← Chapters

လုန်ယွိ ကလေးယူဖို့ လိုပြီလား

Vol. 33 Ch. 454

လုန်ယွိ ကလေးယူဖို့ လိုပြီလား

Vol. 33 Ch. 454

ခွန်လွန်တောင်အနောက်ဘက် ၊ ကျောက်စိမ်းရေကန်။

လုန်ယွိသည် ကျောက်စိမ်းရေကန်အောက်တွင် တင်ပျဉ်ခွေထိုင်ရင်း ကျင့်ကြံနေသည်။

ထိုခဏတွင် သူမ၏ မျက်ခုံး (၂)ခုကြားတွင် တန်ခိုးစွမ်းအားများ စုစည်းလာပြိး တောင်တန်းတစ်ခု၏ ခပ်မှိန်မှိန်ပုံရိပ်တစ်ခု ထင်ဟပ်လာသည်။

ထိုပုံရိပ်ထွက်ပေါ်လာသည်နှင့် ကျောက်စိမ်းရေကန်တစ်ခုလုံး ထိုပုံရိပ်နှင့် ပဲ့တင်ထပ်ကာ တန်ခိုးစွမ်းအားများအားလုံး တုန်ခါသွားသည်။

အိပ်ပျော်နေသည့်အလား ငြိမ်သက်နေခဲသည့် ကျောက်စိမ်းရေကန်မှ တန်ခိုးစွမ်းအားများ နိုးထထွက်ပေါ်လာပြီး လုန်ယွိ၏ မျက်ခုံး (၂)ခုကြားမှ ပုံရိပ်ဆီသို့ ကူးပြောင်းရောက်ရှိလာကြသည်။

တန်ခိုးစွမ်းအားများ စုစည်းလာသည်နှင့်အမျှ လုန်ယွိ၏ခန္ဓာကိုယ်က ရေကန်အတွင်းမှ လွင့်ပျံတက်လာသည်။

မကြာမီ သူမသည် ကျောက်စိမ်းရေကန်ထက်တွင် သူမ တင်ပျဉ်ခွေထိုင်လျှက် ခန္ဓာကိုယ်မှ ထူးခြားသည့် ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ ကျောက်စိမ်းရေကန်၏ တန်ခိုးစွမ်းအားများက သူမကို ဝန်းရံဝိုင်းဖွဲ့ထားကြသည်။

သူမ၏တန်ခိုးစွမ်းအားများက သူမ၏ ကျင့်ကြံခြင်းထက် သာလွန်နေသည်။ လောကရှိအရာအားလုံးထက် သူမက ပိုမိုသာလွန်နေသည့်အလား ထင်မှတ်ရသည်။

ဤသို့ လုန်ယွိနှင့် ကျောက်စိမ်းရေကန်မှတန်ခိုးစွမ်းအားများ ပဲ့တင်ထပ်သွားခြင်းက တောင်သခင်များအားလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။

မကြာမီပင် ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်တွင် တောင်သခင်များ အစည်းအဝေး စတင်ကြလေ၏။

ပထမတောင်ထွတ် ၊ ဒုတိယတောင်ထွတ် ၊ တတိယတောင်ထွတ် ၊ ပဉ္စမတောင်ထွတ် ၊ အဋ္ဌမတောင်ထွတ်နှင့် နဝမတောင်ထွတ်မှ တောင်သခင်များ ရောက်ရှိလာကြသည်။

အပြင်ထွက်ခဲလှသည့် ဆဋ္ဌမတောင်ထွတ်၏တောင်သခင်မ ချန်ရှီသည်ပင် ရှားရှားပါးပါး ရောက်လာခဲ့သည်။ တောင်သခင်များအားလုံးတွင် သူမက ဤကိစ္စကို အလေးအနက်အထားဆုံး ဖြစ်သည်။

