ရှေးဟောင်းဧကရာဇ်နန်းတော်
Vol. 32 Ch. 446
ကျန်းလန်က သူ့ရှေ့မှ အလင်းရောင်ကို စိုက်ကြည့်ရင်း ငြိမ်သက်နေသည်။ ပတ်ဝန်းကျင်တွင် မူမမှန်မှု တစ်ခုခု ဖြစ်လာပါက သိရှိစေရန် အာရုံခံလိုက်သည်။
နတ်ဘုရားရာထူး ပိုင်ဆိုင်ထားသူများမှာ မည်သူမှ သူ့ထက် တန်ခိုးစွမ်းအား မနိမ့်ပါးကြပေ။ ထို့ကြောင့် မူမမှန်မှုများရှိခဲ့လျှင်လည်း သူ ရိပ်မိနိုင်မည် မဟုတ်ပေ။
သို့ပေသိ အမြဲတမ်း သတိထားနေရန်တော့ လိုအပ်သည်။
အလင်းရောင်အနီးသို့ တိုးကပ်လာလေ ၊ ထူးဆန်းသည့် ခံစားချက်ကို ခံစားရလေ ဖြစ်သည်။ အလင်းရောင်က "ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်" မှ အလင်းရောင်လောက် တောက်ပခြင်း မရှိပေ။ သို့သော် ရှေးကျမှုတစ်ခုကို ခံစားရသည်။
ထိုအရာက "ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်" ထက် ပိုပြီး ရှေးကျဟန်ရှိကာ အသက်ကြီးသည့် လူအိုကြီးတစ်ယောက်၏ အငွေ့အသက်မျိုးကို ခံစားရသည်။
"အဲဒါက တခြားနတ်ဘုရားရာထူးတွေတည်ရှိတဲ့ နန်းတော်တစ်ခုခုတော့ မဟုတ်လောက်ဘူးထင်တယ်"
အခြားနန်းတော်များ ဖြစ်နေမည်ဆိုလျှင် ပုံသဏ္ဌန်ကိုပင် ရှင်းရှင်းလင်းလင်း မတွေ့မြင်ရလောက်အောင် အလင်းရောင်က အားနည်းမှေးမှိန်ပြီး ရှေးကျနေမည် မဟုတ်ပေ။ အလင်းရောင်က အနည်းငယ် ပါးလျားလေသည်။
ဧရာဇ်ရှီးဟယ် ပြောပြခဲ့သည့်နေရာဖြစ်နိုင်သော်လည်း ဧကရာဇ်ရှီးဟယ်က နေရာအတိအကျကို ပြောမပြခဲ့ပေ။ "ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်" မှ ထွက်လာလျှင် တွေ့ရလိမ့်မည်ဟုသာ ပြောခဲ့ခြင်း ဖြစ်သည်။
ကျန်းလန်မှာလည်း မည်သည့်အရာကို ရှာဖွေရမှန်းပင် မသိခဲ့ပေ။ မကြာမီ အလင်းရောင်ထဲတွင် မြင်ကွင်းတစ်ခုကို သူ တွေ့မြင်လိုက်ရသည်။
သူ အနည်းငယ် အံ့အားသင့်သွားသည် ထိုနေရာက ကြီးကျယ်ခမ်းနားသည့် နေရာတစ်ခု မဟုတ်သလို "ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်" လောက်ပင် ပြီးပြည့်စုံခြင်းမရှိပေ။
နေရာကလည်း သေးငယ်ပြီး အဆောက်အဦးတစ်ခုသာလျှင် ရှိသည်။ ထိုအရာက နန်းတော်တံခါးတစ်ခု ဖြစ်၏။
အဝေးမှနေပြီး ဘာကိုမှ အာရုံမခံမိသည့်တိုင် အနားရောက်လာသည်နှင့်အမျှ ထိုနန်းတော်တံခါးသည် ဗလာနယ်ထဲတွင် ထီးတည်းရပ်တည်နေသည့်အလား အလွန်မြင့်မားကြောင်း သိလိုက်ရသည်။
