ကျွန်မကမောင်ငယ်လေးအတွက် စိတ်မကောင်းဖြစ်ရုံပါ
Vol. 33 Ch. 452
ချောက်နက်ကြီးထဲတွင် တန်ခိုးစွမ်းအားများ မြင့်တက်လျှက်ရှိသည်။
ထိုအချိန်…
ချောက်နက်ကြီးရှေ့သို့ အနီရောင်ပုံရိပ်တစ်ခု ရောက်ရှိလာသည်။ သူမသည်ကား ဟုန်ယာပင် ဖြစ်၏။
သူမရောက်ရှိလာသည့်အချိန်တွင် ယန်ရှီးယွင်ကို တွေ့မြင်ရခြင်း မရှိပေ။ သို့သော် သူမက သိပ်တွေးမနေဘဲ မုန်တိုင်းတစ်ခုအလား ချောက်နက်ထဲသို့ တဟုန်ထိုး ဝင်ရောက်သွားသည်။
ချောက်နက်ထဲသို့ ဝင်ရောက်နိုင်ရန်အတွက် သူမ၏ တန်ခိုးစွမ်းအားအမြင့်ဆုံးသော မှော်ဝင်ပစ္စည်းကို အသုံးပြုခဲ့ရသည်။
"ဘုန်း"
ချောက်နက်အတွင်းဝင်ရောက်လိုက်သည်နှင့် မည်သည့်အရာနှင့်မှ နှိုင်းယှဉ်မရသည့် တန်ခိုးစွမ်းအားပေါက်ကွဲမှုကြီးကို ခံစားလိုက်ရသည်။ မှော်ဝင်ပစ္စည်းကသာ ကာကွယ်ပေးမထားလျှင် သူမ သေချာပေါက် ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်သည်။
ချောက်နက်ထဲမှ တန်ခိုးစွမ်းအားမုန်တိုင်းက မည်မျှပြင်းထန်ပြီး မည်မျှကြာရှည်မည်ကို သူမ မသိရှိပေ။ ချောက်နက်ထဲသို့ ဝင်ရောက်သွားပြီးနောက် ပြန်ထွက်လာနိုင်ပါမည်လားဆိုသည်ကိုလည်း သူမ မသိရှိပေ။
သို့သော် သူမ လုံး၀ တုံ့ဆိုင်းမနေဘဲ ရှေ့သို့သာ ဆက်သွားနေခဲ့သည်။
ပြင်းထန်လှသည့် ဖိအားများက သူမခန္ဓာကိုယ်ထက်ကျရောက်လာသည့်အခါ ဟုန်ယာ၏ခန္ဓာကိုယ်မှ တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ထို့နောက် သူမက အရေးမစိုက်ဘဲ ချောက်နက်ကြီးအတွင်းသို့ ဆက်လက်ဝင်ရောက်သွားသည်။
ချောက်နက်ကြီးအတွင်းဝယ် တန်ခိုးစွမ်းအားမုန်တိုင်းက ပြင်းထန်စွာ တိုက်ခတ်နေလေရာ အဝေးကို တွေ့မြင်နိုင်ရန် ခက်ခဲလွန်းသည်။ သူမ၏ အမြင်စွမ်းအားက ယခုအချိန်တွင် အသုံးမဝင်တော့ပေ။
သူမ ပတ်ဝန်းကျင်တစ်ခုလုံး လှည့်ပတ်ကြည့်ရှုကာ ရှာဖွေနေသည့်တိုင် ကောင်ငယ်လေးကို မတွေ့ရှိရပေ။ သူမကိုယ်တိုင်လည်း မည်သည့်နေရာသို့ ရောက်ရှိနေမှန်း မသိပေ။
ချောက်နက်တစ်ခုလုံးက မှောင်မိုက်နေပြီး သူမ၏လက်ချောင်းများကိုပင် သူမကိုယ်တိုင် ပြန်လည်တွေ့မြင်ရခြင်း မရှိပေ။
"ခရက်…"
သူမ ယူဆောင်လာသည့် မှော်ဝင်ပစ္စည်းမှ အက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။ ဟုန်ယာ မျက်မှောင်တစ်ချက် ကြုတ်လိုက်၏။
သူမ၏ အဖိုးတန်မှော်ဝင်ပစ္စည်းသည်ပင် ဤနေရာမှ တန်ခိုးစွမ်းအားများကို ခံနိုင်ရည်မရှိလျှင် သေရည်ဆိုင်မှ ကောင်ငယ်လေး ဤနေရာတွင် အသက်ရှင်နိုင်ပါမည်လား မသေချာပေ။
အများကြီး မစဉ်းစားတော့ဘဲ သူမ ရှေ့ဆက်လျှောက်လာခဲ့သည်။
မြေပြင်ထက် ပြားပြားဝပ်နေသည့် ဧရာမမြွေစိမ်းကြီးကို တွေ့လိုက်ရသည့်အခါ ဟုန်ယာ အနည်းငယ် ထိတ်လန့်သွားသည်။ မြွေစိမ်းကြီးမှာတော့ ကြောက်ရွံ့လွန်းသဖြင့် တုတ်တုတ်မှမလှုပ်ဝံ့ဘဲ ငြိမ်သက်နေရှာသည်။
