ဂိုဏ်းတူအစ်မကို တာအိုလမ်းစဉ်ဆီခေါ်သွားမယ်
Vol. 33 Ch. 458
နဝမတောင်ထွတ်။
မော့ကျန်းသုန့်သည် ကျောက်စိမ်းရေကန်ရှိရာသို့ လှမ်းကြည့်လိုက်သည်။
ကျောက်စိမ်းရေကန်ဆီသို့ ထွက်ခွာသွားကြသည့် ကျန်းလန်နှင့် လုန်ယွိကို ပျောက်ကွယ်သွားသည်အထိ သူ ငေးကြည့်နေခဲ့ခြင်း ဖြစ်သည်။
ကျောက်စိမ်းရေကန်နတ်ဘုရားမသည် နဝမတောင်ထွတ်သို့ မကြာခဏ လာရောက်တတ်ကြောင်း သူ သိထားသည်။ ထို့အတူ သူ့တပည့်သည်လည်း ကျောက်စိမ်းရေကန်သို့ ရံဖန်ရံခါ သွားလေ့ရှိသည်။
သို့သော် ယခု သူက "ကလေးယူဖို့ အစီအစဉ် ရှိသလား" ဟု မေးလိုက်သည်နှင့် နှစ်ယောက်သာ ကျောက်စိမ်းရေကန်သို့ အတူတူ ထွက်ခွာသွားကြသည်။
သူပြောလိုက်သည့်စကားနှင့် ပတ်သက်မှုတစ်ခုခုရှိနိုင်သည်ဟု မော့ကျန်းသုန့် တွေးထင်မိသည်။ သို့သော် သူ၏ မှန်းဆချက်သာဖြစ်ပြီး မှန်ချင်မှလည်း မှန်ပေလိမ့်မည်။
"သူ တာ့လော်အင်မော်တယ်တွေအကြောင်း ငါ့ကို မေးသွားတယ် ၊ ပြီးတော့ တာအိုနဲ့ပတ်သက်တဲ့အကြောင်းတွေလည်း မေးသွားတယ် ၊ ကြည့်ရတာ သူ ကိုယ်ပိုင်တာအိုလမ်းစဉ်တစ်ခု စတင်တော့မလို့လား မသိဘူး"
မော့ကျန်းသုန့် တွေးလိုက်သည်။
သို့ရာတွင် ထိုအချက်က မဖြစ်နိုင်လှပေ။
"အရင်က ငါက သူ့ကို မိုးကောင်းကင်အင်မော်တယ်လို့ပဲ ထင်ထားခဲ့တာ ၊ ဒါပေမဲ့ နဂါးနန်းတော်က ပြန်လာတဲ့အချိန်မှာ ကောလဟလတွေအရ သူက တာ့လော်အင်မော်တယ်တောင် ဖြစ်နေပြီ ၊ ဆိုတော့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့် ဖြစ်နိုင်တယ် ၊ ကိုယ်ပိုင်တာအိုလမ်းစဉ် စတင်လျှောက်လှမ်းမယ်ဆိုရင်တောင် အချိန်နည်းနည်းစောနေသေးတယ်"
တွေးရင်း မော့ကျန်းသုန့် ပြုံးလိုက်သည်။
"ရာစုနှစ် (၃)ခုအတွင်း ကိုယ်ပိုင်တာအိုလမ်းစဉ် စတင်လျှောက်လှမ်းနိုင်မယ်ဆိုရင်တောင် အတော်လေး အထင်ကြီးစရာ ကောင်းနေပါပြီလေ ၊ ငါ သိပ်ပြီး လောဘကြီးနေမိသလားပဲ"
ထို့နောက် သူ ခေါင်းတစ်ချက်ခါယမ်းကာ အတွေးများကို ရပ်တန့်လိုက်၏။
သူ အမှန်တကယ်ပင် လောဘကြီးမိသည်ပင်။ တကယ်တော့ ကျန်းလန်အတွက် အလျှင်လိုစရာ မရှိဘဲ အချိန်ယူနိုင်လေ ပိုကောင်းလေ ဖြစ်ပေလိမ့်မည်။
***
ရှောင်ယွိနှင့်အတူ ကျောက်စိမ်းရေကန်သို့ ထွက်ခွာလာစဉ် တစ်စုံတစ်ယောက်က သူ၏ နတ်ဘုရားရာထူးကို ရွတ်ဆိုနေကြောင်း ကျန်းလန် အာရုံခံမိလိုက်သည်။
