ခွန်လွန်တောင်ကိုပစ်မှတ်ထားတိုက်ခိုက်ကြမည်လား
Vol. 34 Ch. 468
ကျန်းလန် စာအုပ်ကို လှန်ကြည့်လိုက်သည်။
တကယ်တော့ နတ်ဘုရားရာထူးများ၏ မူလအစသည် ရှေးဟောင်းဧကရာဇ်နန်းတော် ဖြစ်သည်။ ထို့ပြင် ပထမဆုံး နတ်ဘုရားရာထူးကို ထိန်းချုပ်နိုင်ခဲ့သူမှာလည်း ရှေးဟောင်းဧကရာဇ်နန်းတော်မှပင် ဖြစ်သည်။
"မထူးဆန်းပါဘူး"
ကျန်းလန်တွေးလိုက်သည်။
နတ်ဘုရားရာထူးများသည် ရှေးဟောင်းဧကရာဇ်နန်းတော်မှ ဆင်းသက်လာသည့်အတွက် ရာထူးနာမည်များ အရှေ့တွင် "ရှေးဟောင်းဧကရာဇ်နန်းတော်" ဟု ပါရှိနေခြင်းဖြစ်ကြောင်း သဘောပေါက်စေသည်။
သို့သော် နတ်ဘုရားရာထူးများ၏ လုပ်ဆောင်ချက်များကတော့ ရှင်းရှင်းလင်းလင်း မရှိပေ။
ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို သူ ခံစားသိရှိနိုင်သော်လည်း လှေကားထစ်များနှင့်ပတ်သက်ပြီး သူ ဘာမှ မသိရှိရသေးပေ။ နတ်ဘုရားရာထူးများအကြောင်း ရေးသားထားသည့် နောက်ထပ်မှတ်တမ်းများလည်း ရှိနိုင်သည်။
ကျန်းလန် စာအုပ်ကို ဖြည်းညင်းစွာလှန်ရင်း ဆက်ဖတ်နေသည်။ စာအုပ်ထဲတွင် ရေးသားထားသည့်အကြောင်းအရာများက စိတ်ဝင်စားစရာကောင်းသည့်အတွက် ခပ်ဖြည်းဖြည်းနှင့် သေသေချာချာဖတ်ရမည် ဖြစ်၏။
ရှေးဟောင်းဧကရာဇ်နန်းတော်၏ မူလအစမှာ "ရှေးဟောင်းဧကရာဇ်" ဟု အမည်နာမရှိသူတစ်ယောက်ထံမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။
ရှေးဟောင်းဧကရာဇ်ဆိုသည်က လူတစ်ယောက်၏ ဂုဏ်ပုဒ်တစ်ခု ဖြစ်ပြီး နောက်ပိုင်းတွင်တော့ ရှေးဟောင်းဧကရာဇ်နန်းတော်ဟု ဖြစ်တည်လာသည်။
စာအုပ်ထဲတွင်ရေးသားထားခြင်းအရဆိုသော် ရှေးဟောင်းဧကရာဇ်က သူ၏နတ်ဘုရားရာထူးကို စတင်ရယူချိန်တွင် မိုးနဲ့မြေ၍ ထူးခြားသည့် အံံသြဖွယ်ရာဖြစ်စဉ်များ ဖြစ်ပေါ်လာသည်။ သူ၏ ရုပ်သွင်ကိုလည်း ပျက်သုဉ်းတစ်စပြင်လောကကြီး၏ နေရာတိုင်းက တွေ့မြင်ကြရသည်။
ထို့နောက် သူ၏ အမည်က ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေရာ ရှေးဟောင်းဧကရာဇ်ဆိုသည့် အမည်ကို မသိသူ မရှိကြပေ။ ထို့နောက် ရှေးဟောင်းဧကရာဇ်နန်းတော်သည် ပျက်သုဉ်းတစ်စပြင်လောကကြီး၏ နေရာတိုင်းတွင် စတင်ထွက်ပေါ်လာခဲ့ပြီး တန်ခိုးအာဏာတစ်ခု ဖြစ်တည်လာခဲ့သည်။