ဟုန်ယာက မြွေစိမ်းကြီးကို သတိထားဖြတ်ကျော်သွားပြီး ချောက်နက်ထဲသို့ ဆက်ဝင်လာခဲ့သည်။ ပတ်ဝန်းကျင်တွင် တန်ခိုးစွမ်းအားများ ပိုမိုမြင့်တက်လာသည့်တိုင် သူမက ကောင်ငယ်လေးမှလွဲပြီး အခြားမည်သည့်အရာကိုမှ မရှာဖွေခဲ့ပေ။
နောက်ဆုံး မည်သူ့ကိုမှမတွေ့ရှိရဘဲ သူမ အကြံကုန်လုနီးပါး ဖြစ်နေချိန် အားနည်းဖျော့တော့သည့် အသံတစ်သံကို ကြားလိုက်ရသည်။
"ညီ… ညီမလေး… ဒီ… ဒီဘက်မှာ"
ထိုအသံက ယန်ရှီးယွင်၏ အသံဖြစ်၏။
ဟုန်ယာ အံ့အားသင့်သွားသည်။ ချီလင်မိန်းကလေးက အဘယ့်ကြောင့် အထဲဝင်လာရပါသနည်း။ လူသားအင်မော်တယ်တစ်ယောက် ဤနေရာသို့ ရောက်ရှိနေခြင်းက သေရွာမြန်းရန် တစ်လမ်းသာ ရှိသည်။
ဟုန်ယာက အသံထွက်ပေါ်လာရာဆီသို့ ချက်ချင်း လမ်းလျှောက်သွားလိုက်သည်။ မကြာခင် မှုံဝါးဝါး မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရသည်။
ယန်ရှီးယွင်သည် မြေပြင်ထက်တွင် ဒူးထောက်နေရင်း ပါးစပ်မှလည်း မန္တန်တစ်ပုဒ်ကို တတွတ်တွတ်ရွတ်ဆိုနေသည်။ သူမ၏ ခန္ဓာကိုယ်ထက်တွင် အလင်းရောင်များတောက်ပနေပြီး ထိုအလင်းရောင်များက သူမအနောက်ဘက်မှ လူသား (၂)ယောက်ကိုပါ ဖုံးလွှမ်းထားသည်။
"ကမ္ဘာမြေကာကွယ်ခြင်းမန္တန်လား ၊ ဒီလောက် တိုက်ပွဲပြင်းထန်တာ သူ အသက်ရှင်နေသေးတာ မအံ့သြတော့ပါဘူး"
ဟုန်ယာ အံ့အားသင့်စွာဖြင့် တွေးလိုက်သည်။
ကမ္ဘာမြေကြီးက ချီလင်မျိုးနွယ်များကို မျက်နှာသာပေးလေသည်။ ယန်ရှီးယွင်က ကမ္ဘာမြေကာကွယ်ခြင်းမန္တန်ကို ရွတ်ဖတ်နေသည့်အတွက် အန္တရယ်ကင်းနေခြင်း ဖြစ်သည်။
အခြားသူများဆိုလျှင် အသက်အန္တရယ်မရှိစေရန် ပြင်ဆင်မှုများစွာပြုလုပ်ရမည်ဖြစ်သည်။ ချီလင်မျိုးနွယ်များကိုတော့ ကမ္ဘာမြေကြီးက အချိန်တိုင်း အကာအကွယ်ပေးနိုင်သည်။
ဟုန်ယာ ချက်ချင်းပင် ယန်ရှီးယွင်အနားရောက်လာသည်။ ချီလင်မိန်းကလေးမှာ တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နက်လျှက်ရှိကြောင်း တွေ့လိုက်ရသည်။ ကမ္ဘာမြေကြီးက ကာကွယ်ပေးထားသည့်တိုင် သူမအတွက် အန္တရယ်များစွာ ရှိနေဆဲပင်။
ဟုန်ယာက သူမ၏ မှော်ဝင်ပစ္စည်းကိုထုတ်ယူကာ တစ်ချက်ဝှေ့ယမ်းလိုက်သည်။ မှော်ဝင်ပစ္စည်းမှ တန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး အားလုံးအပေါ်သို့ လွှမ်းခြုံသွားသည်။ ထိုအခါမှ ယန်ရှီးယွင်အပေါ်ကျရောက်နေသည့် ဖိအားများလည်း ပျောက်ကွယ်သွားသည်။
"ဘန်း"
ယန်ရှီးယွင် နေရာမှာပင်လဲကျသွားပြီး ဟုန်ယာကို လှမ်းကြည့်ရင်း ခက်ခက်ခဲခဲ ပြောလိုက်သည်။
"ညီမလေး… ကျွန်မရဲ့ မှော်ဝင်ပစ္စည်းလေးကို ကယ်တင်နိုင်ပါဦးမလား"
ဟုန်ယာ : "….."