အခြားသူမဟုတ်ပေ။ အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးပင် ဖြစ်၏။
"ငါ သူတို့ကို ခဏလောက် ငြိမ်ခိုင်းလိုက်ရမလား"
ကျန်းလန် တွေးလိုက်သည်။
အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးက လအနည်းငယ်ကြာလျှင် တစ်ကြိမ် ပူဇော်သက္ကာများစီစဉ်ပြီး သူ၏နတ်ဘုရားရာထူးနာမည်ကို ခေါ်ဆိုကြသည်။
သူက သိပ်ပြီးအရေးမစိုက်သော်လည်း တံခါးပိတ်ကျင့်ကြံသည့်အခါမျိုးတွင် ထိုအသံက သူ့ကို စိတ်အနှောက်အယှက် အလွန်ပေးမည် ဖြစ်သည်။
တောကောင်သားများ ကင်ပြီး ပူဇော်ခြင်းက သင့်တော်သည်လားဟု အဋ္ဌမမင်းသား မေးလာစဉ်က သူက ပြဿနာမဖြစ်ချင်သည့်အတွက် မည်သည့်စကားမှ မဆိုခဲ့ပေ။
သို့သော် တံခါးပိတ်ကျင့်ကြံခြင်းက အလွန်အရေးကြီးသည်။ သေးငယ်သည့် အနှောက်အယှက်လေးများကပင် သူ့ကို ကြီးမားသည့်အန္တရယ်ဆီသို့ ဦးတည်သွားစေနိုင်သည်။
ထို့ကြောင့် ထို (၂)ယောက်ကို ကျန်းလန် တိတ်တိတ်လေး နေစေချင်မိသည်။
သို့ပေသိ အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးသည်ပင် သူ၏နတ်ဘုရားရာထူးကို ခေါ်ဆိုကြမည့်သူများ မဟုတ်ပေ။ ဧကရာဇ်ရှီးဟယ်နှင့် နတ်မိစ္ဆာများသည်လည်း ခေါ်ဆိုနိုင်ကြပေ၏။ သို့ဖြစ်ရာ သူ၏ နတ်ဘုရားရာထူးကို မခေါ်ဆိုရန် လူတိုင်းကို သတိပေးရန် မဖြစ်နိုင်ပေ။
"ဆိုတော့… ငါ့နာမည်ခေါ်ရင် ဖြစ်လာမယ့် သက်ရောက်မှုတွေကို ဖြတ်တောက်ပစ်သင့်တယ် ၊ သူတို့ ခေါ်နေတာကိုတော့ တားဆီးလို့ရမှာ မဟုတ်ဘူး"
ကျန်းလန် တွေးလိုက်သည်။
ထို့နောက် ကျန်းလန်က အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးကို အရေးမစိုက်တော့ပေ။ ထိုအစား ကျောက်စိမ်းရေကန်သို့ ရောက်မှသာ သူ့နာမည်ကို ခေါ်ဆိုခြင်း၏ သက်ရောက်မှုကို လျှော့ချရန် ကြံစည်ထားသည်။
သူက မိုးကောင်းကင်ခုံရုံး၏ အကူအညီကိုပင် ရယူနိုင်သည့် တာ့လော်အင်မော်တယ်တစ်ယောက် ဖြစ်လေရာ ထိုအရာကို ပြုလုပ်နိုင်ရပေမည်။
ခဏအကြာတွင် ကျန်းလန်နှင့် ရှောင်ယွိ ကျောက်စိမ်းရေကန်သို့ ရောက်ရှိလာကြသည်။
ကျန်းလန်က ကျောက်စိမ်းရေကန်ရှိရာသို့ ချက်ချင်းသွားရောက်ပြီး သေရည်များ ရောနှောနေခြင်း ရှိ မရှိ လေ့လာကြည့်ချင်မိသည်။ သို့သော် အတည်ပြုရန်ကတော့ အဆင်ပြေပုံမပေါ်ပေ။
