← Chapters

တာအိုပြိုင်ပွဲ

Vol. 33 Ch. 450

တာအိုပြိုင်ပွဲ

Vol. 33 Ch. 450

သေရည်ဆိုင်သို့ ပြန်ပြေးသွားသည့် ဟုန်ယီသည် ထိတ်လန့်သွားပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။ ထိုအခါ ချောက်နက်ကြီးထဲတွင် အလွန်ကြီးမားသောလူရိပ်ကြီးတစ်ခုကို တွေ့မြင်လိုက်ရသောကြောင့် အလွန်ပင် ကြောက်ရွံ့သွားတော့သည်။

ဒါကြီးက…

ဤသို့သောကြောက်မက်ဖွယ်ရာ တည်ရှိမှုတစ်ခုက မည်သည့်နေရာက ထွက်ပေါ်လာရပါသနည်း။ သူမ ယခုအချိန် စစ်ကူသွားခေါ်လျှင်ပင် အချိန်မီပါဦးမည်လား။

ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူမ သေရည်ဆိုင်သို့ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။ သူမက လူသားအင်မော်တယ်တစ်ယောက်ဖြစ်သည့်တိုင် ဤနေရာမှ သေရည်ဆိုင်သို့ပြန်ရန် အချိန်အနည်းငယ် ယူရမည် ဖြစ်သည်။

အချိန်မီမလား ၊ မမီဘူးလား မသေချာသည့်တိုင် ကြိုးစားကြည့်ရမည် ဖြစ်၏။

ယခုပြဿနာက သူ့ကြောင့်ဖြစ်ရသည်ဟု ပြော၍ရသည်။ ခွန်လွန်တောင်နှင့် သေရည်ဆိုင်မှ အဘိုးအိုက သူမကို အပြစ်တင်မည်ဆိုပါက အသက်ဘေးမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ထို့ပြင် ဟုန်ယာသည်လည်း သူမကိုသာ အပြစ်တင်ပေလိမ့်မည်။

ဟုန်ယီ လျှင်မြန်လွန်းသည့်အရှိန်ဖြင့် ပြေးထွက်လာခဲ့သည်။

ထိုစဉ် ကောင်းကင်ထက်တွင် ချောက်နက်ကြီးရှိရာသို့ ပျံသန်းလာသည့် ပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရသည်။

ထိုပုံရိပ်ကို တွေ့မြင်လိုက်သည်နှင့် ဟုန်ယီက အော်ခေါ်လိုက်၏။

"ဟုန်ယာမိန်းကလေး"

ဟုန်ယီ၏အော်ခေါ်သံကြောင့် ဟုန်ယာက ပျံသန်းခြင်းကို ရပ်တန့်လိုက်သည်။ သူမ၏ဆံနွယ်များတွင် မီးတောက်များ တောက်လောင်လျှက် ရှိသည်။

ထို့နောက် သူမ ဟုန်ယီရှိရာသို့ ဆင်းသက်လာရင်း…

"သူတို့ဘယ်မှာလဲ"

သူမက လုန်မန်နှင့် ကောင်ငယ်လေးတို့အကြောင်းကို မေးမြန်းလိုက်ခြင်းဖြစ်သည်။

ဟုန်ယီက ချောက်နက်အတွင်းမှ အလွန်ကြီးမားသည့် လူရိပ်ကြီးကို ညွှန်ပြလိုက်ရင်း တိုးလျသည့်လေသံဖြင့်…

"ဟို… ဟိုဘက်မှာ"

ထို့နောက် သူမက ယန်ရှီးယွင်ပြောသည့်စကားကို သတိရသွားပြီး စကားဆက်ပြောလိုက်သည်။

"ဟုန်ယာမိန်းကလေး ၊ သူတို့အခု အန္တရယ်ကျရောက်နေပြီ ၊ ကျွန်မတို့ အမြန်ပြန်ပြီး စစ်ကူခေါ်ရမယ် ၊ အရမ်းနောက်ကျလို့ မဖြစ်ဘူး ၊ ချီလင်မျိုးနွယ်မိန်းကလေးပြောတာတော့ သေရည်ဆိုင်ရှင်ကို အကြောင်းကြားသင့်တယ်တဲ့"

