စနစ်မှ မိုးနဲ့မြေကို ဖန်ဆင်းခြင်းဆိုင်ရာပစ္စည်းတစ်ခု ထပ်မံရရှိခြင်း
Vol. 35 Ch. 481
ကျန်းလန်သည် ဖန်ဆင်းခြင်းသစ်ပင်ထက်တွင်ထိုင်နေသည်။
သူ့မျက်လုံးများက မှိတ်ထားသော်လည်း ပွင့်ဟနေသည့်အလား ထင်မှတ်ရသည်။ သစ်ပင်အောက်တွင်တော့ ကျောက်စာတိုင်များအလယ်တွင် စိတ်မသက်မသာဖြင့် မတ်တတ်ရပ်နေသော အဘိုးအိုကို တွေ့မြင်ရသည်။
ထို့နောက် အဝေးဆီမှနေပြီး အခြေအနေကို အကဲခတ်နေကြသည့် ရွာသားများ ၊ သစ်ပင်ရှေ့ရွာတစ်ရွာလုံးကို ကျန်းလန် မျက်လုံးထဲတွင် မြင်နေရသည်။
ရွာတည်ရှိပုံနှင့် ဗလာနယ်ထဲရှိအပြောင်းအလဲများကို ရှင်းလင်းစွာ တွေ့မြင်နေရသည်။
ဖန်ဆင်းခြင်းသစ်ပင်ထက်တွင်ထိုင်ရင်း ကျန်းလန်သည် အရာအားလုံးကို တွေ့မြင်နေရသည်။ သူ၏ နတ်ဘုရားရာထူးက အရာအားလုံးနှင့် ပဲ့တင်ထပ်နေပြီး ရောနှောပေါင်းစပ်နေဟန် ရှိသည်။
အလင်းရောင်က တဖြည်းဖြည်း ပျံ့နှံ့လာပြီး ဖန်ဆင်းခြင်းသစ်ပင် တစ်ချက်တုန်ခါသွားကာ တဖြည်းဖြည်း ကြီးထွားလာသည်။
သစ်ပင်အောက်မှ အဘိုးအိုမှာ အနည်းငယ် ထိန်လန့်သွားသည်။ မြင့်မြတ်သည့်နတ်ဘုရား ဘာလုပ်နေသည်ကို သူ မသိရှိပေ။
အလင်းရောင်က ဆက်လက်ပျံ့နှံ့သွားပြီး ဗလာနယ်အတွင်းသို့ပင် ဝင်ရောက်သွားကာ ရွာငယ်တည်ရှိရာ မြေပြင်သည်လည်း ပိုမိုကျယ်ပြန့်လာသည်။ ကုန်းမြေအသစ်များက ဤအတိုင်း ထွက်ပေါ်လာခြင်း မဟုတ်ပေ။ ဗလာနယ်ကို ဝါးမြိုသွားပြီး တဖြည်းဖြည်း ထွက်ပေါ်လာခြင်း ဖြစ်၏။
မြင်ကွင်းက အံ့သြဖွယ်ရာ ကောင်းလှသည်။
ရွာအကြီးအကဲက ဖန်ဆင်းခြင်းသစ်ပင်ထက်သို့ ခေါင်းမော့ကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။
"သူက တကယ်ပဲ မြင့်မြတ်တဲ့ နတ်ဘုရားတစ်ပါးပဲ"
သို့သော် ဤမြင့်မြတ်သည့် နတ်ဘုရားသည် ရှေးဟောင်းဧကရာဇ်အကြောင်းကို အနည်းငယ်သာ သိရှိသည်။ သို့တိုင် နတ်ဘုရားရာထူးကို အမွေဆက်ခံခွင့်ရရှိခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် တစ်ချိန်တုန်းက မိုးကောင်းကင်ခုံရုံးသည် ပျက်စီးသွားခဲ့ဟန်ရှိသည်။
သို့ပေသိ မည်သည့်အဖြစ်အပျက်များဖြစ်ပျက်ခဲ့ကြောင်း အဘိုးအို မသိရှိနိုင်တော့ပေ။ အသစ်ရောက်လာသည့် မြင့်မြတ်သည့် နတ်ဘုရားသည်လည်း ထိုအကြောင်းများကို သိပုံမပေါ်ပေ။
သေချာသည်ကတော့ ဤမြတ်မြတ်သည့်နတ်ဘုရားသည် စစ်တိုက်ရန်အတွက် လူအင်အားစုဆောင်းရန် ရောက်ရှိလာသူ မဟုတ်ပေ။
နောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုသည်ကတော့…
သူသည်လည်း ထိုနတ်ဘုရား၏ အစီအစဉ်အတိုင်း လိုက်လုပ်ရန်သာ ရှိသည်။
အခြားသောရွာသားများက ဖန်ဆင်းခြင်းသစ်ပင်မှ အလင်းရောင်များထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တွင် မြေပြင်အသစ်ထွက်ပေါ်လာသည်ကို တွေ့မြင်သည့်အခါ အလွန်ပျော်ရွှင်သွားကြသည်။
လူဦးရေတိုးလာလျှင် နေထိုင်စရာနေရာနှင့် ကောက်ပဲသီးနှံများ စိုက်ပျိုးစရာနေရာများ ပိုမိုရရှိလာပြီ ဖြစ်သည်။
သို့သော် အစကတည်းက ဤနေရာလေးအတိုင်း မပြောင်းမလဲ တည်ရှိခဲ့သည့် ရွာလေး၏အနေအထား ရုတ်တရက် ပြောင်းလဲသွားသည့်အတွက် စိုးရိမ်နေသူများလည်း ရှိကြသည်။ နောက်ပိုင်း ဘာဆက်ဖြစ်မည်ကို မည်သူမှ မခန့်မှန်းနိုင်ကြသောကြောင့် ဖြစ်၏။
ဤသည်က လူသားများ၏ အပြောင်းအလဲကို ကြောက်ရွံ့ခြင်းပင် ဖြစ်သည်။
ကျန်းလန်က ရွာသားများအားလုံး၏ မျက်နှာအမူအရာများကို တွေ့မြင်နေရသည်။ သို့သော် သူက အခြားအကြောင်းများကို တွေးမနေဘဲ ဗလာနယ်ကို စတင်စစ်ဆေးကြည့်လိုက်သည်။
