← Chapters

အတောင်ပြတ်တဲ့ ဇာမဏီငှက်

Vol. 34 Ch. 471

အတောင်ပြတ်တဲ့ ဇာမဏီငှက်

Vol. 34 Ch. 471

ခွန်လွန်တောင်နှင့် မနီးမဝေးရှိတောင်တစ်တောင်ထက်တွင်…

မိုးကြိုးပစ်ခံထားရပြီး မိုးခိုးများ တလူလူထွက်နေသည့် ကောင်ငယ်လေးက

"ကျွန်တော် အခု နားလည်သွားပြီ"

လုန်မန်က "ဘာနားလည်တာလဲ" ဆိုသည့်သဘောဖြင့် ကောင်ငယ်လေးကို လှမ်းကြည့်၏။

ကောင်ငယ်လေးက…

"သူက ကျွန်တော်တို့ကို အသားဖြတ်ခိုင်းတာ သူ အသားဖြတ်တဲ့နည်းလမ်းအတိုင်း ဖြတ်စေချင်တာ ဖြစ်ရမယ်"

အဋ္ဌမမင်းသားက ငုတ်တုတ်ထထိုင်လိုက်ရင်း…

"ဒါဆို သူက ကျုပ်တို့ကို သင်ပြပေးနေတဲ့သဘောလား ၊ သူဘာလို့ဒီလိုလုပ်တယ်လို့ထင်လဲ"

ကောင်ငယ်လေးက…

"အင်းလေ ၊ ဓားဝိညာဉ်က နေရာတိုင်းမှာ ရှိနေတာလေ ၊ သူက ကျွန်တော်တို့ကို ဓားသိုင်းသင်ပေးချင်တာ ဖြစ်ရမယ်"

အဋ္ဌမမင်းသားက…

"သူက ကျုပ်တို့ကို ဘာဖြစ်လို့ ဓားသိုင်းသင်ပေးချင်ရတာလဲ"

ကောင်ငယ်လေးက မတ်တတ်ထရပ်လိုက်ရင်း…

"ခင်ဗျားက ဟုန်ယာရဲ့ ခေါင်းကို နေ့တိုင်းလှံနဲ့ရိုက်ခိုင်းနေလို့ လက်သီးနတ်ဘုရားက ဒေါသထွက်ပြီး ဓားသိုင်းပြောင်းသုံးခိုင်းတာ ဖြစ်လိမ့်မယ် ၊ ဒီတော့ ဓားသိုင်းသင်ဖို့ အိမ်နောက်ဘက်မှာရှိတဲ့ အဘိုးရဲ့မှော်ဝင်ဓားတွေထဲက တစ်လက်ကို သွားယူရမယ်ထင်တယ်"

အဋ္ဌမမင်းသားက…

"ဓားသွားယူနေစရာ မလိုပါဘူး"

"ချွင်…"

လုန်မန်က ကောင်းကင်ဘုံနဂါးဓားကို ဆွဲထုတ်လိုက်သည်။

"ကောင်းပြီလေ ၊ တစ်လလောက်တော့ ဓားသိုင်းလေ့ကျင့်ကြတာပေါ့ ၊ ကျုပ်က ဒီ နဂါးဓားကို သုံးမယ်"

ကောင်ငယ်လေးက ဓားကို တစ်ချက်ကြည့်လိုက်ရင်း…

ခင်ဗျားရဲ့ဓားက နည်းနည်းလေး ပဲ့နေတယ် ၊ ကျိုးတော့မှာလား မသိဘူး"

လုန်မန်က သူ့စကားကို အရေးမစိုက်ပေ။

သူက တောင်ပေါ်တွင် လမ်းလျှောက်သွားရင်း…

"လက်သီးနတ်ဘုရား တုံ့ပြန်ပြီးရင် မင်းက ဇာမဏီကောင်မလေးခေါင်းကို လှံရှည်နဲ့ရိုက်မယ်လို့ ပြောဖူးတယ်နော် ၊ အခု အချိန် (၁)လရှိနေပြီး မင်း ဘယ်တော့လောက် အဲဒီကောင်မလေးကို ရိုက်ဖို့ စီစဉ်ထားလဲ"

