စစ်နတ်ဘုရားပြန်လာလေသလား
Vol. 33 Ch. 451
ကျိုးစူးနှင့် လုချန်တို့ ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်လိုက်သည်။
သူတို့က ခွန်လွန်တောင်သို့ အပြန်လမ်းတွင် ရှိနေခြင်းဖြစ်ပြီး ကောင်းကင်ထက်တွင် ရုတ်တရပ်ထွက်ပေါ်လာသည့် တံခါးကြီးတစ်ချပ်က သူတို့၏ စိတ်အာရုံကို စွဲဆောင်သွားသည်။
ကျိုးစူးက မျက်မှောင်ကြုတ်လိုက်ရင်း…
"အဲဒီတံခါးက ဘာများလဲမသိဘူး ၊ တစ်ခုခုများ ဖြစ်နေတာလား"
လုချန်မှာလည်း အလွန်ပင် တုန်လှုပ်သွားသည်။ တံခါး၏ အသွင်အပြင်က သူမ နားလည်နိုင်သည်ထက်ကျော်လွန်နေလေရာ အကောင်းလား အဆိုးလား မပြောနိုင်ပေ။
"ဒီတံခါးက ဒီနှစ်တွေအတွင်း ဖြစ်ပွားခဲ့တဲ သဘာဝဘေးအန္တရယ်တွေနဲ့များ ဆက်စပ်နိုင်သလား မသိဘူး"
သူမ မဝံ့မရဲဖြင့် ပြောလိုက်သည်။ ဖြစ်ရပ်က အလွန်ပင် ထူးခြားသည် မဟုတ်ပါလား။
ကျိုးစူးက…
"ကျုပ်လည်း မသိဘူး ၊ ဒါပေမဲ့ ရုတ်တရက်ကြီး ဒီတံခါးထွက်ပေါ်လာတာ ပုံမှန်တော့ မဖြစ်နိုင်ဘူး ၊ မျိုးနွယ်စုအသစ်တစ်ခုခုများ ထွက်ပေါ်လာတာလား မသိဘူး ၊ ခွန်လွန်တောင်ကို အမြန်ပြန်ပြီး ဂိုဏ်းတူအစ်ကိုတွေ ၊ အကြီးအကဲတွေကို မေးကြည့်သင့်တယ် ၊ သူတို့ကတော့ နည်းနည်းပါးပါး သိမှာပဲ"
လုချန်က…
"ဟင်… ဒါဆို ဟိုကောင်လေးကို ကျေးဇူးတင်စကားပြောဖို့ သေရည်ဆိုင်ကို မသွားတော့ဘူးလား"
ယခုတစ်ကြိမ် သူတို့ အိမ်ပြန်သွားကြခြင်းက ဘဝနေဝင်ချိန်နီးကပ်နေပြီဖြစ်သည့် မိဘ (၂)ပါးကို အဖော်ပြုပေးရန် ပြန်သွားကြခြင်း ဖြစ်သည်။
မိဘ (၂)ပါးက သူတို့ ရှာဖွေဝယ်ယူပေးသည့် ဆေးဝါးများဖြင့် သက်တမ်းရှည်ကြာစွာ နေထိုင်ခဲ့ရပြီဖြစ်သည့်အတွက် ကျေနပ်စရာ ဖြစ်ခဲ့သည်။
သို့သော် သက်တမ်းကုန်ဆုံးခါနီး မိဘများသည် ထူးဆန်းစွာပင် ခွန်အားများသန်မာလျှက် အသက်ဆက်လက် ရှင်သန်နေခဲ့ကြသည်။
ကျိုးစူးက အံ့အားသင့်သွားပြီး မေးမြန်းကြည့်သည့်အခါ ကျိုးစူး၏ ဖခင် ကျိုးပေါ်အား သေရည်ဆိုင်မှ ကောင်ငယ်လေးက အသက်ရှည်စေသည့် ဆေးဝါးများ ပေးလိုက်ကြောင်း သိရှိခဲ့ရသည်။
အဘယ့်ကြောင့် သေရည်ဆိုင်မှ ကောင်လေးက မိဘ (၂)ပါးကို ဆေးဝါးများ ပေးရသည်ကို မသိရှိသော်လည်း ထိုကိစ္စက အမှန်တကယ်ပင် ပျော်ရွှင်စရာ ဖြစ်သည်။
ကျိုးစူးက…
