ရှောင်ယွိတစ်ယောက် သေရည်များ မူးနေသည်လား
Vol. 33 Ch. 456
ဆရာဖြစ်သူက ဤသို့သော မေးခွန်းမျိုးကို ရုတ်တရက်ကြီး မေးမြန်းလာသည်မှာ မူမမှန်ပေ။
ခွန်လွန်တောင်က လုန်ယွိကို ခွန်လွန်နှင့် အပြီးတိုင် ချည်နှောင်လိုသည့်အတွက်များ သူတို့ (၂)ယောက်ကို ကလေးယူစေချင်ကြလေသလား။ သို့မဟုတ် အခြားအကြောင်းတစ်ခုခု ရှိလေမည်လား။
ယခု ဆရာဖြစ်သူ၏ မေးခွန်းကို ရင်ဆိုင်လိုက်ရသည့်အခါ ကျန်းလန် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။
ကလေးယူဖို့ အရင်ကရော သူ စဉ်းစားခဲ့ဖူးလေသလား။ ပြန်စဉ်းစားကြည့်တော့ ရေရေရာရာ မရှိလှပေ။
ဂိုဏ်းတူအစ်မ ကလေးရလာလျှင် ဥခွံကမွေးမည်လား ၊ လူသားတွေကဲ့သို့ မွေးဖွားမည်လားဆိုသည်ကိုတော့ သိချင်သည့်အတွက် တွေးကြည့်ခဲ့ဖူးသည်။ ထိုအကြောင်းကို သူ အမှန်တကယ်လည်း သိချင်ခဲ့သည်။
ထို့ပြင် ကလေးမွေးဖွားပြီးလျှင် သူ့ကလေးက လူသားဖြစ်မည်လား ၊ နဂါးမျိုးနွယ် ဖြစ်လာမည်လား။ နဂါးသုတ်သင်ဓားသိုင်းကရော သူ့ကလေးအပေါ် သက်ရောက်မှု ရှိမည်လား။
ထိုအကြောင်းအရာများက ကျန်းလန် တွေးခဲ့ဖူးသည့် အကြောင်းအရာများဖြစ်သော်လည်း တကယ်တမ်း သူ ကလေးလိုချင်သလား ၊ မလိုချင်ဘူးလားဆိုသည်ကို တစ်ခါမှ စဉ်းစားမကြည့်ခဲ့ဖူးပေ။
သို့ပေသိ ယခု ဆရာဖြစ်သူ၏ မေးခွန်းကို စဉ်းစားကြည့်သည့်အခါ…
သူ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိဖြင့် ကလေးယူရန် ငြင်းပင်ခဲ့ခြင်း ဘယ်တုန်းကမှ မရှိခဲ့ပေ။ ဘဝအသစ်တစ်ခု မွေးဖွားလာမည်ကို သူ ဘယ်တုန်းကမှ တားဆီးလိုစိတ် မရှိခဲ့ပေ။
ပြဿနာအနည်းငယ်ရှိမည်ဖြစ်သော်လည်း ကြီးကြီးမားမား ပြဿနာများတော့ မရှိနိုင်ပေ။ ထို့ပြင် လက်ထပ်ပြီးမှတော့ ဖခင်တစ်ယောက်ဖြစ်လာရမည့်တာဝန်ကိုရှောင်လွှဲမရနိုင်ပေ။
လုန်ယွိနှင့် လက်ထပ်ပြီးသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့သည့်တိုင် သူက သူမကို ရည်ရွယ်ချက်ရှိရှိဖြင့် ငြင်းပယ်ခဲ့ခြင်းမျိုး တစ်ခါမှ မရှိခဲ့ပေ။
ကျန်းလန်က…
"ကျွန်တော်က သဘာဝတရားကိုတော့ မဆန့်ကျင်ပါဘူး ၊ ဒီအတိုင်း သူ့သဘာဝအတိုင်းပဲ ထားပါတယ်"
သူ့အဖြေစကားက ငြင်းဆန်ခြင်း မဟုတ်ပေ။ လုံလောက်သည့်အဖြေပင် ဖြစ်သည်။
