သားရဲဥလေးဘယ်တော့အကောင်ပေါက်မလဲ
Vol. 34 Ch. 472
မရဏဂူထဲတွင်…
ကျန်းလန် မျက်လုံးဖွင့်ကြည့်လိုက်သည်။
အချိန် (၁၈)နှစ် ကြာခဲ့ပြီးသည့်နောက် သူ တန်ခိုးစွမ်းအား ပိုမိုမြင့်မားလာပြီး တာ့လော်အင်မော်တယ် ၊ အလယ်ဆင့် သို့ရောက်ရှိရန် နီးကပ်လာပြီ ဖြစ်သည်။ သူ၏ ရွှေခန္ဓာသည်လည်း ပိုပြီး တန်ခိုးစွမ်းအားမြင့်မားလာသည်။
ကျန်းလန် လက်သီးများကို တင်းတင်းဆုပ်လိုက်ရင်း သူ၏ တန်ခိုးစွမ်းအားများကို အာရုံခံလိုက်သည်။ ထို့နောက် ငရဲတံခါးဆီသို့ လှမ်းကြည့်လိုက်သည်။
"ငရဲတံခါးက မရဏအငွေ့အသက်တွေ ပေါက်ကွဲထွက်နေပြီ ၊ နတ်မိစ္ဆာတွေ လှုပ်ရှားတော့မှာလား မသိဘူး"
ယခု သူ ခွန်လွန်တောင်သို့ ရောက်သည်မှာ နှစ်ပေါင်း (၆၇၀) ရှိပြီ ဖြစ်သည်။ ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်နေသည်မှာ (၁၅)နှစ်ခန့် ရှိပြီ ဖြစ်သည်။
နောက် (၁၀)နှစ်ဆိုလျှင် မရဏအငွေ့အသက်များ ပေါက်ကွဲမှု အထွတ်ထိပ်အဆင့်သို့ ရောက်ရှိပေတော့မည်။
ချီလင်မျိုးနွယ် မိန်းကလေးပြောပုံအရဆိုလျှင် နတ်မိစ္ဆာများက လှုပ်ရှားမှုတစ်ခုခု ပြုလုပ်ပေလိမ့်မည်။ ယခုအချိန်ထိ မည်သည့်လှုပ်ရှားမှုမှ မတွေ့ရှိရသေးသဖြင့် ဆက်လက်စောင့်ဆိုင်းရဦးမည် ဖြစ်သည်။
အနှစ် (၂၀) နီးပါးကြာပြီးနောက် အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးတို့က နောက်ဆုံးတော့ သူ သင်ပေးသည့် ဓားပညာကို သင်ယူနိုင်ခဲ့သည်။
ပထမဆုံး ဓားကွက်တစ်ကွက်သာ သင်ပေးရသေးသော်လည်း ဓားသိုင်းပညာအယူအဆကိုတော့ နားလည်အောင် ထည့်သွင်းပေးနိုင်ခဲ့ပြီ ဖြစ်သည်။
နဂါးဓားသိုင်း (၃)ကွက်သည် နဂါးမျိုးနွယ်များအား ကဏ္ဍပေါင်းစုံမှ ပိုပြီး အားကောင်းလာစေမည် ဖြစ်သည်။ ဘိုးဘေးနဂါးသာ နဂါးဓားသိုုင်းကို တတ်ကျွမ်းသွားမည်ဆိုလျှင် ခွန်လွန်တောင်အပေါ်တွင် ကြီးမားသော သက်ရောက်မှုရှိမည် ဖြစ်သည်။
နတ်ဘုရားရာထူးကို အပြည့်အဝထိန်းချုပ်နိုင်ရန်အတွက် မိုးနဲ့မြေမှ အသိအမှတ်ပြုမှုကို ရယူရန် လိုအပ်သည်။ မိုးနဲ့မြေမှ အသိအမှတ်ပြုမှုကို ရရှိရန်က ကောင်းကင်ဘုံရော မရဏလောကနှင့်ပါ ဆက်စပ်နေသည်။
