← Chapters

နဝမတောင်ထွတ်က ကျွန်မကိုသတိထားနေကြတယ်

Vol. 34 Ch. 470

နဝမတောင်ထွတ်က ကျွန်မကိုသတိထားနေကြတယ်

Vol. 34 Ch. 470

ကျန်းလန်က စားပွဲတွင် ဝင်ထိုင်လိုက်၏။

ရှောင်ယွိက သူ့ရှေ့တွင် ရပ်နေလေရာ သူက ထိုင်လိုက်သည်နှင့် ရှောင်ယွိက သူ့ဘေးတွင် မတ်တတ်ရပ်လိုက်သည်။ ထို့နောက် သူမက သူ့ကို ငုံ့မိုးကြည့်လိုက်၏။

သူမက ဂိုဏ်းတူအစ်မဖြစ်သည့်အတွက် ကျန်းလန်အပေါ် အထက်စီးမှဆက်ဆံချင်ဟန် မာနရှိပုံရသည်။

ကျန်းလန်က သူမကို ခေါင်းမော့ကြည့်လိုက်ရင်း…

"ဂိုဏ်းတူအစ်မ ပြောလို့ရပြီ"

သူမက မာနကြီးသည့် ရှောင်ယွိလေးနှင့် ဖက်ပြိုင်ရန် ဆန္ဒမရှိပေ။ ဤအတိုင်း မာနကြီးသူလေးကို အလျှော့ပေးထားရသည်မှာ ကောင်းပါသည်။

ကျောက်စိမ်းရေကန်တွင်နေသည့် နဂါးမယ်လေးသည် ယခင်ကထက် ရင့်ကျက်လာဟန်ရှိသော်လည်း ကလေးဆန်သည့် စိတ်ထားလေးကတော့ မပျောက်သေးပေ။ ကျန်းလန်ကလည်း သူမစိတ်ထားလေး ပျက်စီးသွားအောင် မလုပ်ရက်ပေ။

ရှောင်ယွိက သူမ၏ သစ်သားဓားကို ထုတ်ယူလိုက်ပြီး ကျောက်စားပွဲထွက်တွင် စက်ဝိုင်းပုံသဏ္ဌတန်တစ်ခု ရေးခြစ်လိုက်သည်။

"သူတို့ (၃)ယောက်ထဲမှာ အသက်အကြီးဆုံးဖြစ်တဲ့ မေလိက အရမ်းရိုးရှင်းတဲ့ နောက်ခံဇာစ်မြစ်ရှိတယ်"

ကျန်းလန်က ဂရုတစိုက်နားထောင်နေစဉ် သူမက ဆက်ပြောသည်။

"သူ့ကို သေမျိုးလူသားလောကက ရောက်လာတာ ၊ ခွန်လွန်တောင်က သူ့ကို တပည့်အဖြစ်ရွေးခြယ်လိုက်တာ အခုဆိုရင် နှစ်ပေါင်း (၆၀၀) ကျော်ခဲ့ပြီ ၊ သူမ အစီအရင်တောင်ကုန်းအဆုံးထိ တက်နိုင်ခဲ့တယ် ၊ ကျင့်ကြံခြင်းအပိုင်းမှာရော အစီအရင်ပညာမှာရော သူမက အံ့သြစရာကောင်းလောက်အောင် တော်လွန်းခဲ့တယ် ၊ နောက်ဆုံးမှာ ဆရာဒေါ်လေးမြောင်ယွဲ့က သူ့ကို တပည့်အဖြစ် လက်ခံခဲ့တယ်"

ရှောင်ယွိက ခဏနားပြီး ဆက်ပြောသည်။

"ကျွန်မအံ့အားသင့်တာက သူ့မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀၀) ကတည်းက တာအိုလက်တွဲဖော် ရှိနေခဲ့တာပဲ ၊ အဲဒီ ကျင့်ကြံသူကလည်း မေလိနဲ့ မွေးရပ်မြေအတူတူပဲ ၊ အရမ်းတော်တဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ပြီး အခု လူသားအင်မော်တယ်တောင် ဖြစ်နေပြီတဲ့"

ကျန်းလန်က…

"ဘယ်သူက သူ့ကို ခွန်လွန်တောင် ခေါ်လာတာလဲ"

