ကျောက်စိမ်းရေကန်ထဲမှာ သေရည်များရောထားသည်လား
Vol. 33 Ch. 457
"အဲဒီတန်ခိုးစွမ်းအားကို ကျွန်မ အပိုင်မရသေးဘူး… ဟုတ်လား"
ရှောင်ယွိ အနည်းငယ် စိတ်ရှုတ်ထွေးသွားသည်။
သူမက ခွန်လွန်တောင်၏ တန်ခိုးစွမ်းအားကို နားလည်ခဲ့ပြီး မည်သည့်နေရာတွင်မဆို အသုံးပြုနိုင်ခဲ့သည်။
ယခု ကျန်းလန်က အဘယ့်ကြောင့် ဤသို့ ပြောရပါသနည်း။
ကျန်းလန်က...
"ခွန်လွန်တောင်ရဲ့ တန်ခိုးစွမ်းအားရင်းမြစ်က ဘယ်နေရာမှာရှိတယ်လို့ ဂိုဏ်းတူအစ်မ ထင်သလဲ"
မန္တန်ပညာ ၊ ဉာဏ်အလင်းပွင့်ခြင်း ၊ တန်ခိုးစွမ်းအား ၊ သို့မဟုတ် တာအိုတရား အရာအားလုံးသည် သယ်ဆောင်လက်ခံထားရာ ရင်းမြစ်တစ်ခု ရှိစမြဲပင် ဖြစ်သည်။
မန္တန်ပညာဆိုလျှင် ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံမှ ဆင်းသက်လာပြီး ကျင့်ကြံခြင်းလည်ပတ်သွားမှု၏ ရလဒ်တစ်ခု ဖြစ်သည်။ ကျင့်ကြံခြင်းအခြေခံသည် မန္တန်စွမ်အား၏ ရင်းမြစ်တည်ရှိရာဖြစ်သည်။
တာအိုတရားကတော့ လူတစ်ယောက်၏ အသိစိတ် ၊ လူတစ်ယောက်၏ သွင်ပြင်နှင့် လောကတစ်ခုလုံးတွင် တည်ရှိနေသည်။ လူတစ်ယောက်၏ စိတ်ဝိညာဉ် ၊ ရုပ်ခန္ဓာနှင့် လောကကြီးတစ်ခုလုံးသည် တာအိုတရား၏ ရင်းမြစ်တည်ရှိရာ ဖြစ်သည်။
သို့ပေသိ တန်ခိုးစွမ်းအားကတော့ မတူညီပေ။ တန်ခိုးစွမ်းအားဆိုသည်က ပြီးပြည့်စုံသည့် အရာတစ်ခု ဖြစ်ပြီး ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်တွင်းရှိ သေချာသည့် အစိတ်အပိုင်းများကို ရင်းမြစ်အဖြစ် ခံယူရေးထွင်းထားသည်။ ခန္ဓာကိုယ်နှင့် ကမ္ဘာမြေသည် တန်ခိုးစွမ်းအားတည်ရှိရာ ရင်းမြစ်ဖြစ်သည်။
ထို့ကြောင့် တာ့လော်အင်မော်တယ်အဆင့် မတက်ရောက်နိုင်ခင် တန်ခိုးစွမ်းအားတစ်ခု ရရှိခြင်းက အကျိုးအပြစ် ဒွန်တွဲနေသည်။ သို့ရာတွင် တာ့လော်အင်မော်တယ်အဆင့် တက်ရောက်ပြီးနောက်ပိုင်းတွင်တော့ တန်ခိုးစွမ်းအားက ကျင့်ကြံသူတစ်ယောက်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပေလိမ့်မည်။
ထိုအကြောင်းချင်းရာမှ အစပြုပြီး ကျင့်ကြံသူတစ်ယောက်သည် သူ၏ကိုယ်ပိုင်တန်ခိုးစွမ်းအားနှင့် ကိုယ်ပိုင်တာအိုလမ်းစဉ်ကို ထုတ်ဖော်နိုင်မည် ဖြစ်သည်။
