ဆရာနဲ့ဆရာဒေါ်လေးမြောင်ယွဲ့ရဲ့တရားမဝင်သမီး
Vol. 34 Ch. 465
နဝမတောင်ထွတ်…။
မက်မွန်တောအုပ်လေးအရှေ့တွင် ငယ်ရွယ်သည့် မိန်းကလေးကျင့်ကြံသူ (၃)ယောက် မတ်တတ်ရပ်လျှက် စောင့်နေကြသည်။
(၃)ယောက်ထဲတွင် အငယ်ဆုံးဖြစ်သည့် ယန်လင်က…
"ဆရာက သူအရင်ဝင်သွားပြီး ငါတို့ကို ဒီမှာစောင့်ခိုင်းထားတာ ၊ အဲဒီ ဂိုဏ်းတူအစ်ကိုကျန်းလန်က အရေးကြီးပုဂ္ဂိုလ်တစ်ယောက် မို့လို့လား"
သူမက ဆံပင်လေးနှစ်ဖက်ခွဲကာ စည်းနှောင်ထားပြီး အသက်မပြည့်သေးသည့် ကလေးမလေးတစ်ယောက်နှင့် ဆင်တူသည်။
သို့သော် သူမ၏ ကျင့်ကြံခြင်းအဆင့်ကတော့ မရှိမှုအာကာသအဆင့် အောင်မြင်ထားပြီး ဖြစ်၏။ အင်မော်တယ်ဖြစ်လာရန်ပင် အလှမ်းမဝေးတော့ပေ။
သို့ဖြစ်ရာ သူမ၏ ကျင့်ကြံခြင်းသက်တမ်းသည် နှစ်ပေါင်း (၆၀၀)အတွင်း ရှိနိုင်သည်။ ပိုလျှင်တောင်ပိုနိုင်ပေသည်။
မေလိက…
"ဂိုဏ်းတူအစ်ကိုကျန်းလန်က အရေးကြီးပုဂ္ဂိုလ် ဟုတ်မဟုတ်တော့ ငါလည်း မသိဘူး ၊ ဒါပေမဲ့ ငါတို့ ဒီနေရာကို ဘာလို့ အစီအရင်ပညာ လာပြီးလေ့လာရတာလဲဆိုတာ နားမလည်နိုင်ဘူး ၊ တကယ်တော့ ငါတို့ အစီအရင်တောင်ကုန်းမှာ လေ့လာလို့လည်းရတာပဲ မဟုတ်လား ၊ အဲဒီမှာ ငါတို့ မသိသေးတာတွေ အများကြီး ရှိသေးတာပဲ ၊ ဂိုဏ်းတူအစ်ကိုကျန်းလန်ကရော ငါတို့ကို တကယ်သင်ပေးနိုင်မှာ မို့လို့လား ၊ သူက အစီအရင်ပညာမှာ အောင်မြင်မှုတစ်ခု ရထားတာ မှန်ပေမယ့် ငါတို့ကလည်း သူ့ထက်တော့ မညံ့နိုင်ပါဘူး“
သူမက နဝမတောင်ထွတ်တွင် အစီအရင်ပညာ လာရောက်လေ့လာရန် မလိုအပ်ဟု ယူဆထားသည်။ ဤနေရာက ပဉ္စမတောင်ထွတ်ထက် ပိုကောင်းသည့် နေရာတစ်ခု မဟုတ်ပေ။
မေလိက အရပ်မြင့်မြင့်နှင့်ဖြစ်ပြီး ရှည်လျားသည့် ဆံနွယ်များက လေထဲတွင် လွင့်ပျံနေသည်။ သူမပုံစံက ထက်မြက်သည့် ပုံစံမျိုးရှိသည်။
သူမသည်လည်း မရှိမှုအာကာသအဆင့် အောင်မြင်ထားသူ ဖြစ်ပြီး မိန်းကလေး (၃)ယောက်ထဲတွင် အသက်အကြီးဆုံး ဖြစ်သည်။
အလတ်ဖြစ်သည့် ဟန်ချီကတော့ မည်သည့်ဝေဖန်စကားမှ မဆိုပေ။
"ဆရာပြောတဲ့စကား နားထောင်ရုံပဲရှိတာပေါ့ ၊ ဒါပေမဲ့ ငါကြားတာတော့ ကျောက်စိမ်းရေကန်နတ်ဘုရားမကလည်း တစ်ခါတစ်လေ ဒီမှာနေတယ်တဲ့နော် ၊ ငါတို့ သူနဲ့ တွေ့ခွင့်ရမလား မသိဘူး"
သူမက နာခံမှုရှိသူတစ်ယောက်ဖြစ်ပြီး သိမ်မွေ့သူလည်း ဖြစ်သည်။ သူမသည်လည်း မရှိမှုအာကာသအဆင့် အောင်မြင်ထားသူ ဖြစ်၏။