ယန်ရှီးယွင်၏ လက်ထဲတွင် ပုလဲတစ်လုံး ကိုင်ထားသည်ကို သူမ သတိပြုလိုက်မိသည်။ ထိုပုလဲလုံးက ခုခံကာကွယ်ရန်အသုံးပြုသည့် မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်သည်။ ယခုတော့ အက်ကြောင်းများနှင့် ပြည့်နက်လို့နေသည်။
ဆိုတော့ စောစောက ယန်ရှီးယွင် ကမ္ဘာမြေကာကွယ်ခြင်းမန္တန်ကို ရွတ်ဖတ်ပြီးကာကွယ်နေသည်မှာ သူမ၏ မှော်ဝင်ပစ္စည်းကို ကာကွယ်နေခြင်းလား။
ဟုန်ယာ ဆက်တွေးမနေတော့ဘဲ ယန်ရှီးယွင်လက်ထဲမှ ပုလဲလုံးကို လှမ်းယူလိုက်သည်။
"မပူနဲ့ ၊ ဒီပစ္စည်းကို ငါ ပြန်ပြင်ပေးမယ် ၊ မင်း ဒဏ်ရာတွေပြန်ကောင်းလာအောင် အရင်လုပ်ဦး"
ပြောပြီးသည်နှင့် သူမက ကောင်ငယ်လေးအနားသို့ ရောက်သွားသည်။ ကောင်ငယ်လေးမှာ ဒဏ်ရာအလွန်ပြင်းထန်လေသည်။
ဒဏ်ရာအချို့က ရိုက်နှက်ခံထားရခြင်းကြောင့် ရရှိထားသည့် ဒဏ်ရာများဖြစ်ပြီး အချို့ကတော့ တန်ခိုးစွမ်းအားမုန်တိုင်းကို မခံနိုင်သဖြင့် ရရှိထားသည့် ဒဏ်ရာများ ဖြစ်သည်။
တန်ခိုးစွမ်းအားမုန်တိုင်းကိုသာ မခံစားခဲ့ကြရပါက ကောင်ငယ်လေးရော လုန်မန်ပါ ဤမျှလောက် ဒဏ်ရာပြင်းထန်မည် မဟုတ်ပေ။
ဟုန်ယာ စိတ်ထဲတွင် အစီအစဉ်တစ်ခု ဆွဲလိုက်သည်။
ထိုစဉ်…
"ခရက်"
ဟုန်ယာ၏ မှော်ဝင်ပစ္စည်းမှာ နောက်ထပ် အက်ကွဲသံတစ်သံ ထပ်မံထွက်ပေါ်လာသည်။ သူမ၏ မှော်ဝင်ပစ္စည်း ခံနိုင်ရည်မရှိတော့ဘဲ ပျက်စီးသွားပြီဖြစ်ကြောင်း သိလိုက်သည်။
ဟုန်ယာက ချက်ချင်းပင် တန်ခိုးစွမ်းအားများကို ထုတ်ဖော်လိုက်သည်။
တိုက်ပွဲအခြေအနေက မည်သို့ရှိသည်မသိသော်လည်း ယခု သူလုပ်နိုင်သည်က ဤလူ (၃)ယောက်ကို ကာကွယ်ပေးရန် ဖြစ်သည်။
ထိုအချိန်…
"ဘုန်း…"
တစ်စုံတစ်ခု ပြုတ်ကျသွားသည့်အသံထွက်ပေါ်လာပြီး ပြင်းထန်လှသည့် တန်ခိုးစွမ်းအားပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။ ဟုန်ယာမှာ သွေးများပင်တုန်ခါသွားမတတ် ခံစားလိုက်ရသည်။
ဖိအားများကို ခံနိုင်ရည်ရှိစေရန် သူမ ချက်ချင်းပင် ပျက်စီးနေသည့် မှော်ဝင်ပစ္စည်းကို အသက်သွင်းလိုက်သည်။
လက်ရှိအချိန်တွင် သူမတစ်ယောက်သာလျှင် တန်ခိုးစွမ်းအားအသုံးပြုနိုင်လေသည်။ သူမ နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်လေရာ သွေးစက်များစီးကျလာပြီး မှော်ဝင်ပစ္စည်းအတွင်းသို့ ဝင်ရောက်သွားသည်။