ဟုန်ယာက…

"မလိုဘူး ၊ ငါထွက်လာတုန်းက ဆိုင်ရှင်အဘိုးကို ပြောခဲ့တယ် ၊ ဘာလုပ်ရမလဲဆိုတာ သူ သိပါလိမ့်မယ်"

ပြောပြီးသည်နှင့် သူမက ချောက်နက်ထဲသို့ သွားရောက်ရန် ဟန်ပြင်လိုက်သည်။

ဟုန်ယာ၏စကားကိုကြားတော့ ဟုန်ယီ အနည်းငယ် ပဟေဠိ ဖြစ်သွားပြီး အံ့အားသင့်သွားသည်။

"ဟမ်…"

ဆိုတော့ ဟုန်ယာက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးပြီလား။ ဤသို့ဆိုလျှင်လည်း ကောင်းသည်ပင်။

"မင်း ပြန်ချင်ရင်ပြန်လေ ၊ ငါ တစ်ချက်လောက် သွားကြည့်လိုက်မယ်"

ပြောပြီးသည်နှင့် ဟုန်ယာက ချောက်နက်ထဲသို့ဦးတည်လျှက် ပျံသန်းထွက်ခွာသွားသည်။ ဟုန်ယီကတော့ နေရာတွင် ကျောက်ရုပ်တစ်ရုပ်ပမာ မတ်တတ်ရပ်လျှက် ကျန်ရစ်ခဲ့သည်။

သူမ ခဏမျှ တုံ့ဆိုင်းနေမိသည်။ သူမသာ ပြန်သွားလျှင် အခြားသူများက သေမှာကြောက်သူဟု ဝေဖန်ကြပေလိမ့်မည်။ သို့သော် သူမ ဟုန်ယာနောက်လိုက်သွားပြန်လျှင်လည်း ဝန်ထုပ်ဝန်ပိုးတစ်ခုပမာ ဖြစ်နေပေလိမ့်မည်။

များစွာစဉ်းစားပြီးသည့်နောက် သူမက နေရာမှာပင် စောင့်ဆိုင်းနေရန် ဆုံးဖြတ်လိုက်တော့သည်။ အရာအားလုံးအဆင်ပြေသွားရန် သူမ မျှော်လင့်မိသည်။

ကြီးမားသည့်လူရိပ်ကြီးကို လှမ်းကြည့်မိသည့် အခိုက်အတန့်တွင် သူမ အလွန်ကြောက်ရွံ့သွားမိသည်။ သို့သော် ထိုလူရိပ်ကြီး၏ အရှေ့တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို သူမ တွေ့မြင်လိုက်ရ၏။

ထိုပုံရိပ်က တဖြည်းဖြည် ကြီးမားလာပြီး လူရိပ်ကြီးနီးပါး ကြီးမားလာကာ နောက်ဆုံး လူရိပ်သဏ္ဌန်ထက်ပင် ပိုမိုကြီးမားသွားခဲ့သည်။ ထိုအရာက ကြီးမားလှသည့် တံခါးကြီးတစ်ချပ် ဖြစ်သည်။ တံခါးကြီးက မြင့်မားလွန်းသဖြင့် ကောင်းကင်ထက်တိုင် ထိုးဖောက်နေသည့်အလား ထင်မှတ်ရသည်။

ထိုတံခါးကြီးရှေ့တွင် မတ်တတ်ရပ်နေသောပုံရိပ်တစ်ခုရှိသည်။ ထိုသူက ကောင်းကင်ထက်မှ ထွက်ပေါ်လာသည့် နတ်ဘုရားတစ်ပါးအလား အောက်ဖက်မှလူများကို ငုံ့မိုးကြည့်နေသည်။

"အဲဒါဘယ်သူလဲ"

ဟုန်ယီ ရေရွတ်လိုက်သည်။

***

မိုးကောင်းကင်ခုံရုံးအောက်တွင်…

ကျန်းလန် မတ်တတ်ရပ်လျှက် ရှိလေသည်။

ကြီးမားလှသည့် လူရိပ်ကြီးတစ်ထု ထွက်ပေါ်လာသည်နှင့် နတ်လူသားမျိုးနွယ်တစ်ယောက်ဖြစ်ကြောင်း ကျန်းလန် ချက်ချင်း သိရှိလိုက်သည်။

