ဆရာဒေါ်လေးမြောင်ယွဲ့လာရောက်ခြင်း
Vol. 34 Ch. 464
တောင်ထိပ်သို့ရောက်သည့်အခါ…
အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးတို့သည် ယူလာသည့် တောရိုင်းသားကောင်အကင်များကို နေရာချလိုက်သည်။ ထို့နောက် နောက်သို့အနည်းငယ်ဆုတ်လိုက်ကြကာ ပူဇော်သက္ကာများကို ကြည့်ရင်း နှစ်ပေါင်းများစွာ သူတို့ ခေါ်ခဲ့ကြသော အမည်နာမကို ခေါ်ဆိုလိုက်ကြ၏။
"ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ တစ္ဆေတိုင်းပြည်၏ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား…"
နာမည်ကိုခေါ်ပြီးသည်နှင့် ကောင်ငယ်လေးက စကားဆိုသည်။
"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားလို့ အတိုခေါက်ခေါ်တာထက် ဒီလိုအရှည်ကြီးခေါ်တာက ပိုပြီး ထိရောက်မှု ရှိမယ်ထင်တယ်"
လုန်မန်က…
"အင်း… ထုံးတမ်းစဉ်လာအတိုင်းပဲပေါ့"
သူ့မျက်လုံးများကတော့ တောကောင်အကင်များကို ကြည့်နေဆဲ ဖြစ်သည်။ ယခင်အချိန်များက လက်သီးနတ်ဘုရားက မတုံ့ပြန်သော်လည်း သူတို့ကတော့ တုံ့ပြန်မည်လားဟု အမြဲတမ်း မျှော်လင့်ခဲ့သည်။
တစ်ဖက်လူက တုံ့ပြန်မည်မဟုတ်ဟု ခံစားရသည့်တိုင် သူတို့ မျှော်လင့်ချက် အနည်းငယ်တော့ ထားမိသည်။ ယခင်အချိန်များကတော့ စိတ်ပျက်စရာများဖြင့်သာ ပြီးဆုံးသွားသည်သာပင်။
ထိုသို့ မျှော်လင့်သည့်အတိုင် ဖြစ်မလာသည့် ခံစားချက်ကို ကောင်ငယ်လေးက ကောင်းကောင်းနားလည်၏။ ဟုန်ယာနှင့်လည်း ဒီအတိုင်းပင် မျှော်လင့်ချက်မဲ့ခဲ့ရသည်သာ။
အမှန်ဆိုလျှင် ဟုန်ယာနှင့် ဆိုင်ကောင်တာတွင်အတူတူထိုင်ရင်း စကားတွတ်ထိုးနေချင်မိသည်။ သို့သော် ဟုန်ယာကတော့ အချိန်တိုင်း သူမတစ်ယောက်တည်းသာနေချင်သည်ဟု ဆိုခဲ့သည်။
ကြာတော့ သူလည်း ကျင့်သားရလာခဲ့၏။
ယခု ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားသည်လည်း အတူတူပင် ဖြစ်သည်။ တုံ့ပြန်မည်လားဟု မျှော်လင့်မိလေတိုင်း တစ်ဖက်လူက မတုံ့ပြန်ခဲ့ပေ။ ကြာတော့ ထိုအရာဖြင့် ကျင့်သားရလာခဲ့သည်။
"ကြည့်ရတာ လက်သီးနတ်ဘုရားက ဒီနေ့လည်း မအားဘူးထင်တယ် ၊ မင်းပြောတော့ နာမည်အရှည်ကြီးခေါ်ရင်…"
အဋ္ဌမမင်းသား၏ စကားမဆုံးခင်မှာပင် လေပြင်းတစ်ချက် တိုက်ခတ်လာသည်။
"ဟူး…"
ပတ်ဝန်းကျင်တစ်ခုလုံးတွင် သူတို့ နားမလည်နိုင်သည့် အပြောင်းအလဲများ ဖြစ်ပေါ်သွားပြီး တန်ခိုးစွမ်းအားများ မြင့်တက်လာသည်။
