သေရည်ဆိုင်ရှင်ကခေါ်ယူခြင်း
Vol. 35 Ch. 485
ဟုန်ယာ သေရည်ဆိုင်ကို အကဲခတ်ကြည့်လိုက်သည်။ အနည်းငယ် ပြောင်းလဲသွားကြောင်း သူမ ခံစားရသော်လည်း မည်သို့သောအရာပြောင်းလဲသွားကြောင်း သူမ အာရုံခံနိုင်ခြင်း မရှိပေ။
သူမ ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး အရေးမစိုက်တော့ဘဲ သေရည်လာရောက်ဝယ်ယူမည့်လူများကိုသာ တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့သည်။
သို့သော် အချိန်အတန်ကြာပြီးသည့်နောက် သေရည်ဆိုင်ထဲတွင် တစ်စုံတစ်ခု ပြောင်းလဲသွားသည်ကို သူမ ပိုပြီး ခံစားလာရသည်။
သေရည်ဆိုင်ဧည့်ခန်းထဲသို့ တစ်စုံတစ်ယောက်ဝင်ရောက်လာသည့်အလား ခံစားရသည်။ ဤသည်က ထူးဆန်းသည့်ခံစားချက်တစ်ခု ဖြစ်လေသည်။
ထို့ပြင် သေရည်ဆိုင်တစ်ခုလုံးက ပိုမိုကြည်လင်လာပြီး တောက်ပလာသည်ဟု သူမ ခံစားနေရသည်။
"တစ်ခုခုတော့ မှားနေပြီ"
ထို့နောက် သူမ ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။
ယခုအချိန် သေရည်ဆိုင်တွင် ဧည့်သည်ဆို၍ ကျန်းလန် တစ်ယောက်သာ ရှိသည်။ ကျန်းလန်ဝင်ရောက်လာပြီးမှ သေရည်ဆိုင်တွင် ပြဿနာစတင်ဖြစ်ပေါ်လာခြင်း ဖြစ်၏။
ဆိုတော့…
"သူ ဘာလုပ်လိုက်တာလဲ"
ဟုန်ယာ သိရှိနိုင်ခြင်း မရှိပေ။
သူမ နာမ်ဝိညာဉ်သေရည်ဆိုင်အတွင်းသို့ ဝင်ရောက်ပြီး စစ်ဆေးကြည့်မှသာ သိရှိနိုင်မည် ဖြစ်သည်။ သို့သော် သူ နာမ်ဝိညာဉ်သေရည်ဆိုင်နှင့် ချိတ်ဆက်ရန် ကြိုးစားလိုက်သည့်အခါ အဆုံးမဲ့အလင်းတန်းတစ်ခုက သူမကို တွန်းထုတ်လိုက်သည်။
သူမ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပေ။
ဤသည်က …
ကြီးမားသည့် ပြဿနာကြီးတစ်ခု ဖြစ်နေပြီလား။
ထိုအချိန် ဆိုင်အနောက်ဘက်မှ ဖီရှိုးကောင်မှာ ဆိုင်ထဲသို့ဝင်ရောက်လာပြီး ကျန်းလန်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သေရည်ဆိုင်ကို တစ်ချက်အကဲခတ်လိုက်ပြီးနောက် အပြင်သို့ ပြေးထွက်သွားတော့၏။
သူ ဤနေရာတွင် ကြာကြာမနေနိုင်တော့ပေ။
ဟုန်ယာမှာ ခဏမျှမှင်တက်သွားပြီး ဖီရှိုးကောင်နောက်သို့ လိုက်သွားသည်။
သေရည်ဆိုင်မှာ တစ်စုံတစ်ခု ဖြစ်တော့မည်လား ၊ သို့မဟုတ် တစ်ခုခုက လွှမ်းမိုးသွးတော့မည်လား။ ကျန်းလန် ဘာလုပ်နေသည်ကို ဟုန်ယာရော ဖီရှိုးကောင်ပါ နားလည်နိုင်ခြင်း မရှိခဲ့ကြပေ။