နတ်လူသားမျိုးနွယ်ယွင်ရှောင်းဧကရာဇ်…။

"အမှန်ပဲ ၊ အဲဒီပုံရိပ်က အဲဒီလူပဲ ဖြစ်ရမယ် ၊ ငါ သူနဲ့ရင်ဆိုင်ဖို့အတွက် နည်းလမ်းတစ်ခုအသုံးပြုပြီး ငါ့ပုံရိပ်ကို ကိုယ်ထင်ပြမှ ဖြစ်လိမ့်မယ် ၊ ဒါပေမဲ့ ပေးဆပ်ရမယ့်တန်ဖိုးကတော့…"

ကျန်းလန်တွေးလိုက်သည်။

ဟုတ်ပေ၏။ ပေးဆပ်ရသည့် တန်ဖိုးကတော့ မြင့်မားပေလိမ့်မည်။

သို့သော် တန်ဖိုးပေးဆပ်ရုံဖြင့် ပြီးမြောက်နိုင်မည်မဟုတ်ဘဲ ပြင်ဆင်မှုများစွာလည်း ပြုလုပ်ရန် လိုအပ်သည်။ ကျန်းလန်ကတော့ တတ်နိုင်သလောက် ကြိုးစားမည်ပဲဖြစ်သည်။ သူက ဧကရာဇ်ရှီးဟယ်လိုတော့ အဋ္ဌမမင်းသားကို အသုံးချနိုင်မည် မဟုတ်ပေ။

နတ်လူသားမျိုးနွယ်များ၏ အဓိကပစ်မှတ်က အမှန်တကယ်ပင် ကောင်ငယ်လေးနှင့် အဋ္ဌမမင်းသား ဖြစ်ခဲ့သည်။ သူတို့၏ ကံကြမ္မာအခွင့်ကောင်းရောင်ဝါများကြောင့် ပစ်မှတ်ထားခံရခြင်း ဖြစ်နိုင်သည်။

နတ်လူသားမျိုးနွယ်များ တိုက်ခိုက်မှုစတင်လိုက်သည်နှင့် ကျန်းလန်က သူ၏ နတ်ဘုရားရာထူးတွင် လင်းလက်နေသည့် ကောင်ငယ်လေးနှင့် အဋ္ဌမမင်းသားတို့၏ အလင်းရောင်အစက်လေးများ ဆက်နွယ်မှုကို ဖွင့်လှစ်လိုက်သည်။ ချက်ချင်းပင် သူ၏တန်ခိုးစွမ်းအားများ မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။

သို့သော် သူ၏ပုံရိပ်က အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးတို့နောက်တွင် ချက်ချင်းကြီး ထွက်ပေါ်လာလိမ့်မည်ဟု ကျန်းလန် ထင်မထားခဲ့ပေ။ ထိုသို့ဖြစ်ရသည်မှာ မိုးကောင်းကင်ခုံရုံးကြောင့် ဖြစ်နိုင်သည်။

ကောင်ငယ်လေး လွတ်မြောက်သွားအောင် ကူညီပေးပြီးနောက် ကျန်းလန်က နတ်လူသားမျိုးနွယ် လူရိပ်ကြီးကို လှမ်းကြည့်လိုက်သည်။

ကျန်းလန် လှမ်းကြည့်လိုက်သည်နှင့် ထိုလူရိပ်ကြီး၏ အကြည့်များကလည်း အသက်ဝင်လာသည်။ ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် ထိုအကြည့်ကြောင့် ဖိအားအချို့ ခံစားရမည် ဖြစ်သည်။

သို့သော် ယခုတော့ မိုးကောင်းကင်ခုံရုံး၏ အကူအညီကြောင့် ဖိအားအနည်းငယ်မျှကိုပင် ခံစားရခြင်းမရှိပေ။ ထိုအစား သူကပင် ရန်သူကို ဖိနှိပ်ထားနိုင်ခဲ့သည်။

ထိုအချိန်မှာပင် သူ့အနောက်ဘက်မှ မိုးကောင်းကင်ခုံရုံးတံခါးကြီးက တဖြည်ဖြည်း မြင့်တက်လာပြီး သူ၏ပုံရိပ်ကလည်း တဖြည်ဖြည်း ကြီးမားလာသည်။

