← Chapters

အဋ္ဌမမင်းသားကို နဂါးဓားသိုင်းသင်ပေးရမည်လား

Vol. 34 Ch. 463

အဋ္ဌမမင်းသားကို နဂါးဓားသိုင်းသင်ပေးရမည်လား

Vol. 34 Ch. 463

နောက်တစ်နေ့နံနက်။

ကျန်းလန်က မက်မွန်ပင်အောက်တွင်ထိုင်နေရင်း သစ်သားဓားအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ်ကို ထည့်သွင်းပေးနေသည်။

ရှောင်ယွိကတော့ ကျောက်စိမ်းရေကန်ထဲတွင် ဆက်လက်ရေကူးနေသည်။

သူမသည် လေထဲတွင် ကခုန်နေသည့် နတ်မိမယ်လေးတစ်ပါးအလား ဖြစ်သည်။

ကျန်းလန်က ကျောက်စိမ်းရေကန်နတ်ဘုရားမပန်းချီကားကို ကြည့်လိုက်သည့်အခါ ကျောက်စိမ်းရေကန်ကို လှည့်ပတ်နေသည့် အဖြူရောင်နဂါးကို တွေ့လိုက်ရသည်။

ဆောင်းဦးရာသီဖြစ်သည့်အတွက် လေပြေလေးက တိုက်ခတ်နေလေရာ ကျန်းလန်၏ အဝတ်အစားများက လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံနေသည်။

သူက ကျောက်စိမ်းရေကန်မှ အလျင်စလို ပြန်သွားရန် မစဉ်းစားသေးပေ။ နောက်ထပ် (၂)နှစ်ခန့် နေထိုင်ရန် ဆုံးဖြတ်ထားသည်။

တစ်ယောက်တည်း ကျင့်ကြံခြင်း ပြီးဆုံးပြီးနောက် ချက်ချင်းပြန်ရန် မသင့်တော်သေးပေ။

နောက် (၂)နှစ်နေမှ နဝမတောင်ထွတ်သို့ ပြန်မည်ဆိုလျှင် ကျောက်စိမ်းရေကန်တွင် သူနေထိုင်သည်မှာ (၁၇)နှစ် ရှိပြီ ဖြစ်သည်။

ကလေးသာယူမည်ဆိုလျှင် အသက် (၁၆)နှစ်ခန့်ပင် ရောက်နေလောက်ပေပြီ။

တောင်သခင်များသည်လည်း ထိုသို့ပင် မျှော်လင့်ကြပေလိမ့်မည်။

သို့သော် ကံမကောင်းစွာဖြင့်ပင် သူတို့ မျှော်လင့်သည့်အတိုင်း ဖြစ်မလာနိုင်တော့ပေ။

ကျန်းလန်က ရေကန်ထဲတွင် ရေကူးနေသည့် ရှောင်ယွိကို လှမ်းကြည့်လိုက်သည်။

သူမကတော့ သားသမီးယူရန်ကိစ္စများကို တစ်ခါမှ နားလည်မည်မဟုတ်ဟု ကျန်းလန် တွေးမိသည်။

ရှောင်ယွိသာ ကလေးမွေးမည်ဆိုလျှင် ဥခွံကမွေးဖွားမည်လား ၊ လူသားများလိုပင် မွေးဖွားမည်လားဆိုသည်ကို သူ မသိရှိပေ။ ထို့ပြင် သူ့ကလေးက ဥခွံမှ မွေးဖွားလာလျှင် ပိုကောင်းမည်လား မပြောတတ်ပေ။

ဤမေးခွန်းက သူ့ကို အချိန်အတော်ကြာ စိတ်အနှောက်အယှက် ဖြစ်စေခဲ့ပြီး အဖြေလည်း မထုတ်နိုင်ခဲ့ပေ။ ထိုအကြောင်းများ ရေးသားထားသည့် စာအုပ်များကိုလည်း သူ ရှာဖွေဖတ်ရှုခဲ့သည်။

ပျက်သုဉ်းတစ်စပြင် လောကြီးတွင် မျိုးနွယ်စုများစွာ ရှိသည်။ သို့သော် သားသမီးမွေးဖွားခြင်းအကြောင်း မှတ်တမ်းတင်ထားသည့် စာအုပ်များက အလွန်နည်းပါးသည်။

