ယောကျ်ား ၊ ပြန်လာတာကြိုဆိုပါတယ်
Vol. 35 Ch. 488
"မြောင်ယွဲ့… မင်းက တကယ့်ကို ကောင်းမွန်တဲ့ အစီအစဉ်တစ်ခု ချမှတ်ခဲ့တာပဲ"
သေရည်ဆိုင်ပိုင်ရှင်က မြောင်ယွဲ့ကို မကျေမနပ်ဖြင့် ပြောလိုက်သည်။
မြောင်ယွဲ့က ဘာမှနားမလည်သလို မျက်ဝန်းများဖြင့် သေရည်ဆိုင်ရှင်ကိုတစ်လှည့် မော့ကျန်းသုန့်ကိုတစ်လှည့်ကြည့်လိုက်ပြီး…
"ဟမ်… ဆိုင်ရှင် ဘာတွေပြောနေတာလဲ ၊ ကျွန်မ နားမလည်ဘူး"
သူမက မော့ကျန်းသုန့်ထံတွင် အကြည့်များရပ်တန့်လိုက်ရင်း…
"ဂိုဏ်းတူအစ်ကိုရော… ဆိုင်ရှင် ဘာတွေပြောနေတာလဲ နားလည်သလား"
မော့ကျန်းသုန့်က မည်သည့်စကားမှမဆိုဘဲ တိတ်ဆိတ်နေသည်။
ကျန်းလန် နာမ်ဝိညာဉ်သေရည်ဆိုင်အတွင်းမှ ထွက်ခွာတော့မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း မြောင်ယွဲ့က ရုတ်တရက် ကြားဝင်ခဲ့သည်။
ကျန်းလန်၏ လုပ်ရပ်အတွက် မော့ကျန်းသုန့်က ပေးဆပ်ရမည့် ဈေးနှုန်းတန်ဖိုးကို သတ်မှတ်ပြီးခါမှ သေရည်ဆိုင်မှ တာအိုသစ်သီးကို ယူငင်ရန် မြောင်ယွဲ့က အသိပေးလိုက်သည်။
ထို့ကြောင့် အပြင်ပြန်ထွက်လာတော့မည့် ကျန်းလန်မှာ ပြန်ထွက်မလာတော့ဘဲ ရှေ့ဆက်လျှောက်သွားခဲ့သည်။ မြောင်ယွဲ့က ကျန်းလန် တာအိုသစ်သီးကို မယူဘူးဟု ပြောခဲ့သော်လည်း နောက်ဆုံးမှာတော့ ကျန်းလန်က တာအိုသစ်သီးကို ယူဆောင်ခဲ့ပြီ ဖြစ်သည်။
သို့သော် ပေးဆပ်ရမည့်တန်ဖိုး…
ကျန်းလန် တာအိုသစ်သီးကို ယူသည်ဖြစ်စေ ၊ မယူသည်ဖြစ်စေ ပေးဆပ်ရမည့်တန်ဖိုးကတော့ သေချာပေါက် ပေးဆပ်ရမည်ပင်။
ဘာပဲဖြစ်ဖြစ် မြောင်ယွဲ့၏လုပ်ရပ်က အနည်းငယ် မျက်နှာပြောင်ရာကျသည်။
သေရည်ဆိုင်ပိုင်ရှင်က…
"မြောင်ယွဲ့… နောက်နှစ်အနည်းငယ်လောက်တော့ မင်းကို ကျုပ်ရဲ့ သေရည်ဆိုင်က ကြိုဆိုတော့မှာ မဟုတ်ဘူး"
ကျန်းလန် တာအိုသစ်သီးကို ယူသည်ဖြစ်စေ မယူသည်ဖြစ်စေ သေရည်ဆိုင်ရှင်အတွက် များစွာ ထိခိုက်မှုရှိမည် မဟုတ်ပေ။ သို့သော် လှည့်စားခံရသည့်အတွက် မကျေမနပ်ဖြစ်နေခြင်းသာ။
မြောင်ယွဲ့က အခွင့်ကောင်းယူပြီး သူ့ကို တိုက်ခိုက်သည်ဟု ခံစားရသည်။ သို့ဖြစ်ရာ သေရည်ဆိုင်က မြောင်ယွဲ့ကို မကြိုဆိုနိုင်သည်မှာ သဘာဝကျသည်။
မြောင်ယွဲ့က ရယ်မောလိုက်ရင်း…
"ဆိုင်ရှင်… ရှင့်ရဲ့မြေးလေးစိတ်တည်ငြိမ်စေဖို့ နောက်တစ်ကြိမ် အစီအရင်ပညာ အသုံးပြုရဦးမှာ မဟုတ်လား ၊ ခွန်လွန်တောင်မှာ ခွန်လွန်ဂိုဏ်းချုပ်ပြီးရင် ကျွန်မတစ်ယောက်ပဲ အဲဒီအစီအရင်ကို ပြုလုပ်နိုင်တာနော် ၊ ရှင် ကျွန်မအကူအညီကို မယူတော့ဘူးလား"
သေရည်ဆိုင်ပိုင်ရှင် : "..."
