← Chapters

ကောင်းကင်ဘုံသို့ဝင်ရောက်နိုင်သလို မရဏလောကသို့လည်းဆင်းသက်နိုင်

Vol. 35 Ch. 482

ကောင်းကင်ဘုံသို့ဝင်ရောက်နိုင်သလို မရဏလောကသို့လည်းဆင်းသက်နိုင်

Vol. 35 Ch. 482

"ဖန်ဆင်းခြင်းသစ်ပင်၏အမြုတေ : ဖန်ဆင်းခြင်းသစ်ပင်ဆိုသည်က မိုးနဲ့မြေမှ မွေးဖွားလာခြင်း ဖြစ်တယ် ၊ အဲဒီသစ်ပင်က အာကာသဗလာနယ်ထဲမှ စွမ်းအားများကို စုပ်ယူပြီး သစ်သီးများသီးနိုင်စွမ်းရှိတယ် ၊ ထိုသစ်ပင်၏ အမြုတေနှင့်ပေါင်းစပ်ခြင်းအားဖြင့် အာကာသနှင့် ဗလာနယ်တစ်လျှောက် ဖြတ်သန်းပြီးထိုးထွင်းသိမြင်နိုင်မှာ ဖြစ်တယ် ၊ လူတစ်ယောက်ဟာ အဓိကပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိမည်ဆိုလျှင် ကောင်းကင်ဘုံနှင့် မရဏလောကသို့ ကိုယ်တိုင်သွားရောက်နိုင်မှာ ဖြစ်တယ်]

"ဖန်ဆင်းခြင်းသစ်ပင်ရဲ့အမြုတေက ကောင်းကင်ဘုံနဲ့ မရဏလောကကို သွားရောက်နိုင်စွမ်း ရှိတယ်တဲ့"

ကျန်းလန် တွေးလိုက်သည်။

ထိုအရာက အနည်းငယ် ထူးခြားသည့်အတွက် ကျန်းလန် အံ့အားသင့်သွားမိသည်။

ဖန်ဆင်းခြင်းသစ်ပင်သည် ကောင်းကင်ဘုံနှင့်ရော မရဏလောကနှင့်ပါ ချိတ်ဆက်ထားသည်။ ဖန်ဆင်းခြင်းသစ်ပင်၏ အမြုတေနှင့် ကျန်းလန်၏ ဗလာနယ်ကို ပြီးပြည့်စုံစွာ နားလည်ခြင်းတို့ ပေါင်းစပ်လိုက်မည်ဆိုလျှင် သူကိုယ်တိုင်က ဖန်ဆင်းခြင်းသစ်ပင်၏ စွမ်းရည်များကို ပိုင်ဆိုင်သွားပေလိမ့်မည်။ သို့သော် မူလ ဖန်ဆင်းခြင်းသစ်ပင်နှင့် တူညီရန်ကတော့ အဝေးကြီးလိုသေးသည်။

မည်သို့ပင်ဖြစ်စေ ဤသည်က သူ့အတွက် များစွာအဆင်ပြေလေသည်။ ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခွင် သွားလာရာတွင်လည်း ပိုမိုအဆင်ပြေသွားနိုင်သည်။

မိုးနဲ့မြေကိုဖန်ဆင်းခြင်းသည် အမှန်တကယ် အထင်ကြီးလောက်စရာပင်။

ထို့နောက် ကျန်းလန်၏ စိတ်အာရုံထဲတွင် အလင်းရောင်များတောက်ပနေသည့် ကျောက်တုံးတစ်တုံး ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။ ထိုကျောက်တုံးထက်တွင် များစွာသော မျဉ်းကြောင်းများ ရောယှက်လျှက် ရှိသည်။ ရိုးရှင်းဟန်ရှိသော်လည်း အဆုံးမရှိသည့် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နက်နေသည်။

