← Chapters

လက်သီးနတ်ဘုရားကိုပူဇော်ခြင်း

Vol. 33 Ch. 453

လက်သီးနတ်ဘုရားကိုပူဇော်ခြင်း

Vol. 33 Ch. 453

ကျန်းလန် မိုးကောင်းကင်ခုံရုံးရှိရာသို့ ပြန်လာခဲ့သည်။ ထို့နောက် တိုက်ပွဲနှင့် ဆက်သွယ်ထားသည့် အဆက်အသွယ်ကို တစ်ခါတည်းဖြတ်တောက်လိုက်သည်။

ချောက်နက်ကြီးပတ်ဝန်းကျင်တွင် သူ့ကိုကြည့်နေသည့် မျက်ဝန်းပေါင်းများစွာ ရှိနေကြောင်း သူ အာရုံခံမိသည်။ သူ့ပုံစံကလည်း မျက်စိကျစရာဖြစ်နေလေရာ သေချာပေါက် လူအများက စိတ်ဝင်စားကြမည်ပင်။

ထို့ပြင် သူက မိုးကောင်းကင်ခုံရုံးတည်ရှိရာနေရာကို ဧကရာဇ်ရှီးဟယ်ပြောပြသောကြောင့် သိရှိခဲ့ခြင်း ဖြစ်သည်။ သူ့လိုပင် ဤနေရာကို သိရှိသူအချို့သည်လည်း ရောက်ရှိလာနိုင်သည်။

တစ်နည်းဆိုရသော် နတ်လူသားမျိုးနွယ်ယွင်ရှောင်း ဤနေရာသို့ ရောက်လာနိုင်သည်။ ယခုပင်လျှင် ဤနေရာသို့ ထိုသူ ထွက်ခွာလာကောင်းလာနေနိုင်သည်။

သို့ဖြစ်ရာ သူက တိုက်ပွဲတွင် အနိုင်ရခဲ့သည့်တိုင် အခန့်မသင့်လျှင် အချိန်မရွေး အန္တရယ်ကျရောက်သွားနိုင်သည်။ ထို့ကြောင့် သူ ဤနေရာမှ ချက်ချင်းထွက်ခွာသွားရမည် ဖြစ်၏။

အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးတို့ကတော့ အသက်အန္တရယ်မရှိနိုင်တော့ကြောင်း ခံစားမိသည်။

ကျန်းလန် ချက်ချင်းပင် မိုးကောင်းကင်ခုံရုံးမှ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။ သို့ပေသိ ခြေတစ်လှမ်းမျှ လှမ်းပြီးသည့်အခါ သူ ရပ်တန့်လိုက်သည်။

ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားလိုက်မိသောကြောင့် ဖြစ်သည်။ အကယ်၍ အပြန်လမ်းတွင် ယွင်ရှောင်းနှင့် ဆုံတွေ့နေပါလျှင် မည်သို့ရှိမည်နည်း။ ထိုသို့ဆိုလျှင် အလွန်မှ အန္တရယ်များလွန်းသည်။

သို့ရာတွင် သူ မိုးကောင်းကင်ခုံရုံးမှ ချက်ချင်းပျောက်ကွယ်သွားလျှင်တော့ နတ်လူသားမျိုးနွယ်ယွင်ရှောင်း ရောက်ရှိလာလျှင်တောင်မှ သူနှင့် လူချင်းလွဲသွားမည် ဖြစ်သည်။

ထိုသို့တွေးမိသည်နှင့် ကျန်းလန် တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းထွက်ခွာသွားရန် ဆုံးဖြတ်လိုက်သည်။

အမှန်တော့ ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်သို့ ပြန်သွားပြီးမှ သူ၏နာမ်ဝိညာဉ် ပြန်လည်ဆုတ်ခွာလာခြင်းက ပိုမိုအန္တရယ်ကင်းမည် ဖြစ်သည်။ လမ်းတွင် နတ်လူသားမျိုးနွယ်ယွင်ရှောင်းနှင့် တွေ့လျှင်တော့ အန္တရယ်အရှိဆုံး အခြေအနေသို့ ပြောင်းလဲသွားနိုင်သည်။

