← Chapters

မိုးနဲ့မြေကိုကျော်လွန်

Vol. 35 Ch. 480

မိုးနဲ့မြေကိုကျော်လွန်

Vol. 35 Ch. 480

ကျန်းလန်က…

"အဲဒီလူက ရှေးဟောင်းဧကရာဇ်လား"

သူက ရပ်သွားခြင်းမရှိဘဲ ကျောက်စာတိုင်ရှိရာသို့ လမ်းဆက်လျှောက်သွားသည်။

ဤနေရာမှ ကျောက်စာတိုင်များက သမိုင်းတစ်ခုကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ကျောက်စာတိုင်ထက်တွင် ရုပ်ပုံများ ရေးဆွဲထားပြီး အရေးတကြီး ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

ဤရွာလေးသည် ရှေးဟောင်းအမွေအနှစ်များ မပျောက်ပျက်သွားအောင် ကာကွယ်ထားခဲ့ဟန် ရှိသည်။

ကျောက်စာတိုင်ထက်တွင် မှတ်တမ်းတင်ထားသည့် အကြောင်းအရာများကို ပျက်သုဉ်းတစ်စပြင်လောကကြီးမှ မျိုးနွယ်စုများထဲတွင် သိရှိသူ အနည်းငယ်သာ ရှိနိုင်သည်။

မှတ်တမ်းမှတ်ရာများ စုံလင်လှသည့် ခွန်လွန်တောင်တွင်ပင် ဤအကြောင်းများနှင့်ပတ်သက်သည့် မှတ်တမ်းစာအုပ်များ မတွေ့ရှိရပေ။ ဤနေရာတွင်တော့ အခြားသူများ မသိရှိနိုင်သည့် အကြောင်းအရာများ တည်ရှိနေခဲ့သည်။

ဆရာဖြစ်သူမော့ကျန်းသုန့်က သာမန်လူတစ်ယောက် မဟုတ်ပေ။ သူ စုဆောင်းထားသည့် မှတ်တမ်းမှတ်ရာများကြောင့် ကျန်းလန် အချို့အကြောင်းအရာများကို ဖတ်ရှုသိရှိခဲ့ရခြင်း ဖြစ်သည်။

'ခွန်လွန်တောင်၏အဓိကတောင်ထွတ်ကြီးကိုးခု' စာအုပ်ထဲတွင် မိုးကောင်းကင်ခုံရုံး ပျက်စီးသွားပြီးမှ ခွန်လွန်ဘိုးဘေး ထွက်ပေါ်လာခဲ့ဟန်ရှိသည်။

ထိုအချိန်တွင် ကော်းကင်ဘုံနှင့် မဏလောက (၂)ခုလုံး ပိတ်ဆို့သွားခဲ့သည်။ ထိုကာလမတိုင်ခင် ရှေးယခင်အချိန်များတွင်တော့ အဖြစ်အပျက်များက ယခုနှင့်မတူဘဲ ကွာခြားမှု ရှိခဲ့ကြပေလိမ့်မည်။

ကျန်းလန်၏စကားကို အဘိုးအိုက အတည်ပြုပြောဆိုသည်။

"အမှန်ပါပဲ ၊ အဲဒီလူက ရှေးဟောင်းဧကရာဇ်ပဲ"

အဘိုးအိုက ဆက်ပြောသည်။

"အဲဒီအချိန်တုန်းက ရှေးဟောင်းဧကရာဇ်ဟာ ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးကို အလင်းတန်းတစ်ခုပမာ အလင်းရောင် ပေးခဲ့သူဖြစ်တယ် ၊ ဘေးအန္တရယ်ကပ်ဆိုးကြီး ကြုံတွေ့တဲ့အခါ လူတိုင်းရဲ့ နားထဲမှာ အသံတစ်သံ ကြားကြရတယ် ၊ အဲဒီအသံက "ရှေးဟောင်းဧကရာဇ်" တဲ့"