ထိုကျောက်တုံးသည်ကား ဖန်ဆင်းခြင်းသစ်ပင်၏ အမြုတေပင် ဖြစ်သည်။

ကျန်းလန်က ချက်ချင်းပင် ထိုအမြုတေကို သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်သည်။ ဖန်ဆင်းခြင်းသစ်ပင်၏ အမြုတေသည် အလင်းစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျန်းလန်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းဝင်ရောက်သွားသည်။

ကျန်းလန်၏ စိတ်အာရုံထဲတွင် များစွာသော အရာများကို သိမြင်နားလည်သွားသလို ခံစားလိုက်ရသည်။ အမှန်တော့ ထိုအရာများသည် ကျန်းလန် နားလည်သဘောပေါက်ထားပြီးသား တာအိုတရားများ ဖြစ်ပြီး ဖန်ဆင်းခြင်းသစ်ပင်၏ အမြုတေက ထိုတာအိုတရားများကို ပိုမို သိသာထင်ရှားကာ ခိုင်မာစေခဲ့သည်။

အချန်တစ်ခု ကြာသွားပြီးသည့်နောက်…

ကျန်းလန် ဖန်ဆင်းခြင်းသစ်ပင်၏အမြုတေကို အပြည့်အ၀ စုပ်ယူပြီးစီးသွားသည်။

ချက်ချင်းပင် သူသည် ပတ်ဝန်းကျင်နေရာများအားလုံးတွင် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်ကြောင်း သဘောပေါက်သွားသည်။ ထိုအရာက မြေကြောချုံ့ပညာနှင့်ဆင်တူသော်လည်း မြေကြောချုံ့ပညာထက် ပိုပြီး အစွမ်းထက်သည်။

ကျန်းလန် ပတ်ဝန်းကျင်ကို တစ်ချက်လေ့လာလိုက်သည်။ အနှောက်အယှက်တစ်စုံတစ်ရာမရှိလျှင် အာကာသအတွင်းသို့ပင် ဖြတ်သန်းသွားလာနိုင်မည် ဖြစ်သည်။

လိုရာခရီးသို့ အပြေးအလွှားသွားနိုင်မည်ဆိုလျှင် သင့်တော်သော်လည်း မရဏလောကနှင့် ကောင်းကင်ဘုံသို့ သွားရောက်နိုင်ရန်ကတော့ အချိန်ယူရဦးမည် ဖြစ်သည်။

ယခုအချိန် သူ ထိုနေရာများသို့သွားမည်ဆိုလျှင် ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်ပေလိမ့်မည်။ မရဏလောကတွင်လည်း တန်ခိုးစွမ်းအားရှင်များစွာ ရှိနေသည် မဟုတ်လား။

ကောင်းကင်ဘုံနှင့်ပတ်သက်၍ကတော့….

ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်နှင့် မိုးကောင်းကင်ခုံရုံးသို့ သူရောက်ရှိခဲ့သည့်အချိန်များတွင် အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်လျှက် ရှိနေခဲ့သည်။ ရှေးဟောင်းဧကရာဇ်နန်းတော်သည် ပျက်သုဉ်းတစ်စပြင်လောကကြီးမှ ပျောက်ကွယ်သွားခဲ့ပြီး ခွန်လွန်ဘိုးဘေးသည်လည်း ကောင်းကင်ဘုံသို့သွားရောက်ပြီးနောက် ဘယ်သောအခါမှ ပြန်မလာတော့ပေ။

သူ၏ဆရာဖြစ်သူက မရဏလောကကို စောင့်ကြည့်နေပြီး ကောင်းကင်ဘုံပြိုကျမလာစေရန် ကာကွယ်ထားသည်။ ထို့ကြောင့် သူ့အနေဖြင့် ကောင်းကင်ဘုံသို့ အရမ်းကာရော သွားရောက်၍ မဖြစ်ပေ။ ကောင်းကင်ဘုံသည် မရဏလောကထက်ပင် အန္တရယ်များနိုင်သည်။