ဗလာနယ်ထဲတွင် အရာအားလုံးက ရှုတ်ထွေးလွန်းသဖြင့် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို ရှင်းရှင်းလင်းလင်း သိမြင်ရန် မဖြစ်နိုင်ပေ။ မရေမတွက်နိုင်သည့် မျဉ်းကြောင်းများက အဆက်မပြတ်ရောယှက် ပြောင်းလဲနေသကဲ့သို့ပင် ဖြစ်သည်။
ကျန်းလန်က ထိုမျဉ်းကြောင်းများကိုကြည့်ပြီး နားလည်သဘောပေါက်ရန် ကြိုးစားနေသည်။ အချိန်ကြာလာသည့်အခါ တဖြည်းဖြည်း ဉာဏ်အလင်းပွင့်လာခဲ့သည်။
သူ၏တာအိုတရားက ပြန်လည်တည်ဆောက်နေသည့်အလား ခန္ဓာကိုယ်ထဲတွင် လင်းလက်လာသည်။ တာအိုလမ်းစဉ်သည် ဗလာနယ်ကို နားလည်ခြင်းအား အခြေခံပြီး ပိုမို အသေးစိတ်ကျစွာ ပြန်လည်တည်ဆောက်လျှက် ရှိသည်။
ကျန်းလန်သည် ကိုယ်ပိုင်တာအိုလမ်းစဉ်ကို လျှောက်လှမ်းနေနိုင်ပြီ ဖြစ်သည်။ တာအိုလမ်းစဉ်သည် ဗလာနယ်တစ်ဖက်ကမ်းကို ကျော်ဖြတ်သွားနိုင်သည့် တံတားတစ်ခုအလား သူ့ကို လမ်းပြနေသည်။
တစ်ဖက်ကမ်းတွင် တာအိုအင်မော်တယ်အဆင့် တည်ရှိနေလေသည်။
ယခုတော့ ကျန်းလန် ဗလာနယ်ကို နားလည်လာခြင်းက သူတည်ဆောက်ထားသည့် ကိုယ်ပိုင်တာအိုလမ်းစဉ်သည် သူ့အလိုလို ပြန်လည်တည်ဆောက်နေသည့် တံတားတစ်ခုအလား ပိုမိုခိုင်ခန့်ကျယ်ပြန့်လာသည်။
အချိန်မည်မျှကြာသွားသည် မသိပေ။ နောက်ဆုံး ကျန်းလန် ဗလာနယ်အပြင်ဘက်သို့ ထိုးဖောက်ကြည့်လိုက်သည်။ ဗလာနယ်ကို ပိုမိုကြည့်မြင်လေ တာအိုကို ပိုပြီးနားလည်လေ ဖြစ်သည်။
သူ၏တာအိုနယ်မြေသည် ပိုမိုများပြားလာပြီး ကျယ်ပြန့်လာသည်။
ထိုစဉ် ကျန်းလန်၏ မျက်စိရှေ့တွင် အသစ်သောအရာများ ထွက်ပေါ်လာပြီး အကန့်အသတ်မရှိ ကျယ်ပြန့်သည့် နေရာတစ်ခုကို တွေ့မြင်လိုက်ရသည်။
ကျန်းလန်က ထိုနေရာသို့ သူ၏အကြည့်များကို ရွှေ့လိုက်သည်။
ထိုအခါ သူ့အမြင်အာရုံထဲသို့ တောရိုင်းကန္တရာကြီး၏ မြင်ကွင်း ဝင်ရောက်လာသည်။ တောရိုင်းကန္တရာအစပ်တွင် နတ်လူသားမျိုးနွယ်များ ရှိနေပြီး သူတို့က နယ်မြေတစ်ခုလုံးကို ချိတ်ပိတ်ရန်အတွက် တံဆိပ်ခတ်သည့် အစီအရင်တစ်ခုကို ပြုလုပ်နေကြသည်။
ကောင်းကင်ထက်တွင်တော့ လျှပ်စီးများလင်းလက်နေပြီး တောက်ပသည့်နေရောင်ခြည်တစ်ခုလည်း ထွက်ပေါ်နေသည်။ ပြီးတော့ အမှောင်ထုတစ်ခု အုံ့ဆိုင်းနေသည်ကိုလည်း တွေ့မြင်ရ၏။
ဤသည်က မဟာတာအို၏ သင်္ကေတများ ဖြစ်သည်။ သို့သော် ထိုတာအိုတရားက သူ၏တာအိုတရားနှင့် တူညီခြင်းမရှိသည့်အတွက် ကျန်းလန် နားလည်နိုင်စွမ်း မရှိပေ။
သို့သော် ကျန်းလန်က ထိုတာအိုတရားများကို လေ့လာရန်အတွက် သူ၏စိတ်ကို ချဲ့ထွင်လိုက်သည်။ ဤမျှကျယ်ပြန့်ပြီး အစွမ်းထက်သော တာအိုတရားကို သူ့ဘဝတွင် ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းပင်။
ထို့နောက် တာအိုတရားအလယ်တွင် လူရိပ် (၃)ခုကို တွေ့ရှိရသည်။
တစ်ယောက်က သူ၏ဆရာဖြစ်ပြီး နောက်တစ်ယောက်က နတ်မိစ္ဆာမျိုးနွယ် ဖြစ်သည်။
ပြီးတော့…
မရဏလောကမှ တန်ခိုးစွမ်းအားရှင်တစ်ယောက်။
ဆရာဖြစ်သူက နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေရသည်လား။
တာအိုတရားသည် မော့ကျန်းသုန့်၏ လက်ချောင်းထိပ်ဖျားမှ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင်လုံး လျှပ်စီးများ လင်းလက်လျှက် ရှိသည်။
ထိုခဏတွင် မရဏလောကမှ တန်ခိုးစွမ်းအားရှင်၏ ဘယ်ဘက်လက်ကို လျှပ်စီးများက ရစ်ပတ်သွားပြီး လက်မောင်းတစ်ဖက် ပြတ်တောက်သွားသည်။ ဆရာဖြစ်သူ၏ တာအိုတန်ခိုးစွမ်းအားက ထိုပုဂ္ဂိုလ်၏လက်ကို ဖြတ်တောက်ပစ်လိုက်ခြင်းပင်။
"ဘန်း"
ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။
