သံမဏိလိုမာကျောသည့်နဂါးမယ်လေးရဲ့ဦးခေါင်း
Vol. 34 Ch. 469
"ဒါဆို ပထမအဆင့်နဲ့ ဒုတိယအဆင့် အစီအရင်တွေက ဘယ်နေရာမှာလဲ"
ဟန်ချီက မေးလိုက်သည်။
ရှောင်ယွိက...
"ပထမအစီအရင်က မရဏဂူနားက အစီအရင်ပါ ၊ ဒုတိယအစီအရင်ကတော့ ငါတို့နေတဲ့ ခြံဝင်းအပြင်ဘက်က အစီအရင်ပါ ၊ အဲဒီအစီအရင်ကို မက်မွန်ဝင်္ကပါအစီအရင်လို့လည်း ခေါ်တယ်"
ဤသည်က လျှို့ဝှက်ချက်မဟုတ်သလို ဖုံးကွယ်ထားစရာလည်း မလိုပေ။
တစ်ချိန်တည်းမှာပင် ထိုနေရာများသို့ သွားရောက်ပါက သတိထားရန် မှာကြားလိုက်သည်။
သတိလက်လွတ်ပြုမူမိပါက ထိုနေရာများက အန္တရယ်ရှိလေသည်။
အရင်က နဝမတောင်ထွတ်တစ်ခုလုံး မရဏအငွေ့အသက်များ ဖုံးလွှမ်းနေသည့်အတွက် ကျင့်ကြံသူများအတွက် အလွန်အန္တရယ်ကြီးသည်။ ယခုတော့ မရဏအငွေ့အသက်များသာမက အစီအရင်များပါ ရှိလာသဖြင့် ပို၍ပင် အန္တရယ်များသည်။
အထူးသဖြင့် မရဏအငွေ့အသက်များကို အစီအရင်နှင့် ပေါင်းစပ်လိုက်သည့်အခါ ပြောနေစရာပင် မလိုတော့ပေ။
မေလိက မယုံကြည်နိုင်ဟန်ဖြင့်…
"မက်မွန်ဝင်္ကပါက ဒုတိယအဆင့်ပဲ ရှိတယ် ၊ ဟုတ်လား"
ရှောင်ယွိ ခေါင်းညိတ်လိုက်သည်။
ထို့နောက် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အဖြစ်အပျက်တစ်ခုကို သတိရလိုက်မိသည်။
"အရင်က မက်မွန်တောအုပ်ထဲကို ဝင်ခဲ့ကြတဲ့သူတွေရှိပေမယ့် ဘယ်သူမှ ပြန်ထွက်မလာနိုင်ခဲ့ကြဘူး"
ယန်လင်းက…
"ကျွန်မသိတယ် ၊ အဲဒါ ဇာမဏီမျိုးနွယ်တွေ စိန်ခေါ်တုန်းကလေ"
ဟန်ချီက…
"ဟုတ်တယ် ၊ ကျွန်မလည်း အဲဒီအကြောင်း သိလိုက်တယ် ၊ ဝင်္ကပါထဲဝင်သွားတဲ့ ခွန်လွန်တောင်က တပည့်တွေ ဘယ်သူမှ ပြန်ထွက်မလာနိုင်ခဲ့ကြဘူး"
မေလိက…
"ဒါပေမဲ့ ကျွန်မတို့က ကြွားဝါပြောဆိုတာ မဟုတ်ပါဘူးနော် ဂိုဏ်းတူအစ်မ ၊ အဲဒီတုန်းက ဝင်္ကပါအစီအရင်ထဲဝင်သွားတဲ့သူတွေအားလုံးပေါင်းရင်တောင် အစီအရင်ပညာမှာ ကျွန်မတို့ကို မှီမယ်မထင်ဘူး"
ယန်လင်းက ခေါင်းညိတ်လိုက်ရင်း…
"အဲဒါတင် မဟုတ်သေးဘူး ၊ ကျွန်မတို့က အင်မော်တယ် မဖြစ်သေးပေမယ့် အစီအရင်ပညာမှာတော့ လူသားအင်မော်တယ်တွေနဲ့ အစစ်အမှန်အင်မော်တယ်တွေထက်တောင် သာသေးတယ် ၊ ကျွန်မတို့ထက်တော်တဲ့သူကို ဂိုဏ်းတူအစ်မ ရှာတွေ့နိုင်မှာ မဟုတ်ဘူး"
