နဝမတောင်ထွတ်ကိုပစ်မှတ်ထားခြင်း
Vol. 34 Ch. 473
မှော်ဝင်တိမ်တိုက်တောင် ၊ လူသူမရှိသည့် တောအုပ်တစ်ခုအလယ်။
တိကျင်းသည် လေပေါ်တွင် မတ်တတ်ရပ်လျှက် အောက်သို့ ငုံ့ကြည့်လိုက်သည်။ မြေပြင်ထက်တွင် တစ်စုံတစ်ခုကို အသက်သွင်းရန် ကြိုးစားနေကြသည့် သားရဲများစွာ ရှိနေသည်။
ထိုအချိန် မီးတောက်နတ်မိစ္ဆာတစ်ယောက် တိကျင်းရှေ့သို့ ရို့ရို့ကျိုးကျိုးဖြင့် ရောက်လာ၏။
"သခင်… တိုးတက်မှုက အရမ်းမြန်ပါတယ် ၊ ဒါပေမဲ့ အချိန်နည်းနည်းတော့ ကြာလိမ့်မယ် ၊ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားနေပါတယ်"
တိကျင်းက…
"ဆက်လုပ်ပါ ၊ မင်းတို့တွေ နှေးလို့ရတယ် ၊ အဓိကက ပြဿနာတစ်ခုခု ဖြစ်မလာဖို့ပဲလိုတယ်"
သူ၏ စကားများက တိကျပြတ်သားပြီး မီးတောက်နတ်မိစ္ဆာက သူ့ကို အလွန်ကြောက်ရွံ့ဟန် ရှိသည်။
မီးတောက်နတ်မိစ္ဆာက တိကျင်းကို အရိုအသေပေးပြီးနောက်ထွက်ခွာသွားသည်။ ထိုအချိန် တိကျင်းက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။
"ငါတို့ကို ကြည့်နေခဲ့တဲ့သူက ဘယ်သူများလဲ ၊ တိုက်ဆိုင်မှုပဲလား ၊ ဒါမှမဟုတ် အဲဒီလူက ဒီနေရာကို ပစ်မှတ်ထားတာလား ၊ ခွန်လွန်တောင်ကလူ မဟုတ်ဘူးဆိုရင်တော့ အားလုံးအဆင်ပြေပါတယ် ၊ ဒါပေမဲ့…"
တွေးရင်းဖြင့် တိကျင်း မျက်မှောင်ကြုတ်လိုက်သည်။
"နောက်ဆုံးတော့ ခွန်လွန်တောင်ကလည်း တဖြည်းဖြည်းနဲ့ သိသွားမှာပဲ ၊ နဝမတောင်ထွတ်က အရမ်း တန်ခိုးစွမ်းအားမြင့်မားလွန်းတယ် ၊ ဒါပေမဲ့… ပျက်သုဉ်းတစ်စပြင်လောကကြီးက အရမ်းကျယ်ပြန့်တာဆိုတော့ သူတိုပကို စောင့်ကြည့်နေတဲ့သူတွေလည်း ရှိမှာပဲလေ"
တိကျင်းသည် အနာဂတ်တွင် ရင်ဆိုင်ရမည့်ပြဿနာများကို ခုခံကာကွယ်နိုင်မည်ဟု ထင်မထားခဲ့ပေ။ သို့ပေသိ သူက ဘာမှမလုပ်ဘဲ ထိုင်နေမည့်သူ မဟုတ်ပေ။
ဤကစားပွဲတွင် သူ အနိုင်ရချင်မိသည်။
***
နံနက်ခင်းအချိန်။
ကျန်းလန်သည် ရင်ပြင်အစွန်းတွင်ထိုင်ရင်း နေထွက်လာသည်ကို ကြည့်နေသည်။
ကိုယ်ပိုင်တာအိုလမ်းစဉ်ကို စတင်နိုင်ခဲ့ပြီးနောက်ပိုင်း မိုးနဲ့မြေရှိ အပြောင်းအလဲများကို ဉာဏ်အလင်းပွင့်ရန် အသုံးမပြုတော့ဘဲ စိတ်တည်ငြိမ်စေရန်သာ အသုံးပြုတော့သည်။
ဤသို့ပြုလုပ်ခြင်းက သူ့ကို အချိန်ကြာမြင့်စွာ ကျင့်ကြံနိုင်ရန် ကူညီပေးသည်။