"အဲဒီအသံထွက်ပေါ်လာတာနဲ့ ရှေးဟောင်းဧကရာဇ်ဟာ ပြိုကျတော့မယ့် မိုးကောင်းကင်ကြီးကို လက်တစ်ဖက်နဲ့ ပင့်တင်ထားခဲ့တယ် ၊ အဲဒီနောက်မှာတော့ မိုးကောင်းကင်ဟာ လုံး၀ ပြိုကျမလာတော့ဘူး ၊ သူနဲ့အတူပါလာတဲ့ နတ်ဘုရားတွေရဲ့ ခန္ဓာကိုယ်ကလည်း ရောင်ဝါတွေ တောက်ပလာကြတယ်"

"ဒါပေမဲ့ ဒီကိစ္စတွေကို ဘယ်သူမှ မှတ်တမ်းတင်မထားခဲ့ကြဘူး ၊ ရှေးဟောင်းဧကရာဇ်က မိုးကောင်းကင်ကို လက်တစ်ဖက်နဲ့ ပင့်တင်ထားတဲ့အချိန်မှာ အချို့နတ်ဘုရားတွေက သူတို့ခန္ဓာကိုယ်တွေနဲ့ ကောင်းကင်ပေါ်ကကျဆင်းလာတဲ့ ကောင်းကင်မီးတောက်တွေကို ပိတ်ဆို့တားဆီးပေးထားကြတယ် ၊ အချို့တွေကတော့ ရေကြီးရေလျှံတာကို တားဆီးထားပေးကြပြီး အချို့ကတော့ အက်ကွဲနေတဲ့ မြေကြီးကို ပြန်လည်ပြုပြင်ပေးကြတယ် ၊ အချို့က ဒေါသထွက်နေတဲ့ ကြောက်မက်ဖွယ်သားရဲကြီးတွေကို နှိမ်နင်းပေးကြတယ် ၊ နတ်ဘုရားတွေအားလုံး ဝိုင်းဝန်းကြိုးပမ်းကြတဲ့အတွက် ပျက်သုဉ်းတစ်စပြင်လောကကြီးဟာ အေးချမ်းငြိမ်သက်မှု ပြန်လည်ရရှိခဲ့တယ်"

ခဏနားပြီးမှ အဘိုးအိုက ဆက်ပြောသည်။

"အဲဒီနောက်မှာတော့ မိုးကောင်းကင်ခုံရုံးဟာ အရာအားလုံးရဲ့ ဗဟိုမဏ္ဍိုင်ဖြစ်လာခဲ့တယ် ၊ ရှေးဟောင်းဧကရာဇ်ဟာ ဖန်ဆင်းခြင်းသစ်ပင်က သစ်သားနဲ့ ပြုလုပ်ထားတဲ့ ပုဆိန်ကြီးကို ဝှေ့ယမ်းလိုက်တာနဲ့ သူ့ရဲ့တန်ခိုးစွမ်းအားတွေက မိုးနဲ့မြေတစ်ခုလုံးကို ဖိနှိပ်ထားနိုင်တယ်"

ကျန်းလန်ကတော့ အဘိုးအိုပြောသည့်စကားများကို နားထောင်ရင်း ကျောက်စာတိုင်အောက်ခြေမှ ရုပ်ပုံပန်းချီကားများကို ကြည့်လိုက်သည်။

ကောင်းကင်ထက်တွင် မတ်တတ်ရပ်နေပြီး ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများတောက်ပနေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူက ပြိုကျနေသည့် ကောင်းကင်ကြီးကို လက်တစ်ဖက်တည်းဖြင့် ခုခံတားဆီးထားသည်။

အချို့သူများက ကောင်းကင်ထက်မှ ကျဆင်းလာသည့် ကောင်းကင်မီးတောက်များကို တားဆီးထားကြသည်ကို တွေ့ရသည်။ ထိုသူများက လူသားများ မဟုတ်ကြပေ။

ထို့နောက် မြေပြင်ကို ပြန်လည်ပြုပြင်နေသူများ ၊ ရေလွှမ်းမိုးမှုများကို တားဆီးနေကြသူများနှင့် ရက်စက်ကြမ်းတမ်းသည့် သားရဲကြီးများကို နှိမ်နင်းနေသူများကို တွေ့သည်။ ထိုသူများအားလုံးသည်လည်း လူသားများ မဟုတ်ကြပေ။