***
မှတ်တမ်းထဲတွင် ရေးသားထားသမျှသည် ခန့်မှန်းချက်များသာ ဖြစ်သော်လည်း ကျိုးကြောင်းဆီလျော်မှု ရှိသည်။ ယခုဆိုလျှင် လူတိုင်းနီးပါးသည် နတ်ဘုရားရာထူး၏ မူလဇာစ်မြစ်နှင့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါအကြောင်း စိတ်ဝင်စားကြသည်။
နတ်ဘုရားရာထူးဆိုသည်က ကံကြမ္မာအခွင့်ကောင်းရောင်ဝါများ ပေါင်းစပ်စုစည်းမှု ရလဒ်ဖြစ်သည်။ လူတစ်ယောက်သည် ကံကြမ္မာအခွင့်ကောင်းရောင်ဝါများ လုံလောက်စွာ စုစည်းမိပါက နတ်ဘုရားရာထူးကို ရရှိမည် ဖြစ်သည်။ ထို့ပြင် နတ်ဘုရားရာထူးဆိုသည်က အသစ်သော တန်ခိုးစွမ်းအားတစ်ခု ဖြစ်၏။
နတ်ဘုရားရာထူးကို ပိုင်ဆိုင်သည်ဆိုလျှင် လူတစ်ယောက်သည် ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်လျှောက် တန်ခိုးစွမ်းအားများကို ထုတ်ဖော်အသုံးပြုနိုင်မည် ဖြစ်သည်။
ကျန်းလန်က ထိုအကြောင်းများကို သိပ်စိတ်မဝင်စားဘဲ အခြားသောအကြောင်းအရာများကို ဆက်ဖတ်လိုက်သည်။
နတ်ဘုရားရာထူးနှင့်ပတ်သက်ပြီး သူ့တွင် မေးခွန်းများစွာ ရှိခဲ့သည်။ မတူညီသည့် နတ်ဘုရားရာထူးများတွင် ကွာခြားချက်များ ရှိ မရှိ သူ သိချင်သည်။
ဥပမာ - နတ်ဘုရားရာထူးများတွင် အထက်ဆင့် ၊ အောက်ဆင့် ဆိုသည်မျိုး ရှိ မရှိ သိရှိလိုခြင်းပင်။
မကြာမီ မှတ်တမ်းထဲတွင် ဤသို့ရေးသားထားသည်ကို တွေ့လိုက်ရ၏။
ပင်မစာမျက်နှာတွင် ရေးသားထားသည်မှာ -
နတ်ဘုရားရာထူး၏ မူလအစသည် မိုးနဲ့မြေမှ ဖြစ်ပြီး နတ်ဘုရားရာထူးများကြားတွင် အဆင့်အတန်းကွာခြားမှု မရှိပေ။ သို့သော် နတ်ဘုရားရာထူးတစ်ခုစီ၏ အကျိုးသက်ရောက်မှုကတော့ မတူညီကြသလို တန်ခိုးစွမ်းအားများသည်လည်း ကွဲပြားကြ၏။
နတ်ဘုရားရာထူး အနိမ့်အမြင့် ကွာခြားခြင်း မရှိသော်လည်း တန်ခိုးစွမ်းအား အနည်းအများက ကွာခြားမှု ရှိသည်ဟု ဆိုလိုသည်။
နတ်ဘုရားရာထူးများကို ချုပ်ကိုင်ထားသူများသည်လည်း တစ်စုံတစ်ရာ ဆက်စပ်မှုရှိနေနိုင်သည်။ တန်ခိုးစွမ်းအားမြင့်မားသူများ များစွာရှိခဲ့သော်လည်း သူတို့အားလုံးက မတူကွဲပြားကြသည်။ သို့ဖြစ်ရာ နတ်ဘုရားရာထူးများသည်လည်း တစ်ခုနှင့်တစ်ခု မတူညီဘဲ ကွဲပြားနေမည်မှာ သဘာဝကျသည်။
