ဆရာ့ကိုမိန်းမပေးစားဖို့ပထမခြေလှမ်း
Vol. 34 Ch. 474
နွေရာသီ ဖြစ်လေသည်။
နေရောင်ခြည်က တောက်ပစွာ လင်းလက်နေ၏။
ကျန်းလန် မရဏဂူထဲမှ ထွက်လာခဲ့သည်။
ယခုအချိန်ထိတော့ ငရဲတံခါးက တစ်စုံတစ်ခု မူမမှန်သည်ကလွဲပြီး အခြား မည်သည့်အမှားအယွင်းမှ မတွေ့ရသေးပေ။
ငရဲတံခါးသည် ထူခြားစွာပင် တိတ်ဆိတ်ငြိမ်သက်လျှက် ရှိသည်။ ဤသည်က မူမမှန်ခြင်းဆီသို့ ဦးတည်နေသည်။ ထို့ကြောင့် ကျန်းလန် ဆရာဖြစ်သူကို သတင်းပို့ရန် နဝမတောင်ထွတ်အစွန်းသို့ ထွက်လာခဲ့သည်။
"ဆရာ…"
တောင်ထွတ်အစွန်းထက်မှ အခြားဘက်ဆီသို့ ငေးစိုက်ကြည့်နေပြီး သူ့ကို ကျောပေးထားသည့် ဆရာဖြစ်သူကို ကျန်းလန် ဂါရဝပြုလိုက်သည်။
ထို့နောက် ငရဲတံခါး၏ မူမမှန်ခြင်းအကြောင်းကို ပြောပြလိုက်သည်။
မော့ကျန်းသုန့်က…
"ပြဿနာဖြစ်နေတဲ့နေရာက မြောက်ပိုင်းစွန့်ပစ်နယ်မြေအနားမှာပဲ ၊ ဒါပေမဲ့ နေရာအတိအကျကို မသိဘူး ဖြစ်နေတယ် ၊ သူတို့ ဒီထက်ပိုပြီး လှုပ်ရှားတဲ့အချိန်ကို စောင့်ကြတာပေါ့"
သူ့ပုံစံက အေးဆေးတည်ငြိမ်လျှက် ရှိသည်။
ကျန်းလန်က အံ့အားသင့်သွားပြီး…
"ဆရာက သိထားပြီးသားလား"
မော့ကျန်းသုန့်က ကျန်းလန်ရှိရာသို့ လှည့်ကြည့်လာရင်း…
"အင်း … သိတယ် ၊ မင်းက မရဏဂူထဲမှာ အမြဲနေပေမယ့် အခု ဆရာရပ်နေတဲ့နေရာမှာ တစ်ခါမှ ရပ်မကြည့်ဖူးဘူးလေ ၊ ဒီနေရာကနေ ရပ်ကြည့်မယ်ဆိုရင် မရဏအငွေ့အသက်တွေရဲ့ ပြောင်းလဲမှုကို သိမြင်နိုင်လိမ့်မယ်"
ထို့နောက် မော့ကျန်းသုန့်က ကျန်းလန်ကိုကြည့်လိုက်ရင်း စကားဆက်ပြောသည်။
"ရန်သူရဲ့လုပ်ရပ်က အရမ်းကြီးမားလွန်းတယ် ၊ သူတို့က ရှေးဟောင်းပစ္စည်းတွေကို အသုံးပြုနေတဲ့ပုံပဲ ၊ သူတို့တွေ ငရဲတံခါးကို ပစ်မှတ်ထားတာ အောင်မြင်သွားခဲ့ရင် ရက်အနည်းငယ်အတွင်း ဆရာ ခရီးထွက်ရလိမ့်မယ် ၊ မင်း ဆရာနဲ့ လိုက်ချင်သလား"
ဆရာဖြစ်သူက လက်တွေ့ကျကျ တိုက်ပွဲအတွေ့အကြုံရရှိရန် သူ့ကို ခေါ်နေခြင်း ဖြစ်သည်။
ကျန်းလန်က…
"ဆရာရော ကျွန်တော်ရော မရှိဘူးဆိုရင် နဝမတောင်ထွတ်က ဘယ်လိုလုပ်မှာလဲ"
သူတို့ (၂)ယောက်လုံး ခရီးထွက်မည်ဆိုလျှင် နဝမတောင်ထွတ်ကို စောင့်မည့်သူ မရှိတော့ပေ။ ဤသည်က အလွန်အန္တရယ်များသည်။
မော့ကျန်းသုန့်က…