သူမက ခန်းမထဲဝင်လိုက်သည်နှင့် ချက်ချင်းပင် စကားစပြောလိုက်သည်။

"ဒီလိုဖြစ်တာကိုကြည့်ခြင်းအားဖြင့် ခွန်လွန်တောင်ရဲ့ တန်ခိုးစွမ်းအားကို ချုပ်ကိုင်ထားတဲ့ရင်းမြစ်က ကျောက်စိမ်းရေကန်မှာ တည်ရှိတယ်ဆိုတာ ထင်ရှားနေတာပဲ ၊ အခု ဒီတန်ခိုးစွမ်းအားရင်းမြစ်ကို ကျောက်စိမ်းရေကန်နတ်ဘုရားက လှုပ်နှိုးလိုက်ပုံရတယ် ၊ အရင်တုန်းကတော့ သူက လူသားအင်မော်တယ်အဆင့် မရောက်သေးလို့ ဒီလိုမလုပ်နိုင်တာ ဖြစ်ရမယ်"

ခွန်လွန်တောင်၏ တန်ခိုးစွမ်းအားသည် ခွန်လွန်တောင်အတွက် ထူးခြားသည့်အရာတစ်ခု ဖြစ်သည်။ မှတ်တမ်းများတွင် ရေးသားထားချက်အရဆိုလျှင် မိုးနဲ့မြေ၏သဘာဝတရားကို နားလည်နိုင်သူသာလျှင် ထိုတန်ခိုးစွမ်းအားကို အသုံးပြုနိုင်စွမ်းရှိမည် ဖြစ်သည်။

ကျင့်ကြံသူတစ်ယောက်၏ အနာဂတ်သည် အကန့်အသတ်မရှိပေ။ သူတို့အားလုံးက ခွန်လွန်တောင်၏ နေရာတိုင်း ၊ ထောင့်တစ်ခုပင်မကျန်အောင် ရှာဖွေခဲ့ကြသော်လည်း ခွန်လွန်တောင်၏ တန်ခိုးစွမ်းအားတည်ရှိရာနေရာကို ရှာတွေ့နိုင်ခြင်း မရှိခဲ့ကြပေ။

နောက်ဆုံး ကျောက်စိမ်းရေကန်တွင် တည်ရှိနိုင်သည်ဟု ခန့်မှန်းခဲ့ကြသော်လည်း မည်သူမှ ကျောက်စိမ်းရေကန်အတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ကြပေ။

ထို့ကြောင့် ကျောက်စိမ်းရေကန်နတ်ဘုရားမ ထွက်ပေါ်လာသည့်အခါ သူမက ထိုအချက်ကို နားလည်နိုင်မည်ဟု တောင်သခင်များအားလုံး တွေးထင်ခဲ့ကြသည်။

သို့ပေသိ နှစ်ပေါင်းရာနှင့်ချီ ကြာမြင့်ခဲသည့်တိုင် ထူးခြားမှု ရှိမလာခဲ့ပေ။

ကျောက်စိမ်းရေကန်နတ်ဘုရားမကပဲ အရည်အချင်း မပြည့်မီသည်လား ၊ သို့မဟုတ် သူမက ခွန်လွန်တောင်နှင့် သဟဇာတမဖြစ်ခြင်းလား စသည်ဖြင့် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ကြသည်။

ခွန်လွန်တောင်၏တန်ခိုစွမ်းအားကို ယခုကဲ့သို့ လုန်ယွိက အောင်မြင်စွာ နားလည်သွားလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြပေ။

မြောင်ယွဲ့က ခပ်သဲ့သဲ့တစ်ချက် ရယ်မောလိုက်ရင်း...

"ကျောက်စိမ်းရေကန်နတ်ဘုရားမက နဂါးမျိုးနွယ်ထဲမှာလည်း ထူးခြားတဲ့သူတစ်ယောက် ဖြစ်တယ် ၊ သူ့မှာ အလားအလာရှိတယ်လို့ ကျွန်မ ခံစားမိတယ်"

သူမက ဆက်ပြေသည်။

"တစ်ခါတစ်ရံမှာ သာမန်ဆိုတဲ့အရာတွေက အလားအလာပိုကောင်းတတ်ကြတယ် ၊ ဒါပေမဲ့ လူအတော်များများက သူတို့ရဲ့ ဖြစ်နိုင်ခြေက ဘယ်လောက်ရှိလဲဆိုတာ ရှာမတွေ့ကြလို့သာ မအောင်မြင်ခဲ့ကြတာပါ"