ရှောင်ယွိသည်လည်း ကျင့်ကြံရန်အတွက် ကျောက်စိမ်းရေကန်သို့ ပြန်သွားခဲ့သည်။ သူမက အစစ်အမှန်အင်မော်တယ်အဖြစ် အဆင့်တက်တော့မည် ဖြစ်၏။
စိန်ခေါ်ပွဲတွင် ကျန်းလန်ကို ရှုံးနိမ့်သွားသည့်အတွက် ကျင့်ကြံခြင်းအဆင့်တက်သွားလျှင်တော့ ကျန်းလန်ကို သေချာပေါက် အနိုင်ရမည်ဟု ရှောင်ယွိအား တွေးထင်သွားစေသည်။ အချိန်အတိုင်းအတာတစ်ခုအထိ တံခါးပိတ်ကျင့်ကြံပါက အစစ်အမှန်အင်မော်တယ် သေချာပေါက် ဖြစ်လာပေလိမ့်မည်။
ကျန်းလန်သည်လည်း တာ့လော်အင်မော်တယ် ၊ အလယ်ဆင့်ရောက်အောင် ကျင့်ကြံရမည် ဖြစ်သည်။ ကိုယ်ပိုင်တာအိုလမ်းစဉ်ကို သိမြင်ပြီးသည့်နောက်ပိုင်း အဆင့်တက်ရန် အလွန်နီးကပ်နေပြီ ဖြစ်သည်။
လောလောဆယ်တွင် အခြားအကြောင်းအရာများကိုတော့ စိတ်ပူစရာ မရှိပေ။ နတ်မိစ္ဆာများနှင့် နတ်လူသားမျိုးနွယ်များအကြောင်းကိုလည်း စဉ်းစားစရာ မလိုသေးပေ။
ဆရာဖြစ်သူက သူ့ကို ကာကွယ်ပေးထားနိုင်သည်ဖြစ်ရာ သူ့အနေဖြင့် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ရန် လိုအပ်သည်။
နေထွက်သည်ကို ကြည့်ရှုပြီးနောက် "တာ့လော်အင်မော်တယ်အဆင့်" စာအုပ်နှင့် အခြားစာအုပ်များကို စတင်ဖတ်ရှုလိုက်သည်။ ဖတ်ပြီးသား စာအုပ်များကိုပင် သူက ထပ်မံဖတ်ရှု၏။
အထပ်ထပ်လေ့လာခြင်းက အသိအမြင်အသစ်များကို ရရှိစေနိုင်သည် မဟုတ်ပါလား။
ညအချိန်တွင်တော့ ကျန်းလန်က မရဏဂူသို့ သွားရောက်ပြီး ကျင့်ကြံသည်။ တာအိုတန်ခိုးစွမ်းအားများကို အသုံးပြုပြီး ရွှေခန္ဓာကိုယ်အသက်သွင်းရန် ကြိုးစားသည်။
ထိုသို့ဖြင့်…
စီးဆင်းနေသည့်ရေပမာ အချိန်များက တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်။
ကျန်းလန်သည် ကျင့်ကြံခြင်းကို လုံး၀ မရပ်တန့်ခဲ့ပေ။
နံနက်ခင်းအချိန် နေထွက်လာသည်ကို ကြည့်ပြီးသည်နှင့် တောင်ထွတ်တစ်ခုလုံးကို သန့်ရှင်းရေးလုပ်ပြီး စာအုပ်များကို ဖတ်ရှုသည်။ ညနေပိုင်းတွင် နေဝင်ချိန်ကို ကြည့်ရှုပြီးနောက် မရဏဂူသို့သွားကာ ကျင့်ကြံခြင်း ပြုလုပ်သည်။
ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်သည်ကို စောင့်ကြည့်ရင်း တဖြည်းဖြည်း မရဏအငွေ့အသက်များ အထွတ်ထိပ်အဆင့် ပေါက်ကွဲထွက်သည်ကို လေ့လာနေခဲ့သည်။
