ရှေးဟောင်းဧကရာဇ်
Vol. 35 Ch. 479
ဒူးတစ်ဖက်စီထောက်ထားကြသည့် လူငယ် (၂)ယောက်ကို ကြည့်ရင်း ကျန်းလန် ပဟေဠိ ဖြစ်သွားသည်။
"တိုက်ပွဲဝင်ဖို့အဆင်သင့်ပဲ" ဟု သူတို့က ပြောနေကြသည်။
သို့သော် ထိုလူငယ် (၂)ယောက်က လူသားအင်မော်တယ်အဆင့်ပင် မဟုတ်ကြပေ။ မိုးကောင်းကင်ခုံရုံး၏ စစ်ပွဲတွင်ပါဝင်ရန် အဘယ်မှာ အရည်အချင်း ရှိပါမည်နည်း။
ကျန်းလန်က…
"တိုက်ပွဲမှာ ပါဝင်မယ်ဆိုတော့… သူတို့က နောက်ပိုင်းမျိုးဆက်သစ်တွေလား"
ရွာအကြီးအကဲက…
"ဟုတ်ပါတယ် ၊ အလားအလာကောင်းရှိဖို့က အရေးကြီးတယ်လေ ၊ ရှေးဟောင်းဧကရာဇ်ပြောတာတော့ ကျုပ်တို့ရွာက မှတ်တမ်းထဲမှာ ပါဝင်နေလို့ ဒီနေရာမှာလျှို့ဝှက်နေထိုင်ရမယ်တဲ့"
မြင့်မြတ်သည့်နတ်ဘုရားက ရွာသို့ အပြောင်းအလဲများ ယူဆောင်လာနိုင်ကြောင်း သူတို့သိထားကြသည်ဖြစ်လေရာ မည်သူကမှ အမှားအယွင် မဖြစ်စေချင်ကြပေ။
ကျန်းလန် စိတ်ရှုတ်ထွေးသွားသည်။
မိုးကောင်းကင်ခုံရုံး၏ တန်ခိုးစွမ်းအားကို သံသယဖြစ်စရာ မလိုပေ။ သို့သော် အင်မော်တယ်ပင် မဖြစ်သေးသည့် လူငယ်များကို အဘယ့်ကြောင့် တိုက်ပွဲတွင်ပါဝင်ရန် လိုအပ်ရပါသနည်း။ ထိုလူငယ်များက မည်သည့်နေရာတွင်မှ ထူးထူးခြားခြား အသုံးဝင်မည် မဟုတ်ပေ။
ထို့နောက် ရှေးအချိန်က ကောလဟလအချို့ကို ပြန်စဉ်းစားမိသည်။
ရွာတစ်ရွာမှ ယောကျ်ားပျို ၊ မိန်းမပျိုလေးများကို လူအချို့က လာရောက်ခေါ်ယူသွားတတ်သည်။ ခေါ်ယူသွားပြီးသည်နှင့် ရှေးဟောင်းဧကရာဇ်နန်းတော်၏ သင်္ကေတကို ချန်ထားခဲ့သည်။
ဆိုတော့…
စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည့် ထိုရွာလေးက ယခု ကျန်းလန်ရောက်ရှိနေသည့် ရွာလေးများလား။
ကျန်းလန် ရွာလေးကို တစ်ချက်အကဲခတ်လိုက်သည်။ လုံး၀ သာမန်ရွာလေးတစ်ရွာပမာ ထင်မှတ်ရသော်လည်း တကယ်တမ်းတွင် သာမန်မဟုတ်ပေ။
သာမန်မဟုတ်သည့် နေရာတစ်ခုတွင် တည်ရှိနေသည့် သာမန်ရွာငယ်လေးတစ်ခု ဖြစ်သည်။ အခြားသူများအနေဖြင့် ဤနေရာကို ရောက်ရှိနိုင် ၊ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။