"အဖေက သွားမပြောဖို့ မှာလိုက်တယ် ၊ ကြည့်ရတာ သူတို့ကြားမှာ လျှို့ဝှက်ချက်တစ်ခုခု ရှိမယ်ထင်တယ် ၊ ပြီးတော့ သေရည်ဆိုင်က ကောင်လေးက စိတ်ထားဆိုးတဲ့ပုံ မရှိပါဘူး ၊ ပြီးတော့ သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိရင်တောင်မှ ကျုပ်တို့ ဘာမှမတတ်နိုင်ဘူးလေ"
စကားပြောနေရင်း ကျိုးစူးက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်…
"ကျုပ်တို့ အကောင်းစားသေရည်ဝယ်ဖို့ သေရည်ဆိုင်မှာ ပြဿနာရှာခဲ့ကြတဲ့အချိန်ကို သတိရသေးလား ၊ အဲဒီတုန်းက လောကကြီးမှာ ကျုပ်တို့က ဘာမှမဟုတ်ဘူးဘူးဆိုတာ မသိကြသေးဘူးနော်"
လုချန်က…
"ဟုတ်ပ ၊ ဂိုဏ်းတူအစ်ကိုကျန်းလန်ကိုတောင် ပိုက်ဆံလဲတော့ ပြန်ပေးစရာမလိုဘူးတွေ ဘာတွေ ပြောလိုက်မိကြသေးတယ်နော်"
ကျိုးစူးက…
"အရင်က မင်းကတောင် ကျုပ်ထက်ပိုပြီး သောက်ကြီးသောက်ကျယ်နဲ့လေ ၊ နောက်ပိုင်း ကျုပ်ပြောတာတောင်မှ မင်းက မပြောင်းလဲချင်သေးဘူး"
လုချန်က စကားပြန်ပြောရန် ဟန်ပြင်လိုက်စဉ် ကောင်းကင်ထက်တွင် အလင်းရောင်မှိန်ဖျော့ဖျော့တစ်ခုကို ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုအလင်းရောင်က တံခါးကြီးဆီမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး တံခေါးအောက်တွင် လူတစ်ယောက် မတ်တတ်ရပ်နေသည်ကို တွေ့မြင်လိုက်ကြရသည်။ သို့သော် ထိုသူ၏ ပုံသဏ္ဌန်က မရေမရာ မှုံဝါးဝါး ဖြစ်နေလေ၏။
***
ကျန်းလန်ကတော့ လက်ထဲမှ လှံရှည်ကို ဝှေ့ယမ်းကာ တိုက်ခိုက်နေသည်။ မိုးကောင်ကင်ခုံရုံး၏ အကူအညီဖြင့်ဆိုလျှင် သေချာပေါက် ရန်သူကို အနိုင်ရရှိမည် ဖြစ်သည်။
သူ၏ လက်ဝဲဘက်နှင့် လကျ်ာဘက်တွင် နေနှင့်လ ကလည်း ပြိုင်တူထွန်းလင်းလျှက် ရှိသည်။
သူ့လက်ထဲမှ လှံရှည်က အရာအားလုံးကို ဖြတ်ကျော်ထိုးဖောက်သွားသည်။
"ဝှစ်"
လှံရှည်က နတ်လူသားမျိုးနွယ်ယွင်ရှောင်း၏ ဘက်ဘက်လက်ကို ထိမှန်သွားသည်။
"ဘန်း"
နတ်လူသားမျိုးနွယ်၏ ဘယ်ဘက်လက် ပြတ်ကျသွားသည်။
လက်တစ်ဖက်လုံး ဆုံးရှုံးသွားသည့်တိုင် ယွင်ရှောင်းဧကရာဇ်၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ သူက ကျန်းလန်ကို တိုက်ခိုက်ရန်အတွက်သာ မန္တန်စွမ်းအားကို အဆက်မပြတ် ဆက်လက်ထုတ်လွှတ်နေသည်။