တစ်ချိန်တည်းမှာပင် နတ်မိစ္ဆာများ၏ တိုက်ခိုက်မှုကို ကောင်းစွာကာကွယ်နိုင်ရန် ပြင်ဆင်မှုများစွာကို ပြုလုုပ်ထားသည်။ သို့သော် နတ်မိစ္ဆာများ တိုက်ခိုက်ခြင်းမရှိသလို ငရဲတံခါးသည်လည်း တစ်စုံတစ်ခု ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။
အရာအားလုံးက ထူးခြားစွာပင် ငြိမ်သက်နေခဲ့သည်။ ထို့ကြောင့် ကျန်းလန်သည်လည်း အရေးမစိုက်တော့ဘဲ ကျင့်ကြံနေတော့၏။
အချိန်ခဏအတွင်းမှာပင် ကျန်းလန်၏ ရွှေခန္ဓာတန်ခိုးစွမ်းအားသည် အဆင့်တစ်ခုသို့ တက်ရောက်သွားသည်။ တာ့လော်အင်မော်တယ် ၊ အလယ်ဆင့်သို့ တက်ရောက်ရန် အချိန်ကြာတော့မည် မထင်ပေ။
"အခုဆိုရင် ငါ ဂိုဏ်းထဲဝင်လာတာ နှစ်ပေါင်း (၆၉၀) ရှိပြီ ၊ နောက်ထပ်နှစ်နည်းနည်းလောက်ဆိုရင် တာ့လော်အင်မော်တယ် ၊ အလယ်ဆင့်ကို တက်ရောက်နိုင်တော့မယ်ထင်တယ်"
ကျန်းလန်တွေးလိုက်သည်။
ရှောင်ယွိသည်လည်း တံခါးပိတ်ကျင့်ကြံနေလေရာ ကျန်းလန်မှာလည်း ကျင့်ကြံရုံမှလွဲပြီး အခြားလုပ်စရာ မရှိခဲ့ပေ။
ထိုသို့ဖြင့်…
အချိန် (၅)နှစ်ကြာသွားခဲ့သည်။
မရဏဂူထဲတွင်ထိုင်နေသည့် ကျန်းလန်၏ ခန္ဓာကိုယ်မှ အလင်းရောင်မှိန်ပျပျလေး ထွက်ပေါ်နေသည်။ သူက နေရာတွင် တည်ငြိမ်စွာထိုင်နေသဖြင့် အလင်းရောင်က ပိုမိုတောက်ပနိုင်ခြင်း မရှိပေ။ အလင်းရောင်က တဖြည်းဖြည်း စတင်ပြောင်းလဲသွားပြီး မှောင်လိုက်လင်းလိုက်ဖြစ်လာသည်။
ခဏအကြာတွင်တော့ ကျန်းလန်ထိုင်နေသည့် အောက်ဘက်မှ တောက်ပသည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုအလင်းတန်းက သူ့ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
"ဝှစ်"
နဂိုရှိနေသည့် မှိန်ဖျော့ဖျော့အလင်းရောင်က ပျောက်ကွယ်သွားပြီး အသစ်ထွက်ပေါ်လာသည့်အလင်းရောင်က ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
သူ၏ခန္ဓာကိုယ်အတွင်းမှ မိုးခြိမ်းသံများအလား ပေါက်ကွဲသံများ တဟုန်ထိုး ထွက်ပေါ်လာပြီး ကြီးမားသောတန်ခိုးစွမ်းအားများလည်း ပေါက်ကွဲထါက်လာသည်။
တာ့လော်အင်မော်တယ် ၊ အလယ်ဆင့်။
သူ အဆင့်တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။
တန်ခိုးစွမ်းအားများ တဖြည်းဖြည်း ရပ်တန့်သွားချိန်တွင် ကျန်းလန် မျက်လုံးများကို အသာဖွင့်ကြည့်လိုက်ပြီး သူ၏ ကိုယ်ပိုင်စွမ်းအားကို ခံစားကြည့်လိုက်သည်။