ကျန်းလန် အံ့အားသင့်စွာဖြင့်…
"ဒါက ဘယ်နေရာလဲ"
မကြာမီ ထိုနန်းတော်တံခါး၏ ဘေးက်သို့ ကျန်းလန် ရောက်ရှိလာသည်။ သူ တွေ့မြင်ရသည်က တံခါးအနောက်ဘက်မှ မြင်ကွင်း ဖြစ်၏။
သို့ဖြစ်ရာ တံခါး၏အမည်ကို သိချင်လျှင် တံခါးရှေ့သို့ သွားကြည့်ရမည် ဖြစ်သည်။ တံခါးဝတွင်တော့ နာမည်ရေးသားထားပေလိမ့်မည်။
တံခါးအနားသို့ ရောက်လာသည်နှင့် ထူးခြားသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ဤနေရာက နတ်ဘုရားရာထူးနှင့် ပဲ့တင်ထပ်နေသည့်အလား ဖြစ်သည်။
"ဒီတံခါးက သာမန်မဟုတ်ဘူးပဲ"
"ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်" အနားတွင် မတ်တတ်ရပ်နေစဉ်မှာပင် ထိုသို့သော ထူးဆန်းသည့် ခံစားချက်မျိုးကို မခံစားရပေ။ ထိုနန်းတော်အတွင်းသို့ မဝင်ရောက်ဖူးခြင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
နတ်ဘုရားရာထူးရရှိထားခြင်းက မလုပ်နိုင်သည့်အရာများစွာကို ပြုလုပ်နိုင်ခဲ့သည်။ ဥပမာ ဗလာနယ်ထဲမှ အလင်းရောင်များကို သူ တွေ့မြင်နိုင်စွမ်း ရှိခဲ့သည်။
ပတ်ဝန်းကျင်တွင် အလင်းရောင်အတော်များများကို တွေ့မြင်ရသော်လည်း အရာအားလုံးက အလှမ်းဝေးလွန်းသည်။ ထို့ပြင် ထိုအလင်းရောင်များအားလုံးက လှုပ်ရှားနေကြသည်။
ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်ကိုတော့ ကြယ်စင်တစ်ခုပမာပင် တွေ့မြင်ရခြင်း မရှိတော့ပေ။
"ငါ အတော်ဝေးဝေးကို ရောက်နေတာ ဖြစ်ရမယ်"
ကျန်းလန် တွေးလိုက်သည်။
ရှေးဟောင်းဧကရာဇ် အနိမ့်ပိုင်းနန်းတော်သည် ရွေ့လျားနေခြင်း မရှိပေ။ အစကတည်းက ရွေ့လျားနေခြင်းမရှိသည်လား ၊ သို့မဟုတ် ဧကရာဇ်ယိုတုကပဲ ရွေ့လျားနေခြင်းကို ရပ်တန့်အောင်ပြုလုပ်ထားသည်လား မပြောတတ်ပေ။
သေချာသည်ကတော့ ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်ကို ရွေ့လျားအောင် ပြုလုပ်နိုင်စွမ်း သူ့တွင် မရှိခြင်းပင် ဖြစ်၏။
"စဉ်းစားကြည့်မယ်ဆိုရင်… ဧကရာဇ်ယိုတုက သူက ဦးနှောက်သိပ်မကောင်းဘူးလို့ ပြောလေ့ ရှိတယ် ၊ ဒီတော့ သူက နန်းတော်ကို ရွေ့လျားနေတာကို ရပ်တန့်ထားတာတော့ မဖြစ်နိုင်ဘူး"