ထို့ကြောင့် ကောင်းကင်ဘုံရော မရဏလောကနှင့်ပါ ချိတ်ဆက်ထားသည့် ခွန်လွန်တောင်သည် တန်ခိုးစွမ်းအားသာ နည်းပါးနေမည်ဆိုလျှင် ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးနှင့် ရင်ဆိုင်ရပေလိမ့်မည်။ သို့ဆိုလျှင် အဆိုးဆုံး အခြေအနေများ ဖြစ်လာနိုင်ခြေရှိသော်လည်း အခြားအကြောင်းပြချက်များလည်း ရှိနိုင်သေးသည်။
သူက ခွန်လွန်တောင် ၊ နဝမတောင်ထွတ်မှ တပည့်တစ်ယောက် ဖြစ်သည်။ သို့ဖြစ်ရာ ထိုသို့သောကိစ္စမျိုး တကယ်တမ်း ဖြစ်ပေါ်လာမည်ဆိုလျှင် သူ ရင်ဆိုင်ရမည် ဖြစ်သည်။ သူကလည်း ခွန်လွန်တောင်ကို ကာကွယ်ပေးရန် တန်ခိုးစွမ်းအားရှိနေပြီ ဖြစ်၏။
နောက်ထပ် နှစ်ပေါင်း (၂၀၀) ၊ (၃၀၀) ခန့်ဆိုလျှင် သူ တာအိုအင်မော်တယ်အဆင့်သို့ တက်ရောက်နိုင်တော့မည် ဖြစ်သည်။ တာအိုအင်မော်တယ်ဖြစ်လာသည်နှင့် ပျက်သုဉ်းတစ်စပြင်လောကကြီး၏ အမြင့်ဆုံးအဆင့်တွင် ရပ်တည်နိုင်တော့မည် ဖြစ်သည်။
ထိုသို့သောအချိန်ရောက်မှ ခွန်လွန်တောင်ကို ကာကွယ်မပေးဘဲ ရှောင်ထွက်သွားမည်ဆိုလျှင် နှစ်ပေါင်းများစွာ ဆရာဖြစ်သူ သူ့ကို ပညာသင်ကြားပေးခဲ့ခြင်းနှင့် ကာကွယ်ပေးခဲ့ခြင်းများက ထိုက်တန်မည် မဟုတ်ပေ။
ထို့ပြင် ရှောင်ယွိ ကျောက်စိမ်းရေကန်နတ်ဘုရားမဖြစ်လေရာ ခွန်လွန်တောင်အတွက် ကြီးလေးသည့်တာဝန်ကို ထမ်းဆောင်နေရသူ ဖြစ်သည်။ သူက သူမကို ထားခဲ့ပြီး အဘယ်မှာ ထွက်သွားနိုင်ပါမည်နည်း။
ထို့ပြင် ပြောမပြတတ်လောက်အောင် လေးလံလှသည့် နဝမတောင်ထွတ်၏ တာဝန်ကို ဆရာဖြစ်သူကိုယ်စား ကျန်းလန် ထမ်းဆောင်လိုသည်မှာ အစကတည်းကပင် ဖြစ်သည်။ မည်မျှပင် ခက်ခဲပါစေ နဝမတောင်ထွတ်၏ တာဝန်ကို သူ လွှဲပြောင်းယူမည် ဖြစ်သည်။
ဤသည်က သူ့ရွေးခြယ်မှုဖြစ်သလို သူ၏ဝတ္တရားလည်း ဖြစ်သည်။
ကျန်းလန် အတွေးများကို ရပ်တန့်လိုက်ပြီး သားရဲဥလေးနှင့် ရေသဖန်းပင်လေးကိုယူဆေင်ကာ မရဏဂူထဲမှ ထွက်လာခဲ့သည်။
ထိုအရာလေးများ ပြင်ပလောကတွင်နေထိုင်သည်မှာ ကြာပြီဖြစ်သောကြောင့် သူက မရဏဂူထဲသို့ ခေါ်လာခဲ့ခြင်းဖြစ်သည်။ ယခုတော့ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်တော့မည် ဖြစ်လေရာ ထိုအရာလေးများ ထိခိုက်မည်စိုးသောကြောင့် အပြင်ထုတ်လာခြင်း ဖြစ်သည်။
ထိုအရာလေးများကို မွေးမြူထားရသည်က ပျော်စရာကောင်းသည်။ ရှောင်ယွိကလည်း ထိုအရာလေးများကို သဘောကျသဖြင့် အဆင်ပြေသည်။
နှစ်ပေါင်းများစွာကြာပြီးနောက် သားရဲဥလေး အကောင်ပေါက်ဦးမည်လားဟု ကျန်းလန် သိချင်လာမိသည်။ သို့သော် ထိုသားရဲဥလေးက အကောင်မပေါက်ဘဲ အလွန်ပင် တည်ငြိမ်နေဆဲပင် ဖြစ်သည်။