သို့ဖြစ်ရာ နဂါးမျိုးနွယ်နှင့် လူသားတစ်ယောက်၏ သားသမီးက မည်သို့ ဖြစ်လာမည်ကို ရေးသားထားသည့် စာအုပ်များက မရှိသလောက်ပင် ရှားပါး၏။ ကောလဟလ ဟိုပြောဒီပြောများသာ ရှိပြီး သေသေချာချာ မှတ်တမ်းမှတ်ရာ ရေးသားထားခြင်း မရှိပေ။

နောက်ပိုင်း ခွန်လွန်တောင် ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမအကြောင်း မှတ်တမ်းရေးသားတော့မှသာ သူနှင့် လုန်ယွိ၏ ကလေးက ပထမဆုံး မှတ်တမ်းတင်ခံရသူ ဖြစ်လာနိုင်သည်။

"ဝှစ်…"

ရှောင်ယွိ ရေကန်ထဲမှထွက်လာကာ ကျန်းလန်ဘေးနားသို့ ခုန်ချလာ၏။

သူမ အဝတ်အစားများက ရေစိုခြင်း မရှိပေ။

"ကျွန်မအဝတ်တွေ ရေမစိုဘူးလေ ၊ ဂိုဏ်းတူမောင်လေး ပြောတာကိုလည်း မှတ်မိနေသေးတယ်"

ပြောရင်း ရှောင်ယွိက ကျန်းလန်နံဘေးတွင် ဝင်ထိုင်လိုက်သည်။

"အခု ဂိုဏ်းတူမောင်လေးရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ"

ကျန်းလန်က…

"လူသားအင်မော်တယ် ၊ အလယ်ဆင့်"

ဤသည်က အများအမြင်တွင် ထုတ်ဖော်ထားသည့် သူ၏ ကျင့်ကြံခြင်းအဆင့် ဖြစ်သည်။

တောင်သခင်များနှင့် အကြီးအကဲများကတော့ သူ့ကို လူသားအင်မော်တယ် ၊ နောက်ဆုံးအဆင့်ဟု သိနိုင်သည်။ သူ၏ အစစ်အမှန်ကျင့်ကြံခြင်းအဆင့်ကတော့ တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့်တွင်သာ ရှိနေသေးသည်။

သို့သော် သူ၏ တစ်ခုတည်းသော တာအိုလမ်းစဉ်ကတော့ ခရီးစတင်နေပြီ ဖြစ်သည်။ မူလက နှစ်ပေါင်း (၁၀၀) ၊ သို့မဟုတ် နှစ်ပေါင်း (၂၀၀) ခန့်မှ ထိုအခြေအနေသို့ ရောက်ရှိမည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုတော့ (၁၀)စုနှစ်အနည်းငယ်အတွင်း ရောက်ရှိခဲ့သည်။

သူ၏အကန့်အသတ်လည်း ပြည့်သွားပြီဖြစ်ပြီး ထို့ထက်လျှင်မြန်ရန်လည်း မဖြစ်နိုင်တော့ပေ။ သူ၏ ကိုယ်ပိုင်တာအိုလမ်းစဉ်က ပြီးပြည့်စုံသွားပြီ ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့်တက်ရန်အတွက် အချိန်ယူ ကျင့်ကြံရန်သာ လိုအပ်တော့သည်။

အရာအားလုံး အဆင်ပြေမည်ဆိုလျှင် ခွန်လွန်တောင်သို့ ရောက်ရှိသည့်အချိန် နှစ်ပေါင်း (၁၀၀၀) ပြည့်ချိန်ခန့်တွင် တာအိုအင်မော်တယ် ဖြစ်လာပေလိမ့်မည်။

သူက အင်မော်တယ်လမ်းစဉ်အဆုံးထိ လျှောက်လှမ်းနိုင်ခဲ့ပြီ ဖြစ်လေရာ တစ်နေ့တွင်တော့ သေချာပေါက် တာအိုအင်မော်တယ် ဖြစ်လာမည်ပင်။ ထိုအဆင့်ရောက်လျှင်တော့ နတ်ဘုရားရာထူးကို အသုံးပြုပြီး အချို့သောအရာများကို သင်ယူနိုင်မည် ဖြစ်သည်။

