တွေ့တာနဲ့သတ်
Vol. 32 Ch. 447
ကောင်ငယ်လေးက အရှေ့သို့ တိုးသွားလိုက်ပြီး သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သည့် ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။
"ဘာဗျူဟာမှ ဆွဲမနေနဲ့တော့ ၊ ကျွန်တော် အရင်ဆုံး ရှေ့ထွက်တိုက်မယ်"
ချောက်နက်ထဲတွင် သူတို့ဘက်မှလူ တစ်ယောက်မှ ရှိမနေပေ။ သူတို့က အထဲမှလူများအားလုံးကို ရှင်းပစ်ရန် ရောက်ရှိလာခြင်း ဖြစ်သည်။
တိုက်နိုင်လျှင်တိုက်မည် ၊ မတိုက်နိုင်လျှင် ပြေးရန် ဆုံးဖြတ်ထားသည်။
ဤနေရာက အစကတည်းက ရန်သူ့နယ်မြေဖြစ်လေရာ ဗျူဟာများ ၊ တိုက်ကွက်များဆင်နေလျှင် သူတို့ကို လွယ်ကူစွာ ရှာတွေ့သွားပေလိမ့်မည်။
လုန်မန်က…
"တိုက်ကြမယ် ၊ မင်းက ရှေ့ကသွား ၊ ကျုပ်က နောက်ကနေ မင်းကို ကူညီပေးမယ်"
ပြောရင်း သူက ကောင်းကင်နဂါးဓားကို သိမ်းဆည်းလိုက်ပြီး လှံရှည်ကို ဆွဲထုတ်လိုက်သည်။
ကောင်းကင်နဂါးဓားက ထက်ရှသည်မှလွဲပြီး အသုံးမကျလှပေ။ ထို့ကြောင့် တိုက်ပွဲဝင်သည့်အခါ လှံရှည်ကိုသာ အသုံးပြုရမည် ဖြစ်၏။
လက်သီးနတ်ဘုရားနှင့် ဧကရာဇ်ရှီးဟယ်တို့ မကူညီဘူးဆိုလျှင်တောင်မှ သူ့တွင် အရန်အစီအစဉ်တစ်ခု ရှိသေးသည့်အတွက် ပြဿနာကြီးကြီးမားမားတော့ မရှိနိုင်ပေ။
ရှေ့ဆုံးမှ တိုက်ခိုက်မည့်သူက ကောင်ငယ်လေး ဖြစ်သည်။ ကောင်ငယ်လေးသာ ရှိနေလျှင် ခွန်လွန်တောင်ပတ်ဝန်းကျင် ၊ မည်သည့်နေရာတွင်မဆို စွန့်စားတိုက်ခိုက်ရန် အဆင်ပြေလေ၏။
"ဂရား…"
ကောင်ငယ်လေး၏ ခန္ဓာကိုယ်မှ ပြင်းထန်သော တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ပါးစပ်မှ ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။
"ဝှစ်"
ကောင်ငယ်လေး တိုက်ခိုက်ရန် ဝင်ရောက်သွားသည့်ပစ်မှတ်နေရာက အရှေ့ဆီမှ ချောက်နက်ကြီးဆီသို့ ဖြစ်သည်။ အဋ္ဌမမင်းသား၏ ခန္ဓာကိုယ်ထက်မှ လျှပ်စီးများလင်းလက်လာပြီး နေရာမှာပင် ပျောက်ကွယ်သွားသည်။
ကောင်ငယ်လေးက ရန်သူများကို မျှားခေါ်ရန် ရှေ့မှထွက်သွားပြီး အဋ္ဌမမင်းသားကတော့ ထွက်လာသမျှ ရန်သူများကို ရှင်းပစ်မည် ဖြစ်သည်။
မိန်းကလေး (၂)ယောက်မှာတော့ သူတို့ မည်သို့မှ မကိုင်တွယ်နိုင်သည့် အခြေအနေဖြစ်သောကြောင့် နောက်တွင်သာ ကျန်ရစ်ခဲ့သည်။
အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးတို့ ထိုးဖောက်တိုက်ခိုက်ရန် ဝင်ရောက်သွားသည့်အခါ ဟုန်ယီမှာ အံ့သြမှင်တက်သွားသည်။