မော့ကျန်းသုန့်က ကျန်းလန်ကို တစ်ချက်ကြည့်လိုက်ပြီး ထိုအကြောင်းနှင့်ပတ်သက်ပြီး ထပ်မမေးတော့ပေ။ ထိုသို့သောကိစ္စများကို သူကတော့ နားမလည်ပေ။
မော့ကျန်းသုန့်က…
"နဂါးနန်းတော်ပြန်တဲ့ခရီးစဉ်မှာ ရရှိခဲ့တဲ့ ကောင်းချီးလက်ဆောင်တွေအားလုံးကိုရော စုပ်ယူကျင့်ကြံပြီးပြီလား"
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
"ဟုတ်ကဲ့… အကုန်စုပ်ယူပြီး ကျင့်ကြံပြီးပါပြီ"
ထိုကောင်းချီးလက်ဆောင်များက တာ့လော်အင်မော်တယ်အဆင့်အပေါ်တွင် သက်ရောက်မှုက ထင်သာမြင်သာ မရှိသည်ကြောင့် များစွာပြောင်းလဲသွားခြင်းတော့ မရှိပေ။ သို့ပေသိ သူ၏ ကျင့်ကြံခြင်း အချိန်ကာလ တိုတောင်းသွားခဲ့သည်ကတော့ အမှန်ပင်။
မော့ကျန်းသုန့်က…
"ကောင်းတယ် ကောင်းတယ် ၊ ဒါနဲ့ မင်းကို ကြိုပြီး အသိပေးစရာ ကိစ္စတစ်ခု ရှိသေးတယ်"
"မကြာခင်က ပဉ္စမတောင်ထွတ်မှာ အရည်အချင်းရှိတဲ့ တပည့်အချို့ ရောက်လာတယ်တဲ့ ၊ မင်းရဲ့ ဆရာဒေါ်လေးမြောင်ယွဲ့က သူတို့ အစီအရင်ပညာတွေ လေ့လာဖို့အတွက် နဝမတောင်ထွတ်ကို စေလွှတ်ချင်တယ် ၊ သူတို့ရောက်လာရင် မင်းနဲ့ တွေ့ရလိမ့်မယ် ၊ ဘယ်လိုကူညီနိုင်မလဲဆိုတာကတော့ မင်းအပေါ်ပဲ မူတည်တယ်"
ကျန်းလန်က…
"ပဉ္စမတောင်ထွတ်မှာ အစီအရင်တောင်ကုန်းရှိတာပဲ မဟုတ်လား ၊ ဘာလို့ နဝမတောင်ထွတ်ကို လာချင်ရတာလဲ"
ဤသို့သောအဖြစ်အပျက်မျိုးက ကြုံဖူးသည်ပဲ ဖြစ်ရာ အဆန်းတော့မဟုတ်ပေ။
လုန်ယွိသည်ပင် မူလဝိညာဉ်အဆင့်တက်ရောက်ရန်အတွင် ကျင်းထင် ၊ မုရှိုးတို့နှင့်အတူ နဝမတောင်ထွတ်၏ မရဏဂူရှေ့တွင် လာရောက်ကျင့်ကြံသေးသည် မဟုတ်ပါလား။
သို့သော် နောက်ပိုင်းနှစ်များတွင်တော့ ထိုသို့ ကျင့်ကြံရန် လာရောက်သူ အနည်းငယ်သာ ရှိခဲ့ပြီး ထိုသူများကလည်း ကျန်းလန်ကို အနှောက်အယှက်ပေးခြင်း မရှိခဲ့ကြပေ။
မော့ကျန်းသုန့်က…
"သာမန်အစီအရင်ပညာတွေက သူတို့ကို ရှေ့ဆက်တိုးတက်အောင် မလုပ်ပေးနိုင်တော့ဘူးတဲ့ ၊ အဲဒါကြောင့် နဝမတောင်ထွတ်ကို လာကြရမယ်လို့ ပြောတာပဲ ၊ ဒီမှာက မရေမတွက်နိုင်တဲ့ အစီအရင်တွေရှိပြီး ထူးခြားမှုလည်း ရှိတယ်လေ"
ထိုစကားကို ပြောစဉ်တွင် မော့ကျန်းသုန့် အနည်းငယ် စိတ်လှုပ်ရှားသွားဟန် ရှိသည်။
အမှန်တော့ သူနေထိုင်ရာ နဝမတောင်ထွတ်အစွန်းတွင် မည်သည့်အစီအရင်မှ မရှိခဲ့ပေ။
အခြားနေရာများတွင်တော့…