ခဏမျှ ဆွံ့အနေပြီးမှ နောက်ဆုံးတော့ မကျေမနပ်ဖြင့် တစ်ချက်အော်ဟစ်ကာ သေရည်ဆိုင်အတွင်းသို့ ဝင်ရောက်သွားတော့သည်။
ထွက်ခွာမသွားခင် စကားတစ်ခွန်း ဆိုခဲ့၏။
"မြောင်ယွဲ့ ၊ မင်းစကားကို ပြန်မရုတ်သိမ်းဘူးလို့ ကျုပ်မျှော်လင့်ပါတယ်"
မြောင်ယွဲ့က ကူညီမည်ဆိုလျှင်တော့ ယခုကိစ္စတွင် သူ့အတွက် အရှုံးမရှိနိုင်တော့ပေ။
သာမန်အခြေအနေတွင် သေရည်ဆိုင်ရှင်အနေဖြင့် ခွန်လွန်ဂိုဏ်းချုပ်ကို အကူအညီတောင်း၍ ရနိုင်သော်လည်း ယခုအချိန်မှာတော့ မဖြစ်နိုင်ပေ။
ထို့ကြောင့် မြောင်ယွဲ့ကိုသာ အကူအညီတောင်းရမည် ဖြစ်သည်။
မြောင်ယွဲ့ကို အကူအညီတောင်းမည်ဆိုလျှင် အလကားမရပေ။ တန်ဖိုးတစ်ခု ပြန်လည်ပေးဆပ်ရမည်ပင်။
ယခုတော့ ကျန်းလန်ကိစ္စဖြင့် ချေလိုက်ပြီ ဖြစ်သောကြောင့် သူမထံမှ အကူအညီတောင်းပြီးလျှင် တန်ဖိုးပေးဆပ်ရန် မလိုအပ်တော့ပေ။
မော့ကျန်းသုန့်က...
