ကောင်းကင်ဘုံ၏ဒေါသ
Vol. 32 Ch. 448
ချောက်နက်ထဲတွင်…။
လုန်မန်နှင့် ကောင်ငယ်လေးတို့ အမှောင်ထုထဲတွင် ပုန်းအောင်းရှု်း ချောက်နက်ကြီးအရှေ့သို့ လှမ်းကြည့်ကာ မျက်မှောင်ကြုတ်လိုက်ကြသည်။
ယောက်ျားအသံတစ်သံက…
"သူတို့ ရောက်လာကြပေမယ့် သူတို့ကို သတ်ရတာ လွယ်မှာမဟုတ်ဘူး။ ပြီးတော့ အခွင့်အရေးတစ်ခုပဲရှိတယ်"
မိန်းကလေးအသံတစ်သံက…
"မြောက်ဟွာက ပြင်ဆင်ထားပြီးသားပါ ၊ အခွင့်အရေးကို ဆုပ်ကိုင်နိုင်မယ်ဆိုရင် သူတို့ထဲကတစ်ယောက်ကို သတ်ပစ်နိုင်လိမ့်မယ်"
"ဧရာမမြွေစိမ်းကြီးကို အသုံးပြုပြီး သူတို့နောက်ကွယ်မှာရှိနေတဲ့သူ ဘယ်လိုတုံ့ပြန်မလဲဆိုတာကို လှည့်စားရမယ်"
ထိုအချိန်…
"ရွှီ…"
ချောက်နက်အတွင်းမှ ကျယ်လောင်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။
အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးမှာ ရုတ်တရက်ထွက်ပေါ်လာသည့် အော်သံကြောင့် လန့်သွားကြသည်။ ထို့နောက် မိုးကောင်းကင်အင်မော်တယ်အဆင့် တန်ခိုးစွမ်းအားတစ်ခု ပျံ့နှံ့ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
"ဘန်း"
အလွန်ကြီးမားသည့် ဧရာမမြွေစိမ်းကြီးတစ်ကောင် ချောက်နက်အတွင်းမှ ထွက်ပေါ်လာသည်။ မြွေကြီး၏ ခန္ဓာကိုယ်မှ ပြင်းထန်သည့် တန်ခိုးစွမ်းအားများ ထွက်ပေါ်နေပြီး ပတ်ဝန်းကျင်ရှိ ကျောက်တုံးများကို အမှုန့်ချေပစ်လိုက်သည်။
လေပြင်းတစ်ချက်တိုက်ခတ်လာပြီး ထိုလေက အဋ္ဌမမင်းသားနှင့် အခြားသူများကို လှုပ်ရှားမှုမပြုနိုင်ရန် တားဆီးထားလိုက်သည်။
တန်ခိုးစွမ်းအားကို အာရုံခံကြည့်ပြီးသည့်နောက် သူတို့အားလုံး အံ့သြသွားကြသည်။
ကောင်ငယ်လေးက ထိတ်လန့်တခြားဖြင့်…
"ဒါကြီးကို ကျွန်တော်တို့ ဘယ်လိုတိုက်ကြမလဲ"
သူတို့ရှိရာသို့ ဝင်ရောက်လာသည့် ဧရာမမြွေစိမ်းကြီးကိုကြည့်ရင်း ထွက်ပြေးရန်သာ အကောင်းဆုံးဖြစ်မည်ဟု ကောင်ငယ်လေး တွေးလိုက်သည်။
လုန်မန်က…
"နည်းနည်းတော့ သဘာဝမကျသလိုပဲ ၊ ဒီကောင်ကြီးက တန်ခိုးစွမ်းအား နည်းနေသလိုပဲ"
အမှန်တော့ မြွေစိမ်းကြီးသာ မိုးကောင်းကင်အင်မော်တယ် တန်ခိုးစွမ်းအားကို အပြည့်အဝထုတ်လွှတ်မည်ဆိုလျှင် သူတို့ ဒဏ်ရာအပြင်းအထန် ရသွားမည်ဖြစ်ကြောင်း အဋ္ဌမမင်းသား ရိပ်မိလိုက်သည်။
ကျန်းလန် မျက်မှောင်ကြုတ်လိုက်သည်။ သူလည်း ထိုသတ္တဝါကြီးကို ခံစားနိုင်လေသည်။
