← Chapters

တာအိုအင်မော်တယ်အဆင့်သို့ လက်တစ်ကမ်းအလို

Vol. 35 Ch. 487

တာအိုအင်မော်တယ်အဆင့်သို့ လက်တစ်ကမ်းအလို

Vol. 35 Ch. 487

ခွန်လွန်တောင်၏ အနီးပတ်ဝကျင်တွင် နေထိုင်ရသည်က အန္တရယ်မကင်းနိုင်သော်လည်း ခွန်လွန်တောင်၏ ကာကွယ်မှုအောက်တွင် နေထိုင်ရခြင်းကတော့ ထူးခြားသည်။

မည်သို့ပင်ဖြစ်စေ အန္တရယ်ကတော့ ရှိနေဆဲပင်။ သို့ပေသိ ခွန်လွန်တောင်မှလူများနှင့် တွေ့ဆုံတိုင်း အကူအညီ ရရှိနိုင်မည် ဖြစ်သည်။ မဟုတ်လျှင်လည်း ခွန်လွန်တောင်ဆီသို့ တည့်တည့်ပြေးဝင်ပြီး ပုန်းအောင်းနေနိုင်သည်။

ပေးဆပ်ရမည့်တန်ဖိုးကတော့…

ချီလင်မျိုးနွယ်များက ယန်ရှီးယွင်အတွက် လောလောဆယ်တွင် တန်ဖိုးတစ်ခု ပေးဆပ်ဦးမည် မဟုတ်သေးပေ။

သူမသည် နှစ်နှင့်ချီပြီး ခွန်လွန်တောင်မှ မထွက်ခွာနိုင်ဖြစ်နေခဲ့သည်။ ထွက်ခွာနိုင်လျှင် သူမ ထွက်သွားသည်မှာ ကြာပြီ ဖြစ်သည်။

ယခုတော့ သူမ ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာ ရှိပါကလည်း ခွန်လွန်တောင်က ကူညီပေးနိုင်သည်။ သူမ ချီလင်မျိုးနွယ်သို့ မပြန်နိုင်သော်လည်း ခွန်လွန်တောင်က ပေးထားသည့်ကတိအတိုင်း အရာအားလုံး ကူညီပေးမည်ဖြစ်သည်။

သူမကို မန္တန်ပညာများပင် လိုအပ်လျှင် သင်ပြပေးဦးမည်ဖြစ်ပြီး ပြဒါးဆေးများနှင့် မှော်ဝင်ပစ္စည်းများလည်း ပေးအပ်မည် ဖြစ်သည်။ ထို့ပြင် သူမ သုံးစွဲရန်အတွက် ခွန်လွန်တပည့်များ၏ စံနှုန်းနှင့်အညီ သင့်တော်သည့် ဝိညာဉ်ကျောက်တုံး ပမာဏကိုလည်း ထောက်ပံ့ပေးဦးမည်ပင်။

ဟုန်ယာက ထိုအချက်ကို လေးလေးနက်နက် နားလည်ထားသည်။ သူမ ခွန်လွန်တောင်တွင် အကျယ်ချုပ်ကျနေသည်ဟု ခံစားရသော်လည်း ယန်ရှီးယွင်ကတော့ ထိုသို့ ခံစားမိမည် မဟုတ်ပေ။

ထို ချီလင်ကောင်မလေးက ခွန်လွန်တောင်မှလူများက အလွန်သဘောကောင်းသည်ဟုပင် တွေးထင်နေသေးသည်။

သို့ပေသိ သူမတွင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါ အနည်းငယ်သာ ရှိသည့်အတွက် လက်ရှိအချိန်တွင် တန်ဖိုးသိပ်မရှိသေးဟု ဆိုနိုင်သည်။

ချီလင်မျိုးနွယ်များ၏ အမြင်တွင် ယန်ရှီးယွင်သည် တန်ဖိုးကြီးသူတစ်ယောက် ဖြစ်လာစေရန် ခွန်လွန်တောင်ဘက်မှ စတင်အရင်းစိုက်ရပေမည်။

လက်ရှိတွင်တော့ အကျိုးအမြတ်အများဆုံး ရှိသွားသူမှာ ယန်ရှီးယွင်ဟု ဆိုနိုင်သည်။

ယန်ရှီးယွင်သည် ဟုန်ယာအနားသို့ရောက်လာပြီး သူမ ရရှိသည့် ကျောက်စိမ်းပြားလေးကို ဝှေ့ယမ်းပြလိုက်သည်။

"ညီမလေး... ကြည့်ပါဦး..."