ရေသဖန်းပင်လေးသည်လည်း အတူတူပင် ဖြစ်၏။ သူတို့အတူတူနေကြသဖြင့် ဓာတ်ကူးသွားသလား မပြောတတ်ပေ။
မရဏဂူထဲမှ လမ်းလျှောက်ထွက်လာရင်း တောင်နှင့်ပင်လယ်ကြေးမုံမှန်တွင် တွေ့မြင်ရသည့် မြင်ကွင်းကို ကျန်းလန် တွေးကြည့်နေသည်။
"သူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာ ငါ သိချင်လိုက်တာ"
ကျန်းလန်တွေးလိုက်သည်။
နတ်မိစ္ဆာများက နဝမတောင်ထွတ်ကို ပစ်မှတ်ထားသည်ဆိုလျှင် သူ့အနေဖြင့် ကာကွယ်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုကိစ္စကိုဦးဆောင်နေသည့် တာအိုအင်မော်တယ်က သူနှင့် တန်ခိုးစွမ်းအား များစွာကွာခြားသောကြောင့် ဖြစ်၏။
ဆရာဖြစ်သူသာလျှင် ထိုသူကို ရင်ဆိုင်နိုင်ပေလိမ့်မည် ထို့ကြောင့် သဲလွန်စတစ်ခုခုရလျှင် ဆရာဖြစ်သူကို အကြောင်းကြားရပေမည်။
ခြံဝင်းထဲတွင်…။
ရှောင်ယွိက မက်မွန်ပင်များအောက်တွင် မတ်တတ်ရပ်ရင်း ဝင်လာသည့်ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။
ထို့နောက် ယုံကြည်မှုအပြည့်ဖြင့် စကားဆို၏။
"ဂိုဏ်းတူမောင်လေး ၊ ကျွန်မတို့ စိန်ခေါ်ပွဲအတွက် အချိန်တန်ပြီ ၊ အခု ရင်ပြင်ပေါ်က အစီအရင်တွေကို ကျွန်မ အကုန် အပြည့်အ၀ နားလည်ထားပြီးပြီ ၊ စိန်ခေါ်ပွဲပြီးတာနဲ့ ဂိုဏ်းတူမောင်လေး ကျွန်မစကားကို နားထောင်ရတော့မယ်"
***
အချိန်ခဏကြာပြီးနောက်…
နဝမတောင်ထွတ်ရင်ပြင်ထက်တွင်…
"အား… ဂိုဏ်းတူမောင်လေး ၊ ခေါင်းကို ဆက်မရိုက်နဲ့တော့… ရပ်လိုက် ၊ ကျွန်မ ရှုံးတာဝန်ခံပါတယ် ၊ ကျွန်မ ရှုံးတာဝန်ခံပါတယ်"
ကျန်းလန်၏လက်ထဲတွင် သစ်သားဓားကိုကိုင်ထားပြီး ရှောင်ယွိက သူမခေါင်းကို လက်ဖြင့် အုပ်ထားလေသည်။
ဒီ မိုက်မဲတဲ့ ခပ်ချေချေ နဂါးမလေးက ဘယ်လိုလုပ် ဒီလို စကားပြောထွက်ရတာလဲ။
ဤနဂါးမလေးက မာနကြီးသော်လည်း သူမ၏ တန်ခိုးစွမ်းအားများက အလွန်လျှင်မြန်စွာ မြင့်တက်နေကြောင်း ကျန်းလန် ရိပ်မိသည်။
အရင်က ဘိုးဘေးနဂါးထံမှ ရရှိသည့် ကောင်းချီးလက်ဆောင်နှင့် ခွန်လွန်တောင်၏ တန်ခိုးစွမ်းအားတို့ကြောင့် ဖြစ်နိုင်သည်။ နောက်ထပ် အနှစ် (၃၀) မှ (၄၀) အတွင်း သူမ အစစ်အမှန်အင်မော်တယ် ဖြစ်လာနိုင်သည်။
အချိန်သိပ်ကြာတော့မည် မထင်ပေ။