မရဏလောကမှတန်ခိုးစွမ်းအားရှင်၏လက်သည် နေရာမှာပင် တစ်စစီကွဲအက်သွားသည်။ ထို့နောက် မော့ကျန်းသုန့်က ထိုပုဂ္ဂိုလ်ကို ခြေထောက်ဖြင့် ကန်ချလိုက်သည်။
ထိုခြေကန်ချက်တွင် တာအိုတန်ခိုးစွမ်းအားများပါ လိုက်ပါသွားသည်။
ရန်သူက ခုခံကာကွယ်နေသော်လည်း ဆရာဖြစ်သူ၏ ခြေကန်ချက်ကို ခံနိုင်ရည်မရှိကြောင်း ကျန်းလန် ရှင်းရှင်းလင်းလင်း တွေ့မြင်နေရသည်။
"ဘန်း"
ကန္တရာထဲမှ သဲမှုံများ လွင့်ပျံသွားသည်။
မရဏလောကမှ တန်ခိုးစွမ်းအားရှင်ကို မော့ကျန်းသုန့်က မြေပြင်ထက်ကန်ချလိုက်ချိန် တိကျင်း၏ တိုက်ခိုက်မှုက သူ့ထံ ဝင်ရောက်လာသည်။ နေရောင်ကဲ့သို့ ထွန်းလင်းနေသည့် အလင်းရောင်က မော့ကျန်းသုန့်ထံသို့ ဝင်ရောက်လာပြီး သူ့ကို လောင်ကျွမ်းပစ်တော့မည့်အလား ထင်မှတ်ရသည်။
သို့သော် နတ်မိစ္ဆာ၏တိုက်ခိုက်မှုကို ဆရာဖြစ်သူက မရှောင်တိမ်းခဲ့ကြောင်း ကျန်းလန် တွေ့မြင်ခဲ့သည်။
မော့ကျန်းသုန့်က လက်တစ်ဖက်ဆန့်ထုတ်လိုက်ပြီး တိကျင်း၏တိုက်ခိုက်မှုကို ခုခံကာကွယ်လိုက်သည်။ မဟာတာအို၏ တန်ခိုးစွမ်းအားများ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ဖုံးလွှမ်းသွားသည်။
"ဘုန်း"
လင်းထိန်တောက်ပနေသည့် နေရောင်သည် လျှပ်စီးတန်ခိုးစွမ်းအားများနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရသည်။ ချက်ချင်းပင် ကြီးမားလှသည့် လျှပ်စီးလက်ကြီးတစ်ဖက် ထွက်ပေါ်လာပြီး တောက်ပသည့်အလင်းရောင်ကို ဖုံးအုပ်ပိတ်ကာလိုက်သည်။
ပြင်းထန်သည့် တန်ခိုးစွမ်းအားပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
"ဘန်း"
လင်းထိန်တောက်ပနေသည့် နေရောင်သည် ဧရာမလျှပ်စီးလက်ကြီး၏ ချေမွှဖျက်စီးခြင်းကို ခံလိုက်ရသည်။ မော့ကျန်းသုန့်၏ တန်ခိုးစွမ်းအားများက ပိုမိုမြင့်တက်လာကာ သူ၏ မဟာတာအိုစွမ်းအားက အရာအားလုံးကို ဖိနှိပ်ထားသည်။
ထို့နောက် လျှပ်စီးကြောင်းတစ်ခုက လှံရှည်တစ်လက်အလား တိကျင်း၏ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားသည်။
"ဝှစ်"
လျှပ်စီးလှံရှည်က တိကျင်း၏ ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားပြီး ဖိအားဖြင့် ပြန်လည်ဆွဲနှုတ်ယူခြင်း ခံလိုက်ရသည်။
မော့ကျန်းသုန့်၏ ခြေထောက်ဖြင့် အနင်းခံထားရသည့် မရဏလောကမှ တန်ခိုးစွမ်းအားရှင်မှာ ပြန်ထရန် ရုန်းကန်လိုက်သော်လည်း မဟာတာအိုတန်ခိုးစွမ်းအားတစ်ခုက သူ့ကို ဖိနှိပ်ထားကြောင်း သိရှိလိုက်သည်။
မော့ကျန်းသုန့်က ခြေတစ်ဖက်ဖြင့် မရဏလောကမှ တန်ခိုးစွမ်းအားရှင်၏ ဦးခေါင်းကို ဖိနင်းလိုက်သည်။
တိုက်ပွဲကိုကြည့်ရင်း ကျန်းလန်၏ စိတ်အစဉ်က တုန်လှုပ်သွားသည်။
ဆရာဖြစ်သူက အလွန်တရာ တန်ခိုးစွမ်းအား မြင့်မားလွန်းလှသည်။ တာအိုအင်မော်တယ် (၂)ယောက်နှင့် ရင်ဆိုင်နေရသောကြောင့် ဆရာဖြစ်သူ၏ တာအိုတန်ခိုးစွမ်းအား လျော့နည်းနေပြီ ဖြစ်သည့်တိုင် တိုက်ပွဲတွင် အသာစီးရယူထားနိုင်ဆဲ ဖြစ်၏။
ဤသည်က ဆရာဖြစ်သူ ရန်သူများနှင့် တိုက်ခိုက်သည်ကို ကျန်းလန် ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။
သို့သော် ရုတ်တရက် ကျန်းလန် မျက်မှောင်ကြုတ်လိုက်သည်။ သူ့စိတ်ထဲတွင် လှိုင်းဂယက်များထလာပြီး ဖန်ဆင်းခြင်းသစ်ပင်သည် သူ၏အကြည့်ကို ကာကွယ်ပေးထားနိုင်ခြင်း မရှိတော့ပေ။
သူကြည့်နေသည်ကို တိုက်ပွဲမှ တာအိုအင်မော်တယ်များ သိရှိသွားကြပေတော့မည်။ တစ်ချက်တုံ့ဆိုင်းမနေတော့ဘဲ တိုက်ပွဲကိုကြည့်နေသည့် အကြည့်များကို ကျန်းလန် ပြန်လည် ရုတ်သိမ်းလိုက်သည်။
***
တာအိုအင်မော်တယ် (၂)ယောက်ကို ဒဏ်ရာရအောင် တိုက်ခိုက်ပြီးနောက် မော့ကျန်းသုန့်က နေရာတွင်ပင် မတ်တတ်ရပ်လျှက် ရှိသည်။