အားလုံးက ရွေ့လျားနေချိန် သူက နန်းတော်ကို ရပ်တန့်ထားမည်ဆိုလျှင် လက်ခံနိုင်စရာ သိပ်မရှိပေ။
ဤသည်က ကျန်းလန်၏အတွေးများသာ ဖြစ်သည်။
ကျန်းလန် ဂိတ်တံခါးရှေ့ရောက်သည့်အခါ အရှေ့ဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။
ဧကရာဇ်ရှီးဟယ်သာ သူ့ကို လိမ်မပြောပါက ဤနေရာသည် အမှန်တကယ်ပင် ဧကရာဇ်ရှီးဟယ် ပြောသည့်နေရာ ဖြစ်နိုင်သည်။
ထိုသို့သာဆိုလျှင် သူ၏ခန့်မှန်းမှုကို အတည်ပြုနိုင်မည်ဖြစ်ပြီး ရှေးဟောင်းဧကရာဇ်နန်းတော်အကြောင်းကိုလည်း အတိအကျ သိရှိနိုင်မည် ဖြစ်သည်။
ကျန်းလန် ခေါင်းကို ဖြည်းညင်းစွာမော့လိုက်ပြီး တံခါးဝတွင် ရေးထားသည့်စာကို ကြည့်လိုက်သည်။
တံခါးဝတွင် နာမည်တစ်ခုရေးသားထားပြီး ထိုနာမည်ကို တွေ့သည့်အခါ ကျန်းလန် အံ့အားသင့်သွားသည်။
သူ စိတ်ပိုင်းဆိုင်ရာ အသင့်ပြင်ထားသည့်တိုင် ထိုစာတမ်းကို တွေ့မြင်လိုက်ရသည့်အခါ တုန်လှုပ်ခြောက်ခြားသွားရသည်။
"ငါထင်တဲ့အတိုင်းပဲ"
နန်းတော်တံခါးဝမှ ရှေးကျသည့်အငွေ့အသက်တစ်ခု ထွက်ပေါ်လျှက်ရှိပြီး တံခါးထက်တွင် ရေးသားထားသည်မှာ -
"မိုးကောင်းကင်ခုံရုံး"
ဆိုသည့် စာတမ်းဖြစ်သည်။
ဟုတ်ပေ၏။ ဤနေရာက "ကောင်းကင်ဘုံ" ဖြစ်သည်။
"ဧကရာဇ်ရှီးဟယ်က အသိဉာဏ်မြင့်မားပြီး အခြားသူတွေထက် ခြေတစ်လှမ်းသာနေတာ မအံ့သြတော့ပါဘူး"
မိုးကောင်းကင်ခုံရုံးဆိုသည်မှာ ကောင်းကင်ဘုံကိုပင် ပြောခြင်း ဖြစ်သည်။ ထို့ပြင် ခွန်လွန်တောင် ၊ ပထမတောင်ထွတ်တွင် ကောင်းကင်ဘုံနှင့် ချိတ်ဆက်ထားသည့် လမ်းကြောင်းရှိသည်။
အရင်တစ်ချိန်က ခွန်လွန်ဘိုးဘေးသည် မိုးကောင်းကင်ခုံရုံးသို့ ရောက်ခဲ့ဟန် ရှိသည်။ ထို့ကြောင့် "ရှေးဟောင်းဧကရာဇ်နန်းတော်ကျရှုံးသွားခဲ့ပြီ" ဆိုသည့် စာကြောင်းကို ချန်ထားခဲ့ခြင်း ဖြစ်ဟန်တူသည်။
ထိုခဏတွင် ကျန်းလန်မျက်စိရှေ့တွင် ပုံရိပ်ယောင်တစ်ခုကို တွေ့မြင်လိုက်ရသည်။
မိုးကောင်းကင်ခုံရုံးမှာ လုံး၀ အမှောင်ကျသွားပြီး အဆောက်အဦတစ်ခုလုံး အက်ကြောင်းများနှင့် ပြည့်နက်သွားသည်။
ရှေးဟောင်းဧကရာဇ်နန်းတော် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ သို့သော် ရှေးဟောင်းဧကရာဇ်နန်းတော်က အဘယ့်ကြောင့် ထိုသို့ ပျက်စီးခဲ့ရပါသနည်း။