သူတို့ (၃)ယောက်လုံးက လူသားအင်မော်တယ် ဖြစ်လာရန် နီးကပ်နေကြပြီ ဖြစ်သည်။ နဝတောင်ထွတ်တွင် အစီအရင်ပညာလေ့လာပြီးလျှင် မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရန် ပြင်ဆင်ကြရတော့မည် ဖြစ်သည်။ ပြင်ဆင်မှုပြုလုပ်ရန်ကတော့ နှစ်ပေါင်း (၂၀) မှ နှစ်ပေါင်း (၃၀) အတွင်း ကြာမြင့်နိုင်သည်။
ယန်လင်က စိတ်မသက်မသာဖြင့်…
"ပြောရမယ်ဆိုရင်… ငါ ဂိုဏ်းထဲကို ဝင်လာတုန်းက ဂိုဏ်းတူအစ်ကိုကျန်းလန်အကြောင်း ပြောကြတာ ကြားဖူးတယ် ၊ အများစုက ပြောကြတာက သူက ရင်းမြစ်ပစ္စည်းတွေအများကြီး အသုံးပြုပြီး ကျင့်ကြံခြင်းအဆင့်တက်လာတာတဲ့ ၊ ဘာမှအသုံးမကျဘူးတဲ့ ၊ ဒါပေမဲ့ အခု ဆရာက ငါတို့ကို ဘာလို့ သူ့ဆီကနေ သင်ယူခိုင်းရတာလဲ မသိဘူး ၊ ဒါက…"
သူမက နဝမတောင်ထွတ်သို့ လာရောက်လိုခြင်း မရှိပေ။ ပဉ္စမတောင်ထွတ်တွင်သာ နေချင်လေသည်။
ဟန်ချီက…
"ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုကျန်းလန်က အင်မော်တယ် ဖြစ်နေပြီလေ ၊ ငါတို့က အခုမှ မရှိမှုအာကာသအဆင့် အောင်မြင်ထားရုံပဲ ရှိသေးတာ ၊ သူ့ကို လေးစားသမှုတော့ ရှိရမှာပေါ့"
ယန်လင်က စိတ်ဝင်စားသွားဟန်ဖြင့်…
"အေး ဟုတ်တယ်နော် ၊ သူက အရည်အချင်းမရှိဘူးဆိုရင် ဘယ်လိုလုပ် အင်မော်တယ် ဖြစ်လာရတာလဲ"
သူမက ဆက်ပြောသည်။
"ပြီးတော့ သူက ပါရမီရှင်တစ်ယောက် မဟုတ်ဘဲနဲ့ လူသားအင်မော်တယ်အဆင့်ကို ခွန်လွန်တောင်က ထိပ်တန်းပါရမီရှင်တွေနဲ့ တန်းတူ အဆင့်တက်သွားတာနော် ၊ ငါ ကြားတာတော့ သူ အင်မော်တယ်ဖြစ်လာအောင် နဝမတောင်ထွတ်ရဲ့ တောင်သခင်က တန်ခိုးစွမ်းအားတစ်ခု အသုံးပြုခဲ့တာတဲ့"
မေလိက သက်ပြင်းချလိုက်ရင်း…
"ငါကတော့ အဲဒါတွေကို အရေးမစိုက်ပါဘူး ၊ ဒီနေရာမှာ အစီအရင်ပညာ တကယ်ပဲ သင်ယူနိုင်မှာလား ဆိုတာကိုပဲ သိချင်တယ် ၊ ဆရာက နောက်ထပ် ဘာတွေစီစဉ်ပေးမလဲဆိုတာ စောင့်ကြည့်ရုံပေါ့"
အမှန်တော့ သူမအနေဖြင့် ဆရာဖြစ်သူ၏စကားကို မလေးမစား မလုပ်ရဲပေ။ သူမ ဘယ်လောက်ပင် မလုပ်ချင်ပါစေ ဆရာကပြောလျှင် လက်ခံရမည်ပဲ ဖြစ်သည်။
"ဂိုဏ်းတူအစ်မမေလိ ၊ ခဏနေလို့ ဂိုဏ်းတူအစ်ကိုကျန်းလန်နဲ့ ဂိုဏ်းတူအစ်မလုန်ယွိ ထွက်လာရင် စူပုပ်မနေနဲ့နော် ၊ သူတို့ကို ထိုက်သင့်တဲ့ ဂါရဝတရားတော့ ထားရမှာပဲ"