ဟုန်ယာက အပြင်ဘက်မှနေပြီး သေရည်ဆိုင်ကို အကဲခတ်လိုက်သည်။ သို့သော် မည်သည့်အရာမှ ပြောင်းလဲခြင်းမရှိခဲ့ပေ။
ထိုအချိန် သူမအနောက်ဘက်မှ အံ့အားသင့်စွာ အော်ဟစ်လိုက်သံကို ကြားလိုက်ရ၏။
"အား… အရမ်းတောက်ပလင်းထိန်နေတာပဲ ၊ အရင်ကထက် အများကြီး ပိုတောက်ပလာတယ် ၊ အထဲမှာ တစ်ယောက်ယောက်များ ရှိနေတာလား မသိဘူး"
ထိုစကားကိုပြောလိုက်သူမှာ ယန်ရှီးယွင် ဖြစ်သည်။
ဟုန်ယာက ယန်ရှီးယွင်ကို လှမ်းကြည့်လိုက်သည့်အခါ သူမမျက်နှာတွင် ထိတ်လန့်တုန်လှုပ်နေဟန်ကို တွေ့မြင်လိုက်ရသည်။
ဤသို့သောစကားမျိုးကို သူမ ယခင်က ကြားဖူးလေသည်။ "သေရည်ဆိုင်က အလွန်တောက်ပနေသည်" ဟု ယန်ရှီးယွင် ပြောခဲ့ဖူးသည်။
သို့သော် သူမစကားက ဟာသတစ်ခုမဟုတ်ပေ။ ကမ္ဘာမြေကြီး၏ အကာအကွယ်ကို ရရှိထားသည့် ချီလင်မျိုးနွယ် မိန်းမပျိုတစ်ယောက်အနေဖြင့် အခြားသူများနှင့်မတူဘဲ ထူးခြားမှုများကို တွေ့မြင်နိုင်စွမ်း ရှိသည်။
ထိုစဉ် ကောင်ငယ်လေးနှင့် အဋ္ဌမမင်းသားတို့ သေရည်ဆိုင်ရှေ့သို့ ရောက်လာကြသည်။
လုန်မန်က…
"မင်းတို့အားလုံး ဘာလို့ တံခါးဝမှာ ရပ်နေကြတာလဲ"
အရေးကြီးဧည့်သည်တစ်ယောက်ယောက်များ ရောက်လာသောကြောင့်လား။ အထူးသဖြင့် ဖီရှိုးပင်အပြင်ပြေးထွက်လာသည်မှာ ထူးခြားလေသည်။
"အစ်ကိုကြီး ၊ မောင်ငယ်လေး"
ယန်ရှီးယွင်က လုန်မန်နှင့် ကောင်ငယ်လေးကို နှုတ်ဆက်စကားဆိုလိုက်ပြီး ချက်ချင်းပင် ခပ်ဝေးဝေးတစ်နေရာသို့ ခုန်ဆုတ်သွားသည်။
ကောင်ငယ်လေးနှင့် အဋ္ဌမမင်းသားတို့မှာ ဓားရှည်များကို ကိုင်ဆောင်ထားကြလေရာ လှံရှည်ဖြင့် မရိုက်နှက်ဘဲ ဓားရှည်ဖြင့်ခုတ်မည်ဆိုပါက သူမအတွက် အကြောင်းဆိုးသွားနိုင်သည်။
ပြီးမှ သူမက ရှင်းပြသည်။
"သေရည်ဆိုင်က အရင်နဲ့မတူဘဲ အလင်းရောင်တွေ အရမ်းပဲ တောက်ပလင်းထိန်နေလို့ပါ"
ယနေ့ ကောင်ငယ်လေးနှင့် အဋ္ဌမမင်းသားတို့က ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားကို ပူဇော်သက္ကာများ သွားရောက်ဆက်သခဲ့ကြသည်။ ကံမကောင်းစွာပင် လက်သီးနတ်ဘုရားက သူတို့ကို မတုံ့ပြန်ခဲ့ပေ။