သူက မရဏလောကမှတန်ခိုးစွမ်းအားရှင်ကိုအရင်ဆုံးသတ်ပစ်ရန် စဉ်းစားထားသည်။ တိကျင်းထက်ဆာလျှင် မရဏလောကမှလူက ပိုပြီး သတ်ရလွယ်ကူသည်။
တိကျင်းက ဒဏ်ရာအပြင်းအထန် ရရှိထားပြီဖြစ်သော်လည်း သတ်ဖြတ်ရမလွယ်ကူပေ။ နတ်မိစ္ဆာမျိုးနွယ်များထဲမှ တာအိုအင်မော်တယ်များကြားတွင် တိကျင်း၏ တိုက်ခိုက်မှုစွမ်းရည်က ထိပ်တန်းအဆင့်မဟုတ်သော်လည်း သူက ကြိုတင်ပြင်ဆင်မှုများစွာကို ပြုလုပ်ထားခဲ့သည်။
သူက မြောင်ယွဲ့နှင့်ဆင်တူသည်။ သူ့ကို အနိုင်ယူရန်လွယ်ကူသော်လည်း လှည့်ကွက်များစွာ အသုံးပြုတတ်သူ ဖြစ်လေရာ သတ်ဖြတ်မည်ဆိုလျှင်တော့ အချိန်အတော်ကြာပေလိမ့်မည်။
မရဏလောကမှ တာအိုအင်မော်တယ်နှင့်ပတ်သက်၍ အခြေအနေကို အတိအကျ ခန့်မှန်းနိုင်ခြင်းမရှိသေးပေ။ သို့သော် ထိုသူ၏ တန်ခိုးစွမ်းအားနှင့် ဉာဏ်ရည်ဉာဏ်သွေးက သာမန်မျှသာ ဖြစ်သည်။
တစ်ဖက်လူက လုံလုံလောက်လောက် ကြိုတင်ပြင်ဆင်ထားလျှင်တောင်မှ ယခုအချိန်တွင် အလွန်နောက်ကျသွားခဲ့လေပြီ။
တိကျင်းက မော့ကျန်းသုန့်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ သူက ဒဏ်ရာများကို တည်ငြိမ်အောင်ထိန်းထားသော်လည်း နာကျင်ခံစားနေရဆဲ ဖြစ်၏။
ထိုအချိန် သူ မြေပြင်ထက်သို့ ရုတ်တရက် လှမ်းကြည့်လိုက်သည်။ တိကျင်း ကြည့်ရာနေရာသို့ မော့ကျန်းသုန့်ကလည်း လိုက်ကြည့်လိုက်သည်။
ထိုနေရာတွင် သူတို့ကို စိုက်ကြည့်နေသည့် အကြည့်တစ်ခု ရှိနေသည်။ ပြီးတော့ တစ်စုံတစ်ခုက အလွန်တရာ မှားယွင်းနေဟန်ရှိပြီး ထိုအကြည့်က မည်သည့်နေရာမှဖြစ်ကြောင်း လုံး၀ သိရှိနိုင်ခြင်း မရှိပေ။
တိကျင်း မျက်မှောင်ကြုတ်ရင်း တွေးလိုက်သည်။
"ဒီလူက အရင်တစ်ခေါက်က ကြည့်နေတဲ့သူပဲလား ၊ မဖြစ်နိုင်ဘူး ၊ အရင်တစ်ယောက်က ဘယ်နေရာက ကြည့်နေတယ်ဆိုတဲ့ အရင်းအမြစ်ကို သိနိုင်သေးတယ် ၊ ဒီလူကတော့ ဘာမှမသိနိုင်သလို သူ့ကိုလှမ်းပြီး တိုက်ခိုက်လို့တောင် မရဘူး"
သို့ပေသိ ထိုအကြည့်က လျှင်မြန်စွာပင် ပျောက်ကွယ်သွားသည်။ မြေပြင်ဆီမှ အကြည်ကထွက်ပေါ်လာခြင်းဖြစ်သော်လည်း ကောင်းကင်ထက်မှဟုလည်း ထင်မှတ်ရပြန်သည်။
အဘယ့်ကြောင့် ထိုသို့ဖြစ်ရသည်လဲ။
"သူက မိုးနဲ့မြေကိုတောင် ထိုးဖောက်ကြည့်နေနိုင်တာလား"
မော့ကျန်းသုန့် တိုးလျစွာ ရေရွတ်လိုက်သည်။
ထို့နောက်သူက ထိုနေရာမှ အကြည့်လွှဲဖယ်လိုက်ပြီး တိကျင်းကို ကြည့်လိုက်သည်။
"မင်း ဘာကို ဆင့်ခေါ်ခဲ့တာလဲ"
တိကျင်းကလည်း မော့ကျန်းသုန့်ကို လှမ်းကြည့်ရင်း တည်ငြိမ်စွာဆိုသည်။
"ခွန်လွန်တောင်က အခြေခံအုတ်မြစ်နက်ရှိုင်းတဲ့ ကျင့်ကြံသူဂိုဏ်းကြီးပဲ ၊ မင်း မခန့်မှန်းကြည့်နိုင်ဘူးလား"
"ခွန်လွန်တောင်က ဒါတောင်မသိဘူးလား" ဟု တိကျင်းက ဆိုလိုဟန် ရှိသည်။
ဟုတ်ပေ၏။ ခွန်လွန်တောင်မှ တောင်သခင်တစ်ပါးဖြစ်သည့် မော့ကျန်းသုန့်က ထိုအကြောင်းကို သိရှိကောင်း သိရှိပေလိမ့်မည်။ သို့ပေသိ သူကတော့ သိရှိငြခ်း မရှိပေ။
အဘယ်ကြောင့်ဆိုသော် သူက ဤနေရာ၏ ထူးခြားချက်ကို အသုံးပြုကာ ငရဲတံခါးလမ်းခွဲကို ဖွင့်လှစ်ရန် ကြိုးစားခဲ့သော်လည်း ဤနေရာ၏ ဗဟိုမဏ္ဍိုင်က မည်သည့်အရာဖြစ်ကြောင်း မသိရှိခဲ့ပေ။
ထိုနေရာသို့ သူ ဝင်ရောက်၍လည်း မရသလို အာရုံခံ၍လည်း မရပေ။
မော့ကျန်းသုန့်၏ ခန္ဓာကိုယ်မှ လျှပ်စီးအလင်းတန်းများ ထွက်ပေါ်လာပြီး တိကျင်းကို အေးစက်စွာ ကြည့်နေသည်။
စောစောက သူ ရေရွတ်လိုက်ခြင်းမှာ သူ့စိတ်ထဲမှအတွေးများကို ထုတ်ဖော်ပြောလိုက်ခြင်းမျှသာ ဖြစ်သည်။ အမှန်တော့ ထိုအကြည့်၏ မူလဇာစ်မြစ်ကို သူ ခန့်မှန်းမိခဲ့သည်။