ရှောင်ယွိက သူမ၏ မျက်ခုံးလေးများကို အသာပွတ်သပ်လိုက်ရင်း…
"ဒါဖြင့် အဲဒါက ဘယ်နေရာမှာလဲ ၊ အခု ကျွန်မ ဆန္ဒရှိတာနဲ့ အဲဒါကို ထုတ်လွှတ်လို့ ရတာပဲလေ"
ကျန်းလန်က…
"အခု အဲဒီတန်ခိုးစွမ်းအားက မင်းရဲ့ ခန္ဓာကိုယ်တစ်နေရာမှာ ရှိနေတယ်လေ ၊ မန္တန်စွမ်းအားလိုပဲပေါ့ ၊ ဒါပေမဲ့ မင်းရဲ့ သွေးမျိုးရိုးထဲမှာ တိုက်ခိုက်မှုတစ်ခု ဖြစ်လာမယ်ဆိုရင် မင်းရထားတဲ့တန်ခိုးစွမ်းအားကို အနိုင်ယူသွားမယ်လို့ ထင်သလား"
ရှောင်ယွိက ခေါင်းခါယမ်းလိုက်ရင်း ခပ်တိုးတိုးလေသံဖြင့်…
"မထင်ဘူး ၊ တခြားတန်ခိုးစွမ်းအားက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ကျွန်မ ရထားတဲ့ ခွန်လွန်တောင်တန်ခိုးစွမ်းအားကို အနိုင်ယူဖို့ လွယ်မှာ မဟုတ်ဘူး"
ကျန်းလန်က မည်သည့်စကားမှ ပြန်မပြောဘဲ ရှောင်ယွိ၏ မျက်ခုံးနှစ်ခုကြားသို့ လက်နှစ်ချောင်းဖြင့် အသာထိကပ်လိုက်သည်။
ထိုအခါ နဂါးဓားသိုင်းစွမ်းအားသည် ရှောင်ယွိ၏ စိတ်အာရုံထဲသို့ တိုးဝင်လာသည်။
ရှောင်ယွိ၏ သွေးများ ချက်ချင်းပွက်ပွက်ဆူလာပြီး ခွန်လွန်တောင်၏ တန်ခိုးစွမ်းအားကို ဖယ်ရှားပစ်နေသည့်အလား ခံစားလိုက်ရသည်။
ကျန်းလန်က သူ့လက်ကို ပြန်ရုတ်လိုက်ပြီး တိုးလျသည့် လေသံဖြင့်…
"ဂိုဏ်းတူအစ်မ ၊ မင်း အဲဒါကို အာရုံခံမိလား"
ရှောင်ယွိ ရရှိထားသည့် ခွန်လွန်တောင်၏တန်ခိုးစွမ်းအားကို သူက နဂါးဓားသိုင်း အသုံးပြုလိုက်ရုံမျှဖြင့် လွယ်လွယ်လေး အနိုင်ယူနိုင်မည် ဖြစ်သည်။
သို့သော် ရှောင်ယွိက နဂါးမျိုးနွယ်ဖြစ်သောကြောင့်သာ ထိုသို့ပြုလုပ်နိုင်ခြင်း ဖြစ်ပြီး အခြားတန်ခိုးစွမ်းအားများဆိုလျှင်တော့ အနိုင်ယူရန် ခက်ခဲပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ဤပြဿနာက ဖြေရှင်းရမည့် လျှို့ဝှက်ပြဿနာ တစ်ခုဖြစ်သည်။
ရှောင်ယွိကတော့ မျက်တောင်လေးများ တဖျတ်ဖျတ်ခတ်ရင်း ကျန်းလန်ကို စူးစမ်းလိုစိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။
"ဒါဆို… အဲဒီ နဂါးဓားသိုင်းတတ်ကျွမ်းတဲ့သူက တကယ်ပဲ ဂိုဏ်းတူမောင်လေးပေါ့နော်"
သူမ မေးမြန်းလိုက်သည်။