မြွေစိမ်းကြီးက မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့် သားရဲကြီးဖြစ်သော်လည်း တန်ခိုးစွမ်းအား အပြည့်အ၀ မရှိပေ။ ထို့ကြောင့် ကောင်ငယ်လေးနှင့် အဋ္ဌမမင်းသားတို့ အနည်းငယ် သက်သာသွားခြင်း ဖြစ်သည်။
အမှောင်ထဲတွင် ပုန်းအောင်းနေသည့် ရန်သူများကိုတော့ မပြောတတ်ပေ။
"ကြည့်ရတာ သူတို့ပစ်မှတ်ထားတာ (၃)ယောက်ထဲက တစ်ယောက်ဆိုတာ သေချာတာပဲ ၊ ဇာမဏီကောင်မလေးကို ခေါ်မလာလည်း အဋ္ဌမမင်းသားနဲ့ ကောင်ငယ်လေးက ခွန်လွန်တောင်မှာ သာမန်လူတွေ မဟုတ်ကြဘူး ၊ သူတို့ကို ထိရဲတယ်ဆိုကတည်းက တစ်ဖက်လူက ဖြစ်လာသမျှကို ရင်ဆိုင်မယ်လို့ ဆုံးဖြတ်ထားပုံရတယ် ၊ အခုချိန်ထိ လှုပ်ရှားနေတဲ့သူတွေကတော့ အစစ်အမှန်အင်မော်တယ်တွေချည်းပဲ ၊ ဒီတော့ မိုးကောင်းကင်အင်မော်တယ်တစ်ယောက် ဝင်ပါနိုင်ခြေရှိနိုင်မလားဆိုတာကတော့ မပြောတတ်ဘူး"
မဆိုင်းမတွပင် ကျန်းလန်က သူ၏လက်ကို မြှောက်လိုက်ပြီး လေထဲမှ တစ်စုံတစ်ခုကို ဖမ်းဆုပ်လိုက်သည်။ ထိုအခါ သူ့လက်ထဲတွင် လျှပ်စီးမျာစုဝေးလာပြီး လျှပ်စီးလှံရှည်တစ်လက် စတင်ဖြစ်တည်လာသည်။
"ဟူး…"
လျှပ်စီးလှံရှည်ဖြစ်တည်လာသည်နှင့် သူက လှံရှည်နှင့် ဧရာမမြွေကြီးဆီသို့ ထိုးစိုက်ချလိုက်သည်။
"ဘုန်း"
လျှပ်စီးကြောင်းတစ်ခုက လေထုကိုဖြတ်သန်းပြီး ချောက်နက်ကြီးအတွင်း ထိုးစိုက်ဝင်ရောက်လာသည်။ လျှပ်စီးက လေထုတစ်ခုလုံးကို လင်းလက်သွားစေသည်။
"ဂရား…"
ချောက်နက်ထဲမှ အော်သံများ ထွက်ပေါ်လာသည်။ ဧရာမမြွေစိမ်းကြီးသည် လျှပ်စီးထိမှန်ကာ မြေပြင်ထက်တွင် ပြားကပ်လျှက် နာကျင်စွာ ရုန်းကန်နေ၏။
ရုတ်တရက် အပြောင်းအလဲကြောင့် ကောင်ငယ်လေးနှင့် အဋ္ဌမမင်းသားတို့ ထိတ်လန့်သွားကြသည်။ ထိုသူမှာ သူတို့ကို စောင့်ကြည့်နေသည့် လက်သီးနတ်ဘုရားကကူညီလိုက်ခြင်းဖြစ်ကြောင်း သိရှိလိုက်သည်။
တစ်ချက်မတုံ့ဆိုင်းဘဲ သူတို့ (၂)ယောက် ရှေ့သို့ဆက်လက်ထွက်ခွာလာကြသည်။ အထဲတွင် နတ်လူသားမျိုးနွယ်များ ကျန်ရှိနေဦးမည် ဖြစ်သည်။
အနည်းဆုံး နတ်လူသားမျိုးနွယ် (၂)ယောက်ရှိပေလိမ့်မည်။ ချီလင်ကောင်မလေး၏ စကားအရဆိုလျှင် ထိုသူ (၂)ယောက်မှာ အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်ထားသူများ ဖြစ်ကြသည်။ သို့သော် ယခုအချိန်ထိတော့ တစ်ယောက်မှ မတွေ့ရသေးပေ။
ယခင်ကတွေ့ခဲ့ရသည့် လူအနည်းစုက ထိုမျှလောက် တန်ခိုးစွမ်းအားမမြင့်မားကြသည့်အတွက် ချောက်နက်အတွင်းပိုင်းတွင် ပုန်းအောင်းနေခြင်း ဖြစ်နိုင်သည်။