ဟုန်ယာက အေးစက်သည့်လေသံဖြင့်...

"ငါ့မှာလည်းတစ်ခုရှိသားပဲ"

ယန်ရှီးယွင်က ကောင်ငယ်လေးနှင့် အဋ္ဌမမင်းသားကို လှမ်းကြည့်လိုက်ပြီး...

"ရှင်တို့အားလုံးမှာ ရှိကြတာလား"

ဟုန်ယာက...

"မရှိပါဘူး"

ဟုတ်ပေ၏။

လုန်မန်နှင့် ကောင်ငယ်လေးတွင် ထိုသို့သောကျောက်စိမ်းပြား မရှိပေ။

ကောင်ငယ်လေးကတော့ အစကတည်းက တောင်ခြေသေရည်ဆိုင်တွင် နေထိုင်သူ ဖြစ်သောကြောင့် ရှိစရာမလိုပေ။ လုန်မန်ကတော့ ထူးခြားသူတစ်ယောက် ဖြစ်သောကြောင့် ကျောက်စိမ်းပြားဆောင်ထားရန် မလိုအပ်ပေ။

အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးကတော့ ထိုကိစ္စကို အရေးမစိုက်ပေ။ လောလောဆယ်တွင် သေရည်ဆိုင်ထဲ၌ မူမမှန်မှုအနည်းငယ် ကျန်ရှိနေသေးပြီး အချိန်မည်မျှကြာအောင် တည်ရှိနေမည်လဲ မသိနိုင်ပေ။

သူတို့က ဒီအတိုင်းသာ စောင့်ကြည့်နေနိုင်သည်။

ကျယ်လောင်စွာ စကားမပြောဝံ့ကြဘဲ အစစအရာရာ သတိထားနေကြရသည်။ လုန်မန်က ကောင်ငယ်လေးနှင့် ဓားသိုင်းအကြောင်း ဆွေးနွေးလိုသော်လည်း မပြောဝံ့ကြပေ။

လူကြီး (၃) ယောက် အနားတွင်ရှိနေခြင်းက သူတို့အတွက် အန္တရာယ်များလွန်းသည်။

သူတို့ပြောသည့်စကားများထဲတွင် သူတို့သိချင်သည့် အကြောင်းအရာများပါဝင်နေသဖြင့် အသေးစိတ်ရှင်းပြခိုင်းမည်ဆိုလျှင် သေချာပေါက် ပြဿနာတက်မည်ပင်။

မြောင်ယွဲ့က ချီလင်ကောင်မလေးကို အနားခေါ်လိုက်ခြင်းက မော့ကျန်းသုန့်နှင့် သေရည်ဆိုင်ပိုင်ရှင်အတွက် အရေးကြီးသည့်ကိစ္စမဟုတ်ပေ

သူတို့က နာမ်ဝိညာဉ်သေရည်ဆိုင်ထဲတွင် ရှိနေသည့် ကျန်းလန်ကိုသာ အာရုံစိုက်နေကြသည်။ အဆုံးသတ်တွင် ကျန်းလန်က တာအိုသစ်သီးကို အရယူမည်လား သိချင်နေကြသည်။

***

ထိုအချိန် ကျန်းလန်ကတော့ လှေကားထစများအပေါ်တက်နေဆဲပင်။ သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းက ဖော်မပြနိုင်လောက်အောင် လေးလံလွန်းလှသည်။

လှေကားထစ်တစ်ခုစီတိုင်းက သူ့စိတ်ကို တိုက်ခိုက်နေသည့်အလား ထင်မှတ်ရသည်။

ဖော်မပြနိုင်သည့် ခံစားချက်တစ်ခုက သူ့နှလုံးသားထဲဝင်ရောက်လာသည်။

အလွန်အမင်းအားနည်းနေချိန် ငရဲတံခါးမှ မရဏအငွေ့အသက်များကို ခံစားရလိုက်သည့်အလား ဖြစ်သည်။

ထိုအချိန် သူ၏ ကိုယ်ပိုင်တာအိုလမ်းစဉ်က ပြီးပြည့်စုံသွားသော်လည်း လှေကားထစ်များကတော့ စိတ်ထဲသို့ တိုက်ရိုက်ဝင်ရောက်လာသည်။

စိတ်စွမ်းအားသာ မကောင်းလျှင် ဤနေရာမှ တာအိုတရားကို ရယူရန်နှင့် အရာအားလုံးကို သိမြင်ရန် မဖြစ်နိုင်ပေ။