မှန်းဆချက်တစ်ခုမျှသာ ဖြစ်သော်လည်း မှန်ကန်နိုင်ဖွယ်ရှိသည်။ ယခင်က မှန်းဆချက်များနှင့် ပေါင်းစပ်ပြီး ထိုအကြည့်ပိုင်ရှင် မည်သူမည်ဝါဖြစ်နိုင်ကြောင်း မော့ကျန်းသုန့် အကြမ်းဖျင်း သိရှိခဲ့သည်။
သို့ရာတွင် ထိုကိစ္စကို အသာထား ၊ လောလောဆယ် သူ မရဏလောကမှ တန်ခိုးစွမ်းအားရှင်ကို သတ်ဖြတ်ပစ်ချင်နေမိသည်။
"ဘုန်း"
မော့ကျန်းသုန့်၏ ခြေထောက်အောက်တွင် လျှပ်စီးများလင်းလက်လာပြီး တောင်တစ်တောင်ပမာ မြင့်မားသော မရဏလောကမှ ကျင့်ကြံသူကို ဖိနှိပ်ကာ စောင့်နင်းလိုက်သည်။
ထိုသူမှာ အသဲအသန် ရုန်းကန်ကာ လွတ်မြောက်ရန် ကြိုးစားနေ၏။
"မင်း ဒီဘက်လောကကို ထွက်လာတာ ဘာမှ မဖြစ်ဘူး ၊ ဒါပေမဲ့ မင်းရဲ့အမှားက ကိုယ့်နေရာကိုယ် မသိတာပဲ ၊ မရဏလောကက တာအိုအင်မော်တယ်တစ်ယောက်ထွက်လာတာ ကျုပ်အတွက် ဘာမှ မပြောပလောက်ပေမယ့် မင်း ကျုပ်ကို လာနှောက်ယှက်တာကတော့ မဟာအမှားကြီးလို့သာ မှတ်ပေတော့ ၊ ဒါက သင်ခန်းစာပဲ ၊ နောင်ဘဝကျရင် ဒီလိုအမှားမျိုးမမှားအောင် ဂရုစိုက်ပေါ့ကွာ"
မော့ကျန်းသုန့်၏ အေးစက်သည့်စကားသံက မရဏလောကမှ တန်ခိုးစွမ်းအားရှင်၏ နားထဲသို့ ဝင်ရောက်လာသည်။
"ဘုန်း"
လျှပ်စီးများလင်းလက်သွားပြီး အဖျက်စွမ်းအားများ ထွက်ပေါ်လာသည်။
"အား…"
မရဏလောကမှတန်ခိုးစွမ်းအားရှင်သည် ငရဲတံခါးလမ်းခွဲသို့ ပြန်သွားရန် အပြင်းအထန်ကြိုးစားရင်း မော့ကျန်းသုန့်၏ လျှပ်စီးတန်ခိုးစွမ်းအားဖြင့် တိုက်ခိုက်ခြင်းကို ခံရသည့်အခါ ကြောက်မက်ဖွယ်ရာ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
မော့ကျန်းသုန့်က သူ့ကို တစ်ချက်ပင် အလွတ်မပေးပေ။
"မရဏလောကမှာ ဘယ်လိုရှိလဲဆိုတာ မသိပေမယ့် ပျက်သုဉ်းတစ်စပြင်လောကကြီးကတော့ မင်းထင်ထားသလို မဟုတ်နိုင်ဘူး ၊ ဒီနေရာက မင်းထင်ထားတာထက် ပိုပြီးရက်စက်တယ် ၊ မရဏလောကကနေ ထွက်လာဖို့လွယ်ပေမယ့် ပြန်သွားဖို့တော့ လွယ်တယ်မထင်နဲ့"
"မဟုတ်ဘူး… ကျုပ်…"
"ဘုန်း"
ရွှေရောင်နှင့်ခရမ်းရောင် ရောယှက်နေသည့် လျှပ်စီးကြောင်းတစ်ခုက မရဏလောကမှတန်ခိုးစွမ်းအားရှင်၏ ခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်သွားပြီး ထိုသူ၏ခန္ဓာကိုယ် တစ်စစီကွဲကြေသွားသည်။ လျှပ်စီးအလင်းတန်း ပျောက်ကွယ်သွားသည်နှင့် ထိုသူ၏ပုံရိပ်သည်လည်း တစ်ပြိုင်တည်းပင် ပျောက်ကွယ်သွားတော့သည်။
ထို့နောက် ပတ်ဝန်းကျင်မှ လျှပ်စီးကြောင်းများ ငြိမ်သက်သွားသည်။
အမှန်တော့ တာအိုအင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ရသည်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။ ပေးဆပ်ရမည့်တန်ဖိုးတစ်ခု ရှိနေစမြဲပင်။
မော့ကျန်းသုန့်နှင့် မရဏလောကမှတန်ခိုးစွမ်းအားရှင် (၂)ယောက်လုံးသည် တာအိုအင်မော်တယ်များ ဖြစ်ကြသော်လည်း တန်ခိုးစွမ်းအားအရာတွင် များစွာကွာခြားသည်။ ကျင့်ကြံသူတစ်ယောက်၏ တာအိုတရားကိုနားလည်ခြင်းအတိုင်းအတာအပေါ် မူတည်ပြီး တန်ခိုးစွမ်းအား အနိမ့်အမြင့် ကွဲပြားသွားရခြင်းပင် ဖြစ်သည်။
မရဏလောကမှပုဂ္ဂိုလ်အသက်ပျောက်သွားသည်ကို ကြည့်ရင်း တိကျင်း၏မျက်နှာက ဖြူဖပ်ဖြူလျော် ဖြစ်သွားသည်။
"ငရဲတံခါးကိုစောင့်ရှောက်နေတဲ့လူတစ်ယောက်က ထင်သလောက် မရိုးရှင်းဘူးပဲ ၊ ဒါပေမဲ့ ဟိုလူကလည်း ကမူးရှူးတိုးနဲ့ ၊ ဘာပဲဖြစ်ဖြစ် တာအိုအင်မော်တယ်က တာအိုအင်မော်တယ်ပါပဲ ၊ သူ့ကို သတ်လိုက်တာ မင်းအတွက် လွယ်မှာတော့ မဟုတ်ဘူးမလား ၊ ဆိုတော့ မင်း ကျုပ်ကိုရော သတ်ချင်သေးတာလား"
