← Chapters

ဂိုဏ်းတူမောင်လေးကရော ဘယ်အချိန် ကြီးကျယ်ခမ်းနားတဲ့ပုဂ္ဂိုလ် ဖြစ်လာမှာလဲ

Vol. 36 Ch. 491

ဂိုဏ်းတူမောင်လေးကရော ဘယ်အချိန် ကြီးကျယ်ခမ်းနားတဲ့ပုဂ္ဂိုလ် ဖြစ်လာမှာလဲ

Vol. 36 Ch. 491

ကျန်းလန် နဝမတောင်ထွတ်ကို ရက်ပေါင်းများစွာကြာအောင် သန့်ရှင်းရေးလုပ်ခဲ့သည်။ ရှောင်ယွိကလည်း သူ့ကို ကူညီပေးလေသည်။

ဤကာလတစ်လျှောက် သူမက နဝမတောင်ထွတ်တွင်သာ နေထိုင်ခဲ့သည်။

"မကြာခင် ဂိုဏ်းတူမောင်လေး တံခါးပိတ်ကျင့်ကြံတော့မှာလား"

ရှောင်ယွိက ရေကန်ငယ်လေးနံဘေးတွင် မတ်တတ်ရပ်ရင်း သူမ၏ သစ်သားဓားကို ဝှေ့ယမ်းလိုက်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးသည့်နောက် နဂါးသုတ်သင်ဓားသိုင်းကို သူမ နားလည်သင့်ပြီဟု ခံစားရသည်။

သို့သော် သူမက ခွန်လွန်တောင်၏တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားလေရာ နဂါးသုတ်သင်ဓားသိုင်းကို နားမလည်သော်တောင်မှ အလွန်အန္တရယ်များနေပြီ ဖြစ်သည်။ ထို့ပြင် သူမတွင် နဂါးသုတ်သင်ဓားဝိညာဉ်ထည့်သွင်းထားသည့် သစ်သားဓားတစ်လက်လည်း ရှိနေသည်။

ထိုသစ်သားဓားက နဂါးသုတ်သင်ဓားဝိညာဉ် အဆက်မပြတ်ထည့်သွားထားသောကြောင့် ထိုဓားကို အသုံးပြုမည်ဆိုလျှင် နဂါးသုတ်သင်ဓားသိုင်း အသုံးပြုသကဲ့သို့ပင် ဖြစ်ပေမည်။ သူမ ထိုဓားကို အသုံးပြုပြီး တိုက်ခိုက်မည်ဆိုလျှင် နဂါးသုတ်သင်ဓားသိုင်းလိုပင် အစွမ်းထက်ပေလိမ့်မည်။

"ကိုယ် သေရည်ဆိုင်ကနေ ပညာအသစ်တွေ ရလာတယ် ၊ အဲဒါကို ပိုပြီးနားလည်ကျေညက်ဖို့ တံခါးပိတ်ကျင့်ကြံရမယ်လေ"

ပြောရင်း ကျန်းလန်က ခြံဝင်းထဲတွင် ထိုင်ချလိုက်ပြီး နာမ်ဝိညာဉ်အိမ်ခြံဝင်းကို စတင်ပြုပြင်လိုက်သည်။ သေရည်ဆိုင်မှ နက်နဲသည့်အရာတစ်ခုကို နားလည်လာခဲ့သည်ဖြစ်ရာ ရှောင်ယွိဆော့ကစားနိုင်ရန် နာမ်ဝိညာဉ်အိမ်ခြံဝင်းကို ပြီးပြည့်စုံအောင် ပြုလုပ်နိုင်တော့မည် ဖြစ်သည်။

သေရည်ဆိုင်မှာကဲ့သို့ပင် နာမ်ဝိညာဉ်အိမ်ခြံဝင်းသည် အပြင်လောကသို့ ထိတွေ့နိုင်ပြီး ပိုမိုကောင်းမွန်လာမည် ဖြစ်သည်။

သို့ပေသိ လက်ရှိတွင်တော့ အသေးစိတ် မပြောနိုင်သေးပေ။ နာမ်ဝိညာဉ်ခြံဝင်းကို ပြုပြင်ရန် အချိန်များစွာ လိုအပ်ဦးမည် ဖြစ်၏။

သူ ဖြည်းဖြည်းချင်း ပြုလုပ်ရပေမည်။

ရှောင်ယွိက…

"ဒီတစ်ခေါက် တံခါးပိတ်ကျင့်ကြံတာ ပြီးဆုံးသွားရင် အစစ်အမှန်အင်မော်တယ် ဖြစ်လာမှာလား"