ထိုသူများကို ကာကွယ်ပေးထားသည်ဟုဆိုလျှင် ချဲ့ကားပြောဆိုရာ ရောက်မည်မထင်ပေ။ သူတို့၏ ကိုယ်ရည်ကိုယ်သွေး (သို့မဟုတ်) ပင်ကိုယ်ပါရမီများကြောင့် သူတို့ကို ကာကွယ်ပေးထားသည်လား။
မည်သို့ပင်ဖြစ်စေ သူတို့ကိုကြည့်ရသည်မှာ ထင်ရှားသည့်ကဏ္ဍမှ ပါဝင်ကြသူများတော့ ဟုတ်ဟန်မတူပေ။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းဧကရာဇ်နန်းတော် ပျက်စီးသွားသောကြောင့် ဖြစ်သည်။
သို့ဆိုလျှင် သူတို့၏ ရန်သူက မည်သူဖြစ်ပါသနည်း။
ကျန်းလန်လည်း မသိရှိပေ။ သို့သော် ဤနေရာမှ သတင်းအချို့ ရရှိကောင်း ရရှိနိုင်သည်။ ရွာသားများ လိမ်လည်ပြောဆိုလျှင်တော့ ကျန်းလန်လည်း ဘာမှမတတ်နိုင်ပေ။
သူက အရာအားလုံးကို သတိထားနေဆဲ ဖြစ်ပြီး ရွာသားများကိုလည်း လျှော့မတွက်ခဲ့ပေ။
ကျန်းလန်က သိမ်မွေ့စွာဖြင့်…
"ထပါ…"
သူက ဆက်ပြောသည်။
"တိုက်ပွဲက ယာယီအားဖြင့်တော့ အဆုံးသတ်သွားပါပြီ ထင်ပါတယ် ၊ မင်းတို့အားလုံး ဝင်တိုက်ဖို့ မလိုတော့ပါဘူး"
ရှေးဟောင်းဧကရာဇ် တိတ်ဆိတ်ငြိမ်သက်နေပြီးမှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ နတ်ဘုရားရာထူးကို ဆက်ခံသူများက ရှေးဟောင်းဧကရာဇ်၏ အမွေဆက်ခံသူများ ဖြစ်ကြသည်။
နောင်တွင် ထိုသူများက ရှေးဟောင်းဧကရာဇ် ချန်ထားရစ်ခဲ့သော တာဝန်များကို ထမ်းဆောင်ရမည် ဖြစ်သည်။
မိုးကောင်းကင်ခုံရုံးပျက်စီးသွားရန်ကိစ္စကတော့…
ဤသည်က ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံး မလွတ်မြောက်နိုင်သည်ကိစ္စတစ်ခုဖြစ်သည်မဟုတ်လား။
ကျန်းလန်၏ စကားကိုကြားသည့်အခါ ရွာသားများအားလုံး အံ့သြမှင်တက်သွားကြသည်။
တိုက်ပွဲတွင် သူတို့ အနိုင်ရခဲ့သည်လား။
မည်သူမှ မေးခွန်းထပ်မမေးကြတော့ပေ။ "တိုက်ပွဲပြီးဆုံးသွားပြီ" ဆိုသည်က သတင်းကောင်းပဲ ဖြစ်သည်။
"မြင့်မြတ်တဲ့နတ်ဘုရား ၊ ကျုပ်တို့ကို အသေးစိတ်ပြောပြလို့ရမလား"
ရွာအကြီးအကဲက အတော်လေး မျှော်လင့်နေဟန် ရှိသည်။
ကျန်းလန်က ခေါင်းကိုအသာခါယမ်းရင်း…