ကျန်းလန်က တံခါးအောက်တွင် မတ်တတ်ရပ်ရင်း နတ်လူသားမျိုးနွယ်ယွင်ရှောင်းဧကရာဇ်ကို ကြည့်နေသည်။ ထိုသူက လုံး၀ အားနည်းချက်မရှိသည့် ပြိုင်ဘက်တစ်ယောက် ဖြစ်သည်။

သူတို့ (၂)ယောက် တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြပြီး မည်သူမှ အလျှင်စလို စတင်တိုက်ခိုက်ခြင်း မရှိကြပေ။

ပုံမှန်ကျင့်ကြံသူတစ်ယောက်အဖြစ်ဆိုလျှင် နတ်လူသားမျိုးနွယ်ယွင်ရှောင်းသည် အခြားသူများထက် အနည်းငယ်အားနည်းသင့်သည်။ သို့သော် သူက စိတ်ခံစားချက်များအားလုံးကို စွန့်လွှတ်သည့်လမ်းစဉ်ကို ကျင့်ကြံထားသည့်အတွက် အတိုင်းအဆမရှိ တန်ခိုးစွမ်းအားမြင့်မားပြီး အနာဂတ်တွင်လည်း တက်လမ်းများစွာ ရှိနေသည်။

ထို့ကြောင့် ယွင်ရှောင်းက တန်ခိုးစွမ်းအား နည်းပါးနေလျှင်တောင်မှ ကျန်းလန်ကတော့ သူ့ကို လုံး၀ လျှော့မတွက်ရဲပေ။ သာမန်အခြေအနေဆိုလျှင် သူက ယွင်ရှောင်းထက်လည်း ကျင့်ကြံခြင်းအဆင့် အားနည်းသူ ဖြစ်၏။

ကြီးမားလှသည့် လူရိပ်ကြီးက ခံစားချက်ကင်းမဲ့သည့်လေသံဖြင့် စတင်စကားဆိုသည်။

"ကျုပ်က မီးတောင်ကျွန်းက နတ်လူသားမျိုးနွယ်ယွင်ရှောင်းဧကရာဇ်ပဲ"

ကျန်းလန်က ထိုသူကိုကြည့်လိုက်ရင်း…

"ပျက်သုဉ်ခြင်းငရဲဘုံရှစ်ထပ် ဧကရာဇ်လွန်လင်ပါ…"

ထိုနာမည်ကို ထပ်မံကြားသိလိုက်ရသော်လည်း ယွင်ရှောင်းဧကရာဇ်က အနည်းငယ်ပင် အံ့အားသင့်ဟန်မရှိပေ။

သူက အဋ္ဌမမင်းသားနှင့်ကောင်ငယ်လေးကို တစ်ချက်ငုံ့ကြည့်လိုက်ရင်း…

"ဒါဖြင့် ဒီလူတွေက မင်းရဲ့လူတွေပေါ့"

ကျန်းလန်က စကားပြန်မပြောပေ။

ရန်သူက စဆင်တိုက်ခိုက်တော့မည်ကို ကျန်းလန် ခံစားမိသည်။

သူတို့ (၂)ယောက်၏မျက်ဝန်းများ ပြန်လည်ဆုံတွေ့သည်နှင့် ယွင်ရှောင်းက ကျန်းလန်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

သူ၏ လှုပ်ရှားမှုတိုင်းကို လောကကြီးက အတည်ပြုလက်ခံထားသည့်အလားပင် ဖြစ်သည်။ လက်ဝါးရိုက်ချက်သည် မိုးနဲ့မြေမှ ဆောင်ယူသွားသည့်အလား ထင်မှတ်ရသည်။

ထိုလက်ဝါးရိုက်ချက်ကို ရင်ဆိုင်လိုက်ရသည်နှင့် ကျန်းလန်က လက်ကိုဆန့်ထုတ်လိုက်သည်။ ထိုအခါ သူ့လက်ထဲတွင် နက်မှောင်သည့်လှံရှည်တစ်လက် ပေါ်လာသည်။

ကျန်းလန် လှံရှည်ကို ဝှေ့ယမ်းလိုက်သည်နှင့် လှံရှည်ထိပ်မှ အနီရောင်နေဝန်းပမာ ရောင်ခြည်တစ်ခု တောက်ပလာသည်။ ခဏအတွင်း ထိုနေဝန်းက နေမင်းကြီးပမာ လင်းထိန်တောက်ပလာ၏။