"သေရည်ဆိုင်က ကောင်လေးရဲ့ ကျင့်ကြံခြင်းအဆင့်က ကျွန်မတို့လောက်ပဲရှိတာ မဟုတ်ဘူးလား"
သူမသာ ကောင်ငယ်လေးနှင့် တိုက်ခိုက်မည်ဆိုလျှင် အနိုင်မရနိုင်သော်လည်း ထိုကောင်ငယ်လေးက ထိုမျှ တန်ခိုးစွမ်းအား မြင့်မားဟန် မရှိပေ။
ယန်ရှီးယွင်က…
"အစ်ကိုကြီးပြောတာတော့ အဲဒီမောင်ငယ်လေးက အရေခွံထူတယ်တဲ့ ၊ အစစ်အမှန်အင်မော်တယ်တွေတောင် သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ဘူးတဲ့ ၊ ဒါပေမဲ့ သူ့တန်ခိုးစွမ်းအားက အရမ်းမမြင့်မားတာတော့ အမှန်ပဲ ၊ ဒါပေမဲ့ အစစ်အမှန်အင်မော်တယ်တွေက သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်သလို သူကလည်း အစစ်အမှန်အင်မော်တယ်တွေကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး"
ပြောပြီးသည်နှင့် သူမက ဘေးနားတွင် ငုတ်တုတ်ထိုင်လိုက်ပြီး အရှေ့ဆီသို့ မျှော်ကြည့်လိုက်သည်။ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာပါက ပြေးရန်လည်း အသင့်ပြင်ထားလေသည်။
***
"ဒါကတော့ အတော်လေး လောကြီးလွန်းတာပဲ"
မိုးကောင်းကင်ခုံရုံးရှေ့တွင် ကောင်ငယ်လေးနှင့် အဋ္ဌမမင်းသား တိုက်ခိုက်ရန်ဝင်ရောက်သွားသည့် မြင်ကွင်းကိုကြည့်ရင်း ကျန်းလန် ရေရွတ်လိုက်သည်။
ထိုသို့ အလောတကြီးတိုက်ခိုက်သည်က သိပ်မကောင်းဟု ကျန်းလန ်ယူဆမိသည်။
သို့သော်…
ထိုသို့တိုက်ခိုက်ခြင်းက တိုက်ရိုက်တိုက်ခိုက်ခြင်း ဖြစ်သည်။
"သူတို့က ပုန်းကွယ်မနေသလို ပတ်ဝန်းကျင်မှာလည်း ပြင်ဆင်မှုတွေ လုပ်မထားကြဘူး ၊ အစီအရင်တွေ ထောင်ချောက်တွေလည်း လုပ်ရကောင်းမှန်း မသိဘူးလား မသိဘူး ၊ ဒီလို ရမ်းဝင်တိုက်တာကိုပဲ အကောင်းဆုံး ဗျူဟာလို့ ထင်နေတာဖြစ်ရမယ်"
ကျန်းလန် တွေးလိုက်သည်။
တကယ်တော့ ရန်သူက သူတို့ (၂)ယောက် ဗျူဟာခင်းကာ ဝင်ရောက်လာသည်ကို စောင့်ဆိုင်းနေခြင်းဖြစ်နိုင်သည်။ ယခုလို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်လိုက်ခြင်းကြောင့် အထဲမှ ရန်သူများ ရုတ်တရက် ထိတ်လန့်သွားနိုင်သည်။
ထိုသို့တိုက်ခိုက်ခြင်း၏ အဓိကအကြောင်းရင်းမှာ လုန်မန်ရော ကောင်ငယ်လေးပါ အကြောက်အလန့်ကင်းမဲ့ကြသောကြောင့် ဖြစ်သည်။ အသက်ငယ်လွန်းသဖြင့် မကြောက်ရွံ့ကြခြင်း ဖြစ်နိုင်သည်။
ကျန်းလန်က တိတ်ဆိတ်စွာ ကြည့်နေ၏။
သူဆိုလျှင်တော့ ထိုသို့ လှုပ်ရှားမည် မဟုတ်ပေ။ သို့သော် တိုက်ပွဲတစ်ပွဲဆင်နွှဲရာတွင် မည်သည်ကမှားပြီး မည်သည်က မှန်သည်ဟု ပြောရန်မလိုအပ်ပေ။