ကောင်းကင်ဘုံသို့မသွားခင် ထိုနေရာ၏အခြေအနေကိုသိရှိရန် အရင်ဆုံးစုံစမ်းရမည်ဖြစ်သည်။ ဧကရာဇ်ရှီးဟယ်ကတော့ အသေးစိတ်အချက်အလက်များကို သိရှိနိုင်လေသည်။

ကျန်းလန် အတွေးများကို ရပ်တန့်လိုက်သည်။ ထိုအကြောင်းများကို နောက်မှ စဉ်းစားရမည် ဖြစ်သည်။

လောလောဆယ်တော့ အပြင်ဘက်တွင် နတ်လူသားမျိုးနွယ်များ ရောက်ရှိနေကြသည်။ သူ အပြင်ပြန်ထွက်ပြီး ထိုသူများကို ရှင်းပစ်ရပေမည်။

နတ်လူသားမျိုးနွယ်များက သူ့ကိုတိုက်ခိုက်ရန် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်နိုင်သည်။ ကောင်းကင်ဧကရာဇ်ကျမ်းစာနှင့်ပတ်သက်ပြီး သူတို့က ကျန်းလန်ကို သတ်ဖြတ်ပစ်ချင်နေကြသည်။

သူ့အနေဖြင့် ကောင်းကင်ဧကရာဇ်ကျမ်းစာကို ကျင့်ကြံရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ သို့သော် သူက ထိုပညာကို ကျင့်ကြံရန် အရည်အချင်းပြည့်မီသူ ဖြစ်နေခဲ့သည်။

ထိုအချက်ကြောင့်ပင် သူ၏တည်ရှိမှုကို နတ်လူသားမျိုးနွယ်များက လက်မခံနိုင်ဖြစ်ခဲ့ကြသည်။ သူတို့က ကျန်းလန်ကို လုပ်ကြံသတ်ဖြတ်ရန် လူပေါင်းများစွာ စေလွှတ်ခဲ့ကြသော်လည်း ကျန်းလန်က သူတို့အားလုံးကို သေလမ်းပို့ပစ်ခဲ့သည်။

ယခုရောက်ရှိလာသူများကိုလည်း သေလမ်းပို့ရပေဦးမည်။

နတ်လူသားမျိုးနွယ်များအားလုံးကိုသေလမ်းပို့ပစ်မည်ဟု သူက ဖုန်းကျီကို ကတိပေးထားခဲ့လေရာ ယခုလောက်ဆိုလျှင် ဖုန်းကျီတစ်ယောက် ငရဲသွားသည့်လမ်းတွင် စောင့်ကောင်းစောင့်နေပေလိမ့်မည်။ ယခုတစ်ခေါက်တော့ များများလေး သေလမ်းပို့ပေးလိုက်မည်။

နတ်လူသားမျိုးနွယ်များထဲတွင် တာအိုအင်မော်တယ်တစ်ယောက်အပါအဝင် အင်မော်တယ်များစွာ ရှိနေကြောင်း သူ တွေ့မြင်ရသည်။ ကျန်းလန်အနေဖြင့် တာအိုအင်မော်တယ်ကို တိုက်ခိုက်နိုင်မည် မဖြစ်သော်လည်း ကျန်လူများအားလုံးကို သေလမ်းပို့ပေးနိုင်လေသည်။

ဖန်ဆင်းခြင်းသစ်ပင်ထက်မှ ကျန်းလန်၏ ပုံရိပ်ပျောက်ကွယ်သွားပြီး သစ်ပင်အောက်သို့ ပြန်ရောက်လာသည်။ သစ်ပင်အောက်တွင် အဘိုးအိုက စောင့်ဆိုင်းနေဆဲ ဖြစ်သည်။

"ဂုဏ်ယူပါတယ် မြင့်မြတ်တဲ့နတ်ဘုရား"