ဇာတ်ကြောင်းပြန်ပြောရမည်ဆိုလျှင် ရှည်လျားသည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေပေလိမ့်မည်။
လက်ရှိမှာတော့ နဝမတောင်ထွတ်မှ အစီအရင်အချို့ကို ကျန်းလန်က လေ့ကျင့်ရန်အတွက် ပြုလုပ်ထားခဲ့ပြီး အချို့ကတော့ လိုအပ်သည့်အတွက် ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။
ကျန်းလန်က…
"သူတို့ ဘယ်တော့လာမှာလဲ"
အမှန်တော့ နဝမတောင်ထွတ်တွင် အခြားတပည့်များ အစီအရင်ပညာ လာရောက်လေ့လာခြင်းက ပြဿနာမရှိပေ။ သို့ပေသိ သူတို့ကို စေလွှတ်သောသူက ဆရာဒေါ်လေး မြောင်ယွဲ့ ဖြစ်နေသည့်အတွက် အနည်းငယ် ခြိမ်းခြောက်ခြင်းကိုတော့ ခံစားရသည်။
ဆရာဖြစ်သူကများ သူ့အကြောင်း ဆရာဒေါ်လေးမြောင်ယွဲ့ကို ပြောပြလိုက်ပြီလား။
ဆရာဒေါ်လေးမြောင်ယွဲ့သည် အရာအားလုံးကို ထိုးဖောက်သိမြင်နိုင်သူ ဖြစ်လေရာ အလွန်အန္တရယ်များလှသည်။ ထိုသို့သောသူမျိုးက ဆရာဖြစ်သူ၏ ဇနီးဖြစ်လာလျှင်တော့ ပိုပြီး အန္တရယ်ကင်းသွားနိုင်မည်လား မပြောတတ်ပေ။
ဆရာဖြစ်သူက သာမန် တန်ခိုးစွမ်းအားရှင်တစ်ယောက် မဟုတ်ပေ။ အနည်းငယ် လွဲမှားနေပုံရသည့် မည်သည့်ကိစ္စများကိုမဆို အခြားသူများကို သိရှိခွင့်ပေးမည် မဟုတ်ပေ။
မော့ကျန်းသုန့်က...
"နောက်ထပ် နှစ်အနည်းငယ်လောက်မှ သူတို့လာကြမှာပါ"
သူက တပည့်ဖြစ်သူကို ကြိုတင်အသိပေးထားခြင်းသာ ဖြစ်သည်။
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
သို့သော် စကားထဲတွင် ဆရာဒေါ်လေးမြောင်ယွဲ့ပါလာလေရာ အခွင့်သင့်တုန်း ဆရာဖြစ်သူက ဆရာဒေါ်လေးမြောင်ယွဲ့ကို မည်သို့သဘောထားသည်ကို မေးမြန်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ယခုအချိန်တွင် သူက တာ့လော်အင်မော်တယ် ဖြစ်နေပြီ ဖြစ်သည်။ တာအိုအင်မော်တယ်ဖြစ်ရန်အတွက် ရှေ့ဆက်ရမည့်လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မသိမြင်ရသေးသည့်တိုင် ပြဿနာများစွာမရှိဘဲ အဆင့်တက်ရောက်နိုင်မည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် ဆရာဖြစ်သူ အေးအေးဆေးဆေးအနားယူနိုင်ပြီဖြစ်ပြီး လက်တွဲဖော်လည်း ရှာဖွေနိုင်မည် ဖြစ်သည်။
ထို့နောက် ကျန်ရှိနေသည့် ဘဝသက်တမ်းကို အေးအေးဆေးဆေး ဖြတ်သန်းနိုင်ပေလိမ့်မည်။
သူကတော့ နဝမတောင်ထွတ်၏ တာဝန်များအားလုံးကို ထမ်းဆောင်မည် ဖြစ်သည်။
ကျန်းလန်က...
