကင်များကို ယူစားရင်း စကားဆက်ပြော၏။

"ဒါနဲ့ စကားမစပ်… ၊ ကျွန်တော်တို့ဘက်က အဲဒီနတ်လူသားမျိုးနွယ်တွေကို ကြိုပြီး တိုက်ခိုက်ကြမလား ၊ သူတို့ထဲမှာ အစစ်အမှန်အင်မော်တယ် အောင်မြင်ထားတဲ့အဆင့် (၂)ယောက်ပါတယ်တဲ့ ၊ ကျန်တဲ့သူတွေက အစစ်အမှန်အင်မော်တယ် ကနဦးအဆင့်နဲ့ အလယ်ဆင့်တွေပဲ ၊ လူသားအင်မော်တယ်တွေလည်း ပါမလား မသိဘူး"

"ဟုန်ယာကို မျှားခေါ်ဖို့ သူတို့ဘက်က လူလွှတ်လိုက်တဲ့အခါ ကျွန်တော့်တို့ သူ့ကို ဖမ်းထားလိုက်မယ်လေ ၊ မကောင်းဘူးလား"

အဋ္ဌမင်းသားက နဂါးဓားကို ဆေးကြောကာ အဝတ်ဖြင့်သုတ်လိုက်ရင်း…

"အင်း… ကောင်းပါတယ် ၊ ဒါပေမဲ့ ကျုပ်တို့ ဆုံးဖြတ်ချက်ချဖို့ဆိုရင် ယောက်ဖကို သွားမေးရဦးမယ်"

ကောင်ငယ်လေးက စိတ်လှုပ်ရှားသွားဟန်ဖြင့်…

"အဲဒါ အဓိပ္ပါယ်ရှိတယ် ၊ ပြီးတော့ အခုလိုမျိုး ဟုန်ယာကို ကူညီလိုက်ရင် သူ ကျွန်တော့်ကို ပြန်ချစ်လာမလားဆိုတာလည်း အစ်ကိုကြီးကို မေးပေးဦး"

ဘာပဲဖြစ်ဖြစ် အဋ္ဌမမင်းသားကတော့ ကောင်ငယ်လေးကို ကူညီပေးမည် ဖြစ်သည်။ သို့သော် တစ်ဖက်ရန်သူတွင် အစစ်အမှန်အင်မော်တယ်အဆင့် ၊ အောင်မြင်ထားသူ (၂)ယောက်ရှိနေခြင်းက အလွန်အန္တရယ်များသည်။

ထို့ကြောင့် လက်သီးနတ်ဘုရားထံမှ အကူအညီတောင်းလျှင် ရမည်လားဟု ယောက်ဖကို မေးမြန်းလိုခြင်း ဖြစ်သည်။ လက်သီးနတ်ဘုရားသာ ကူညီမည်ဆိုလျှင်တော့ သူတို့ ရဲတင်းစွာ တိုက်ခိုက်နိုင်ကြမည်ဖြစ်သည်။

သို့သော် လက်သီးနတ်ဘုရားထံမှ အကူအညီမရလျှင်လည်း သေရည်ဆိုင်ရှင်အဘိုးအိုရှိနေသေး၏။

ခွန်လွန်တောင်တွင် နေထိုင်ရသည်က အမှန်တကယ်ပင် အန္တရယ်ကင်းသည်ဟု အဋ္ဌမမင်းသား ခံစားလိုက်မိလေသည်။

***

"နတ်လူသားမျိုးနွယ်တွေ… ဟုတ်လား"

ကျန်းလန် မေးလိုက်သည်။

သူက ရှေးဟောင်းဧကရာဇ်နန်းတော်ကို ရှာဖွေရန် စဉ်းစားထားသော်လည်း လုန်မန်က နဝမတောင်ထွတ်သို့ ရောက်ရှိလာခဲ့သည်။

နတ်လူသားမျိုးနွယ်များက ဇာမဏီကောင်မလေး ဟုန်ယာကို လုပ်ကြံသတ်ဖြတ်ချင်နေကြောင်း အဋ္ဌမမင်းသားက ပြောပြသည်။

လုန်မန်က…

"ချီလင်ကောင်မလေးကတော့ သူ့နားနဲ့ ဆတ်ဆတ်ကြားခဲ့တယ်လို့ ပြောတာပဲ ၊ လွန်ခဲ့တဲ့ တစ်လခွဲလောက်က ဖြစ်နိုင်တယ်"

အဋ္ဌမမင်းသားက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး စကားဆက်ပြောသည်။

"ချီလင်ကောင်မလေးက ခဏခဏ လမ်းမေးလို့ ကျုပ်က ရိုက်ချင်နေပေမယ့် သူက ဘယ်တော့မှ လိမ်မပြောတတ်ပါဘူး"

"မင်းကတော့ ဒီကောင်မလေးကို အတော်လေး နားလည်နေတာပဲ"

ကျန်းလန် စိတ်ထဲမှ တွေးလိုက်လေသည်။

***

All Chapters