ဤနည်းအားဖြင့် အချိန်အနည်းငယ်ကြာအောင် တောင့်ခံထားနိုင်မည် ဖြစ်သည်။
"ဘုန်း…"
နောက်ထပ် တစ်စုံတစ်ခု ပြုတ်ကျသွားသံ ထွက်ပေါ်လာပြန်သည်။
ယခုတစ်ကြိမ်မှာတော့ ဟုန်ယာမှာ ကြီးမားသည့် ဖိအားများကို ခံနိုင်ရည်မရှိတော့ဘဲ သွေးများ အန်ထုတ်လိုက်၏။
"ဝေါ့"
"ခရက်"
မှော်ဝင်ပစ္စည်းလည်း တစ်စစီ ပျက်စီးသွားသည်။
ဟုန်ယာ ခေါင်းကိုမော့ကာ တိုက်ပွဲဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုအခါ ကြီးမားသည့် လက်ကြီးတစ်ဖက် ပြတ်ကျနေသည်ကို တွေ့မြင်လိုက်ရသည်။
"ဘန်း"
"ခရက်"
ဟုန်ယာ၏ ခန္ဓာကိုယ်ထက်မှ မီးတောက်များထွက်ပေါ်လာပြီး ယန်ရှီးယွင် ၊ လုန်မန်နှင့် ကောင်ငယ်လေးတို့ကို ဝိုင်းပတ်ကာ ကာကွယ်ပေးထားလိုက်သည်။ သို့သော် ထိုမီးတောက်များက ကြာရှည်မခံခဲ့ပေ။ သူမ၏ တန်ခိုးစွမ်းအားများမှာလည်း လျော့နည်းလာကာ မျှော်လင့်ချက်လည်း ကင်းမဲ့လာခဲ့သည်။
ထိုအချိန်…
"ကျုပ် ရှုံးသွားပြီ"
တစ်စုံတစ်ယောက်က ရှုံးနိမ့်ကြောင်းဝန်ခံလိုက်သည့်အသံတစ်သံကို ကြားလိုက်ရသည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှ တန်ခိုးစွမ်းအားလှိုင်းလုံးများ တဖြည်းဖြည်း ငြိမ်သက်စပြုလာသည်။ တိုက်ပွဲ၏ နောက်ဆက်တွဲ ငလျှင်များ လှုပ်ခတ်နေဆဲ ဖြစ်သော်လည်း အန္တရယ် မရှိတော့ပေ။
ဟုန်ယာက ပတ်ဝန်းကျင်ကို တစ်ချက် စစ်ဆေးကြည့်လိုက်သည်။ မနီးမဝေးတွင် လဲကျနေသည့် နတ်လူသားမျိုးနွယ် မြောက်ဖူနှင့် ချီတန်ကို သူမ တွေ့လိုက်ရသည်။
သူတို့ (၂)ယောက်မှာ ဒဏ်ရာအပြင်းအထန်ရရှိထားဟန်ဖြင့် အသက်ကို ခက်ခက်ခဲခဲ ရှူနေကြရသည်။ ဟုန်ယာက ချက်ချင်းပင် သူတို့ရှေ့သို့ရောက်သွားပြီး သူမလက်ထဲတွင် မီးတောက်ပမာ နီရဲနေသည့် ဓားတစ်လက် ပေါ်လာသည်။
သူမက ဓားဖြင့် နတ်လူသားမျိုးနွယ် (၂)ယောက်ကို ခုတ်ပိုင်းချလိုက်သည်။
"ဘုန်း"
မီးတောက်မီးလျှံများက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ဒဏ်ရာအပြင်းအထန်ရထားသည့် နတ်လူသားမျိုးနွယ် (၂)ယောက်ကို ဟုန်ယာက နေရာမှာပင် သတ်ဖြတ်ပစ်လိုက်ပြီ ဖြစ်၏။
ထိုသူ (၂)ယောက်ကို သတ်ဖြတ်ပြီးတော့မှ သူမ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