အခြားသူများက သူမ၏စကားကို အရေးမစိုက်ပေ။ ထိုစကားက ရယ်စရာဟာသတစ်ခုပမာသာ ဖြစ်သည်။

သို့သော် ခွန်လွန်တောင် ကျောက်စိမ်းရေကန်နတ်ဘုရားမက အစကတည်းက ထူးခြားသူတစ်ယောက် ဖြစ်သည်။

ကျောက်စိမ်းရေကန်တွင် နတ်ဘုရားမ မရှိခဲ့သည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခု နတ်ဘုရားမတစ်ပါး ထွက်ပေါ်လာလေရာ အဘယ်မှာ မထူးခြားဘဲ ရှိပါမည်နည်း။

အခြားသူများ၏ အပြုအမူကြောင့် မြောင်ယွဲ့က စိတ်ဆိုးဒေါသထွက်ခြင်းမရှိဘဲ သက်ပြင်းတစ်ချက်သာ ချလိုက်သည်။

"ဂိုဏ်းချုပ်က ခွန်လွန်တောင်တန်ခိုးစွမ်းအားနောက်ကို လိုက်နေတာ ကြာလှပြီ ၊ ဒါပေမဲ့ အခုချိန်ထိ မအောင်မြင်သေးဘူး ၊ ကြည့်ရတာ သူက မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ် လိုအပ်နေတာ ဖြစ်ရမယ်"

ချန်ရှီက မြောင်ယွဲ့ကို လှမ်းကြည့်လိုက်သည်။

ယနေ့ မြောင်ယွဲ့က နောက်ပြောင်သည့်စကားတွေချည်း ပြောနေသည်လား။

အမှန်တော့ ကျောက်စိမ်းရေကန်အတွင်းသို့ မိန်းကလေးများသာ ဝင်ရောက်နိုင်ပြီး ကျောက်စိမ်းရေကန်နတ်ဘုရားမဆိုသည်ကလည်း မိန်းကလေးမျာသာလျှင် ဖြစ်ခွင့်ရှိသည်။

ကျောက်စိမ်းရေကန်အတွင်းသို့ ဝင်ရောက်ရန် မြောင်ယွဲ့ရော ကျူးချင်ပါ ကြိုးစားကြည့်ခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။

ချန်ရှီကတော့ တစ်ခါမှ စမ်းသပ်မကြည့်ခဲ့ပေ။ သူမက ကြိုးစားကြည့်ချင်စိတ် မရှိခဲ့သလို ထိုအတွက်လည်း နောင်တမရခဲ့ပေ။

လျိုကျင်းက...

"ခွန်လွန်တောင်ရဲ့ တန်ခိုးစွမ်းအားကို ထိန်းချုပ်နိုင်တဲ့သူက ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်နေတာ သိပ်တော့ မသင့်တော်လှဘူး"

ကျူးချင်က ပဟေဠိဖြစ်သွားပြီး...

"ဂိုဏ်းတူအစ်ကိုက နဂါးမျိုးနွယ်တွေကို စိတ်ပူနေတာလား"

သူမက ဆက်ပြောသည်။

"ဒါပေမဲ့ အခု ရှောင်ယွိက နဂါးမျိုးနွယ်နဲ့ မသက်ဆိုင်တော့ဘူးလေ ၊ သူက ခွန်လွန်တောင်ရဲ့ မိသားစုဝင်ဖြစ်သွားပြီပဲ ၊ ဘာပြဿနာမှ မရှိနိုင်ပါဘူ"

"ရှိတယ်"