ကောင်ငယ်လေးက…

"အခု လက်သီးနတ်ဘုရားက ကျွန်တော်တို့ကို ဓားသိုင်းလေ့ကျင့်စေချင်တယ်လေ"

လုန်မန်က…

"ဒါဖြင့် မင်း ဇာမဏီကောင်မလေးကို လှံနဲ့မရိုက်တော့ဘဲ သူ့အတောင်ပံတွေကို ဓားနဲ့ုခုတ်မယ်လို့ ပြောချင်တာလား ၊ ဒါဆို အဲဒီကောင်မလေးတော့ အတောင်ပြတ်တဲ့ ဇာမဏီငှက် ဖြစ်တော့မှာပေါ့"

ကောင်ငယ်လေး : "……"

***

မရဏဂူထဲတွင်…

ကျန်းလန် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေး၏ စွမ်းဆောင်ရည်ကတော့ အတော်ပင် စိတ်ပျက်စရာ ကောင်းလှသည်။ သို့သော်လည်း နောက်ပိုင်းတွင်တော့ တဖြည်းဖြည်း တိုးတက်မှုရှိလာနိုင်သည်ဖြစ်ရာ အလျှင်လိုစရာ မရှိပေ။

ထို့နောက် ကျန်းလန် တောင်နှင့်ပင်လယ်ကြေးမုံမှန်ကို စတင်အသက်သွင်းလိုက်ပြီး ရှေးဟောင်းဧကရာဇ်နန်းတော်မှ သင်္ကေတနှင့် ချိတ်ဆက်လိုက်သည်။

တောင်နှင့်ပင်လယ်ကြေးမုံ၏ မျက်နှာပြင် ပြောင်းလဲသွားသည်။

ကျန်းလန်က မတော်တဆမှုများကို ကာကွယ်ရန်အတွက် သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်အသုံးပြုထားသည်။ မရဏဂူထဲတွင်လည်း အစီအရငများစွာရှိလေရာ သူ့ကို ကာကွယ်ပေးထားနိုင်သည်။

အချိန်ခဏကြာပြီးနောက်…

"တောရိုင်းကန္တာရတစ်ခုပဲ"

ကျန်းလန် ရေရွတ်လိုက်သည်။

တောင်နှင့်ပင်လယ် ကြေးမုံမှန်ထက်တွင် တောရိုင်းကန္တရာတစ်ခု ပေါ်လာသည်။ အရာရာက အသက်ကင်းမဲ့နေပြီး သစ်ပင်များက ခြောက်သွေ့ညှိုးလျော်လျှက် ရှိသည်။

"ဒါက ဟန်ချီ မွေးဖွားခဲ့တဲ့ နေရာလား"

ထိုနေရာက ရှောင်ယွိပြောပြသည့် နေရာနှင့် အလွန်ဆင်တူသည်။ ကြည့်ရသည်မှာ ဟန်ချီက လိမ်ညာပြောဆိုဟန် မရှိပေ။

မြင်ကွင်းက အလွန်လျှင်မြန်စွာ ပြောင်းလဲသွားပြီး သေချာသည့်ဧရိယာတစ်ခုကို တွေ့မြင်လာရသည်။ ထိုနေရာက တောင်ကုန်းတစ်ခုဖြစ်ပြီး လူပေါင်များစွာ ပစ္စည်းများကို သယ်ဆောင်နေကြသည့် မြင်ကွင်းကို တွေ့မြင်ရသည်။

"နတ်မိစ္ဆာတွေလား"

ကျန်းလန် တွေးလိုက်သည်။

ထိုသူများ၏ လှုပ်ရှားနေပုံက ဖေးယွမ်တို့အဖွဲ့ လှုပ်ရှားပုံနှင့် များစွာ ဆင်တူသည်။ ကျန်းလန်က အတည်ပြုရန်အတွက် မြင်ကွင်းကို သေသေချာချာ ကြည့်လိုက်စဉ်တွင် မှန်သားပြင်ထက်မှ ပုံရိပ်က ရုတ်တရက် ရပ်တန့်သွားသည်။