သူမက ဆက်ပြောသည်။
"ပြီးတော့ ကျွန်မတို့ အင်မော်တယ်အဆင့်တက်ဖို့ နောက်ကျနေရတာကလည်း ဒီနှစ်တွေမှာ အစီအရင်ပညာကို အာရုံစိုက်ပြီး လေ့လာနေကြလို့ပါ ၊ တကယ်ဆိုရင် ကျွန်မတို့က ဂိုဏ်းထဲဝင်တာ ဂိုဏ်းတူအစ်ကိုကျန်းလန်ထက် နည်းနည်းပဲ နောက်ကျတာလေ"
သူတို့ (၃)ယောက်က စကားပြောရင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာကြပုံရသည်။
တကယ်လည်း သူတို့ (၃)ယောက်က အစီအရင်ပညာတော်ရုံသာမက ကျင့်ကြံခြင်းတွင်လည်း ပါရမီရှင်များ ဖြစ်ကြသည်။ အစီအရင်ပညာကို အချိန်ပေးကာ လေ့လာမနေဘဲ ကျင့်ကြံခြင်းတစ်ခုတည်းသာ အာရုံစိုက်မည်ဆိုလျှင် အင်မော်တယ် ဖြစ်နေကြလောက်ပေပြီ။
တကယ့်ပါရမီရှင်များပါပေ။
ဟန်ချီက…
"ဟုတ်တယ် ၊ ဂိုဏ်းတူညီမလေးယန်လင်ပြောတာ မှန်တယ် ၊ အဲဒီတုန်းက မက်မွန်ဝင်္ကပါထဲ ဝင်ခဲ့ကြသူတွေထဲမှာ အစီအရင်ပညာ ကျွမ်းကျင်တဲ့သူတွေ ပါပေမယ့် ကျွန်မတို့လောက် တော်တဲ့သူ မပါဘူး ၊ ကျွန်မတို့ (၃)ယောက်သာ ပေါင်းလိုက်မယ်ဆိုရင် ယှဉ်နိုင်တဲ့သူ မရှိတော့ဘူး"
ပြီးမှ သူမက ဆက်ပြောသည်။
"ဂိုဏ်းတူအစ်ကိုကျန်းလန်က လွဲလို့ပေါ့လေ"
မေလိက…
"အင်း… ဟုတ်တယ် ၊ ပထမတောင်ထွတ်ကလည်း ဝင်္ကပါအစီအရင်တစ်ခု ချိုးဖျက်ဖို့ လူရှာသေးတယ်လေ ၊ အဲဒီတုန်းကလည်း အစီအရင်တောင်ကုန်းပေါ်ရောက်နေလို့ ကျွန်မတို့ မသွားခဲ့ရဘူး"
ယန်လင်က…
"ဒါပေမဲ့ အချိန်အကြာကြီးနေတာတောင်မှ ဘယ် ဂိုဏ်းတူအစ်ကိုအစ်မတွေမှ ပထမတောင်ထွတ်က အစီအရင်ကို မဖြေရှင်းနိုင်ခဲ့ကြဘူး "
ဟန်ချီက…
"ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ပညာတော်တာကို အားလုံးက အသိအမှတ်ပြုထားပြီးသားပါ ၊ ပြိုင်ဘက်တွေကိုတောင် ကျွန်မတို့က ကျော်တက်ခဲ့တာလေ"
သူမတို့က ကြွားဝါခြင်းအလျဉ်းမရှိဘဲ အမှန်အတိုင်း ပြောနေကြခြင်း ဖြစ်သည်။
ရှောင်ယွိက…
"ဒါဖြင့် မင်းတို့ (၃)ယောက် ဘာလို့ ပထမတောင်ထွတ်ကို မသွားခဲ့တာလဲ ၊ ပြီးတော့ ပထမတောင်ထွတ်မှာ ဝင်္ကပါအစီအရင် ရှိနေတာလား"
သူတို့ (၃)ယောက် စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ရပ်လိုက်ကြသည်။