"ဆရာ ၊ ခွန်လွန်တောင်မှာ တတိယတောင်ထွတ် ၊ ပဉ္စမတောင်ထွတ်နဲ့ ဆဋ္ဌမတောင်ထွတ်ကလွဲပြီး အခြားတောင်ထွတ်တွေမှာ တောင်သခင်မတွေ မရှိဘူး မဟုတ်လား ၊ တောင်သခင်တွေပဲ ရှိတာမဟုတ်လား"
သူက ဆရာဖြစ်သူကို တိုက်ရိုက်မေးချင်သော်လည်း အဆင်မပြေသည့်အတွက် ကွေ့ပတ်ကာ စကားလမ်းကြောင်းလိုက်သည်။
မော့ကျန်းသုန့်က...
"အင်းလေ"
ထိုမေးခွန်းကို သူက သိပ်ပြီး အရေးမစိုက်မိပေ။
ကျန်းလန်က...
"ဒါဖြင့် ဆရာဒေါ်လေး (၃)ယောက်ထဲမှာ ဘယ်သူက ဆရာနဲ့ အရင်းနှီးဆုံးလဲ"
ဤသို့မေးလိုက်ခြင်းက အခြေအနေများကို ပိုပြီး သေချာစေမည် ဖြစ်သည်။
မော့ကျန်းသုန့်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
"ချန်ရှီ"
ခဏနားပြီးမှ သူက ဆက်ပြောသည်။
"သူနဲ့က ရင်းနှီးခဲ့ဖူးတယ်ပေါ့လေ"
ရင်းနှီးခဲ့ဖူးသည်တဲ့။
ကျန်းလန် အနည်းငယ် အံ့အားသင့်သွားပြီး ထူးဆန်းသလိုလည်း ခံစားလိုက်ရသည်။ အရင်ကလည်း ဆရာဒေါ်လေးချန်ရှီက ထိုသို့သောစကားမျိုး ပြောခဲ့ဖူးလေသည်။
သူတို့ (၂)ယောက်ကြားတွင် ဇာတ်လမ်းတစ်ခုတော့ ရှိနိုင်ကေင်းသည်။
ကျန်းလန်က...
"ဒါဖြင့် အခုရော"
"အခုလည်း အတူတူပါပဲလေ"
မော့ကျန်းသုန့် ပြန်ဖြေလိုက်သည်။
သို့သော် သူ အနည်းငယ် အံ့သြနေမိသည်။
တပည့်ဖြစ်သူက ယနေ့မှ အဘယ့်ကြောင့် ဤကိစ္စများကို သိချင်နေရပါသနည်း။
ကျန်းလန် မေးခွန်းများ ထပ်မမေးရဲတော့ပေ။ ဆက်မေးနေမည်ဆိုလျှင် ဆရာဖြစ်သူ တစ်စုံတစ်ခုကို သံသယဝင်သွားပေလိမ့်မည်။
ဆရာဖြစ်သူကို ကြည့်ရသည်မှာ ဆရာဒေါ်လေး (၃)ယောက်အပေါ်တွင် မည်သည့်ထူးခြားသည့် ခံစားချက်မှ ရှိပုံမပေါ်ပေ။
သို့ရာတွင် ထိုအချက်က ပြဿနာ မဟုတ်ပေ။ ဆရာဖြစ်သူတွင် သဘောကျသူ ရှိနေသည်ဆိုလျှင်သာ ပြဿနာရှိလေသည်။
သဘောကျသူ မရှိဘူးဆိုပါက တစ်ယောက်ယောက်ကို မေတ္တာသက်ဝင်ကာ ခံစားချက်ရှိလာအောင် ပြုလုပ်ပေး၍ ရနိုင်သည်။
သူနှင့် ရှောင်ယွိ ကဲ့သို့ပင် ဖြစ်၏။
အစပိုင်းတွင် တစ်ယောက်နှင့်တစ်ယောက် ခံစားချက် မရှိခဲ့ကြေသော်လည်း နောက်ပိုင်းတော့ တဖြည်းဖြည်း မေတ္တာရှိလာခဲ့ကြသည်ပင်။
***
နဝမတောင်ထွတ်အစွန်းမှ ပြန်လာခဲ့ပြီးနောက် ကျန်းလန် ရင်ပြင်ဆီသို့ ထွက်လာခဲ့သည်။ ရင်ပြင်တစ်ခုလုံး နှင်းများ ထူထပ်စွာ ဖုံးလွှမ်းနေလေရာ သန့်ရှင်းရေးပြုလုပ်ရန် လိုအပ်သည်။