ကျန်းလန် တစ်စုံတစ်ခု ပြောင်းလဲသွားကြောင်း အဘိုးအို ရိပ်မိလိုက်သည်။ ကျန်းလန် ထူးခြားမှုတစ်ခု ကြုံတွေ့ခဲ့ရသည်ကို အဘိုးအို ရိပ်မိသည်။

"အချိန်ဘယ်လောက်ကြာသွားပြီလဲ"

ကျန်းလန်က ပင်ပန်းနွမ်းနယ်နေဟန်ရှိသည့် အဘိုးအိုကိုကြည့်ရင်း သိမ်မွေ့စွာမေးလိုက်သည်။

အဘိုးအိုက…

"(၁၀)ရက် ရှိပါပြီ"

(၁၀)ရက်…။

မျှော်လင့်ထားသည်ထက်ပိုပြီး အချိန်တိုတောင်းခဲ့သည်ပဲ။

သို့သော် ဆရာဖြစ်သူကတော့ အပြင်ဘက်တွင် ရန်သူ (၂)ယောက်နှင့် (၁၀)ရက်ကြာတိုက်ခိုက်နေခဲ့သည်။ ဆရာဖြစ်သူ၏ အခြေအနေ မည်သို့ရှိသည် မသိပေ။

ကျန်းလန် အပြင်ပြန်ထွက်ပြီး အခြေအနေသွားကြည့်ရန် လိုအပ်သည်။

လက်ရှိတွင် သူက တာ့လော်အင်မော်တယ်တစ်ယောက် ဖြစ်ပြီး ဖန်ဆင်းခြင်းသစ်ပင်၏အမြုတေကိုလည်း ရရှိထားသည့်ဖြစ်လေရာ သူ့ကိုယ်သူ ကောင်းစွာကာကွယ်နိုင်ပြီ ဖြစ်သည်။

ကျန်းလန်က…

"ကျုပ် ပြန်ရတော့မယ်"

"ဒါဆို…"

အဘိုးအိုက ခဏမျှ တုံ့ဆိုင်းနေပြီးမှ…

"ကလေးနှစ်ယောက်ကို ဘယ်လိုလုပ်ရမလဲ"

ကျန်းလန်က ခဏမျှ စဉ်းစားနေရင်း…

"သူတို့ကို ဒီအတိုင်းထားလိုက်ပါဦး ၊ လိုအပ်တဲ့အချိန်ကျ ကျုပ် ရွာအကြီးအကဲကို လာရှာပါ့မယ်"

ကျန်းလန်က ဆက်ပြောသည်။

"ရှေးဟောင်းဧကရာဇ်နန်းတော်က ပြောင်းလဲသွားပြီ ၊ ကျုပ်က နတ်ဘုရားရာထူးကို ဆက်ခံခဲ့တယ် ၊ နတ်ဘုရားရာထူးကလည်း ကျုပ်ကို အများကြီး ကူညီပေးတဲ့တယ် ၊ ဒါကြောင့် နတ်ဘုရားရာထူးနဲ့ပတ်သက်ပြီး ထမ်းဆောင်ရမယ့်တာဝန်တွေကို ရှောင်ပြေးနိုင်မယ် မထင်ပါဘူး ၊ ဆိုတော့ လိုအပ်တဲ့အခါ ရွာအကြီးအကဲကို ဆင့်ခေါ်ပါ့မယ်"

အဘိုးအိုက ကျန်းလန်ကို ဦးညွှတ်လိုက်ပြီး တုန်ယင်သည့် အသံများဖြင့် စကားဆိုသည်။

"မြင့်မြတ်တဲ့နတ်ဘုရားအတွက်ဆိုရင် ကျုပ်အသက်စတေးဖို့လည်း အသင့်ပါပဲ"

ရှေးဟောင်းဧကရာဇ်နန်းတော် ပျက်စီးသွားခဲ့ပြီဆိုကြောင်း အဘိုးအို ရိပ်မိထားပါသည်။သို့တိုင်အောင် နတ်ဘုရားရာထူးကို ဆက်ခံသူဖြစ်သော အနှီလူငယ်အား ဆက်လက်နာခံနေဆဲပင်။