တိကျင်းက မော့ကျန်းသုန့်ကို သတိပေးစကားဆိုလိုက်သည်။
"ဒီနေရာကို တာအိုအင်မော်တယ်နောက်တစ်ယောက် ရောက်နေတယ်ဆိုတာမင်းလည်း ခံစားမိမှာပါ ၊ သူကတော့ ပေါ့သေးသေးမဟုတ်လောက်ဘူးနော် ၊ ကျုပ်ကိုသတ်လိုက်ရင် မင်းရဲ့ လက်ကျန်တန်ခိုးစွမ်းအားလေး ကုန်သွားလိမ့်မယ် ၊ အဲဒီအချိန်ကျ မင်းကတော့ ထွက်ပြေးနိုင်ရင်တေင် မင်းတပည့် ဘယ်လိုလုပ်မလဲ"
မရဏလောကမှတန်ခိုးစွမ်းအားရှင်ကိုချေမှုန်းပြီးနောက် မော့ကျန်းသုန့်က တိကျင်းကို အေးစက်စွာပင် လှမ်းကြည့်လိုက်သည်။
ထို့နောက် လက်တစ်ဖက်ကိုဆန့်ထုတ်လိုက်လေရာ ကောင်းကင်ထက်တွင် အနက်ရောင်လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။
"ဝှစ်"
"ဘုန်း"
"ဘန်း"
အနက်ရောင်လျှပ်စီးကြောင်းသည် တိကျင်း၏ ခန္ဓာကိုယ်ထက်သို့ ကျရောက်လာပြီး ခုခံနိုင်စွမ်းပင် မရှိဘဲ သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေသည်။
တိကျင်း၏ပါးစပ်ထဲမှ သွေးများအန်ထုတ်လိုက်ပြီး မော့ကျန်းသုန့်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
"အနက်ရောင်လျှပ်စီးတန်ခိုးစွမ်းအား ၊ မရဏလောကရဲ့တာအိုလား ၊ မင်း… မင်း တကယ်ပဲ တာအိုလမ်းကြောင်းအသစ်တစ်ခုကို နားလည်နိုင်နေပြီလား"
မော့ကျန်းသုန့်က တည်ငြိမ်စွာဖြင့်…
"ကျုပ် နဝမတောင်ထွတ်ကိုစောင့်နေတာ နှစ်တွေအရမ်းကြာနေပြီ ၊ ဘာမှ လုပ်စရာမရှိတော့ မရဏလောကရဲ့ နက်နဲတဲ့တာအိုကို နားလည်အောင် ကြိုးစားနိုင်ခဲ့တယ်"
သူက ဆက်ပြောသည်။
"မင်းမှာ အရံအစီအစဉ်တစ်ခု ရှိနေသလို ကျုပ်ကလည်း ဒီလောက် ပညာမရှိဘဲ ရောက်လာမယ်လို့ ထင်သလား ၊ မင်းကလေ တကယ့်ငတုံးကောင်ပဲ"
"ကျုပ် တကယ်နားမလည်ဘူး"
ထိုအချိန် တိကျင်း၏ ခန္ဓာကိုယ်မှ အလင်းရောင်များ တောက်ပလာသည်။ သူ၏ ရှိသမျှတန်ခိုးစွမ်းအားအကုန်လုံးကို အသုံးပြုထားသော်လည်း တောင့်ခံနိုင်ခြင်း မရှိတော့ပေ။
တိကျင်းက ဆက်ပြောသည်။
"မင်းတို့ခွန်လွန်တောင်က မျိုးဆက်တစ်ခုတည်းမှာ တာအိုအင်မော်တယ် (၁၀)ယောက် ဘာလို့ ထွက်ပေါ်လာရတာလဲ ၊ ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးက ပါရမီရှင် (၁၀)ယောက်လုံးက တစ်နေရာတည်းမှာ စုဝေးနေသလိုပဲ ၊ မင်းရယ် ၊ မင်းတို့ ခွန်လွန်တောင်ဂိုဏ်းချုပ် ၊ ကျိုးကျုန်းထျန်း ၊ ဖုန်းယီရှောက်… တခြားသူတွေ မသိပေမယ့် မင်းတို့ (၄)ယောက်ကတော့ ပိုပြီးကြောက်စရာကောင်းတယ်ဆိုတာ ကျုပ် ကောင်းကောင်းသိတယ် ၊ မင်းတို့အားလုံးက လူသားမျိုးနွယ်အပေါ် ကျုပ်တို့ရဲ့ နားလည်မှုတွေကို ချိုးဖျက်သွားတာပဲ ၊ မင်းကို ဘယ်တော့မှ လျှော့မတွက်ခဲ့ဘူးလို့ ကျုပ်အမြဲတမ်းတွေးထင်ထားခဲ့ပေမယ့် အခုတော့ ကြည့်ရတာ မင်းကို ကျုပ် လျှော့တွက်ထားနေမိတုန်းပဲ ထင်ပါရဲ့"
စကားပြောနေရင်းဖြင့် တိကျင်း၏ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာသည်။ ထို့နောက် သူ၏ တန်ခိုးစွမ်းအားများက နေရောင်အလား ပြန်လည်တောက်ပလာသည်။
အနက်ရောင်လျှပ်စီးများလင်းလက်လျှက် မော့ကျန်းသုန့်က ရှေ့သို့ ခြေတစ်လှမ်းတိုးလာသည်။
"မင်းက ခွန်လွန်တောင်တစ်ခုလုံးကို လျှော့တွက်ခဲ့တာ ဖြစ်နိုင်တယ်"
မော့ကျန်းသုန့်၏စိတ်ထဲတွင် ပြောစရာစကားများ ရှိနေသေးဟန်ပင်။
"ကျုပ်တို့ (၁၀)ယောက်က အစစ်အမှန်ပါရမီရှင်တစ်ယောက်အတွက် လမ်းခင်းပေးနေတာပဲ"
ထိုစကားက စိတ်ထဲမှသာ ပြောလိုက်သည့်စကားဖြစ်သည်။
ထို့နောက် မော့ကျန်းသုန့် တိုက်ခိုက်လိုက်၏။
"ဘုန်း"
တန်ခိုးစွမ်းအား (၂)ခု ရိုက်ခတ်မိသွားပြီး တိုက်ပွဲအသစ်တစ်ခု ပြန်လည်စတင်ခဲ့သည်။