ရှောင်ယွိ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာသည်နှင့် စိန်ခေါ်ပွဲလည်း ပြုလုပ်ရတော့မည် ဖြစ်သည်။ နဝမတောင်ထွတ် ရင်ပြင်ထက်တွင် စိန်ခေါ်ပွဲယှဉ်ပြိုင်မည်ဆိုလျှင်တော့ ရှောင်ယွိ သူ့ကို ရှုံးပေဦးမည်။
ထိုအကြောင်းများတွေးမိသည့်အခါ နှင်းများကို လှည်းကျင်းနေရင်းဖြင့်ပင် ကျန်းလန် ခေါင်းခါယမ်းမိသည်။
ညနေခင်းအချိန်။
နှင်းများ တစ်ဝက်ခန့် လှည်းကျင်းပြီးသွားချိန်တွင် ကောင်းကင်ထက်မှလေထုကို ထိုးခွင်းလာသည့် အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
ကျန်းလန် ခေါင်းမော့ကြည့်လိုက်ရာ သူ့ထံသို့ ဓားကိုစီးနှင်ပျံသန်းလာသည့် ရှောင်ယွိကို တွေ့လိုက်ရ၏။
"ဝှစ်"
သူမက ကျန်းလန်အနားရောက်သည်နှင့် ဓားပေါ်မှ ဆင်းသက်လိုက်ပြီး တံမြက်စည်းကိုင်ထားသည့် ကျန်းလန်ထံသို့ ပြေးလာကာ ပွေ့ဖက်လိုက်သည်။
"ဘန်း"
ရှောင်ယွိနှင့် တံမြက်စည်းတံ ရိုက်မိသောအသံ။
"အား နာလိုက်တာ"
သို့သော်လည်း ရှောင်ယွိ၏ အသံက ရွှင်မြူးလျှက် ရှိသည်။
ကျန်းလန်က တံမြက်စည်းကို ဘေးသို့ အသာဖယ်ထားလိုက်ရင်း…
"ဂိုဏ်းတူအစ်မကိုကြည့်ရတာ အရမ်းပျော်နေတဲ့ပုံပဲ"
ရှောင်ယွိက နောက်သို့ ခြေနှစ်လှမ်းခန့်ဆုတ်လိုက်ပြီး ကျန်းလန်ကို မျက်လုံးပြူးကာ ကြည့်လိုက်သည်။
"ပျော်တာပေါ့ ၊ ဂိုဏ်းတူမောင်လေးနဲ့ တွေ့ရတာကိုး ၊ ဘာလဲ… ဂိုဏ်းတူမောင်လေးက ကျွန်မကိုတွေ့ရတာ မပျော်ဘူးလား"
ကျန်းလန်က…
"ကိုယ်လည်း ပျော်ပါတယ်ဗျာ"
"ဒါဖြင့် ဘာလို့ မပြုံးရတာလဲ"
ပြောပြီးသည်နှင့် သူမက ထိုစကားကို စိတ်မဝင်စားဘဲ သူမအကြောင်းကို စတင်ပြောဆိုတော့သည်။
"ဂိုဏ်းတူမောင်လေး ၊ အရမ်းကို အထင်ကြီးစရာကောင်းတာတစ်ခုကို ကျွန်မ နားလည်သွားခဲ့တယ် သိလား ၊ အဲဒါ ဘာလဲဆိုတာ ရှင့်ကိုပြမယ် ၊ ကျွန်မမှာ အဲဒါရှိနေသရွေ့ ဂိုဏ်းတူမောင်လေး (၁၀)ယောက်ပေါင်းရင်တောင် ကျွန်မကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး"
ကျန်းလန် အံ့အားသင့်သွားသည်။
ရှောင်ယွိတစ်ယောက် သေရည်များ မူးနေသည်လား။
ရှောင်ယွိက ဂုဏ်ယူဝင့်ကြွားဟန်ဖြင့်…
"ရှင် ယုံမှာမဟုတ်ဘူးဆိုတာ ကျွန်မ သိပါတယ် ၊ ဒါပေမဲ့… ဂိုဏ်းတူမောင်လေး ၊ တကယ်တမ်း တန်ခိုးစွမ်းအားမြင့်မားတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ ရှင့်ကို ကျွန်မ ပြမယ်"