"ဒီတစ်ခါတော့ ကျုပ် မင်းကို အကြွေးတင်သွားပြီ ဂိုဏ်းတူညီမလေး"
ယခုတစ်ကြိမ် ကျန်းလန်၏လုပ်ရပ်အတွက် သူက တန်ဖိုးနည်းနည်းသာ ပေးဆပ်ရသော်လည်း မြောင်ယွဲ့က သူ့အတွက် သေရည်ဆိုင်ရှင်ကို ကူညီပေးခဲ့သည်။
သို့ဖြစ်ရာ သူ့အနဖြင့် လျစ်လျူရှု၍ မရနိုင်ပေ။
မြောင်ယွဲ့ကတော့ အရေးမကြီးဟန်ဖြင့် ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်၏။
***
သေရည်ဆိုင်က အနည်းငယ် မူမမှန်သည်မှအပ အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားသည်။ သေရည်ဆိုင် ခါတိုင်းလိုပင် ဆက်လက်လည်ပတ်နိုင်ပြီ ဖြစ်သည်။
သို့ပေသိ ကျန်းလန်ကတော့ သေရည်ဆိုင်ထဲမှ ပျောက်ကွယ်သွားပြီ ဖြစ်၏။
ထို့ကြောင့် အဋ္ဌမမင်းသားနှင့် အခြားသူများ အံ့သြသွားကြသည်။
သူတို့က ပတ်ဝန်းကျင်ကို သေသေချာချာ အကဲခတ်ကြည့်လိုက်သော်လည်း ကျန်းလန်၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ပေ။
နာမ်ဝိညာဉ်သေရည်ဆိုင်အတွင်း ဝင်ကြည့်သည့်အခါမှာလည်း ကျန်းလန်၏ ခြေရာတစ်စပင် မတွေ့ရပေ။
အရာအားလုံးက ဗလာနတ္ထိ ဖြစ်သည်။
ကျန်းလန်သည် သဲလွန်စမကျန် ပျောက်ကွယ်သွားသည့်အလား ထင်မှတ်ရသည်။
သို့ရာတွင် ကျန်းလန်၏ဆရာဖြစ်သူ မော့ကျန်းသုန့် ဤနေရာတွင် ရှိနေသောကြေင့် ပြဿနာကြီးကြီးမားမား မရှိသည်မှာ သေချာပါသည်။ အကယ်၍ ပြဿနာရှိသည်ဆိုပါက မော့ကျန်းသုန့်က ထိုင်ကြည့်မနေဘဲ တစ်စုံတစ်ခု လှုပ်ရှားမှု ပြုပေလိမ့်မည်။
နောက်ဆုံးတော့ အဋ္ဌမမင်းသား သေရည်ဆိုင်အတွင်းမှ ထွက်သွားလေသည်။ ဤနေရာက တစ်စုံတစ်ခု မှားယွင်းနေသည်ဖြစ်ရာ နေထိုင်ရန် အဆင်မပြေဖြစ်ရသည်။
လုန်ရဲ့ကတော့ သေရည်သောက်နေ၏။ သို့သော် သူက ခေါင်းကြည်သွားအောင် သောက်နေခြင်းဖြစ်ပြီး မူးပြီး မရမ်းဝံ့ပါချေ။
***
ကျန်းလန် တင်ပျဉ်ခွေထိုင်လိုက်သည်။
သူ မည်သည့်နေရာ ၊ မည်သည့်ပတ်ဝန်းကျင်သို့ ရောက်ရှိနေသည်လဲမသိရှိပေ။
တာအိုသစ်သီးကို စုပ်ယူရမည်ဆိုသည့် အချက်တစ်ခုကိုသာ သိရှိသည်။
တာအိုသစ်သီးကိုစုပ်ယူနိုင်မည်ဆိုလျှင် ယခင်က သူ နားလည်ထားသမျှ တာအိုတရားများကို ကြွယ်ဝခိုင်ခန့်စေပြီး ကြေးမုံရောင်ပြန် မဟာတာအိုကိ ဖန်တီးနိုင်မည် ဖြစ်သည်။
သို့ပေသိ သူ စိတ်ပူပန်ခြင်းမရှိသလို အရမ်းလည်း တွေးတောမနေခဲ့ပေ။
သူက တာအိုနယ်မြေတစ်ခုလုံးကို နည်းနည်းချင်း ပုံကြမ်းရေးဆွဲပြီး အရာအားလုံးကို ပိုမိုပြီးပြည့်စုံစေခဲ့သည်။
မည်မျှကြာသည်မသိရသော အချိန်ကာလတစ်ခုအထိ တာအိုနယ်မြေတွင် သူ ကျင်လည်ခဲ့သည်။ သူ လှမ်းသည့် ခြေလှမ်းတိုင်းက တာအိုနယ်မြေကို အားဖြည့်ပေးနေသည်။