ထို့ကြောင့် မိုးကောင်းကင်ခုံရုံးနေရာမှပင် ချက်ချင်း ဆုတ်ခွာသွားရန် ဆုံးဖြတ်ရခြင်း ဖြစ်၏။ နောက်တစ်ကြိမ် လာရောက်လျှင်တော့ သူ ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်သို့ ရောက်လာမည်လား ၊ မိုးကောင်းကင်ခုံရုံးသို့ တန်းရောက်လာမည်လား မသိနိုင်ပေ။ စမ်းသပ်ကြည့်ရမည်သာ ဖြစ်၏။

အနည်းငယ်စိတ်မကောင်းစရာကတော့ ကောင်းကင်ဘုံ၏ မိုးကောင်းကင်ခုံရုံးသို့ ရောက်ရှိနေသည့်တိုင် စနစ်တွင် မှတ်ပုံမတင်နိုင်ခြင်း ဖြစ်သည်။ စနစ်တွင် မှတ်ပုံတင်ခွင့်ရလျှင် သေချာပေါက် အလွန်ထူးခြားသည့် ပစ္စည်းကောင်းတစ်ခု ရရှိမည် ဖြစ်သည်။

အမှန်တော့ စနစ်တွင်မှတ်ပုံတင်ရန် သူ၏ ရုပ်ခန္ဓာပါ ဤနေရာတွင် ရှိနေရန် လိုအပ်သည်။

ကျန်းလန်က လက်ထဲမှလှံရှည်ကို သိမ်းဆည်းလိုက်ပြီး မည်သည့်သဲလွန်စမှ မကျန်ရစ်ကြောင်းသေချာစေရန် ပတ်ဝန်းကျင်ကို တစ်ချက် စစ်ဆေးလိုက်သည်။ ထို့နောက် နေရာမှာပင် ပျောက်ကွယ်သွားလေတော့၏။

ကောင်းကင်ဘုံမှ ပြန်လည်ထွက်ခွာလာခဲ့ပြီးနောက် သူ၏ စိတ်ဝိညာဉ်သည် မရဏဂူထဲတွင်ရှိနေသည့် ရုပ်ခန္ဓာဖြင့် ပြန်လည်ပေါင်းစည်းသွားသည်။

***

မရဏဂူထဲတွင်..

ကျန်းလန်၏မျက်လုံးများ ပွင့်လာသည်။

ထို့နေက် ပြဿနာတစ်စုံတစ်ရာ ရှိ မရှိ သူ့ကိုယ်သူ အလျှင်အမြန် စစ်ဆေးကြည့်လိုက်သည်။ သူက ယခုပင် ကောင်းကင်ဘုံမှ ပြန်လာသည် မဟုတ်ပါလား။

အတန်ကြာစစ်ဆေးပြီးနောက်…

"ဘာ ပြဿနာမှ မရှိသလို အဆင်မပြေတာလည်း မရှိပါဘူး ၊ ပြီးတော့ ဘာသက်ရောက်မှုမှလည်း မရှိဘူး ၊ ဒါက…"

ကျန်းလန် ခေါင်းကိုမော့ကာ မရဏဂူအမိုးကို မော့ကြည့်လိုက်သည်။ သို့သော် သူ့အကြည့်များက မရဏဂူအမိုးကို ထိုးဖောက်ပြီး အဆုံးမရှိသည့် ကောင်းကင်ထင်ယံသို့ ဖောက်ထွင်းသွားသည့်အလား ထင်မှတ်ရသည်။

"နောက်တစ်ခါ ငါ အဲဒီကိုသွားရင် ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်ကို ရောက်သွားမလား ၊ မိုးကောင်းကင်ခုံရုံးကို ရောက်သွားမလား မသေချာဘူး"

ကျန်းလန် တွေးလိုက်သည်။

သို့ပေသိ သူ ချက်ချင်းကြီး ကောင်းကင်ဘုံသို့ ပြန်သွားဦးမည် မဟုတ်ပေ။ ဆယ်စုနှစ်အနည်းငယ်ကြာသည်အထိ စောင့်ဆိုင်းရဦးမည် ဖြစ်သည်။