ကြည့်ရသည်မှာ သူတို့ကို ဓားသိုင်းသင်ပေးပြီးသွားဟန်ရှိသည်။ သို့သော် ထိုဓားသိုင်းက ဘာဖြစ်ကြောင်း သူတို့ မသိရှိကြသေးပေ။ မည်သို့ပင်ဖြစ်စေ သူတို့ အတူတကွ သင်ယူခဲ့ကြသည်။
ကောင်ငယ်လေးက စိတ်ရှုတ်သွားဟန်ဖြင့်…
"အလင်းရောင်… ဟုတ်လား"
အဋ္ဌမမင်းသားက ကောင်းကင်နဂါးဓားကို သိမ်းဆည်းလိုက်ရင်း…
"အထဲမှာ ဘယ်သူရောက်နေတာလဲ"
လမ်းတစ်လျှောက်တွင် သူတို့ (၂)ယောက် လက်သီးနတ်ဘုရား၏ ဓားသိုင်းပညာအကြောင်း ဆွေးနွေးခဲ့ကြသည်။ ထိုဓားသိုင်းက အလွန်ချောမွေ့သည်ဟုထင်မှတ်ရသော်လည်း ထူးဆန်းသည်ဟု ခံစားရသည်။ ဘာတွေဖြစ်နေကြောင်း အတိအကျ မပြောနိုင်ပေ။
ဓားသိုင်းက ထူးဆန်းသော်လည်း ကောင်ငယ်လေးကတော့ သူနှင့်အနည်းငယ် အံဝင်ခွင်ကျမဖြစ်ဟု ခံစားရသည်။ သို့သော် သူနှင့် ကိုက်ညီအောင် ညှိယူပြီး သင်ယူနိုင်ခဲ့သည်။ သို့ဖြစ်ရာ သူတို့ (၂)ယောက်မှာ တူညီသည့်ဓားသိုင်းပညာကို သင်ယူခဲ့ကြသော်လည်း အနည်းငယ်ကွဲပြားသည်ဟု ခံစားကြရသည်။
ထို့ကြောင့် အားလပ်သည့်အချိန်များတွင် သူတို့ (၂)ယောက် ထိုဓားသိုင်းကို လေ့ကျင့်နေခဲ့ကြသည်။ ယခုတော့ ဓားများကို သိမ်းဆည်းလိုက်ကြ၏။
ဟုန်ယာက…
"အထဲမှာ နဝမတောင်ထွတ်ကတပည့်ရောက်နေတယ်"
နဝမတောင်ထွတ်ကတပည့်…။
ကောင်ငယ်လေးနှင့် အဋ္ဌမမင်းသားတို့ အံ့အားသင့်သွားကြသည်။ သူတို့ သေရည်ဆိုင်တံခါးဝအနားသို့ တိုးသွားကာ အထဲသို့ လှမ်းကြည့်လိုက်ကြသည်။
အမှန်တကယ်ပင် ကျန်းလန် ထိုင်နေသည်ကို တွေ့လိုက်ကြသည်။ ထို့ပြင် သေရည်ဆိုင်တစ်ခုလုံးသည်လည်း တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားလိုက်ကြရ၏။
သူတို့ (၂)ယောက် ချက်ချင်းပင် နောက်ပြန်ဆုတ်လိုက်ကြသည်။
ကောင်ငယ်လေးက မြက်များကို ကုန်းကိုက်နေသည့် ဖီရှိုးကောင်ကို လှမ်းကြည့်လိုက်ပြီး မေးခွန်းထုတ်သည်။
"အစ်ကိုကြီးက အထဲမှာ ဘာလုပ်နေတာလဲ"
ဖီရှိုးကောင်က ကောင်ငယ်လေးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အကြည့်လွှဲသွားသည်။ ကောင်ငယ်လေးက ထိုအကြည့်ကို နားလည်သွားပြီးနောက် ဝိညာဉ်ကျောက်တုံးတစ်တုံး ပစ်ချပေးလိုက်သည်။
ဝိညာဉ်ကျောက်တုံးကို တွေ့သည်နှင့် ဖီရှိုးက တစ်ချက်တည်း မြိုချလိုက်၏။