တာအိုနယ်မြေတစ်ခုလုံးက ကျယ်ပြန့်လှပြီးသူက အဆုံးထိသွားရောက်ရမည် ဖြစ်သည်။ ယခုတစ်ကြိမ် ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိအောင် ကြိုးစားရမည် ဖြစ်၏။
တာအိုနယ်မြေထဲတွင် ကျန်းလန်က သဲကန္တာရထဲတွင် လမ်းလျှောက်လျှက် ရှိသည်။ သူ့ ဦးခေါင်းထက်တွင် နေရာင်က ထိန်ထိန်သာနေပြီး နေရာင်အလင်းတန်းများက သူ့မျက်ဝန်းများထဲတွင် ရောင်ပြန်ဟပ်နေသည်။
အိုအေစစ်များကိုလည်း သူ ဖြတ်ကျော်ခဲ့သည်။
ရေပြင်ထက်လမ်းလျှောက်သည့်အခါ သူ့အရိပ်က ပုံရိပ်ထင်ခြင်း မရှိပေ။
သို့သော် အလယ်ဗဟိုသို့ ရောက်ရှိလာသည့်အခါ သူ့ပုံရိပ်ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
အလယ်ဗဟိုမှ သူထွက်ခွာသွားသည့်အခါ ပုံရိပ်က ပျောက်ကွယ်သွားပြန်သည်။
ရောင်ပြန်ဟပ်နေသည့်ပုံရိပ်ပျောက်ကွယ်သွားပြီးနောက် ရေကန်နံဘေးရှိ သစ်ပင်များ ရောင်ပြန်ဟပ်ထွက်ပေါ်လာပြီး တကယ့်လက်တွေ့လောကတစ်ခုကဲ့သို့ဖြစ်ပေါ်လာသည်။
ဤသည်က တာအိုဖွဲ့စည်းမှုတွင် လိုအပ်နေသည်များကို ဖြည့်စွက်ခြင်း ဖြစ်၏။
ကျန်းလန်က နေထွက်ရာအရပ်သို့ မျက်နှာမူရင်း တရွေ့ရွေ့ဆက်လျှောက်လာသည်။
နေ့ရောညပါ ဖြတ်သန်းပြီး ရာသီလေးခုရဲ့ အပြောင်းအလဲများကို ကျောဖြတ်ခဲ့သည်။
အရှေ့မှ အနောက် ဆက်လက်လျှောက်လှမ်းရင်း နောက်ဆုံး လောကအဆုံးသို့ ရောက်ရှိလာသည်။
ကျန်းလန်သည် တာအိုနယ်မြေ၏ အနောက်ဘက်အကျဆုံး နေရာတစ်ခုတွင် မတ်တတ်ရပ်နေသည်။ ဤနေရာက သူ၏တာအိုအစမှတ်ဖြစ်သလို တာအိုအဆုံးမှတ်လည်း ဖြစ်သည်။
သူ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
နေနှင့်လ ပြောင်းပြန်လှည့်ပတ်သွားသလို ခံစားလိုက်ရပြီး ကျန်းလန် သေရည်ဆိုင်ထဲတွင် ပြန်ပေါ်လာလေသည်။
***
သေရည်ဆိုင်ထဲတွင်...
ရှောင်ယွိသည် ကျန်းလန်ပျောက်ကွယ်သွားသည့် စားပွဲထက်တွင် ထိုင်နေပြီး ကျန်းလန် ထိုင်ခဲ့သည့် ထိုင်ခုံကိုကြည့်ကာ ခြေထောက်များကို လှုပ်ယမ်းလျှက် ရှိသည်။
သူမ ကျန်းလန်ကို စောင့်မျှော်နေခြင်း ဖြစ်သည်။
အဋ္ဌမမင်းသားက အသားကင်အချို့ ယူဆောင်လာပြီး ရှောင်ယွိအနားသို့ ရောက်လာသည်။
"အစ်မ ဒီနေ့ အကင်အရသာကို ပြောင်းထားတယ်"
ထို့နောက် သူက ကောင်းကင်နဂါးဓားကိုထုတ်ယူပြီး အသားကင်များကို ဖြတ်တောက်လိုက်သည်။
သူ၏ဓားသိုင်းက လျှင်မြန်ပြီး စွမ်းအားကြီးမားသည်။ လျှင်မြန်ပြီး အန္တရယ်ရှိသည်။ ဓားသွားကလည်း ကြည်လင်တောက်ပလျှက်ရှိသည်။
ခဏအကြာတွင်တော့ ညီညာလှပစွာ ခုတ်ပိုင်းထားသည့် အသားကင်များ ပန်းကန်တစ်ချပ်အတွင်း ရောက်ရှိနေပြီ ဖြစ်သည်။
ရှောင်ယွိက...