တာအိုစွမ်းအားကို စိတ်စွမ်ားအားကောင်းကောင်းဖြင့် ထိန်းထားနိုင်မှသာ သွားချင်သမျှ ဝေးကွာသည့်နေရာသို့ လျှောက်လှမ်းနိုင်မည် ဖြစ်သည်။

ကျန်းလန်က ထိုအကြောင်းများကို သိပ်မစဉ်းစားဘဲ ရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားကာ သူ၏ ကိုယ်ပိုင်တာအိုနယ်မြေကို ပြီးပြည့်စုံအောင် တည်ဆောက်လျှက် ရှိသည်။

သူ့ခြေလှမ်းများက လေးလံသော်လည်း အလွန်တည်ငြိမ်ပြီး ပြဿနာတစ်စုံတစ်ရာ မရှိပေ။

သူက လှေကားအဆုံးသို့ မကြည့်ဘဲ သူ့ ရှေ့မှလှေကားထစ်ကိုသာ အာရုံစိုက်သည်။ သူက အင်မော်တယ်လမ်းစဿ် အဆုံးသို့ ရောက်ရှိအောင် လျှောက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သောကြောင့် အဝေးသို့ ကြည့်စရာ မလိုအပ်တော့ပေ။

အေးဆေးစွာပင် ကျင့်ကြံခြင်းအဆင့်တက်သွားရန် လိုအပ်တော့သည်။

ထိုသို့ဖြင့် အချိန်အတန်ကြာ လမ်းလျှောက်နေရသလို ကျန်းလန်ခံစားရသည်။

အကြောင်းအရာများစွာကို နားလည်လာခဲ့ပြီး သူနားလည်ထားသည့် တာအိုတရားက ပုံသဏ္ဌန်အဖြစ် ဖြစ်တည်လာကာ မည်သည်ကအစစ် ၊ မည်သည်ကအတုဆိုသည်ကို ခွဲခြားရန် ခက်ခဲလာသည်။

ဤသို့ သိမြင်လာခြင်းမှာ သူ လှေကားထစ်အဆုံးသို့ ရောက်ရှိလာသောကြောင့် ဖြစ်နိုင်၏။ အရာအားလုံးကို သူ အကြမ်းဖျင်းနားလည်သွားပြီး အသိဉာဏ်က တဖြည်းဖြည်း မြင့်တက်လာသည်။

အချိန်အတန်ကြာသွားပြီးနောက်...

အဆုံးထိ ရောက်သင့်ပြီဟု ယူဆကာ အပေါ်သို့ ကျန်းလန် မျှော်ကြည့်လိုက်သည်။

လှေကားထစ်အဆုံးသတ်ရန် ခြေတစ်လှမ်းစာမျှသာ ကျန်တော့သည်ကို တွေ့လိုက်ရ၏။

သူ နောက်ဆုံးလှေကားထစ်အား တက်လှမ်းလိုက်ချိန်တွင် တံခါး၏ တစ်ဖက်ခြမ်းသို့ ချက်ချင်းပင် ရောက်ရှိသွားသည်။

ထိုအချိန် တာအိုနယ်မြေသည် န့်သတ်ချက်တစ်ခုအတွင်း ရောက်သွားသကဲ့သို့ ငြိမ်သက်သွားသည်။ တာအို ဆက်လက်ဖြစ်တည်ခြင်း မရှိတော့ပေ။

သို့သော် အလင်းတန်းတစ်ခုက ကျန်းလန် မျက်ဝန်းထဲသို့ ဝင်ရောက်လာသည်။

ထိုအလင်းရောင်က အခြားအလင်းရောင်များနှင့်မတူဘဲ အရာအားလုံးကို အလင်းပေးနေသည့်အလား အဆက်မပြတ် တောက်ပနေသည်။ ထိုအလင်းရောင်က အရာအားလုံးကို ထိုးဖောက်သွားနိုင်စွမ်း ရှိသည်။

အလင်းရောင်လာရာသို့ လှမ်းကြည့်လိုက်သည့်အခါ ကျန်းလန် သစ်သီးတစ်လုံးကို တွေ့လိုက်ရသည်။ တာအိုသစ်သီးတစ်လုံး ဖြစ်၏။

သူ လှေကားထစ်များအားလုံးကို ဖြတ်ကျော်ခဲ့ပြီးနောက် နာမ်ဝိညာဉ်သေရည်ဆိုင်အကြောင်းကို နားလည်သွားခဲ့သည့်အပြင် နာမ်ဝိညာဉ်ရောင်ပြန်ပညာ၏ ကြေးမုံမှန်တာအိုလမ်းစဉ်ကိုပါ သူ၏တာအိုနှင့်ပေါင်းစပ်ကာ နားလည်သွားခဲ့သည်။