မိုးကောင်းကင်ကို ပင့်တင်ထားရင်း ရှေးဟောင်းဧကရာဇ်သည် လူသားများကို ကြည့်နေခဲ့သည်။

ထိုအချိန်က လူသားများသည် အလွန်ပင် အားနည်းကြ၏။

နောက်ထပ် ပန်းချီရုပ်ပုံတစ်ခုထဲတွင်တော့ ပုဆိန်ကြီးတစ်လက်ကို ဝှေ့ယမ်းနေသည့် ရှေးဟောင်းဧကရာဇ်ကို တွေ့မြင်ရသည်။ ထိုပုဆိန်ကြီးသည် မိုးမြေပြိုလဲမသွားစေရန် ထောက်ပံ့ပေးထားသည့် ဖန်ဆင်းခြင်းသစ်ပင်မှ သစ်သားဖြင့်ပြုလုပ်ထားသည့် ပုဆိန်ကြီး ဖြစ်သည်။

အဘိုးအိုက…

"အဲဒီဘေးအန္တရယ်ကပ်ဆိုးကြီး ပြီးဆုံးသွားတဲ့နောက်မှာတော့ မိုးကောင်းကင်ခုံရုံးထွက်ပေါ်လာတယ် ၊ ရှေးဟောင်းဧကရာဇ်ကလည်း ပျက်သုဉ်းတစ်စပြင်လောကကြီးကို စတင်အုပ်စိုးတယ် ၊ သူက လူမျိုးစုအားလုံကို အုပ်စိုးတဲ့ တစ်ပါးတည်းသော ဧကရာဇ် ဖြစ်တယ် ၊ ဒါပေမဲ့ သူက ကျုပ်တို့ကိုတော့ အခြားမျိုးနွယ်စုတွေနဲ့ မတူဘဲ အထူးအလေးထား ဆက်ဆံတယ် ၊ နောက်တော့ သူ ကျုပ်တို့ရွာကို ရောက်လာခဲ့တယ်"

"သူက ကျုပ်တို့ရွာကို ပျက်သုဉ်းတစ်စပြင်လောကကြီးထဲမှာ မထားတော့ဘဲ ဒီနေရာကို ရွှေ့ပြောင်းပေးခဲ့တယ် ၊ ဖန်ဆင်းခြင်းသစ်ပင်ရဲ့ အကိုင်းတစ်ခုနဲ့ ပါးလွှာတဲ့အမြစ်တွေကို အသုံးပြုပြီး ဒီနေရာကို ဖန်ဆင်းခဲ့တာပဲ"

အတန်ကြာငြိမ်သက်သွားပြီးမှ အဘိုးအိုက ဆက်ပြောသည်။

"ကျုပ်တို့ရွာကို ဒီနေရာကို ပို့ဆောင်ပေးပြီးတဲ့နောက်မှာ 'ဒါကအစပဲရှိသေးတယ်' လို့ သူက ပြောခဲ့တယ် ၊ နောက်ပိုင်းမှာ သူက ကျုပ်တို့ နတ်ဝိညာဉ်မျိုးနွယ်တွေရဲ့ အကူအညီကို လိုအပ်မယ်လို့ ဆိုတယ် ၊ ဒါပေမဲ့ အသေးစိတ်အကြောင်းအရာတွေကိုတော့ ဘိုးဘေးတွေထဲမှာ ဘယ်သူကမှ လက်ဆင့်ကမ်းမှတ်တမ်းမတင်ခဲ့ကြဘူး"

ကျောက်စာတိုင်ထက်တွင် ထိုစဉ်အချိန်က ရွာအကြီးအကဲသည် အမှန်တရားကို ဝန်ခံပြီး ရှေးဟောင်းဧကရာဇ်၏ ရှေ့မှောက်တွင် ဒူးထောက်နေသည့်ပုံကို ရေးဆွဲထားသည်။ ထိုစဉ်အချိန်က ရွာအကြီးအကဲသည် ယခု ကျန်းလန်ရှေ့မှ အဘိုးအို၏ ဘိုးဘေးဖြစ်၏။