ကျန်းလန်က လက်ရွေးစင် ရွေးချယ်ထားသည့် ယောကျ်ားပျိုနှင့် မိန်းမပျိုတို့နှင့် တွေ့ဆုံကာ သူတို့၏ သွေးအနည်းငယ်ကို ယူလိုက်သည်။

ဤမျိုးနွယ်စု၏ ထူးခြားချက်ကို သိရှိအောင် သုတေသနပြုရမည် ဖြစ်သည်။ ဤရွာသားများတွင် မွေးရာပါ ပင်ကိုယ်စွမ်းရည် ၊ သို့မဟုတ် ထူးခြားချက်တစ်ခုခု ရှိရပေမည်။ မဟုတ်ပါက ရှေးဟောင်းဧကရာဇ်က ထိုမျှ အလေးအနက်ထားမည် မဟုတ်ပေ။

ကျန်းလန်က ဖန်ဆင်းခြင်းသစ်ပင်ကြီးရှေ့မှာပင် ရွာသူရွာသားများကို နှုတ်ဆက်ပြီးနောက် လာရာလမ်းအတိုင်း ပြန်လည် ထွက်ခွာလာခဲ့သည်။ သူပိုင်ဆိုင်သည့် နတ်ဘုရားရာထူးမှ ပဲ့တင်ထပ်သံ ထွက်ပေါ်လာခြင်း မရှိတော့ပေ။

ထိုပဲ့တင်ထပ်သံက ဤနယ်မြေနှင့် ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။

သူ ရောက်ရှိလာခြင်းမှာ ဤနေရာမှ ရွာသူရွာသားများကို မိုးကောင်းကင်ခုံရုံးမှ စွန့်ပစ်ထားခြင်းမရှိကြောင်း အဓိပ္ပါယ်သက်ရောက်စေသည်။

ဗလာနယ်ထဲမှ တောင်ပေါ်လမ်းလေးအဆုံးသို့ ကျန်းလန်ထွက်ခွာသွားသည်ကို ရွာသူရွာသားများ မျက်စိတစ်ဆုံး ငေးမောရင်း ကျန်ရစ်ခဲ့ကြ၏။

နောက်ဆုံးတော့ ကျန်းလန် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ သစ်ပင်ရှေ့ရါာမှ သူ ပြန်လာခဲ့ပြီ ဖြစ်သည်။ သို့သော် သူ အပြင်သို့ ပြန်ရောက်လာသည့်အခါ ဝင်ရောက်လာစဉ်က မြေအောက်ရင်ပြင်ကြီးဆီသို့ ရောက်ရှိမလာတော့ဘဲ ကျောက်ဂူတစ်ခုအတွင်းသို့ ရောက်ရှိလာသည်။

"ကြည့်ရတာ အဲဒီနေရာကိုဝင်ဖို့ လွယ်လွယ်နဲ့ မဖြစ်နိုင်ဘူးပဲ"

ကျန်းလန်တွေးလိုက်သည်။

သူ အရင်ဆုံး ရောက်ရှိခဲ့သည့် မြေအောက်ရင်ပြင်ဆီ ဝင်ရောက်ရန်အတွက် ကျောက်တုံးနံရံအတွင်းမှ ခေါ်သံနှင့် နတ်ဘုရားရာထူး၏ပဲ့တင်ရိုက်ခတ်သံ လိုအပ်လေသည်။

ယခုတော့ ကျန်းလန်သည် ကြီးမားလှသော ကျောက်ဂူကြီးတစ်ခုအတွင်းသို့ ရောက်ရှိနေသည်။ အရှေ့ဆီတွင် မရဏအငွေ့အသက်များ ထွက်ပေါ်လျှက်ရှိပြီး မရဏသားရဲအချို့လည်း ရှိနေကြသည်။