ဟန်ချီက စိုးရိမ်စွာဖြင့် သတိပေးသည်။
မေလိက…
"အေးပါ ၊ ငါ ဘယ်လောက်ပဲ မကျေမနပ်ဖြစ်နေပါစေ ဘာစကားမှ ဝင်မပြောပါဘူး"
ပြီးမှ သူမက ယန်လင်ကို လှမ်းကြည့်လိုက်ရင်း…
"ဂိုဏ်းတူညီမလေး ယန်လင် ၊ မင်းလည်း စကားပြောဆင်ခြင်နော် ၊ ဆရာ့ကို မျက်နှာမပျက်စေနဲ့"
ယန်လင်က စိတ်ထဲမထားဟန်ဖြင့် သူမကို လျှာထုတ်ပြလိုက်လေ၏။
***
ခဏမျှစောင့်နေပြီးနောက်…
မျက်နှာကို ဇာပုဝါဖြင့် ဖုံးလွှမ်းထားသည့် တောင်သခင်မမြောင်ယွဲ့ဝင်လာသည်ကို ကျန်းလန်နှင့် ရှောင်ယွိ တွေ့မြင်လိုက်ရသည်။
ကျန်းလန်ပြုလုပ်ထားသည့် မက်မွန်ဝင်္ကပါအစီအရင်က သူမကို တားဆီးမထားနိုင်ခဲ့ပေ။
"ဆရာဒေါ်လေးမြောင်ယွဲ့ရဲ့ အစီအရင်ပညာက ဘယ်အဆင့်ကိုရောက်နေပြီလဲ မသိဘူး ၊ ငါ ဘယ်လိုမှ မသိမြင်နိုင်ဘူး"
ကျန်းလန် တွေးလိုက်သည်။
မြောင်ယွဲ့၏ တည်ငြိမ်သည့်အမူအရာကို အကဲခတ်ရင်း သူမ၏ အစီအရင်ပညာက မည်သည့်အဆင့်သို့ရောက်နေပြီလဲ ကျန်းလန် အလွန်သိချင်မိသည်။
ကံမကောင်းစွာပင် သူ၏ အစီအရင်ပညာက အလွန်နိမ့်ပါးနေသည့်အတွက် သူမ၏အဆင့်ကို သိချင်လျှင် ခက်ခက်ခဲခဲ အချိန်ယူကာ သိရှိအောင် ပြုလုပ်ရမည် ဖြစ်သည်။
အစီအရင်ပညာဆိုသည်က ကျင့်ကြံခြင်းနှင့် မတူညီပေ။ ထိုပညာကို နားလည်ရန်အတွက် အချိန်များစွာပေးပြီး လေ့လာရသည်။
ကျန်းလန်က အစီအရင်ပညာ လေ့လာခြင်းထက် ကျင့်ကြံခြင်းကို ပိုပြီးအာရုံစိုက်ခဲ့သူ ဖြစ်သည်။
"ဆရာဒေါ်လေး"
"ဆရာဒေါ်လေး"
မြောင်ယွဲ့ ရောက်လာသည်နှင့် ကျန်းလန်နှင့် ရှောင်ယွိ ချက်ချင်းပင် ဦးညွှတ် ဂါရဝပြုလိုက်ကြသည်။
မြောင်ယွဲ့က သူတို့နှစ်ယောက်ကိုကြည့်ကာ ရယ်မောလိုက်ရင်း…
"မင်းရဲ့ဆရာဆီကသတင်းကြားတာတော့ မင်းတို့တွေ ကျောက်စိမ်းရေကန်မှာ ဆယ်နှစ်ကျော်တောင် နေခဲ့ကြတယ်ဆို"
သူမစကားကြောင့် ရှောင်ယွိ ရှက်သွေးဖြာကာ ခေါင်းငုံ့သွားသော်လည်း မည်သည့်စကားမှ မဆိုဝံ့ခဲ့ပေ။ ကျန်းလန်ကတော့ အေးဆေးတည်ငြိမ်စွာဖြင့်ပင် ခေါင်းညိတ်ပြလိုက်သည်။
မြောင်ယွဲ့က ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်ရင်း စကားဆက်ပြော၏။
"မင်းရဲ့ဆရာ ကြိုပြောထားတယ်မလား ၊ နဝမတောင်ထွတ်မှာ အစီအရင်ပညာလေ့လာဖို့ ငါ့တပည့်တွေ ခေါ်လာတယ်"
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း...