ဖုန်းယီရှောက်က ဝင်ပြောလိုက်ခြင်း ဖြစ်၏။

"နဂါးဓားသိုင်း ပြန်လည်ထွက်ပေါ်လာပြီဆိုတော့… အကယ်၍ နဂါးမျိုးနွယ်တွေ တိုက်ပွဲဖြစ်ပွားခဲ့လို့ နဂါးဓားသိုင်းတတ်ကျွမ်းသူက ရှေ့ထွက်လာခဲ့ရင် နဂါးမျိုးနွယ်တွေအားလုံး သွေးဆူလာပြီး တိုက်ခိုက်လိုစိတ်တွေ ဖြစ်ပေါ်လာလိမ့်မယ် ၊ အဲဒါက ကျောက်စိမ်းရေကန်နတ်ဘုရားမအပေါ်မှာလည်း သက်ရောက်မှု ရှိနိုင်တယ် ၊ ဆိုတော့ကာ… ဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင် ခွန်လွန်တောင်ရဲ့တန်ခိုးစွမ်းအား ပျက်စီးသွားနိုင်တယ် ၊ ပျက်စီးသွားပြီဆိုတာနဲ့ တန်ခိုးစွမ်းအားကို ထပ်ပြီးစုစည်းနိုင်ဖို့ ခက်ခဲသွားလိမ့်မယ်"

ခွန်လွန်တောင်၏တန်ခိုးစွမ်းအားက မဟာတာအိုနှင့် အလားသဏ္ဌန်တူသည်။

ကံကောင်းမှသာ ထိုတန်ခိုးစွမ်းအား သိပ်သည်းထွက်ပေါ်လာသည့် အခွင့်အရေးကို ရရှိနိုင်မည် ဖြစ်သည်။

ကျင့်ကြံသူတစ်ယောက် တာအိုကို နားလည်လျှင်တောင်မှ ထိုတန်ခိုးစွမ်းအားကို သိပ်သည်းအောင် ပြုလုပ်ရန် လုံးဝလွယ်ကူမည် မဟုတ်ပေ

လူတစ်ယောက် ကိုယ်ပိုင်တာအိုလမ်းစဉ်ကို လျှောက်လှမ်းနိုင်ပြီး ကိုယ်ပိုင်တန်ခိုးစွမ်းအားကို နားလည်လာမည်ဆိုလျှင်တော့ ဖြစ်နိုင်ခြေရှိသည်။

သို့သော် ဤသည်ကလည်း တာ့လော်အင်မော်တယ်များသာ ပြုလုပ်နိုင်မည့်အရာ ဖြစ်သည်။

ကျင့်ကြံသူတစ်ယောက်သည် လူသားအင်မော်တယ်အဆင့်မှ တာ့လော်အင်မော်တယ်အဆင့်သို့ ရောက်ရှိရန်အတွက် ထောင်စုနှစ်အနည်းငယ် ကျင့်ကြံရမည်ဆိုလျှင်ပင် အတော်လေး အရည်အချင်းရှိသည်ဟု ဆိုနိုင်သည်။

သာမန်ဆိုလျှင် ခွန်လွန်တောင်၏တန်ခိုးစွမ်းအားကို လုန်ယွိ ထိန်းချုပ်ထားနိုင်ခြင်းက ပြဿနာမရှိပေ။ သို့သော် နဂါးဓားသိုင်းက ထွက်ပေါ်လာခဲ့သည့်နောက် ပြဿနာ အနည်းနှင့်အများ ရှိလာခဲ့သည်။

နဂါးမျိုးနွယ်များ စစ်ပွဲတစ်ခု ရင်ဆိုင်ရပြီး နဂါးဓားသိုင်းကိုသာ အသုံးပြုမည်ဆိုပါက ကျောက်စိမ်းရေကန်နတ်ဘုရားမအပေါ် သက်ရောက်မှုရှိမည် ဖြစ်ပြီး ခွန်လွန်တောင်၏တန်ခိုးစွမ်းအားသည်လည်း ပျောက်ဆုံးသွားနိုင်သည်။

ဤသည်က ခွန်လွန်တောင်အတွက် အလွန်အန္တရယ်များသော အနေအထား ဖြစ်သည်။

ချန်ရှီက ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်ရင်း...