ပြီးလျှင်တော့ ရှေ့ဆက်လျှောက်လှမ်းရပေလိမ့်မည်။ တာအိုအင်မော်တယ်အထက်တွင် မည်သည့်အဆင့် ရှိပါသေးသနည်း။

သူ သိရှိခြင်း မရှိသလို သိအောင်ပြုလုပ်ရန်လည်း စီစဉ်မထားပေ။ သူ့အထင်အရဆိုလျှင်တော့ တာအိုအင်မော်တယ်အဆင့်၏ အထက်တွင် သူတော်စင်အဆင့် ရှိသင့်ပေသည်။

သူ့အထင် မှန်သည်ဖြစ်စေ ၊ မှားသည်ဖြစ်စေ တာအိုအင်မော်တယ်အဆင့်သို့ အရင်တက်လှမ်းရန် လိုအပ်သည်။

ထို့ပြင် တာအိုအင်မော်တယ်အဆင့် ရောက်ခါနီးအချိန်တွင် ဆရာဖြစ်သူအတွက် လက်တွဲဖော်ဇနီးမယားကိုလည်း ရှာဖွေပေးရဦးမည် ဖြစ်သည်။ သေချာပေါက် ဂရုစိုက်ပေးရမည့်ကိစ္စပင် ဖြစ်သည်။

ယခု သူက တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့်တွင် ဖြစ်ပြီး ဆရာဖြစ်သူအတွက် လက်တွဲဖော်ရှာဖွေရာတွင် တိုးတက်မှုများစွာရရှိအောင် မလုပ်ဆောင်နိုင်သေးလင့်ကစား အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရမည် ဖြစ်သည်။

ဆရာဒေါ်လေးမြောင်ယွဲ့က အလွန်တရာ အန္တရယ်များသူ ဖြစ်သည်။ သူမက ဆရာဖြစ်သူ၏ တာအိုလက်တွဲဖော် ဖြစ်လာခဲ့လျှင် မည်သို့ရှိမည်လဲ။

ဆရာဖြစ်သူနှင့် ဆရာဒေါ်လေးမြောင်ယွဲ့ လက်ထပ်လိုက်လျှင် သူမက အန္တရယ်လျော့နည်းသွားမည်လား ၊ သို့တည်းမဟုတ် ဝံပုလွေကို အိမ်ထဲခေါ်သွင်းသလို ဖြစ်လေမည်လား။

"ဟိတ်…"

လေးလေးနက်နက်တွေးနေသည့် ကျန်းလန်ကို ရှောင်ယွိက လှမ်းကြည့်ရင်း ခေါ်လိုက်သည်။

"ဂိုဏ်းတူမောင်လေး ၊ ကျွန်မတို့ စိန်ခေါ်ပွဲ လုပ်ရဦးမယ်နော် ၊ နဝမတောင်ထွတ်ကို ဘယ်တော့ပြန်မှာလဲ ၊ ဒီတစ်ခါတော့ သေချာပေါက် ကျွန်မ အနိုုင်ရမှာပဲ ၊ ဂိုဏ်းတူမောင်လေး ကျွန်မစကားကို နားထောင်ရတဲ့အလှည့် ရောက်တော့မယ်"

"မာနကြီးပြီး မသိတတ်သည့်နဂါးမလေး" ဟု ကျန်းလန် စိတ်ထဲကတွေးလိုက်သည်။

သို့သော် သူ ခေါင်းညိတ်ပြလိုက်၏။

ရှောင်ယွိက ရှုံးချင်နေမှတော့ သူကလည်း အလိုက်တသိဖြင့် အနိုင်ယူပေးရမည်ပင်။

"ဒါဖြင့် ကျွန်မတို့ နဝမတောင်ထွတ်ကို ဘယ်တော့ပြန်မှာလဲ"

ရှောင်ယွိက ကျန်းလန်၏နောက်ကျောကို မှီချလိုက်ရင်း သူမ၏ ခြေထောက်များကို လေထဲတွင် လှုပ်ယမ်းလို့နေသည်။