ထို့နောက် သူက ကောင်ငယ်လေးကို ရှင်းပြဟန်ဖြင့် အသံတစ်ချက် အော်လိုက်သည်။
ကောင်ငယ်လေးက အံ့အားသင့်သွားဟန်ဖြင့်…
"အစ်ကိုကြီးက တာအိုကို နားလည်သွားတယ် ဟုတ်လား"
အဋ္ဌမမင်းသားနှင့် အခြားသူများသည်လည်း အံ့အားသင့်သွားကြသည်ပင်။
လူသားအင်မော်တယ်တစ်ယောက်သည် တာအိုကို စတင်နားလည်နိုင်သည်တဲ့လား။
မဖြစ်နိုင်သည့်အရာတော့ မဟုတ်ပေ။ သို့ပေသိ လူအနည်းစုသာ လုပ်နိုင်သည့်အရာ ဖြစ်သည်။
အစစ်အမှန်အင်မော်တယ်များအနေဖြင့်တာအိုကို နားလည်သဘောပေါက်နိုင်ကြသည်။ သို့တိုင်အောင် နားလည်မှုအပိုင်းများက ကွဲပြားနေဦးမည် ဖြစ်သည်။
အဋ္ဌမမင်းသားက…
"သူက တာအိုကို ဘာလို့ ဒီလိုမျိုးသဘောပေါက်နားလည်သွားရတာလဲ"
ဟုန်ယာ၏နောက်တွင် ပုန်းအောင်းနေသည့် ယန်ရှီးယွင်က…
"ဟုတ်တယ် ၊ သူ တာအိုကိုနားလည်တာ အရမ်းများ နေတယ် ၊ အဲဒါကြောင့် အရမ်းတောက်ပနေတာ ဖြစ်ရမယ်"
သူမက ဟုန်ယာထက် အရပ်ပိုမြင့်သော်လည်း ဟုန်ယာလောက် သတ္တိမရှိပေ။
ကောင်ငယ်လေးနှင့် အဋ္ဌမမင်းသားက သူမကို လှံရှည်ဖြင့် မရိုက်ဘဲ ဓားနဲ့ခုတ်မည်ကို စိုးရိမ်နေသည်။
ဖီရှိုးကတော့ မြက်ခင်းပြင်ထက်မှ မြက်များကို စားနေဆဲ ဖြစ်သည်။
ကောင်ငယ်လေးက…
"အစ်ကိုကြီးက သေရည်ဆိုင်ထဲမှာရှိတဲ့ တစ်ခုခုနဲ့ ချိတ်ဆက်ပြီး တာအိုကို နားလည်သွားတာ ဖြစ်ရမယ် ၊ ဒါမှမဟုတ် သေရည်ဆိုင်ထဲက ဆင်းသက်လာတဲ့တစ်ခုခုက အစ်ကိုကြီးနားလည်ထားတဲ့ တာအိုနဲ့ ပတ်သက်နေတာ ဖြစ်ရမယ် ၊ ဒီတော့ လောလောဆယ် ကျွန်တော်တို့ အထဲဝင်လို့ရမယ် မထင်ဘူး ၊ အထဲဝင်သွားတာနဲ့ သေရည်ဆိုင်ထဲမှာ ပျောက်ကွယ်သွားနိုင်တယ် ၊ အဲဒီလိုဆိုရင် အဘိုးလာကယ်မှပဲ ရလိမ့်မယ်"
ကောင်ငယ်လေး၏စကားကြောင့် အဋ္ဌမမင်းသား တုန်လှုပ်သွားသည်။
ဖီရှိုးကောင်ကတော့ မြက်ပင်များကို ပါးစပ်အပြည့်ကိုက်စားလျှပ် မည်သူနှင့်မှ အဆက်အသွယ် မလုပ်တော့ပေ။
ထူးဆန်းသည်မှာ ကောင်ငယ်လေးသည် လူသားတစ်ယောက်ဖြစ်ပါလျှက် အဘယ့်ကြောင့် ဖီရှိုး၏စကားကို နားလည်ရပါသနည်း။
ဖီရှိုးက ချုန်ချီသားရဲလည်း မဟုတ်ပေ။
လူငယ်က ချုန်ချီမျိုးနွယ်မှ ဆင်းသက်လာသူ ဖြစ်သည်။ ထိုအကြောင်းကို သိရှိခဲ့သည့်တိုင် ဖီရှိုးဘာသာစကားကတော့ ချုန်ချီဘာသာစကား မဟုတ်သည်မှာ သေချာသည်။
ဟုန်ယာက...