မဟုတ်ပါက မိုးကောင်းကင်ခုံရုံးရှေ့တွင် နတ်လူသားမျိုးနွယ်ယွင်ရှောင်းနှင့်တွေ့နေပါက ပြဿနာတက်ပေလိမ့်မည်။

သူရောက်သွားသည်နှင့် ထိုနေရာတွင် အန္တရယ်မရှိရန် လိုအပ်သည်။ အကယ်၍ အန္တရယ်ရှိနေခဲ့လျှင် ရင်ဆိုင်ရန်အတွက်လည်း ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်သွားရမည် ဖြစ်၏။

အင်မော်တယ်လမ်းစဉ်ကို တစ်ဆင့်ချင်းတက်လှမ်းပြီး အောင်မြင်သည့်အဆင့်သို့ ရောက်ရှိရန် အစွမ်းကုန် ကျင့်ကြံရမည် ဖြစ်သည်။ ပြီးလျှင်တော့ အလယ်ပိုင်းလွင်ပြင်ဒေသသို့ ခရီးထွက်ရမည်ဖြစ်သည်။

သူသာ နတ်လူသားမျိုးနွယ်ယွင်ရှောင်းကိုသတ်ဖြတ်နိုင်ခဲ့လျှင် နတ်လူသားမျိုးနွယ်များ သူ့ကို လုပ်ကြံသတ်ဖြတ်နေခြင်းကို စိုးရိမ်နေစရာ မလိုတော့ပေ။

ထို့ပြင် ပထမတောင်ထွတ်မှလမ်းကြောင်းကို အသုံးပြုပြီး ကောင်ကင်ဘုံသို့ သူ၏ခန္ဓာကိုယ်အစစ်နှင့် သွားရောက်နိုင်မည်လားဟု တွေးမိသည်။

သို့ရာတွင် ထိုကိစ္စက ခက်ခဲမည်ထင်သည်။ လွယ်ကူပါက ဧကရာဇ်ရှီးဟယ် အစကတည်းက သွားရောက်ပေလိမ့်မည်။

"အလျှင်လိုစရာမရှိပါဘူး ၊ ဒါတွေက ငါနဲ့ အလှမ်းဝေးပါသေးတယ် ၊ အရင်ဆုံး တံခါးပိတ်ကျင့်ကြံတဲ့အလုပ်ကို လုပ်ရမယ်"

နတ်ဘုရားရာထူးများအကြောင်း ရှင်းပြထားသည့်စာအုပ်ကိုလည်း ကျန်းလန် ဖတ်ရှုရန် အလျှင်မလိုသေးပေ။ မိုးကောင်းကင်ခုံရုံးမှ ပြန်လာပြီးနောက် သူ ဆက်လက်ကျင့်ကြံရန် လိုအပ်သည်။

စိတ်အခြေအနေ အနည်းငယ်တည်ငြိမ်သွားမှ နတ်ဘုရားရာထူးအကြောင်း အသေးစိတ်ရေးသားထားသည့်စာအုပ်ကို ဖတ်ရှုရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် များစွာမစဉ်းစားတော့ဘဲ ကျင့်ကြံခြင်းကို စတင်လိုက်သည်။

တာ့လော်အင်မော်တယ် ၊ အလယ်ဆင့်သို့ တက်ရောက်နိုင်ရန်အတွက် အချိန်မည်မျှကြာမည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

လောလောဆယ်မှာတော့ တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့်နှင့် အရင်ဆုံး ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်ရန် လိုအပ်သည်။ တာ့လော်အင်မော်တယ်အဆင့်တက်ရောက်ပြီးသည်နှင့် နဂါးနန်းတော်သို့ အလျှင်စလို ခရီးထွက်သွားရသည့်အတွက် သူ့မှာ ကျင့်ကြံခြင်းအဆင့်နှင့် ရင်းနှီးကျွမ်းဝင်အောင် မကျင့်ကြံရသေးပေ။

ထိုသို့ဖြင့်…

နေနှင့်လ တစ်လှည့်စီသာခဲ့ပြီး ကြယ်စင်များရွေ့လျားသွားကာ (၄)နှစ်ဆိုသည့်အချိန် ကုန်ဆုံးသွားခဲ့သည်။