အသင့်တော်ဆုံးနှင့် အကောင်းဆုံး တိုက်ခိုက်နိုင်သည်ဆိုသည့် အချက်တွင်သာ မူတည်သည်။
"ဘုန်း…"
ထိုအချိန် ကောင်ငယ်လေးက လူတစ်ယောက်ကို ဝင်တိုက်မိသွားသည်။ (၂)ယောက်လုံး ခပ်လှမ်းလှမ်းသို့ လွင့်ထွက်သွားကြ၏။
"အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့် ၊ နတ်လူသားမျိုးနွယ်"
ကျန်းလန်က ချက်ချင်းပင် ကောင်ငယ်လေး ရင်ဆိုင်လိုက်ရသူ၏ တန်ခိုးစွမ်းအားကို ကြည့်လိုက်သည်။
တိုက်ပွဲ စတင်ပြီဖြစ်ပြီး ယခု အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးတို့ ထွက်ပြေးချင်လျှင်ပင် လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
သို့သော် သူတို့ (၂)ယောက်လုံးတွင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါ ရှိနေသည်။ ဇာမဏီကောင်မလေးထက်ပင် သူတို့ (၂)ယောက်က ပိုမိုများပြားသေးသည်။
သူတို့ကို ဖမ်းမိမည်လား ၊ သူတို့က ရန်သူများအားလုံးကို သုတ်သင်ပစ်နိုင်မည်လားဆိုသည်ကတော့ ချောက်နက်ထဲတွင် နတ်လူသာမျိုးနွယ်များပြုလုပ်ထားသည့် ကြိုတင်ပြင်ဆင်ထားမှုများအပေါ်တွင် မူတည်သည်။
သို့သော်…
ချောက်နက်ထဲမှ မိုးကောင်းကင်အင်မော်တယ်အဆင့် ၊ တန်ခိုးစွမ်းအားများ ထွက်ပေါ်လျှက် ရှိ၏။
ကျန်းလန်သည် မိုးကောင်းကင်ခုံရုံးအောက်တွင် မတ်တ်ရပ်နေပြီး သူ့မျက်စိရှေ့မှ မြင်ကွင်းကို ကြည့်နေသည်။ လှုပ်ရှားရန် ရည်ရွယ်ချက် မရှိသေးပေ။
***
ချောက်နက်ထဲတွင်တော့ ကောင်ငယ်လေး၏တန်ခိုးစွမ်းအားများက နတ်လူသားမျိုးနွယ်၏ တန်ခိုးစွမ်းအားနှင့် ရိုက်ခတ်မိသွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။
နတ်လူသားမျိုးနွယ် ထိတ်လန့်သွားသော်လည်း တစ်ချက်ပင် မတုံ့ဆိုင်းခဲ့ပေ။ သူက တန်ခိုးစွမ်းအားများကို ထုတ်ဖော်အသက်သွင်းလိုက်ပြီး ကောင်ငယ်လေးကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဤကောင်ငယ်လေးကို သူ မှတ်မိလေသည်။ သူတို့၏အကြံအစီများကို ဖျက်စီးပစ်ခဲ့သည့် သတ္တဝါလေးဖြစ်၏။
"ဘန်း"
ပြင်းထန်လှသည့် လက်ဝါးရိုက်ချက်ကို တွေ့မြင်ရသော်လည်း ကောင်ငယ်လေးက ထိတ်လန့်သွားခြင်း မရှိဘဲ ပြန်လည်ခုခံလိုက်သည်။ သို့သော် သူ လွင့်ထွက်သွား၏။
ကောင်ငယ်လေး လွင့်ထွက်သွားသည်နှင့် ကောင်ငယ်လေး၏နောက်တွင် လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် လျှပ်စီးများဖြင့်တောက်ပနေသည့် လှံရှည်တစ်လက်က နတ်လူသားမျိုးနွယ်ဆီ ဦးတည်သွားသည်။
