အဋ္ဌမမင်းသား၏လက်သီးနတ်ဘုရားအပေါ်နားလည်ခြင်း
Vol. 33 Ch. 455
တောင်ခြေသေရည်ဆိုင်…။
ကျန်းလန် သေရည်ဆိုင်သို့ရောက်ရန် အချိန်အနည်းငယ် ယူခဲ့ရသည်။
ခွန်လွန်တောင်လမ်းက ပြောင်းလဲသွားခဲ့ပြီး မည်သည့်အချိန်က ပြောင်းလဲသွားမှန်း သူ မသိရှိခဲ့ပေ။
ဤနှစ်များအတွင်း သူ ဤလမ်းကို မရောက်ဖြစ်ခဲ့ပေ။ ယခုတော့ လမ်းက ကြီးမားစွာ ပြောင်းလဲနေခဲ့ပြီ ဖြစ်၏။
ကျန်းလန် သေရည်ဆိုင်ထဲဝင်လိုက်သည်နှင့် အဋ္ဌမမင်းသား၏ စကားသံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
"ကျုပ်တို့ ပူဇော်သက္ကာဆက်သတာကို ဘာလို့ မတုံ့ပြန်လဲဆိုတာ ကျုပ် နားလည်သွားပြီ"
ကောင်ငယ်လေးက စိတ်ဝင်တစားဖြင့်…
"ဘာလို့ အဲဒီလို ဖြစ်ရတာလဲ"
သူတို့ တောင်ထိပ်တစ်ခုသို့သွားကာ အကြိမ်ပေါင်းများစွာ ပူဇော်သက္ကာဆက်သခဲ့ကြပြီး တောကောင်များကိုပင် အရသာမျိုးစုံဖြင့် ကင်ခဲ့ကြသော်လည်း လက်သီးနတ်ဘုရားက မတုံ့ပြန်တော့ပေ။
အဋ္ဌမမင်းသားက တည်ကြည်လေးနက်သည့် လေသံဖြင့်…
"အစပိုင်း ပူဇော်သက္ကာဆက်သတဲ့အချိန်တွေကို မှတ်မိသေးလား ၊ ကျုပ်တို့ ဆက်သတဲ့အစားအသောက်တွေအကုန်လုံး မိုးကြိုးထိမှန်ပြီး ပျောက်ကွယ်သွားတာလေ"
သူကဆက်ပြောသည်။
"အဲဒါ မကျေနပ်တဲ့ လက္ခဏာလို့ ကျုပ် ထင်တယ် ၊ အဲဒီနောက် ဘာမှ မတုံ့ပြန်တော့တာက ဆက်သတဲ့ ပူဇော်သက္ကာတွေကို သဘောကျလို့ ငြိမ်နေတာ ဖြစ်နိုင်တယ်"
ကောင်ငယ်လေးက ခေါင်းညိတ်လိုက်ရင်း…
"အင်း… အဲဒါ ဆီလျော်မှုရှိတယ်"
ယခုမှ ဆိုင်ထဲဝင်လာသော ကျန်းလန် : "……"
ထို (၂)ယောက်က အဘယ့်ကြောင့်များ ထိုသို့သောအတွေးမျိုးကို တွေးတောရပါသနည်း။ ဒီအတိုင်းသာဆက်သွားမည်ဆိုလျှင် သူ အမြဲတမ်း စိတ်အနှောက်အယှက်ပေးခြင်း ခံနေရပေလိမ့်မည်။
ဝေးနေလျှင် အဆင်ပြေသော်လည်း ယခုက နီးကပ်နေသည်ဖြစ်ရာ သူ၏ နတ်ဘုရားရာထူးခေါ်သံကို အမြဲတမ်းကြားနေရမည် ဖြစ်သည်။
ငြိမ်းချမ်းစွာနေလိုပါက သူတို့၏ အတွေးများကို ရပ်တန့်ရန် အခွင့်အရေး ရှာရန် လိုအပ်သည်။
"ယောက်ဖ…"
ကျန်းလန်ကိုတွေ့သည်နှင့် အဋ္ဌမမင်းသားက နှုတ်ဆက်စကား ဆိုလိုက်သည်။
ကောင်ငယ်လေးက…
"အစ်ကိုကြီး ၊ အကောင်းစားသေရည် ဝယ်မလို့လား ၊ အဘိုး ဆိုင်အနောက်ဘက်မှာ ရှိတယ်"