အဘိုးအိုက…

"ကျုပ်တို့ဘိုးဘေးက 'နတ်ဝိညာဉ်မျိုးနွယ်တွေဟာ ရှေးဟောင်းဧကရာဇ်အတွက် အသက်ပေးဆပ်ရန် ဆန္ဒရှိပါတယ်' လို့ ပြောခဲ့တယ်"

ကျန်းလန်က ကျောက်စာတိုင်ကို လှမ်းကြည့်လိုက်ရင်း…

"အဲဒီနောက် ဘာဆက်ဖြစ်လဲ"

ရွာသို့ရောက်စက ရွာအကြီးအကဲထံမှ ကြားခဲ့ဖူးသည်မှာ "လူငယ်များ မပေးနိုင်သည့်တစ်ချိန်ရှိခဲ့သည်" ဆိုသည့်အချက်ပင်။

အဘိုးအိုကလည်း ထိုအကြောင်းကိုပင် ဆက်လက်ပြောပြသည်။

"သာမန်အခြေအနေမှာ မိုးကောင်းကင်ခုံရုံးက မြင့်မြတ်တဲ့နတ်ဘုရားတွေက နှစ်ပေါင်းတစ်ရာမှာတစ်ခါ ၊ ဒါမှမဟုတ် နှစ်ပေါင်းနှစ်ရာလောက်မှာတစ်ခါ ကျုပ်တို့ရွာကို ရောက်လာလေ့ ရှိကြတယ် ၊ နောက်ပိုင်းတော့ ခပ်စိတ်စိတ်ရောက်လာခဲ့ကြတယ် ၊ ရောက်လာတိုင်းလည်း ကျုပ်တို့ရွာက အရည်အချင်းရှိတဲ့ လုလင်ပျိုနဲ့ လုံမပျို တစ်ယောက်စီ ခေါ်ဆောင်သွားလေ့ ရှိကြတယ် ၊ အဲဒီနှစ်ကတော့ ကျုပ်တို့ဆီမှာ အရည်အချင်းပြည့်ဝတဲ့ လူငယ်တွေ မရှိတာကြောင့် မြင့်မြတ်တဲ့နတ်ဘုရားရောက်လာတဲ့အခါ လူအင်အား မပေးနိုင်ခဲ့ဘူး ၊ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ မြင့်မြတ်တဲ့နတ်ဘုရားဟာ ကျုပ်တို့ဆီကို လုံး၀ ရောက်မလာခဲ့တော့ဘူး"

ထိုစကားကို ပြောနေစဉ်တွင် အဘိုးအိုသည် အပြစ်ရှိသလို ခံစားနေရဟန် ရှိသည်။

ကျန်းလန်က ကျောက်စာတိုင်များကို ကြည့်နေရင်း…

"အဲဒီနတ်ဘုရား စိတ်ဆိုးသွားတာလား"

ဟု မေးလိုက်သည်။

ကျောက်စာတိုင်ထက်တွင်တော့ ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက် ရွာအဝင်တံခါးတွင် တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေသည်ကို ပုံဖော်ရေးဆွဲထားသည်။

သူက ရွာအဝင်တံခါးကို ကြည့်နေပြီး သူ့ဘေးနားတွင်တော့ ရွာသား (၂)ယောက် ရှိနေသည်။

အဘိုးအိုကလည်း ကျောက်စာတိုင်ကို လှမ်းကြည့်ရင်း ခေါင်းခါယမ်းလိုက်သည်။

"မဟုတ်ပါဘူး"

"မြင့်မြတ်တဲ့နတ်ဘုရားက ဒေါသထွက်သွားတာ မဟုတ်ပါဘူး ၊ သူပြောတာက သူ ဒီတစ်ခေါက်လာတာ လူတွေလာခေါ်တာ မဟုတ်ဘူးတဲ့ ၊ အဲဒါက တမင်သက်သက် အကြောင်းပြချက်ပေးတာလို့ ကျုပ်တို့ ထင်ခဲ့ကြတယ် ၊ ဒါပေမဲ့ အဲဒီနေ့ကစပြီး မြင့်မြတ်တဲ့နတ်ဘုရားဟာ ကျုပ်တို့ဆီ ဘယ်တော့မှ ရောက်မလာခဲ့တော့သလို သတင်းလည်း မကြားရတော့ဘူး ၊ ကျုပ်တို့ စွန့်ပစ်ခံရသလို ခံစားခဲ့ကြရတယ် ၊ ဒါပေမဲ့ ကျုပ်တို့ မကြောက်ပါဘူး ၊ မြင့်မြတ်တဲ့နတ်ဘုရား ပြန်လာမယ့်နေ့ရက်ကို ကျုပ်တို့ စောင့်မျှော်နေခဲ့ကြတယ် ၊ နောက်ဆုံးတော့ ခင်ဗျားရောက်လာခဲ့တယ်လေ ၊ ကျုပ်အတွက်တော့ အတော်လေး ကံကောင်းတာပါပဲ"