ဤသည်က လက်သီးနတ်ဘုရား၏ တုံ့ပြန်မှုလား။
သို့ဆိုလျှင် အဘယ့်ကြောင့် တုံ့ပြန်မှုက အရင်ကနှင့် မတူရပါသနည်း။
လုန်မန်နှင့် ကောင်ငယ်လေးတို့ ချက်ချင်းပင် ပတ်ဝန်းကျင်ကို သတိထားကာ အကဲခတ်လိုက်ကြသည်။ တုံ့ပြန်လာသူက လက်သီးနတ်ဘုရားဆိုလျှင် ပြဿနာမရှိသော်လည်း မဟုတ်လျှင် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည်။
သူတို့က သူငယ်နှပ်စားများ မဟုတ်ကြပေ။
ခဏလောက် သတိထားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း မည်သည့်အန္တရယ်မှ ဖြစ်မလာခဲ့ပေ။ သို့သော် သူတို့ရှေ့မှ သားကောင်အကင်တစ်ကောင်က လေထဲသို့ ရုတ်တရက် ပျံတက်သွားသည်ကို နှစ်ယောက်လုံး တွေ့လိုက်ကြရ၏။
လုန်မန်နှင့်ကောင်ငယ်လေး ဝမ်းသာအားရဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ လက်သီးနတ်ဘုရားက မတူညီသည့် တုံ့ပြန်မှုတစ်ခုဖြင့် တုံ့ပြန်ခဲ့လေပြီ။
ထို့နောက် ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာပြီး ခဏအတွင်း ပြန်လည်ပျောက်ကွယ်သွားသည်။
လုန်မန်နှင့် ကောင်ငယ်လေးတို့ စိတ်ရှုတ်ထွေးသွားကြသည်။
ထိုအချိန် ဓားဝိညာဉ်ဖြင့် ခုတ်ပိုင်းလိုက်သည့် အသားလွှာတစ်ခုက ရုတ်တရက် ပြုတ်ကျလာသည်။
ယခုတော့ ပို၍ပင် ရှုတ်ထွေးကုန်ပြီ။
အတန်ကြာပြီးနောက် ဓားဝိညာဉ် ပြန်လည်ထွက်ပေါ်လာပြန်၏။ တစ်ကြိမ်တည်းမဟုတ် ၊ ဓာဝိညာဉ်က အကြိမ်ပေါင်းများစွာ ထွက်ပေါ်လာပြီး လမ်းကြောင်းအမျိုးမျိုဖြင့် လေကို ထိုးခွင်းသွားပြီးနောက် ပြန်လည် ပျောက်ကွယ်သွား၏။
လုန်မန်နှင့် ကောင်ငယ်လေးမှာ ဓားဝိညာဉ်ကို ခံစားမိကြသော်လည်း တစ်ဖက်လူက ဘာလုပ်နေသည်ကို နားမလည်ကြပေ။
အချိန်တစ်ခု ကြာပြီးနောက်…
ဓားဝိညာဉ်ပျောက်ကွယ်သွားသည်။
ထို့နောက် လေထဲတွင် လွင့်မျောနေသည့် တောရိုင်းကောင်အကင်က ပြန်လည် ပြုတ်ကျလာ၏။ သို့သော် အကောင်လိုက်မဟုတ်ဘဲ အသားလွှာများ အလွှာလိုက်ခုတ်ပိုင်းခံရကာ စီစီရီရီဖြင့် ကျလာခြင်း ဖြစ်သည်။
အသားအားလုံး အစီအစဉ်တကျ ပြုတ်ကျလာပြီးနောက် ကျန်ရှိသည့် အရိုးစုသည်လည်း မြေပြင်ထက် ပြုတ်ကျသွားသည်။
တစ်ချိန်တည်းမှာပင် ကျန်ရှိနေသည့် နောက်ထပ် ကင်ထားပြီးသားတောကောင်က အဋ္ဌမမင်းသားနှင့် ဆယ်ကျော်သက်တို့ထံ ပျံသန်းလာသည်။ တစ်ဖက်လူက သူတို့ကိုလည်း တောကောင်တစ်ကောင် ခုတ်ဖြတ်ခိုင်းနေသည့်အလား ဖြစ်သည်။