"ဝှစ်…"
သူတို့ (၂)ယောက် ပျောက်ကွယ်သွားပြီး ချက်ချင်းပင် ဧရာမမြွေစိမ်းကြီးအနားသို့ ရောက်သွားကြသည်။ မြွေစိမ်းကြီးမှာ မြေပြင်ထက် ပြားပြားဝပ်နေသည့်တိုင် သူတို့၏ ပြိုင်ဘက်မဟုတ်သေးပေ။ ထိုမြွေကြီးကို ခံစစ်တိုက်ခိုက်ရန်ပင် အလွန်ခက်ခဲမည် ဖြစ်သည်။
မြွေစိမ်းကြီးကို ဖြတ်ကျော်သွားပြီးနောက် သူတို့ကို စောင့်ဆိုင်းနေသည့် နတ်လူသားမျိုးနွယ် (၂)ယောက်ကို တွေ့လိုက်ရသည်။
အဋ္ဌမမင်းသားက မျက်မှောင်ကြုတ်လိုက်ရင်း…
"အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်ထားတဲ့သူ (၂)ယောက်…"
ကောင်ငယ်လေးက…
"ခင်ဗျား မြန်မြန်တိုက်နော်… ဟေ့လူ ၊ မဟုတ်ရင် ကျွန်တော် တောင့်ခံနိုင်မှာ မဟုတ်ဘူး"
သူ့အနေဖြင့် အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့်နှင့် နောက်ဆုံးအဆင့်များကို ရင်ဆိုင်နိုင်သော်လည်း အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်ထားသူများကိုတော့ အရမ်းကာရော ရင်မဆိုင်ဝံ့ပေ။ အခန့်မသင့်လျှင် အသက်ပျောက်သွားနိုင်သည်။
လက်သီးနတ်ဘုရားကူညီမည်လား ဆိုသည်ကတော့…
ကြည့်ရသည်မှာ တစ်ဖက်လူက လှုပ်ရှားရန် ရည်ရွယ်ချက် ရှိဟန်မတူတော့ပေ။
အစစ်အမှန်အင်မော်တယ်အဆင့်အထက်တွင်ရှိသော ရန်သူများကို တိုက်ခိုက်ရာတွင် လက်သီးနတ်ဘုရားက ကူညီပေးမည်ဖြစ်ပြီး အစစ်အမှန်အင်မော်တယ်များကိုတော့ ကိုယ့်အားကိုယ်ကိုး ရင်ဆိုင်ရမည် ဖြစ်သည်။
ထို့ပြင် သူတို့က ကလေးများ မဟုတ်လေရာ အရာအားလုံးအတွက် အကူအညီမလိုအပ်ပေ။
နတ်လူသားမျိုးနွယ် မြောက်ဖူသည် အဋ္ဌမမင်းသားနှင့် လူငယ်ကိုကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ စောစောက မြွေစိမ်းကြီးကို သတ်ဖြတ်ပစ်လိုက်သည့် လျှပ်စီးကြောင်းက ဘာလဲဆိုသည်ကို သူတို့ မသိခဲ့ကြပေ။
ထိုသူများနောက်ကွယ်တွင် တစ်စုံတစ်ခု ရှိရမည်ဖြစ်ပြီး ထိုအရာကို သူ သတိထားရမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အခွင့်အရေးရတုန်း သူ့ရှေ့မှ လူ (၂)ယောက်ကိုတော့ သေချာပေါက် သတ်ဖြတ်ပစ်ရပေမည်။
အခြေအနေများကို မထိန်းနိုင်တော့ပါက သူ၏နောက်ဆုံးအားကိုးရာကို ထုတ်ဖော်အသုံးပြုရမည် ဖြစ်၏။
မြောက်ဖူက…
"တိုက်ကြမယ်…"