"ဒါက တကယ့်ပြဿနာပဲ"

သူမက ဆက်ပြောသည်။

"ဒါပေမဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမက ကံအရမ်းကောင်းတဲ့သူပါ ၊ ဘာပြဿနာမှ ရှိမယ်မထင်ပါဘူး"

ကျိုးကျုန်းထျန်းက သေရည်တစ်ငုံသောက်လိုက်ပြီး ချန်ရှီကိုလှမ်းကြည့်လိုက်သည်။

"ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေက ပြောင်းလဲဖို့ မလွယ်ကူပေမယ့် ကံတရားဆိုတာက ချက်ချင်းပြောင်းလဲသွားနိုင်တာနော်… ဂိုဏ်းတူညီမလေး"

သူက ဆက်ပြောသည်။

"ဂိုဏ်းတူညီမလေး… ဂိုဏ်းတူညီမလေး… မင်းက ထိုင်ခုံပေါ်မှာထိုင်နေရုံနဲ့ ဒီနေ့ အသက်ရှင်သန်နိုင်ပြီလို့ ထင်နေတာလား…"

ကျိုးကျုန်းထျန်း၏စကားမဆုံးခင် မြောင်ယွဲ့က စကားဖြတ်ပြောလိုက်သည်။

"ဂိုဏ်းတူအစ်မ… ၊ ရှင်က အဲဒီလို ထင်နေတယ်ဆိုရင်တော့ ဂိုဏ်းတူအစ်ကို ကျိုးကျုန်းထျန်းက ရှင်ထိုင်နေတဲ့ ထိုင်ခုံကို ဖျက်စီးပစ်လိမ့်မယ် ၊ ဒါပေမဲ့ အဲဒီလို မထင်ဘူးဆိုပြန်ရင်လည်း သူက ဂိုဏ်းတူအစ်မထိုင်နေတဲ့ထိုင်ခုံကို ဖျက်စီးပစ်မှာပဲ ၊ ဆိုတော့… ဂိုဏ်းတူအစ်မအနေနဲ့ ထိုင်ခုံပြောင်းပြီးထိုင်လိုက်တာ အကောင်းဆုံးပဲ"

"အဟွတ် အဟွတ်"

ကျိုးကျုန်းထျန်းမှာ သေရည်ပင် သီးသွားရသည်။

ချန်ရှီက ကျိုးကျုန်းထျန်းကို မကျေမနပ်ဖြင့် တစ်ချက်ကြည့်လိုက်သည်။

ထိုအချိန် ဖုန်းယီရှောက်က ရုတ်တရက် စကားဝင်ပြောလိုက်၏။

"ဒီပြဿနာကို ရှောင်ရှားဖို့ နည်းလမ်းရှိပါတယ်"

အခြားသူများက ဖုန်းယီရှောက်ကို လှမ်းကြည့်လိုက်ကြပြီး နောက်ထပ်ပြောလာမည့်စကားကို စောင့်မျှော်နေကြသည်။

ဖုန်းယီရှောက်က တိုးလျသည့်လေသံဖြင့်…

"ခွန်လွန်တောင် တန်ခိုးစွမ်းအားကို အမွေဆက်ခံနိုင်တယ်လို့ ကျုပ် သိထားတယ်"

ထိုစကားကိုကြားတော့ ကျူးချင် ခဏမျှ ဆွံ့အသွားသည်။

ပြီးမှ သူမက သဘောပေါက်သွားဟန်ဖြင့် အံ့အားသင့်စွာ စကားဆိုသည်။

"ဒါပေမဲ့ ရှောင်ယွိက ကလေးပဲ ရှိသေးတာလေ… ၊ အဲဒါက… သိပ်… မကောင်း…"

တောင်သခင်များအားလုံးက မည်သည့်စကားမှ မဆိုဘဲ ကျူးချင်ကို လှမ်းကြည့်လိုက်ကြသည်။

သူမပြောသည့် "ကလေး" ဆိုသည့်မိန်းကလေးမှာ မင်္ဂလာဆောင်ပြီး၍ အိမ်ထောင်သည်ပင် ဖြစ်နေပေပြီဟု သူတို့မျက်ဝန်းများက ပြောနေကြသည့်အလားပင်။

ကျူးချင် : "……"

ချန်ရှီက…

"ခွန်လွန်တောင်ရဲ့ တန်ခိုးစွမ်းအားကို ကျောက်စိမ်းရေကန်နတ်ဘုရားမက ထိန်းချုပ်နိုင်တာ မဟုတ်လား ၊ ဒါကို သူ့ကလေးကို အမွေဆက်ခံလွှဲပြောင်းပေးရမယ်ဆိုရင် သူ့အတွက် ဘယ်တရားပါ့မလဲ"