***
ရက်အတန်ကြာပြီးနောက်…
ပထမတောင်ထွတ်တွင် ဖြစ်သည်။
လင်အန်းက မေလိ ၊ ယန်လင်နှင့် ဟန်ချီတို့ကို နှုတ်ဆက်စကားဆိုလိုက်သည်။
"ဂိုဏ်းတူညီမလေးတို့ကိုပဲ ဒုက္ခပေးရပြီ"
ယခုတစ်ကြိမ် ဝင်္ကပါအစီအရင်ကို ချိုးဖျက်ရန်အတွက် ဤမိန်းကလေး (၃)ယောက်ကိုသာ အားကိုးရမည် ဖြစ်သည်။ သူတို့က အစီအရင်ပညာ ကျွမ်းကျင်သလို ပူးပေါင်းဆောင်ရွက်နိုင်စွမ်းလည်း အားကောင်းသည်။
သူတို့ (၃)ယောက်သာ ပူးပေါင်းလိုက်လျှင် အစီအရင်ပညာတွင် သူတို့ကို ယှဉ်နိုင်မည့်သူ မရှိပေ။
မေလိက လင်အန်းကို ဦးညွှတ်အရိုအသေပေးလိုက်ရင်း…
"ဂိုဏ်းတူအစ်ကို 'လင်' က ယဉ်ကျေးလွန်းနေပြန်ပါပြီ ၊ တကယ်တော့ အစီအရင်နဲ့ပတ်သက်တဲ့ ကျွန်မတို့အသိက ခပ်တိမ်တိမ်ပဲ ရှိပါသေးတယ်"
ထို့နောက် သူတို့ (၃)ယောက် ဝင်္ကပါအစီအရင်ရှိရာသို့ ဝင်ရောက်သွားကြသည်။
ထိုနေရာက ကြီးမားသည့် အဆေက်အဦကြီးတစ်ခုနှင့် ချိတ်ဆက်ထားသည့် ခြံဝင်းကြီးတစ်ခု ဖြစ်သည်။ ခြံဝင်းတံခါးကြီးကပင် ကြီးကျယ်ခမ်းနားလွန်းလှသည်။
ခြံဝင်းထဲတွင်တော့ ဝင်္ကပါအစီအရင်တစ်ခု ရှိနေလေသည်။
ခြံဝင်းထဲဝင်ရောက်သွားသည့် မိန်းကလေး (၃)ယောက်ကိုကြည့်ရင်း လင်အန်းက ပြုံးလိုက်သည်။
"ဒီကောင်မလေးတွေ တစ်ခုခုများ ဖြစ်ထားကြသလား မသိဘူး ၊ အရင်ကထက်ပိုပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလာကြတယ်"
ဟုန်လွမ်က…
"ဘာလဲ… သူတို့က အရင်တုန်းက မောက်မာလို့လား"
လင်အန်းက…
"အရမ်းကြီး မောက်မာတာမျိုး မရှိပါဘူးဗျာ ၊ ဒါပေမဲ့ နည်းနည်းတော့ မာနကြီးကြတာ အမှန်ပဲ ၊ သူတို့က ကျင့်ကြံခြင်းမှာလည်း ပါရမီရှင်တွေဖြစ်သလို အစီအရင်ပညာမှာလည်း အံ့မခန်း တော်ကြတယ်လေ ၊ ပဉ္စမတောင်ထွတ်တစ်ခုလုံးမှာ သူတို့လောက်တော်တဲ့သူ ခပ်ရှားရှား မဟုတ်လား"
ဟုန်လွမ်က…
"အဲဒီ ဝင်္ကပါအစီအရင်ကို သူတို့ ချိုးဖျက်နိုင်မယ်လို့ ထင်လား"
လင်အန်းက ခေါင်းခါယမ်းရင်း ခဏမျှ ငြိမ်သက်နေ၏။
ပြီးမှ…
"ကျုပ်မှာ အဖြေမရှိပါဘူးဗျာ ၊ ဒါပေမဲ့ ဒီတစ်ခေါက် အစီအရင်က အရင်တစ်ခေါက်ကထက်ပိုပြီး အားကောင်းလာတာ အမှန်ပဲ ၊ အစကတော့ ဒီလိုအစီအရင်မျိုးကို ရင်ဆိုင်ရရင် ဂိုဏ်းတူညီမလေးတွေ စိတ်မတည်မငြိမ်ဖြစ်သွားမယ်လို့ ထင်ခဲ့မိတယ် ၊ အခုတော့ သူတို့ တစ်ခုခု တိုးတက်လာတယ်လို့ ခံစားရတယ် ၊ အရင်ကနဲ့ လုံး၀ မတူကြတော့ဘူးလေ"