"ဒါဆို ငါတို့ အခု ဘာဆက်လုပ်ကြမလဲ"
လောလောဆယ်တော့ မည်သူမှ သေရည်ဆိုင်အတွင်းသို့ ဝင်ရောက်နိုင်ကြမည် မဟုတ်ပေ။ ဆိုင်အတွင်းထဲမှ တာအိုတရားကို နားလည်နေသူကို သူတို့ အနှောက်အယှက် မပေးရဲသည်မှာ ထင်ရှားသည်။
သို့ဆိုလျှင် ဆိုင်ရှင်အဘိုးပြန်လာသည်အထိ စောင့်နေသင့်သည်လား။
"အဘိုး ပြန်လာတာပဲ စောင့်ရမယ်ထင်တယ် ၊ နေဦး... ကျွန်တော့်မှာ ကုလားထိုင်တစ်လုံး ရှိတယ်"
ပြောပြီးသည်နှင့် ကောင်ငယ်လေးက ကုလားထိုင်တစ်လုံးထုတ်ယူကာ ဟုန်ယာကို ထိုင်စေလိုက်သည်။
သို့သော် ဟုန်ယာက မထိုင်ခဲ့ပေ။
အဋ္ဌမမင်းသားက ထိုင်ရန်ဟန်ပြင်လိုက်သော်လည်း ယောက်ဖကိုကာကွယ်ပေးရမည်ဟူသောအသိဖြင့် မထိုင်တော့ဘဲ မတ်တတ်ရပ်နေလိုက်သည်။
သေရည်ဆိုင်ထဲသို့ တစ်စုံတစ်ယောက်ဝင်သွားပါက မသင့်တော်လေရာ စောင့်ကြည့်နေရမည် ဖြစ်သည်။
***
ရေခဲပုစဉ်းရင်ကွဲတောအုပ်။
မှောင်မိုက်နေသည့်လမ်းတစ်ခုထက်တွင် သေရည်ဆိုင်ပိုင်ရှင် လမ်းလျှောက်လျှက် ရှိသည်။
သူက အမည်မသိတစ်နေရာသို့ ဆက်လျှောက်သွားသည်။ လမ်းက နက်မှောင်အေးစက်လွန်းပြီး မရေမတွက်နိုင်သည့် မျက်ဝန်းများက သူ့ကို စိုက်ကြည့်နေကြသည်။
ထိုမျက်ဝန်းများထဲတွင် ကြောက်ရွံ့ခြင်းနှင့် အမုန်းတရားများ ပြည့်နက်နေ၏။
သို့သော် သေရည်ဆိုင်ပိုင်ရှင်ကတော့ အရေးမစိုက်ဘဲ ရှေ့ဆက်လျှောက်နေဆဲပင်။
ရုတ်တရက်...