အဘိုးအို၏စကားကို နားထောင်နေရင်း ကျန်းလန် တိတ်ဆိတ်နေသည်။

သူက နတ်ဘုရားရာထူးကို ပိုင်ဆိုင်ထားသူဖြစ်သည့်အတွက် "မြင့်မြတ်သည့်နတ်ဘုရား" ဟု ခေါ်ဆိုထိုက်သူ ဖြစ်သည်။

ဤနတ်ဘုရားရာထူးတွင် မူလပိုင်ရှင်ရှိခဲ့ပြီး သူက နတ်ဘုရားရာထူးကို အမွေဆက်ခံကာ ကံကြမ္မာအခွင့်ကောင်းရောင်ဝါများကို လက်ခံရရှိခဲ့သည်။ သို့ဖြစ်ရာ နတ်ဘုရားရာထူးနှင့်ပတ်သက်သည့် တာဝန်များကိုလည်း မဖြစ်မနေ ထမ်းဆောင်ရပေလိမ့်မည်။

သို့ပေသိ အခြေအနေအတိအကျကို သူ နားလည်နိုင်ခြင်း  မရှိသေးပေ။

အဘိုးအိုပြောသည့် မြင့်မြတ်သည့်နတ်ဘုရားက အကြောင်းပြချက်ပေးခြင်း မဖြစ်နိုင်ပေ။ ထိုနှစ်ပိုင်း သူ ရွာသို့ရောက်လာချိန်တွင် သစ်ပင်ရှေ့ရွာမှ လူသစ်များဆက်သလျှင်ပင် သူ ခေါ်ဆောင်သွားနိုင်မည် မဟုတ်ခဲ့ပေ။

ထိုနတ်ဘုရားက ရွာသူရွာသားများကို နှုတ်ဆက်ရန်အတွက် ဤနေရာသို့ နောက်ဆုံးအကြိမ်ရောက်ရှိလာခြင်း ဖြစ်နိုင်သည်။

ထို့နောက်တွင်တော့ မရဏလောကနှင့် ကောင်းကင်ဘုံလမ်းများ ပိတ်ဆို့သွားပြီး မိုးကောင်းကင်ခုံရုံးလည်း ပျက်စီးသွားခဲ့သည်။ ထို့ကြောင့် ထိုနတ်ဘုရားသည် ဤရွာလေးသို့ ပြန်ရောက်မလာနိုင်တော့ပေ။ ရွာသူရွာသားများကတော့ စွန့်ပစ်ခံလိုက်ရသလို ခံစားခဲ့ကြရသည်။

ကျန်းလန်က…

"ရှေးဟောင်းဧကရာဇ်နန်းတော်ရဲ့ ရန်သူက ဘယ်သူလဲ"

ထိုအမေးစကားကို ကြားသည့်အခါ အဘိုးအိုက ကျန်းလန်ကို လေးလေးနက်နက် ကြည့်လိုက်သည်။ သူ့မျက်နှာထက်တွင် ဝမ်းနည်းစိတ်မကောင်းသည့် အမူအရာများ ထင်ဟပ်နေသည်။

သူက ခေါင်းခါယမ်းလိုက်ရင်း…

"ကျုပ်တို့ မသိပါဘူး"

ကျန်းလန် နောက်ထပ်မေးခွန်းများကို မေးမြန်းခြင်း မပြုတော့ပေ။

ထိုအကြောင်းများကို သိချင်လျှင် သူကိုယ်တိုင် ကောင်းကင်ဘုံသို့သွားမှ ဖြစ်ပေလိမ့်မည်။ သို့မဟုတ် ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်သို့ ဝင်ရောက်ရန် ကြိုးစားရမည် ဖြစ်သည်။