ဟုန်လွမ်က…
"ရှင် သူတို့ကို အကဲဖြတ်တာ အတော်လေး မြင့်မားတာပဲ"
"ဟားဟား…"
လင်အန်းက ရယ်မောလိုက်သည်။
"သူတို့ကို နှိမ့်ချပြောလိုက်ရင် ကောင်မလေးတွေရှေ့မှာ ကျုပ် ဘယ်လိုလုပ်မျက်နှာရတော့မှာလဲဗျ"
ဟုန်လွမ် : "……"
***
အချိန် (၁)လ ကြာသွားခဲ့သည်။
ပထမတောင်ထွတ် ခန်းမဆောင်ထဲတွင် ဖုန်းယီရှောက် ရှိနေလေသည်။
သူက…
"ဝင်္ကပါအစီအရင် ပျက်စီးသွားပြီလား"
အနားတွင်ရှိနေသည့် လင်အန်းက…
"အစီအရင်ကို မချိုးဖျက်နိုင်သေးပါဘူး ဆရာ ၊ ဒါပေမဲ့ သက်ရောက်မှုတွေတော့ လျော့နည်းသွားတယ် ၊ ကြည့်ရတာ ဒီပြဿနာကို ဖြေရှင်းနိုင်မယ် ထင်ပါတယ်"
ခဏမျှ တုံ့ဆိုင်းနေပြီးမှ လင်အန်းက ဆက်ပြောသည်။
"ဒီတစ်ခေါက် ပဉ္စမတောင်ထွတ်က ဂိုဏ်းတူညီမလေး (၃)ယောက်က အတော်လေး ထူးခြားတယ် ၊ သူတို့ရောက်လာတာနဲ့ မငြိမ်မသက်ဖြစ်နေတဲ့ အစီအရင်က ငြိမ်သက်သွားတယ် ၊ အရင်ကဆိုရင် ဒီလိုမျိုး မဖြစ်ဖူးဘူး ၊ ဆိုတော့… အဲဒီ ဂိုဏ်းတူညီမလေး (၃)ောက်က အစီအရင်ကို ချိုးဖျက်ဖို့အတွက် ထူးခြားတဲ့နည်းလမ်းတစ်ခု အသုံးပြုခဲ့တယ်လို့ ဂိုဏ်းတူအစ်ကိုအချို့က ထင်ကြေးပေးနေကြပါတယ်"
ဖုန်းယီလျှောက်က လင်အန်းကို လှည့်မကြည့်ဘဲ နားထောင်နေရင်းမှ မေးခွန်းထုတ်လိုက်သည်။
"အဲဒီမိန်းကလေးတွေ ဘာလို့ဒီလိုလုပ်နိုင်တာလဲဆိုတာ မင်း စုံစမ်းမကြည့်ဘူးလား"
ဖုန်းယီရှောက်က တည်ငြိမ်သည့်အမူအရာဖြင့် တောင်ထွတ်တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ကြီးမားလှသည့် ခြံဝင်းကြီးတစ်ခု ရှိနေလေသည်။
လင်အန်းက…
"ကျွန်တော် စုံစမ်းကြည့်တော့ ဂိုဏ်းတူညီမလေး (၃)ယောက်က ဒီကိုမလာခင် နဝမတောင်ထွတ်မှာ အစီအရင်ပညာကို နှစ်ပေါင်း (၂၀)တိတိ လေ့လာခဲ့တယ်တဲ့ ၊ နဝမတောင်ထွတ်က ဂိုဏ်းတူညီလေး ပြုလုပ်ဖန်တီးထားတဲ့ အစီအရင်တွေက တခြားအစီအရင်တွေနဲ့မတူဘဲ ထူးခြားပြီး သူ့နည်းလမ်းနဲ့သူ သွားတာတဲ့"
ထိုအချိန်…
ခြံဝင်းကျယ်ကြီးဆီမှ လေပြင်းတစ်ချက် တိုက်ခတ်လာသည်။
"ဟူး"
ခမ်းနားလှသည့် ခြံဝင်းတံခါးကြီးအတွင်းမှ ရောင်ဝါတစ်ခု စိမ့်ထွက်လာသော်လည်း ထိုရောင်ဝါက လျှင်မြန်စွာပင် ခြံဝင်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး လင်အန်း အနည်းငယ် အံ့အားသင့်သွားသည်။