ခွန်လွန်ဘိုးဘေးသည် ကောင်းကင်ဘုံသို့ သွားရောက်ခဲ့ပြီးနောက် ဒဏ်ရာအပြင်းအထန်ရကာ ပြန်ထွက်လာခဲ့သည်။ ဒုတိယတစ်ကြိမ် ထပ်မံသွားရောက်သည့်အခါမှာတော့ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့သည်။
သူ ကောင်းကင်ဘုံမှာ သေဆုံးသွားခဲ့သည်လား။
ရှေးဟောင်းဧကရာဇ်နန်းတော်နှင့်ပတ်သက်သည့် မရေမတွက်နိုင်သည့်ဒဏ္ဍာရီများစွာ ရှိခဲ့သည်။ ထိုနန်းတော်ကြီးက နှိုင်းယှဉ်မရနိုင်လောက်အောင် တန်ခိုးစွမ်းအားမြင့်မားပြီး ကျယ်ပြောလှသော လောကကြီး၏ အစိတ်အပိုင်းတိုင်းတွင် ရှိနေသည်။
သို့ပေသိ ထိုနန်းတော်ကြီးက ကောင်းကင်ဘုံထက်တွင် တိတ်တဆိတ်ကျရှုံးပြိုလဲသွားခဲ့ရသည်။
"ဒီအကြောင်းတွေကို ခွန်လွန်ဘိုးဘေးပဲ သိနိုင်လိမ့်မယ် ၊ သူက အဲဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ဘာတွေများ ချန်ထားခဲ့သေးလဲ မသိဘူး ၊ ဒါပေမဲ့ သူ ချန်ထားခဲ့မယ်ဆိုရင်တောင်မှ သာမန်တပည့်တွေအနေနဲ့ သိခွင့်ရမယ် မထင်ဘူး"
ကျန်းလန် တွေးလိုက်သည်။
ဆရာဖြစ်သူ ပေးထားသည့် စာအုပ်များထဲတွင် မိုးကောင်းကင်ခုံရုံးနှင့်ပတ်သက်သည့် အကြောင်းအရာများ မပါရှိပေ။
ဆရာဖြစ်သူကိုယ်တိုင် မသိရှိသောကြောင့်လား ၊ သို့တည်းမဟုတ် သူ့အတွက် သိရှိရန် အချိန်မတန်သေးသည့်အတွက် ဆရာဖြစ်သူက ပြောမပြခြင်းလား မသိရှိနိုင်ပေ။
မည်သို့ပင်ဖြစ်စေ ဧကရာဇ်ရှီးဟယ်ကတော့ သိရှိမည် ဖြစ်သည်။
ကျန်းလန်ထိုအကြောင်းများတွေးတောခြင်းကို ရပ်တန့်လိုက်သည်။
မိုးကောင်းကင်ခုံရုံးသည် သူ မထိတွေ့နိုင်သော နက်ရှိုင်းသည့် လျှို့ဝှက်ချက် ဖြစ်သည်။ သူပိုင်ဆိုင်ထားသည့် နတ်ဘုရားရာထူးနှင့် ပတ်သက်သည်များကိုသာ အပြည့်အဝနားလည်ရန် အရင်ဆုံး ကြိုးစားသင့်သည်။
ရှေးဟောင်းဧကရာဇ်နန်းတော်သည် ပျောက်ကွယ်သွားခဲ့ပြီး မည်သည့်အရာမှ မကျန်ရစ်ခဲ့ပေ။ နတ်ဘုရားရာထူးများသာလျှင် ကျန်ရစ်ခဲ့လေသည်။ သို့ဖြစ်ရာ နတ်ဘုရားရာထူးမှတစ်ဆင့် ရှေးဟောင်းဧကရာဇ်နန်းတော် ပျက်စီးခဲ့ရခြင်း အကြောင်းရင်းကို ရှာဖွေနိုင်မည်ဟု ခန့်မှန်းရသည်။
ထိုကိစ္စကို စုံစမ်းရန် အလျှင်လိုစရာမရှိပေ။ သေသေချာချာ အချိန်ယူလေ့လာရမည် ဖြစ်သည်။ လောလောဆယ်တွင် သူက လုံလောက်သည့် တန်ခိုးစွမ်းအားမြင့်မားခြင်းလည်း မရှိသေးပေ။