ကျန်းလန်က…

"နောက် (၂)နှစ်လောက်နေရင်ပေါ့"

"(၂)နှစ် ဟုတ်လား ၊ ဒါဖြင့် ဒီအတောအတွင်း ကျွန်မတို့ ဘာလုပ်နေကြမှာလဲ ၊ ကျင့်ကြံနေကြမှာလား"

"ဂိုဏ်းတူအစ်မ နဂါးတစ်ဝက်အသွင် ပြောင်းမသွားအောင် ကိုယ်က ကူညီပေးမယ်လေ"

"အင်း… ကျောက်စိမ်းရေကန်မှာ ဂိုဏ်းတူမောင်လေးနဲ့ အတူနေရတာ နဝမတောင်ထွတ်မှာလို အသားမကျဘူး ၊ ကိုယ့်ကိုယ်ကိုယ်လည်း လုံး၀ မထိန်းချုပ်နိုင်ဘူး"

"ဒါတော့ အချိန်ယူရမှာပေါ့"

ထိုသို့သောကိစ္စမျိုးက အတင်းဖိအားပေး၍ မရပေ။

လုန်ယွိက နဂါးမျိုးနွယ်ဖြစ်နေသည့်အတွက် ပိုဆိုးလေသည်။ သဘာဝတရားအတိုင်းပင် လမ်းကြောင်းမှန်ပေါ်ရောက်အောင် ဆုံးဖြတ်ရမည်ဖြစ်သည်။

သူတို့က အသက်ရှည်သည့် ကျင့်ကြံသူများ ဖြစ်ကြလေရာ အချိန်များစွာ ရှိလေသည်။

ရှောင်ယွိက ရယ်မောလိုက်သည်။ ကျန်းလန် ကျောက်စိမ်းရေကန်တွင် နောက်ထပ် အချိန် (၂)နှစ် နေလိုသည်က သူမအတွက် ပြဿနာ မရှိပေ။

သူမက စိန်ခေါ်ပွဲတွင် အနိုင်ရထားသူ မဟုတ်သည့်အတွက် ကျန်းလန်စကားကို နားထောင်ရသည်မှာ သဘာဝကျသည်။

နောက်တစ်ခေါက် သူမ အနိုင်ရခဲ့လျှင်တော့…

သူမ၏ အကြံပြုချက်များကို ကျန်းလန်က လက်ခံပေးရပေမည်။

***

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

အချိန် (၂)နှစ်အတွင်း ကျန်းလန်က ကျင့်ကြံခြင်း မပြုလုပ်ခဲ့ပေ။ သူက တာအိုတရား၏ အပြောင်းအလဲများနှင့်သာ ရင်းနှီးကျွမ်းဝင်ရန် လေ့လာနေခဲ့သည်။ သက်ရောက်မှုက ကြီးကြီးမားမာ မဟုတ်သည့်တိုင် သူ၏ ထိုထွင်းသိမြင်မှုက ပိုမိုများပြားလာခဲ့၏။

တိုက်ပွဲတွင် သူ၏ တာအိုတရားကို တန်ခိုးစွမ်းအားအဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။ အစီအရင်ပညာ ၊ မန္တန်ပညာ (၂)ခု လုံးနှင့်လည်း ပေါင်းစပ်အသုံးပြုနိုင်သလို နဂါးဓားသိုင်းကိုလည်း ပိုပြီး နားလည်သိမြင်လာခဲ့သည်။

သူက ရှောင်ယွိကို နဂါးဓားသိုင်း သင်ပေးချင်သော်လည်း သူမက မသင်ယူချင်ခဲ့ပေ။ ထိုအစား သူမကပင် သူ့ကို မန္တန်ပညာအချို့ ပြန်သင်ပေးရန် စီစဉ်နေသေးသည်။

အတန်ကြာအောင် စဉ်းစားပြီးသည့်နောက် သူမက နဂါးမျိုးနွယ်များ၏ မန္တန်ပညာတစ်ခု ဖြစ်သော "အသင်္ချေနဂါးအကြေးခွံ" ပညာကို ကျန်းလန်ကို သင်ပေးရန် ဆုံးဖြတ်လိုက်၏။