ကျန်းလန် ခေါင်းညိတ်ပြလိုက်သည်။ သူ တကယ်လည်း အကောင်းစားသေရည်ဝယ်ရန် ရောက်လာခြင်း ဖြစ်၏။
ကောင်ငယ်လေးက နေရာမှထသွားပြီး အဘိုးဖြစ်သူကို သွားခေါ်သည်။ ကျန်းလန်ကတော့ ဘေးနားရှိ ထိုင်ခုံတစ်ခုတွင် ထိုင်စောင့်ရန် ဟန်ပြင်လိုက်သည်။
သေရည်ဆိုင်သည် ခါတိုင်းလိုပင် လူသူခြောက်ကပ်နေဆဲ ဖြစ်သည်။ အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးကလွဲပြီး အခြားမည်သူမှ ဆိုင်ထဲတွင် ရှိမနေပေ။
ဇာမဏီမျိုးနွယ်ကောင်မလေးကတော့ ကောင်တာတွင် မတ်တတ်ရပ်လျှက် ရှိသည်။
သေရည်ဆိုင်သို့ ပထမဆုံးအကြိမ် ရောက်လာသည့်အချိန်ကို ကျန်းလန် သတိရလိုက်မိသည်။ ထိုစဉ်က ကောင်ငယ်လေးသည် ကောင်တာတွင် အိပ်နေလေ၏။
ယခုတော့ ထိုကောင်ငယ်လေး အိပ်နေခြင်း မရှိတော့ပေ။ ကောင်တာတွင်ရှိနေသည့် ဇာမဏီမျိုးနွယ်ကောင်မလေးက ကောင်ငယ်လေး သဘောကျနေသူ ဖြစ်လေရာ အချိန်ပြည့် အိပ်နေပါက ကောင်မလေးက အထင်သေးသွားနိုင်သည်။
ကျန်းလန် ထိုင်လိုက်သည်နှင့် သူ့ရှေ့သို့ အဋ္ဌမမင်းသား ချက်ချင်းရောက်လာသည်။
"ယောက်ဖ ၊ ကျုပ်တို့ ကိစ္စတစ်ခု ဆွေးနွေးနေတာ ၊ အဆုံးသတ် ဘယ်လိုဆုံးဖြတ်ချက်ချရမလဲဆိုတာ ယောက်ဖက ကူညီပေးပါလား"
စောစောက သူနှင့် ကောင်ငယ်လေး ပြောနေသည့်အကြောင်းအရာများကို ကျန်းလန်နှင့် တိုင်ပင်လိုခြင်း ဖြစ်ဟန်တူသည်။
ကျန်းလန်မှာ မည်သည့်စကားမှ မဆိုဘဲ အဋ္ဌမမင်းသားကိုသာ ကြည့်နေမိသည်။
လုန်မန်မှာ စိတ်မသက်မသာ ခံစားလိုက်ရပြီး...
"ယောက်ဖ ၊ ကျုပ်တို့လုပ်တာ တစ်ခုခုမှားနေလို့လား"
သေချာပေါက် တစ်ခုခုမှားယွင်းနေရပေမည်။
ကျန်းလန်က ခေါင်းခါယမ်းလိုက်ရင်း...
"မမှားပါဘူး"
သူက ဘာမှ ပူဇော်စရာမလိုဟု ထောက်ပြလိုက်ချင်သည်။
သို့ပေမဲ့…
သူပေးခဲ့သည့် အကူအညီက များပြားလွန်းသည်ဖြစ်ရာ လုန်မန်နှင့် ကောင်ငယ်လေးက ပူဇော်သက္ကာပေးစရာမလိုဟု ယုံကြည်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့လုပ်ချင်ရာ လုပ်ခွင့်ပြုရန် ဆုံးဖြတ်လိုက်၏။
နောက်မှ နတ်ဘုရားရာထူးကို အသုံးပြုပြီး သူတို့လုပ်ရပ်ကို ရပ်တန့်ရမည် ဖြစ်သည်။
ယခုအချိန်တွင် စကားများစွာ ပြောမိပါက အစစ်အမှန်အဓိပ္ပါယ်ပျောက်ဆုံးသွားနိုင်သည်။ ထို့ပြင် အခန့်မသင့်ပါက အထင်လွဲပါ ခံရနိုင်သည်။
လုန်မန်က...