အမှန်တော့ ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် ယခုလို စကားပြောခွင့်ရနေသည်ကို သူတို့ စိတ်လှုပ်ရှားနေကြခြင်း ဖြစ်၏။
မေလိက…
"ပထမတောင်ထွတ်မှာ ဘာပြဿနာဖြစ်နေလဲဆိုတာ မသိပေမယ့် အဲဒီမှာ အစီအရင်တွေ ၊ စည်းတံဆိပ်တွေပေါ်လာတတ်တဲ့ နေရာတစ်ခု ရှိတယ် ၊ နောက်နှစ်နည်းနည်းလောက်ဆိုရင် ဆရာက ကျွန်မတို့ကို အဲဒီကို ပို့ပေးမယ်လို့ ပြောတယ်"
သူမက ခဏမျှ စဉ်းစားလိုက်ရင်း…
"အဲဒါကြောင့်လည်း ဆရာက ပထမတောင်ထွတ်ကို မသွားခင် နဝမတောင်ထွတ်ကို စေလွှတ်လိုက်တာ ဖြစ်နိုင်တယ်"
ရှောင်ယွိ ခေါင်းညိတ်လိုက်သည်။
သူမက ပထမတောင်ထွတ်နှင့် ကျွမ်းဝင်ရင်းနှီးသူ မဟုတ်သည့်အတွက် ထိုအကြောင်းကို ခေါင်းထဲသိပ်မထားမိပေ။
***
ခြံဝင်းထဲတွင်…
ကျန်းလန် စာအုပ်ကို ဖြည်းညင်းစွာ ပိတ်လိုက်သည်။
ယခု နတ်ဘုရားရာထူးနှင့်ပတ်သက်သည့် သဘောတရားများကို အကြမ်းဖျင်းသဘောပေါက်သွားပြီ ဖြစ်သည်။
နတ်ဘုရားရာထူးများကို ရှေးဟောင်းဧကရာဇ်နန်းတော်က ထိန်းချုပ်ထားခဲ့သည်။ ထိုရာထူးများသည် ကောင်းကင်ဘုံမှ ပျက်သုဉ်းတစ်စပြင်လောကြီးသို့ ဆင်းသက်လာပြီး မိုးနဲ့မြေတွင် ပြောင်းလဲမှုများကို ဖြစ်ပေါ်စေသည်။ အခြေခံအကြောင်းရင်းမှာ ရှေးဟောင်းဧကရာဇ်နန်းတော်သည် ကြိုတင်သိမြင်နိုင်ခြင်းမရှိသည့် အဖြစ်အပျက်တစ်ခုနှင့် ရင်ဆိုင်ခဲ့ရပြီး ယခုအခါ နတ်ဘုရားရာထူးများတွင် ပိုင်ရှင်မရှိတော့ပေ။
နတ်ဘုရားရာထူးတစ်ခုကို အမွေဆက်ခံသူသည် ရှေးဟောင်းဧကရာဇ်နန်းတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး ကောင်းကင်ဘုံနှင့် မရဏလောက၏ အကူအညီကို လိုအပ်သည်။
ကျန်းလန်အမြင်အရဆိုလျှင် နတ်ဘုရားရာထူးတစ်ခု၏ တန်ခိုးစွမ်းအားက အရေးမကြီးလှပေ။ ထိုအရာ၏ နောက်ကွယ်မှကိစ္စရပ်ကသာ အရေးကြီးခြင်း ဖြစ်သည်။
နတ်ဘုရားရာထူးဆိုသည်က နယ်ပယ်အသစ် ၊ အဆင့်အသစ်တစ်ခုကို ဖွင့်လှစ်ရန်အတွက် အရေးကြီးသည့် လမ်းကြောင်းတစ်ခု ဖြစ်သည်ဟု ဆို၏။
ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် ကျင့်ကြံသူတစ်ယောက် မရောက်ရှိနိုင်သည့် အဆင့်တစ်ခု ရှိသည်။ အဘယ်ကြောင့်ဆိုသော် လမ်းကြောင်းပျောက်ဆုံးနေသောကြောင့် ဖြစ်သည်။