စဉ်းစားကြည့်မည်ဆိုလျှင် ရှောင်ယွိက ကျောက်စိမ်းရေကန်ထဲတွင် တစ်ချိန်လုံး နေထိုင်သူ ဖြစ်လေရာ သူမ ချိုးထားသည့်ရေများကို သူမ တစ်ချိန်လုံး ပြန်သောက်နေခဲ့သည်လား။
ကျန်းလန် : "……"
ထို့နောက် သူက နတ်ဘုရားရာထူးကို အာရုံစိုက်လိုက်သည်။
နတ်ဘုရားရာထူးတွင် အလင်းစက် (၃)ခု ရှိနေသည်။ ထိုအလင်းစက်များက လူ (၃)ယောက်ကို ကိုယ်စားပြုသည်။
တစ္ဆေတိုင်းပြည်မှ ချင်းမု ၊ နဂါးမျိုးနွယ်မှ အဋ္ဌမမင်းသားနှင့် သေရည်ဆိုင်မှ ကောင်ငယ်လေးတို့ ဖြစ်သည်။
ကျန်းလန်က နတ်ဘုရားရာထူးကို သိမ်မွေ့စွာ အာရုံခံလိုက်ရာ အလင်းစက်များက တဖြည်းဖြည်း မှုံဝါးသွားသည်။
ထို (၃)ယောက် သူ၏နတ်ဘုရားရာထူးကို ကျယ်ကျယ်လောင်လောင် အော်ဟစ်မခေါ်သရွေ့ သူ့အပေါ် များစွာ သက်ရောက်မှု မရှိနိုင်တော့ပေ။
သာမန်အားဖြင့် သူ့နာမည်ကို ခေါ်ဆိုသူများကိုတော့ ထည့်ပြောစရာ မလိုပေ။ သူက အရေးမစိုက်လျှင် ထိုခေါ်သံများက သူ့ကို မထိခိုက်နိုင်သလို ပြဿနာလည်း မရှိနိုင်ပေ။
ရှောင်ယွိက ကျန်လးန်နံဘေးတွင် ထိုင်နေရင်း...
"ဂိုဏ်းတူမောင်လေး ၊ ဘာတွေတွေးနေတာလဲ"
ကျန်းလန်က ကျောက်စိမ်းရေကန်ကို ငေးစိုက်ကြည့်နေသည့် အကြည့်ကို ပြန်လည်ရုတ်သိမ်းကာ ရှောင်ယွိကို စကားပြောရန် ဟန်ပြင်လိုက်စဉ် သူမ၏အသံက ဆက်လက်ထွက်ပေါ်လာသည်။
"ကျောက်စိမ်းရေကန်ထဲကရေက အေးစိမ့်ပြီး ချိုနေတာပဲသိလား ၊ ဂိုဏ်းတူမောင်လေး သောက်ကြည့်မလား"
ကျန်းလန် : "......"
သူက အလေးအနက်ပြောနေသည့် ရှောင်ယွိမျက်နှာလေးကိုကြည့်ရင်း ခေါင်းခါယမ်းလိုက်သည်။
"ဟင့်အင်း… မသောက်တော့ဘူး ၊ ကျေးဇူး…"
သူသည် ကျောက်စိမ်းရေကန်မှရေကို ရွံလျှာသည့်အလား မသောက်နိုင်ပေ။ ထိုရေကိစ္စကို မေ့ထားလိုက်သည်က အကောင်းဆုံးပင်။
ရှောင်ယွိက ကျန်းလန်ကိုကြည့်ရင်း လက်ဖြင့် မေးဖျားလေးကို ထောက်လိုက်ပြီး…
"ဒါဖြင့် ဂိုဏ်းတူမောင်လေးက ဘာဆက်လုပ်ချင်လဲ"
ကျန်းလန် ဘာလုပ်ရန် စီစဉ်ထားမှန်း သူမ မသိရှိပေ။
ကျန်းလန်က…
"ဂိုဏ်းတူအစ်မက ခွန်လွန်တောင်ရဲ့ တန်ခိုးစွမ်းအားကို ကျောက်စိမ်းရေကန်ထဲမှာ နားလည်သွားတာလား"