"တာ့လော်အင်မော်တယ် ၊ အလယ်ဆင့်က တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့်ထက် အများကြီးသာလွန်တာ့ဲ ၊ အခုအချိန်သာ နဂါးငိုကျွန်းမှာ ရင်ဆိုင်ခဲ့ရတဲ့ နဂါးနက်နဲ့ ပြန်တွေ့မယ်ဆိုရင် ငါ သူ့ကို ခပ်မြန်မြန် သတ်ဖြတ်ပစ်နိုင်မှာပဲ"
ကျန်းလန်တွေးလိုက်သည်။
ယခုအချိန်သာဆိုလျှင် ထိုနဂါးနက်ကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်နိုင်ပေလိမ့်မည်။ သို့ပေသိ မည်သို့ပင် ယုံကြည်ချက်ရှိပါစေ ရန်သူကို လျှော့တွက်၍ မရနိုင်လေရာ ပထမလက်သီးချက် ထိုးနှက်ပြီးသည်နှင့် ဒုတိယနှင့် တတိယလက်သီးချက်များကိုလည်း ထိုးနှက်ရန် အသင့်ပြင်ထားရပေမည်။
သို့သော် ထိုစဉ်က နဂါးနက်ကို တိုက်ခိုက်ရန်အတွက် နွားရိုင်းကိုးကောင်စွမ်းအားနှင့် အန္တရယ်ကိုးသွယ်စွမ်းအားတို့ကို အသုံးမပြုနိုင်ခဲ့ပေ။ နဂါးဓားသိုင်းကိုသာ အသုံးပြုခဲ့ရလေသည်။
ယခု နဂါးဓားသိုင်းကို အသုံးပြုတိုက်ခိုက်မည်ဆိုပါကလည်း တတိယဓားကွက်ကို အသုံးမပြုဘဲ အနိုင်ယူနိုင်မည် ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့်တက်ပြီးသည့်နောက် ကျန်းလန် စိတ်ကိုတည်ငြိမ်အောင် ကြိုးစားလိုက်သည်။ ထို့နောက် တာ့လော်အင်မော်တယ် ၊ အလယ်ဆင့်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ဆက်လက်ကျင့်ကြံလိုက်သည်။
ယခုတစ်ခါတွင်တော့ အချိန်အတန်ကြာ ကျင့်ကြံရန် လိုအပ်လေသည်။ ကျင့်ကြံခြင်းအဆင့်မြင့်လာလေလေ အသိပညာနှင့် နည်းစနစ်များကို ပိုပြီး ရင်းနှီးကျွမ်းဝင်ရန် လိုအပ်လာလေ ဖြစ်သည်။ ကျင့်ကြံရမည်က များပြားသော်လည်း ကျန်းလန်အတွက် ပြဿနာတော့ ကြီးကြီးမားမား မရှိပေ။
အချိန် (၁)နှစ်ခန့် ကျင့်ကြံခဲ့ပြီးနောက် တာ့လော်အင်မော်တယ် ၊ အလယ်ဆင့်နှင့် လုံးလုံးလျားလျား ကျွမ်းဝင်ရင်းနှီးသွားခဲ့သည်။
သူ တစ်ယောက်တည်းကျင့်ကြံခဲ့သည်မှာလည်း (၂၆)နှစ်တိတိ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ နောက်ထပ် (၄)နှစ်ဆိုလျှင် ကျန်းလန် ခွန်လွန်တောင်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်း (၇၀၀) ပြည့်ပြီ ဖြစ်သည်။
ယခုတော့ ဆရာဖြစ်သူကို လက်ဆောင်ပေးရန် တောင်ခြေသေရည်ဆိုင်တွင် သေရည်သွားရောက်ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။