အဖြေကို သိရှိပြီးသားဖြစ်သည့်တိုင် သူမ ယခုအချိန်ထိ အံ့သြနေဆဲ ဖြစ်သည်။ ကျန်းလန်က နဂါးမျိုးနွယ်မဟုတ်ပါဘဲ ထိုဓားသိုင်းကို မည်သို့ ကျင့်ကြံခဲ့သည်လဲ။
ယခုတော့ သူမ မမေးမြန်းသေးပေ။ အနာဂတ်တစ်ချိန်ချိန်တွင်တော့ မေးမြန်းကြည့်ရန် သူမ ဆုံးဖြတ်ထားသည်။
ကျန်းလန်က နှင်းများကို တံမြက်စည်းဖြင့်ဆက်လှည်းလိုက်ရင်း…
"ဖုံးကွယ်ထားတဲ့အန္တရယ်တွေက အမြဲတမ်း ရှိနေတယ်လေ ၊ ဒီတော့ ကိုယ်တို့ အမြဲတမ်း သတိထားနေကြရလိမ့်မယ်"
ကျန်းလန်က ဆက်ပြောသည်။
"ပြီးတော့ မင်း နားလည်ထားတာကို လျှို့ဝှက်ထားပြီး အခြားသူတွေကို ပြောမပြသင့်ဘူး ၊ ဒါမှ ရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါ ရန်သူကို အံ့အားသင့်သွားအောင်လုပ်ပြီး အခွင့်ကောင်းယူ တိုက်ခိုက်နိုင်တယ်"
ရှောင်ယွိက ကျန်းလန်လက်ထဲမှ တံမြက်စည်းကို လုယူလိုက်ပြီး သစ်သားဓားကို ထုတ်ကာ ကျန်းလန်ကို ပေးလိုက်သည်။
သူမက ကျန်းလန်ရှေ့တွင် မတ်တတ်ရပ်နေရင်း…
"ဂိုဏ်းတူမောင်လေးက ကျွန်မအတွက် သူစိမ်းတစ်ယောက်လား"
ကျန်းလန်က သစ်သားဓားကို လှမ်းယူရင်း ခေါင်းခါယမ်းလိုက်သည်။
"ဘယ်ဟုတ်မလဲ"
သူနှင့် ရှောင်ယွိ၏ ဆက်ဆံရေးက အလွန်တရာ ရင်းနှီးလွန်းသည်။ သူ့ဘဝတွင် ရှောင်ယွိမှလွဲပြီး မည်သူနှင့်မျှ ထိုသို့ ရင်းရင်းနှီးနှီး မရှိခဲ့သည်မှာ အမှန်ပင်။
ရှောင်ယွိက ကျန်းလန်ကို မျက်လုံးပြူးကာ ကြည့်လိုက်ရင်း…
"ဒါဖြင့် ကျွန်မက ဂိုဏ်းတူမောင်လေးအပေါ် လျှို့ဝှက်မထားဘဲ အကုန်ပြောပြတာ မမှန်ဘူးလား"
ကျန်းလန်က ရှောင်ယွိကို ငုံ့ကြည့်လိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။
ရှောင်ယွိက ရယ်မောလိုက်ရင်း…
"တကယ်တော့ ကျွန်မက ဂိုဏ်းတူမောင်လေးနဲ့ မတူဘူး ၊ ဂိုဏ်းတူမောင်လေးက လျှို့ဝှက်ရတာကို သဘောကျတယ် ၊ အမှောင်ဘက်ခြမ်းမှာနေတယ် ၊ ဘာမဆို ဖုံးကွယ်ထားတတ်တယ် ၊ အန္တရယ်ကို အမြဲ သတိထားနေတတ်တယ် ၊ ဒါပေမဲ့ ကျွန်မကတော့ သွက်သွက်လက်လက်နဲ့ ချစ်စရာကောင်းတယ် ၊ သဘာဝကျကျနေထိုင်တတ်ပြီး လွတ်လွတ်လပ်လပ်လည်း ရှိတယ် ၊ ရှင် ကျွန်မကို ချစ်လာအောင် ကျွန်မ ကြိုးစားရမယ်"
ကျန်းလန် : "……"
ဒါက ဘယ်လိုဖြစ်ရတာလဲ ၊ ကျောက်စိမ်းရေကန်ထဲမှာ သေရည်များ ရောထားသည်လား။