ရှောင်ယွိက သိပ်မသိဟန် ခေါင်းခါယမ်းလိုက်ရင်း…

"ပထမတောင်ထွတ်က အကြီးအကဲတစ်ယောက် ဖြစ်မယ်ထင်တယ်"

ကျန်းလန်က ထပ်မမေးတော့ဘဲ အဆုံးသတ်စကား ပြောလိုက်သည်။

"ကြည့်ရတာ သူကတော့ ဆရာ့သမီး မဖြစ်နိုင်ဘူး ၊ ကျန်တဲ့နှစ်ယောက်ကရော အခြေအနေ ဘယ်လိုရှိလဲ"

ရှောင်ယွိက ထိုင်ခုံတစ်လုံးတွင်ဝင်ထိုင်လိုက်ပြီး ကျန်းလန်၏ ပခုံးကို ခေါင်းမှီထားလိုက်သည်။

"ယန်လင်းက သူတို့ (၃)ယောက်ထဲမှာ အသက်အငယ်ဆုံးပဲ ၊ ဒါပေမဲ့ သူကလည်း ဆရာဦးလေးနဲ့ ဆရာဒေါ်လေးရဲ့ သမီး မဖြစ်နိုင်ဘူး"

သူမက ဆက်ပြောသည်။

"သူက စတုတ္ထတောင်ထွတ်က အကြီးအကဲတစ်ယောက်ရဲ့ သမီးပဲ ၊ အစီအရင်ပညာကို အရမ်းဝါသနာပါတာကြောင့် သူ့မိဘတွေက ပဉ္စမတောင်ထွတ်မှာ ပညာသင်ယူစေခဲ့တယ် ၊ နောက်ဆုံးမှာတော့ ဆရာဒေါ်လေးမြောင်ယွဲ့က သူ့ကို တပည့်အဖြစ် လက်ခံခဲ့တယ် ၊ သူ့မိဘအရင်းတွေက ခွန်လွန်တောင်မှာ အခုထိ သက်ရှိထင်ရှားရှိနေတာဆိုတော့ … သူလည်း မဖြစ်နိုင်ဘူး"

ရှောင်ယွိက ပြောပြီးသည်နှင့် ကျန်းလန်၏ လည်ပင်းကို ဖက်တွယ်ကာ အနောက်မှ ခိုစီးလိုက်သည်။ သို့သော် ရှောင်ယွိ ခန္ဓာကိုယ်က အလေးချိန်သိပ်မရှိသဖြင့် အဆင်ပြေလေသည်။

သူက မိန်းကလေး (၃)ယောက်ထဲမှ အလတ်တစ်ယောက်ကို စိတ်ဝင်စားသွားမိသည်။

"ဒါဖြင့် ဒုတိယတစ်ယောက်ရော ဘယ်လိုလဲ ၊ သူက ပြဿနာ ရှိလား"

ရှောင်ယွိက အကြီးဆုံးတစ်ယောက်နှင့် အငယ်ဆုံးတစ်ယောက်အကြောင်း ပြောပြပြီး အလတ်တစ်ယောက်ကို ချန်ထားခဲ့သည်မှာ အကြောင်းတစ်ခုခု ရှိရပေမည်။

ရှောင်ယွိက ကျန်းလန်ဘေးနားတွင် ပြန်ထိုင်ချလိုက်ရင်း…

"ဟုတ်တယ် ၊ သူက ပြဿနာရှိတယ်"

ထို့နောက် သူမက ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…

"ကျွန်မနားလည်သလောက် ဟန်ချီက ပြဿနာအကြီးကြီး ရှိတယ်"

ခဏနားပြီးမှ သူမက စကားဆက်ပြော၏။

"တောရိုင်းကန္တာရထဲကနေ ဆရာဒေါ်လေးမြောင်ယွဲ့က သူ့ကို ခေါ်လာတာလို့ ပြောတယ် ၊ သူ လူမှန်းသိတတ်စကတည်းက အဲဒီနေရာမှာ နေတာဆိုပေမယ့် လူသူတစ်ယောက်မှ မရှိဘူးတဲ့ ၊ နေရာတစ်ခုလုံးက ကျောက်သားတောင်ကြောတွေဆိုတော့ ညှိုးလျော်နေတဲ့ သစ်ပင်တွေပဲ ရှိတာတဲ့"