ကျန်းလန်က လှံရှည်ဖြင့် လျှင်မြန်စွာ ဆက်လက်တိုက်ခိုက်လိုက်သည်။
"ဘန်း"
လှံရှည်မှ တန်ခိုးစွမ်းအားက ယွင်ရှောင်း၏ မန္တန်စွမ်းအားကို ဖြတ်ကျော်သွားကာ နတ်လူသားမျိုးနွယ်၏ ဘယ်ဘက်ခြေထောက်ကို ထိမှန်သွားပြန်သည်။ ပြီးနောက် နောက်ထပ် လှံချက်တစ်ချက်က နတ်လူသားမျိုးနွယ်၏ ညာဘက်ခြေထောက်ကို ဆက်လက်ထိမှန်သွားသည်။
"ဘန်း"
နတ်လူသားမျိုးနွယ်၏ ညာဘက်ခြေထောက်ရော ဘယ်ဘက်ခြေထောက်ပါ ပြတ်ကျသွားပြီ ဖြစ်၏။
ထို့နောက် ကောင်းကင်ထက်တွင် လျှပ်စီးတစ်ချက် လက်ခနဲတောက်ပသွားပြီး ကျန်းလန်၏ လှံရှည်က နတ်လူသားမျိုးနွယ်၏ ကျန်ရှိနေသည့် လက်တစ်ဖက်ကို ဖြတ်တောက်ပစ်လိုက်သည်။
"ကျုပ် ရှုံးသွားပြီ"
နတ်လူသားမျိုးနွယ်ယွင်ရှောင်းက ကျန်းလန်ကို လှမ်းကြည့်ရင်း တည်ငြိမ်သည့်အသံဖြင့် ပြောလိုက်သည်။
ကျန်းလန်က လှံရှည်ကို လက်ထဲတွင် ကိုင်ထားရင်းဖြင့်ပင် ရန်သူကို ကြည့်လိုက်သည်။ နွားရိုင်းကိုးကောင်စွမ်းအားဖြင့်သာ ထိုးနှက်တိုက်ခိုက်လိုက်ရလျှင် ဤမျှလောက် တိုက်ခိုက်နေစရာ မလိုပေ။
သို့သော် နွားရိုင်းကိုးကောင်စွမ်းအား အသုံးပြုချင်သည်ဆိုလျှင် သူ၏ နာမ်ဝိညာဉ်ဖြင့်သာ တိုက်ခိုက်၍မရဘဲ လူကိုယ်တိုင်လာရောက်ရန် လိုအပ်သည်။
သူက ဧကရာဇ်ရှီးဟယ်ကဲ့သို့ အဋ္ဌမမင်းသား ၊ သို့မဟုတ် ကောင်ငယ်လေး၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိပေ။
ဧကရာဇ်ရှီးဟယ်ကတော့ မည်သို့ပြုလုပ်သည်လဲ သူ နားမလည်ပေ။ ဝိညာဉ်ဆင်းသက်ပြီး အဋ္ဌမမင်းသား ခန္ဓာကိုယ်ထဲ ဝင်ရောက်ခြင်းလား မပြောတတ်ပေ။
ထိုသို့ဖြစ်နိုင်သည်ထင်ရသော်လည်း မည်သို့အစီအစဉ်ပြုလုပ်ကြောင်း ကျန်းလန် မသိရှိပေ။ သူကတော့ အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေး၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်၍မရပေ။ သူတို့အတွက် တန်ခိုးစွမ်းအားများသာ ပေးနိုင်စွမ်း ရှိသည်။
သူလုပ်နိုင်သည်က သူ၏ ကိုယ်ပိုင်ပုံရိပ်ကို မန္တန်စွမ်းအားနှင့် ထင်ဟပ်စေကာ ကိုယ်တိုင်တိုက်ခိုက်ခြင်းပင် ဖြစ်၏။
နတ်လူသားမျိုးနွယ် ယွင်ရှောင်းဧကရာဇ်သည်လည်း လူကိုယ်တိုင်လာရောက်ခြင်းမဟုတ်ဘဲ ပုံရိပ်တစ်ခုကိုသာ ထုတ်လွှတ်လိုက်ခြင်း ဖြစ်၏။
သို့မဟုတ်ပါက...