သို့သော်…
ကျန်းလန် မတ်တတ်ရပ်လိုက်ပြီး ငရဲတံခါးဆီသို့ လှမ်းကြည့်လိုက်သည်။
"ငရဲတံခါးက ဘာလို့ ငြိမ်သက်သွားတာလဲ ၊ ငါ ကျင့်ကြံခြင်းအဆင့်တက်သွားလို့ ငြိမ်သွားတာတော့ မဖြစ်နိုင်ဘူး ၊ ဒါပေမဲ့ ဒီလို အရမ်းတိတ်ဆိတ်ငြိမ်သက်နေတာ ပုံမှန်အခြေအနေမဟုတ်ဘူးပဲ"
ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် ကျန်းလန် ငရဲတံခါးအနားသို့ လျှောက်သွားလိုက်သည်။
လူသားအင်မော်တယ်ဖြစ်လျှင်ပင် ငရဲတံခါးအတွင်းသို့ ကြည့်ရှုနိုင်သည်ဟု ဆရာဖြစ်သူက ပြောခဲ့ဖူးသည်။ ယခု သူက တာ့လော်အင်မော်တယ် ၊ အလယ်ဆင့်သို့ ရောက်နေပြီ ဖြစ်ရာ မည်သည့်ပြဿနာမှ မရှိလောက်ပေ။
ယခင်က တစ်ခုခု ပြဿနာဖြစ်မည်စိုးသောကြောင့် ငရဲတံခါးအတွင်းသို့ တစ်ခါမှ မကြည့်ခဲ့ပေ။ ယခုတော့ အရင်ကနှင့် မတူညီတော့ပေ။
ထို့ပြင် ငရဲတံခါးသည်လည်း တစ်ခုခု မူမမှန်ကြောင်း သူ ခံစားနေရသည်။
ကျန်းလန် ငရဲတံခါးတွင်းနက်ကြီးရှေ့သို့ ရောက်ရှိလာသည်။ အနားသို့ ချဉ်းကပ်လာသည်နှင့်အမျှ ဆရာဖြစ်သူ ပြုလုပ်ထားသည့် အရံအတားကို ဖြတ်ကျော်သွားသည်ဟု သူ ခံစားမိသည်။
ငရဲတံခါးဆီသို့ အခြားသူများ ချဉ်းကပ်လာမည်ကို တားဆီးရန် ဆရာဖြစ်သူက အရံအတား ပြုလုပ်ထားခြင်း ဖြစ်ဟန်တူသည်။ ထို့ပြင် ကျန်းလန် ငယ်စဉ်အချိန်က မရဏဂူထဲတွင် ကျင့်ကြံစဉ် အန္တရယ်မဖြစ်ရအောင် ကာကွယ်ပေးထားခြင်းလည်း ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့် မြင့်မားခြင်းမရှိဘဲ ငရဲတံခါးအနား ချဉ်းကပ်မိပါက သေချာပေါက် အသက်အန္တရယ် ကျရောက်နိုင်သည်။
ယခုတော့ အခြေအနေက ပြောင်းလဲသွားပြီ ဖြစ်သည်။ သူ တာ့လော်အင်မော်တယ်အဆင့်ရောက်ရှိနေပြီဖြစ်ကြောင်း ဆရာဖြစ်သူလည်း သိရှိမည် အမှန်ပင်။
ငရဲတံခါးအနားတွင် သူရှိနေလျှင်ပင် ပိုပြီး စိတ်ချရမည်ဖြစ်ပြီး သူ့အတွက်ကတော့ စိတ်ပူစရာ မလိုတော့ပေ။ ကျန်းလန်က မျက်ခုံးများကို တွန့်ချိုးရင်း ငရဲတံခါးအတွင်းသို့ ငုံ့ကြည့်လိုက်သည်။
ချက်ချင်းပင် လောကတစ်ခွင်ရှိ အရာအားလုံးကို တွေ့မြင်လိုက်ရသလို ကျန်းလန် ခံစားလိုက်ရသည်။ ထို့နောက် သူ၏စိတ်အာရုံကို တစ်စုံတစ်ခုက အဝေးသို့ စုပ်ယူသွားသည့်အလား တုန်ခါမှုတစ်ခုကို ခံစားရကာ မိုက်ခနဲ ဖြစ်သွားရသည်။