"ဘုန်း…"
လျှပ်စီးတစ်ချက် လင်းလက်သွားပြီး လှံရှည်က ထိုးစိုက်ကျလာသည်။
"ဘန်း"
အဋ္ဌမမင်းသားက အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့် ကျင့်ကြံသူကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်သည်။ သူက တစ်ဖက်လူကို ကြောက်ရွံ့သွားရန်ပင် အချိန်မပေးခဲ့ပေ။
ကောင်ငယ်လေးက ချက်ချင်းပင် မြေပြင်ထက်မှ လူးလဲထလိုက်ပြီး ရှေ့ဆက်သွားသည်။ အဋ္ဌမမင်းသားက ကိုယ်ရောင်ဖျောက်ကာ ကောင်ငယ်လေးနောက်မှ ကပ်လိုက်သွားလေရာ သူ့ကို အခြားသူများ သတိပြုမိရန် ခက်ခဲသည်။
ထိုအချိန် သူတို့ရှေ့တွင် လူ (၃)ယောက် ပေါ်လာသည်။
တစ်ယောက်က ဇာမဏီမျိုးနွယ်ဖြစ်ပြီး နှစ်ယောက်ကတော့ နတ်လူသားမျိုးနွယ် ဖြစ်သည်။
အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့် (၁)ယောက်နှင့် အစစ်အမှန်အင်မော်တယ် ၊ ကနဦးအဆင့် (၂)ယောက် ဖြစ်သည်။
သူတို့ (၃)ယောက်ကို တွေ့မြင်လိုက်သည်နှင့် ကောင်ငယ်လေးက အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့်ကျင့်ကြံသူထံသို့ ပြေးဝင်သွားသည်။
သူပြေးထွက်သွားသည့်အရှိန်ကလျှင်မြန်လွန်းပြီး စက္ကန့်ပိုင်းအတွင်းမှာပင် အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူရှေ့သို့ ရောက်ရှိလာသည်။
"ဂရား…"
ဟိန်းဟောက်သံပြုရင်း ကောင်ငယ်လေးက စတင်တိုက်ခိုက်လိုက်သည်။
"ဘုန်း…"
ရန်သူက နတ်လူသားမျိုးနွယ်များ၏ ပုံရိပ်တစ်ထောင်တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်လေရာ ကောင်ငယ်လေးမှာ လွင့်ထွက်သွားသည်။ တစ်ဖက်လူကတော့ ဒဏ်ရာရသွားသည့် လက္ခဏာ မတွေ့ရပေ။
ကောင်ငယ်လေးက မြေပြင်ထက်ကျရောက်သွားသည်နှင့် ထိုသူကို ရေးမစိုက်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ့နောက်မှ ကိုယ်ယောင်ဖျောက်လိုက်ပါလာသည့် အဋ္ဌမမင်းသားက ထိုသူကို တိုက်ခိုက်နေပြီ ဖြစ်သောကြောင့်ပင်။
ယခု သူက ဇာမဏီမျိုးနွယ်ကျင့်ကြံသူနှင့် ဆက်လက်တိုက်ခိုက်ရမည် ဖြစ်သည်။ သူက တန်ခိုးစွမ်းအားအနည်းငယ် အသုံးပြုကာ ဇာမဏီမျိုးနွယ်ရှေ့သို့ ခုန်ဝင်လိုက်သည်။
တစ်ဖက်လူက ကြိုတင်ပြင်ဆင်ထားဟန်ရှိသည်။ သူမ လှုပ်ရှားလိုက်သည်နှင့် ကောင်ငယ်လေး၏ ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်များ စွဲလောင်သွားသည်။
သို့သော် ကောင်ငယ်လေးက ထိုမျှ ပြင်းထန်သည့် တိုက်ခိုက်မှုကို ခံနိုင်မည်ဟု သူမ မထင်မှတ်ခဲ့ပေ။