ထိုမန္တန်ပညာက ကျင့်ကြံသူတစ်ယောက် မိမိကိုယ်ကိုယ် သန်မာစေရန် ပြုလုပ်ရခြင်းဖြစ်ပြီး နဂါးအကြေးခွံတစ်ခုစီတိုင်းတွင် အင်းသင်္ကေတများ ရေးသားရခြင်း ဖြစ်သည်။ ထိုသို့သော မန္တန်ပညာမျိုးက ကျင့်ကြံသူတစ်ယောက်၏ ရုပ်ခန္ဓာကို ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိစေသည်။

ထို့ပြင် အသင်္ချေနဂါးအကြေးခွံပညာက ရုပ်ခန္ဓာကို အဆင့်မြှင့်တင်ပေးသည့် အခြားသောမန္တန်ပညာများနှင့်မတူဘဲ အနည်းငယ် ထူးခြားသည်။ နဂါးအကြေးခွံများထက်တွင် အင်းသင်္ကေတများကို ရေးသားထားပြီးနောက် တစ်ကြိမ်သာလျှင် အသုံးပြုနိုင်မည် ဖြစ်သည်။

သို့သော် တိုက်ပွဲတွင် အတွင်းဒဏ်ရရှိခြင်းကို အပြည့်အ၀ ကာကွယ်ပေးနိုင်သည်။ ခန္ဓာကိုယ်က ခံနိုင်ရည်မရှိလျှင်တောင်မှ အပြင်ဒဏ်ရာများကိုသာ ရရှိခံစားရမည် ဖြစ်သည်။ အလွန်အသုံးဝင်သည့် ပညာရပ်ဟု ဆိုနိုင်၏။

သို့ပေသိ…

ကျန်းလန်က နဂါးမဟုတ်လေရာ အကြေးခွံမရှိပေ။ အင်းသင်္ကေတများကို မည်သည့်နေရာတွင် ရေးသားရပါမည်နည်း။

ရှောင်ယွိက ကျန်းလန် လက်တစ်ဖက်ကို ဆွဲကိုင်လိုက်ရင်း…

"ရှင့်အသားအရည်က ကောင်းလိုက်တာ ၊ နဂါးအကြေးခွံမရှိတော့ အရေပြားပေါ်မှာပဲ အင်းသင်္ကေတတွေ ရေးရမှာပဲ ၊ ပြီးတော့ အဲဒီအင်းသင်္ကေတတွေက နဂါးဘာသာစကားနဲ့ ဆင်တူတယ် ၊ အဲဒီတော့ ရှင်ကိုယ်တိုင်ရေးချင်လား ၊ ကျွန်မ ရေးပေးရမလား"

ကျန်းလန် : "……"

နောက်ဆုံးတွင်တော့ ရှောင်ယွိသည် ကျန်းလန်၏ လက်ပေါ်တွင် အင်းသင်္ကေတများ စတင်ရေးဆွဲလေတော့၏။

(၂)နှစ်ဆိုသည့်အချိန်က ထိုမန္တန်ပညာကို သင်ယူရန် လုံလောက်လေသည်။ ကျန်းလန်က ထိုပညာကို အသုံးပြုပြီး ကျောက်စိမ်းရေကန်တွင် အစီအရင်များ ပြုလုပ်ခဲ့သည်။

နဝမတောင်ထွတ်သို့ ပြန်ရောက်လျှင်လည်း အစီအရင်များအတွင်း ထိုအင်းသင်္ကေတများထည့်သွင်းအသုံးပြုရန် စဉ်းစားထားသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် နဝမတောင်ထွတ်မှ အစီအရင်များ ပိုပြီး အဆင့်မြင့်သွားပေမည်။

ရှောင်ယွိကတော့ နဂါးတစ်ဝက်အသွင် ပြောင်းလဲနေဆဲ ဖြစ်ပြီး ထိုကိစ္စတွင် များစွာတိုးတက်မှု ရှိမလာခဲ့ပေ။ မာနကြီးသည့် နဂါးမလေးသည် သူမ အသွင်မပြောင်းတော့ဟု ခံစားရလေတိုင်း မှားယွင်းနေဆဲ ဖြစ်ခဲ့လေသည်။