"ကျုပ်က နတ်ဘုရားရာထူးကို အမွေဆက်ခံထားတာ မကြာသေးဘူး ၊ ဒါကြောင့် အသေးစိတ်ကိုတော့ ပြောမပြနိုင်ဘူး ၊ ပြီးတော့ ဒီရွာကိလည်း မတော်တဆ ရောက်လာခဲ့တာပါ ၊ ဒါနဲ့ ဒီနေရာက ရှေးဟောင်းဧကရာဇ်နန်းတော် ဘယ်လိုဆက်နွယ်နေလဲဆိုတာ ပြောပြနိုင်မယ်ဆိုရင်တော့ သိချင်မိပါတယ်"
ကျန်းလန်က မေးခွန်းထုတ်ခံရမည်ကို စိုးရိမ်ပူပန်ခြင်း မရှိပေ။
တစ်ဖက်လူက သူသိချင်သည်ကို ပြောပြနိုင်မည်ဆိုလျှင် သူနားထောင်မည်ဖြစ်သည်။ ပြောမပြနိုင်လျှင်တော့ ပြန်ရုံသာရှိ၏။
ရွာငယ်တည်ရှိရာနယ်မြေ၏ ခေါ်သံကို ကျန်းလန်က တုံ့ပြန်ပြီးသည့်နောက် နတ်ဘုရားရာထူးသည်လည်း ငြိမ်သက်သွားခဲ့သည်။
ထိုခေါ်သံက လူတစ်ယောက်၏ခေါ်သံလား ၊ အခြားတစ်ခုလားဆိုသည်ကိုတော့ ကျန်းလန်လည်း မသိရှိသေးပေ။
ကျန်းလန်၏ စကားများက အဘိုးအိုကို ခေတ္တမျှ ကူရာကယ်ရာမဲ့သွားစေသည်။
နတ်ဘုရားရာထူးကို အမွေဆက်ခံထားသူတဲ့လား။
အဘိုးအို၏ခေါင်းထဲသို့ ဆိုးရွားသည့် ကြိုတင်သတိပေးချက်တစ်ခု ဝင်ရောက်လာသော်လည်း ကျန်းလန်ကို ဦးညွှတ်ရင်း လေးလေးစားစားပင်စကားဆက်ပြောသည်။
"မြင့်မြတ်တဲ့ နတ်ဘုရား ၊ ကျေးဇူးပြုပြီး ကျုပ်နောက် လိုက်ခဲ့ပါ"
ထို့နောက် အဘိုးအိုက အချက်ပြလိုက်လေရာ အခြားရွာသားများ ကိုယ့်အလုပ်ကိုယ်လုပ်ရန် ပြန်သွားကြတော့သည်။
သံချပ်ကာဝတ်ဆင်ထားသည့် ယောကျ်ားပျိုနှင့် မိန်းမပျိုကတော့ စိတ်သက်သာရာရသွားဟန်ရှိသလို စိတ်မကောင်း ဖြစ်နေဟန်လည်း ရှိသည်။
သူတို့က တိုက်ပွဲဝင်ချင်ကြသော်လည်း အလွန်ငယ်ရွယ်သူများ ဖြစ်ကြသဖြင့် ကြောက်ရွံ့စိတ်လည်း ဖြစ်နေမိသည် မဟုတ်ပါလား။
***
ကျန်းလန်က ရွာအကြီးအကဲခေါ်ဆောင်ရာသို့လိုက်ပါသွားသည်။
မကြာမီ အလွန်ကြီးမားလှသည့် သစ်ပင်ကြီးတစ်ပင်ရှေ့သို့ သူတို့ ရောက်ရှိလာကြသည်။
သစ်ပင်အောက်တွင် အလွန်ကြီးမားသည့် ကျောက်စာတိုင်ကြီးများရှိနေပြီး ထိုကျောက်စာတိုင်များထက်တွင် ဆေးရေးပန်းချီများ ရေးဆွဲထားသည်။
"မြင့်မြတ်တဲ့နတ်ဘုရား ၊ ခင်ဗျားက ကျုပ်တို့ရွာရဲ့ သမိုင်းကြောင်းကို နားလည်မှာ မဟုတ်ဘူး ၊ ဒါပေမဲ့ ကျုပ်တို့ကတော့ မျိုးဆက်တိုင်း မှတ်မိသိရှိနေခဲ့ကြပါတယ် ၊ ပြီးတော့ ကျုပ်တို့ထမ်းဆောင်ရမယ့်တာဝန်ကိုလည်း မမေ့လျော့ကြပါဘူး ၊ ပြီးတော့ မိုးကောင်းကင်ခုံရုံးရဲ့ ဂုဏ်အသရေကိုလည်း ကျုပ်တို့ မမေ့ရဲကြပါဘူး"