လုန်မန်နှင့် ကောင်ငယ်လေး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။
ထို့နောက် ဓားငယ်လေးများ ကိုယ်စီထုတ်ယူကာ အသားကင်ကို တစ်ယောက်တစ်ဝက်စီ ခုတ်ထစ်လိုက်ကြ၏။ ကောင်းကင်နဂါးဓားကိုထုတ်သုံးလျှင် အလွန်သိသာသွားမည် စိုးရိမ်သည့်အတွက် အဋ္ဌမမင်းသား ထုတ်မသုံးရဲပေ။
ခဏအကြာတွင် သူတို့ (၂)ယောက် အသားများကို ခုတ်ထစ်ပြီးစီးသွားကြသည်။ အသားချပ်များက ညီညာစွာဖြင့် အရည်လည်းရွှမ်းလျှက် ရှိသည်။
ထို့နောက် သူတို့ တစ်ဖက်လူ၏ တုံ့ပြန်မှုကို စောင့်ကြည့်နေကြ၏။
မကြာမီ သူတို့ဦးခေါင်းထက်မှ လျှပ်စီးတစ်ချက်လင်းလက်သွားသည်။
"ဘုန်း"
မိုးကြိုး (၂)စင်း ကောင်းကင်ထက်မှ ဆင်းသက်လာပြီး အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးကို ထိမှန်သွားသည်။
"အား…"
အော်ဟစ်သံများထွက်ပေါ်လာပြီး နှစ်ယောက်လုံး မြေပြင်ထက်လဲကျသွားကာ သူတို့ ခန္ဓာကိုယ်မှ မီးခိုးများ ထွက်လျှက်ရှိ၏။
"နောက်လမှ ဆက်ကြတာပေါ့"
သူတို့၏စိတ်အာရုံထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။
လုန်မန်ရော ကောင်ငယ်လေးပါ တုန်လှုပ်သွားကြသည်။ အခြေအနေက ရုတ်တရက် ဘာဖြစ်သွားမှန်း သူတို့ နားမလည်ကြပေ။
တစ်ဖက်လူက သူတို့ကို သတ်ဖြတ်ချင်နေသည်လား။ ပြီးတော့ "နောက်လမှ ဆက်ကြတာပေါ့" ဆိုသည်က ဘာကိုဆိုလိုသည်လဲ။
***
ပေါင်းပင်များကို ရှင်းနေရင်း လုန်မန်နှင့် ကောင်ငယ်လေးထံ စိတ်အာရုံပို့လွှတ်ထားသည့် ကျန်းလန် သတိပြန်ဝင်လာသည်။
"ငါ သူတို့ကို တုံ့ပြန်တာက ပြဿနာ ရှိနေတာလား"
ယခုပင် သူက အသားကင်များကို ဖြတ်တောက်ပြပြီး ကောင်ငယ်လေးနှင့် လုန်မန်ကို နဂါးဓားသိုင်း သင်ပြပေးခဲ့သည်။ ဓားချက်တိုင်းတွင် ဓားဝိညာဉ်ပါဝင်နေပြီး ဓားသိုင်း၏ ဦးတည်ချက်နှင့် တန်ခိုးစွမ်းအားကို သိရှိစေရန် ရည်ရွယ်သည်။
သို့သော် သူတို့ နားမလည်ခဲ့ကြပေ။
နောက်တစ်ကြိမ်မှ နားမလည်ဘူးဆိုလျှင် နားလည်စေရန် အခြားနည်းလမ်းဖြင့် သင်ပြပေးရပေလိမ့်မည်။
သို့ရာတွင် နဂါးဓားသိုင်းကို သင်ယူခြင်းက နဂါးမျိုးနွယ်ဖြစ်သည့် လုန်မန်အတွက်သာ သင့်တော်ပြီး ကောင်ငယ်လေးတွက်တော့ သင့်တော်မည် မဟုတ်ပေ။