"ဘုန်း"
တစ်ချိန်တည်းမှာပင် ကောင်ငယ်လေးက ဇာမဏီမျိုးနွယ်၏ ပခုံးကို ဆုပ်ကိုင်ထားလိုက်ပြီး ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားများ ထွက်ပေါ်လာသည်။
ကောင်လေးက ဇာမဏီမျိုးနွယ်၏ လည်ပင်းကို ကိုက်ချလိုက်ပြီး ဆွဲဖြဲပစ်လိုက်သည်။
"အား…"
အော်ဟစ်သံ ထွက်ပေါ်လာသည်။
ဇာမဏီမျိုးနွယ်၏ သွေးများက မြေပြင်ထက် ပျံ့ကျဲကျသွားသည်။
"သေစမ်း…"
ဇာမဏီငှက်အော်သံနှင့်တူ ဇာမဏီငှက်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ကောင်ငယ်လေးရှိရာသို့ ပျံသန်းဝင်ရောက်လာသည်။
သို့သော် သူမ ကောင်ငယ်လေးဆီ မရောက်ခင်မှာပင် လျှပ်စီးတစ်ချက်လင်းလက်သွားပြီး ဇာမဏီမျိုးနွယ်၏ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားသည်။
အကိုက်ခံထားရသည့် လည်ပင်းကို နာကျင်စွာ အုပ်ကိုင်ထားသည့် ဇာမဏီမျိုးနွယ်သည် သူမခန္ဓာကိုယ်ထဲသို့ လျှပ်စီးကြောင်းတစ်ခု ဝင်ရောက်သွားသည်ကို တွေ့ရသည့်အခါ ထိတ်လန့်သွားသည်။
ထို့နောက် သူမ မြေပြင်ထက် လဲကျသွားတော့၏။ သူမသည် အဋ္ဌမမင်းသား၏ လှံရှည်ဖြင့် ထိုးစိုက်အသတ်ခံလိုက်ရပြီ ဖြစ်သည်။
အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့် နတ်လူသားမျိုးနွယ်သာလျှင် ကျန်ရစ်တော့သည်။
ကောင်ငယ်လေးက ရှေ့သို့ ဆက်တက်သွားသည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလျှက် ရှိပြီး ပုံစံက ကြောက်မက်ဖွယ်ရာပင်။ ကောင်ငယ်လေး၏ပုံစံကို တွေ့လိုက်ရသည်နှင့် နတ်လူသားမျိုးနွယ်မှာ အမှတ်တမဲ့ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။
ခဏအကြာတွင်တော့ စူးရှသည့် အော်ဟစ်သံတစ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရတော့၏၊
ကောင်ငယ်လေးနှင့် အဋ္ဌမမင်းသားတို့ ချောက်နက်ထဲသို့ ဆက်ဝင်လာကြသည်။ သူတို့အနောက်ဘက်တွင်တော့ အလောင်းကောင်များနှင့် သွေးစများသာလျှင် ကျန်ရစ်ခဲ့သည်။
"မင်း နောက်တစ်ခါ မကိုက်လို့မရဘူးလား ၊ မင်းကြည့်ရတာ သားရဲကြီးကျနေတာပဲ ၊ မင်းက လူသားမဟုတ်ဘူးလား"
"လက်နက်တွေအသုံးပြုရတာထက် ကိုက်ပစ်ရတာ ပိုကောင်းတယ်လို့ ခံစားရတယ်"
"မင်း ဟို ဇာမဏီမျိုးနွယ်ကို ကိုက်လိုက်တာကို ကြည့်ပြီး နည်းလမ်းတစ်ခု စဉ်းစားမိတယ်"
"ဘာနည်းလမ်းလဲ"
ကောင်ငယ်လေးက တံတွေးအကြိမ်ပေါင်းများစွာ ထွေးထုတ်လိုက်ပြီး သူ့ပါးစပ်ကို သန့်ရှင်းအောင်လုပ်လိုက်ရင်း လုန်မန်ပြောလာမည့် စကားကို စိတ်ဝင်တစား နားထောင်နေသည်။