တူညီသော ကံကြမ္မာအခွင့်ကောင်းရောင်ဝါ ရရှိမည်ဆိုလျှင် နတ်ဘုရားရာထူး (၂) ခု ၊ သို့မဟုတ် (၃)ခုပင် ထွက်ပေါ်လာနိုင်သည်။
ထိုသို့ ထွက်ပေါ်လာသည့် နတ်ဘုရားရာထူးများသည် အခြေားသောနတ်ဘုရားရာထူးများနှင့် တူညီသော်လည်း တန်ခိုးစွမ်းအားကတော့ ကွဲပြားမည်ဖြစ်၏။
***
"ဒါဆိုရင် ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှာ နတ်ဘုရားရာထူး (၂)ခု ရှိနေတာက အဲဒီနန်းတော်ရဲ့ တန်ခိုးစွမ်းအားက နည်းပါးနေလို့များလား"
ကျန်းလန် တွေးလိုက်သည်။
နတ်ဘုရားရာထူး (၂) ခု ၊ သို့မဟုတ် (၃)ခု ထွက်ပေါ်လာရခြင်း အကြောင်းရင်းကို သူ ယခုမှ ပထမဆုံးအကြိမ် သိရှိခြင်း ဖြစ်သည်။ သူ၏ နတ်ဘုရားရာထူးတည်ရှိရာ ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်တွင် နတ်ဘုရားရာထူး (၂)ခု ရှိနေသည် မဟုတ်ပါလား။
ထိုသို့ဆိုလျှင် အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် နန်းတော်များတွင် ရှိနေသည့် တန်ခိုးစွမ်းအားနှင့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါက အထက်ပိုင်း ၊ အနိမ့်ပိုင်း ၊ လကျ်ာ ၊ လက်ဝဲ နန်းတော်များထက် ပိုမိုအားကောင်းနိုင်သည်။
အလယ်ပိုင်းနန်းတော်နှင့်ပတ်သက်၍ကတော့…
ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် မည်သူမှ ထိုနေရာကို တိုက်ရိုက်ရယူနိုင်ခြင်း မရှိသေးပေ။
ရှေးဟောင်းဧကရာဇ်အလယ်ပိုင်းနန်းတော်မှ နတ်ဘုရားရာထူးကို ယခင်က ပိုင်ဆိုင်ခဲ့သူသည် ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် ရှိနေသူများအားလုံးထက် သာလွန်သည်ဟု ဆိုလိုသည်လား။
အမှန်တော့ ယခု နတ်ဘုရားရာထူး ရရှိသူများသည် နတ်ဘုရားရာထူးများကို အမွေဆက်ခံနိုင်သူများသာ ရှိကြပြီး ချုပ်ကိုင်နိုင်ခြင်း မရှိကြသေးပေ။ ယခင်အချိန်များက နတ်ဘုရားရာထူးများကို ချုပ်ကိုင်ခဲ့သောသူများသည် ပျက်သုဉ်းတစ်စပြင်လောကကြီးမှ လက်ရှိကျင့်ကြံသူများထက် တန်ခိုးစွမ်းအားမြင့်မားသည်မှာ ဖြစ်နိုင်ခြေရှိသည်။
သို့ဆိုလျှင် ရှေးဟောင်းဧကရာဇ်နန်းတော် အဘယ့်ကြောင့် ပျက်စီးခဲ့ရပါသနည်း။