သူ သေရည်ဆိုင်ရှိရာသို့ လည်ပြန်လှည့်ကြည့်လိုက်ရင်း အတော်လေး သိချင်စိတ် ဖြစ်သွားမိသည်။
"ဘယ်သူက သေရည်ဆိုင်ရဲ အနက်ရှိုင်းဆုံးနေရာကို ထိတွေ့နိုင်ခဲ့တာလဲ"
"သူက တာအိုကို နားလည်သွားတာ ဖြစ်နိုင်တယ် ၊ ဒါဆို အထဲက တာအိုသစ်သီးကို ယူတော့မှာပေါ့"
ဘာဖြစ်သည်ကို မသိရသေးသော်လည်း ဤနှုန်းအတိုင်းသွားမည်ဆိုလျှင်တော့ တာအိုသစ်သီးကို ရယူရန် အချိန်အတော်လေး ကြာဦးမည် ဖြစ်သည်။
ခဏမျှတုံ့ဆိုင်းသွားပြီးနောက် ခွန်လွန်တောင်တွင် မည်သို့သောလူမျိုးက ဤအခွင့်အရေးကို ရယူသွားသည်လဲ ပြန်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သေရည်ဆိုင်ရှင် ရေခဲပုစဉ်းရင်ကွဲတောအုပ်မှ ထွက်လာခဲ့သည်။ သူထွက်လာသည်နှင့် အစက မှောင်မိုက်နေသည့်လမ်းက ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်လည် လင်းထိန်သွားသည်။မှောင်မိုက်အေးစက်နေခြင်း မရှိတော့သလို မရေမတွက်နိုင်သည့် မျက်ဝန်းများလည်း ရှိမနေတော့ပေ။
နေရောင်ခြည်က ဖြာကျနေပြီး ရေခဲပုစဉ်းရင်ကွဲများမှလွဲပြီး အခြားမည်သည့်အရာမှ ရှိမနေတော့ပေ။
အမှောင်ထုသည် ဖယ်ရှားခံလိုက်ရဟန် ရှိလေ၏။
***
နဝမတောင်ထွတ်။
မော့ကျန်းသုန့် တောင်ပေါ်သို့ ပြန်လာခဲ့သည်။
မျက်နှာကို ပုဝါဖြင့် ဖုံးကွယ်ထားသည့် မိန်းမပျိုတစ်ယောက်က သူ့ကို အဆင်သင့်စောင့်ကြိုနေလေသည်။
အခြားသူမဟုတ် ၊ မြောင်ယွဲ့ပင် ဖြစ်၏။
"ဂိုဏ်းတူအစ်ကို... ခရီးစဉ်ချောချောမွေ့မွေ့ရှိရဲ့လား"
သူမက ရယ်မောရင်းနှုတ်ဆက်စကားဆိုလိုက်သည်။
မော့ကျန်းသုန့်က မြောင်ယွဲ့ကိုကြည့်လိုက်ရင်း...
"အင်း... အလှည့်အပြောင်းလေးတွေ ကြုံတွေ့ခဲ့ပေမယ့် အားလုံးအဆင်ပြေပါတယ် ၊ ပြီးတော့ ဂိုဏ်းတူညီမလေး ပြောလိုက်တဲ့အတိုင်းပဲ ၊ တိကျင်း ပြန်ရောက်လာတယ်လေ ၊ သြော်... ဒါနဲ့... ငရဲတံခါးမှာ ဘာပြဿနာ ဖြစ်သေးလဲ"
မြောင်ယွဲ့က ခေါင်းခါယမ်းလိုက်ရင်း...
"ဂိုဏ်းတူအစ်မချန်ရှီလည်း လာကြည့်သေးတယ် ၊ ဒါပေမဲ့ ငရဲတံခါးက ခါတိုင်းထက်တောင် တိတ်ဆိတ်နေသေးတယ် ၊ ဘာမှမဖြစ်ခဲ့ဘူး"
ငရဲတံခါးသည် အများအားဖြင့် အလွန်တိတ်ဆိတ်နေတတ်ပြီး များစွာမပြောင်းလဲပေ။
သို့သော် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာပါက ချက်ချင်းမဖြေရှင်းနိုင်လျှင် ပြဿနာအလွန်ကြီးမားလာမည် ဖြစ်သည်။
မြောင်ယွဲ့က မော့ကျန့းသုန့်ကိုကြည့်ရင်း စကားဆက်ပြောရန် ဟန်ပြင်လိုက်သည်။
"သြော်... ဒါနဲ့လေ..."
သို့သော် မော့ကျန်းသုန့်က ရုတ်တရက် အပြင်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ရင်း...
"သေရည်ဆိုင်ရှင်က ရုတ်တရက်ကြီး ကျုပ်ကို တွေ့ချင်နေတယ်..."
မြောင်ယွဲ့က...
"ဟုတ်လား... ကျန်းလန်များ တစ်ခုခု ဖြစ်လို့လား"
ကျန်းလန်က မော့ကျန်းသုန့်နှင့်အတူ တောင်ပေါ်သို့ ပြန်မလာခဲ့ပေ။
ကြည့်ရသည်မှာ သေရည်ဆိုင်သို့ရောက်ရှိနေဟန် တူ၏။
***