"နဝမတောင်ထွတ်ကို ရက်နည်းနည်းလောက် စောင့်ရှောက်ပေးမယ့်သူ ခေါ်ရမှာပေါ့ ၊ မင်းက အရမ်းအားနည်းသေးတော့ နဝမတောင်ထွတ်ကို စောင့်ရှောက်ဖို့ ဘယ်လိုလုပ်ဖြစ်မှာလဲ"
ကျန်းလန် ခေါင်းညိတ်ပြလိုက်၏။
တောင်သခင်များနှင့် အကြီးအကဲများအမြင်တွင် သူက လူသားအင်မော်တယ် ၊ နောက်ဆုံးအဆင့် ဖြစ်လေရာ နဝမတောင်ထွတ်ကို တစ်ယောက်တည်း စောင့်ရှောက်ရန် မဖြစ်နိုင်ပေ။
အမှန်တော့ သူ၏ အစစ်အမှန်ကျင့်ကြံခြင်းအဆင့် ဖြစ်သော တာ့လော်အင်မော်တယ် ၊ အလယ်ဆင့်ဖြင့်ပင်လျှင် နဝမတောင်ထွတ်ကို စောင့်ရှောက်နိုင်စွမ်း သိပ်မရှိသေးပေ။ ငရဲတံခါးကို တာအိုအင်မော်တယ်တစ်ယောက်က တိုက်ခိုက်လာလျှင် ပြဿနာအကြီးအကျယ်တက်မည် ဖြစ်သည်။
ကျန်းလန်က ဆရာဖြစ်သူကို ဦးညွှတ်အရိုအသေပြုလိုက်ရင်း…
"ဒါဖြင့် ကျွန်တော် ဆရာနဲ့လိုက်ခဲ့မယ်"
ဤသည်က အတွေ့အကြုံရမည့်ခရီးစဉ်တစ်ခုဖြစ်လေရာ သူ သေချာပေါက် လိုက်သွားရမည် ဖြစ်သည်။ တာ့လော်အင်မော်တယ်အဆင့် ရောက်ရှိနေပြီ ဖြစ်ရာ ဆရာဖြစ်သူအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာမည် မဟုတ်တော့ပေ။
သို့ပေသိ နဝမတောင်ထွတ်ကို စောင့်ရှောက်ပေးရန် ဆရာဖြစ်သူက မည်သူ့ကို အကူအညီတောင်းပါမည်နည်း။
ကျန်းလန် ခဏမျှ တုံ့ဆိုင်းနေပြီးနောက်…
"နဝမတောင်ထွတ်ကို စောင့်ရှောက်ဖို့ ဘယ်သူ့ကို ခေါ်မှာလဲ ဆရာ"
မော့ကျန်းသုန့်က…
"ဆဋ္ဌမတောင်ထွတ်က မင်းရဲ့ ဆရာဒေါ်လေးချန်ရှီကို ခေါ်မလားလို့ စဉ်းစားထားတယ် ၊ သူက အားနေတာလေ"
ဆရာဒေါ်လေး ချန်ရှီတဲ့လား။
ဆရာဒေါ်လေးချန်ရှီက ဆရာဖြစ်သူနှင့် အလွန်ရင်းနှီးသည်ဟု သူ သိရှိထားသည်။
ယောကျ်ားလေးနှင့် မိန်းကလေး မတူကွဲပြားသည်ဟု ဆိုကြသည့်အတွက် သူတို့ (၂)ယောက်၏ ဆက်ဆံရေးက ဝေးကွာသွားခဲ့သည့်တိုင် ခင်မင်ရင်းနှီးမှုကတော့ အရင်အတိုင်း အမြဲတမ်း ရှိနေသည်သာပင်။
ဆရာဒေါ်လေးချန်ရှီက မည်သို့ပင် ယောကျ်ားလေးဆန်စေကာမူ မိန်းကလေးတစ်ယောက် ဖြစ်နေဆဲ ဖြစ်၏။ ထို့ကြောင့် ဆရာဖြစ်သူ၏ ဇနီးလောင်း ဖြစ်လာနိုင်ခြေရှိနေသေးသည်။
သို့သော် ဆရာဖြစ်သူအတွက် ပထမဦးစားပေး ဇနီးလောင်းမှာ ဆရာဒေါ်လေးမြောင်ယွဲ့သာလျှင် ဖြစ်လေသည်။
ကျန်းလန်က ခဏမျှ စဉ်းစားနေပြီးမှ…
"ဆရာ… ဆရာဒေါ်လေးမြောင်ယွဲ့ရော မအားဘူးလား ၊ သူက အရမ်းအလုပ်ရှုတ်နေသလား"