ကျန်းလန် စာမျက်နှာများကို ဆက်ဖတ်ကြည့်လိုက်သည်။ သူ နတ်ဘုရားရာထူးများအကြောင်းကို ပိုပြီး သိချင်နေသည်။
နောက်ဆုံးတော့ စာအုပ်ထဲတွင် အယူအဆတစ်ခုကို တွေ့လိုက်ရသည်။
ရှေးယခင် လူသားများ ထိန်းချုပ်ခဲ့သည့် နတ်ဘုရားရာထူးများသည် ယခုအချိန်တွင် ပိုင်ရှင်မဲ့ အခြေအနေဖြစ်နေခဲ့၏။ သို့သော် ကံကြမ္မာအခွင့်ကောင်းရောင်ဝါတစ်ခုသည် သတ်မှတ်ထားသည့် အချိန်တစ်ခုတွင် ဆင်းသက်လာမည် ဖြစ်သည်။
ထို ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ရရှိသူများသည် နတ်ဘုရားရာထူးနှင့် ချိတ်ဆက်ပြီး နတ်ဘုရားရာထူးဖြင့် ထိတွေ့ခွင့်ရရန် ကြားခံအဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့နောက် အသိအမှတ်ပြုခြင်းကိုခံရပြီး နတ်ဘုရားရာထူးကို အမွေဆက်ခံနိုင်မည် ဖြစ်သည်။
အမွေဆက်ခံမှု အောင်မြင်သည်ဆိုလျှင် နတ်ဘုရားရာထူး နာမည်တစ်ခု မွေးဖွားဖြစ်တည်လာပေလိမ့်မည်။
သို့ပေသိ နတ်ဘုရားရာထူးတစ်ခုကို အမွေဆက်ခံပါက ထိုသူများ နတ်ဘုရားရာထူးအားဖြင့် ကန့်သတ်ခံရပြီး လွတ်လပ်မှု ခေတ္တခဏ ဆုံးရှုံးမည် ဖြစ်သည်။
သို့ရာတွင် ခေတ္တခဏ လွတ်လပ်မှု ဆုံးရှုံးမည်ဆိုသည်က တိတိကျကျ ဘယ်လောက်ကြာမြင့်မည်လဲ။
မိုးနဲ့မြေတွင် ဘေးအန္တရယ်ကပ်ဆိုးကျရောက်မည့်အချိန် ၊ သို့မဟုတ် မိုးနဲ့မြေ၏ ကံကြမ္မာ ကမောက်ကမ ဖြစ်သွားသည့်အချိန် ၊ သို့မဟုတ် မဟာတာအိုတွင် အမည်မသိ ပြောင်းလဲမှုတစ်ခု ကြုံတွေ့ရသည့်အချိန်မျိုးကို ဆိုလိုခြင်း ဖြစ်နိုင်သည်။
မည်သည့်အရာမဆိုဖြစ်နိုင်ပြီး တိတိကျကျ သိရှိနိုင်ခြင်း မရှိပေ။
***
"ဒါက နည်းနည်းတော့ ထူးဆန်းတယ်"
ထိုစားများကို ဖတ်မိတော့ အနည်းငယ်ထူးဆန်းသလို ကျန်းလန် ခံစားလိုက်ရသည်။
သူ၏ နတ်ဘုရားရာထူးက မည်သည့်ချုပ်နှောင်မှုမှမရှိသလို အသိအမှတ်ပြုခြင်းလည်း မခံခဲ့ရပေ။ နတ်ဘုရားရာထူးက သူ့ထံတွင် တိုက်ရိုက်ထွက်ပေါ်လာခြင်း ဖြစ်သည်။
သူ ရရှိသည့် နတ်ဘုရားရာထူးက တစ္ဆေတိုင်းပြည်နှင့် ဆက်စပ်နေသော်လည်း သူက တစ္ဆေတိုင်းပြည်တွင် ပိတ်မိနေခြင်း မရှိပေ။
အတော်လေး ထူးဆန်းသည်ဟု ဆိုနိုင်သည်။
ကျရောက်လာမည့် ဘေးအန္တရယ်ကပ်ဆိုးများအကြောင်းကိုတော့ သူ သိရှိထားပြီးသား ဖြစ်၏။ မရဏလောကမှ တန်ခိုးစွမ်းအားရှင်ကလည်း ထိုအကြောင်း ပြောပြခဲ့သလို ဧကရာဇ်ယိုတုကလည်း ပြောပြခဲ့သည်။