ထိုအချိန်ကာလအတွင်း သူက အစီအရင်ပညာကိုလေ့လာလိုက် ၊ ပန်းပင်များစိုက်ပျိုးလိုက် ၊ နဝမတောင်ထွတ်မှ မြက်ပင်များကို သန့်ရှင်းရေးလုပ်လိုက်ဖြင့် အချိန်ကုန်ခဲ့သည်။

အဋ္ဌမမင်းသားသည်လည်း သူ့ထံ မကြာခဏလာရောက်လေ့ရှိသည်။ သူက နတ်လူသားမျိုးနွယ်များကို သူ မည်သို့ လိုက်လံသတ်ဖြတ်သည်ဆိုသောအကြောင်းများကို ကျန်းလန်ကို ပြောပြသည်။

သူ၏ ခရီးစဉ်တိုင်းက ဇာတ်လမ်းများသဖွယ်ဖြစ်သည်။ ဇာတ်လမ်းတိုင်းက အချက်အလက်များအပေါ်တွင် အခြေခံထားသော်လည်း ဆက်စပ်မှုမရှိသည့် ဖော်ပြချက်များနှင့် ပေါင်းစပ်ထားသည်။

မည်သို့ပင်ဖြစ်စေ အတော်လေး စိတ်ဝင်စားစရာကောင်းလေ၏။ကျန်းလန်ကတော့ လုန်မန်ပြောသမျှစကားများကို နားထောင်ပြီး ထင်မြင်ချက်များပေးရင်း ချီးကျူးစကားဆိုရသည်။

ထို့နောက်မှာတော့ အဋ္ဌမမင်းသားက ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားကို မည်သို့ ပူဇော်ကျေးဇူးဆပ်ရမည်ကို မေးမြန်းလာသည်။

ထိုသူကို ခေါ်ယူအကူအညီတောင်းခြင်းအတွက် တန်ဖိုးမည်မျှပေးရမည်ကို သူက သိချင်သည်။ ကျန်းလန်လည်း မည်သို့ပြောရမှန်းမသိပေ။

မေးခွန်းက ဖြေရန်မလွယ်သည့် မေးခွန်းဖြစ်သည်။

နောက်ဆုံးတော့ လက်သီးနတ်ဘုရားကို ပူဇော်ချင်သည်ဆိုပါက တောကောင်သားကင် ၊ မြေပဲများနှင့်  အဝေးတစ်နေရာမှတောင်ထိပ်တွင် သွားရောက်ပူဇော်နိုင်သည်ဟု ပြောလိုက်ရတော့သည်။

ဤသည်က အလုပ်ဖြစ်နိုင်လေသည်။

နောက်ရက်ပိုင်းတွင်တော့ သူ၏နတ်ဘုရားရာထူးအမည်ခေါ်သံကို ကျန်းလန် ကြားလိုက်ရသည်။

သူက လျှပ်စီးကြောင်းတစ်ခု ထုတ်လွှတ်လိုက်လေရာ ပူဇော်သက္ကာများအားလုံး အမှုန့်အဖြစ်ပြောင်းလဲသွားသည်။ ပူဇော်ပစ္စည်းများကို ဆောင်ယူခဲ့သည့် သဘောပင်။

သို့သော် ထင်မှတ်မထားသည့် ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။ အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးတို့မှာ တစ်ကြိမ်တည်းပူဇော်ရုံနှင့် မလုံလောက်ဟု ယူဆကာ လစဉ်လတိုင်း ပူဇော်နေကြခြင်းပင် ဖြစ်သည်။

တတိယအကြိမ်တွင်တော့ ကျန်းလန် တုံ့ပြန်မှု မပြုလုပ်တော့ပေ။ ထိုအခါမှ လစဉ်ပူဇော်နေမှုသည်လည်း ရပ်တန့်သွားတော့၏။

သို့သော် အချိန် (၁)နှစ်အကြာတွင်တော့ တောကောင်များကို အရသာတစ်မျိုးထူးခြားအောင် ကင်လာခဲ့ပြီး လာရောက်ပူဇော်ကြပြန်သည်။

ကျန်းလန်လည်း မတုံ့ပြန်ဘဲ နေလိုက်သည်။

သူ အေးအေးဆေးဆေးပင် တစ်ယောက်တည်း ကျင့်ကြံနေခဲ့သည်။

ဤအချိန် (၄)နှစ်တာအတွင်း သူ တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့်နှင့် ကျွမ်းဝင်လာခဲ့သည်။