အကူအညီတောင်းရမည့်သူမှာ အလုပ်မများဘဲ အားလပ်နေရန်လည်း လိုအပ်သည်။ အလုပ်မအားသူကို အကူအညီတောင်းမိပါက အားနာစရာပင်။
အမှန်ဆိုလျှင် နဝမတောင်ထွတ်ကို စောင့်ရှောက်ပေးရန်အတွက် အဋ္ဌမတောင်ထွတ်မှ ဆရာဦးလေးကျိုးကျုန်းထျန်းက အသင့်တော်ဆုံး ဖြစ်သည်။
သို့သော် ဆရာဦးလေးကျိုးကျုန်းထျန်းက အားလပ်သူတစ်ယောက် မဟုတ်ပေ။ အန္တရယ်ကြုံလာလျှင်တော့ သူက သေချာပေါက် တိုက်ခိုက်ပေးမည် ဖြစ်သော်လည်း နဝမတောင်ထွတ်တွင်တော့ အချိန်ပြည့် လာရောက်နေထိုင်နိုင်မည် မဟုတ်ပေ။
"မြောင်ယွဲ့ ဟုတ်လား"
မော့ကျန်းသုန့်က ခဏမျှစဉ်းစားပြီး ခေါင်းတစ်ချက်ခါယမ်းလိုက်သည်။
"သူလည်း အလုပ်တော့ မများလှပါဘူး ၊ ဒါပေမဲ့ မင်းက သူ့ကို ဘာလို့ လာစေချင်ရတာလဲ"
"နဝမတောင်ထွတ်မှာ အစီအရင်တွေ အများကြီး ရှိတယ်လေ ၊ ဆရာဒေါ်လေးမြောင်ယွဲ့က အစီအရင်ပညာ အရမ်းမြင့်မားတော့ ပိုပြီး သင့်တော်မလားလို့ပါ ၊ ဆရာဒေါ်လေးချန်ရှီကလည်း အစီအရင်တွေထဲ ပိတ်မိနေမယ့်သူမျိုးတော့ မဟုတ်ပါဘူး ၊ ဒါပေမဲ့ အန္တရယ်တစ်ခုခု ဖြစ်လာရင် သိပ်အဆင်မပြေဘူးလေ"
ကျန်းလန်က ကြိုတင်စဉ်းစားထားသည့်အတိုင်း ပြောလိုက်သည်။
ခဏမျှ ငြိမ်သက်နေပြီးမှ မော့ကျန်းသုန့်က ခေါင်းညိတ်လိုက်သည်။
"အင်း… ဒါဖြင့် နောက်ရက်တွေကျ ပဉ္စမတောင်ထွတ်ကိုပဲသွားပြီး အကူအညီတောင်းလိုက်တော့မယ်"
ထိုအခါမှ ကျန်းလန် သက်ပြင်းချလိုက်မိပြီး နဝမတောင်ထွတ်အစွန်းမှ ထွက်ခွာလာခဲ့လေသည်။
ဆရာဖြစ်သူကတော့ သူ့ရည်ရွယ်ချက်ကို သိရှိမည် မထင်ပေ။ အစီအရင်များ မပျက်စီးစေချင်သောကြောင့်သာ ဆရာဒေါ်လေးမြောင်ယွဲ့ကို ခေါ်စေချင်သည်ဟု ထင်မှတ်သွားပေလိမ့်မည်။
ကျန်းလန်ပြုလုပ်ထားသည့် အစီအရင်များက အားကောင်းသော်လည်း တာအိုအင်မော်တယ်တစ်ယောက်ကိုတော့ တားဆီးနိုင်မည် မဟုတ်ပေ။ ပြဿနာတစ်စုံတစ်ခု ဖြစ်ခဲ့ပါက ဆရာဒေါ်လေးချန်ရှီက အစီအရင်များကို ချိုးဖျက်ပစ်နိုင်သည်ပင်။
သို့ပေသိ ဆရာဒေါ်လေးမြောင်ယွဲ့ကတော့ အစီအရင်များကို ကောင်းစွာ အသုံးချတတ်ပေလိမ့်မည်။
ဆရာဖြစ်သူ မည်သို့ပင်တွေးထင်ပါစေ ကျန်းလန်၏ ပထမခြေလှမ်းကတော့ အောင်မြင်သွားသည်ဟု ယူဆနိုင်သည်။ အနည်းဆုံးတော့ ဆရာဖြစ်သူက ဆရာဒေါ်လေးမြောင်ယွဲ့အပေါ် မုန်းတီးစိတ် မရှိကြောင်း သိရှိခဲ့ရသည် မဟုတ်ပါလား။