"ဟုတ်ကဲ့ ၊ ကျွန်တော် သိပါတယ်"
ဤသို့သောကိစ္စမျိုးက ငြင်းစရာကိစ္စ မဟုတ်ပေ။
အရင်က သူလည်း ပဉ္စမတောင်ထွတ်တွင် အစီအရင်ပညာ သွားရောက်သင်ယူခဲ့သည်ပဲ ဖြစ်သည်။ ခွန်လွန်တပည့်များအနေဖြင့် အခြားတောင်ထွတ်များသို့ သွားရောက်ပညာသင်ယူသည်မှာ ပုံမှန်သာ ဖြစ်သည်။
သို့သော် တပည့်များပညာသင်ယူခြင်းအတွက် သက်ဆိုင်ရာ တောင်သခင်ကတော့ တန်ဖိုးတစ်ခု ပေးဆပ်ရမည်သာပင်။
မည်သို့ပင်ဖြစ်စေ ဆရာဒေါ်လေး မြောင်ယွဲ့ကတော့ သူ့ကို ပုဂ္ဂိုလ်ရေးအရ အထူးလမ်းညွှန်မှုပေးခဲ့ပြီး သာမန်တပည့်များ မရနိုင်သည့် အခွင့်အရေးကို ရရှိခဲ့သည်။
မြောင်ယွဲ့က…
"သူတို့လည်းရောက်နေကြပြီ ၊ အပြင်မှာထားခဲ့တယ်"
ကျန်းလန်က ခဏမျှ တုံ့ဆိုင်းနေပြီးမှ…
"တကယ်တော့ အစီအရင်ပညာကို လေ့လာဖို့ဆိုရင် ပဉ္စမတောင်ထွတ်က ပိုပြီးသင့်တော်တာ မဟုတ်ဘူးလား ဆရာဒေါ်လေး ၊ ဒီမှာကျတော့ မရဏအငွေ့အသက်တွေလည်းရှိတော့ အကြာကြီးနေမယ်ဆိုရင် သူတို့အတွက် အန္တရယ်ရှိနိုင်တယ်"
မြောင်ယွဲ့က သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"တကယ်တော့ တပည့်တွေကို မတူကွဲပြားတဲ့အရာတွေ ပိုပြီးလေ့လာစေချင်လို့ပါ ၊ ဒီနေရာက အကောင်းဆုံးပဲလေ ၊ ပြီးတော့ သူတို့တွေထဲက တစ်ယောက်ရဲ့ဇာစ်မြစ်ကထူးခြားတယ်"
ကျန်းလန် အံ့အားသင့်သွားသည်။
ထူးခြားသည် ဇာစ်မြစ်ရှိသူတဲ့လား။
သူ ထပ်မံမေးမြန်းရဲခြင်း မရှိတော့ပေ။ ထိုသို့သောလူမျိုးက အလွယ်တကူ ဒုက္ခရောက်စေနိုင်သည့်သူမျိုး ဖြစ်သည်။
ကံကောင်းသည်မှာ ထိုတပည့်သည် နဝမတောင်ထွတ်မှ တပည့်မဟုတ်သောကြောင့် မည်သည့်ပြဿနာမှ ရှိမည်မဟုတ်ပေ။
သို့ပေသိ ကျန်းလန်က မမေးသည့်တိုင် မြောင်ယွဲ့ကတော့ ဆက်ပြောလေသည်။
သူမက ကျန်းလန်ကိုကြည့်လိုက်ရင်း ခပ်တိုးတိုးလေသံဖြင့်…
"တကယ်တော့ သူက မင်းရဲ့ဆရာနဲ့ ငါနဲ့ရထားတဲ့ တရားမဝင်သမီးပဲ"
သူမစကားသံ အဆုံးသတ်သွားသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