ရုတ်တရက် ကျန်းလန်ထွက်ပေါ်လာသည့်အခါ မရဏသားရဲများ ထိတ်လန့်တုန်လှုပ်သွားကြပြီး ကမူးရှူးထိုးဖြင့် စတင်တိုက်ခိုက်တော့သည်။

ကျန်းလန်ကလည်း လက်မနှေးဘဲ ချက်ချင်းပင် ပြန်လည်တိုက်ခိုက်လိုက်၏။

"ဘုန်း"

"ဘုန်း"

မရဏအငွေ့အသက်များ ပျံ့နှံ့သွားပြီး အနက်ရောင်မြူခိုးများ စီးဆင်းထွက်ပေါ်လာသည်။ မရဏသတ္တဝါများထံမှ သွေးမှုံများ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပြန့်ကျဲသွားသည်။

"သူတို့က တန်ခိုးစွမ်းအား သိပ်ပြီး မမြင့်မားဘူး ၊ အားလုံးက ဗီဇသိစိတ်နဲ့ တိုက်ခိုက်နေကြတာ"

ကျန်းလန် တွေးလိုက်သည်။

ထိုမရဏသားရဲများအားလုံးက တန်ခိုးစွမ်းအားမြင့်မားခြင်း မရှိပေ။ ကြည့်ရသည်မှာ ငရဲတံခါးလမ်းခွဲမှ အလိုလို လွတ်မြောက်လာသည့် သတ္တဝါများ ဖြစ်နိုင်သည်။

မရဏလောကမှထွက်လာသည့် တာအိုအင်မော်တယ်ကို ဆရာဖြစ်သူမော့ကျန်းသုန့်က သတ်ဖြတ်ပြီးသွားပြီ ဖြစ်သည်။ ထို့ကြောင့် အသိဉာဏ်ရှိသူများအားလုံး ဤနေရာတွင် မနေရဲကြတော့ပေ။

မရဏလောကမှသတ္တဝါများကို ရှင်းလင်းပြီးနောက် ကျန်းလန် ရှေးဟောင်းရေတွင်းပျက်ကြီးတစ်ခုရှေ့သို့ ရောက်ရှိလာသည်။ ထိုနေရာတွင် ငရဲတံခါးလမ်းခွဲပွင့်နေပြီး မရဏအငွေ့အသက်များ ထွက်ပေါ်လျှက် ရှိသည်။

ကြည့်ရသည်မှာ ဖန်ဆင်းခြင်းသစ်ပင်နှင့် တစ်စုံတစ်ခု ဆက်စပ်နေဟန် ရှိသည်။ သို့ပေသိ ငရဲတံခါးကို ဖွင့်ရန်အတွက် အထူးနည်းလမ်းတစ်ခု လိုအပ်သည်။ တိုက်ဆိုင်စွာပင် နတ်မိစ္ဆာများတွင် ထိုသို့သောနည်းလမ်းများ ရှိနေခဲ့သည်။

တစ်ကြိမ်တည်းအသုံးပြုရသည်လား ၊ ရေရှည်အသုံးပြုနိုင်သည်လား ဆိုသည်ကတော့ မည်သူမှ မသိရှိနိုင်ပေ။

ကျန်းလန်က ရှေးဟောင်းရေတွင်းပျက်ကြီးကို ဖျက်စီးပစ်ရန် ရည်ရွယ်ချက်မရှိပေ။ ထိုအထဲမှ တာအိုအင်မော်တယ်တစ်ယောက်သည်ပင် ထွက်လာလေရာ လမ်းကပွင့်နေပြီ ဖြစ်သည်။ ယခုအချိန် ရေတွင်းကြီးကို ဖျက်စီးလိုက်မည်ဆိုလျှင် အလွန်အန္တရယ်များပေလိမ့်မည်။