ကျန်းလန်က ခေါင်းခါယမ်းလိုက်ရင်း…

"မဖြစ်သေးဘူး"

သေရည်ဆိုင်မှ တာအိုတရားကို နားလည်ခဲ့သည်ဖြစ်ရာ အများအမြင်တွင် ကျင့်ကြံခြင်းအဆင့် တက်သင့်သည်က အမှန်ပင် ဖြစ်သည်။

ထို့ကြောင့် နှစ်အနည်းငယ် တံခါးပိတ်ကျင့်ကြံပြီးနောက် အများအမြင်တွင် လူသားအင်မော်တယ် ၊ အောင်မြင်သည့်အဆင့်သို့ ရောက်ရှိမည် ဖြစ်သည်။ နောက်ထပ်ဆယ်စုနှစ်အနည်းငယ်ရောက်မှ အစစ်အမှန်အင်မော်တယ်အဆင့်သို့ တက်ရောက်ရပေမည်။

အစစ်အမှန်အင်မော်တယ်ဖြစ်လာလျှင်တော့ ပထမတောင်ထွတ်ကို သွားရောက်ရပေမည်။ ထိုနေရာတွင် မည်သည့်အဖြစ်အပျက်များ တွေ့ကြုံမည်ကို မသိရသော်လည်း သွားရမည့်အချိန်ကို ကျန်းလန် စောင့်မျှော်နေမိသည်။

ဘာမှအကြောင်းမထူးလျှင်တောင် စနစ်တွင် မှတ်ပုံတင်ခွင့်ရမည် ဖြစ်သည်။ ပထမတောင်ထွတ်တွင် မဟာတာအိုလမ်းကြောင်းတစ်ခု သေချာပေါက် ရှိမည် ဖြစ်၏။

ရှောင်ယွိက သက်ပြင်းတစ်ချက်ချလိုက်ရင်း အလေးအနက်လေသံဖြင့်…

"ဒါဆို ကျွန်မတို့ စိန်ခေါ်ပွဲလုပ်တဲ့အခါ ရှုံးတဲ့သူက နိုင်တဲ့သူရဲ့စကားကို နှစ်ပေါင်း (၁၀၀) နားထောင်ရမှာနော် ၊ ကျွန်မက ဂိုဏ်းတူမောင်လေးကို အနိုင်ကျင့်တာ မဟုတ်ဘူးနော် ၊ ဂိုဏ်းတူမောင်လေးက အဆင့်တက်တာနှေးကွေးနေတာ ၊ အခု ကျွန်မနဲ့ ဂိုဏ်းတူမောင်လေးက အဓိကအဆင့်ကြီး (၁)ဆင့်တောင် ကွာခြားတယ်လေ ၊ ဒီတော့ ကျွန်မကို အနိုင်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားစေချင်တယ်"

ကျန်းလန် : "……"

ကျန်းလန် လုပ်လက်စအလုပ်များကို ရပ်တန့်လိုက်ပြီး ရှောင်ယွိကို လှမ်းကြည့်လိုက်သည်။

အကောင်းအဆိုးမသိ မောက်မာနေသည့် နဂါးမလေး။

ကျန်းလန်က…

"ဂိုဏ်းတူအစ်မ… မင်း အနိုင်ရရင် ကိုယ့်ကို ဘာလုပ်စေချင်လဲ"

ထိုမေးခွန်းကို သူ အရင်က မေးဖူးသော်လည်း ရှောင်ယွိက ရှင်းရှင်းလင်းလင်း အဖြေမပေးခဲ့ပေ။

"အင်း…"

ရှောင်ယွိက တွေးတောနေဟန်ဖြင့် သစ်သားဓားကို လက်ဖြင့်ပုတ်လိုက်သည်။

ကျန်းလန် : "……"

ဤသစ်သားဓားက အလွန်အန္တရယ်များသည်။

ဤနဂါးမလေးက နဂါးမျိုးနွယ်ဖြစ်ပါလျှက် သူ့နေရာသူ နားမလည်ဘူးလား။

သာမန်နဂါးများဆိုလျှင် သစ်သားဓားနှင့် ထိမိလျှင်ပင် သေချာပေါက် ဒဏ်ရာရသွားမည် ဖြစ်သည်။ သို့သော် ရှောင်ယွိကတော့ ထိုဓားကို သာမန်ဓားတစ်လက်ပမာ သဘောထားဟန် ရှိ၏။