"ကောင်းကင်နဂါးဓားကို အသားကင်ခုတ်ဖို့ သုံးနေတာသာ အမေသိသွားရင် ဓားကို ပြန်ယူသွားလိမ့်မယ် သိလား"
"ကောင်းကင်နဂါးဓားက ဒီလောက်လည်း တန်ခိုးစွမ်းအာ မကြီးလှပါဘူးဗျာ ၊ ပြီးတော့ ဒီအသားကင်ကို ဓားနဲ့ခုတ်တာက ကျွန်တော် ဓားသိုင်းတစ်ခု လေ့ကျင့်နေတာဗျ"
ပြောရင်း အဋ္ဌမမင်းသားက ဓားကိုသုတ်လိုက်ပြီး ဓားအိမ်အတွင်း ပြန်ထည့်လိုက်သည်။
ရှောင်ယွိက စပ်စုလိုက်သည်။
"ဘယ်လိုဓားသိုင်းမျိုး လေ့ကျင့်နေတာလဲ"
အဋ္ဌမမင်းသားက...
"အကြီးအကဲတစ်ယောက် သင်ပေးတာ ၊ အဲဒီဓားသိုင်းက ကောင်းကင်နဂါးဓားနဲ့လေ့ကျင့်ရင် ပိုပြီးချောမွေ့တယ်လို့ ခံစားရတယ်"
"သြော်"
နဂါးဓားကိုကြည့်ရင်း ရှောင်ယွိ တစ်စုံတစ်ခု စဉ်းစားလိုက်မိသည်။ သို့သော် သူမ စိတ်ထဲမှအတွေးကို မည်သူမှ မသိနိုင်ပေ။
ထိုစဉ် ယန်ရှီးယွင် အနားရောက်လာသည်။
"မမ မြေပဲစားမလား"
ရှောင်ယွိက ယန်ရှီးယွင် ပေးသည့် မြေပဲလက်တစ်ဆုပ်ကို လှမ်းယူလိုက်သည်။
သူမက...
"အသားကင် လိုချင်လား"
ယန်ရှီးယွင်က ရှက်သွားဟန်ဖြင့်...
"ဟုတ်... နည်းနည်းလေးပဲ"
ရှောင်ယွိက မည်သည့်စကားမှ မဆိုဘဲ ယန်ရှီးယွင်ကို အသားကင်များ ပေးလိုက်သည်။
သူမ သေရည်ဆိုင်တွင် ကျန်းလန်ကို စောင့်နေသည်မှာ အချိန် (၃)နှစ် ရှိခဲ့ပြီ ဖြစ်သည်။
ကျန်းလန် သေရည်ဆိုင်ထဲတွင် တာအိုကို နားလည်ပြီး အချိန် (၁)နှစ်အကြာတွင် သူမ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခဲ့သည်။
ယခုဆိုလျှင် သူမက အစစ်အမှန်အင်မော်တယ်အဆင့်သို့ ရောက်နေပေပြီ။
ခွန်လွန်တောင်၏ တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ သူမက အလွန်တရာ စွမ်းအားမြင့်မားသည်။
ခွန်လွန်တောင်၏ တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားခြင်းသည် သူမ၏ လျှို့ဝှက်ချက်ဖြစ်ပြီး သူမ အစစ်အမှန်အင်မော်တယ် အဆင့်တက်ရန် အလွန်ချောမွေ့စေခဲ့သည်။
ဘိုးဘေးနဂါးထံမှ ကေင်းချီးလက်ဆောင်နှင့် မိခင်ထံမှ ရရှိသည့် နဂါးအမြုတေသည်လည်း အလွန်ပင် အသုံးဝင်ခဲ့လေသည်။
ယခု ကျန်းလန်နှင့် စိန်ခေါ်ပွဲ ပြုလုပ်လျှင်ပင် သူမက ကျန်းလန်ကို လက်ချောင်းလေးဖြင့်တောက်ပစ်ကာ အနိုင်ယူနိုင်ပြီဟု ခံစားနေရသည်။
သူမ တွေးနေစဉ်မှာပင် သေရည်ဆိုင်ထဲတွင် တစ်စုံတစ်ခု ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။
သေရည်ဆိုင်ထဲတွင် အလင်းရောင်များ ရုတ်တရက် ပွင့်လန်းလာသည့်အလား ဖြစ်သည်။
"အရင်တစ်ခေါက်ကလည်း အဲဒီလို ခံစားချက်မျိုးပဲ"
ဟုန်ယာက ရုတ်တရက် ပြောလိုက်သည်။ ကျန်းလန် တာအိုတရားကို နားလည်သွားစဉ်က အခြေအနေကို သူမက ရည်ညွှန်းခြင်းပင်။
ယန်ရှီးယွင်က...