ထို့နောက် မှန်သားမျက်နှာပြင်တွင် လူတစ်ယောက်၏ ပုံရိပ်ထွက်ပေါ်လာသည်။

ထိုသူက အဖြူရောင်ကို ဝတ်ဆင်ထားပြီး သူ၏ခန္ဓာကိုယ်မှ နေရောင်ခြည်အလား တောက်ပသည့်ရောင်ဝါ ထွက်ပေါ်နေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ကျန်းလန် ထိတ်လန့်သွားပြီး ချက်ချင်းပင် တောင်နှင့်ပင်လယ်ကြေးမုံနှင့် ချိတ်ဆက်ထားမှုကို ချိုးဖျက်ပစ်လိုက်သည်။ သို့ပေသိ မချိုးဖျက်နိုင်ခင်မှာပင် ပြင်းထန်လှသည့် စွမ်းအားတစ်ခုက သူ့ကို ထိမှန်သွားခဲ့၏။

ကျန်းလန်ကလည်း တန်ခိုးစွမ်းအားများထုတ်ဖော်ကာ တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်။

အသံမဲ့ တန်ခိုးစွမ်းအား (၂)ခု ထိခိုက်မိသွားသည်။

"ဝေါ့…"

ကျန်းလန်၏ ရွှေခန္ဓာ ဒဏ်ရာရသွားပြီး ပါးစပ်မှ သွေးများအန်ထုတ်လိုက်သည်။

တောင်နှင့်ပင်လယ်ကြေးမုံမှန်နှင့် ချိတ်ဆက်ထားမှုသည်လည်း ရပ်တန့်သွားပြီ ဖြစ်၏။ သူ ရရှိသွားသည့်ဒဏ်ရာက အနည်းငယ်မျှသာဖြစ်သော်လည်း သူ၏စိတ်နှလုံးတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

"ဒီပုဂ္ဂိုလ်က တာအိုအင်မော်တယ်တစ်ယောက်ပဲ ၊ နတ်မိစ္ဆာမျိုးနွယ်တွေဘက်က တာအိုအင်မော်တယ်လား ၊ ဒါဆို ကြည့်ရတာ သူတို့ အကြီးအကျယ်လှုပ်ရှားနေကြတာပဲ"

ကျန်းလန် သူ၏ တန်ခိုးစွမ်းအားများကို ပြန်လည်ချိန်ညှိလိုက်ပြီး ထိုကိစ္စကို သိပ်မတွေးတော့ပေ။

လက်ရှိတွင် တာအိုအင်မော်တယ်သာမက တာ့လော်အင်မော်တယ်သည်ပင် ကျန်းလန်အတွက် အလွန်အမင်း အန္တရယ်များသည်။

ယခုတော့ ဆရာဒေါ်လေးမြောင်ယွဲ့က ဟန်ချီ၏လက်မောင်းထက်မှ သင်္ကေတအစီအရင်သည် မည်သည့်နေရာနှင့် ချိတ်ဆက်ထားကြောင်း သိခဲ့သလား ၊ မသိခဲ့ဘူးလားဟု သံသယဖြစ်သွားမိသည်။ ထို့ပြင် သူက နတ်ဘုရားရာထူးကို မှားယွင်းစွာ အလွဲသုံးမိလေသလားဟု တွေးမိသည်။

ကျန်းလန် ခေါင်းခါယမ်းလိုက်၏။

ဘယ်လောက်ပဲစဉ်းစားပါစေ အဖြေမထွက်သည့်ပုစ္ဆာများသာ ဖြစ်သည်။

သို့ပေသိ နတ်မိစ္ဆာများက ရှေးဟောင်းဧကရာဇ်နန်းတော်နှင့်ပတ်သက်သည့်တစ်စုံတစ်ရာကို ကြံစည်နေကြောင်း သူ အတည်ပြုနိုင်သည်။

တာအိုအင်မော်တယ်တစ်ယောက်က ဤကိစ္စကို စောင့်ကြည့်ကြီးကြပ်နေသည်ကို ကြည့်ခြင်းအားဖြင့် မည်မျှအရေးကြီးကြောင်း ခန့်မှန်းနိုင်သည်။

အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် ကျန်းလန် မျက်လုံးများကိုမှေးမှိတ်ကာ စတင်ကျင့်ကြံလိုက်သည်။ တတ်နိုင်သမျှ ကျင့်ကြံရမည် ဖြစ်သည်။