***

နံနက်ခင်းအချိန်။

ရှောင်ယွိက ပြုံးလိုက်ရင်း…

"သားရဲဥလေးနဲ့ ရေသဖန်းပင်လေး ဘယ်လိုနေလဲမသိဘူးနော်"

ယနေ့က ကျန်းလန်နှင့် ရှောင်ယွိ နဝမတောင်ထွတ်သို့ ပြန်ကြမည့်နေ့ရက် ဖြစ်သည်။

အချိန် (၁၇)နှစ်လုံးလုံး နဝမတောင်ထွတ်ကို ပစ်ထားခဲ့ကြပြီး ယခု ပြန်သည့်အချိန်တွင် တောင်ထွတ်က ဘယ်လောက်တောင် ပြောင်းလဲနေပြီလဲ သူတို့ မသိရှိသေးပေ။

ဤနှစ်များအတွင်း ပြဿနာတော့ သိပ်မရှိနိုင်ပေ။

အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးတို့ တောကောင်သားကင်များကို အားအားယားယား သူ့ကို အချိန်မှန် လာရောက်ဆက်သနေသည်ကို ကြည့်ခြင်းအားဖြင့် ခွန်လွန်တောင်တွင် ကြီးကြီးမားမား ပြသနာမရှိသည်ကို သိနိုင်သည်။

လုန်မန်အကြောင်းတွေးမိသည့်အခါ နဂါးမင်းသားကို နဂါးဓားသိုင်းသင်ပေးလျှင်ကောင်းမည်လားဟု ကျန်းလန် တွေးမိသည်။ အဋ္ဌမမင်းသားတွင် ကောင်းကင်နဂါးဓားရှိနေလေရာ သင်ပေးရန် သင့်တော်မည်လား မပြောတတ်ပေ။

နဂါးဓားသိုင်းသင်ယူပြီးသည့်နောက် အဋ္ဌမမင်းသား တန်ခိုးစွမ်းအားမြင့်မားလာမည်ကို ကျန်းလန်က မစိုးရိမ်ပေ။ သူ စိုးရိမ်မိသည်က နဂါးမျိုးနွယ်များ ခွန်လွန်တောင်အပေါ် သြဇာလွှမ်းမိုးသွားမည်ကိုသာ စိုးရိမ်ခဲ့သည်။

ခဏမျှ စဉ်းစားပြီးနောက် မရဏလောကမှ တန်ခိုးစွမ်းအားရှင် ပြောခဲ့သည့်စကားကို ကျန်းလန် ပြန်လည်အမှတ်ရမိသည်။

"ကောင်းကင်ဘုံပြိုကျပြီး မိုးနဲ့မြေပျက်စီးတော့မည်" ဆိုသည့်စကားပင်။

တစ္ဆေတိုင်းပြည်မှ ဧကရာဇ်ယိုတုသည်လည်း ထိုသို့သောစကားမျိုး ပြောခဲ့သေးသည်။ သို့ဆိုလျှင် ဧကရာဇ်ရှီးဟယ်သည်လည်း ဤကိစ္စများကို သိရှိရပေမည်။

ခွန်လွန်တောင်ခြေတွင်လည်း လူပေါင်းများစွာ တဝဲလည်လည် သွားလာနေကြသည်။ အထူးသဖြင့် ခွန်လွန်တောင်မှ ထွက်ပေါ်နေသည့် ရောင်ဝါက နတ်ဘုရားရာထူးရရှိရန်အတွက် အထောက်အကူ ဖြစ်သောကြောင့် ဖြစ်၏။

နတ်လူသားမျိုးနွယ်များ ၊ နဂါးမျိုးနွယ်များ ၊ ဇာမဏီမျိုးနွယ်များ ၊ မြေအောက်နတ်ဆိုးများနှင့် နတ်မိစ္ဆာများပါမကျန် တောင်ခြေတွင်ရှိနေကြပြီး အားလုံးက ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ရရှိလိုသူများ ဖြစ်ကြသည်။

တစ်ဖက်တွင်လည်း ခွန်လွန်တောင်က ထိုသူများကို သုတ်သင်ရှင်းလင်းပစ်ခြင်းမပြုဘဲ လွှတ်ထား၏။ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိဖြင့် ထိုသို့ပြုမူနေသည်လား မပြောတတ်ပေ။