ထိုလမ်းကြောင်းကို ဖွင့်လှစ်ရန်အတွက် နတ်ဘုရားရာထူးက အရေးကြီးသည့် သော့ချက်ပင် ဖြစ်၏။
နတ်ဘုရားရာထူးကို ပိုင်ဆိုင်ထားခြင်းက ထိုလမ်းကြောင်းကို လျှော်ကလှမ်းနိုင်ရန် အရည်အချင်းများကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ နတ်ဘုရားရာထူးကို သိမ်းပိုက်လိုက်ခြင်းက ထိုလမ်းကြောင်း၏ ကနဦးခြေလှမ်းကို သိမ်းပိုက်လိုက်ခြင်း ဖြစ်ပြီး အလွန်တရာလည်း အန္တရယ်များသည်။
အကြောင်းမှာ နတ်ဘုရားရာထူးက အနည်းငယ်သာရှိပြီး လိုချင်သူမက်မောသူက များစွာ ရှိနေသောကြောင့်ပင်။ အားနည်းသူတစ်ယောက်က နတ်ဘုရားရာထူးကို ပိုင်ဆိုင်ထားလျှင် အခြားသော တန်ခိုးစွမ်းအားရှင်များက ထိုသူပိုင်ဆိုင်သည့် နတ်ဘုရားရာထူးကို သိမ်းပိုက်ရန် သတ်ဖြတ်ပစ်ကြပေမည်။
နတ်ဘုရားရာထူးများက တန်ခိုးစွမ်းအားကွာခြားသော်လည်း အဆင့်အတန်းက အတူတူပဲ ဖြစ်သည်။
ဤအကြောင်းများကို သိရှိပြီးနောက်ပိုင်း ကျန်းလန်သည် အန္တရယ်အငွေ့အသက်ကို ချက်ချင်း ခံစားလိုက်ရသည်။ သူ့တွင် နတ်ဘုရားရာထူး ပိုင်ဆိုင်ထားသည်ကို လွယ်လွယ်နှင့် ထုတ်ဖော်ပြ၍ မဖြစ်နိုင်ပေ။
သူ့အကြောင်းသာ ပေါ်သွားမည်ဆိုလျှင် ပြဿနာအကြီးအကျယ် တက်သွားနိုင်သည်။
"လက်ရှိ ခွန်လွန်တောင်မှာ ငါ့အကြောင်းသိတဲ့သူဆိုလို့ ဆရာတစ်ယောက်ပဲ ရှိတယ် ၊ တခြားသူတွေကတော့ ငါ့ကို သံသယတောင်ဝင်ကြမှာ မဟုတ်ဘူး ၊ ငါ ပိုပြီး သိုသိုသိပ်သိပ်နေရမယ်"
ကျန်းလန် တွေးလိုက်သည်။
ယခင်ကတည်းက နတ်ဘုရားရာထူးက အန္တရယ်ရှိသည်ဟု ခံစားခဲ့ရသော်လည်း မည်သို့သောအန္တရယ်ဖြစ်ကြောင်း သူ မသိရှိခဲ့ပေ။
ယခု သူက တန်ခိုးစွမ်းအားမမြင့်မားသည့်တိုင် တန်ခိုးစွမ်းအားရှင်များ မက်မောကြသည့် သော့ချက်ကို ဆုပ်ကိုင်ထားခဲ့သည်။
ရှောင်ယွိကတော့ သူ၏ ကျင့်ကြံခြင်းအဆင့်ကိုသာ သိရှိပြီး နတ်ဘုရားရာထူးအကြောင်းကို မသိရှိပေ။ သူက ထိုအကြောင်း သူမကို ပြောမပြသည့်တိုင် သူမကို ထိခိုက်မှုရှိမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ သူ ပိုပြီး ကြိုးစားကျင့်ကြံကာ တာအိုအင်မော်တယ်အဆင့်သို့ အမြန်ဆုံးတက်ရောက်ရန် အားထုတ်ရမည် ဖြစ်သည်။ တာအိုအင်မော်တယ်ဖြစ်လာသည်နှင့် အပြင်းထန်ဆုံး တန်ခိုးစွမ်းအားရှင်များကို တိုက်ထုတ်ရန် စွမ်းအားရှိလာမည် ဖြစ်သည်။