***
ဆဋ္ဌမတောင်ထွတ်။
ချန်ရှီက မြောင်ယွဲ့ကို လှမ်းကြည့်လိုက်ရင်း…
"မင်း ဒီမှာထိုုင်နေတာ နှစ်တွေအတော်ကြာနေပြီနော် ၊ မပြန်သေးဘူးလား"
မြောင်ယွဲ့က ရယ်မောလိုက်ရင်း…
"ဂိုဏ်းတူညီမလေးကျူးချင် ခဏနေရင် ကျွန်မကို လာရှာလိမ့်မယ်"
ကောင်းကင်နက္ခတ်များကိုကြည့်ရှုရန်ဟန်ပြင်နေသည့် ချန်ရှီမှာ နေရာမှာပင် ရပ်တန့်သွားပြီး မြောင်ယွဲ့ကို လှမ်းကြည့်လိုက်သည်။
မြောင်ယွဲ့ သူမကို တမင်သက်သက် လှည့်စားရန် ကြံစီနေသည်လားဟု သံသယဝင်နေဟန် ရှိ၏။ ချန်ရှီက ကျူးချင်အပေါ် အခြားသူများနှင့်မတူဘဲ ထူးခြားသည့်ခံစားချက်ရှိသည်ကို မြောင်ယွဲ့က သိရှိလေသည်။
မြောင်ယွဲ့ပြောသည့်စကားက မှန်သည်ဖြစ်စေ လိမ်ညာသည်ဖြစ်စေ ချန်ရှီ အရေးမစိုက်တော့ပေ။ မည်သည့်ကိစ္စမဆို မြောင်ယွဲ့လုပ်ချင်တိုင်းလုပ်၍မှ မရနိုင်ဘဲလေ။
ချန်ရှီက သူမ၏ အကြမ်းပန်းကန်ထဲသို့ လက်ဖက်ရည်ကြမ်းများ လောင်းထည့်လိုက်ရင်း…
"ငရဲတံခါးက စတင်ပြောင်းလဲနေပြီလို့ ခံစားရတယ် ၊ ပြဿနာစတင်နေတဲ့ နေရာကတော့ မြောက်ပိုင်းစွန့်ပစ်နယ်မြေမှာပဲ ၊ ဒါပေမဲ့ ရန်သူက သူတို့လုပ်နေတဲ့အလုပ်တွေကို ဘယ်သူမှမသိအောင် ပိတ်ဆို့တားဆီးထားတယ် ၊ ငါတို့အနေနဲ့ တစ်ခုခုထူးခြားတာကိုစောင့်ကြည့်ပြီး လှုပ်ရှားရမှာပဲ"
စကားပြောနေရင်း သူမ ရုတ်တရက် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။
"ဂိုဏ်းတူအစ်ကိုမော့ကျန်းသုန့် ရောက်လာတာလား"
မော့ကျန်းသုန့်၏ တည်ရှိမှုကို သူမ ခံစားလိုက်ရသည်။ မြောင်ယွဲ့သည်လည်း ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။
သို့ပေသိ မော့ကျန်းသုန့်က ဆဋ္ဌမတောင်ထွတ်သို့ လာရောက်ခြင်းမဟုတ်ဘဲ ပဉ္စမတောင်ထွတ်သို့ ဦးတည်ထွက်ခွာသွားကြောင်း တွေ့လိုက်ရသည်။
ချန်ရှီက မြောင်ယွဲ့ကို တအံ့တသြဖြင့် ကြည့်လိုက်ရင်း…
"အဲဒါ ဘာဖြစ်တာလဲ"
မြောင်ယွဲ့က စိတ်ရှုတ်ထွေးသွားဟန်ဖြင့်…
"ဂိုဏ်းတူအစ်ကိုမော့ကျန်းသုန့်က ကျွန်မကို ရှာနေတာလား မသိဘူး"
ချန်ရှီက အကြမ်းပန်းကန်ထဲမှ လက်ဖက်ရည်ကို လက်ညှိုးဖြင့် အသာတို့ထိလိုက်ပြီး ပဉ္စမတောင်ထွတ်ရှိရာသို့ အသာအယာတောက်ထုတ်လိုက်သည်။