"ကျုပ် နားလည်ပြီ"
အဋ္ဌမမင်းသားက ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားကို တစ်ခုခု ပေးချင်သည်ဟု မပြောခဲ့ပေ။ ထိုအစား သူက သားကောင်အကင်များ၏ အရသာကိုသာ မေးမြန်းခဲ့သည်။
"ယောက်ဖ… ဒါဖြင့် တန်ခိုးစွမ်းအားရှင်အများစုက ဘယ်လို အသားကင်မျိုးကို သဘောကျတယ်လို့ထင်လဲ ၊ ဒါမှမဟုတ် ဘယ်လိုမုန့်ပဲသွားရည်စာတွေကို ကြိုက်ကြသလဲ"
ကျန်းလန်မှာ အဋ္ဌမမင်းသားဆိုလိုသည့်အဓိပ္ပါယ်ကို နားလည်သော်လည်း မေးသည့် မေးခွန်းကိုတော့ မဖြေနိုင်ပေ။ မဟုတ်ပါက သူနှင့် လက်သီးနတ်ဘုရား ရင်းနှီးကျွမ်းဝင်သည်ဟု ထင်သွားနိုင်သည်။
ထို့ပြင် သူက အစားကြီးသူမဟုတ်သည့်အတွက် အစားအသောက်နှင့်ပတ်သက်ပြီး ထူးထူးခြားခြား ခံစားရခြင်း မရှိပေ။
နောက်ဆုံးတော့ ကျန်းလန် ခေါင်းခါယမ်းလိုက်ရင်း…
"ဘာပဲဖြစ်ဖြစ် အဆင်ပြေမယ်ထင်တာပဲ"
သူ့စကားအဆုံး၌ အဋ္ဌမမင်းသားက အလေးအနက် စဉ်းစားနေ၏။
ထိုစဉ်…
"အစ်ကို…"
ခေါ်သံထွက်ပေါ်လာလေရာ အတွေးနက်နေသည့် အဋ္ဌမမင်းသားမှာ ကောင်းကင်နဂါးဓားကို ဆွဲထုတ်လိုက်ပြီး အသံလာရာဆီသို့ ခုတ်ပိုင်းချလိုက်သည်။
"ဟူး…"
ယန်ရှီးယွင်က အရှောင်ကောင်းသောကြောင့် ဓားချက်က လွဲသွားလေ၏။
ယန်ရှီးယွင်မှ အော်ဟစ်ရင်း ချက်ချင်းပင် တံခါးနောက်တွင် ဝင်ပုန်းနေလိုက်သည်။
လုန်မန်က ချက်ချင်းပင် ဓားကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး…
"ဟင်… ချီလင်မျိုးနွယ် မိန်းကလေးပဲ"
တစ်ခါတစ်ရံ အလေ့အထက မပြောင်းလဲနိုင်ပေ။
သူက ရိုက်နှက်ရန် မရည်ရွယ်သော်လည်း ယန်ရှီးယွင်က အရိုက်တောင်းနေခြင်း ဖြစ်သည်။ ချီလင်ကောင်မလေးသည် သူ သဘောမကျသည့် အခေါ်ဝေါ်ကို အဘယ့်ကြောင့် ခေါ်ရပါသနည်း။ အရိုက်ခံရခြင်းကို သဘောကျသောကြောင့်လား မဆိုနိုင်ပေ။
မည်သို့ပင်ဖြစ်စေ ချီလင်ကောင်မလေးက အလွန်သဘောကောင်းသူ တစ်ယောက်ဖြစ်သည်။
ကျန်းလန်က ချီလင်ကောင်မလေးကို လှမ်းကြည့်လိုက်သည့်အခါ သူမ၏ ခန္ဓာကိုယ်ထက်တွင် အလွန်သေးငယ်သည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါတစ်ခုကို တွေ့လိုက်ရသည်။