ထို့နောက် ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်သို့ပြန်ရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။အပြန်ခရီးတွင် ပြဿနာတစ်ခုခုများ ကြုံတွေ့မည်လားဟု စိတ်ပူမိသည်။
သို့သော် ကျန်းလန် ထွက်ခွာရန် ဟန်ပြင်လိုက်စဉ်မှာပင် အသံတစ်သံကို ကြားလိုက်ရသည်။ သူ၏နတ်ဘုရားရာထူးနာမည်ကို ခေါ်နေသည့် အဋ္ဌမမင်းသား၏ အသံဖြစ်၏။
"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား ၊ ဒီခရီးစဉ်မှာ ကျုပ်တို့တော့ ဘေးအန္တရယ်ကြုံတွေ့ရတော့မယ်ထင်တယ် ၊ ခင်ဗျား ကျုပ်တို့ကို ကူညီမယ်လို့ မျှော်လင့်ပါတယ်"
အဋ္ဌမမင်းသား၏စကားသံ အဆုံးသတ်သွားသည်နှင့် တည်းခိုခန်းမှ လူငယ်၏အသံ ထွက်ပေါ်လာပြန်သည်။
"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား ၊ ကျွန်တော်တို့ကို ကူညီတဲ့အတွက် ဘယ်လိုမျိုး ပူဇော်သက္ကာနဲ့ ပြန်လည်ပေးဆပ်ရမလဲဆိုတာ ပြောနိုင်ပါတယ် ၊ အချိန်ကျတာနဲ့ လိုအပ်တာကို အဆင်သင့် ပြင်ဆင်ပေးပါ့မယ်"
ကျန်းလန် : "……"
ကောင်ငယ်လေးက သူ့ကို တန်ဖိုးတစ်ခုပေးဆပ်ရန်အတွက် အမြဲတမ်းစဉ်းစားနေသည်ကို ကျန်းလန် မှတ်မိသည်။ ယခုအချိန်ထိ ဘာလိုအပ်သည်ဟု မပြောရသေးသော်လည်း တစ်စုံတစ်ခု ပြန်မတောင်းခြင်းက မဖြစ်သင့်ပေ။
တရားမျှတသည့် အပေးအယူပြုလုပ်ခြင်းက တစ်ယောက်နှင့်တစ်ယောက် ပိုပြီးအာမခံချက်ရှိစေသည်။
သို့သော် သူ ဘာလိုအပ်ပါသနည်း။ သူ့တွင် လိုအပ်သည့်အရာ ဘာမှ မရှိပေ။
"ဒါပေမဲ့ ငါ ဒီနေရာကနေ စကားလှမ်းပြောရင် သူတို့ ရှင်းရှင်းလင်းလင်း ကြားနိုင်ပါ့မလား ၊ ပြီးတော့…"
တွေးရင်းဖြင့် ကျန်းလန် တစ်စုံတစ်ခုကို အာရုံခံလိုက်မိသည်။ သူ ရောက်ရှိနေသည့်နေရာမှ အောက်ဖက်တွင် ဖြစ်ပျက်နေသည့် အခြေအနေများကို ကြည့်ရှုရန် ပိုမိုလွယ်ကူနေခြင်းပင် ဖြစ်၏။
တောင်နှင့်ပင်လယ်ကြေားမုံမှန်ကို အသုံးပြုရသည်ထက်ပင် ပိုမိုအဆင်ပြေနေသေးသည်။
"ဒီလိုဖြစ်တာ မိုးကောင်းကင်ခုံရုံးကြောင့်များလား"
ကျန်းလန် တွေးလိုက်သည်။