ရှောင်ယွိက သစ်သားဓားကို ဆက်ပြီးပုတ်နေရင်း ကျန်းလန်ကို လှည့်ကြည့်လိုက်သည်။

"ကျွန်မ ရှင့်ကို နောက်မှ ပြောပြမယ်"

ကျန်းလန်လည်း စိတ်ထဲမထားတော့ပေ။

"ဘုန်း"

ရုတ်တရက် ကောင်းကင်ထက်မှ ကျယ်လောင်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။

ကျန်းလန် အတော်လေး အံ့အားသင့်သွား၏။ ထိုအသံက အဆုံးမရှိသည့် ကောင်းကင်ထက်မှထွက်ပေါ်လာပြီး နတ်ဘုရားရာထူးတစ်ခု ထွက်ပေါ်လာတော့မည့် အဓိပ္ပါယ်ဖြစ်သည်။

လက်ရှိတွင် ပျက်သုဉ်းတစ်စပြင်လောကကြီး၌ နတ်ဘုရားရာထူး ရရှိခြင်းမရှိသေးသည့် အင်အားစု (၃)ခုသာ ကျန်ရှိတော့သည်။

တောင်ပိုင်းစွန့်ပစ်နယ်မြေရှိ မှော်ဝိညာဉ်တောင်မှ မှော်ဆရာများ ၊ အရှေ့ဘက်စွန့်ပစ်နယ်မြေမှ ချီလင်မျိုးနွယ်များနှင့် ဘီလူးဝိညာဉ်မျိုးနွယ်များ ဖြစ်ကြသည်။ ယခု ထွက်ပေါ်လာသည့် နတ်ဘုရားရာထူးသည် ထိုမျိုးနွယ်စု (၃)ခုထဲမှ တစ်ခုဖြစ်ရပေမည်။

သို့မဟုတ် နတ်ဘုရားရာထူး ရရှိပြီးသားအင်အားစုများထဲမှလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ပေသိ ယခုအသစ်ထွက်ပေါ်လာသည့် နတ်ဘုရားရာထူးကို ထည့်တွက်လျှင်တောင်မှ နတ်ဘုရားရာထူး စုစုပေါင်း (၁၂) ခု မပြည့်သေးပေ။

ကျန်းလန်သိသလောက် အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ရှေးဟောင်းဧကရာဇ်နန်းတော်များတွင် နတ်ဘုရားရာထူး (၄)ခု ၊ အထက်ပိုင်း ၊ အနိမ့်ပိုင်း ၊ လကျ်ာ ၊ လက်ဝဲ နန်းတော်များတွင် စုစုပေါင်း နတ်ဘုရားရာထူး (၈)ခု ရှိသည်။

အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် နန်းတော်များတွင် ရယူနိုင်သည့် နတ်ဘုရားရာထူးများ ကုန်ဆုံးသွားပြီ ဖြစ်သော်လည်း အထက်ပိုင်း ၊ အနိမ့်ပိုင်း ၊ လကျ်ာ ၊ လက်ဝဲ နန်းတော်များတွင် နတ်ဘုရားရာထူး (၄)ခုစီ ကျန်ရှိနေသးသည်။

တစ်နည်းဆိုရသော် နောက်ထပ် နတ်ဘုရားရာထူး (၄)ခု ပေါ်လာနိုင်သေးသည်။ မည်သူက နတ်ဘုရားရာထားများ ထပ်မံရရှိမည်ကိုတော့ ကျန်းလန် မသိရှိပေ။

မည်သို့ပင်ဖြစ်စေ ဧကရာဇ်ရှီးဟယ်၏ အဓိကရည်ရွယ်ချက်ကတော့ အလယ်ပိုင်းနန်းတော်တွင် ရှိနေသည့် နတ်ဘုရားရာထူးကို ရယူရန် ဖြစ်သည်။ သို့ဆိုလျှင် ရှေးဟောင်းအနောက်နန်းတော်မှ ဧကရာဇ်ရှီးဟယ်၏ နတ်ဘုရားရာထူးကို ခွန်လွန်တောင်က ဆက်ခံလေမည်လား။