"ဂျွတ်…"
ရှောင်ယွိ သူမ၏လက်ညှိုးကို လိမ်ချိုးလိုက်မိသည့် အသံဖြစ်သည်။
"ဟင်…"
ကျန်းလန်၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး အာမေဍိတ်သံ ပြုလိုက်မိသည်။ ဆရာဒေါ်လေး၏စကားများက ယခုနှစ်များအတွင်း ကြားခဲ့ရသမျှ စကားများထဲတွင် တုန်လှုပ်စရာအကောင်းဆုံး စကားများပင်။
ရှောင်ယွိမှာ ယောင်ပြီး သူ့လက်သူ ချိုးလိုက်မိသဖြင့် နာကျင်စွာဖြင့် အော်ဟစ်ရင်း ထ ခုန်မိသည်။
"အား အား အား"
ရှောင်ယွိအော်သံကြားမှ ကျန်းလန်မှာလည်း ပြန်ပြီးသတိဝင်လာ၏။
သူတို့ (၂)ယောက်ကိုကြည့်ရင်း မြောင်ယွဲ့က ရယ်မောလိုက်သည်။ သူမ မျက်နှာကိုဖုံးကွယ်ထားသည့် ပုဝါစသာမရှိလျှင် တောက်ပသည့်အပြုံးကို သေချာပေါက် မြင်နိုင်ပေမည်။
"မင်းတို့ ငါ့စကားကြောင့် မတုန်လှုပ်ဘူးလို့ ထင်နေတာ ၊ အင်မော်တယ်ဖြစ်လာပြီးနောက်ပိုင်း ကျင့်ကြံသူတွေက အမူအရာကင်းမဲ့သွားတတ်ကြတယ် မဟုတ်ဘူးလား"
မြောင်ယွဲ့၏အသံက ရယ်သံစွက်လျှက် ရှိသည်။
ကျန်းလန်ကတော့ ပြန်လည်တည်ငြိမ်သွားပြီး ကျိုးသွားသည့် ရှောင်ယွိ၏လက်ချောင်းလေးကို ပြန်လည်ဆေးကုသပေးလိုက်သည်။ သူမကတော့ အနည်းငယ် ထိတ်လန့်နေဆဲ ဖြစ်၏။
ဆရာဒေါ်လေးမြောင်ယွဲ့က အမှန်အတိုင်း ပြောနေခြင်းလား။
မဖြစ်နိုင်ပေ။ သေချာပေါက် လိမ်ညာပြောခြင်းပင် ဖြစ်ရပေမည်။
ကျန်းလန် သေသေချာချာ မေးမြန်းကြည့်ရန် ဟန်ပြင်လိုက်စဉ်မှာပင် မြောင်ယွဲ့က ထိုင်ရာမှ မတ်တတ်ထရပ်လိုက်သည်။
သူမက ကျန်းလန်နှင့် ရှောင်ယွိကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…
"ကောင်းပြီ ၊ ငါ မင်းရဲ့ဆရာနဲ့ ခဏလောက်သွားတွေ့လိုက်ဦးမယ် ၊ မင်းတို့ရဲ့ ဂိုဏ်းတူညီမလေး (၃)ယောက် အပြင်မှာ စောင့်နေကြတယ် ၊ ဒါနဲ့ စောစောကပြောတဲ့ကိစ္စကို လျှို့ဝှက်ထားကြဖို့ မမေ့နဲ့ဦးနော်"
ထို့နောက် သူမ နေရာမှာပင် ပျောက်ကွယ်သွားလေသည်။
ဆရာဒေါ်လေးမြောင်ယွဲ့ နဝမတောင်ထွတ်အစွန်းသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ကျန်းလန် သိလိုက်သည်။