သူတို့က အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်ထားသူများဖြစ်လေရာ သူတို့သာ ပြန်လည်သက်သာလာပြီး သူမတို့ကို တိုက်ခိုက်မည်ဆိုပါက (၄)ယောက်လုံး အသက်ပျောက်ရမည်ဖြစ်သည်။
ထို့ကြောင့် ကြိုတင်ရှင်းလင်းလိုက်ရခြင်းပင်။
"ဝှစ်"
များစွာသောလျှပ်စီးကြောင်းများ ကောင်းကင်ထက်မှ ထွက်ပေါ်လာသည်။
"ဝှစ်"
"ဘန်း"
အလင်းရောင်များက တောက်ပလွန်းသည့်အတွက် ဟုန်ယာ ခံနိုင်ရည်မရှိဘဲ မျက်လုံးများကို ပိတ်ထားလိုက်သည်။ အတန်ကြာမှ သူမ မျက်လုံးများကိုဖွင့်ကာ မိုးကုပ်စက်ဝိုင်းဆီလှမ်းကြည့်လိုက်သည်။
တိုက်ပွဲပြီးဆုံးသွားပြီ ဖြစ်၏။
ကြီးမားသည့်တံခါးကြီးရှေ့မှ တန်ခိုးစွမ်းအားရှင်သည် လှံရှည်ကိုကိုင်ကာ လှည့်ထွက်သွားကြောင်း တွေ့မြင်လိုက်ရသည်။
မြင်ကွင်းက ဟုန်ယာကို အံ့အားသင့်သွားစေသော်လည်း မကြာမီပင် သူမ၏ အကြည့်များကို တစ်စုံတစ်ခုက ဆွဲဆောင်သွားသည်။
အလွန့်အလွန်သေးငယ်လှသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါ အမျှင်တန်းလေးတစ်ခု။
နတ်လူသားမျိုးနွယ်ယွင်ရှောင်း စုပ်ယူနိုင်ခြင်းမရှိတော့ဘဲ ကျန်ရစ်ခဲ့သည့်အရာလေး ဖြစ်သည်။ ထိုအရာကို တွေ့မြင်လိုက်သည်နှင့် ဟုန်ယာ၏ မျက်ဝန်းများထဲတွင် လိုချင်တပ်မက်ခြင်းများ ပြည့်နက်လာသည်။
မည်မျှပင်သေးငယ်ပါစေ ကံကြမ္မာအခွင့်ကောင်းရောင်ဝါအမျှင်တန်းလေးက သူမကို ပြောင်းလဲပစ်ရန် လုံလောက်လေသည်။ ထို့ကြောင့် သူမ လိုချင်ခဲ့သည်။
ယခု ထိုအရာလေးက သူမရှေ့တွင် ရောက်ရှိနေပြီ ဖြစ်သည်။ သူမလက်လှမ်းလိုက်သည်နှင့် ထိုအရာကို သူမ ရရှိမည်ဖြစ်သည်။
သို့သော်…
သူမ ဆန္ဒကို မျိုသိပ်ထားလိုက်သည်။
ကောင်ငယ်လေးကို ကယ်တင်ရန်က သူမအတွက် ပိုပြီး အရေးကြီးသည် မဟုတ်လား။
ထို့နောက် သူမ လဲကျနေသည့် ယန်ရှီးယွင်အနားသို့သွားကာ ပခုံးကို အသာထိကိုင်လိုက်ပြီး တန်ခိုးစွမ်းအားများ ထည့်သွင်းပေးလိုက်သည်။
အနည်းငယ်သက်သာလာသည်နှင့် ဟုန်ယာက ယန်ရှီးယွင်ကို လေထဲသို့ တွန်းထုတ်လိုက်သည်။
"ဟူး…"
ယခုမှ ပြန်လည်သက်သာလာခါစ ယန်ရှီးယွင်မှာ ရုတ်တရက် တွန်းထုတ်ခံလိုက်ရသည့်အတွက် ထိတ်လန့်တကြားဖြင့် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူလျော်ဖြစ်သွားကာ မြေပြင်ထက် ပြုတ်ကျလာသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်တွင် ကျန်ရစ်နေသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါ အမျှင်တန်းလေးသည် ယန်ရှီးယွင်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားတော့၏။