ကျန်းလန် အများကြီး မစဉ်းစားတော့ဘဲ စာအုပ်ကို ဆက်ဖတ်သည်။
စာမျက်နှာတစ်ရွက်လှန်လိုက်ပြီးနောက် အသစ်အဆန်းအကြောင်းအရာတစ်ခုကို တွေ့လိုက်ရသည်။
နတ်ဘုရားရာထူးတစ်ခုအား အမွေဆက်ခံနိုင်မှုသည် ပထမခြေလှမ်းသာ ဖြစ်ပြီး နတ်ဘုရားရာထူး အမည်နာမတိုင်းတွင် ယခင် နတ်ဘုရားရာထူးပိုင်ရှင်၏ သဲလွန်စခြေရာများ ရှိနေမည်မှာ အသေအချာပင် ဖြစ်သည်။
ထို့ကြောင့် နတ်ဘုရားရာထူးကို အမွေဆက်ခံထားသူသည် နတ်ဘုရားရာထူးကို အပြည့်အ၀ ပိုင်ဆိုင်ထိန်းချုပ်လိုပါက ယခင်ပိုင်ရှင်၏ သဲလွန်စခြေရာများကို ဖယ်ရှားပစ်ရန် နည်းလမ်းတစ်လမ်းသာ ရှိ၏။
ထို့နောက် မိုးနဲ့မြေ၏ အသိအမှတ်ပြုမှုကို ရယူရပေမည်။
အလွယ်ကူဆုံးနည်းလမ်းမှာ မိုးနဲ့မြေမှ ရောင်ဝါများကို စုပ်ယူကာ နတ်ဘုရားရာထူးကို ကြွယ်ဝတိုးတက်စေပြီး မူလနေရာ ၊ မူလအနေအထားများအားလုံးကို ပြောင်းလဲစေနိုင်ပေလိမ့်မည်။ ထိုအရာများကို ပြုလုပ်ရန် တစ်ချက်ချင်း အသေးစိတ် အာရုံစိုက်ရမည် ဖြစ်သည်။
ထို့နောက်တွင်တော့ နတ်ဘုရားရာထူးကို အပြည့်အ၀ အမွေဆက်ခံနိုင်မည် ဖြစ်သည်။
လွတ်လပ်မှုရရှိရန် မိုးနဲ့မြေ၏ ရောင်ဝါကို စုပ်ယူရမည်ဆိုသည်မှာ ကောင်းကင်ဘုံ ၊ ပျက်သုဉ်းတစ်စပြင်လောကကြီးနှင့် မရဏလောကတို့မှ ရောင်ဝါများ ဖြစ်သည်။
ကောင်းကင်ဘုံရော မရဏလောကရော လျှို့ဝှက်ဆန်းကျယ်လှသည်။ လူတစ်ယောက်သည် နတ်ဘုရားရာထူးတစ်ခုကို ထိန်းချုပ်လိုလျှင် ထိုအရာများကို ရှောင်ရှားမရနိုင်ပေ။
***
ထိုနေရာအရောက်တွင် ကျန်းလန် စာအုပ်ကို ဆက်မလှန်တော့ဘဲ ရပ်တန့်လိုက်၏။
"လက်စသတ်တော့ ဒီလိုကိုး ၊ ဒါကြောင့် လူတွေခွန်လွန်တောင်ကိုလာပြီး ထူခြားတဲ့ရောင်ဝါကို လိုချင်တာ မအံ့သြတော့ပါဘူး ၊ အဋ္ဌမမင်းသားရော ၊ ဇာမဏီမျိုးနွယ်ကောင်မလေးပါ အဲဒီရောင်ဝါတွေကို စုပ်ယူနိုင်ခဲ့လို့ အရမ်းတန်ဖိုးရှိလာကြတယ်"
"ဒါက ခွန်လွန်တောင်မှာ ငရဲတံခါးရော ကောင်းကင်ဘုံတံခါးရော ရှိနေလို့ပဲ"
တွေးရင်းဖြင့် ကျန်းလန် တုန်လှုပ်သွားသည်။