သူကတော့ ခွန်လွန်တောင်၏တန်ခိုးစွမ်းအားကို နားမလည်သေးသလို မည်သည့်ဖိအားကိုမှလည်း သတိမထားမိသေးပေ။
ခွန်လွန်တောင်၏တန်ခိုးစွမ်းအားက ကျောက်စိမ်းရေကန်ထဲတွင် မရှိလျှင် သူ့အနေဖြင့် အာရုံခံနိုင်မည် ဖြစ်သည်။ သို့သော် ကျန်းလန် ဤနေရာတွင် အချိန်ကြာမြင့်စွာ နေခဲ့ဖူးသည့်တိုင် မည်သည့်အရာကိုမှ သတိမထားခဲ့မိပေ။
သို့ပေသိ ရှောင်ယွိက ထိုတန်ခိုးစွမ်းအားကို နားလည်လာခဲ့လေရာ ထိုအရာက ကျောက်စိမ်းရေကန်ထဲတွင် တည်ရှိရပေမည်။
ရှောင်ယွိက ခေါင်းညိတ်လိုက်ရင်း…
"အင်း… ဟုတ်တယ်"
သူက ကျောက်စိမ်းရေကန်ထဲတွင်ကျင့်ကြံရင်း ခွန်လွန်တောင်၏ တန်ခိုးစွမ်းအားကို နားလည်ခဲ့ခြင်း ဖြစ်သည်။
ကျန်းလန်က…
"ဒါဖြင့် ဒီနေရာကို စမှတ်အဖြစ် အသုံးပြုမယ် ၊ အဲဒါက ဂိုဏ်းတူအစ်မရဲ့ နောက်ဆက်တွဲ ပြောင်းလဲမှုတွေကိ အကူအညီပေးလိမ့်မယ် ၊ နဝမတောင်ထွတ်မှာဆိုရင်တော့ ဘာအကူအညီမှ ရမှာမဟုတ်ဘူး"
ပြောပြီးသည်နှင့် ကျန်းလန်က မတ်တတ်ထရပ်လိုက်ပြီး သစ်သားအိမ်ငယ်လေးဆီ လျှောက်သွားသည်။
"ဂိုဏ်းတူအစ်မ ၊ ကိုယ့်နောက်လိုက်ခဲ့"
ရှောင်ယွိက ခုန်ပေါက်လျှက် ကျန်းလန်အနားသို့ ရောက်ရှိလာသည်။ သူမ အဝတ်အစားများက လေထဲတွင် လွင့်ပျံနေလေရာ အလွန်ချောမောလှပသည့် နတ်မိမယ်လေးအလား ဖြစ်သည်။
ကျန်းလန်က သူမကို လှမ်းကြည့်လိုက်သည်။
လုန်ယွိကဲ့သို့ အမို့အမောက်အရှိုက်အဝန်းများ မရှိသည့်တိုင် သူမသည် ကြည့်ကောင်းနေဆဲပင်။
ရှောင်ယွိက ညင်သာသည့်လေသံလေးဖြင့်…
"ဂိုဏ်းတူမောင်လေးက ကျွန်မကို လုန်ယွိပုံစံနဲ့မှ သဘောကျတာလား"
ကျန်းလန်က…
"ဘယ်ပုံစံနဲ့မဆို သဘောကျတယ်"
အမှန်တကယ်လည်း ကျန်းလန် နှစ်ယောက်လုံးကို သဘောကျလေသည်။
ကျန်းလန်၏ စကားသံအဆုံးသတ်သွားသည်နှင့် ရှောင်ယွိက ချက်ချင်းပင် လုန်ယွိအသွင် ပြောင်းလဲသွားသည်။
ဆောင်းလေအေးက သူမ၏ အဝတ်အစားများကို တိုးဝှေ့တိုက်ခတ်လာလေရာ ယခင်ကနှင့် လုံးဝမတူညီသည့် မြင်ကွင်းတစ်ခု ပေါ်လွင်လာသည်။
အမို့အမောက်အရှိုက်အဝန်းများဖြင့် လှပသည့် ခန္ဓာကိုယ်ကောက်ကြောင်းကို ပြတ်သားစွာ တွေ့မြင်ရသည်။ ကျန်းလန်က သူမကို ဆက်မကြည့်တော့ဘဲ သစ်သားအိမ်လေးရှိရာသို့သာ ထွက်လာခဲ့၏။
သူ့တွင် ပြင်ဆင်စရာ များစွာ ရှိနေသေးသည်။