"ငါတို့တွေ လက်လှမ်းမမီနိုင်တဲ့ အဆင့်နယ်ပယ်ဆိုတာက ဘာလဲလို့ တွေးမိတယ် ၊ အဲဒါ သူတော်စင်အဆင့်ကို ပြောတာလား"
သူက တာအိုအင်မော်တယ် ဖြစ်မလာသေးသော်လည်း သူတော်စင်အဆင့်ရောက်ရှိရန် မလွယ်ကူကြောင်း နားလည်ထားသည်။
ဤသည်က သတိထားရမည့်အချက်များဖြစ်ပြီး အလွန်အမင်း စိုးရိမ်နေစရာတော့ မလိုပေ။ နဝမတောင်ထွတ်တွင် လျှို့ဝှက်စွာနေထိုင်နေသရွေ့ အန္တရယ်များကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
မရှောင်နိုင်လျှင်လည်း ရဲရဲရင်ဆိုင်လိုက်ရုံသာ ရှိ၏။ အချို့ကိစ္စများက ရှောင်တိမ်းနေသည်ထက် ထိပ်တိုက်ရင်ဆိုင်ရသည်က ပိုကေင်းသည်ပင်။
ထို့ပြင် ဧကရာဇ်ရှီးဟယ်ကို လုံး၀ လျှော့တွက်၍ မရပေ။ သူက ခွန်လွန်တောင်တွင် အခြားသူများထက် သာလွန်သူ ဖြစ်သည်။
ပြီးတော့…
ဧကရာဇ်ရှီးဟယ်က "ရှေးဟောင်းဧကရာဇ်အလယ်ပိုင်းနန်းတော်" ကို ပစ်မှတ်ထားခြင်း ဖြစ်နိုင်သည်။
"နတ်ဘုရားရာထူးများ၏နိယျာမများ" ဆိုသည့် စာအုပ်ထဲတွင် ရှေးဟောင်းဧကရာဇ်အလယ်ပိုင်းနန်းတော်မှ နတ်ဘုရားရာထူးကို မည်သို့ရယူနိုင်သည်ကို တိုက်ရိုက်ရေးသားထားခြင်းမရှိသော်လည်း သွယ်ဝိုက်၍ ရှင်းပြထားသည်။
ကျန်းလန်၏ ကိုယ်ပိုင်နားလည်မှုအရဆိုလျှင် အလယ်ပိုင်းနန်းတော်သို့ သွားရောက်ရန်အတွက် အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် နန်းတော် (၄)ခုအနက် တစ်ခုခုမှ စတင်ရမည ်ဖြစ်သည်။ နည်းလမ်းကတော့ အနည်းငယ် ရှုတ်ထွေးပုံပေါ်သည်။
ဧကရာဇ်ရှီးဟယ်ကတော့ ဤကိစ္စများကို ကြိုတင်စီစဉ်ထားလောက်ပေပြီ။
ကျန်းလန် စာအုပ်ကို သိမ်းဆည်းလိုက်ပြီး သားရဲဥလေးနှင့် ရေသဖန်းပင်လေးရှိရာသို့ လျှောက်လာခဲ့သည်။ ယခုနှစ်များအတွင်း ထိုအရာလေးများ ညှိုးနွမ်းနေခြင်းမရှိဘဲ ပုံမှန်ပင် အသက်ရှင်သန်နေခဲ့သည်။
သို့သော် ဝိညာဉ်ဆေးရည်များ လောင်းမပေးလျှင် သူတို့၏ အသက်ဓာတ်စွမ်းအားများ အားနည်းလာတတ်လေရာ ရှောင်ယွိက သူတို့ကို ဂရုစိုက်ပြီး ဝိညာဉ်ဆေးရည်များ လောင်းပေးလေ့ ရှိ၏။