ကျန်းလန် စိတ်ရှုတ်ထွေးသွားစေသည့်အချက်မှာ သူက ငရဲတံခါးအနားတွင် အမြဲတမ်း နေထိုင်သူ ဖြစ်သည်။ သို့ဆိုလျှင် သူက မည်သည့်ရောင်ဝါမှ အဘယ့်ကြောင့် မခံစားရပါသနည်း။
သို့တည်းမဟုတ် သူက နတ်ဘုရားရာထူးကို အပြည့်အ၀ အမွေဆက်ခံပြီးသွားပြီလား။ ဤသည်ကလည်း မဖြစ်နိုင်ပေ။
သူက နတ်ဘုရားရာထူးကို အမွေဆက်ခံပြီးသွားပြီဆိုလျှင် သူ၏ နတ်ဘုရားရာထူးက ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်တွင် တည်ရှိနေသေးကြောင့် အဘယ့်ကြောင့် ခံစားမိနေရပါသနည်း။ တစ်ခါမှ ချိတ်ဆက်မှုကို သူ ပိုင်ဆိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် နတ်ဘုရားရာထူးကို အပြည့်အ၀ မထိန်းချုပ်နိုင်သေးဟု ယူဆရမည်။
ပြီးတော့…
သူ၏နတ်ဘုရားရာထူးက ကန့်သတ်ချက်လည်းမရှိသလို မည်သည့်အရာမှခံစားရခြင်းမရှိသည့် တစ်ခုတည်းသော နတ်ဘုရားရာထူး အဘယ့်ကြောင့် ဖြစ်နေရပါသနည်း။
ဧကရာဇ်ရှီးဟယ်ကို မေးကြည့်လျှင် သိနိုင်သော်လည်း ယခုတော့ မေး၍မဖြစ်သေးပေ။ သူ တန်ခိုးစွမ်းအားမြင့်မားရန် လိုအပ်သည်။ တန်ခိုးစွမ်းအား မြင့်မားလာမှသာလျှင် သူ့အနေဖြင့် တစ်ဖက်လူနှင့် စကားပြောရန် အရည်အချင်း ပြည့်မီမည် ဖြစ်သည်။
အချိန်သိပ်မလိုတော့ပေ။ တာအိုအင်မော်တယ်ဖြစ်လာသည့်တစ်နေ့တွင် ဧကရာဇ်ရှီးဟယ်နှင့် စကားပြောရန် အရည်အချင်း ရှိလာပေလိမ့်မည်။
သို့မဟုတ် သူ ကောင်းကင်ဘုံတံခါးသို့ သွားရောက်နိုင်လျှင် တစ်စုံတစ်ခု သိခွင့်ရမည်လား။ တစ်စုံတစ်ခု သိခွင့်မရဘဲ ပြဿနာအကြီးကြီးတက်သွားခြင်းလည်း ဖြစ်လာနိုင်သည်။
ခွန်လွန်တောင်တွင် ကောင်းကင်ဘုံတံခါးနှင့် ငရဲတံခါး ရှိနေသည့်အတွက် အခြားသော အင်အားစုများက ပစ်မှတ်ထားကြသည်။ ဤပုံအတိုင်းဆိုလျှင် ခွန်လွန်တောင်သည် လူတိုင်း၏ ပစ်မှတ်ထားခြင်း ခံနေရမည် ဖြစ်သည်။
"ဒါပေမဲ့ ဘယ်သူကမှ ခွန်လွန်တောင်ကို မတိုက်ခိုက်ကြဘူး ၊ အကြောင်းတစ်ခုခုများ ရှိနေလို့လား"
သူတွေးသကဲ့သို့ ခွန်လွန်တောင်၏ အကြီးအကဲများနှင့် ပျက်သုဉ်းတစ်စပြင်လောကကြီးမှ အဓိကအင်အားစု ခေါင်းဆောင်များသည်လည်း တွေးမိကြမည်သာပင်။
သို့တိုင် ခွန်လွန်တောင်ကို ပစ်မှတ်ထားတိုက်ခိုက်ရန် မည်သူမှ မလှုပ်ရှားကြသည်မှာ နောက်ကွယ်တွင် အကြောင်းတစ်ခု ရှိရပေမည်။