ထို့ပြင် မရဏအငွေ့အသက်များက ကျန်းလန်ကို မထိခိုက်နိုင်သော်လည်း နတ်လူသားမျိုးနွယ်များကိုတော့ သေချာပေါက် အန္တရယ်ပေးနိုင်မည် ဖြစ်သည်။ ဤသည်က တိုက်ခိုက်ရာတွင် သူ့အတွက် အကူအညီ ဖြစ်လာနိုင်သည်။

ကျန်းလန် မရဏလှံရှည်ကို ထုတ်ယူလိုက်သည်။ ထိုအရာက ပတ်ဝန်းကျင်တွင် မရဏအငွေ့အသက်များကို ပိုမိုများပြားလာစေသည်။

"အခု အပြင်ထွက်ပြီး တိုက်လို့ရပြီ"

အတွေးနှင့်အတူ ကျန်းလန် ကျောက်ဂူအပြင်သို့ လှမ်းထွက်လိုက်သည်။ သူ နတ်လူသားမျိုးနွယ်များကို သတ်ဖြတ်ပစ်ရပေတော့မည်။

***

အပြင်ဘက်…

တိကျင်း၏ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများနှင့် ပြည့်နက်လျှက် ရှိပြီး သွေးများ အဆက်မပြတ်စီးဆင်းကျလျှက်ရှိသည်။ သူ၏ဝှက်ဖဲများအားလုံး အသုံးပြုထားသော်လည်း ခဏမျှသာ ထိန်းထားနိုင်ခဲ့သည်။

သူ၏လက်တစ်ဖက်က ကြေမွလျှက်ရှိပြီး ဤအတိုင်းသာ ဆက်သွားနေလျှင် သူ ဤနေရာမှာပင် အသက်ပျောက်သွားနိုင်သည်။

သူတို့ပတ်ဝန်းကျင်တွင် နတ်လူသားမျိုးနွယ်ကျင့်ကြံသူများ ရှိနေသည်ကို သူတို့ (၂)ယောက်လုံး သတိပြုမိကြသည်။ မဟုတ်ပါက တိကျင်းအနေဖြင့် ယခုအချိန်ထိ အသက်ရှင်သန်နေမည် မဟုတ်ပေ။

ထိုအချိန် သူတို့ဆီသို့လှမ်းလာနေသည့် တိကျင်းက ရယ်မောလိုက်ရင်း…

"ဟားဟား… ကျုပ်တို့တွေ ဒီကိုရောက်လာကြပေမယ့် မင်းတို့နှစ်ယောက်ကိုတော့ မနှောက်ယှက်ပါဘူးကွာ"

ထို့နောက် သူက ထွက်သွားရန် ဟန်ပြင်လိုက်သော်လည်း တကယ်တမ်းတွင် ထွက်သွားခြင်း မရှိပေ။

ချီဝေ့ရောက်လာသည်ကို အခွင့်ကောင်းယူပြီး တိကျင်းက ထွက်ပြေးသွားလေသည်။

မော့ကျန်းသုန့် သူ့နောက်လိုက်လာမည်ဟု တိကျင်း ထင်မှတ်ခဲ့သည်။

မော့ကျန်းသုန့်သာ သူ့နောက်လိုက်လာပြီးတိုက်ခိုက်ပါက တန်ခိုးစွမ်းအားပိုမိုလျော့နည်းသွားမည် ဖြစ်သည်။ ထိုအခါ ချီဝေ့ကို ရင်ဆိုင်နိုင်တော့မည် မဟုတ်ပေ။

သို့သော် သူ အတော်ဝေးဝေးရောက်သွားသည်အထိ မော့ကျန်းသုန့်က လိုက်လာခြင်းမရှိသဖြင့် တိကျင်း အံ့အားသင့်သွားသည်။

"ဟမ်..."

သို့သော် သူက ဆက်လက်ပြေးလွှားနေဆဲ ဖြစ်ပြီး ဘာကြောင့်မှန်းမသိ စိတ်ပူပန်နေခဲ့လေသည်။

***

All Chapters