ချီတန်က ခေါင်းညိတ်ပြလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှ တန်ခိုးစွမ်းအားများ ထွက်ပေါ်လာသည်။ ထို့နောက် တန်ခိုးစွမ်းအားများက ပုံရိပ်များအဖြစ် ပြောင်းလဲသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ နေရာမှ ပျောက်ကွယ်သွားပြီး အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးရှိရာသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။
ထို့နောက် ချောက်နက်တစ်ခုလုံး မန္တန်ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်သွားသည်။
"ဘုန်း"
"ဘုန်း"
သူတို့ (၄)ယောက် မျက်နှာချင်းဆိုင်လိုက်ကြသည်။ သူတို့၏ ပုံရိပ်များက ပေါ်လာလိုက်ပျောက်သွားလိုက်ဖြင့် အဆက်ပြတ် လှုပ်ရှားနေကြသည်။ မိုးခြိမ်းသံတစ်သံထွက်ပေါ်လာပြီး ချောက်နက်ထဲတွင် ကြောက်မက်ဖွယ်ရာ ရောင်ဝါတစ်ခု ပေါက်ကွဲထွက်သွားသည်။
မန္တန်စွမ်းအားထောင်ပေါင်းများစွာသည် ချောက်နက်ထဲတွင် ရေတံခွန်အလား ထွက်ပေါ်လာ၏။
"ဘုန်း"
"ဝှစ်"
သူတို့ကြားမှ တန်ခိုးစွမ်းအားပြိုင်ဆိုင်မှုများကို မခံနိုင်သည့်အလား တောင်များပင် ပြိုကျကုန်သည်။
"ဂရား"
ကောင်ငယ်လေး အော်ဟစ်လိုက်သည်။
သူ ဖိနှိပ်ပြီး အရိုက်ခံလိုက်ရသည်။ အဋ္ဌမမင်းသားသည်လည်း နဂါးတစ်ဝက်အသွင် ပြောင်းလဲသွားပြီး နဂါးဟိန်းသံတစ်သံ ပြုလုပ်လိုက်သည်။ တိုက်ပွဲက ဆက်လက်ဖြစ်ပွား ပြင်းထန်နေဆဲပင်။
ကောင်ငယ်လေးမှာ နောက်သို့သာ ဆုတ်နေရသည်။ သူ့ခန္ဓာကိုယ်ထက်မှ ပြင်းထန်လှသည့်ရောင်ဝါက ပိုမိုများပြားလာသည်။
သို့သော် ကျင့်ကြံခြင်းအဆင့် မတူညီခြင်းကြောင်း ရန်သူကို မယှဉ်နိုင် ဖြစ်နေရ၏၊ သူ့မှာ ခံစစ်တိုက်ခိုက်ရင်း အရိုက်ချည်းသာ ခံနေရသည်။
သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာများ ပိုမိုများပြားလာသည်။ သို့သော် သူက တောင့်ခံထားဆဲ ဖြစ်သည်။ သူ အပြင်ထွက်လာမှတော့ တိုက်ပွဲတွင် မရှုံးနိမ့်ချင်ပေ။
အဋ္ဌမမင်းသားက လက်ထဲမှ လှံရှည်ကို ဝှေ့ယမ်းလိုက်သည်။ သူလည်း ဒဏ်ရာရထားလေသည်။ သို့သော် ရန်သူများသည်လည်း အခြေအနေမကောင်းလှပေ။
သူက အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်ထားသူဖြစ်သလို မကြာခင်က ဘိုးဘေးနဂါး၏ ကောင်းချီးလက်ဆောင်ကို ရရှိထားသူ ဖြစ်သည်။ သူက ရန်သူ (၂)ယောက်နှင့် ကျင့်ကြံခြင်းအဆင့် တူညီသည်။
လျှို့ဝှက်ပညာများနှင့်ပတ်သက်၍ကတာ့…
နတ်လူသားမျိုးနွယ်များတွင် လျှို့ဝှက်ပညာများ ရှိမည်ဆိုလျှင် သူတို့ နဂါးမျိုးနွယ်များတွင်လည်း ရှိမည်သာ ဖြစ်သည်။
"ဂရား"