"သူ့ရဲ့မွေးစားအဖေပြောခဲ့တဲ့စကားအရဆိုလျှင် အဲဒီနေရာမှာ လူသားတွေ လုံး၀ မနေထိုင်ဘူးတဲ့လေ ၊ ဒါဆိုရင် သူက ဘယ်လိုလုပ် အဲဒီနေရာမှာ ရှိနေရတာလဲ ၊ ပြီးတော့ ဆရာဒေါ်လေးမြောင်ယွဲ့နဲ့သာမတွေ့ရင် သူ အဆာငတ် ရေငတ်နဲ့ (၃)ရက်လောက်ပဲ အသက်ရှင်နိုင်တော့မှာတဲ့"

ကျန်းလန်က မျက်မှောင်ကြုတ်လိုက်ရင်း

"ဒါ နည်းနည်းတော့ ထူးဆန်းတယ်"

ဆရာဖြစ်သူ၏သမီးက ထိုမိန်းကလေး (၃)ယောက် မဟုတ်နိုင်သော်လည်း ဟန်ချီ၏ နောက်ခံဇာစ်မြစ်က ထူးခြားသည် အမှန်ပင်။

ကျန်းလန်က…

"တခြားရော ဘာထူးခြားတာရှိသေးလဲ"

"ရှိတယ်…"

ရှောင်ယွိက ကျန်းလန် ထိုမေးခွန်းမေးလာမည်ကို စောင့်နေခြင်းပင်။

"သူ့ရဲ့လက်မောင်းမှာ မွေးရာပါသင်္ကေတတစ်ခုပါတယ် ၊ ကျွန်မ အဲဒီသင်္ကေတကို မြင်လိုက်ရတယ် ၊ အဲဒါက သဲလွန်စတစ်ခု ဖြစ်နိုင်တယ်"

ကျန်းလန်က ရှောင်ယွိကို ကြည့်လိုက်ရင်း…

"ဂိုဏ်းတူအစ်မ ၊ အဲဒီသင်္ကေတကို မှတ်မိသေးလား"

ထိုစကားကိုကြားတော့ ရှောင်ယွိက ပြုံးလိုက်ရင်း…

"ကျွန်မက ဂိုဏ်းတူမောင်လေး မေးမှာကို စောင့်နေတာ ၊ ရှင်မေးမှာသိလို့ ကျွန်မ မှတ်လာခဲ့တယ်"

စကားဆုံးသွားသည်နှင့် သူမက စားပွဲကို လက်ဖြင့်အသာဖိလိုက်ရာ စားပွဲထက်တွင် ရှုတ်ထွေးသည့် သင်္ကေတစ်ခု ပုံစံပေါ်လာသည်။

မူရင်းသင်္ကေတနှင့်အနည်းငယ်ကွဲပြားဟန်ရှိသော်လည်း အဓိကမျဉ်းကြောင်းများကတော့ တူညီသည်။ ထိုသင်္ကေတကိုတွေ့သည်နှင့် ကျန်းလန် မျက်မှောင်ကြုတ်လိုက်မိသည်။

ထိုသင်္ကေတကို ကျန်းလန် မြင်ဖူးလေသည်။ ရှေးဟောင်းဧကရာဇ်နန်းတော်အကြောင်း ရေးသားထားသည့် စာအုပ်ထဲတွင် ထိုသေင်္ကတကို တွေ့မြင်ဖူးခြင်း ဖြစ်သည်။

ထိုသင်္ကေတက မိုးကောင်းကင်ခုံရုံးကို ကိုယ်စားပြုသည်။ သို့ပေသိ အတိအကျ တူညီခြင်းမရှိဘဲ အနည်းငယ် ကွဲပြားနေသည်။

ဤသင်္ကေတက အစီအရင်တစ်ခုလား။

ကျန်းလန်က စားပွဲထက်မှ သင်္ကေတကို လက်ဖြင့်အသာထိကိုင်ကြည့်လိုက်သည်။

ချက်ချင်းပင် ထိုသင်္ကေတက အလွန်လျှင်မြန်စွာ လှုပ်ရှားသွားပြီး သူ၏ နတ်ဘုရားရာထူး ဖွင့်လှစ်ခြင်းကို ခံလိုက်ရသည်။ ထိုသင်္ကေတက အစီအရင်တစ်ခုအလား ဖြစ်လေသည်။