နတ်လူသားမျိုးနွယ် ယွင်ရှောင်းနှင့်တိုက်ခိုက်စဉ်က သူ ဖြတ်တောက်ပစ်ခဲ့သည့် အစိတ်အပိုင်းလေး ဖြစ်သည်။ ထိုအရာလေး ပျောက်ကွယ်သွားမည် ၊ သို့မဟုတ် ဇာမဏီမျိုးနွယ်မိန်းကလေး ရရှိသွားမည်ဟု သူက ထင်မှတ်ခဲ့သည်။
ချီလင်ကောင်မလေး ရရှိသွားလိမ့်မည်ဟု မထင်ခဲ့မိပေ။
ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို တွေ့မြင်လိုက်ရသည်နှင့် အရှေ့ဘက်စွန့်ပစ်နယ်မြေအကြောင်း တွေးလိုက်မိသည်။ အရှေ့ဘက်စွန့်ပစ်နယ်မြေတွင် နတ်ဘုရားရာထူး ဘယ်တော့ရရှိမည်ကို မည်သူမှ မသိခဲ့ကြပေ။
ယခုအချိန်ထိ အရှေ့ဘက်စွန့်စပ်စနယ်မြေသည် နတ်ဘုရားရာထူး ရရှိခြင်း မရှိသေးပေ။ တောင်ပိုင်းစွန့်ပစ်နယ်မြေကတော့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲလား မသိနိုင်ပေ။
မြောက်ပိုင်းစွန့်ပစ်နယ်မြေက တိုက်ပွဲများစတင်ခဲ့ရာ နေရာဖြစ်ပြီး အနောက်ဘက်စွန့်ပစ်နယ်မြေတွင်တော့ မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခဲ့ခြင်း မရှိပေ။
တိုက်ပွဲအရှည်ကြာဆုံး ဒေသကိုပြောပါဆိုလျှင်တော့ အလယ်ပိုင်းလွင်ပြင်ဒေသကို ဆိုရပေမည်။
တောင်ပိုင်းစွန့်ပစ်နယ်မြေမှ နတ်ဘုရားရာထူးကို သိမ်းပိုက်နိုင်ခဲ့သော်လည်း မှော်ဝိညာဉ်တောင်မှ မှော်ဆရာများကတော့ တိုက်ခိုက်နေဆဲ ဖြစ်သည်။ သူတို့သည် နတ်ဘုရားရာထူးကို သိမ်းပိုက်ရန် စီစဉ်နေဆဲ ဖြစ်ဟန်တူသည်။
နတ်ဘုရားရာထူး မရရှိသေးသည့် အခြားမျိုးနွယ်များမှာ ချီလင်မျိုးနွယ်နှင့် ဘီလူးဝိညာဉ်မျိုးနွယ်များ ဖြစ်ကြသည်။
ကျန်းလန်က တပည့်များ စကားပြောဆိုဆွေးနွေးသည်ကို တောင်အောက်ဆင်း နားမထောင်နိုင်သေးသည့်အတွက် ပျက်သုဉ်းတစ်စပြင်လောကကြီးအကြောင်း ယေဘူယျသတင်းများကို မသိခဲ့ရပေ။ အချိန်ရမှ သွားနားထောင်ရမည် ဖြစ်သည်။
ယန်ရှီးယွင်က…
"မောင်ငယ်လေး မရှိဘူလား"
သူမက မြေပဲတောင်းရန် သေရည်ဆိုင်သို့ ရောက်လာခြင်း ဖြစ်သည်။
ကျန်းလန် ရောက်နေကြောင်း တွေ့သည့်အခါ သူမက နှုတ်ဆက်စကားဆိုသည်။
"ဟာ… အစ်ကိုကြီး"
သူ့ကို "အစ်ကိုကြီး" ဟု ခေါ်သည်က ကျန်းလန် အတွက် ပြဿနာမရှိပေ။ ထိုသို့ခေါ်သည်ကို သူကလည်း သဘောမကျ မဖြစ်မိလေရာ လုန်မန်ကဲ့သို့ ရိုက်နှက်မိမည် မဟုတ်ပေ။ ကောင်ငယ်လေးသည်လည်း သူ့ကို ထိုသို့ပင် ခေါ်လေသည်။