ရွာအကြီးအကဲက တိုးလျစွာဆိုရင်း ရှေ့ဆက်လျှောက်သွားသည်။
ကျန်းလန်က…
"ခင်ဗျားတို့အားလုံး ဒီမှာနေကြတာ ဘယ်လောက်ကြာပြီလဲ"
အဘိုးအိုက နက်ရှိုင်းသည့်လေသံဖြင့် စိတ်လှုပ်ရှားစွာဆိုသည်။
"ကျုပ်က အသက် (၉၀၀) ကျော်ပါပြီ ၊ ဒီရွာရဲ့ အကြီးအကဲပါ ၊ ကျုပ်တို့သက်တမ်းက နှစ်ပေါင်း (၁၀၀၀) ရှိပါတယ် ၊ ဒါပေမဲ့ အခု ဒီနေရာမှာနေလာတာ ကျုပ်သက်တမ်းတစ်လျှောက်လုံးပဲဆိုတော့ အချိန်တွေ အရမ်းကြာနေခဲ့ပါပြီ ၊ ကျုပ်တို့မျိုးနွယ်တွေ ဒီကိုရောက်နေခဲ့တာ ဘယ်လောက်ကြာပြီလဲဆိုတာကတော့ မမှတ်မိတော့ပါဘူး"
ကျန်းလန်က တစ်စုံတစ်ခုကို တွေးတောနေဟန်ဖြင့် မျက်ခုံးများကို တွန့်ချိုးထားသည်။ လက်ရှိအချိန်ထိတော့ မည်သည့်အန္တရယ်အငွေ့အသက်ကိုမှ မခံစားရသေးပေ။
"ခင်ဗျားတို့တွေ…"
ကျန်းလန်က ခဏနားပြီးမှ ဆက်ပြောသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀၀)လောက်က ကလေးတစ်ယောက် ပျောက်သွားဖူးသလား"
ထိုစကားကိုကြားသည့်အခါ အဘိုးအို ရုတ်တရက် ရပ်တန့်သွားသည်။
သူက အပြစ်ရှိသလို အမူအရာဖြင့် ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။
"သူ အဆင်ပြေရဲ့လား"
ကျန်းလန်က…
"သူ အသက်ရှင်နေပါတယ်"
ဟန်ချီ အသက်ရှင်သန်နေဆဲ ဖြစ်သည်။ သူမအကြောင်း အသေးစိတ်ကိုတော့ ရှောင်ယွိက ပိုပြီးသိရှိပေလိမ့်မည်။
အဖြေကိုသိရသည်နှင့် အဘိုးအိုက မည်သည့်မေးခွန်းမှ ထပ်မမေးတော့သလို ကျန်းလန်ကလည်း မည်သည့်စကားမှ ထပ်မပြောတော့ပေ။
ဂိုဏ်းတူညီမလေးဟန်ချီသည် သေချာပေါက် ဤရွာလေးမှ ကလေးငယ် ဖြစ်ရပေလိမ့်မည်။
သူမက လွတ်မြောက်သွားခြင်းလား ၊ သို့မဟုတ် မတော်တဆ ပျောက်ဆုံးသွားခြင်းလားဆိုသည်ကတော့ မသိရပေ။ သို့သော် ကျန်းလန်ကလည်း သိလည်းမသိချင်ပေ။
သူက ထိုကိစ္စနှင့်ပတ်သက်သူမှ မဟုတ်ပေပဲ။ အဘိုးအိုက အများကြီးပြောလိုဟန် မရှိသလို သူကလည်း အများကြီး မသိချင်ပေ။