တောရိုင်းကန္တာရ အပြင်ဘက်။
နတ်လူသားမျိုးနွယ်အုပ်စုကို ဦးဆောင်လာသည့် တာအိုအင်မော်တယ်သည် တိုက်ပွဲရှိရာသို့ ခြေတစ်လှမ်းချင်း လှမ်းလာနေသည်။
သူက တိုက်ပွဲအတွင်း ဝင်ရောက်စွက်ဖက်ခြင်း မပြုပေ။ သို့သော် သူ ရောက်ရှိလာခြင်းက မော့ကျန်းသုန့်ကို ပိုပြီး ဖိအားများ ခံစားရစေမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် လုံလောက်ပြီ ဖြစ်၏။
တိုက်ပွဲအတွင်းအပြင် ဖိအားများကြီးမားလာပါက မော့ကျန်းသုန့်အပေါ် သက်ရောက်မှုများစွာ ရှိလာပေလိမ့်မည်။
နတ်လူသားမျိုးနွယ်များ ဤနေရာသို့ အဘယ့်ကြောင့် ရောက်လာကြသည်ကို အားလုံး သိရှိကြမည်သာပင်။
သူတို့က မော့ကျန်းသုန့်ကို သတ်ဖြတ်ရန် ရောက်လာကြခြင်း မဟုတ်ပေ။ ကောင်းကင်ဧကရာဇ်ကျမ်းစာကို ကျင့်ကြံနိုင်စွမ်းရှိနေသည့် မော့ကျန်းသုန့်၏တပည့် ကျန်းလန်ကို သတ်ဖြတ်ရန် ရောက်လာကြခြင်းဖြစ်သည်။
ကျန်းလန်က အနာဂတ်တွင် ကောင်းကင်ဧကရာဇ်ကျမ်းစာကို သေချာပေါက် နားလည်လာမည့်သူ ဖြစ်သည်။ ထိုအချက်ကို နတ်လူသားမျိုးနွယ်များ လုံး၀ သည်းမခံနိုင်ခဲ့ကြပေ။
သူတို့က တိုက်ပွဲကို နှစ်ပိုင်းခွဲပြီး တိုက်ခိုက်မည်ဖြစ်သောကြောင့် ဆရာတပည့် (၂)ယောက် တစ်ယောက်ကိုတစ်ယောက် ကူညီပေးနိုင်ကြမည် မဟုတ်ပေ။
ယခုတော့ နတ်မိစ္ဆာမျိုးနွယ်တိကျင်း မည်မျှအချိန်ကြာကြာခုခံနိုင်မည်နှင့် မော့ကျန်းသုန့် တန်ခိုးစွမ်းအား မည်မျှအသုံးပြုနိုင်မည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။
သူတို့ (၂)ယောက် တိုက်ပွဲပြီးလျှင်တော့ သူ့အတွက် လှုပ်ရှားရန် အချိန်တန်ပြီ ဖြစ်သည်။
ကျန်းလန်ကိုတော့ အောက်ဖက်ရှိ သူ့လူများက အားကုန်သုံးကာ သတ်ဖြတ်ပစ်ကြပေလိမ့်မည်။ ကျန်းလန်ကို ကာကွယ်ပေးမည့် မော့ကျန်းသုန့်ဆိုသည့် တံတိုင်းကြီးကိုတော့ ချီဝေ့က ဖြိုချပစ်ရပေမည်။
ထိုအချိန် အခြားသောနတ်လူသားမျိုးနွယ်များလည်း ရောက်ရှိလာကြသည်။
"အားလုံးပဲ ၊ မင်းတို့ရှာနေတဲ့သူက တောရိုင်းကန္တရအလယ်မှာရှိတယ်"
တိကျင်းက ရုတ်တရက် အော်ဟစ်လိုက်သည်။
ချီဝေ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ တိကျင်းသည် မော့ကျန်းသုန့်၏ ပြိုင်ဘက်မဟုတ်ကြောင်း သူ ကောင်းစွာ နားလည်သည်။
သူ ယခုလို အော်ဟစ်လိုက်ခြင်းက မော့ကျန်းသုန့်ကို အနည်းနဲ့အများစိတ်လှုပ်ရှားသွားစေနိုင်သည်။ သူ့တပည့်ကို အရေးမစိုက်ဘူးဆိုလျှင်တော့ စိတ်လှုပ်ရှားသွားမည် မဟုတ်ပေ။
သို့သော် လူသားအများစုသည် သူတို့၏တပည့်များကို အထူးဂရုစိုက်တတ်ကြသည်။
နတ်လူသားမျိုးနွယ်အုပ်စုသည် တောရိုင်းကန္တရာအလယ်သို့ တဖြည်းဖြည်းချဉ်းကပ်သွားကြသည်။ တာအိုအင်မော်တယ်များ တိုက်ခိုက်နေကြသော်လည်း ချီဝေ့ရှိနေသည့်အတွက် သူတို့ ကြီးကြီးမားမား စိတ်ပူပန်ခြင်း မရှိခဲ့ကြပေ။
ထို့ပြင် အကန့်အသတ်ရှိသည့် နယ်မြေတစ်ခုတွင် လူတစ်ယောက်တည်းကို အာရုံစိုက်တိုက်ခိုက်ရမည်ဖြစ်သောကြောင့် စိုးရိမ်စရာ မရှိပေ။
မော့ကျန်းသုန့်သည်လည်း တိကျင်းကို အလျှင်အမြန် သတ်ဖြတ်ပစ်လိုက်လျှင် တန်ခိုးစွမ်းအားများ ကုန်ခမ်းသွားမည် ဖြစ်သည်။ သူ့အနေဖြင့် နတ်လူသားမျိုးနွယ်အုပ်စုကို ဆက်လက်တိုက်ခိုက်နိုင်တော့မည် မဟုတ်ပေ။
***
ဖန်ဆင်းခြင်းသစ်ပင်ထက်တွင်…
ကျန်းလန်၏ စိတ်အာရုံများက ပြန်လည်ငြိမ်သက်သွားခဲ့သည်။ တာအိုအင်မော်တယ်များ သူ၏တည်နေရာကို သိရှိသွားခြင်းမရှိသလို တိုက်ခိုက်ခံရခြင်းလည်း မရှိခဲ့ပေ။ ဖန်ဆင်းခြင်းသစ်ပင်၏ အကာအကွယ်ကြောင့်ဖြစ်နိုင်သည်။