ထိုလှံရှည်တိုက်ကွက်ထဲတွင် ကျန်းလန်၏ တာအိုတရားများ ပါဝင်နေသည်။

ကျန်းလန်၏လှံရှည်နှင့် ယွင်ရှောင်းဧကရာဇ်၏ လက်ဝါးရိုက်ချက်တို့ ရိုက်ခတ်မိသွားသည်။

ပတ်ဝန်းကျင်တစ်ခုလုံး ခဏမျှ ငြိမ်သက်သွားပြီးနောက်…

"ဘုန်း…"

ကျယ်လောင်သည့်အသံကြီးတစ်သံထွက်ပေါ်လာကာ ပြီး တန်ခိုးစွမ်းအားမုန်တိုင်းစက်ဝန်းတစ်ခု ဖြစ်တည်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

တန်ခိုးစွမ်းအားမုန်တိုင်းက ချောက်နက်တစ်ခုလုံး သို့တိုးဝင်လာသည်။ အဋ္ဌမမြောက်မင်းသားနှင့် တိုက်ပွဲဝင်ခဲ့ကြသော အခြားသူများမှာ မုန်တိုင်းဒဏ်ကို ပထမဆုံး ခံစားလိုက်ကြရသည်။

"ဘုန်း"

တစ်ဖန် တန်ခိုးစွမ်းအား ရိုက်ခတ်မှုများ ဖြစ်ပေါ်လာပြီး ချောက်ကမ်းပါးအစွန်း ပြိုကျသွားသည်။

"ဘန်း"

တန်ခိုးစွမ်းအားစက်ဝန်းမှ ထွက်ပေါ်လာသည့်လှိုင်းများက ချောက်နက်အတွင်းမှ အရာအားလုံးကို ကျေမွသွားစေခဲ့သည်။

"ရွှီ… ရွှီ"

မြေပြင်ထက် ပြားပြားဝပ်နေသည့် ဧရာမ မြွေစိမ်းကြီးမှာ ကြောက်ရွံ့လွန်းသဖြင့် အဆက်မပြတ် အော်ဟစ်လျှက် ရှိသည်။ ပြင်းထန်လှသည့် တိုက်ပွဲစွမ်းအားများကို သူ၏ခန္ဓာကိုယ်က ခံနိုင်ရည် မရှိခဲ့ပေ။

ကောင်းကင်ထက်မှ တိုက်ပွဲကတော့ ရပ်တန့်ခြင်းမရှိခဲ့ပေ။ သူတို့က တိုက်ခိုက်ရန်အတွက် သူတို့၏ ရုပ်ခန္ဓာများကို အသုံးပြုစရာ မိုခဲ့ပေ။ လေထုကိုဖြတ်သန်းပြီး တန်ခိုးစွမ်းအားချင်း ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။

ကောင်းကင်ထက်ယံတွင်တော့ အပြောင်းအလဲများ အဆက်မပြတ် ဖြစ်ပေါ်လျှက် ရှိသည်။ ကျန်းလန်၏ လှံရှည်ထိပ်မှ နေဝန်းရောင်ခြည်ကို နတ်လူသားမျိုးနွယ်က ဖျက်စီးပစ်ရန် ကြိုးစားနေသည်။

ယင်နှင့်ယန် ပြောင်းလဲသွားပြီး နေနှင့်လ တစ်လှည့်စီဖြစ်ပေါ်လာကာ သေခြင်းရှင်ခြင်းအငွေ့အသက်များက ထင်သာမြင်သာ ထွက်ပေါ်လာသည်။

တာအိုတရား ထင်ရှားလာသည့်အတွက် သူတို့ (၂)ယောက်၏ တိုက်ပွဲက တာအိုပြိုင်ပွဲတစ်ခု ဖြစ်လာသည်။

ချောက်နက်အတွင်းသို့ ပျံသန်းလာသည့် ဟုန်ယာမှာ ထိုမြင်ကွင်းကို တွေ့မြင်လိုက်ရသည်နှင့် ဆက်လက်ပျံသန်းနိုင်ခြင်း မရှိတော့ပေ။ သို့သော် ချောက်နက်ကြီး ပြိုကျသွားသည်ကို တွေ့မြင်လိုက်ရသည့်အခါ သူမ မရမက ဆက်လက်ပျံသန်းလာခဲ့သည်။