သူ လိုအပ်သည်ဆို၍ တာအိုဖွဲ့စည်းမှုတစ်ခုသာ ရှိတော့သည်။

ဤတာအိုသစ်သီးက သူ၏ တာအိုဖွဲ့စည်းမှုကို ပြီးပြည့်စုံစေပြီး အနာဂတ်တွင် ကြီးမားသည့် ခြေလှမ်းတစ်ခုကို လှမ်းစေနိုင်မည် ဖြစ်သည်။

အမှန်တော့ ယခုခရီးစဉ်က အကျိုးအမြတ်များလွန်းသည်ဖြစ်ရာ အချိန်အတိုင်းအတာတစ်ခုအထိ တံခါးပိတ်ကျင့်ကြံပြီးလျှင် တာ့လော်အင်မော်တယ် နောက်ဆုံးအဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။

သို့ပေသိ တာအိုသစ်သီးကို ရယူလိုက်လျှင်တော့ တာ့လော်အင်မော်တယ် ၊ အောင်မြင်သည့်အဆင့်သို့ အချိန်တိုအတွင်း ရောက်ရှိသွားနိုင်သည်။

သူ ထိုတာအိုသစ်သီးကို အလွန်ပင် လိုချင်တပ်မက်စိတ် ဖြစ်မိသည်။

တာ့လော်အင်မော်တယ် ၊ အောင်မြင်သည့်အဆင့်ကို ကျော်ဖြတ်ပြီးလျှင် တာအိုအင်မော်တယ်အဆင့်က သူ့ကို လက်ပြနှုတ်ဆက်လျှက်ရှိ၏။

သူ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ထိုတာအိုသစ်သီးကို ရယူလိုက်သည်နှင့် တာအိုအင်မော်တယ်အဆင့်သည်လည်း သူ့လက်ထဲရောက်ရှိလာမည် ဖြစ်သည်။

သို့ပေသိ…

သူ မလုပ်နိုင်ခဲ့ပေ။

"နာမ်ဝိညာဉ်ရောင်ပြန်ပညာကျမ်းစာရော ၊ အရင်တစ်ခေါက်က ဒီနေရာမှာ ဉာဏ်အလင်းပွင့်သွားတာရောကြောင့် ဆရာက တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရပြီးပြီ ၊ ဒီ တာအိုသစ်သီးက အရင်က အရာတွေထက် အများကြီး တန်ဖိုးပိုကြီးလိမ့်မယ် ၊ ဒါဆို ဆရာ အများကြီး ပေးဆပ်နေရလိမ့်မယ်"

သူ တာအိုသစ်သီးကို လိုချင်၍ မဖြစ်ပေ။

သူ တစ်ခု ရယူလိုက်တိုင်း ဆရာဖြစ်သူက တစ်ခုခု ဆုံးရှုံးရသည်။

နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို ပေးခဲ့သည့်အတွက် သူ အင်မော်တယ် ဖြစ်လာခဲ့ရသည်။

ယခုတစ်ကြိမ် ခရီးစဉ်သည်လည်း တာအိုအင်မော်တယ်ဖြစ်လာရန် အထောက်အကူပြုသည်ပင်။

ဆရာဖြစ်သူ ပေးဆပ်သည်မှာ များနေပေပြီ။

"ဒီတာအိုသစ်သီးကို မရလည်း ငါ တာအိုအင်မော်တယ် ဖြစ်လာမှာပဲလေ ၊ အချိန်ယူဖို့ပဲလိုတာ ၊ ဒီတာအိုသစ်သီးက အရေးမကြီးတော့ပါဘူး"

ထိုအတွေးဖြင့် ကျန်းလန်သည် စွန့်လွှတ်ရန် ရွေးချယ်ခဲ့သည်။

ဤနေရာမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့ပြီးဖြစ်လေရာ ထပ်ပြီး လောဘကြီးစရာ မရှိတော့ပေ။

ကျန်းလန် ချက်ချင်းပင် လှည့်ထွက်ရန် ဟန်ပြင်လိုက်သည်။

ထိုအချိန်...