ကျန်းလန် ချက်ချင်းပင် လက်ကို ပြန်လည် ရုတ်သိမ်းလိုက်ပြီး သင်္ကေတထဲမှ အစီအရင်အသက်ဝင်လာခြင်းကို တားဆီးလိုက်သည်။

"ကြည့်ရတာ ဆရာဒေါ်လေးမြောင်ယွဲ့က ကိုယ်တို့ကို နောက်နေတာဖြစ်ရမယ် ၊ ဒီ ဂိုဏ်းတူညီမလေးရဲ့ ဇာစ်မြစ်က ထူးခြားတာမှန်ပေမယ့် ဆရာနဲ့ ဆရာဒေါ်လေးမြောင်ယွဲ့တို့ရဲ့သမီး မဖြစ်နိုင်ဘူး"

ကျန်းလန်က သင်္ကေတအစီအရင်ကို အံ့အားသင့်စွာဖြင့်ကြည့်ရင်း ဆိုလိုက်သည်။

သူ့အနေဖြင့် ရှေးဟောင်းဧကရာဇ်နန်းတော်နှင့် ပတ်သက်သည့် သင်္ကေတများနှင့် ပထမဆုံး ထိတွေ့ဖူးခြင်း ဖြစ်သည်။

သို့ပေသိ ဆရာဒေါ်လေးမြောင်ယွဲ့ကတော့ သေချာပေါက် ဤသင်္ကေတကို သိမည်ပင်။ ထိုသင်္ကေတကို ဟန်ချီ၏လက်မောင်းထက်တွင် သူမ ထည့်သွင်းပေးလိုက်ခြင်းလား မသေချာပေ။

သူ့အနေဖြင့် ပိုပြီး သတိထားရန် လိုအပ်သည်။

ရှောင်ယွိက မေးဖျားလေးကို လက်ဖြင့်ထောက်ရင်း ကျန်းလန်ကို ကြည့်လိုက်သည်။

"ထူးခြားတယ် ဟုတ်လား"

"အင်း…"

ထို့နောက် ကျန်းလန်က ကောင်းကင်ထက်သို့ လက်ညှိုးထိုးပြလိုက်ရင်း…

"အဲဒီနေရာနဲ့ တစ်ခုခု သက်ဆိုင်နေတယ်"

ရှောင်ယွိက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ရင်း…

"အပေါ်မှာ ဟုတ်လား"

ကျန်းလန်က…

"အဲဒီမှာ ကောင်းကင်ဘုံရှိတယ်"

ရှောင်ယွိက ကျန်းလန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

သူမ ဆက်မမေးတော့ပေ။ ကောင်းကင်ဘုံဆိုသည်က သူမအတွက် အလွန်အလှမ်းဝေးလွန်းလေသည်။

***

အချိန် (၁)လခွဲခန့် ကြာပြီးနောက်…

ကျန်းလန် မရဏဂူဆီသို့ ထွက်လာခဲ့သည်။

သူ ကျင့်ကြံရမည်ဖြစ်ပြီး ရှောင်ယွိ ယူလာသော မိုးကောင်းကင်ခုံရုံး သင်္ကေတကိုလည်း လေ့လာကြည့်ချင်မိသည်။ ရှောင်ယွိကတော့ ဆရာဖြစ်သူနှင့်မတွေ့ရသည်မှာ ကြာပြီဖြစ်သောကြောင့် တတိယတောင်ထွတ်သို့ပြန်သွားသည်။

မေလိ ၊ ယန်လင်နှင့် ဟန်ချီတို့ကတော့ နဝမတောင်ထွတ်တွင် အစီအရင်များကို လေ့လာနေဆဲ ဖြစ်သည်။ အစီအရင်များကို လေ့လာရာတွင် အနည်းငယ် နားလည်လာကြပြီဖြစ်သော်လည်း အပြည့်အဝနားလည်နိုင်ခြင်းတော့ မရှိကြသေးပေ။

ဒုတိယအဆင့်သတ်မှတ်ထားသည့် မက်မွန်ဝင်္ကပါအစီအရင်က အမှန်ပင် ထူးခြားသည်။ ရှောင်ယွိကတော့ မိန်းကလေး (၃)ယောက် မည်မျှ တိုးတက်လာသည်ကို ရံဖန်ရံခါ သွားရောက်စစ်ဆေးတတ်သော်လည်း ကျန်းလန်ကတော့ ထိုသို့ မလုပ်ပေ။