သူမ သေရည်မည်ဆိုလျှင်ပင် သေရည်ဆိုင်မှ ကောင်ငယ်လေးကို ကယ်တင်ရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ရန် သူမ ကတိပြုထားခဲ့သည်။

ကောင်းကင်ထက်တွင် နေနှင့်လ တစ်ပြိုင်တည်းထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည့်အခါ အဝေးတစ်နေရာမှ ကြည့်နေသည့် ဟုန်ယီမှာ ကြောက်ရွံ့တုန်လှုပ်သွားသည်။

ရုတ်တရက်ထွက်ပေါ်လာသည့် တံခါးကြီးက အလွန်ပင် မူမမှန်လှပေ။ အနီးပတ်ဝန်းကျင်မှ လူများသာမက ခွန်လွန်တောင်မှ လူများသည်ပင် ထိုတံခါးကို တွေ့မြင်နိုင်ကြပေလိမ့်မည်။

ခွန်လွန်တောင်လမ်းတစ်လျှောက် လမ်းလျှောက်လာကြသည့် တပည့်အုပ်စုမှာ ကောင်းကင်ထက်မှ ထွက်ပေါ်လာသော တံခါးကြီးကို တွေ့မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားကြသည်။

လုကျန်းက…

"ဒီ တံခါးကြီးက ဘယ်နေရာက ထွက်ပေါ်လာတာလဲ"

ပေဖန်းက…

"မသိဘူးလေ ၊ ဒါပေမဲ့ ဒီတံခါးက ကောင်းကင်တစ်ခုလုံးကို သိမ်းပိုက်ထားတဲ့အတိုင်းပဲ ၊ တံခါးဝမှာလည်း စာလုံးတွေရေးထားတယ် ၊ အဲဒါကို ဖတ်နိုင်မယ်ဆိုရင် ဘာတံခါးလဲဆိုတာ သိရမှာပဲ"

သတ္တမတောင်ထွတ်မှ လန်ဝူက…

"တံခါးက အရမ်းကြီးကျယ်ခမ်းနားတဲ့ ခံစားချက်ကို ပေးစွမ်းတယ် ၊ စာအုပ်တွေထဲမှာ ဖတ်ဖူးတာတစ်ခုကို သတိရမိတယ် ၊ ပျက်သုဉ်းတစ်စပြင်လောကကြီးကလူတွေက ထူးဆန်းတာတွေကို တွေ့မြင်ရတိုင်း မှတ်တမ်းတွေရေးသားထားလေ့ရှိကြတယ်လေ ၊ အဲဒီစာအုပ်ထဲမှာ ကောင်းကင်ထက်က တံခါးတစ်ချပ်ပေါ်လာပြီး လူတစ်ယောက်က အဲဒီတံခါးထဲဝင်သွားတဲ့အကြောင်း ရေးသားထားတယ် ၊ အဲဒီလူက အင်မော်တယ်အဆင့်ထက်တောင် သာလွန်တဲ့သူဖြစ်တယ်လို့ ပြောကြတယ်"

လုကျန်းက…

"အဲဒီလိုလူမျိုးတွေက အခုနောက်ပိုင်းမှာရော ရှိသေးလို့လား"

မေးသာမေးလိုက်ရသည် ထိုသို့သောဖြစ်ရပ်မျိုး နောက်ပိုင်းကာလများတွင် ထပ်မံဖြစ်ပေါ်လာမည်ဟု လုကျန်း ထင်မထားခဲ့ပေ။

လန်ဝူက…

"သိချင်ရင် သွားကြည့်ကြမယ်လေ ၊ အဲဒီတံခါးထွက်ပေါ်လာတဲ့နေရာက ချင်းချန်မြို့ဘက်မှာထင်တယ် ၊ သိပ်မဝေးဘူး"

ပေဖန်းက ခေါင်းညိတ်လိုက်ရင်း…

"အင်း… သွားကြည့်ကြမယ် ၊ အန္တရယ် ရှိလား မရှိလား မပြောတတ်ပေမယ့် အခြေအနေ သွားကြည့်ချင်တယ်"

***

All Chapters