သူက လုန်ယွိကို ခွန်လွန်တောင်၏ တန်ခိုးစွမ်းအားကို နားလည်စေရန်နှင့် တည်ငြိမ်ခိုင်မာစေရန် ကူညီပေးမည်က တစ်ကဏ္ဍဖြစ်ပြီး ၊ သူသည်လည်း တာအိုတရားကို နားလည်စေရန် လုပ်ငန်းစဉ် တစ်စိတ်တစ်ပိုင်းကို ပြုလုပ်ရမည် ဖြစ်သည်။
ဤနေရာက မရဏဂူမဟုတ်လေရာ လုံလောက်သည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်မထားလျှင် အန္တရယ်မကင်းနိုင်ပေ။
လုန်ယွိက ကျန်းလန်ဘေးနားမှ လိုက်ပါလာသည်။ သူတို့ စကားမပြောကြတော့ဘဲ သစ်သားအိမ်လေးရှိရာသို့ အတူတူ လမ်းလျှောက်သွားကြသည်။
သူမက ဆံပင်များကို လက်ချောင်းများဖြင့် အသာထိုးဖွရင်း ကျန်းလန်ကို လှည့်ကြည့်လိုက်သည်။ သို့သော် ကျန်းလန်က သူမကို လှည့်ကြည့်မလာခဲ့ပေ။
လုန်ယွိက ကျန်းလန်ကို စကားစတင်ပြောခါနီးတွင် ကျန်းလန်က ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူမကို လှည့်ကြည့်လာသည်။
"ဂိုဏ်းတူအစ်မက အရမ်းကို သဘောကျစရာကောင်းပါတယ်ဗျာ"
တည်ငြိမ်အေးစက်လွန်းသည့် လုန်ယွိ၏ မျက်ဝန်းများထဲတွင် အပြုံးရိပ်လေး ထင်ဟပ်သွားသည်။
သူမက မည်သည့်စကားမှမဆိုဘဲ ကျန်းလန်ကို စူးစိုက်ကြည့်နေမိသည်။
ခဏအကြာတွင်တော့ သူတို့ (၂)ယောက် သစ်သားအိမ်လေးထဲတွင် တင်ပျဉ်ခွေထိုင်နေကြပြီ ဖြစ်၏။
"ဂိုဏ်းတူအစ်မရဲ့လက် ကိုယ့်ကိုပေးပါ"
ကျန်းလန်က သူ့လက်ကိုဆန့်တန်းရင်း လုန်ယွိ၏လက်ကို သူ့လက်ပေါ်တင်ရန် ခွင့်တောင်းလိုက်သည်။ လုန်ယွိကလည်း ချက်ချင်းပင် ကျန်းလန်လက်ဖဝါးထက်သို့ သူမလက်ကို တင်လိုက်သည်။
လုန်ယွိ၏လက်က အနည်းငယ်အေးစက်နေသည်ကို ကျန်းလန် ခံစားရသည်။ လုန်ယွိ၏ သွယ်လျလှပသောလက်တို့သည် နွေးထွေးမှုမရှိလှပေ။
သူမက နဂါးမျိုးနွယ် ဖြစ်သောကြောင့် ဖြစ်နိုင်သည်။ မြွေများကို သွေးအေးသတ္တဝါများဟု ဆိုကြလေရာ နဂါးများသည်လည်း သွေးအေးသတ္တဝါများပင်လား မပြောတတ်ပေ။
အခွင့်အရေးရလျှင်တော့ အဋ္ဌမမြောက်မင်းသား၏သွေးအချို့ကို ဖောက်ထုတ်ပြီး စမ်းသပ်သုတေသနပြုကြည့်ရပေမည်။
ထို့နောက် ကျန်းလန်က လုန်ယွိကို လှမ်းကြည့်လိုက်သည်။ အိမ်ထဲတွင် ရှိနေလေရာ သူမ ထူထဲသည့် အဝတ်အစားများကို ဝတ်ဆင်မထားဘဲ ပါးလျသည့်အဝတ်အစားများကိုသာ ဝတ်ဆင်ထားသည်။