သူတို့ကလည်း လာရောက်မေးမြန်းကြခြင်းမရှိလေရာ ကျန်းလန် အေးအေးဆေးဆေးပင် နေနိုင်သည်။

မရဏဂူထဲတွင် ကျန်းလန် တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် ရှောင်ယွိချန်ထားခဲ့သည့် သင်္ကေတကို သူ ထုတ်ယူလိုက်သည်။

"ဆရာဒေါ်လေးမြောင်ယွဲ့က ဒီသင်္ကေတဘာလဲဆိုတာ သိမှာပဲ ၊ ဒီတော့ ငါက တိုက်ရိုက်အသက်သွင်းလို့ မဖြစ်ဘူး ၊ မဟုတ်လို့ကတော့ သူ့ထောင်ချောက်ထဲ တန်းဝင်သွားနိုင်တယ်"

ကျန်းလန်တွေးလိုက်သည်။

မည်သည့်နတ်ဘုရားရာထူးမဆို ဤသင်္ကေတကို တုံ့ပြန်မည် ဖြစ်သည်။ ထို့ကြောင့် ချက်ချင်းပင် သူ့အကြောင်း ပေါ်သွားပေလိမ့်မည်။

ဆရာဒေါ်လေးမြောင်ယွဲ့က သူ့ကို သံသယဝင်နေသည်လား မပြောတတ်ပေ။ ကြည့်ရသည်မှာ ဆရာနှင့် တစ်ခုခု ပတ်သက်နေနိုင်သည်။

ထို့ကြောင့် အတိအကျ မသိရှိသည့်တိုင် ကျန်းလန် မစွန့်စားနိုင်ပေ။

သို့ပေသိ ဤသင်္ကေတအကြောင်းကို ရှာဖွေရန် သူ့တွင် နည်းလမ်းရှိ၏။ ကျန်းလန် တောင်နှင့်ပင်လယ်ကြေးမုံမှန်ကို ထုတ်ယူလိုက်သည်။

"ဒီကြေးမုံမှန်ကို ကြားခံအဖြစ်အသုံးပြုပြီး ဒီသင်္ကေအကြောင်း စုံစမ်းကြည့်ရမယ်"

ကျန်းလန် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော် တောင်နှင့်ပင်လယ်ကြေးမုံမှန်ကို အသက်မသွင်းမီ သူ၏ နတ်ဘုရားရာထူးနာမည်ကို တစ်စုံတစ်ယောက်က ရွတ်ဖတ်နေသည်ကို ကြားလိုက်ရသည်။

အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးပင်။

သူ ချိန်းဆိုထားသည့် အချိန် (၁)လ ပြည့်သွားပြီ ဖြစ်ကြောင်း သတိရလိုက်သည်။ ကျန်းလန် သူတို့ (၂)ယောက်ကို နဂါးဓားသိုင်း ထပ်မံသင်ကြားပေးရပေမည်။

ယခုတစ်ယောက်တော့ တိုးတက်မှုရှိနိုင်မလား မပြောတတ်ပေ။

***

ဆဋ္ဌမတောင်ထွတ်။

စမ်းချောင်းလေးနံဘေးရှိ ဝါးလုံးအိမ်လေးရှေ့တွင် ချန်ရှီနှင့် မြောင်ယွဲ့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

မြောင်ယွဲ့က နဝမတောင်ထွတ်ရှိရာသို့ တစ်ချက်လှမ်းကြည့်ရင်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

ချန်ရှီက လက်ဖက်ရည်တစ်ငုံသောက်လိုက်ရင်း မြောင်ယွဲ့၏ မျက်နှာအမူအရာကို အကဲခတ်လိုက်သည်။

"ဘာများဖြစ်လို့လဲ ဂိုဏ်းတူညီမလေး"

မြောင်ယွဲ့က ရယ်မောလိုက်ရင်း...

"နဝမတောင်ထွတ်က ဆရာတပည့်နှစ်ယောက်က ကျွန်မကို သတိထားနေတယ်လို့ ခံစားရတယ်"

ချန်ရှီက အရေးမစိုက်ဟန်ဖြင့်...