မြောင်ယွဲ့ ရှိနေသည့်နေရာကို မော့ကျန်းသုန့်ထံ အကြောင်းကြားလိုက်ခြင်း ဖြစ်၏။ ထို့နောက် သူမက မြောင်ယွဲ့ကို ကြည့်လိုက်သည်။
ထိုခဏအတွင်းမှာပင် မြောင်ယွဲ့ သူမထံတွင် တစ်ချိန်လုံး ရောက်နေရသည့် အကြောင်းရင်းကို သဘောပေါက်သလို ရှိသွားသည်။
***
ကျန်းလန် ကျောက်စိမ်းရေကန်သို့ ရောက်ရှိလာသည်။
ရှောင်ယွိက တစ်ယောက်တည်း ကျင့်ကြံနေဆဲဖြစ်သည်။
ကျန်းလန်က ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားကို ကြည့်လိုက်သော်လည်း မည်သည့်ပြဿနာမှ မတွေ့ရှိရပေ။ နောက်ရက်အနည်းငယ်အတွင်း သူမ အစစ်အမှန်အင်မော်တယ် ဖြစ်လာတော့မည် ဖြစ်သည်။
သူန ကျင့်ကြံခြင်းအဆင့်တက်ပြီးနောက် နဝမတောင်ထွတ်သို့ရောက်လာလျှင် ကျန်းလန်က ရှိနေမည် မဟုတ်ပေ။
ထို့ကြောင့် သူမကို အကြောင်းကြားရန် ကျန်းလန် ကျောက်စိမ်းရေကန်သို့ ထွက်လာခြင်းပင်။
ကျန်းလန်က သူတို့စာများရေးသားပြီး ချန်ခဲ့လေ့ရှိရာကျောက်တုံးထက်တွင် စာလေးတစ်စောင် ချန်ထားလိုက်သည်။
စာထဲတွင် "အမြန်ဆုံးပြန်လာမည်" ဟု ရေးသားထားသည်။
သို့သော် ကျောက်စိမ်းရေကန်မှ ပြန်လည်မထွက်ခွာမီ ကျန်းလန် ခဏမျှ တုံ့ဆိုင်သွားပြီး ကျောက်တုံးထက်တွင် ရှောင်ယွိ ပြုံးနေသည့်မျက်နှာလေးကို ပန်းချီဆွဲလိုက်သည်။
ထို့နောက် ကျန်းလန် ကျေနပ်သွားဟန်ဖြင့် ထွက်ခွာလာခဲ့တော့သည်။
သူဆွဲပေးသည့် ပန်းချီလေးက အနည်းငယ်မသေသပ်သော်လည်း ရှောင်ယွိ နှစ်သက်မည်ဟု ယူဆမိသည်။
ခြံဝင်းထဲ ပြန်ရောက်လာသည့်အခါ ကျန်းလန်က ပန်းပင်လေးများကို သေသေချာချာ ပြုစုပျိုးထောင်ပေးသည်။
ရှောင်ယွီ တံခါးပိတ်ကျင့်ကြံရာမှထွက်လာလျှင် ခြံဝင်းထဲမှ ပန်းပင်လေးများကို တွေ့မြင်ပြီး စိတ်ပျော်ရွှင်သွားစေရန် ဖြစ်သည်။
အရာအားလုံး ပြင်ဆင်ပြီးသွားသည်ဣှင့် ကျန်းလန်က ခြံဝင်းထဲတွင်ထိုင်ရင်း လှပသည့် ရှုခင်းများကို ကြည့်နေသည်။
ယခင်ကတော့ အဖြစ်အပျက်များကို နားလည်ရန် ခက်ခဲသော်လည်း ယခုတော့ အတော်လေး နားလည်နေပြီ ဖြစ်သည်။
အကြောင်းအရာများကို စဉ်းစားကြည့်သည့်အခါ သေရည်ဆိုင်ပိုင်ရှင်အဘိုးအို မည်မျှအစွမ်းထက်ကြောင်း ခန့်မှန်းမိသည်။ အမှန်တော့ သေရည်ဆိုင်တစ်ခုလုံးက ထင်သလောက် ရိုးရှင်းခြင်း မရှိပေ။
အချိန် (၅)ရက် ကြာခဲ့ပြီးနောက်...