"သြော်… ဒါနဲ့ ၊ ကျွန်မ ရရှိထားတဲ့ ခွန်လွန်တောင်ရဲ့ တန်ခိုးစွမ်းအားက လွယ်လွယ်နဲ့ ပျက်စီးသွားနိုင်တယ်လို့ ဂိုဏ်းတူမောင်လေး ပြောတယ် ဟုတ် ၊ အဲဒါကို ဖြေရှင်းနိုင်မယ့်နည်းလမ်းများ ရှိသလား"
ရှောင်ယွိက မေးလိုက်သည်။
ကျန်းလန်က နဂါးဓားသိုင်း (၃)ကွက်ကို တတ်ကျွမ်းကြောင်း သူမက သိရှိသော်လည်း နဂါးမျိုးနွယ်များတွင် ဤအကြောင်းကို မည်သူမှ မသိရှိပေ။
ထိုအချိန်ကတည်းက သူမသည်လည်း ကျန်းလန်ဘက်မှနေပြီး လျှို့ဝှက်ပေးထားခဲ့သည်။ ကျန်းလန်လည်း ထိုအကြောင်းကို တွေးမိလေသည်။
ခွန်လွန်တောင်၏ တန်ခိုးစွမ်းအားကို နားလည်ရန်မှာ မလွယ်ကူပေ။ တစ်ချိန်ချိန်တွင် တစ်စုံတစ်ယောက်က နဂါးဓားသိုင်းကို ခြိမ်းခြောက်မှုအဖြစ် အသုံးပြုလာပါက ခွန်လွန်တောင်အတွက် အကြီးအကျယ် ဒုက္ခတွေ့ပေလိမ့်မည်။
ထို့ကြောင့် ခြိမ်းခြောက်မှုများ ပျောက်ကွယ်သွားအောင် ပြုလုပ်ရန် လိုအပ်သည်။
ထိုအချက်ကို တွေးတောရင်း ဆရာဖြစ်သူက "ကလေးယူဖို့ အစီအစဉ် ရှိသလား" ဆိုသည့်မေးခွန်းကို ရုတ်တရက် သတိရသွားမိသည်။
ကလေးယူဖို့…။
ကျန်းလန် ရှောင်ယွိကို လှမ်းကြည့်လိုက်ရင်း တစ်စုံတစ်ခုကို တွေးလိုက်မိသည်။
ခွန်လွန်တောင်၏ တန်ခိုးစွမ်းအားကို သူနှင့် ရှောင်ယွိ၏ မျိုးဆက်သားသမီးက အမွေဆက်ခံနိုင်မည်လား။ ထိုအကြောင်းများကို သိပ်မသိသော်လည်း နိယျာမအရဆိုလျှင်တော့ ဖြစ်နိုင်ခြေရှိသည်။
နဂါးအစစ်ဖြစ်သည့် ရှောင်ယွိထက်ဆာလျှင် နဂါးသွေးတစ်ဝက်ပါသည့် သူတို့ကလေးထံသို့ ခွန်လွန်တောင်၏ တန်ခိုးစွမ်းအားကို လွှဲပြောင်းပေးခြင်းဖြင့် နဂါးဓားသိုင်း (၃)ကွက်ကြောင့် အန္တရယ်ရှိတော့မည် မဟုတ်ပေ။
သို့ဆိုလျှင် ရှောင်ယွိက ခွန်လွန်တောင်၏ တန်ခိုးစွမ်းအားကို နားလည်သဘောပေါက်ကာ ထိန်းချုပ်နိုင်နေသည်ကို ဆရာဖြစ်သူနှင့် အခြားသောတောင်သခင်များ သိရှိနေကြပြီလား။
ဖြစ်နိုင်ပေ၏။ သူသည်လည်း အနာဂတ်တွင် ပိုပြီး သတိထားရမည် ဖြစ်သည်။
ကျန်းလန်ကခေါင်းညိတ်လိုက်ရင်း…
"အင်း… နည်းလမ်းရှိတယ်"
ရှောင်ယွိက…
"ဒါဖြင့် ကျွန်မတို့ ဘာလုပ်သင့်သလဲ"
ကျန်းလန်က…