သို့ပေသိ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းလန်၏စိတ်အစဉ်က ပြန်လည်တည်ငြိမ်သွားပြီး ထူးဆန်းသည့် လွှမ်းမိုးမှုမှ လွတ်မြောက်သွားသည်။ ဤသည်က လေးနက်ခြင်းမရှိသည့်တိုင် ရိုးရှင်းခြင်းလည်း မရှိပေ။
လူသားအင်မော်တယ်တစ်ယောက်သာဆိုလျှင် ထိုလွှမ်းမိုးမှုမှ လွယ်လွယ်ဖြင့် လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ကျန်းလန်က စိတ်စွမ်းအားကောင်းသူဖြစ်သည့်အတွက် တော်သေးသည်ဟု ဆိုရမည်။
သူ သတိပြန်ဝင်လာသည့်အခါ မည်သည့်ပုံရိပ်ယောင်ကိုမှ တွေ့မြင်ရခြင်း မရှိတော့ပေ။ သို့သော် ငရဲတံခါးအတွင်းပိုင်းသည် သူမျှော်လင့်ထားသည်နှင့် မတူခြားနားသည်။
သူ ထင်ထားသည်က တွင်းနက်ကြီးထဲတွင် ရေကဲ့သို့ သိပ်သည်းနေမည့် မရဏအငွေ့အသက်များကို တွေ့မြင်ရမည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ထိုသို့ လုံး၀ မဟုတ်ခဲ့ပေ။
ငရဲတံခါးအောက်ခြေတွင် မည်သည့်ရေမှ မရှိခဲ့ပေ။ တင်းမာမှုဖိအားများနှင့် ပြည့်နက်နေသည့် တံခါးတစ်ချပ်သာ ရှိနေခဲ့သည်။
ပြီးတော့ ထိုတံခါးက အသက်ရှူနေသည့်အလားဖြစ်သည်။ ကျန်းလန်၏ စိတ်အာရုံက ငရဲတံခါးနှင့် နီးကပ်လာသည့်အခါ လောကကြီးတစ်ခုလုံး ပြိုကျလာသည့်အလား ခံစားရသည်။
"ဒါက ငရဲတံခါးပဲ"
ကျန်းလန် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
မရဏလောကနှင့် ပျက်သုဉ်းတစ်စပြင်လောကကြီးသည် မည်သည့်အချိန်ကာလကကတည်းက ချိတ်ဆက်နေခဲ့ပါသနည်း။ ငရဲတံခါးထက်တွင် မရဏအငွေ့အသက်များ ရှိနေသော်လည်း များစွာသော စည်းတံဆိပ်များနှင့် ပြည့်နက်နေသည်ကို တွေ့မြင်ရသည်။
စည်းတံဆိပ်များက အားပျော့နေပြီ ဖြစ်သော်လည်း အတွင်းမှသတ္တဝါများ အလွယ်တကူ ထွက်လာရန်ကတော့ မဖြစ်နိုင်သေးပေ။ ထို့အတူ အစီအရင်ပညာ ကျွမ်းကျင်လှပါသည်ဆိုသည့် ကျန်းလန်သည်ပင် စည်းတံဆိပ်များကို ချိုးဖျက်ပြီး ငရဲတံခါးအတွင်းသို့ဝင်ရောက်ရန် မဖြစ်နိုင်ပေ။
ကျန်းလန် စိတ်ကို လျှော့ချလိုက်သည်နှင့် ငရဲတံခါးက သူနှင့် ဝေးကွာသွားသလို ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် မရဏလောက၏ ပျက်စီးနေသည့် ပုံရိပ်အချို့ကို ငရဲတံခါးအတွင်းထဲတွင် တွေ့မြင်လိုက်ရလေသည်။
"ဒါ တကယ့်ကို ပုံမှန်မဟုတ်ဘူးပဲ"
***