ထို့နောက် ကျန်းလန်က သစ်ပင်မြင့်ကြီးကို ကြည့်လိုက်သည်။

သစ်ပင်ကြီးက အလွန်မြင့်မားပြီး ဗလာနယ်ထဲမှ စွမ်းအားများကို စုပ်ယူနေလေသည်။ ဤရွာငယ်တည်ရှိနေရခြင်း အကြောင်းရင်းက ဤသစ်ပင်ကြီးကြောင့် ဖြစ်၏။

အဘိုးအိုက…

"ဒီသစ်ပင်က ကျုပ်တို့အတွက် ရှေးဟောင်းဧကရာဇ်ချန်ထားခဲ့တဲ့ ဖန်ဆင်းခြင်းသစ်ပင်အကိုင်းအခက်ပါပဲ"

ကျန်းလန် ခေါင်းညိတ်လိုက်သည်။

ဤသစ်ပင်ကြီးက ဗလာနယ်စွမ်းအားများကို ပိုင်ဆိုင်ထားပြီး အလွန်ထူးခြားသည်ဟု ခံစားရသည်။

ကျန်းလန်က…

"ကျုပ် သစ်ပင်ပေါ်တက်ကြည့်လို့ ရနိုင်မလား"

အဘိုးအိုက နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရင်း…

"ရပါတယ် မြင့်မြတ်တဲ့နတ်ဘုရား"

ကျန်းလန် ခေါင်းညိတ်လိုက်ပြီး ဖန်ဆင်းခြင်းသစ်ပင်၏ ပင်မပင်စည်ထက်သို့ ခုန်တက်လိုက်သည်။

ဤသစ်ပင်သည် ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် ရင်ဆိုင်ရသည့် ဘေးအန္တရယ်ကပ်ဆိုးကြီးအတွင်း ခုတ်ပိုင်းခံခဲ့ရသည့် ဖန်ဆင်းခြင်းသစ်ပင်၏ ကျန်ရစ်ခဲ့သည့် အစိတ်အပိုင်းဖြစ်သည်။

ကျန်းလန် သစ်ပင်ကြီးထက်မတ်တတ်ရပ်နေရင်း ထူးခြားချက်ကို ခံစားမိသည်။ အမှန်ဆိုလျှင် ဖန်ဆင်းခြင်းသစ်ပင်ဆိုသည်က မည်သူမဆို ခုတ်ပိုင်းဖြတ်တောက်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။

"မရဏလောကက တန်ခိုးစွမ်းအားရှင်က မိုးကောင်းကင်ပြိုကျပြီး လောကကြီးပျက်စီးတော့မယ်လို့ ပြောတာဟာ ရှေးဟောင်းဧကရာဇ်ရင်ဆိုင်ခဲ့ရတဲ့ အချိန်ကာလမျိုးကို ရည်ညွှန်းပြောဆိုတာလား မသိဘူး"

ကျန်းလန် တွေးလိုက်သည်။

ထိုသို့သော ဘေးအန္တရယ်ကပ်ဆိုးကြီးသာ ထပ်မံဖြစ်ပွားခဲ့လျှင် မည်သူက တားဆီးနိုင်ပါမည်နည်း။

ထိုစဉ်အချိန်က အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားသည့် ရှေးဟောင်းဧကရာဇ်ရှိနေခဲ့သည်။ လက်ရှိ ပျက်သုဉ်းတစ်စပြင်လောကကြီးတွင်တော့ ရှေးဟောင်းဧကရာဇ်ကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားသူ မည်သူ ရှိပါသနည်း။

သေသေချာချာတွေးကြည့်မည်ဆိုလျှင် လက်ရှိခေတ်ကျင့်ကြံသူများ၏ တန်ခိုးစွမ်းအားများသည်လည်း သိပ်တော့မဆိုးလှဟု ယူဆရသည်။