သူက ဆရာဖြစ်သူပေးထားသည့် "တာ့လော်အင်မော်တယ်အဆင့်" စာအုပ်ကို ဖတ်ရှုခဲ့သည်။ တာ့လော်အင်မော်တယ်အဆင့် အောင်မြင်ရန်အတွက် ကျင့်ကြံသူတစ်ယောက်သည် ကိုယ်ပိုင်တာအိုလမ်းကြောင်းတစ်ခု ခွဲထွက်ရမည် ဖြစ်သည်။

ကျင့်ကြံသူတစ်ယောက်က မူရင်းတာအိုမှ ခွဲထွက်ပြီး ကိုယ်ပိုင်တာအိုလမ်းစဉ်ဖြင့် လျှောက်လှမ်းရန် လိုအပ်သည်။

ဤသည်က ဘေးအန္တရယ်ကပ်ဆိုးကြီးရင်ဆိုင်ရခြင်းကို ရှောင်ရှားရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။

ထို့ကြောင့် တာ့လော်အင်မော်တယ်အဆင့်ရောက်သည်နှင့် အရင်ကနှင့်မတူတော့ဘဲ ကိုယ်ပိုင်တာအိုလမ်းစဉို အလုံအလောက် နားလည်သဘောပေါက်ရန် လိုအပ်သည်။

ယခင်ကဆိုလျှင်တော့ အဓိကကျင့်ကြံခြင်းအဆင့်တစ်ခု၏ နောက်ဆုံးအဆင့် (သို့မဟုတ်) အောင်မြင်သည့်အဆင့်သို့ တက်ရောက်လိုပါက လုံလောက်သည့် အချိန်ရရှိလျှင် ပြဿနာမရှိပေ။

သို့ပေသိ တာ့လော်အင်မော်တယ်အဆင့်ရောက်ရှိသည့်အခါ ထိုသို့ မဟုတ်တော့ပေ။

ကိုယ်ပိုင်တာအိုလမ်းစဉ်တစ်ခု ထိုးထွင်းသိမြင်ရန်မှ အတင်းအကျပ် ဖိအားပေး၍ မရနိုင်ပေ။ ကျန်းလန်အနေဖြင့် အငြင်းပွားစရာမရှိသည့်တိုင် တာ့လော်အင်မော်တယ် ၊ အလယ်ဆင့်သို့တက်လှမ်းရန် သူ့အတွက် အလှမ်းဝေးနေသေးသည်။

သို့ပေသိ တာ့လော်အင်မော်တယ်အဆင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်လေရာ အလျှင်လိုစရာတော့ မရှိပေ။

သူ ခွန်လွန်တောင်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်း (၆၃၀) ရှိပြီ ဖြစ်သည်။ ထိုအချိန်အတွင်း တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့်သို့ ရောက်ရှိသည်မှာ အလွန်လျှင်မြန်သည်ဟု ဆိုနိုင်သည်။

ယခင် ကျင့်ကြံခြင်းအဆင့်တက်ခြင်းများအပေါ် သုံးသပ်ကြည့်ရလျှင် တာ့လော်အင်မော်တယ် ၊ အလယ်ဆင့်သို့ တက်ရောက်နိုင်ရန်အတွက် နှစ်ပေါင်း (၂၀၀) ခန့် အချိန်ယူရဦးမည်ဖြစ်သည်။ သို့ရာတွင် သူ၏တာအိုကို နားလည်ခြင်း လက်ရှိအခြေအနေဖြင့်ဆိုလျှင် အဆင့်တက်ရောက်ရန် ပြဿနာ မရှိနိုင်ပေ။

တာအိုကိုနားလည်ခြင်းက သူ၏ ကျင့်ကြံခြင်းကို အရှိန်ဖြင့် ဆက်လက်မြင့်တက်နေစေသည်။ အချို့သော ဆေးဝါးများနှင့် မှော်ဝင်ပစ္စည်းများကလည်း ကျင့်ကြံခြင်းအဆင့်တက်ရန် ကူညီပေးနိုင်သည်။