"မင်းရဲ့ ခွန်လွန်တောင် တန်ခိုးစွမ်းအားကို သိမ်းဆည်းထားဖို့ နေရာတစ်ခု ရှာရမယ်"
ရှောင်ယွိက စိတ်ရှုတ်ထွေးသွားဟန်ဖြင့်…
"နေရာတစ်ခု ဟုတ်လား ၊ ဘယ်နေရာမှာ ထားရမှာလဲ"
ကျန်းလန်က ရှောင်ယွိ၏ နှလုံးသားတည်ရှိရာ ဘယ်ဘယ်ရင်ဘတ်ဆီ ညွှန်ပြလိုက်ရင်း…
"အဲဒီနေရာမှာ"
ရှောင်ယွိက နားမလည်ဟန်ဖြင့် မျက်တောင်လေးများ တဖျတ်ဖျတ်ခတ်လိုက်သည်။
ကျန်းလန် : "……"
"ဂိုဏ်းတူမောင်လေး… ၊ ရှင်… အာ… ဖြစ်ပါ့မလား"
"ဂေါက်"
သူမ စကားမဆုံးခင် ကျန်းလန်က သူမနဖူးကို သစ်သားဓားဖြင့် ဂေါက်ခနဲ ခေါက်လိုက်သည်။
"ကိုယ်က မင်းရဲ့နှလုံးသားထဲမှာထားဖို့ ပြောတာ"
ကျန်းလန် တည့်ထိုးပင် ပြောလိုက်သည်။
ရှောင်ယွိက နဖူးကို လက်ဖြင့်အုပ်ရင်း ကျန်းလန်ကို မကျေမနပ်ဖြင့် စိုက်ကြည့်နေ၏။
ကျန်းလန်က…
"အခုအချိန်ကစပြီး ခွန်လွန်တောင်ရဲ့ တန်ခိုးစွမ်းအားက မင်းရဲ့ နှလုံးသားထဲမှာဆိုတာ မှတ်ထားပါ ၊ ပြီးရင် မင်းရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ ခွန်လွန်တောင်ရဲ့တန်ခိုးစွမ်းအားကို နားလည်အောင် ကြိုးစားပြီး မင်းရဲ့ ကိုယ်ပိုင်တန်ခိုးစွမ်းအားအဖြစ် ပြောင်းလဲရမယ် ၊ ဒါဆို အဲဒီတန်ခိုးစွမ်းအားက မင်းရဲ့ အစိတ်အပိုင်း ဖြစ်လာလိမ့်မယ်"
"အဲဒီကစပြီး မင်းရဲ့ ဝိညာဉ် ၊ စိတ်ဝိညာဉ် ၊ မင်းပြုလပ်တဲ့ လှုပ်ရှားမှုတိုင်း ၊ မင်းရဲ့ခန္ဓာကိုယ် ၊ မင်းရဲ့ သွေးကြော ၊ အဲဒီအရာတွေအားလုံးထဲမှာ ခွန်လွန်တောင်ရဲ့ တန်ခိုးစွမ်းအားကို မြှုပ်နှံထားပြီးသား ဖြစ်သွားလိမ့်မယ် ၊ အားလုံးက မင်းရဲ့ အတွေးအမြင်တွေအပေါ်မှာ မူတည်တယ်"
"အဲဒါ ကျွန်မလုပ်လို့ ရပါ့မလား"
ပြောပြီးသည်နှင့် ရှောင်ယွိက ကျန်းလန် ထုမည်စိုးသဖြင့် နဖူးကို လက်ဖြင့်ကာထားလိုက်သည်။
ကျန်းလန်က…
"ပြောရရင် ဒီလိုကိစ္စတွေကို တာ့လော်အင်မော်တယ်အဆင့်ရောက်မှ လုပ်နိုင်မှာပါ ၊ တာ့လော်အင်မော်တယ်အဆင့်ရောက်ပြီဆိုရင် တန်ခိုးစွမ်းအားအားလုံးရဲ့ ရင်းမြစ်တည်ရှိရာကို နားလည်သဘောပေါက်ပြီး ပြန်လည်ပြောင်းလဲနိုင်စွမ်းရှိတယ် ၊ မိုးနဲံမြေအသိအမှတ်ပြုတဲ့ ကိုယ်ပိုင်လမ်းစဉ်နဲ့ ရှေ့ဆက်လျှောက်လှမ်းနိုင်တယ်လေ"
ရှောင်ယွိက…