လျိုကျင်းက…

"ဒီတိုင်း တိုက်ရိုက်ကြီး လွှဲပြောင်းပေးလိုက်ဖို့ မလိုပါဘူး ၊ ဒီလို ထိန်းချုပ်နိုင်တဲ့စွမ်းအားကို ကလေးဆီမှာ မျိုးစေ့ထည့်ပေးလိုက်ရုံပါပဲ"

ထို့နောက် လျိုကျင်းက ကျူးချင်ကို လှမ်းကြည့်လိုက်ရင်း…

"ဒါပေမဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမက ဒီလို လုပ်ချင်လား ၊ မလုပ်ချင်ဘူးလားဆိုတာကတော့ ဂိုဏ်းတူညီမလေး အပေါ် မူတည်တယ်"

ကျူးချင်မှာတော့ ပြောရခက်သည့် အနေအထားတွင် ရှိနေသည်။

ခွန်လွန်တောင်၏ တန်ခိုးစွမ်းအားကို အမွေဆက်ခံရန်က ပြဿနာမရှိသော်လည်း ရှောင်ယွိကို ကလေးယူဖို့ သူမ မည်သို့ပြောရပါမည်နည်း။

သို့ပေသိ…

ဖြေရှင်းနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာလည်း ရှောင်ယွိ ကလေးယူရန် နည်းလမ်းသာလျှင် ရှိသည်။

နောက်ဆုံးတော့ ကျူးချင် သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ကျွန်မ အကောင်းဆုံးကြိုးစားပြီး တိုက်တွန်းကြည့်ပါ့မယ်"

ထိုအခါမှ မြောင်ယွဲ့နှင့် အခြားသူများက မော့ကျန်းသုန့်ကို လှမ်းကြည့်လိုက်ကြသည်။

မော့ကျန်းသုန့်မှာ ပြောစရာစကား ပျောက်ဆုံးလျှက် ရှိသည်။

ဤသို့သော ကိစ္စများက ဆရာတပည့်ကြားတွင် ပြောဖို့သင့်တောသည့် ကိစ္စများ မဟုတ်ပေ။ ထို့ပြင် သူက အိမ်ထောင်မရှိသည့် လူပျိုကြီးဖြစ်လေရာ အနည်ငယ် စိတ်ရှုတ်ထွေးမိလေသည်။

မော့ကျန်းသုန့်က…

"နဂါးသွေးတစ်ဝက်ပါတဲ့သူတွေအပေါ်မှာလည်း နဂါးဓားသိုင်းက သက်ရောက်မှုရှိမှာပဲ မဟုတ်ဘူးလား"

မြောင်ယွဲ့က…

"ဒါပေမဲ့ နဂါးသွေးတစ်ဝက်ပါတာက နဂါးမျိုးနွယ်လုံးလုံးဖြစ်နေတာထက်ဆာရင် တော်သေးတာပေါ့"

နောက်ဆုံးတော့ မော့ကျန်းသုန့်လည်း ခေါင်းညိတ်လိုက်ရသည်။

"ကျုပ်လည်း ကျန်းလန်ကို ကြိုးစားပြီး တိုက်တွန်းကြည့်ပါ့မယ်"

***

လက်ထဲတွင် သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ကိုင်ထားသည့် ကျန်းလန်သည် မရဏဂူထဲမှ ထွက်လာလေသည်။

အပြင်ဘက်တွင် နှင်းများကျဆင်းနေပြီး ဆောင်းရာသီ ရောက်ရှိနေပြီ ဖြစ်သည်။ ရှေ့ပိုင်း (၄)နှစ်နှင့် နောက်ပိုင်း (၅)နှစ် ၊ စုစုပေါင်း (၉)နှစ်တိတိ ကျန်းလန် တစ်ယောက်တည်း ကျင့်ကြံနေခဲ့သည်။