မရဏဂူထဲမှ မရဏအငွေ့အသက်များက အားနည်းသွားပြီဖြစ်သော်လည်း သူ၏ ကျင့်ကြံခြင်းအတွက် ကူညီပေးနေဆဲ ဖြစ်သလို ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားထံမှ အကူအညီကိုလည်း ရယူနိုင်ဦးမည် ဖြစ်သည်။ ထို့ပြင် စနစ်တွင် မှတ်ပုံတင်ခြင်းဖြင့်ရရှိထားသည့်ပြဒါးဆေးများမှာလည်း သူ့ကို များစွာ သက်ရောက်မှုရှိစေသည်။

ရပ်တန့်သွားခြင်းမရှိသည့် တာအိုကို နားလည်ခြင်းနှင့် ထိုအရာများအားလုံးပေါင်းစပ်လိုက်မည်ဆိုလျှင် နှစ်ပေါင်း (၂၀၀)ပင်မကြာမြင့်ဘဲ တာ့လော်အင်မော်တယ် ၊ အလယ်ဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။

သို့ဆိုလျှင် နှေးကွေးသည်ဟု ဆိုနိုင်ပါမည်လား။

အမှန်တော့ အလွန်လျှင်မြန်သည်ဟု ဆိုရပေမည်။ ထို့ပြင် မယုံနိုင်စရာကောင်းလောက်အောင် ကျင့်ကြံခြင်းအဆင့်တက်ခြင်း လျှင်မြန်နေသည်မှာ နတ်ဘုရားရာထူးကြောင့်လည်း ဖြစ်သည်။

အခြားသူများဆိုလျှင် နှစ်ပေါင်း (၁၀၀၀)ကျင့်ကြံဦးတော့ သူရောက်ရှိနေသည့်အဆင့်ကို ရောက်ရှိနိုင်မည် မဟုတ်ပေ။ နတ်ဘုရားရာထူးက အမှန်တကယ်ပင် ကျင့်ကြံခြင်းကို ပိုမိုမြန်ဆန်စေသည်။

"ကြည့်ရတာ နတ်လူသားမျိုးနွယ်ယွင်ရှောင်းကတော့ မကြာခင်မှာ တာအိုအင်မော်တယ် ဖြစ်လာတော့မယ်ထင်တယ်"

ကျန်းလန် တွေးလိုက်သည်။

ယွင်ရှောင်းသည် သူ၏ခံစားချက်များကို စွန့်လွှတ်ထားခဲ့သည့်အတွက် နတ်ဘုရားရာထူးကို ရရှိခဲ့ခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် ၊ သူက တော်လွန်းသည့်အတွက် နတ်လူသားမျိုးနွယ်မှ အကြီးအကဲများအားလုံးက သူ့ကို နတ်ဘုရားရာထူးအား ရယူစေခဲ့ခြင်း ဖြစ်နိုင်သည်။

ယွင်ရှောင်းက ကောင်းကင်ဧကရာဇ်ကျမ်းစာကို ကျင့်ကြံနိုင်ခဲ့သူဖြစ်လေရာ နတ်လူသားမျိုးနွယ်များထဲတွင် အလားအလာအကောင်းဆုံး လူငယ်တစ်ယောက် ဖြစ်သည်။

"အဲဒီအချိန်ကျ သူ ဘယ်လောက်တောင် တန်ခိုးစွမ်းအား မြင့်မားနေမလဲဆိုတာ တွေးမိတယ် ၊ ငါတို့နှစ်ယောက်လုံး တာအိုအင်မော်တယ်အဆင့် ရောက်ပြီဆိုရင် ငါ သူ့ကို အနိုင်ယူနိုင်ပါ့မလား"

ကျင့်ကြံခြင်းအဆင့် တူညီသူများနှင့် တိုက်ခိုက်တိုင်း ကျန်းလန် ရှုံးနိမ့်ခဲ့သည်ဟူ၍ မရှိခဲ့ပေ။ သို့ပေသိ ယွင်ရှောင်းနှင့် ယှဉ်ပြိုင်မည်ဆိုလျှင်တော့ မည်သို့ရှိမည်လဲ မသိနိုင်ပေ။