ဤနေရာသို့ ရောက်လာကတည်းက အခြားနတ်ဘုရားရာထူးများ၏ ပြောင်းလဲမှုများကိုလည်း အာရုံခံမိနေပြီး သူ့တွင်တစ်စုံတစ်ခု မှီခိုစရာရှိနေသည့်အလား ခံစားရသည်။ သူ၏ နတ်ဘုရားရာထူး အဆင့်မြှင့်တင်ထားသည့်အလားပင် ဖြစ်၏။
ကျန်းလန် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည့်အခါ သူ့ရှေ့တွင် မြင်ကွင်းတစ်ခု ပေါ်လာသည်။
တောအုပ်တစ်ခုထဲတွင် လူ (၄)ယောက် ရှိနေသည်။
ပတ်ဝန်းကျင်ကို လေ့လာနေသည့် အဋ္ဌမမင်းသား ၊ သူ့စွမ်းအားကို စမ်းသပ်ကြည့်နေသည့် ကောင်ငယ်လေး ၊ အခြားသူများထက် အဆင့်အတန်းနိမ့်ပုံရသည့် ဇာမဏီမိန်းမပျိုတစ်ယောက်နှင့် အမြဲလမ်းပျောက်နေသည့် ချီလင်ကောင်မလေးတို့ ဖြစ်သည်။ သေရည်ဆိုင်မှ ဇာမဏီကောင်မလေးကိုတော့ အုပ်စုထဲတွင် မတွေ့ရပေ။
"ငါ သူတို့ကို ကြည့်နေလားဆိုတာ သူတို့က စစ်ဆေးနေကြတာလား"
စိတ်ရှုတ်ထွေးနေဟန်ရှိသည့် အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးကိုကြည့်ပြီး ကျန်းလန် တွေးလိုက်သည်။ သူက မိုးကောင်းကင်ခုံရုံးသို့ ရောက်ရှိနေသည်ဖြစ်ရာ သူ၏တည်ရှိမှုကို လုန်မန်နှင့် ကောင်ငယ်လေး လွယ်လွယ်နှင့် သတိပြုမိကြမည် မဟုတ်ပေ။
ထိုအချက်က တောင်နှင့်ပင်လယ် ကြေားမုံမှန်ထက်ပင် အဆင်ပြေသေးသည်။
ထို့ပြင် မိုးကောင်းကင်ခုံရုံးက သူ့ကို နောက်ခံပေးထားသည့်အတွက် အခြားသောတန်ခိုးစွမ်းအားရှင်များ သူ့ကို ရှာဖွေတွေ့ရှိသွားမည်ကိုလည်း စိတ်ပူပန်စရာ မလိုပေ။
သို့ပေသိ သူစိုးရိမ်ရမည့်အရာကတော့ ကောင်းကင်ဘုံတွင် ရောက်ရှိနေသူများ ဖြစ်သည်။ သူ့လိုပင် ဤနေရာသို့ ရောက်လာနိုင်သည့် အခြားသောပုဂ္ဂိုလ်များလည်း ရှိကြမည်မှာ အမှန်ပင်။
***
ကောင်ငယ်လေးက…
"ကျွန်တော်တော့ ဘာမှ မခံစားရဘူး"
အဋ္ဌမမင်းသားက ပခုံးတစ်ချက်တွန့်လိုက်ရင်း…
"အေး… ကျုပ်ရောပဲ…"
လက်သီးနတ်ဘုရားက သူတို့ကို ကြည့်နေသည်လား ၊ မကြည့်နေဘူးလား သေသေချာချာ ခံစားရခြင်း မရှိပေ။
လုန်မန်က စကားဆက်ပြောလိုက်သည်။
"လက်သီးနတ်ဘုရား ရောက်မလာလည်း ကျုပ်တို့ အရင် စ တိုက်မယ်ကွာ ၊ ဘာပြဿနာမှ မရှိလောက်ပါဘူး"
ယောက်ဖက ပြဿနာမရှိဟု ပြောထားလေရာ ပြဿနာရှိမည် မဟုတ်ပေ။ ယောက်ဖက မည်သည့်အခါမှ သူ့ကို ဒုက္ခပေးသူမဟုတ်ကြောင်း သူ ယုံကြည်လေသည်။
ပြီးတော့ သူ့သည်လည်း အရံအစီအစဉ်တစ်ခု ပြုလုပ်ထားသေး၏။
***