အရင်ကဆိုလျှင် အစီအရင်များမှ ထွက်ပေါ်လာသည့် ရောင်ဝါသည် ထိုသို့ ပြန်လည်ဝင်ရောက်သွားခြင်း မရှိခဲ့ပေ။ ယခုတော့ အထဲသို့ ပြန်ဝင်သွားခဲ့လေသည်။
ထိုသို့ဆိုလျှင် ဝင်္ကပါအစီအရင်ကို ချိုးဖျက်နိုင်ရန် နီးစပ်သည်ဟု ဆိုနိုင်သည်။
လင်အန်းက…
"ဆရာ…"
လင်အန်းက မေးခွန်းမေးရန် ဟန်ပြင်လိုက်ပြီးမှ ဆက်မမေးဖြစ်တော့ပေ။
သူမေးချင်သည်မှာ အစီအရင်ကို ချိုးဖျက်ရန်အတွက် နဝမတောင်ထွတ်မှ ကျန်းလန်ကို အကူအညီတောင်းလျှင် ပိုပြီး မထိရောက်နိုင်ဘူးလားဟူ၍ ဖြစ်၏။
သို့ပေသိ ဆရာဖြစ်သူက နဝမတောင်ထွတ်မှ ဆရာဦးလေးနှင့် သိပ်ပြီး အစေးမကပ်ကြောင်း သတိရလိုက်သဖြင့် မမေးဝံ့ဘဲ ရပ်တန့်သွားရခြင်းပင်။
ထိုအချိန် ဖုန်းယီရှောက်က မျက်ခုံးများကို တွန့်ချိုးထားပြီး ခြံဝင်းဆီသို့ စူးစိုက်ကြည့်နေသည်။
ပြီးမှ သူက အေးဆေးတည်ငြိမ်သည့် လေသံဖြင့်…
"နဝမတောင်ထွတ်ကကောင်လေး အစစ်အမှန်အင်မော်တယ် ဖြစ်လာတဲံအချိန်ရောက်ရင် ကျုပ် နဝမတောင်ထွတ်ကိုသွားဖို့ လိုပြီထင်တယ်"
ထို့နောက် ဖုန်းယီရှောက်က လင်အန်းကို လှည့်ကြည့်လိုက်သည်။
"ဒီ ကလေးမလေးတွေ နဝမတောင်ထွတ်မှာ ပညာသင်ဖို့ ဘယ်သူက စေလွှတ်လိုက်တာလဲ"
လင်အန်းက အနည်းငယ် စိတ်ရှုတ်ထွေးသွားဟန်ဖြင့်…
"ဆရာဒေါ်လေးမြောင်ယွဲ့ပါ ၊ ဘာများ ပြဿနာ ရှိလို့လဲ ဆရာ"
ဖုန်းယီရှောက်က ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။
"ဘာပြဿနာမှ မရှိပါဘူး ၊ ဒါပေမဲ့ တစ်ခါတစ်လေ ဘာပြဿနာမှ မရှိတာကလည်း အကြီးမားဆုံးပြဿနာ ဖြစ်နေတတ်တယ်"
***
"အား…"
မြောင်ယွဲ့ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည့်အလား ခံစားလိုက်ရသည်။
"ဂိုဏ်းတူအစ်ကိုနဲ့ ဂိုဏ်းတူအစ်မတွေက ကျွန်မ စိတ်ထဲက ရည်ရွယ်ချက်တွေကို ခန့်မှန်းနေကြတာလား ၊ ကျွန်မ မဟုတ်တာတစ်ခုခု လုပ်တော့မယ်လို့ပဲ လူတိုင်းက ထင်နေကြတယ်"
ချန်ရှီက ခေါင်းခါယမ်းလိုက်သည်။
"မဟုတ်ဘူး"
"ထင်နေတာ မဟုတ်ဘူး ၊ မင်းမှာ မကောင်းတဲ့အကြံအစီတစ်ခုခု တကယ်ရှိနေတာ မဟုတ်လား ၊ ဥပမာပြောရရင်… မင်း ဒီနေရာမှာ အချိန်အကြာကြီး ဘာလို့ လာနေရသလဲဆိုတာ ငါ့အတွက် စဉ်းစားစရာ ဖြစ်လာပြီ"
မြောင်ယွဲ့က ချန်ရှီကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
"အာ… ကြည့်စမ်း ၊ ဂိုဏ်းတူအစ်မ ရိပ်မိသွားပြီပေါ့"
ချန်ရှီ : "……."
***