ယခု ကျန်းလန် ခွန်လွန်တောင်သို့ ရောက်သည်မှာ (၆၅၂)နှစ်ရှိပြီ ဖြစ်ပြီး ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်ရန် အချိန်နီးကပ်လာပြီ ဖြစ်သည်။ ဤအခွင့်အရေးကိုအသုံးပြုပြီး သူ လျှင်မြန်စွာ ကျင့်ကြံရပေလိမ့်မည်။

ရှောင်ယွိကတော့ လူသားအင်မော်တယ်အဆင့် အောင်မြင်သွားပြီဖြစ်သလို ခွန်လွန်တောင်တန်ခိုးစွမ်းအားကိုလည်း သူမ၏ ကိုယ်ပိုင်စွမ်းအားအဖြစ် ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။ ထို့ကြောင့် အနာဂတ်တွင် သူမ၏ ကျင့်ကြံခြင်းအဆင့်တက်ခြင်းက ပိုမိုလျှင်မြန်လာမည်ဖြစ်ပြီး အစစ်အမှန်အင်မော်တယ်ဖြစ်လာရန်ပင် အချိန်ကြာတော့မည် မဟုတ်ပေ။

အများအမြင်တွင် ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်က လူသားအင်မော်တယ် ဖြစ်သည်။ တောင်သခင်များနှင့် အကြီးအကဲများအမြင်တွင် လူသားအင်တော်တယ် အောင်မြင်သည့်အဆင့်သို့ တက်ရောက်ရန် (၁၀)နှစ်ခန့် အချိန်ယူရပေဦးမည်။

အများအမြင်တွင် အစစ်အမှန်အင်မော်တယ်တစ်ယောက်ဖြစ်လာရန်ကတော့ နှစ်ပေါင်း (၁၀၀)ခန့် စောင့်ရဦးမည် ဖြစ်သည်။

ကျန်းလန် မျက်လုံးများကို မှေးမှိတ်လိုက်ပြီး စတင်ကျင့်ကြံလိုက်သည်။ တာအိုတန်ခိုးစွမ်းအားများက သူ့ခန္ဓာကိုယ်အနှံ့စီးဆင်းသွားပြီး ရွှေခန္ဓာကို လှုပ်ရှားသွားစေသည်။

သူ၏ ရွှေခန္ဓာတန်ခိုးစွမ်းအား အထွတ်ထိပ်သို့ရောက်သည်နှင့် တာအိုအင်မော်တယ်အဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။ ကျန်းလန်က တတ်နိုင်သမျှ မြန်မြန်အဆင့်တက်ချင်သော်လည်း အလျှင်စလိုတော့ မရှိခဲ့ပေ။

ကျင့်ကြံနေစဉ် မတော်တဆမှုများ မဖြစ်ပွားစေရန် အဆင့်ဆင့်ဆောင်ရွက်ရမည် ဖြစ်သည်။

နေနဲ့လ တစ်လှည့်စီထွန်းလင်းတောက်ပခဲ့ပြီး အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

ကျန်းလန်၏စိတ်နှလုံးက လုံး၀ ငြိမ်သက်နေပြီး သူ၏ ရွှေခန္ဓာတန်ခိုးစွမ်းအားက တဖြည်းဖြည်း မြင့်တက်လာသည်။ သူက ကိုယ်ပိုင်တာအိုတန်ခိုးစွမ်းအားကို အသုံးပြုပြီး ကျင့်ကြံနေခြင်း ဖြစ်သည်။

တန်ခိုးစွမ်းအားများ ပိုမိုမြင့်မားလာသော်လည်း တာ့လော်အင်မော်တယ် ၊ အလယ်ဆင့်သို့ မရောက်ရှိသေးပေ။ သို့သော် မကြာခင် အဆင့်တက်တော့မည်ဟု မျှော်လင့်ရသည်။

***

နဝမတောင်ထွတ် ၊ တောင်ခြေ…

မေလိ ၊ ယန်လင်နှင့် ဟန်ချီတို့ တောင်ထွတ်ကြီးကို မော့ကြည့်လိုက်ကြသည်။

မေလိက သက်ပြင်းတစ်ချက်ချရင်း…

"တကယ်ဆိုရင် ငါတို့ဆက်ပြီး သင်ယူလို့ရသေးတယ်နော် ၊ နောက်ဆုံးအဆင့်အစီအရင်ကို ငါတို့ သေသေချာချာ နားမလည်သေးဘူး"

ယန်လင်က...