"ခွန်လွန်တောင်ရဲ့ တန်ခိုးစွမ်းအားကိုရော အဲဒီအတိုင်း လုပ်ရမှာလား"
ကျန်းလန်က…
"အင်း အဲဒီလို ဆုံးဖြတ်လို့ရတယ်"
ကျန်းလန်က ရှင်းရှင်းလင်းလင်း မပြောသော်လည်း ရှောင်ယွိ သဘောပေါက်နားလည်သည်။
ထိုတန်ခိုးစွမ်းအားများက သူမ၏ ကိုယ်ပိုင်တန်ခိုးစွမ်းအားများ ဖြစ်လာမည်ဖြစ်သလို တစ်ချိန်တည်းမှာပင် ခွန်လွန်တောင်၏ တန်ခိုးစွမ်းအားအဖြစ်လည်း ပြန်လည်ပြောင်းလဲနိုင်မည် ဖြစ်သည်။
ကျန်းလန်၏ အတွေးများက ကောင်းမွန်သော်လည်း ဆိုးရွားသောပြဿနာတစ်ခု ရှိနေသည်။
ရှောင်ယွိက…
"ဂိုဏ်းတူမောင်လေးက လူသားအင်မော်တယ် ၊ အလယ်ဆင့် မဟုတ်လား ၊ ကျွန်မက လူသားအင်မော်တယ် ၊ အောင်မြင်ထားတဲ့အဆင့်မှာ ရှိနေတာ ၊ ဒီတော့ အများအမြင်မှာ ရှင်က ကျွန်မထက် ကျင့်ကြံခြင်းအဆင့်ငယ် (၂)ဆင့်တောင် နိမ့်နေတာ ၊ ဒါက ဘယ်လိုလုပ် အလုပ်ဖြစ်မှာလဲ"
ကျန်းလန်က သစ်သားဓားကိုကိုင်ထားရင်း ရှောင်ယွိလက်ထဲမှ တံမြက်စည်းကို ပြန်ယူကာ နှင်းများကို ဆက်လက်လှည်းကျင်းနေသည်။
"နဝမတောင်ထွတ်ကို သန့်ရှင်းရေးလုပ်ပြီးရင် ကျောက်စိမ်းရေကန်ကို သွားကြမယ် ၊ ကိုယ့်မှာ အစီအစဉ်တစ်ခု ရှိတယ်"
ဟုတ်ပေ၏။
ကျန်းလန်တွင် အရင်က အတွေးများမှတစ်ဆင့် ဖြစ်ပေါ်လာသည့် နည်းလမ်းတစ်ခု ရှိသည်။ ထိုအရာက အလုပ်ဖြစ်နိုင်ပေသည်။
ရှောင်ယွိက…
"ဒါနဲ့ ကျွန်မ စိတ်နဲ့ အဆင်မပြေတဲ့အခြေအနေမျိုးတော့ ဖြစ်မလာနိုင်ပါဘူးနော်"
သူမက ကျန်းလန်၏ အစီအစဉ်ကို မမေးမြန်းခဲ့သလို အသေးစိတ်ကိုလည်း မစပ်စုခဲ့ပေ။
ကျန်းလန်က စိတ်ဝင်တစားဖြင့်…
"ဘာလို့ အဆင်မပြေရမှာလဲ"
ခွန်လွန်တောင်၏ စွမ်းအားကို နားလည်သဘောပေါက်ရန် လူတစ်ယောက်သည် စိတ်တည်ငြိမ်ရမည်ဖြစ်ပြီး ထိုစွမ်းအားကို ထိန်းချုပ်နိုင်ရန် စိတ်စွမ်းအားကို အသုံးပြုရမည် ဖြစ်သည်။
ရှောင်ယွိက ကျန်းလန်ကို လှမ်းကြည့်လိုက်ရင်း…
"ကျွန်မစိတ်ထဲမှာ ဂိုဏ်းတူမောင်လေးအကြောင်းတွေနဲ့ ပြည့်နက်နေလို့ စိတ်တည်ငြိမ်နိုင်ပါ့မလား မသိဘူး"
သူမစကားကြောင့် ကျန်းလန် အံ့သြမှင်တက်သွားချိန် ရှောင်ယွိက သူ့ဘေးနားသို့ ခုန်ပေါက် ရောက်ရှိလာကာ တံမြက်စည်းကို လုယူလိုက်သည်။
"ပေး… နှင်းတွေကို ကျွန်မ သန့်ရှင်းရေးလုပ်ပေးမယ်"