ယွင်ရှောင်းက ခံစားချက်ကင်းမဲ့သူတစ်ယောက်ဖြစ်သည့်အတွက် သာမန်လူများနှင့် မတူပေ။ ထို့ကြောင့် ကျန်းလန်အနေဖြင့် လုံးဝလျှော့တွက်၍ မရနိုင်ပေ။

ခဏမျှ တွေးတောပြီးသည်နှင့် ကျန်းလန် ပြန်လည်ကျင့်ကြံလိုက်သည်။

သူက ထုံးစံအတိုင်းပင် နေ့ဘက်တွင် စာအုပ်များဖတ်လေ့ရှိပြီး ညဘက်တွင် ကျင့်ကြံလေသည်။

နံနက်နေထွက်ချိန်နှင့် ညနေ နေဝင်ချိန်များကိုလည်း ကြည့်ရှုခံစားခဲ့သည်။ သူက ဉာဏ်အလင်းပွင့်ခြင်းကို မလိုချင်သော်လည်း တာအိုအကြောင်းကိုတော့ လေးလေးနက်နက် နားလည်လိုသည်။

သူ၏ ကိုယ်ပိုင်တာအိုလမ်းစဉ်ကို ဖန်တီးရန် လိုအပ်သည် မဟုတ်ပါလား။

မိုးနဲ့မြေမှ တာအိုတရားကို နားလည်ခြင်းငြဖ့် သူ၏ကိုယ်ပိုင်တာအိုလမ်းစဉ်ကို ချဲ့ထွင်နိုင်ပြီး သဘာဝတရားကို လက်ခံရယူနိုင်မည် ဖြစ်သည်။

ရှေ့သို့ ခြေတစ်လှမ်းမလှမ်းခင် လုံလောက်သည့် ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်သည်။ အခြေခံခိုင်မာမှသာ ပိုမိုသိမြင်နိုင်စွမ်းရှိပြီး ကောင်းမွန်သည့်ဦးတည်ရာကို ရှာဖွေနိုင်မည် ဖြစ်၏။

အရာအားလုံး ပြီးပြည့်စုံသွားလျှင် တာအိုအင်မော်တယ်အဖြစ် အဆင့်တက်ရန် အရည်အချင်း ပြည့်မီလာပေလိမ့်မည်။

ဟုတ်ပေ၏။

သူ ဆက်ပြီး တစ်ယောက်တည်းကျင့်ကြံနေရသည်မှာ လုန်ယွိသည်လည်း တံခါးပိတ်ကျင့်ကြံနေဆဲ ဖြစ်သောကြောင့်ပင်။

သူ့အနေဖြင့် အချိန်ရတုန်း မြန်မြန်ကျင့်ကြံရန်လည်း လိုအပ်သည်။ အနာဂတ်တွင် ရှောင်ယွိကိုလည်း အဖော်ပြုပေးရဦးမည် မဟုတ်ပါလား။

မရဏဂူထဲတွင် ကျန်းလန်သည် မျက်လုံးများကို မှေးမှိတ်ထားသည်။ သူက တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့်ကို တည်ငြမ်စေရန် ဆက်လက်ကျင့်ကြံနေသည်။ ဤနည်းအားဖြင့် တာ့လော်အင်မော်တယ် ၊အလယ်ဆင့်ကို စောစီးစွာ တက်လှမ်းနိုင်မည် ဖြစ်သည်။

ထို့နောက် ကျန်းလန်က ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားကို ဖွင့်လှစ်လိုက်သည်။ ကျောက်စိမ်းရေကန်ကို ရစ်ခွေပတ်ကာ ငြိမ်သက်နေသည့် အဖြူရောင်နဂါးတစ်ကောင်ကို တွေ့မြင်ရသည်။

လွန်ခဲ့သည့်နှစ်များကတည်းက လုန်ယွိက ထိုပုံစံပဲဖြစ်ပြီး တစ်ချက်လေးပင် မပြောင်းလဲခဲ့ပေ။

ကြည့်ရသည်မှာ သူမ၏ တံခါးပိတ်ကျင့်ကြံခြင်း ပြီးဆုံးရန် နှစ်အနည်းငယ်လိုအပ်ဦးမည်ထင်၏။

***

All Chapters