ကောင်ငယ်လေးက ထိုဓားသိုင်းကို မသင်ယူနိုင်လျှင်လည်း အသုံးမကျဟု မပြောနိုင်ပေ။ သူနှင့် အံဝင်ခွင်ကျဖြစ်သည့် ပညာတစ်ခု နောက်ပိုင်းတွင် သိရှိလာမည်ပဲ ဖြစ်၏။
မည်သို့ပင်ဖြစ်စေ နဂါးဓားသိုင်းကို မတတ်မြောက်လျှင်တောင်မှ နဂါးဓားသိုင်းအနှစ်သာရကို သိရှိသွားခြင်းက ကောင်ငယ်လေးအတွက် အကျိုးမယုတ်နိုင်ပေ။ သူက ကောင်လေးကို အခြားသော မန္တန်ပညာတစ်ခုခုတော့ သင်ပေးမည် မဟုတ်ပေ။
သေရည်ဆိုင်ပိုင်ရှင်အဘိုးအိုက သူ့ထက်ပိုပြီး သင်ပေးနိုင်သူဖြစ်သည့်အတွက် သူက သင်ပေးရန် မလိုအပ်ပေ။
ထို့ပြင် ယခုဆိုလျှင် သူက အင်မော်တယ်လမ်းစဉ် အထွတ်ထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် အခြားသူများကို သင်ပြပေးရန် အရည်အချင်းပြည့်မီသူတစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ သို့ပေသိ သူက ကောင်းကောင်းသင်ပြပေးနိုင်မည်လား ဆိုသည်ကတော့ မသေချာပေ။
သူတို့ (၂)ယောက်ကို နဂါးဓားသိုင်း သင်ပြပေးရသည့် အကြောင်းရင်းမှာ လောကတွင် နဂါးဓားသိုင်းတတ်ကျွမ်းသူဆို၍ သူတစ်ယောက်သာ ရှိသောကြောင့် ဖြစ်၏။ ထိုဓားသိုင်းကို သင်ပြပေးရာတွင်တော့ သူ့ထက်သာလွန်သည့်ဆရာ မရှိနိုင်ပေ။
"ကျွတ်ထွက်စေ…"
ရှောင်ယွိအသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
နဝမတောင်ထွတ်သို့ ပြန်ရောက်သည်နှင့် ကျန်းလန်နှင့် ရှောင်ယွိ မြက်ပင်ပေါင်းပင်များ ရှင်းလင်းရေး လုပ်နေကြခြင်း ဖြစ်သည်။ ရှောင်ယွိက ဝိညာဉ်ဘာသာစကားအသုံးပြုပြီး မြက်ပင်များ အလိုလို ကျွတ်ထွက်လာအောင် ပြုလုပ်နေလေသည်။
"ဂိုဏ်းတူအစ်မ ၊ အဲဒီ ဘယ်ဘက်အစွန်ဆုံးက အပင်တွေက အစီအရင်ပြုလုပ်တဲ့နေရာမှာ အသုံးပြုထားတဲ့ ဝိညာဉ်ဆေးပင်တွေနော်"
ကျန်းလန်က တည်ငြိမ်သည့်လေသံဖြင့်ပြောရင်း ရှောင်ယွိနံဘေးမှ ဖြတ်ကျော်တက်သွားသည်။
ရှောင်ယွိက ကျန်းလန်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး ဘယ်ဘက်အစွန်ဆုံးရှိ မြက်ခင်းပြင်ဆီသို့ လမ်းလျှောက်သွားကာ သူမ ကျွတ်ထွက်အောင်လုပ်ထားသည့် အပင်များကို ပြန်စိုက်လိုက်သည်။
ကျန်းလန်က
"ဟိုအနောက်က အပြာရောင်ပန်းတွေပွင့်တဲ့ မြက်ပင်တွေကလည်း အစီအရင်တွေနဲ့ ဆက်စပ်နေတယ်"
"ဝှစ်"
ရှောင်ယွိသည် အပြာရောင်ပန်းပွင့်များပါရှိသည့် မြက်ပင်များကို ချက်ချင်းပြန်စိုက်လိုက်သည်။
"အာ… ကျွန်မ ပန်းတွေပေါ်နင်းမိသွားပြီ အစီအရင် ပွင့်သွားတော့မလား မသိဘူး"