"သူတို့အားုံး နတ်ဘုရားရာထူးကို တတ်နိုင်သမျှ မြန်မြန်ရယူပြီး စွမ်းအားတွေ မြင့်မားလာကြမလားတော့ မပြောတတ်ဘူး"

ကျန်းလန်တွေးလိုက်သည်။

ထို့နောက် ခဏမျှ တုံ့ဆိုင်းသွားပြီး ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။

သူ့ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် အဋ္ဌမမင်းသားနှင့် ကောင်ယ်လေးတို့ အသားကင်များ လာရောက်ဆက်သသည့်အချိန်ကို စောင့်ဆိုင်းရမည် ဖြစ်သည်။

ထိုအချိန် ရှောင်ယွိ၏အသံ ထွက်ပေါ်လာသည်။

"ဂိုဏ်းတူမောင်လေး ၊ ဒီတစ်ခေါက် ရှင်ပဲ ဦးဆောင်ပျံသန်းပါ ၊ ကျွန်မ နောက်ကနေ လိုက်စီးမယ်"

ထူးထူးခြားခြား ရှောင်ယွိက ကျန်းလန်ကို ဓားကိုစီးနှင်ရာတွင် ဦးဆောင်ပျံသန်းခွင့်ပြုလာသည်။ ကျန်းလန်ကလည်း သူမစကားကို ငြင်းပယ်ခြင်း မပြုပေ။

ကျန်းလန် ကျောက်စိမ်းရေကန်မှ ရှောင်ယွိနှင့်အတူ ထွက်ခွာလာခဲ့ပြီး နဝမတောင်ထွတ်သို့ ဦးတည်လာခဲ့သည်။ သူ ပျံသန်းသည့်အရှိန်ကတော့ မရှိမှုအာကာသအဆင့်တွင် ပျံသန်းသည့် အရှိန်အတိုင်း ခပ်နှေးနှေးသာ ဖြစ်၏၊

ရှောင်ယွိက ကျန်းလန်အနားအသာတိုးကပ်လိုက်ရင်း…

"ဂိုဏ်းတူမောင်လး ၊ မြန်မြန်ပျံစမ်းပါ ၊ ဒီလိုနှေးကွေးနေရင် ရှင် ဓားကို ဘယ်လောက်ကောင်းကောင်းထိန်းချုပ်နိုင်လဲ ကျွန်မ မသိနိုင်ဘူး"

ကျန်းလန်က ရှောင်ယွိကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး မည်သည့်စကားမှ မပြောပေ။ နဂါးတစ်ကောင်လုံး သူ့ဓားပေါ်လိုက်လာမှတော့ ဓားက ဝန်ပိပြီး နှေးကွေးနေသည်မှာ ဆီလျော်သည် မဟုတ်ပါလား။

***

"ဒီတစ်ခါတော့ သေချာပေါက် တုံ့ပြန်မယ်ထင်တယ် ၊ ဘာလို့လဲဆိုတော့ လက်သီးနတ်ဘုရား တစ်ယောက်တည်းကျင့်ကြံရာကနေ ထွက်လာလောက်ပြီ မဟုတ်လား"

အဋ္ဌမမင်းသားက ပြောလိုက်သည်။

သူနှင့် ကောင်ငယ်လေး တောရိုင်းသားကောင်အကင်များကို သယ်ဆောင်ပြီး ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားကိ ပူဇော်ပသရန်အတွက် တောင်ထိပ်ဆီသို့တက်လာကြခြင်းပင်။

လုန်မန်၏စကားကိုကြားသည်နှင့် ကောင်ငယ်လေးက အထင်အမြင်သေးစွာ နှာခေါင်းရှုံ့လိုက်ရင်း…

"ဟွန်း… နဂါးစုတ်ရဲ့ စကားတွေကို ယုံကြည်မိရင် မှားမှာပဲ ၊ မဟုတ်လို့ကတော့ ငါတောင် ဟုန်ယာရဲ့ခေါင်းကို လှံရှည်နဲ့ရိုက်ပြီးသား ဖြစ်နေလောက်ပြီ"

***

All Chapters