သို့သော်…
သူ့စိတ်ထဲတွင် သံသယများနှင့် ပြည့်နက်လျှက် ရှိသည်။ ဆရာဒေါ်လေးမြောင်ယွဲ့က နောက်ပြောင်နေသည်လား ၊ ဒါမှမဟုတ် အလေးအနက်ပြောဆိုနေခြင်းလား။
သူမက ဆရာဖြစ်သူကို သဘောကျနေသည်ကတော့ အမှန်ပင် ဖြစ်နိုင်သည်။ သို့ပေသိ အဘယ့်ကြောင့် တရားမဝင်သမီးက ရှိနေရပါသနည်း
ဤသည်က တမင်သက်သက် လုပ်ကြံဖန်တီးခြင်းပင် ဖြစ်နိုင်သည်။
"ဂိုဏ်းတူမောင်လေး"
ရှောင်ယွိက သူ့လက်မောင်းများကို အသာလှုပ်ကိုင်ရင်း စကားဆိုလာသည်။
"ဆရာဒေါ်လေး ပြောသွားတာ တကယ်ပဲလား"
ကျန်းလန်က သက်ပြင်းချလိုက်ရင်း…
"များသောအားဖြင့် မဖြစ်နိုင်ပါဘူး ၊ ဒါပေမဲ့ တကယ်ဆိုရင် ဘယ်လိုလုပ်မလဲ"
အမှန်တကယ်ဆိုလျှင်တော့ ဆရာဖြစ်သူအတွက် လက်တွဲဖော်မှာ အခြားသူဖြစ်မလာနိုင်ဘဲ ဆရာဒေါ်လေးမြောင်ယွဲ့သာလျှင် ဖြစ်လာရပေမည်။ အခြားသူများအား ရှာဖွေပေးရန် သူ မဝံ့ရဲတော့ပေ။
သူက ဆရာဒေါ်လေးမြောင်ယွဲ့၏ ထောင်ချောက်ထဲ ကျရောက်သွားသည်လား မသေချာသည့်တိုင် သတိထားသည်ကတော့ အကောင်းဆုံး ဖြစ်၏။ သို့ဖြစ်ရာ ရောက်ရှိလာသည့် တပည့် (၃)ယောက်ကို လက်လွတ်စပယ် လွှတ်ထား၍ မဖြစ်ပေ။
ကျန်းလန်က တိုးလျသည့် လေသံဖြင့်…
"ကြည့်ရတာ ဆရာဒေါ်လေးရဲ့ အကြံအစီတစ်စိတ်တစ်ပိုင်းဖြစ်မယ်လို့ ခံစားနေရတယ်"
ရှောင်ယွိက စိတ်ဝင်တစားဖြင့်…
"ဘာ အကြံအစီလဲ"
ဆရာဖြစ်သူအတွက် တာအိုလက်တွဲဖော် ရှာဖွေနေသည့်အကြောင်းကို ကျန်းလန်က ရှောင်ယွိကို ပြောပြလိုက်သည်။ ထို့နောက် ဆရာဒေါ်လေးမြောင်ယွဲ့က ဆရာဖြစ်သူကို သဘောကျနေသည့်အကြောင်းကိုပါ ပြောလိုက်သည်။
ရှောင်ယွိက တအံ့တသြဖြင့်…
"ဒါဖြင့် ကျွန်မလည်း ကျွန်မဆရာအတွက် တာအိုလက်တွဲဖော် ရှာပေးဦးမှပဲ"
ကျန်းလန် : "……"
သူမ၏ဆရာဖြစ်သူအတွက် တာအိုလက်တွဲဖော်ရှာချင်လျှင် ရှောင်ယွိအနေဖြင့် သူ့လို တာ့လော်အင်မော်တယ်ဖြစ်လာသည်အထိ စောင့်ဆိုင်းရန် လိုအပ်ပေ၏။
***