သူက တစ်ဖက်လူနှင့် ပြိုင်ဘက်မဟုတ်ပေ။
နတ်လူသားမျိုးနွယ် ယွင်ရှောင်းက သူ့ထက် ကျင့်ကြံခြင်းအဆင့် မြင့်မားလေသည်။
ကျန်းလန် ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်သည့်အခါ ပညာရှိကျမ်းစာနှင့်ဆင်တူသည့် တန်ခိုးစွမ်းအားအငွေ့အသက်များကို ရရှိလိုက်သည်။ ထိုတန်ခိုးစွမ်းအားများက မဟာတာအို၏ အစိတ်အပိုင်းဖြစ်ပြီး အလွန်တရာ တန်ခိုးစွမ်းအား ကြီးမားလွန်းသည်။
ဤနေရာက သူ့ပိုင်နက်ဖြစ်သည့် ခွန်လွန်တောင်ဖြစ်သောကြောင့်သာ ကျန်းလန် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ကျန်းလန် စိတ်ထဲတွင် အတွေးပေါင်းများစွာ ဖြတ်သန်းသွားပြီး သူက လှံရျည်ကို တစ်ချက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ကံကြမ္မာအခွင့်ကောင်းရောင်ဝါ အနည်းငယ်သည် နတ်လူသားမျိုးနွယ်ယွင်ရှောင်းထံသို့ ဦးတည်ရောက်ရှိသွားသည်။
"ဒီခရီးစဉ်က ကျုပ်အတွက် အကျိုးအမြတ်နည်းနည်းရတဲ့ပုံပဲ"
ပြောရင်ဖြင့် နတ်လူသားမျိုးနွယ်ယွင်ရှောင်းက ရရှိလာသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါလေးကို သူ့ခန္ဓာကိုယ်အတွင်းသို့ စီးဝင်စေလိုက်သည်။
ဆိုတော့ ဤသည်က တိုက်ခိုက်ရသည့် အကြောင်းပြချက်လား။
ကျန်းလန် အံ့အားသင့်သွားသည်။
နတ်လူသားမျိုးနွယ်များက ကောင်ငယ်လေး ၊ ဇာမဏီကောင်မလေးနှင့် အဋ္ဌမမင်းသားထံမှ ကံကြမ္မာအခွင့်ကောင်းရောင်ဝါများကို ရရှိလိုသည့်အတွက် တိုက်ခိုက်ခြင်းဖြစ်သည်ဟု အစပိုင်းက ကျန်းလန် ထင်မှတ်ခဲ့သည်။
ယခုတော့ သူတို့ (၂)ယောက်ကြားမှတိုက်ပွဲကြောင့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါ အနည်းငယ် ထွက်ပေါ်လာခဲ့သည်။
အဘယ်ကြောင့်ထိုသို့ဖြစ်ရကြောင်း အသေးစိတ်မသိရှိသလို တစ်ဖက်လူ၏ အကြံအစီကိုလည်း အတိအကျခန့်မှန်းရန် ခက်ခဲသည်။ ကျန်းလန်အနေဖြင့် အနာဂတ်တွင် ပိုပြီး သတိထားရန် လိုအပ်သည်။
ကျန်းလန် ချက်ချင်းပင် သူ့လှံရှည်ကို ဝှေ့ယမ်းတိုက်ခိုက်လိုက်သည်။ ထိုခဏတွင် ကောင်းကင်ထက်တွင် များစွာသော မိုးကြိုးပစ်သံများ ထွက်ပေါ်လာ၏။
"ဘုန်း"
မိုးခြိမ်းသံက ကောင်းကင်တစ်ခွင်နှင့် ပဲ့တင်ထပ်နေသည်။
"ဝှစ်…"
ကောင်းကင်ထက်မှ လျှပ်စီးအလင်းတန်းများသည် ဓားသွားများအလား ဖြာကျလျှက် ရှိသည်။
တစ်ချက်တည်းဖြင့် ကျန်းလန်က နတ်လူသားမျိုးနွယ်ယွင်ရှောင်း၏ ဦးခေါင်းကို ဖြတ်ပစ်လိုက်သည်။