ငရဲတံခါး၏ အသွင်အပြင်က ပြောင်းလဲသွားပြီး သူမတူအောင် တိတ်ဆိတ်သွားသည်။ သို့သော် မုန်တိုင်းမကျမီ ငြိမ်သက်ခြင်းမျိုး၏ ရှေ့ပြေးလက္ခဏာပင် ဖြစ်သည်။
"ကြည့်ရတာ တစ်ဖက်က အောင်မြင်နေတဲ့သဘောရှိတယ် ၊ ဒီအန္တရယ်က မြောက်ပိုင်းစွန့်ပစ်နယ်မြေဘက်က စတင်လာတာလား"
ကျန်းလန်တွေးတောရင်း တောင်နှင့်ပင်လယ်ကြေးမုံပြင်ထက်တွင် တွေ့မြင်ရသည့် မြင်ကွင်းကို ပြန်လည် သတိရမိသည်။
မြောက်ပိုင်းစွန့်ပစ်နယ်မြေသည် နတ်မိစ္ဆာများ အများဆုံးကျက်စားရာ နေရာဖြစ်သည်။ မြင်ကွင်းထဲမှအဖြစ်အပျက်အရဆိုလျှင် သူတို့သည် တောရိုင်းကန္တရတစ်ခုတွင် တစ်စုံတစ်ခု ပြုလုပ်နေကြလေသည်။
ထိုအချိန် ခြံဝင်းထဲတွင် မော့ကျန်းသုန့် ပေါ်လာသည်။
ကျန်းလန်က မတ်တတ်ရပ်လိုက်ပြီး နှုတ်ဆက်စကားဆိုသည်။
"ဆရာ"
လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက သူ ခရီးထွက်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။
မော့ကျန်းသုန့်က ကျန်းလန်ကို ကြည့်လိုက်ရင်း...
"သွားကြစို့ ၊ ဒီတိုက်ပွဲမှာ မင်း အတွေ့အကြုံအကောင်းဆုံးယူပါ"
ကျန်းလန် ခေါင်းညိတ်လိုက်၏။
"ဟုတ်ကဲ့"
တောင်နှင့်ပင်လယ်ကြေးမုံမှန်တွင် တွေ့မြင်ခဲ့ရသည့် မြင်ကွင်းအရဆိုလျှင် ယခုတိုက်ပွဲက သူ့အတွက် အန္တရယ်များသည်ဟု ဆိုနိုင်သည်။
တန်ခိုးစွမ်းအားအမြင့်မားဆုံးဖြစ်သည့် တာအိုအင်မောတယ်နှင့် မတိုက်ခိုက်ရသည့်တိုင် လက်အောက်ငယ်သားနတ်မိစ္ဆာများက အလွန်ပင် များပြားပေလိမ့်မည်။
ရန်သူ့ဘက်တွင် တာ့လော်အင်မော်တယ်များ ရှိနေနိုင်သည်ဖြစ်ရာ အသုံးဝင်မည့် ပြင်ဆင်မှုများအားလုံးကို ကျန်းလန် ပြုလုပ်ထားခဲ့လေသည်။
***