"ဘန်း"
မြေပြင်ထက် ပြုတ်ကျသွားသည့် ယန်ရှီးယွင်မှာ နာကျင်စွာ အော်ဟစ်လိုက်ချင်သော်လည်း မအော်ဟစ်ခဲ့ပေ။
သူမ ပြောလိုက်သည်မှာ…
"မနာပါဘူး ၊ မနာပါဘူး"
ဟုန်ယာကတော့ ကောင်ငယ်လေးအနားသို့ ရောက်နေပြီး ဒဏ်ရာများကို ကုသပေးနေသည်။
ယန်ရှီးယွင်က သူမအနားသို့ လမ်းလျှောက်လာရင်း…
"မောင်ငယ်လေးက ကျွန်မစားဖို့ မြေပဲတွေပေးလို့ ညီမလေးက ကျွန်မကို စိတ်ဆိုးနေတာလား ၊ တကယ်တော့ ကျွန်မက မောင်ငယ်လေးအပေါ် တခြားခံစားချက်မျိုး မရှိပါဘူး ၊ သူ ဒဏ်ရာတွေရထားလို့ စိတ်မကောင်းဖြစ်ရုံပါ…"
ထို့နောက် သူမက ဒဏ်ရာရထားသည့် အဋ္ဌမမင်းသားကို လှမ်းကြည့်လိုက်သည်။
"အစ်ကိုကြီးအတွက်လည်း ဒီလိုပဲ စိတ်မကောင်းဖြစ်တာပါပဲ"
ထိုအချိန်…
ကောင်ငယ်လေး မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လာသည်။
အံ့သြစရာကောင်းစွာပင် သူ့နံဘေးတွင် ဟုန်ယာရှိနေသည်ကို တွေ့လိုက်ရသည်။ ဟုန်ယာ အစစ်လား ၊ အတုလား သိချင်သည့်အတွက် သူက ဟုန်ယာရှိရာသို့ လက်ကို ဆန့်တန်းလိုက်၏။
မကြာခင်မှာပဲ ဟုန်ယာကလည်း သူ့ထံသို့ ပြန်လည်လက်ကမ်းလာသည်ကို တွေ့မြင်လိုက်ရသည်။ သူမက သူ၏လက်များကို လှမ်းကိုင်ရန် ကြိုးစားနေလေသည်။ ထိုသို့ဆိုလျှင်တော့ ဟုန်ယာအတုသာလျှင် ဖြစ်ရပေမည်။
သို့ပေသိ ဟုန်ယာ အတုဖြစ်နေလျှင်တောင်မှ သူ ကြိုးစားကြည့်ချင်သေးသည်။
သို့သော်…
ဟုန်ယာ၏လက်နှင့် ကောင်ငယ်လေး၏လက် ထိခါနီးတွင် ဟုန်ယာက လက်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး အဝေးသို့ ထွက်ခွာသွားလေသည်။
ကောင်ငယ်လေး အံ့အားသင့်သွားရင်း…
"ဘာဖြစ်တာလဲ…"
ဟုန်ယာထွက်ခွာသွားသည်နှင့် ကောင်းကင်ထက်မှ ဖီရှိုးကောင်ဆင်းသက်လာသည်ကို တွေ့မြင်လိုက်ရပြီး ထိုသတ္တဝါက ဆန့်တန်းထားသည့် ကောင်ငယ်လေး၏လက်ကို နမ်းလိုက်သည်။
ကောင်ငယ်လေး : "……"
ဟုန်ယာက သူ့လက်ကို ထိကိုင်ခါနီးအခြေအနေမှာ တကယ်ပဲ ဖြစ်ရပ်မှန်လား။
ဒီဖီရှိုးကောင် အဖျက်အမှောက်ဝင်လို့ ဟုန်ယာက ထွက်ခွာသွားခြင်းလား။
"ဝေါ့…"
ကောင်ငယ်လေး သွေးများတစ်ချက်အန်ထုတ်လိုက်ကာ ပြန်လည်သတိလစ်သွားလေတော့၏။
***