"ဟုတ်တယ် ၊ ဒါပေမဲ့ ငါတို့ နဝမတောင်ထွတ်ရောက်နေတာ အနှစ် (၂၀)တောင် ရှိနေပြီ ၊ ငရဲတံခါးကလည်း မရဏအငွေ့အသက်တွေ စတင်ပေါက်ကွဲထွက်နေပြီ မဟုတ်လား ၊ ကြာကြာနေရင် ဒုက္ခရောက်နိုင်တယ်လေ"

သူတို့ (၃)ယောက် နဝမတောင်ထွတ်မှ အစီအရင်များကို ခက်ခက်ခဲခဲ လေ့လာခဲ့ကြပြီး အသိပညာများလည်း များစွာတိုးတက်လာခဲ့သည်။ ဆက်လက်လေ့လာသင့်သေးသည်ဟု သူတို့ခံစားကြရသည်။

သို့သော်…

အချိန်က အဆင်မပြေတော့ပေ။

ထို့ပြင် မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရန်အတွက် ပြင်ဆင်မှုများလည်း ပြုလုပ်ရဦးမည် ဖြစ်သည်။ ထို့ကြောင့် သူတို့ ဆက်နေ၍ မဖြစ်တော့ပေ။

ဟန်ချီက ခပ်တိုးတိုးလေသံဖြင့်…

"အင်မော်တယ်ဖြစ်သွားပြီးရင် ဒီကို နောက်တစ်ခေါက် ပြန်လာဦးမယ် ၊ အခု အရေးကြီးတာက မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်နိုင်ဖို့ပဲ"

သူတို့အားလုံးက ပါရမီရှင်များ ဖြစ်ကြသော်လည်း မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ကျော်လွှားရန်က လွယ်ကူသည့်ကိစ္စမဟုတ်ပေ။ သူတို့အနေဖြင့် လုံး၀ လျှော့တွက်၍ မရပေ။

ယန်လင်က…

"ဒီနည်းလမ်းပဲ ရှိတော့တာပေါ့ ၊ ဘာပဲဖြစ်ဖြစ် ဂိုဏ်းတူအစ်ကိုကျန်းလန်က နောက်ဆုံးတစ်ခေါက်မှာ အစီအရင်အကြောင်း ရှင်းပြပေးလို့ တော်သေးတာပေါ့"

ဟန်ချီက…

"ဟုတ်တယ်နော် ၊ အဲဒီတုန်းက အစီအရင် ရင်ပြင်ပေါ်မှာထိုင်နေတဲ့ ဂိုဏ်းတူအစ်ကိုကျန်းလန်ကို မြင်ရတာ အရင်တုန်းက ဆရာ့ကို မြင်လိုက်ရသလို ခံစားရတယ် ၊ ဂိုဏ်းတူအစ်ကိုကျန်းလန်ရဲ့ အစီအရင်ပညာအဆင့်က ဆရာနဲ့ အတူတူလောက်ဖြစ်မယ်လို့ ထင်လား"

မေလိက ခေါင်းခါယမ်းလိုက်ရင်း…

"ဆရာနဲ့တော့ အဆင့်မတူလောက်ဘူး ၊ ဒါပေမဲ့ ငါတို့ထက်တော့ အများကြီးသာတာပဲလေ"

ထို့နောက် သူမက စပ်စုလိုက်သည်။

"တကယ်တော့ ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ ဂိုဏ်းတူအစ်ကိုကျန်းလန်တို့ရဲ့ ဆက်ဆံရေး ဘယ်လိုရှိလဲဆိုတာ ငါ အရမ်း သိချင်တာပဲ"

"အခု ငါတို့ မြင်တွေ့ခဲ့ရသလောက်ဆိုရင် သူတို့ (၂)ယောက် ဆက်ဆံရေးက အပြင်မှာ ပြောနေကြတဲ့ ကောလဟလတွေနဲ့ မတူသလိုပဲနော် ၊ သူတို့ကို ကြည့်ရတာ အတော်လေး ရင်းနှီးကြသလိုပဲ ၊ ဒါပေမဲ့ တမင်သက်သက် ရင်းနှီးဟန်ဆောင်နေကြတဲ့ပုံမျိုးလည်း မဟုတ်ဘူး"

"ပြီးတော့ ကျောက်စိမ်းရေကန်နတ်ဘုရားမက ဂိုဏ်းတူအစ်ကိုကျန်းလန်ရဲ့စကားကို စိတ်ပါလက်ပါ နားထောင်တယ်နော်"

ဟန်ချီက...