***
နဝမတောင်ထွတ်တစ်နေရာ…
မေလိ ၊ ယန်လင်နှင့် ဟန်ချီတို့ အနားယူရင်း ထိုင်နေကြသည်။
သူတို့မျက်နှာများက ပြုံးနေကြလေသည်။ နောက်ဆုံးတော့ သူတို့ အစီအရင်ကို နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။
အလွန်ပင် မှော်ဆန်လွန်းလှသည်။
အစီအရင်များကို ထိုသို့သောပုံစံဖြင့် တည်ဆောက်နိုင်သည်ကို သူတို့ ပထမဆုံးအကြိမ် သိရှိခြင်း ဖြစ်သည်။ လုံး၀ ကွဲပြားခြားနားသည့် အစီအရင်တစ်ခုဖြစ်ပြီး အဆုံးမဲ့သော လျှို့ဝှက်ဆန်းကျယ်မှုများ ပါရှိသည်။
သူတို့ (၃)ယောက်လုံး အချိန်ပေါင်းများစွာ အာရုံစိုက်ခဲ့ကြပြီးနောက် ယခုမှ အနားယူနိုင်ခြင်း ဖြစ်သည်။
ဤနေရာက နဝမတောင်ထွတ်ဖြစ်လေရာ မရဏအငွေ့အသက်များဒဏ်ကိုလည်း ခံကြရလေသည်။ ထို့ကြောင့် အနားမယူဘဲ ဆက်လက်လေ့လာမည်ဆိုပါက သူတို့အတွက် အလွန်အန္တရယ်များသည်။
"ဂိုဏ်းတူအစ်မ ၊ ရင်ပြင်က အစီအရင်က တတိယအဆင့်အစီအရင်လို့ ပြောတယ်နော် ၊ ဒါဆို ပထမအဆင့်နဲ့ ဒုတိယအဆင့် အစီအရင်တွေက ဘယ်နေရာမှာလဲ"
ယန်လင်က စိတ်ဝင်တစားဖြင့် မေးမြန်းသည်။
သူမက ခဏစဉ်းစားပြီးမှ နောက်ထပ်မေးခွန်းတစ်ခုပါ ဆက်မေးသည်။
"ပြီးတော့ စတုတ္ထအဆင့်နဲ့ ပဉ္စမအဆင့် အစီအရင်တွေကရော ဘယ်နေရာမှာလဲ"
ကျောက်ဆောင်တစ်ခုထက်တွင်ထိုင်နေသည့် ရှောင်ယွိက ခေါင်းတစ်ချက်ခါယမ်းလိုက်ရင်း…
"စတုတ္ထအဆင့်နဲ့ ပဉ္စမအဆင့် အစီအရင်တွေက မရှိပါဘူး ၊ ဂိုဏ်းတူမောင်လေးက နဝမတောင်ထွတ်မှာ အဓိကအစီအရင် (၃)ခုပဲ ပြုလုပ်ထားတာပါ"
ယန်လင် : "……"
မေလိ : "……"
ဟန်ချီ : "……"
ရင်ပြင်ထက်မှ အစီအရင်က တတိယအဆင့်ဖြစ်သောကြောင့် သူတို့ စိတ်တည်ငြိမ်မှု ဆုံးရှုံးရသည်မှာ ပုံမှန်ပင်ဖြစ်သည်ဟု မိန်းကလေးများ ထင်မှတ်ခဲ့မိကြသည်။
သို့သော် နဝမတောင်ထွတ်တွင် အဓိကအစီအရင် (၃)ခုသာ ရှိသည်ဆိုလျှင်…
သူတို့အားလုံး ခဏမျှ စိတ်ဓာတ်ကျသွားကြသည်။
စွမ်းအားအနည်းဆုံးအဆင့် သတ်မှတ်ထားသည့် အစီအရင်သည်ပင် သူတို့ကို စိတ်ဓာတ်ပျက်ပြားစေခဲ့ကြောင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် နားလည်လိုက်ကြရပြီး ထိုအစီအရင်သည် အလွန်ပင်နက်နဲလွန်းသည်ဟု ခံစားလိုက်ကြရလေ၏။
***