"တိတ်ဆိတ်တဲ့ ညတစ်ညလောက်မှာ မင်း ဟုန်ယာရဲ့ လည်ပင်းကို ကိုက်ပစ်လိုက်ကွာ ၊ အဲဒါဆို အရာအားလုံး အဆင်ပြေသွားလိမ့်မယ်"
"ဒါဆို ဟုန်ယာကို ခိုးနမ်းသလို ဖြစ်သွားမှပေါ့ ၊ မဖြစ်ဘူး… သူ ကျွန်တော့်ကို မုန်းသွားလိမ့်မယ်"
လုန်မန် : "……"
***
အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးတို့ ချောက်နက်ထဲ ဆက်ဝင်လာသည်။ တိုက်ပွဲကို ကြည့်နေသည့် ဟုန်ယီမှာ ထိတ်လန့်လွန်းသဖြင့် မျက်နှာထက်တွင်ပင် သွေးမရှိတော့ဘဲ ဖြူဖပ်ဖြူလျော် ဖြစ်လျှက်ရှိသည်။
သူတို့က စကားတစ်ခွန်းပင်မပြောဘဲ တွေ့တွေ့ချင်းမှာပင် အားလုံးကို သတ်ဖြတ်ပစ်လိုက်ကြသည်။ ထိုသူ (၂)ယောက်က တကယ့်ကို ပြတ်သားပြီး ကြောက်မက်ဖွယ်ရာကောင်းလှသည်။
သူမနှင့် မျိုးနွယ်တူသူက အဘယ့်ကြောင့် သစ္စာဖောက်ရသည်ကို မေးချင်သည့်တိုင် သူမမှာ မေးခွင့်မရခဲ့ပေ။ အချိန်တစ်ခဏအတွင်း အားလုံး သတ်ဖြတ်ခံလိုက်ကြရသည်။
အရင်တစ်ချိန်က ဟုန်ယာမိန်းကလေး သူမကို ကယ်တင်ခဲ့သည်ကို ကျေးဇူးတင်ရမည်။ မဟုတ်ပါက ထိုသူ (၂)ယောက်လက်ချက်ဖြင့် သူမ အသက်ပျောက်နေလောက်ပေပြီ။
ယန်ရှီးယွင်ကတော့ တိုက်ပွဲအပေါ် မည်သည့်ခံစားချက်မှ မရှိဘဲ ပတ်ဝန်းကျင်ကိုသာ သတိထားကြည့်ရှုနေသည်။ သူမကို သတ်ဖြတ်ကြမည့်သူများသည်လည်း စကားတစ်ခွန်းမှ မပြောခဲ့ကြပေ။ သူမကိုလည်း စကားတစ်ခွန်းမှ ပြောခွင့်မပေးခဲ့ကြပေ။
တွေ့သည့်တစ်ခဏမှာပင် ချက်ချင်း သတ်ဖြတ်ပစ်ကြသည်ပင်။
***
ကျန်းလန်က အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးကိုကြည့်ရင်း ခေါင်းတစ်ချက်ညိတ်လိုက်သည်။
"အင်း… မဆိုးပါဘူး"
ထို့နောက် သူ့အကြည့်က ချောက်နက်ထဲဝင်သွားကြသည့် ကောင်ငယ်လေးနှင့် လုန်မန်နောက်သို့ လိုက်ပါသွား၏။ သူကြည့်လိုက်သည်နှင့် အတွင်းထဲတွင် ကြီးမားသည့် သားရဲကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။
ဧရာမမြွေစိမ်းကြီးတစ်ကောင်။
ထိုသတ္တဝါကြီးက မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့် ဖြစ်သည်။ ထိုမြွေစိမ်းကြီးကို နတ်လူသားမျိုးနွယ်တစ်ယောက်က ထိန်းချုပ်ထား၏။
ကျန်းလန်က လှုပ်ရှားရန် အလျှင်လိုခြင်း မရှိပေ။
နတ်လူသားမျိုးနွယ်များ မည်သို့လှုပ်ရှားမည်ကို စောင့်ကြည့်ပြီးမှ အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးကို ကူညီရန် ဆုံးဖြတ်ရမည် ဖြစ်လေ၏။
***