အစစ်အမှန်နဂါးပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး နဂါးဟိန်းသံကြီးတစ်သံက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ အဋ္ဌမမင်းသား၏ သွေးများ ဆူပွက်လာသည်။
"သတ်ပစ်…"
အဋ္ဌမမင်းသား ဒေါသထွက်လျှက်ရှိသည်။ သူ ထို နတ်လူသားမျိုးနွယ် (၂)ယောက်ကို သတ်ပစ်ချင်နေသည်။ ကျင့်ကြံခြင်းအဆင့် တူညီသည်ဆိုလျှင် သူ့အနေဖြင့် မည်သည့်နည်းနှင့်မှ မရှုံးနိုင်ပေ။
သူက မွေးရာပါ အင်မော်တယ်ဖြစ်သလို နဂါးမျိုးနွယ်လည်း ဖြစ်လေရာ သူ့ဘက်မှ အားသာချက် များစွာရှိသည်။
မြောက်ဖူကလည်း ပေါ့သေးသေးမဟုတ်ပေ။ သူက ကိုယ်ခွဲတစ်ထောင်တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သည်။
သူ့ပြိုင်ဘက်က နဂါးမျိုးနွယ်ဖြစ်တော့ရော ဘာအရေးလဲ။ မွေးရာပါ အင်မော်တယ်ဆိုတော့ရော ဘာအရေးလဲ။ သတ်ပစ်လိုက်တော့ရော ဘာအရေးလဲ။
တိုက်ပွဲကြီးတစ်ခု ထိုမျှထင်ထင်ပေါ်ပေါ်ဖြစ်လာပြီဆိုမှတော့ အရာအားလုံးက ထိန်းချုပ်မှုကို ကျော်လွန်သွားပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့အနေဖြင့် ရန်သူကို သတ်ဖြတ်နိုင်ရန် တတ်နိုင်သမျှ ကြိုးစားရပေတော့မည်။
***
ကျန်းလန်ကတော့ မိုးကောင်းကင်ခုံရုံးအောက်တွင် မတ်တတ်ရပ်ရင်း တိုက်ပွဲကို စောင့်ကြည့်နေသည်။
ကောင်ငယ်လေးက ခံစစ်ကျရောက်နေပြီး ဘယ်လောက်ပင်ကြိုးစားပါစေ ရန်သူကို အနိုင်ရမည် မဟုတ်ပေ။
အစစ်အမှန်အင်မော်တယ် ၊ ကနဦးအဆင့်သာရှိသေးသည့် ကောင်ငယ်လေးက ယခုလို အချိန်အကြာကြီးတောင့်ခံထားရန်မှာ အံ့သြစရာပင် ဖြစ်သည်။
"ဒါ ပုံမှန်တော့မဟုတ်ဘူး ၊ ချုန်ချီသားရဲအစစ်ဆိုရင်တောင်မှ ဒီလောက်ထိ တောင့်ခံထားနိုင်မှာမဟုတ်ဘူး ၊ ဒါ သေရည်ဆိုင်ရှင်အဘိုး သူ့ကို ကူညီပေးထားတာ ဖြစ်ရမယ်"
ကျန်းလန် တွေးလိုက်သည်။
သေရည်ဆိုင်ရှင်က ဆရာဖြစ်သူနှင့် အဆင့်တူသူ ဖြစ်သည်။
သူက ကောင်ငယ်လေး၏ကျင့်ကြံခြင်းတွင် တန်ခိုးစွမ်းအားအားလုံးဖြင့် ကူညီခဲ့မည်ဆိုလျှင် ကောင်ငယ်လေးအနေဖြင့် ထူးခြားသည့်စွမ်းရည်များကို ရရှိမည်မှာ အမှန်ပင် ဖြစ်၏။
အထူးသဖြင့် ကောင်ငယ်လေးကလည်း အခြေခံကောင်းသူတစ်ယောက် ဖြစ်သည်။ သူ အသက်ကြီးမလာခြင်းကတော့ အခြားအကြောင်းတစ်ခု ရှိရပေမည်။
အခြားဘက်တွင်တော့ အဋ္ဌမမင်းသားက တန်ခိုးစွမ်းအား ၊ အတွေ့အကြုံနှင့် ကျင့်ကြံခြင်းအဆင့်အားလုံး သူ၏ ရန်သူနှင့် တန်းတူဖြစ်သည်။