ခဏမျှကြာပြီးနောက်…
ဧရာမသစ်ပင်ကြီး၏ အမြစ်နေရာသို့ ရောက်လာကြသည်။ ထိုနေရာတွင် ကျောက်စာတိုင်များစွာရှိနေပြီး လူ (၃)ရပ်စာမျှ အမြင့်ရှိသည်။
"ဒီရွာနဲ့ မိုးကောင်းကင်ခုံရုံးရဲ့ ဆက်ဆံရေးကို ပြန်ကြည့်မယ်ဆိုရင် အချိန်တွေက သိပ်ကိုကြာခဲ့ပါပြီ ၊ အဲဒီအချိန်တွေတုန်းက မိုးကောင်းကင်ခုံရုံးတောင် မပေါ်လာသေးဘူး"
ရွာအကြီးအကဲက ကျောက်စာတိုင်ကိုကြည့်ရင်းဆိုသည်။
"အရင်အချိန်တွေတုန်းကတော့… ကျုပ်တို့ရွာလေးက သိပ်ကိုအင်အားကြီးတာပေါ့ ၊ ကျုပ်တို့က မိုးနဲ့မြေက သဘာဝစွမ်းအားတွေနဲ့ မွေးဖွားလာကြတဲ့သူတွေဖြစ်ပြီး ကြမ်းတမ်းပြင်းထန်တဲ့ ကိစ္စတွေအားလုံးကို ငြိမ်သက်အောင် စွမ်းဆောင်နိုင်ခဲ့ကြတယ် ၊ လေပြင်းတိုက်ခတ်တာ ၊ ရေကြီးတာ ၊ လျှပ်စီးမိုးကြိုးမုန်တိုင်း ၊ ကြီးမားတဲ့ တန်ခိုးစွမ်းအားတွေ ၊ ပြီးတော့ ကိုယ်တွင်းမိစ္ဆာဝင်ရောက်ခံရတာတွေ အားလုံးကို တားဆီးနိုင်စွမ်း ရှိကြတယ် ၊ ကျုပ်တို့ စခန်းချတဲ့နေရာတိုင်းက ကျင့်ကြံဖို့အကောင်းဆုံးအနေအထားအဖြစ် ကျန်ရှိခဲ့ကြတယ် ၊ ကျုပ်တို့က ကိုယ်တွင်းမိစ္ဆာလွှမ်းမိုးမှုကို ခုခံကာကွယ်နိုင်စွမ်း ရှိတယ်လေ"
ကျန်းလန် အတော်လေး အံ့အားသင့်သွားသည်။ ဤသို့သော စွမ်းရည်များဖြင့်ဆိုလျှင် နဝမတောင်ထွတ်တွင်နေထိုင်ရန် အတော်လေး သင့်တော်ပေမည်။
သို့သော် ဟန်ချီတွင်တော့ ထိုသို့သောထူးခြားချက်မျိုး မရှိပေ။ သူမက အရည်အချင်းသိပ်မရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ရွာအကြီးအကဲက သက်ပြင်းချလိုက်ရင်း…
"အဲဒီတုန်းက ကျုပ်တို့တွေကို နတ်ဝိညာဉ်မျိုးနွယ်တွေလို့ ခေါ်ကြတယ် ၊ ကျုပ်တို့တွေ အထွတ်ထိပ်စွမ်းအားကြီးမားခဲ့တဲ့ အချိန်ပေါ့ ၊ အဲဒီအချိန်မှာ ရှေးဟောင်းဧကရာဇ်နဲ့ ကျုပ်တို့ဘိုးဘေး တွေ့ဆုံခဲ့တယ်"
"ရှေးဟောင်းဧကရာဇ်က ကျုပ်တို့ဘိုးဘေးကို ပစ္စည်းတစ်ခုပေးပြီး ဘေးအန္တရယ်ကပ်ဆိုးကြီး ကျရောက်တော့မယ်လို့ ပြောတယ် ၊ အဲဒီအချိန်ရောက်လာရင် သူပေးတဲ့ မှော်ဝင်ပစ္စည်းကိုအသုံးပြုပြီး အဲဒီဘေးအန္တရယ်ကို ရှောင်တိမ်းနိုင်လိမ့်မယ်တဲ့ ၊ ဒါပေမဲ့ အပေးအယူကတော့ သူက ကျုပ်တို့ကို ဆင့်ခေါ်တာနဲ့ ကျုပ်တို့က တုံ့ပြန်ရမယ်တဲ့လေ"
"ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျုပ်တို့ဘိုးဘေးတွေက အဲဒီစကားကို စိတ်ထဲမထားခဲ့ကြဘူး"
အဘိုးအိုက ကျောက်စာတိုင်ကို ကြည့်လိုက်သည့်အခါ ကျန်းလန်သည်လည်း ကျောက်စာတိုင်ရှိရာသို့ ကြည့်လိုက်သည်။
ကျောက်စာတိုင်ထက်တွင် တောင်တန်းများဝန်းရံနေသည့် ရွာလေးတစ်ရွာကိုတွေ့ရှိရပြီး ကောင်းကင်ကကြည်လင်ကာ မြေပြင်က အေးချမ်းလျှက် ရှိသည်။ ထို့နောက် ပစ္စည်းတစ်ခုကို ယူဆောင်လျှက် ရွာထဲသို့ဝင်လာသည့် လူရွယ်တစ်ယောက်ကို တွေ့မြင်ရသည်။
ကျန်းလန်က…
"သူပြောသလိုဘဲ ဘေးအန္တရယ်ကပ်ဆိုးကြီး ကျရောက်ခဲ့သလား"
သူက နတ်ဝိညာဉ်မျိုးနွယ်များအကြောင်း သိပ်စိတ်မဝင်စားသော်လည်း ရှေးဟောင်းဧကရာဇ်နှင့်ပတ်သက်၍ အနည်းငယ် သိချင်သည်။
ယခုမှ ဇာတ်လမ်းက အစပင် ရှိသေးလေရာ သူက အေးအေးဆေးဆေးပင် ဆက်လက်နားထောင်နေသည်။
"ရှေးဟောင်းဧကရာဇ်ပြန်သွားပြီး နှစ်အနည်းငယ်ကြာတော့ တစ်ခုခုမှားနေပြီဆိုတာ ကျုပ်တို့ဘိုးဘေးတွေ သတိထားမိလာကြတယ် ၊ သူတို့ရဲ့ စွမ်းရည်တွေနဲ့ပတ်သက်ပြီး တစ်ခုခု လွဲမှားနေကြသလို ခံစားလာကြရတယ် ၊ သူတို့ရဲ့ မွေးရာပါစွမ်းအားတွေကြောင့်ပဲ သူတို့ရဲ့ ခန္ဓာကိုယ်တွေ လောင်ကျွမ်းမတတ် ခံစားကြရတယ် ၊ ကြည့်ရတာ လောကကြီးတစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ရှားနေတဲ့ အခြေအနေတစ်ခုကို ရောက်နေသလိုပဲ ၊ နောက်ဆုံး သူတို့ရဲ့ ခန္ဓာကိုယ်တွေ နာကျင်မှုက အထွတ်ထိပ်အဆင့် ရောက်ရှိသွားတယ် ၊ အဲဒီအချိန်မှာ မိုးကောင်းကင်တစ်ခုလုံး တုန်လှုပ်လာပြီး ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံး မြည်ဟည်းသံကြီး ထွက်ပေါ်လာတယ် ၊ ကျုပ်တို့ဘိုးဘေးဟာလည်း သေခြင်းတရားနဲ့ အကြောက်တရားကို ခံစားခဲ့ရတယ် ၊ သူ ကောင်းကင်ကို မော့ကြည့်လိုက်တယ်…"
"ဘိုးဘေးက အရမ်းတုန်လှုပ်သွားတယ် ၊ ကောင်းကင်ထက်မှာ မရေမတွက်နိုင်တဲ့ အက်ကွဲကြောင်းတွေနဲ့ ပြည့်နက်နေတဲ့ မြင်ကွင်းကို တွေ့လိုက်ရတယ် ၊ မိုးကောင်းကင် ပြိုကျတော့မယ်"