သူက နတ်ဘုရားရာထူးကို အမွေဆက်ခံခဲ့သော်လည်း သူ၏ကိုယ်ပိုင်အဖြစ် လုံးလုံးလျားလျား ပြောင်းလဲနိုင်ခြင်း မရှိသေးပေ။

သို့ဖြစ်ရာ…

သူကတော့ ကမ္ဘာပျက်ကပ်ဆိုးကြီးတွင် ကယ်တင်ရှင်ဖြစ်လာရန် အလှမ်းဝေးလွန်းနေသေးသည်။

နောက်ပိုင်းကိစ္စများကို တွေးနေစရာအကြောင်းမရှိပေ။ လက်ရှိ သူလုပ်ရမည့်အရာကိုသာ ဆက်လုပ်ရန် လိုအပ်သည်။ သူ့အနေဖြင့် တန်ခိုးစွမ်းအား ပိုမိုမြင့်မားလာရန် လိုအပ်သည်။

သူ၏ဆရာဖြစ်သူကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားရန်လိုအပ်ပြီး နောက်ပိုင်းတွင် ဆရာဖြစ်သူကို ကျော်တက်ကာ ဧကရာဇ်ရှီးဟယ်အဆင့်သို့ ရောက်ရှိရန် လိုအပ်သည်။ ဧကရာဇ်ရှီးဟယ်ကိုပါ ကျော်တက်နိုင်လျှင်တော့ အကောင်းဆုံးပင် ဖြစ်၏။

ဖန်ဆင်းခြင်းသစ်ပင်၏တန်ခိုးစွမ်းအားကို ခံစားလိုက်ရသည်နှင့်ကျန်းလန်၏ စိတ်အစဉ်က ကျယ်ပြန့်လာသည်။ အဆုံးမဲ့ဗလာနယ်ကို သူတွေ့မြင်နေရပြီး တာအိုတရားအပေါ်နားလည်ခြင်းက အရင်ကနှင့် မတူညီတော့ပေ။

အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိမြင်လာသည်။ ထိုအချက်က ထူးခြားချက် ဖြစ်သည်။

အရာအားလုံးသည် အခြေခံအဆောက်အဦတစ်ခုအလား ချိတ်ဆ်နေခဲ့ပြီး ထိုအရာများအားလုံးက တစ်ချိန်တည်းတွင် ဖြစ်ပျက်ပြောင်းလဲနေသည်။

ကျန်းလန် ငြိမ်သက်စွာထိုင်နေရင်း ထိုအတွေ့အကြုံကို သိမြင်ခံစားလျှက် ရှိသည်။ ဤအရာမှ သူ တစ်စုံတစ်ခု ရရှိကောင်းရရှိပေလိမ့်မည်။

သူ့စိတ်အာရုံက ဖန်ဆင်းခြင်းသစ်ပင်နှင့် ချိတ်ဆက်သွားပြီး အဝေးသို့ လှမ်းမျှော်ကြည့်မြင်နိုင်စွမ်း ထွက်ပေါ်လာသည်။ သူ၏စိတ်အစဉ်ကတော့ တည်ငြိမ်နေဆဲပင်။

ကျန်းလန် ငြိမ်သက်လျှက် ဖန်ဆင်းခြင်းသစ်ပင်၏ တန်ခိုးစွမ်းအားကိ တွေ့ကြုံခံစားနေရင်း တစ်စုံတစ်ခုကို သတိရသွားသည်။ ဤနေရာတွင် စနစ်မှတ်ပုံတင်လျှင် ထူးခြားသည့်ပစ္စည်းတစ်ခုခု ရရှိနိုင်ပေမည်။

သို့ပေသိ…

လက်ရှိအချိန်တွင် အာရုံပြောင်းရန် မသင့်တော်သေးပေ။

ထိုအချိန်မှာပင် ဖန်ဆင်းခြင်းသစ်ပင်သည်လည်း ကျန်းလန်နှင့်အတူ တိတ်ဆိတ်ငြိမ်သက်လျှက်ရှိပြီး မှိန်ပျပျ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ဖန်ဆင်းခြင်းသစ်ပင်နှင့် ကျန်းလန်အကြား ပဲ့တင်ထပ်မှုတစ်ခု ဖြစ်ပေါ်လာလေ၏။

***

All Chapters