ယခုတော့ လုန်ယွိသည်လည်း တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာတော့မည် ဖြစ်သည်။ သူမကျင့်ကြံနေသည်က သူ မျှော်လင့်ထားသည်ထက် အနည်းငယ် အချိန်ပိုကြာနေခဲ့သည်။

ယခုဆိုလျှင် ကျန်းလန် ခွန်လွန်တောင်သို့ ရောက်ရှိသည်မှာ (၆၃၅)နှစ် ပြည့်ခဲ့ပြီ ဖြစ်၏။

အများအမြင်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်က လူသားအင်မော်တယ် ၊ အလယ်ဆင့်ဖြစ်ပြီး တောင်သခင်များနှင့် အကြီးအကဲများသာ သိမြင်နိုင်သည့် ကျင့်ကြံခြင်းအဆင့်ကတော့ လူသားအင်မော်တယ် ၊ နောက်ဆုံးအဆင့်တွင် ရှိသည်။

တကယ့်အစစ်အမှန်ကျင့်ကြံခြင်းအဆင့်ကတော့ တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့် ဖြစ်သည်။

မင်္ဂလာပွဲမှရရှိသည့် ကောင်းချီးလက်ဆောင်များနှင့် ဘိုးဘေးနဂါးထံမှရရှိသည့် ကောင်းချီးလက်ဆောင်များက သူ၏ ကျင့်ကြံခြင်းအဆင့်ကို အတော်လေး တိုးတက်စေခဲ့သည်။

ကောင်းချီးလက်ဆောင်များသာ မရရှိခဲ့လျှင် နှစ်ပေါင်း (၄၀) မှ (၅၀) အတွင်း လူသားအင်မော်တယ် ၊ အလယ်ဆင့်သို့ တက်လှမ်းနိုင်ကြောင်း ဟန်ဆောင်၍ပင် ချပြနိုင်မည် မဟုတ်ပေ။

ခြံဝင်းထဲရောက်သည်နှင့် ကျန်းလန်က သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို နေရာချထားပေးလိုက်ပြီး ခြံဝင်းအတွင်းမှ နှင်းများကို ရှင်းလင်းလိုက်သည်။ နှင်းများက အလွန်ထူထပ်လေရာ အချိန်အတော်ယူပြီး သန့်ရှင်းရေးလုပ်ရသည်။

နေ့လည်ခင်အချိန်ရောက်သည့်အခါ ကျန်းလန် နဝမတောင်ထွတ်အစွန်းသို့ လှမ်းကြည့်လိုက်သည်။ ဆရာဖြစ်သူကို သေရည်ဖြင့် ဂါရဝမပြုရသည်မှာ အတော်ကြာပြီဖြစ်သည်။

ထို့ကြောင့် ဆရာဖြစ်သူအတွက် လက်ဆောင်ဝယ်ရန် ဆုံးဖြတ်လိုက်၏။

"သိပ်တော့နောက်မကျသေးပါဘူး ၊ ခုနေသွားရင် ဆိုင်ရှင်အဘိုး သေရည်ဆိုင်မှာ ရှိနိုင်တယ်"

ထိုသို့တွေးပြီးသည်နှင့် ကျန်းလန် နဝမတောင်ထွတ်မှဆင်းကာ သေရည်ဆိုင်သို့ ထွက်ခွာလာခဲ့သည်။

ယခု သူက လူသားအင်မော်တယ်တစ်ယောက် ဖြစ်လေရာ ခွန်လွန်တောင်မှ သူလျှိုများ သူ့ကို တိုက်ခိုက်ရဲကြတော့မည် မဟုတ်ပေ။ သူလျှိုများရှိနေလျှင်လည်း သူ့ထက်တန်ခိုးစွမ်းအားမြင့်မားသူ မရှိနိုင်ပေ။

ပုံမှန်ဆိုလျှင် သူ့အတွက် အန္တရယ်မရှိနိုင်တော့သော်လည်း သူ့ကို အခြားသူများ သတိပြုအာရုံစိုက်လာမည်ကို မလိုလားသောကြောင့် ကျန်းလန်ကတော့ အထီးကျန်မန္တန်ကို အသုံးပြုနေဆဲ ဖြစ်၏။

***

All Chapters