ထို့ပြင် သူ၏ အကြည့်များက မိုးနဲ့မြေကို လွှမ်းခြုံပြီး လောကတစ်ခုလုံးကို တွေ့မြင်နေရသည့်အလား ဖြစ်သည်။ အပြာရောင်ကောင်းကင် ၊ တိမ်တိုက်ဖြူဖြူ ၊ မြေဆီလွှာများနှင့် စီးဆင်းနေသည့် မြစ်ရေများကိုပါ တွေ့မြင်နေရသည်။
လောကကြီးတစ်ခုလုံးက သူ ယခင်က မြင်ဖူးသည်နှင့် မတူညီတော့ပေ။ ထူးခြားပြီး မှော်ဆန်သည့် နေရာများစွာကို တွေ့မြင်နေရသည်။ သို့သော် ထူးခြားသည့် တန်ခိုးစွမ်းအားများကိုတော့ တွေ့မြင်ရခြင်း မရှိပေ။
မည်သို့ပင်ဖြစ်စေ အလွန်ထူးခြားသည့် မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။
"ဘုန်း"
ထိုအချိန် တာအိုနယ်မြေက လှည့်ပတ်လာသည်။
နေရောင်ခြည်က လင်းထိန်စွာတောက်ပလာပြီး လောကကြီးတစ်ခုလုံး ပြောင်းလဲသွားသည်။ သစ်ရွက်များတွင် အရိပ်လေးများထင်လျှက် ကမ္ဘာမြေကြီးက နွေးထွေးလာသလို ခံစားရသည်။ မြေကြီးထဲမှတစ်စုံတစ်ခုက နက်ရှိုင်းစွာ ကြီးထွားလာပုံရသည်။
အရာအားလုံးက လှည့်ပတ်ပြောင်းလဲသွားသည်။ ကျန်းလန်သည် သူ၏ ကိုယ်ပိုင်တာအိုလမ်းစဉ်တွင် အပြောင်းအလဲများကို တွေ့ကြုံခံစားလိုက်ရပြီး တာအိုတရားက ထူးထူးခြားခြား ခိုင်မာလာသည်။
ထိုသို့ဖြင့် အချိန်များ ကုန်ဆုံးသွားသည်။
တစ်ရက် ၊ တစ်လ ၊ တစ်နှစ် …
မည်မျှအချိန်ကြာမြင့်သွားသည်ကို ကျန်းလန် မသိရှိပေ။
သူ၏ နတ်ဘုရားရာထူးနှင့် ဖန်ဆင်းခြင်းသစ်ပင်ကြားမှ ပဲ့တင်ထပ်သံကို ခံစားနေရဆဲဖြစ်ပြီး တာအိုကို နားလည်ခြင်းအခြေအနေက တဖြည်းဖြည်း ပြန်လည်ဆုတ်ခွာသွားသည်။
သို့ပေသိ လိုအပ်သည့် အတွေ့အကြုံကို ရရှိခဲ့ပြီး ဖြစ်သည်။
ဖန်ဆင်းခြင်းသစ်ပင်၏ အလင်းရောင် ပြန်လည်မှိန်ဖျော့သွားသည့်အခါ ကျန်းလန်၏တာအိုတရားသည်လည်း ပြန်လည် ငြိမ်သက်သွားသည်။ တာအိုတရားက သူ၏ အသွေးအသားမဖြစ် ပြောင်းလဲသွားပြီး တန်ခိုးစွမ်းအားများ မြင့်တက်လာကာ သူ့ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေကြောင်း ခံစားရသည်။
(၁၀)စုနှစ်များစွာ ကျင့်ကြံပြီးနောက် တန်ခိုးစွမ်းအားများ မြင့်တက်လာသည့်အလားပင်။
ကျန်းလန်၏ ရွှေခန္ဓာစွမ်းအားက အရင်ကနှင့် မတူတော့ဘဲ ပြောင်းလဲသွားသည်။
"ငါ တာ့လော်အင်မော်တယ် နောက်ဆုံးအဆင့် ရောက်ခါနီးနေပြီပဲ"
ကျန်းလန် မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး သူ့လက်များကို မယုံကြည်နိုင်စွာ ကြည့်ရင်း တွေးလိုက်သည်။
ဖန်ဆင်းခြင်းသစ်ပင်က သူ့ကို ကြီးမားသည့် လက်ဆောင်တစ်ခု ပေးအပ်ခဲ့သည်။
ထိုအရာက မည်သူချန်ထားရစ်ခဲ့မှန်းမသိသော်လည်း သူက နတ်ဘုရားရာထူးကို ပိုင်ဆိုင်ထားသည့်အတွက် ရယူကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် သူ၏တာအိုတရားအတွက် ထင်မှတ်မထားသည့် အကျိုးကျေးဇူးများ ရရှိခဲ့သည်။
သူ၏ ကျင့်ကြံခြင်းအရှိန်က မြင့်တက်လာပြီး တာအိုအင်မော်တယ်ဖြစ်လာသည်အထိ များစွာ လွယ်ကူသွားတော့မည် ဖြစ်သည်။
ထို့နောက် ကျန်းလန်က တုံ့ဆိုင်းမနေဘဲ စနစ်တွင် မှတ်ပုံတင်လိုက်သည်။
"စနစ် ၊ ဒီနေရာမှာ စနစ်မှတ်ပုံတင်မယ်"
ဖန်ဆင်းခြင်းသစ်ပင်ထက်တွင် သူ ဘယ်လောက်ကြာကြာထိုင်နေမိမှန်း မသိရပေ။ သို့ပေသိ အချိန်ကြာလေ အကျိုးရှိလေပဲ ဖြစ်သည်။
မကြာခင် စနစ်မှ ထွက်ပေါ်လာသည့်အသံကို ကြးလိုက်ရ၏။
[ဒင်!]
[စနစ်မှတ်ပုံတင်ခြင်း အောင်မြင်ပါတယ် ၊ မဟာတာအိုက ပေးအပ်သည့် လက်ဆောင်ကိုရရှိသည့်အတွက် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ မိုးနဲ့မြေကို ဖန်ဆင်းခြင်းအား အခြေခံပြီး ဖန်ဆင်းခြင်းသစ်ပင်၏အမြုတေကို ရရှိပါတယ်]
***