ထို့နောက် သူမက ကျန်းလန်အနားတိုးကပ်လာပြီး ခြေဖျားလေးများထောက်လိုက်သည်။ သို့သော် သူမနဖူးနှင့် ကျန်းလန်နဖူး မထိနိုင်ကြောင်း သိလိုက်သည့်အခါ သူမက မှီရာဖြစ်သော ကျန်းလန်၏ နှုတ်ခမ်းများကို အသာကိုက်လိုက်သည်။
"ဂိုဏ်းတူမောင်လေး… နည်းနည်းလောက် ထိုင်ပါလား ၊ ကျွန်မအရပ်က ရှင့်ကို မမီဘူး"
ကျန်းလန် : "……"
သူမက ပိုအရပ်မြင့်လာအောင် လုန်ယွိအသွင် ပြောင်းလဲ၍ ရပါလျှက် မပြောင်းလဲဘဲ သူ့ကို လာထိုင်ခိုင်းနေသည်။ ထို့နောက် ကျန်းလန်ကပင် ကိုယ်ကို အနည်းငယ် ကိုင်းညွှတ်ပေးလိုက်သည်။
ထိုမှသာ ရှောင်ယွိနဖူးက သူ့နဖူးကို ထိကပ်နိုင်သွားသည်။ သူတို့ နဖူးချင်း ထိတွေ့လိုက်သည်နှင့် ပြင်းထန်လှသည့် တန်ခိုးစွမ်းအားတစ်ခုကို ကျန်းလန် ရုတ်တရက် ခံစားလိုက်ရသည်။
ထိုတန်ခိုးစွမ်းအားက အကန့်အသတ်မရှိသည့် တောင်တန်းကြီးတစ်ခုအလားဖြစ်သည်။
၎င်းတောင်တန်းကြီးက ခွန်လွန်တောင်ပင် ဖြစ်၏။
ခွန်လွန်တောင်တစ်ခုလုံးက သူ့ကို ပစ်မှတ်ထားနေသည့်အလား ကျန်းလန် ခံစားလိုက်ရပြီး သူ ရှောင်ယွိကို ငုံ့ကြည့်လိုက်မိသည်။
ဤသည်က…
ခွန်လွန်တောင်ရဲ့ တန်ခိုးစွမ်းအား…။
ရှောင်ယွိက ဤတန်ခိုးစွမ်းအားကို အမှန်တကယ်ပင် နားလည်သွားခဲ့ပြီလား။
ခွန်လွန်တောင်၏ တန်ခိုးစွမ်းအားကို နားလည်ခြင်းသည် မဟာတာအိုကို နားလည်ခြင်းကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့် ရှောင်ယွိ၏ ကျင့်ကြံခြင်းအရှိန် မြင့်တက်လာမည် ဖြစ်၏။
သို့သော် ထိုအချက်က အဓိကမကျပေ။ အဓိကကျသည်မှာ ရှောင်ယွိအနေဖြင့် အနာဂတ်တွင် ပိုပြီးဝေးကွာသည့်လမ်းကို လျှောက်လှမ်းနိုင်ပြီး တန်ခိုးစွမ်းအား ပိုမိုမြင့်မားလာခြင်းပင် ဖြစ်သည်။
မဟာတာအိုကို လေးလေးနက်နက် နားလည်မှုမရှိပါက ခွန်လွန်၏ တန်ခိုးစွမ်းအားကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
ကျန်းလန်က သူ့နဖူးကို ရှောင်ယွိနဖူးနှင့် အသာခွာလိုက်ပြီး မျက်မှောင်တစ်ချက်ကြုတ်လိုက်သည်။
"ဂိုဏ်းတူအစ်မက ခွန်လွန်တောင်ရဲ့ တန်ခိုးစွမ်းအားကို နားလည်သွားပြီဆိုပေမယ့် အဲဒါကို ဂိုဏ်းတူအစ်မ အပိုင်မရသေးဘူးလို့ ကိုယ်ခံစားရတယ် ၊ ပြင်းထန်တဲ့ ပြင်ပစွမ်းအားတစ်ခု သက်ရောက်မှုရှိလာရင် အဲဒီတန်ခိုးစွမ်းအား ပျက်စီးသွားနိုင်တ်ယ်"
သို့သော် ထိုပြဿနာကို ကျန်းလန် ဖြေရှင်းကောင်း ဖြေရှင်းနိုင်ပေလိမ့်မည်။
***