မည်သို့ပင်ဖြစ်စေ နှစ်ပေါင်း (၅၀၀)ကျော် ၊ (၆၀၀) အထိ ထိုအရာလေးများ အသက်ဆက်လက်ရှင်သန်နိုင်သည်မှာ အမှန်တကယ်ပင် ထူးဆန်းလွန်းသည်။
တွေးရင်းဖြင့် ကျန်းလန်က ထိုအရာလေးများပေါ်သို့ ဝိညာဉ်ဆေးရည်များ လောင်းချပေးလိုက်သည်။
သို့သော်…
ကျန်းလန် မက်မွန်တောရှိရာသို့ လှမ်းကြည့်လိုက်သည်။
"ဟင်… အစီအရင်ထဲကို တစ်ယောက်ယောက် ဝင်လာပါလား"
သူ အတော်လေး အံ့အားသင့်သွားသည်။
သူက အစီအရင်ကို သာမန်အပေါ်ပိုုင်းအလွှာတစ်ခုသာ ဖွင့်လှစ်ထားသော်လည်း အခြားသူများ ဖြတ်ကျော်ဝင်ရောက်လာနိုင်မည် မဟုတ်ပေ။ ယခု မည်သူက ဝင်ရောက်လာရပါသနည်း။
ဆရာဒေါ်လေးမြောင်ယွဲ့ကတော့ အစီအရင်ကို ချိုးဖျက်စရာပင်မလိုဘဲ ဝင်ရောက်လာနိုင်သူ ဖြစ်သောကြောင့် ထည့်ပြောနေစရာ မလိုပေ။
ထိုစဉ် သူ့ထံသို့ အပြေးအလွှား ရောက်ရှိလာသည့် ရှောင်ယွိကို တွေ့လိုက်ရသည်။
"ဂိုဏ်းတူမောင်လေး ၊ ကျွန်မ မေးပြီးပြီ သိလား"
သူမကို အူကြောင်ကြောင်ဖြင့် ကြည့်နေသည့် ကျန်းလန်ကို တွေ့ရသည့်အခါ တစ်ခုခု လွဲနေပြီ ဖြစ်ကြောင်း ရှောင်ယွိ သိလိုက်သည်။
ကျန်းလန် သတိပြန်ဝင်လာစေရန်အတွက် သူမက ကျန်းလန်ဖူးကို သူမနဖူးဖြင့် ခုန်တိုက်ပစ်လိုက်လိုက်သည်။
"ခွပ်…"
"အား… နာလိုက်တာ"
ရှောင်ယွိ နာကျင်စွာ အော်လိုက်၏။
ကျန်းလန် : "……"
"နဂါးမလေးရဲ့ခေါင်းက သံမဏိလိုပဲ မာကျောလိုက်တာ"
ကျန်းလန် တွေးလိုက်သည်။
ပြီးမှ တိုးလျသည့်လေသံဖြင့်…
"ဂိုဏ်းတူအစ်မ ဘာမေးပြီးတာလဲ"
ထို့နောက် နာကျင်သွားသည့် ရှောင်ယွိနဖူးလေးကို အနာသက်သာစေရန် ခပ်ဖွဖွပွတ်သပ်ပေးလိုက်သည်။
နာသွားသည်ဆိုသော်လည်း သူမနဖူးက နီရဲဖူးယောင်နေခြင်း မရှိပေ။ နီရဲဖူးယောင်လာစေချင်လျှင်တော့ နဂါးသုတ်သင်ဓားဝိညာဉ်ထည့်သွင်းထားသည့် သစ်သားဓားဖြင့် နှစ်ချက်ခန့် ထုလိုက်ရပေလိမ့်မည်။
ရှောင်ယွိက…
"သူတို့ရဲ့ နောက်ခံဇာစ်မြစ်တွေကို ကျွန်မ မေးလာခဲ့တယ်"
သူမ နဖူးဖြင့်တိုက်လိုက်သည့်အတွက် နာသွားသလားဆိုသည့်ဟန်ဖြင့် ရှောင်ယွိက ကျန်းလန်နဖူးကို အသာထိကိုင်ကြည့်လိုက်သည်။
ထို့နောက် သူမက ခြေဗလာဖြင့် စားပွဲထက်သို့ ခုန်တက်လိုက်ပြီး ကျန်းလန်ကို ငုံ့မိုးကြည့်လိုက်လေ၏။
***