ရှောင်ယွိက အော်ဟစ်လိုက်ပြီး ကျန်းလန်ဘက်သို့လှည့်ကြည့်ကာ လျှာထုတ်ပြလိုက်သည်။
"အစီအရင်ပွင့်သွားလည်း ကိစ္စမရှိပါဘူး ကျွန်မက ဂိုဏ်းတူမောင်လေးကို ကာကွယ်ပေးပါ့မယ်"
ကျန်းလန် : "……"
နဂါးတစ်ကောင်၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုက သူတို့၏အသက်အရွယ်ကဲ့သို့ပင် နှေးကွေးလေသလားဟု ကျန်းလန်တွေးလိုက်သည်။
ပြီးတော့ နဂါးဦးနှောက်က ဘယ်လောက်ကြီးသလဲ တစ်ခါမှ အတည်မပြုခဲ့ဖူးပေ။ အချိန်ရမှ တခြားနဂါးများကို မေးကြည့်ရပေမည်။
ထိုသို့ဖြင့်…
အချိန် (၁)လခွဲခန့်ကြာပြီးနောက် ကျန်းလန် နဝမတောင်ထွတ်တစ်ခုလုံးကို ရှင်းလင်း၍ ပြီးစီးသွားသည်။
သူ အလွန်မှ နှေးကွေးပါသလား။
လုံးဝမဟုတ်ပေ။ သူ့ကို အချိန်ပြည့် "ကူညီ" ပေးနေသည့် အရှုပ်ထုပ်လေး ရှောင်ယွိကြောင့်သာ သူ့မှာ အလုပ်ပိုပြီး အချိန်ကြန့်ကြာနေရခြင်းပင်။
ယခုတော့ ကျန်းလန်က နဝမတောင်ထွတ်မှ အစီအရင်များကို ပြန်လည်ပြုပြင်ရန် စီစဉ်နေလေသည်။ သူက ခြံဝင်းထဲတွင် ပြုလုပ်ထားသည့် အစီအရင်မှ စတင်ရန် ဆုံးဖြတ်လိုက်သည်။
ယခုဆိုလျှင် ကျန်းလန် ခွန်လွန်တောင်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်း (၆၅၂) နှစ် ရှိပြီ ဖြစ်သည်။ ငရဲတံခါးမှ မရဏအငွေ့အသက်များ နောက်တစ်ကြိမ် ပေါက်ကွဲထွက်ရန် အနှစ် (၂၀)ခန့် လိုသေးသည်။
နတ်မိစ္ဆာများ တစ်စုံတစ်ခု လှုပ်ရှားနေသည်ဟု ချီလင်ကောင်မလေး ပြောခဲ့ဖူးသည်။ ထို့ကြောင့် မတော်တဆမှုတိုင်းကို ကာကွယ်ရန်အတွက် အစစအရာရာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရပေမည်။
ပထမတောင်ထွတ်အတွက်ကတော့…
လောလောဆယ်တွင် သူ ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိသေးပေ။
ပထမတောင်ထွတ်တွင် တည်ရှိသည့် ကောင်းကင်ဘုံတံခါးကို သူ အလွန်သိချင်လှသော်လည်း ထိုနေရာသို့ မသွားဝံ့ခဲ့ပေ။
ပထမတောင်ထွတ်က နဝမတောင်ထွတ်နှင့် မတူညီပေ။ သူက တာ့လော်အင်မော်တယ် ဖြစ်သည့်တိုင် ထိုနေရာတွင် ပိတ်မိနေရန် လွယ်ကူသည်။ အခြားမျိုးနွယ်များမှ အင်မော်တယ်များ နဝမတောငထွတ်သို့ ပေါ့ပေါ့ဆဆ မလာရောက်ဝံ့ကြသလို ကျန်းလန်သည်လည်း ပထမတောင်ထွတ်သို့ မသွားဝံ့ခြင်းပင် ဖြစ်၏။
နှစ်ပေါင်း (၂၀) မှ (၃၀) အတွင်း တာေ့လာ်အင်မော်တယ် ၊ အလယ်ဆင့်သို့ သူ ရောက်ရှိနိုင်မည် မဟုတ်သေးပေ။ သို့ဖြစ်ရာ သူ စိတ်မအေးနိုင် ဖြစ်ရသည်။