ရွာအကြီးအကဲ၏စကားကို နားထောင်ရင်း ဒုတိယကျောက်စာတိုင်ရှေ့သို့ ကျန်းလန် ရောက်ရှိလာသည်။
ကျောက်စာတိုင်ထက်တွင် ရေးဆွဲထားသည့် ပန်းချီထဲတွင် မရေမတွက်နိုင်အောင် များပြားသည့် အက်ကွဲကြောင်းများနှင့် ပြည့်နေသည့် အက်ကွဲကြောင်းများကို တွေ့ရှိရသည်။ လောကကြီးတစ်ခုလုံးသည်လည်း အဆုံးမရှိသော မီးဖိုတစ်ခုပမာ ရဲရဲတောက်လျှက်ရှိသည်။
မိုးကောင်းကင်ကြီးက အောက်သို့ တဖြည်းဖြည်းနိမ့်ဆင်းလာသည်။
မြေပြင်သည်လည်း တုန်လှုပ်လျှက် အက်ကွဲကြောင်းများ စတင်ဖြစ်တည်လာသည်။ ပင်လယ်သမုဒ္ဒရာမှ လှိုင်းလုံးကြီးများ မြင့်တက်လာပြီး ရေလွှမ်းမိုးမှုကြီး ဖြစ်ပေါ်လာသည်။
မျှော်စင်ကြီးတစ်ခုပမာ မြင့်မားလှသည့် သစ်ပင်ကြီးတစ်ပင်သည်လည်း မီးတောက်များလောင်ကျွမ်းလျှက်ရှိသည်ကို တွေ့မြင်ရသည်။
"ဒီသစ်ပင်ကြီးက ဘာများလဲ…"
ကျန်းလန်က ကျောက်စာတိုင်ထက်မှ ဧရာမသစ်ပင်ကြီးကို လက်ညှိုးညွှန်ပြရင်း မေးလိုက်သည်။
အကြီးအကဲက…
"အဲဒါ ဖန်ဆင်းခြင်းသစ်ပင်ပဲ"
"ဒီသစ်ပင်က ကောင်းကင်ဘုံနဲ့ မရဏလောကကို ချိတ်ဆက်ပေးထားတယ် ၊ အဲဒီနေ့က ကောင်းကင်ထက်မှာ အပေါက်ကြီးတစ်ပေါက်ပေါ်လာပြီး မြေပြင်မှာလည်း အက်ကြောင်းတွေထင်လာတယ် ၊ ကောင်းကင်ကနေ မီးမိုးတွေရွာသွန်းပြီး မြေပြင်ထက်မှာ ရေတွေကြီးတယ် ၊ တကယ့်ကိုကမ္ဘာပျက်ကပ်ဆိုးကြီးပါပဲ"
"ကျုပ်တို့ဘိုးဘေးက ရှေးဟောင်းဧကရာဇ် ပေးခဲ့တဲ့ မှော်ဝင်ပစ္စည်းကို အသက်သွင်းပြီး အကာအကွယ်ရရှိခဲ့တယ် ၊ သူတို့ရဲ့ ခန္ဓာကိုယ်တွေလည်း ပြန်လည်ကောင်းမွန်လာပြီး သူတို့ရဲ့ စွမ်းရည်တွေက သူတို့ခန္ဓာကိုယ်ကို လောင်ကျွမ်းနေတာလည်း ရပ်တန့်သွားတယ် ၊ ဒါပေမဲ့ ကောင်းကင်ကြီးကတော့ ပြိုကျနေဆဲပဲ ၊ လူတိုင်းက ကိုယ်လွတ်အောင်အရင်ပြေးနေရလို့ ဘယ်သူ့ကိုမှ မကယ်တင်နိုင်ကြဘူး"
"ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံး ပျက်စီးသွားတော့မယ့်အချိန်မှာ လူတစ်စုကို ဦးဆောင်ပြီး လူတစ်ယောက် ရောက်ရရှိလာခဲ့တယ်"
***