"တောက်ပနေတယ် ၊ အရမ်းတောက်ပနေတာပဲ"
ယန်ရှီးယွင်က ရှောင်ယွိရှေ့သို့ လှမ်းကြည့်လိုက်ရင်း...
"မမ ၊ အစ်ကိုကြီး ထွက်လာတော့မယ်"
ရှောင်ယွိက သူမနှင့် မျက်နှာချင်းဆိုင်သို့ ကြည့်လိုက်သည်။ သူမမျက်နှာထက်တွင် မျှော်လင့်ချက်နှင့်အတူ အပြုံးတစ်စပါ ထင်ဟပ်လာသည်။
ထိုခဏတွင် သူမ အရှေ့ရှိ ထိုင်ခုံထက်တွင် လူရိပ်တစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုလူရိပ်က သူမ၏ ကျန်းလန်ပင် ဖြစ်လေသည်။
အခြားသူများကလည်း စောင့်ကြည့်နေကြသော်လည်း အားလုံးက ခပ်လှမ်းလှမ်းသို့ နောက်ဆုတ်သွားကြသည်။
ကျန်းလန် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်သည်။ တာအိုနယ်မြေထဲမှ ထွက်ခွာလာပြီးနောက် သူ၏ ရုပ်ခန္ဓာက တစ်နေရာသို့ ထွက်ခွာသွားသလို ခံစားရသည်။
မျက်လုံးများ ဖွင့်ကြည့်လိုက်သည်နှင့် ပုံရိပ်လေးတစ်ခုက သူ့မျက်ဝန်းထဲ ဝင်ရောက်လာသည်။
စိမ်းပြာရောင် အဝတ်အစားများ ဝတ်ဆင်ထားပြီး ဦးခေါင်းထက်တွင် ဆံပင်များကို ရိုးရှင်းစွာ ချည်နှောင်ထားကာ သူ့ကို ပြုံးပြနေသည့် မိန်းမပျိုလေးတစ်ယောက် ဖြစ်လေသည်။
ကျန်းလန်မှာ သူ မျှော်လင့်ထားသူကို တွေ့လိုက်ရသဖြင့် ပျော်ရွှင်သွားမိသည်။
သူမသည်ကား သူ၏ချစ်ဇနီးလေး ရှောင်ယွိပင် ဖြစ်သည်။
"ယောကျ်ား ၊ ပြန်လာတာ ကြိုဆိုပါတယ်"
သူမက မျက်လုံးလေးများ မှေးမှိတ်သွားသည်အထိ ကျန်းလန်ကို ပြုံးရယ်ပြလိုက်သည်။
ကျန်းလန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ ကွေးညွှတ်သွားကာ အပြုံးရိပ်လေးထင်ဟပ်သွားသည်။
"စောင့်နေရလို့ တောင်းပန်ပါတယ် ဂိုဏ်းတူအစ်မ"
***