သူမ ကျန်းလန်နှင့်အတူနေစဉ် နဂါးတစ်ဝက်အသွင် ပြောင်းတော့မည့်အချိန်တွင် ဝတ်ဆင်လေ့ရှိသည့် အဝတ်အစားများ ဖြစ်၏။
ကျန်းလန်က ချက်ချင်းပင် ဝတ်ရုံတစ်ခုယူကာ လုန်ယွိကို ခြုံလွှမ်းပေးလိုက်သည်။
ပြီးမှ အေးဆေးတည်ငြိမ်သည့် အမူအရာဖြင့်…
"ကိုယ် အာရုံစူးစိုက်ဖို့လိုတယ်လေ ၊ ဂိုဏ်းတူအစ်မက ကိုယ့်ကို စိတ်လှုပ်ရှားအောင် မလုပ်နဲ့"
ကျန်းလန်စကားကြောင့် လုန်ယွိမှာ စိတ်လှုပ်ရှားသွားဟန်ဖြင့် ရှားရှားပါးပါး နှုတ်ခမ်းများထက် အပြုံးတစ်စပေါ်လာသည်။
"ဒီစကားက ကျွန်မကို ပျော်သွားစေတာပဲ"
ကျန်းလန်က…
"ဂိုဏ်းတူအစ်မကို ကိုယ်က ဉာဏ်အလင်းပွင့်တဲ့ဆီ ဆွဲခေါ်နိုင်မလားလို့ မေးခဲ့တာ မှတ်မိသေးလား ၊ ကိုယ်တို့လက်ထပ်ခါနီးအချိန်တုန်းကလေ"
လုန်ယွိက ခေါင်းညိတ်လိုက်ရင်း…
"အင်း မှတ်မိတယ်"
ကျန်းလန်က အေးဆေးစွာဖြင့်…
"ဒါဖြင့် အခု ဂိုဏ်းတူအစ်မ စိတ်ကိုလျှော့ထားနော် ၊ အဲဒီတုန်းက ဉာဏ်အလင်းပွင့်မယ့်အချိန်မှာ ကိုယ် အဲဒါကို ထိန်းသိမ်းထားခဲ့တာ ၊ အခုတစ်ကြိမ် အဲဒါနဲ့ ပေါင်းစပ်ပြီး ကိုယ့်ရဲ့ တာအိုလမ်းစဉ်ဆီကို မင်းကို ခေါ်သွားပေးမယ်"
"ကိုယ့်ရဲ့ တာအိုလမ်းစဉ်ဆီကိုရောက်ရင် ဂိုဏ်းတူအစ်မက တာ့လော်အင်မော်တယ် မဟုတ်ပေမယ့် ကိုယ့်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို အမှီပြုပြီး ခွန်လွန်တောင်ရဲ့ တန်ခိုးစွမ်းအားကို နားလည်ခိုင်မာအောင် ပြုလုပ်နိုင်လိမ့်မယ်"
တစ်ချိန်တည်းမှာပင် ကျန်းလန်၏ ခန္ဓာကိုယ်မှ တာအိုအငွေ့အသက်များ စတင်ထွက်ရှိလာသည်။
ပတ်ဝန်းကျင်မှ ပုံရိပ်များက ဖြည်းဖြည်းချင်း နှေးကွေးသွားသည်။
သူမ စိတ်ထဲတွင် မယုံကြည်နိုင်စရာ နားလည်မှုတစ်ခုကို သိမြင်လိုက်ရပြီး လုန်ယွိ အလွန်ပင် အံ့အားသင့်သွားသည်။ ထို့နောက် သူမ မျက်လုံးများကို မှိတ်လိုက်ပြီး ဉာဏ်အလင်းပွင့်ခြင်းကို တွေ့ကြုံခံစားလိုက်သည်။
ကျန်းလန်က မည်သို့သော တာအိုလမ်းစဉ်ကို လျှောက်လှမ်းမည်ကို မသိရှိသော်လည်း သူမ စိတ်ပူပန်ခြင်း မရှိပေ။ သူမ စိတ်အာရုံတစ်ခုလုံး ကျန်းလန်ဆီသာ လုံးလုံးလျားလျား ပုံအပ်ထားပြီး မည်သည့်အရာကိုမှ ထိန်းချုပ်မထားခဲ့ပေ။
သူတို့ (၂)ယောက်၏ ကျင့်ကြံခြင်းတွင် ယုံကြည်မှုနှင့် အပြန်အလှန်နားလည်မှုကို အခြေခံထားလေသည်။
***