"နင့်လိုပဲပေါ့"

ယန်လင်းကတော့ မေလိကို စူးစမ်းသလို ကြည့်နေ၏။

မေလိက ချက်ချင်း ပြန်လည်ချေပလိုက်သည်။

"မဟုတ်ပါဘူးနော် ၊ ငါတို့အိမ်ထောင်ရေးမှာ ငါ့ကသာ အဓိကပဲ"

သူတို့ စကားပြောရင်းလမ်းလျှောက်လာကြစဉ် အဝေးတွင် စောင့်နေသည့် လူငယ်တစ်ယောက်ကို တွေ့မြင်လိုက်ကြရသည်။

မိန်းကလေး (၃)ယောက်ကို မြင်တော့ လူငယ်က ပြုံးပြ နှုတ်ဆက်သည်။

ထိုလူငယ်ကို မြင်သည်နှင့် ယန်လင်နှင့် ဟန်ချီတို့ ခြေလှမ်းများ ရပ်တန့်သွားကြသည်။

ယန်လင်က...

"ဂိုဏ်းတူအစ်မမေလိ ၊ နင်အရင်သွားတော့ ၊ ငါတို့နှစ်ယောက် တခြားနေရာ သွားစရာရှိသေးတယ်"

ဟုတ်ပေ၏။

ရောက်လာသည့်လူငယ်သည်ကား မေလိ၏ခင်ပွန်းပင် ဖြစ်သည်။

ထို့နောက် ခင်ပွန်သည်နှင့်အတူ ပြန်သွားသည့် မေလိကိုကြည့်ရင်း ယန်လင်နှင့် ဟန်ချီတို့ ပြုံးလိုက်ကြသည်။

***

ပဉ္စမတောင်ထွတ်သို့ ပြန်ရောက်သည်နှင့် ဟုန်လွမ်က သူမတို့ (၃)ယောက်ကို လာရှာလေသည်။

ဟုန်လွမ်က...

"ဝင်္ကပါအစီအရင်တစ်ခုကို ချိုးဖျက်ဖို့အတွက် မင်းတို့ (၃)ယောက် ဒီရက်ပိုင်းအတွင်းမှာပဲ ပထမတောင်ထွတ်ကို သွားရမယ်"

ဟန်ချီက အံ့အားသင့်သွားသည်။

ယန်လင်းကလည်း အံ့သြစွာဖြင့် မေးခွန်းထုတ်၏။

"ချက်ချင်းကြီး သွားရမှာလား"

သူတို့က ယခုမှ နဝမတောင်ထွတ်မှ ပြန်လာခြင်း ဖြစ်သည်။ ချက်ချင်းပင် ပထမတောင်ထွတ်သို့ သွားရမည်လား။

ဟုန်လွမ်က ညင်သာစွာပင် နှစ်သိမ့်စကားဆိုသည်။

"ဟုတ်တယ် ၊ ဒီတစ်ခေါက် ဝင်္ကပါအစီအရင်က ပိုပြီးအားကောင်းတယ် ၊ အရင်တစ်ခေါက်ကနဲ့ မတူဘူး ၊ ဒါပေမဲ့ မလုပ်မဖြစ်ကိစ္စတော့ မဟုတ်ပါဘူး ၊ မသွားချင်ကြရင်လည်း ကိုယ့်ကိုယ်ကိုယ် အတင်းဖိအား မေပးကြနဲ့"

နဝမေတာင်ထွတ်မှ ပြန်လာပြီးနောက် ဖိအားဆိုသည့်အရာကို သူတို့ ခေါင်းထဲသိပ်မထည့်ကြတော့ပေ။ ယခုဆိုလျှင် သူတို့၏ အစီအရင်ပညာကလည်း များစွာတိုးတက်လာခဲ့ပြီ မဟုတ်ပါလား။

ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်ရန် စိတ်အားထက်သန်နေကြလေသည်။

***

All Chapters