ရုတ်တရက် သူ့ပတ်ဝန်းကျင်တွင် လှိုင်းများထလာသည်။

ထိုအရာက အသံပို့လွှတ်ခြင်း အစီအရင်တစ်ခု ဖြစ်သည်။

"ကျန်းလန် ၊ မင်း တာအိုသစ်သီးကို ယူလို့ရတယ် ၊ ငါတို့ သေရည်ဆိုင်ရှင်နဲ့ ဈေးညှိနှိုင်းထားတယ် ၊ ဈေးကလည်း ထင်ထားတာထက် သက်သာပါတယ်"

ထိုအသံက ဆရာဒေါ်လေးမြောင်ယွဲ့၏ အသံဖြစ်သည်။

ကျန်းလန် အံ့အားသင့်သွားသည်။ ဆရာဒေါ်လေးမြောင်ယွဲ့က သေရည်ဆိုင်သို့ ရောက်နေသည်လား။

သူမက ဆရာဖြစ်သူအတွက် သေရည်ဆိုင်ရှင်ကို ဈေးစစ်ပေးနေခြင်လား။

တာအိုသစ်သီးက တကယ်ပဲ ဈေးသက်သက်သာသည်လား။

သူ နောက်ကြောင်းပြန်လှည့်ရန် စဉ်းစားလိုက်သဖြင့် ဆရာဒေါ်လေးက အသံပို့လွှတ်စကားပြောသည်လား။

မှန်းဆချက်များစွာပြုလုပ်ပြီးနောက် ကျန်းလန် တွေးတောခြင်းကို ရပ်တန့်လိုက်သည်။

ထို့နောက် တာအိုသစ်သီးကို လှမ်းကြည့်လိုက်၏။

ဆရာဒေါ်လေးမြောင်ယွဲ့က အလွန်အန္တရယ်များသူတစ်ယောက်ဖြစ်သော်လည်း ဤသို့သောကိစ္စမျိုးတွင် လိမ်ညာပြောဆိုမည် မဟုတ်ပေ။

ဧကရာဇ်ရှိးဟယ်နှင့် ဆရာဒေါ်လေးချန်ရှီတို့၏ စကားများအရ ဆရာဒေါ်လေးမြောင်ယွဲ့သည် ဆရာဖြစ်သူကို အမှန်တကယ် လေးစားသူ ဖြစ်ကြောင်း သိခဲ့ရသည်။

ထို့ကြောင့် သူ့ကို လိမ်ညာလှည့်ဖြားမည်ဆိုလျှင် ဆရာဖြစ်သူကို ဒုက္ခရောက်အောင်လုပ်သည်နှင့် အတူတူပင် ဖြစ်သည်။

သူမ ထိုသို့ပြုလုပ်မည် မဟုတ်ပေ။

ထို့နောက် တာအိုသစ်သီးကို ကြည့်နေရင်း သူစိတ်အစဉ်က တည်ငြိမ်သွားသည်။ ခဏကြာသည့်အခါ တာအိုသစ်သီးက သူ့ထံသို့ ဆင်းသက်လာသည်။

သူ၏ စိတ်အစဉ်က ရှေးဟောင်းရေတွင်းကြီးတစ်ခုအလား အလွန်တည်ငြိမ်နေ၏။ တာအိုသစ်သီးက သူ့ခန္ဓာကိုယ်ထက် ဖြည်းဖြည်းချင်း ကျဆင်းလာသည်။

တစ်ချိန်တည်းမှာပင် သေရည်ဆိုင်ထဲတွင် ထိုင်နေသည့် ကျန်းလန်၏ ရုပ်ခန္ဓာသည်လည်း ပျောက်ကွယ်သွားတော့သည်။

ကျန်းလန်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်သသည် နာမ်ဝိညာဉ်သေရည်ဆိုင်ထဲတွင် ပေါင်းစည်းသွားသည်။

သို့မှာသာ တာအိုသစ်သီး၏ တန်ခိုးစွမ်းအားအကုန်လုံးကို စုပ်ယူနိုင်မည် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ကျန်းလန်၏ တာအိုနယ်မြေသည် အဆင့်တစ်ခုမြင့်တက်လာပြီး လမ်းကြောင်းကလည်း ပိုမိုကျယ်ပြန့်လာသည်။

တာအိုအင်မော်တယ်ဖြစ်လာရန် ပိုမိုလွယ်ကူလာသည်ဟု ခံစားရသည်။

သူ တာအိုအင်မော်တယ် ဖြစ်လာလျှင် ခွန်လွန်တောင်၏ (၁၁)ယောက်မြောက် တာအိုအင်မော်တယ် ဖြစ်လာပေလိမ့်မည်။

***

All Chapters