"ဒါကတော့ မင်းက အရမ်းအန္တရယ်များတဲ့သူကိုး ၊ ကိစ္စရပ်တိုင်းမှာ သေချာတဲ့ ရည်ရွယ်ချက်တွေ ရှိစမြဲပဲ ၊ တချို့အရာတွေက တားဆီးဖို့ မဖြစ်နိုင်ဘူးလေ"

မြောင်ယွဲ့က နဝမတောင်ထွတ်မှ အကြည့်လွှဲလိုက်ပြီး သူမ၏အကြမ်းပန်းကန်ထဲသို့ လက်ဖက်ရည်ကြမ်းငှဲ့ထည့်လိုက်သည်။

"ဒါတော့ ဂိုဏ်းတူအစ်မက ကျွန်မကို မြှောက်ပြောနေတာပဲ"

သူမက ဆက်ပြောသည်။

"ကျွန်မက ဂိုဏ်းတူအစ်ကိုမော့ကျန်းသုန့်နဲ့ ဘယ်လိုလှည့်ကွက်တွေ ကစားရမလားဆိုတာ သိတယ်လေ ၊ ဒါပေမဲ့ တပည့်အငယ်တွေအပေါ်မှတော့ မကောင်းတဲ့စိတ်တွေ မရှိပါဘူး ၊ ဒါပေမဲ့ တချို့တပည့်အငယ်တွေက ကျွန်မမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေတယ်လို့ထင်နေတာကတော့... စိတ်ဝင်စားစရာကောင်းတယ်"

ချန်ရှီက...

"ဂိုဏ်းတူညီမလေးက ကျန်းလန်ကိုတော့ အထင်ကြီးပုံရတယ်နော်"

မြောင်ယွဲ့က...

"သူက အရမ်းသတိထားပေမယ့် ရဲရင့်တဲ့လူငယ်တစ်ယောက်ပါ ၊ ဂိုဏ်းတူအစ်ကိုမော့ကျန်းသုန့်က ဘာကြောင့်မှန်းမသိ သူ့ကိုအမြဲတမ်း ယုံကြည်ခဲ့တယ်"

သူမက ဆက်ပြောသည်။

"ကျွန်မ သူနဲ့ အကြိမ်နည်းနည်းလောက် ဆုံပြီးတဲ့နောက်ပိုင်း သူ့စိတ်က အရမ်းတည်ငြိမ်တာ သိခဲ့ရတယ် ၊ အကြောင်းအရာအတော်များများက သူ့ကို စိတ်ရှုတ်ထွေးအောင် မလုပ်နိုင်ဘူး"

ထို့နောက် သူမက ရယ်မောလိုက်ရင်း...

"ဒါပေမဲ့ ဂိုဏ်းတူအစ်မ သိလား ၊ ကျန်းလန်ကလေ ဂိုဏ်းတူအစ်ကိုမော့ကျန်းသုန့်နဲ့ ပတ်သက်တာတစ်ခုကို ပြောလိုက်ရင်တော့ ဟန်ဆောင်လို့တောင်မရဘဲ ကြောက်လန့်တခြားဖြစ်သွားတာ"

စကားပြောနေစဉ် မြောင်ယွဲ့သည် လက်ဖက်ရည်ကြမ်းကို ဆက်ငှဲ့နေရင်း ရယ်မောလျှက် ရှိသည်။

ချန်ရှီက...

"အကြမ်းပန်းကန်က ပြည့်နေပြီလေ ၊ ဆက်ငှဲ့ထည့်နေတော့ လျှံကျကုန်ပြီ"

ပြောရင်း သူမက မြောင်ယွဲ့လက်ထဲမှ လက်ဖက်ရည်ကြမ်းအိုးကို ဆွဲယူလိုက်သည်။

ချန်ရှီက စကားဆက်ပြောသည်။

"နဝမတောင်ထွတ်မှာ တစ်ခုခု ပြဿနာ ဖြစ်လာနိုင်တယ် ၊ လာမယ့်နှစ်အနည်းငယ်အတွင် ငါ နဝမတောင်ထွတ်ကို သွားကြည့်ရမယ် ၊ အသေးစိတ်ကိုတော့ မမေးနဲ့ ၊ ငါလည်း မသိဘူး"

***

All Chapters