***
အချိန် (၃)ရက်ခန့် ကြာမြင့်ပြီးနောက်…။
မွန်းတည့်ချိန်။
နှင်းများ ထူထပ်စွာ ကျဆင်းနေပြီး လေအေးများက တိုက်ခတ်နေသည်။
နဝမတောင်ထွတ်မှ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကျောက်စိမ်းရေကန်ဆီသို့ ပျံသန်းထွက်ခွာသွားသည်။ ရှောင်ယွိက ပျံသန်းနေသည့်ဓားကို ထိန်းချုပ်စီးနှင်နေပြီး ကျန်းလန်ကတော့ သူမနောက်တွင် မတ်တတ်ရပ်ရင်း လိုက်ပါလာသည်။
ဓားကို စီးနှင်ပျံသန်းတိုင်း ရှောင်ယွိက ဦးဆောင်လေ့ရှိသည်။ သူမက သူ့ကို ဓားစီးနှင်သည့်နည်းလမ်း သင်ပြပေးချင်သည်ဟု အမြဲတမ်း ပြောလေ့ရှိသည်။
သို့သော် ယခုနှစ်များတစ်လျှောက်လုံး သူ သင်ယူရန် အခွင့်အရေး တစ်ခါမှ မရခဲ့ပေ။ တောင်ပေါ်တွင် ဓားကို မြန်မြန်နှင့် မြင့်မြင့် စီးနှင်သည်က ကောင်းသည့်အချက် မဟုတ်သော်လည်း ရှောင်ယွိကတော့ ထိုသို့ စိုးရိမ်စရာ မရှိခဲ့ပေ။
အနီးပတ်ဝန်းကျင်တွင် မည်သူမှ မရှိကြောင်း အတည်ပြုပြီးနောက် ဤခရီးစဉ်၏ အကျိုးသက်ရောက်မှုကို ကျန်းလန် စတင်စဉ်းစားခဲ့သည်။
သူတွေးထားသည့် နည်းလမ်းကို အသုံးပြုမည်ဆိုလျှင် သေချာပေါက် အံ့ဖွယ်ဖြစ်စဉ်တစ်ခု ဖြစ်ပျက်လာပေလိမ့်မည်။
"တာ့လော်အင်မော်တယ်အဆင့်" စာအုပ်ထဲတွင် ကျင့်ကြံသူတစ်ယောက် ကိုယ်ပိုင်တာအိုလမ်းစဉ်သို့ တက်လှမ်းလျှင် အံ့ဖွယ်ဖြစ်စဉ်တစ်ခု အစပျိုး ဖြစ်ပေါ်မည်ဟု မှတ်တမ်းတင်ထားသည်။
ကျန်းလန်က ယခုအချိန်ထိ ပထမခြေလှမ်းကိုပင် မလှမ်းနိုင်သေးသော်လည်း သတိထားရန် လိုအပ်သည်။
ထို့ကြောင့် သူက သက်ဆိုင်ရာ အချက်အလက်များကို အကြိမ်ကြိမ်စစ်ဆေးခဲ့သည်။ ထွက်ပေါ်လာမည့် အံ့ဖွယ်ဖြစ်စဉ်သည် ဖြစ်စဉ်တစ်ခုသာဖြစ်ပြီး မည်သည့်နေရာက ဖြစ်ပေါ်နေကြောင်း တည်နေရာအတိအကျကို ပြဆိုမည် မဟုတ်ပေ။
ထိုအချက်ကို အတည်ပြုပြီးသည့်နောက် ကျန်းလန် စိတ်သက်သာရာရသွားခဲ့သည်။
ဆရာဖြစ်သူ၏ မှတ်တမ်းများတွင်လည်း ထိုသို့မှတ်တမ်းတင်ထားသလို သူကိုယ်တိုင်လည်း ဆရာဖြစ်သူထံသွားပြီး ကိုယ်တိုင်မေးမြန်းထားခဲ့သည်။
ထို့ကြောင့်သာ စိတ်ပူပန်ခြင်းမရှိဘဲ ရှောင်ယွိနှင့် ကျောက်စိမ်းရေကန်သို့ အေးအေးဆေးဆေး သူ လိုက်ပါသွားခဲ့ခြင်း ဖြစ်လေသည်။
***