သို့ပေမဲ့…
သူ့ပုံစံက အတော် အသက်ကြီးပုံပေါက်နေ၍ ထိုသို့ အခေါ်ခံနေရသည်လား။
ထိုအချိန် ဟုန်ယာက ကောင်တာမှ ထွက်လာပြီး ယန်ရှီးယွင်ကို မြေပဲတစ်ထုပ်ပေးလိုက်သည်။
ယန်ရှီးယွင်က မြေပဲကို လက်ခံယူလိုက်ရင်း…
"ညီမလေး… ဒီနားပတ်ဝန်းကျင်ကို နတ်မိစ္ဆာတွေ ခိုးကြောက်ခိုးဝှက်လာနေတာ မကြာသေးခင်က ကျွန်မ တွေ့ခဲ့တယ်… သိလား ၊ ကျွန်မ သူတို့ကို ခဏခဏ တွေ့ရတယ် ၊ ထွက်မပြေးခင် သူတို့ပြောတာကြားတာတော့ မြေဆီလွှာဆိုလား… အဲဒါမျိုးတစ်ခုခုကို စမ်းသပ်မလို့တဲ့ ၊ အဲဒါ ညီမလေးကို ဒုက္ခပေးဖို့လာတာတော့ မဟုတ်လောက်ပါဘူးနော်"
သူမက ဆက်ပြောသည်။
"ပြီးတော့ ဒီတစ်ခေါက် သူတို့ကိုကြီးကြပ်မယ့် အကြီးအကဲတစ်ယောက်လည်း ပါလာတယ်တဲ့ ၊ လုပ်ဆောင်မှုကို သေချာပေါက် အောက်မြင်စေချင်တယ်လို့ ပြောနေကြတယ်"
ဟုန်ယာက သူမစကားများကို စိတ်ထဲမထားပေ။
ကျန်းလန်ကတော့ အံ့အားသင့်သွား၏။
ချီလင်ကောင်မလေးက အတော်လေး သတင်းစုံလေသည်။ သို့သော် နတ်မိစ္ဆာများတကယ် လှုပ်ရှားမှုပြုလုပ်မည်ဆိုလျှင်တောင်မှ ခွန်လွန်တောင် ပတ်ဝန်းကျင်တွင်တော့ မဖြစ်နိုင်ပေ။
ပြီးတော့ သူတို့နောက်ကွယ်တွင် အကြီးအကဲတစ်ယောက် ပါဝင်ဦးမည် ဖြစ်လေရာ ထိုအကြီးအကဲ၏ ကျင့်ကြံခြင်းအဆင့်က မည်သို့ရှိသည်လည်း မသိနိုင်ပေ။ သူတို့ ပြုလုပ်သည့်ကိစ္စမှာ ငရဲတံခါးနှင့် ဆက်စပ်နေနိုင်သည်။
ကျန်းလန်အနေဖြင့် ဘာမှလုပ်စရာမလိုပေ။ ထိုင်စောင့်နေရုံသာရှိသည်။
ထိုနတ်မိစ္ဆာများက ငရဲတံခါးအတွက် လာရောက်ခြင်းမဟုတ်ဘဲ အဋ္ဌမမင်းသားနှင့် အခြားသူများအတွက် ရောက်လာခြင်းလည်း ဖြစ်နိုင်သည်။ သူတို့သည်လည်း ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို အရေးစိုက်ကြဟန်တူသည်။
ဟုန်ယာက...
"နတ်မိစ္ဆာတွေကတော့ ငါ့ကို ပစ်မှတ်ထားတာ မဖြစ်နိုင်ပါဘူး"
ယန်ရှီးယွင်က...
"ဟုတ်နိုင်ပါတယ် ၊ ပြီးတော့ မကြာခင်က ကောင်းကင်ဘုံအကြောင်း ပြောနေကြတဲ့ လူအချို့နဲ့လည်း ဆုံခဲ့ရသေးတယ်"
အဋ္ဌမမင်းသားက စိတ်ဝင်စားသွားဟန်ဖြင့်...
"ကောင်းကင်ဘုံ ဟုတ်လား"
ယန်ရှီးယွင်က ပခုံးတစ်ချက်တွန့်လိုက်ရင်း...