"သူတို့ကတော့ လက်ရည်တူနေကြတယ် ၊ ဒါပေမယ့် အဋ္ဌမမင်းသားက အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်ထားတာ မကြာသေးဘူး ၊ ပြီးတော့ အသက်လည်း ငယ်သေးတယ် ၊ သူ နည်းနည်းလောက် လက်ရည်သွေးနိုင်မယ်ဆိုရင် ရန်သူကို သေချာပေါက် အနိုင်ရတယ်"
ထို့နောက် ကျန်းလန်က ချောက်နက်အတွင်းထဲသို့ အကြည့်ကို ရွှေ့ပြောင်းလိုက်သည်။
ထိုအထဲတွင် အလွန်အန္တရယ်ကြီးမားသည့် တစ်စုံတစ်ခု ရှိနေပုံရသည်။ ထို့ပြင် ထိုအရာ ထွက်လာတော့မည်ဟု ကျန်းလန် ခံစားမိသည်။
တစ်ဖက်လူက အလွန်စွမ်းအားမြင့်မားသည့် ပညာတစ်ခုကို အသုံးပြုနေဟန် ရှိသည်။
နတ်လူသားမျိုးနွယ်များက ရန်သူကို ခံစစ်ရင်ဆိုင်ခဲ့သော်လည်း ပြင်ဆင်မှုအချို့ ပြုလုပ်ထားခဲ့သည်။
ထို့နောက် လျှပ်စီးကြောင်းများ စတင်ထွက်ပေါ်လာသည်။ ခဏအတွင်းမှာပင် မရေမတွက်နိုင်သည့် လျှပ်စီးကြောင်းများသည် ပုံရိပ်အတွင်းသို့ ဝင်ရောက်လာကြပြီး ချောက်နက်အစွန်းနှစ်ဖက်သို့ တိုက်ရိုက်ဆင်းသက်လာကြသည်။
ထိုအချိန်တွင် ချီလင်ကောင်မလေးနှင့် ဟုန်ယီတို့သည် ချောက်နက်ထဲသို့ ထိတ်လန့်စွာ ကြည့်နေကြသည်။
လျှပ်စီးလက်ခြင်းနှင့် မိုးခြိမ်းခြင်းတို့သည် ကောင်းကင်ကိုးထပ်မှ ကျယ်လောင်စွာ ဆင်းသက်လာကာ အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်အလား ချောက်နက်၏အစွန်းနှစ်ဖက်ကို လာရောက်ရိုက်ခတ်သည်။
ကောင်းကင်ဘုံက ဒေါသထွက်နေသည့်အလားပင်။
ဤသည်က မည်သို့သော တန်ခိုးစွမ်းအားမျိုးလဲ။
သူတို့ကဲ့သို့ လူသားအင်မော်တယ်များ နားမလည်နိုင်သည့်အရာဖြစ်သည်။
"ဒါ… ဒါက … သူတို့တွေ အဆင်ပြေလောက်ပါတယ်နော်"
ဟုန်ယီရေရွတ်လိုက်သည်။
ထိုတန်ခိုးစွမ်းအားများက အစစ်အမှန်အင်မော်တယ်များ ရင်မဆိုင်နိုင်သည့် တစ်စုံတစ်ရာဖြစ်ကြောင်း သူမ သိရှိခံစားနေရသည်။
ချောက်နက်ထဲတွင် အလွန်တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ရှိနေခြင်းဖြစ်နိုင်သည်။
ယန်ရှီးယွင် ခေါင်းခါယမ်းလိုက်ရင်း…
"ကျွန်မလည်း မသိဘူး ၊ လောလောဆယ်မှာတော့ အစ်ကိုကြီးနဲ့ မောင်ငယ်လေး အသက်အန္တရယ် မရှိသေးဘူး ၊ သူတို့ရဲ့တန်ခိုးစွမ်းအားတွေ မြေပြင်ထက်မှာ တုန်ခါနေတယ်လို့ ကမ္ဘာမြေကြီးက ကျွန်မကို အသိပေးတယ် ၊ ဒါပေမဲ့… သူတို့ ဘေးကင်းဖို့အတွက် သေရည်ဆိုင်ကိုသွားပြီး ဆိုင်ရှင်အဘိုးကို ခေါ်မှဖြစ်မယ် ၊ အဘိုးမရှိရင်လည်း ဆိုင်အနောက်ဘက်မှာ ဖီရှိုးကောင်ရှိတယ်…"
***