ထိုအခါ သူ စုပ်ယူတော့မည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါမှာ နှစ်ပိုင်းကွဲသွားလေသည်။ ကျန်းလန်၏ တိုက်ကွက်က ယွင်ရှောင်းကို သတ်ဖြတ်ပစ်လိုက်ခြင်းဖြစ်ပြီး နေရာမှ ပျောက်ကွယ်သွားစေသည်။
ယွင်ရှောင်း၏ ခန္ဓာကိုယ်သည် ပြိုကွဲသွားပြီး တဖြည်းဖြည်းပျောက်ကွယ်သွားသည်။
သူက…
"မဝေးတော့တဲ့အနာဂတ်မှာ အလယ်ပိုင်းလွင်ပြင်ဒေသမှာ ပြန်ဆုံကြမယ်လို့ ခံစားမိပါတယ်"
ယွင်ရှောင်းက နှစ်ပိုင်းကွဲသွားသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို အရေးမစိုက်ပေ။ သူက ကံကြမ္မာအခွင့်ကောင်းရောင်ဝါ တစ်ဝက်ကိုသာ စုပ်ယူနိုင်ခဲ့ပြီး ကျန်တစ်ဝက်ကို ချန်ထားခဲ့ရသည်။
ကျန်းလန်က သူ့ကို ခေါင်းဖြတ်ပစ်ခဲ့သည့်တိုင် ဒေါသထွက်ဟန် မပြခဲ့ဘဲ သူ့စိတ်ထဲမှ စကားများကို ပြောပြခဲ့သည်။
ယွင်ရှောင်း၏ တည်ငြိမ်မှုက ကျန်းလန်ကို မအံ့သြစေခဲ့ပေ။
သူက တည်ငြိမ်စွာဖြင့်…
"အဲဒီအချိန်ကျ မင်းသေရလိမ့်မယ်"
"ဝှစ်"
ထို့နောက် ကျန်းလန် လှံရှည်ကို သိမ်းဆည်းလိုက်ပြီး နောက်သို့လှည့်ကာ မိုးကောင်ကင်ခုံရုံးဆီသို့ လမ်းလျှောက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် နတ်လူသားမျိုးနွယ်ယွင်ရှောင်းသည်လည်း အလင်းမှုံများအဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားလေသည်။
တိုက်ပွဲပြီးဆုံးသွားပြီ ဖြစ်၏။
ကျန်းလန်က မိုးကောင်းကင်ခုံရုံးရှိရာသို့ လှည့်ထွက်သွားသည်နှင့် တိုက်ပွဲကို ကြည့်နေကြသူများအားလုံး အံ့အားသင့်သွားကြသည်။
တံခါးကြီးရှေ့တွင် လှံရှည်ကိုင်ထားသည့် လူတစ်ယောက်၏ ပုံရိပ်ကို ခွန်လွန်တောင်အစွန်အဖျားမှပင် တွေ့မြင်နိုင်လေသည်။ ယခု ထိုသူက လှံရှည်ကိုကိုင်ကာ တံခါးဆီသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။
သူ့ပုံစံက အောင်ပွဲရ စစ်နတ်ဘုရားတစ်ပါးအလား ဖြစ်သည်။
လုကျန်းက တုန်လှုပ်စွာဖြင့် ကောင်းကင်ထက်သို့ကြည့်လိုက်ရင်း…
"အဲဒီလူက ဘယ်သူလဲ"
အစပိုင်းတွင် သူတို့က တံခါးကြီးကိုသာ တွေ့မြင်ခဲ့ရပြီး တံခါးရှေ့တွင် လူတစ်ယောက်ရှိနေသည်ကို သတိမထားမိခဲ့ကြပေ။
သို့သော် ယခုတော့ ကြီးမားလှသည့်တံခါးကြီးထံ လမ်းလျှောက်သွားသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
လန်ဝူက…
"အခု ကျုပ်တို့ အဲဒီလူရှေ့ကို ရောက်တော့မယ်"
ပေဖန်းက ကောင်းကင်ထက်လှမ်းကြည့်လိုက်ရင်း…
"အဲဒါ ပျောက်ကွယ်သွားတော့မယ်"