"ကျွန်မလည်း သေချာမသိဘူး ၊ အဲဒီလူတွေ ပြောသွားတာပဲ ကြားလိုက်ရတာ"
ကျန်းလန်ကတော့ မျက်ခုံးများကို တွန့်ချိုးထားမိသည်။
ကောင်းကင်ဘုံ မည်သည့်နေရာတွင်ရှိကြောင်း သူ သိရှိသည်။
အချို့လူများအနေဖြင့် ခန့်မှန်းချက်အချို့ ရှိကောင်းရှိနိုင်သော်လည်း ကောင်းကင်ဘုံတံခါးသည် ခွန်လွန်တောင်တွင်ရှိကြောင်း သိရှိကြသူ များစွာမရှိကြပေ။
"အချို့သူတွေက ငရဲတံခါးအတွက် လှုပ်ရှားနေချိန်မှာ အချို့တွေကလည်း ကောင်းကင်ဘုံတံခါးကို စိတ်ဝင်စားနေကြတာပဲ ၊ သူတို့က ဘာဖြစ်ချင်တာလဲ ၊ တံခါးနောက်မှာ ရှိနေတဲ့သူတွေကို ဒီလောကထဲ ခေါ်ထုတ်လာချင်တာလား"
ကျန်းလန် ပဟေဠိဖြစ်စွာဖြင့် တွေးလိုက်သည်။
နတ်မိစ္ဆာများကတော့ မရဏလောကသို့ ဆက်သွယ်လိုပြီး အထဲမှသတ္တဝါများကို လွှတ်ပေးရန် ဆန္ဒရှိကြသည်။
ကောင်းကင်ဘုံဆိုလျှင်လည်း ထိုသို့ပင် ဖြစ်လေမည်လား။
သို့သော် သူသိသလောက် ကောင်းကင်ဘုံတွင် မည်သည့်သက်ရှိမှ မရှိတော့ပေ။ သူ ကောင်းကင်ဘုံသို့ သွားရောက်စဉ် တစ်ခါမှ မတွေ့မြင်ခဲ့ဖူးပေ။
သို့ပေသိ သူ ရရှိထားသည့် နတ်ဘုရားရာထူးဆိုသည်က ရေခဲတောင်တစ်ခု၏ ထိပ်ပိုင်းလေးမျှသာ ဖြစ်နိုင်သည်။
ကျန်းလန်တွင် တိကျသည့်အဖြေ ရေရေရာရာ မရှိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ရန်သူများက ပထမေတာင်ထွတ်ကိုပါ ပစ်မှတ်ထားနေကြဟန် ရှိသည်။
သူ လှုပ်ရှားသင့်သည်လား မလှုပ်ရှားသင့်ဘူးလား ချီတုံချတုံ ဖြစ်နေသည်။ သူသာ ဝင်မပါပါက လက်သီးနတ်ဘုရားသည် နဝမတောင်ထွတ်မှ ကိစ္စများကိုသာ ဝင်ပါသည်ဟု အခြားသူများက တွေးထင်သွားကြပေလိမ့်မည်။
သို့ဆိုလျှင်…
ပြဿနာအနည်းငယ် ရှိလာနိုင်သည်။
အချိန်အတန်ကြာအောင် စောင့်ဆိုင်းပြီးနောက် ဆိုင်ရှင်အဘိုးက အကောင်းစားသေရည်ရရှိပြီဖြစ်ကြောင်း ပြောလာသည်။
ကျန်းလန်က ဝိညာဉ်ကျောက်တုံးတစ်ထုပ် ဆိုင်ရှင်အားပေလိုက်ပြီး အကောင်းစားသေရည်အိုးကို ယူလိုက်သည်။
ထို့နောက် ကောင်ငယ်လေးကလည်း မြေပဲများ လက်ဆောင်ပေးလေရာ သေရည်နှင့် မြေပဲများကို ယူဆောင်ပြီး တောင်ပေါ်သို့ ပြန်လာခဲ့သည်။
ခွန်လွန်တောင်သို့ အပြန်လမ်းတွင် တပည့်အချို့ပြောဆိုနေကြသည့် ပျက်သုဉ်းတစ်စပြင်လောကကြီးအကြောင်း အနည်းအကျဉ်း ကြးသိခဲ့ရပြီး အခြေအနေများကို နားလည်လာခဲ့သည်။
ထို့နောက် ဆရာဖြစ်သူကို ရှာဖွေရန်အတွက် နဝမတောင်ထွတ်အစွန်းသို့ ထွက်ခွာလာခဲ့၏။
သို့သော် ဆရာဖြစ်သူက သူ့ကို တွေ့တွေ့ချင်းဆောက်နှင့်ထွင်းဆိုသလို စကားတစ်ခွန်းမေးမြန်းလိုက်လေရာ ကျန်းလန်မှာ အလွန်ပင် အံ့အားသင့်သွားရလေသည်။
ဆရာဖြစ်သူ မေးလိုက်သည့်မေးခွန်းမှာ -
"မင်း ကလေးယူဖို့ အစီအစဉ် ရှိသလား"
***