ခွန်လွန်တောင်သို့ ရောက်သည့်အချိန် နှစ်ပေါင်း (၁၀၀၀) ပြည့်သည့်အခါ သူ တာအိုအင်မော်တယ် ဖြစ်လာနိုင်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်တက်ခြင်းက တောင်သခင်များထက်ပင် လျှင်မြန်သည်ဟု ပြောနိုင်သည်။ သို့သော် သူ တာအိုအင်မော်တယ်ဖြစ်လာလျှင် တောင်သခင်များကို ယှဉ်နိုင်ပါမည်လား မသေချာပေ။
မည်သို့ပင်ဖြစ်စေ ကိုယ်ပိုင်တာအိုလမ်းစဉ် ခြေချလိုက်နိုင်ပြီ ဖြစ်သောကြောင့် နှောင်းပိုင်းအချိန်ကာလများကို သူ အာရုံခံစားမိခဲ့သည်။
ဆရာဖြစ်သူ အနားယူပြီး သူက နဝမတောင်ထွတ်ကို တာဝန်ယူမည်ဆိုလျှင် အခြားသော တောင်သခင်များသည်လည်း မည်သို့ရှိမည်နည်း။ အခြားသူများသည်လည်း ဆရာဖြစ်သူနှင့် သက်တူရွယ်တူများ ဖြစ်နိုင်ကြသည်။ ဆရာဒေါ်လေးမြောင်ယွဲ့နှင့် ဆရာဒေါ်လေးကျူးချင်တို့က အနည်းငယ် အသက်ငယ်နိုင်သော်လည်း သိပ်တော့ကွာခြားမည် မဟုတ်ပေ။
တွေးရင်းဖြင့်ပင် ကျန်းလန် အစီအရင်များကို ပြုပြင်ရန် စတင်လိုက်သည်။
ထိုအရာများကို ပြုပြင်ရင်း "နတ်ဘုရားရာထူးများ၏နိယာမများ" စာအုပ်ကို စတင်ဖတ်ရှုလိုက်သည်။ အချိန်ပင် အနည်းငယ်နောက်ကျနေပြီ ဖြစ်သည်။
"ဟင်"
အစီအရင်များကို ပြုပြင်နေသည့် ကျန်းလန်သည် ရုတ်တရက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ရေကန်ထဲတွင် ဆော့ကစားနေသည့် ရှောင်ယွိက ကုန်းပေါ်သို့တက်လာရင်း...
"ဘာဖြစ်လို့လဲ"
ကျန်းလန်က...
"မက်မွန်ဝင်္ကပါထဲကို လူတစ်ယောက်ဝင်လာတယ် ၊ အဲဒါ ဆရာဒေါ်လေးမြောင်ယွဲ့ပဲ"
ကျန်းလန် အံ့အားသင့်သွားမိသည်။
ဆရာဒေါ်လေးမြောင်ယွဲ့ အဘယ့်ကြောင့် ရောက်လာရပါသနည်း။
ထို့နောက် ဆရာဖြစ်သူ ပြောခဲ့သည့်စကားကို သတိရသွားသည်။ ပဉ္စမတောင်ထွတ်မှ တပည့်အချို့ နဝမတောင်ထွတ်တွင် အစီအရင်ပညာ လာရောက်လေ့လာမည် ဖြစ်သည်။
သို့ပေသိ ဆရာဒေါ်လေးမြောင်ယွဲ့က အဘယ့်ကြောင့် သူ့အား ကိုယ်တိုင်ကိုယ်ကျ လာရောက်ရှာဖွေရပါသနည်း။
တစ်ခုခု မူမမှန်သလို ကျန်းလန် ခံစားရသည်။
ရှောင်ယွိလည်း ကျန်းလန်၏အနားသို့ ရောက်လာပြီး ဆရာဒေါ်လေးမြောင်ယွဲ့ကို ကြိုဆိုရန် အတူတူ စောင့်နေကြလေသည်။
ဆရာဒေါ်လေးမြောင်ယွဲ့က တောင်သခင်မတစ်ယောက်ဖြစ်လေရာ သူတို့အနေဖြင့် မလေးမစားမလုပ်ရဲပေ။
**