သူတို့အားလုံး ကြည့်နေစဉ်မှာပင် ထိုသူ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
တစ်ဖက်တွင်လည်း ထိုပုံရိပ်ကို ကြည့်နေကြသည့် ကျိုးစူးနှင့် လုချန်မှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ ထိုပုံရိပ်က သူတို့အတွက်တော့ နားလည်နိုင်ခြင်းထက်ကျော်လွန်သည့် နယ်ပယ်တစ်ခု ဖြစ်သည်။
လက်ထဲတွင် လှံရျည်ကိုင်ထားသည့် လူရိပ်သည် တံခါးထဲ ဝင်ရောက်မသွားခင် ကောင်းကင်တစ်ခွင် လျှပ်စီးများလင်းလက်လာပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားလေတော့၏။
မြင်ကွင်းကို အရှင်းလင်းဆုံး တွေ့မြင်လိုက်ရသူမှာ ဟုန်ယီ ဖြစ်လေသည်။ ထိုသူက နတ်လူသားမျိုးနွယ် လူရိပ်ကြီးကို သတ်ဖြတ်ပစ်လိုက်ပြီးနောက် တံခါးဆီသို့ လမ်းလျှောက်သွားရင်း ပျောက်ကွယ်သွားသည်ကို သူမ သေသေချာချာ တွေ့မြင်ခဲ့ရသည်။
ထိုသူ ပျောက်ကွယ်သွားပြီးနောက် တံခါးကြီးသည်လည်း ပျောက်ကွယ်သွားသည်။
ကြည့်ရသည်မှာ ထိုသူကြောင့် တံခါးကြီးထွက်ပေါ်လာခြင်းဖြစ်ပြီး ထိုသူကြောင့်သာ တံခါးကြီး ပျောက်ကွယ်သွားခြင်း ဖြစ်ဟန်တူသည်။
***
ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်။
ခွန်လွန်ဝတ်ကျောင်းတောင်အစွန်းတွင် လူရွယ်တစ်ယောက် မတ်တတ်ရပ်လျှက် ရှိလေသည်။ ထိုသူ၏ ဝတ်ရုံအနားစများက မီးတောက်အလား ရဲရဲနီလျှက် ရှိသည်။
ထိုသူက ပျောက်ကွယ်သွားသည့် မိုးကောင်းကင်ခုံရုံးကိုကြည့်ကာ ပြုံးလိုက်သည်။
"သူက တကယ်ထူးခြားတာပဲ ၊ အဲဒါ မိုးကောင်းကင်ခုံရုံးပဲ ၊ သူကလွဲပြီး အခြား ဘယ်သူမှ အဲဒီနေရာကို ရောက်အောင် မသွားနိုင်ခဲ့ကြဘူး ၊ ကျုပ်တောင် မိုးကောင်းကင်ခုံရုံးကို အခုမှ ပထမဆုံးအကြိမ် တွေ့မြင်ဖူးတာပဲ"
ထိုအချိန် လူရွယ်၏ ပခုံးထက်တွင်ရှိနေသည့် မိစ္ဆာနဂါးလေးက တစ်ခုခုကို ပြောချင်သည့်အလား လက်များဖြင့် ခေါင်းကို ကုတ်လိုက်သည်။
"ဟား ဟား…"
လူရွယ်က ရယ်မောလိုက်ရင်း ပခုံးထက်မှ မိစ္ဆာနဂါးလေးကို စောင်းငဲ့ကြည့်လိုက်သည်။
"သဘောထားကြီးတဲ့သူတွေကသာ ခရီးဝေးကို လျှောက်လှမ်းနိုင်ကြတယ် ၊ သူက အခုမှ လူငယ်တစ်ယောက်ပဲ ရှိသေးတာ ၊ ခွန်လွန်တောင်က သူ့ကို ခွင့်လွှတ်နိုင်ပါတယ် ၊ ပြီးတော့…"
သူက မိုးကောင်းကင်ခုံရုံးပျောက်ကွယ်သွားသည့်နေရာကို လှမ်းကြည့်လိုက်ရင်း စကားဆက်ပြောသည်။
"သူက ခွန်လွန်တောင်ရဲ့ တပည့်ရင်းတစ်ယောက်ဖြစ်နိုင်တယ် ၊ သူက ကျုပ်တို့ရဲ့ အနာဂတ်လည်း ဖြစ်တယ်"
***