ပုံမှန်အခြေအနေအတိုင်းဆိုလျှင် အလယ်ပိုင်းနန်းတော်မှ နတ်ဘုရားရာထူးမှာ သာမန်နတ်ဘုရားရာထူး မဟုတ်လေရာ ခွန်လွန်တောင်မှ တစ်စုံတစ်ယောက်က အနောက်နန်းတော်မှ နတ်ဘုရားရာထူးကို ဆက်ခံနိုင်ဖွယ်ရှိသည်။ သို့ပေသိ နတ်ဘုရားရာထူးကို ဆက်ခံသူသည် ခွန်လွန်တောင်တွင် ကန့်သတ်ခံထားရမည်ဖြစ်ပြီး မည်သည့်နေရာမှ သွားနိုင်တော့မည် မဟုတ်ပေ။

"အလယ်ပိုင်းနန်းတော်က နတ်ဘုရားရာထူးကို ရယူနိုင်ရင် ဧကရာဇ်ရှီးဟယ် ခွန်လွန်တောင်မှာပဲ ခြေချုပ်မိနေတော့မှာလား ၊ ဒါမှမဟုတ် လွတ်လပ်မှု ပြန်ရမလား မသိနိုင်ဘူး"

ကျန်းလန် ရုတ်တရက် တွေးလိုက်မိသော်လည်း အဖြေကို မသိနိုင်ခဲ့ပေ။

နတ်ဘုရားရာထားများအကြောင်း ရေးသားထားသည့် စာအုပ်တွင်လည်း ထိုအချက်များကို မှတ်တမ်းတင်ထားခြင်း မရှိပေ။

ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်ကို သူ တစ်ချက်လောက် သွားကြည့်မှသာ တစ်စုံတစ်ခု ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည်။ ထို့ပြင် အလယ်ပိုင်းနန်းတော်မှ နတ်ဘုရားရာထူးကို မည်သို့ရယူရမည်ကို ကျန်းလန် မသိရှိပေ။ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် နန်းတော်များမှ စတင်ရမည်ဟုသာ အကြမ်းဖျင်း သိထားသည်။

ထို့နောက် ကျန်းလန် ထိုအကြောင်းများကို မစဉ်းစားတော့ပေ။ နတ်ဘုရားရာထူးတစ်ခု ထွက်ပေါ်လာရန်ဆိုသည်က အချိန်တစ်ခု ပေးရမည် ဖြစ်သည်။

ထိုအချိန်…

"ဘုန်း"

ကျယ်လောင်သောအသံတစ်သံထွက်ပေါ်လာသည်။

"ဘုန်း"

တစ်ဆက်တည်းပင် နောက်ထပ်အသံတစ်သံလည်း ထပ်မံထွက်ပေါ်လာသည်။

"ဘုန်း"

တတိယမြောက်အသံ ထွက်ပေါ်လာပြန်၏။

"ဟမ်… အင်အားကြီးအုပ်စု (၃)ခုတောင်လား"

ကျန်းလန် အံ့အားသင့်သွားပြီး ကော်းကင်ထက်မော့ကြည့်လိုက်သည်။

"ကြည့်ရတာ သိပ်မကြာခင် နတ်ဘုရားရာထူးတွေ ထွက်ပေါ်လာတော့မယ် ထင်တယ်"

ကျန်းလန်ရင်ထဲ လျှို့ဝှက်ဆန်းကျယ်သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

ထိုအချိန် ရှောင်ယွိက ကျန်းလန်ဘေးနားတွင် ထိုင်ချလိုက်ရင်း မေးခွန်းထုတ်သည်။

"ဂိုဏ်းတူမောင်လေး ၊ တစ်ခုခု အာရုံခံမိလို့လား"

ကျန်းလန်က ရှောင်ယွိကို လှည့်ကြည့်ရင်း…

"ကြီးကျယ်ခမ်းနားတဲ့ ပုဂ္ဂိုလ်အချို့မှာသာ ဖြစ်တတ်တဲ့ ကိစ္စမျိုး ကိုယ် ခံစားမိလို့ပါ"

ဟုတ်ပေ၏။

နတ်ဘုရားရာထူး ရရှိထားသူတိုင်းသည် ကြီးကျယ်ခမ်းနားသည့် ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။ ထိုသူများသည် ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် ထိပ်တန်းအဆင့်ရှိသူများ ဖြစ်ကြသည်။

သူကတော့ တစ္ဆေတိုင်းပြည်၏ကောင်းမှုဖြင့် နတ်ဘုရားရာထူးတစ်ခုကို မထင်မှတ်ဘဲ ရရှိခဲ့ခြင်း ဖြစ်သည်။

ရှောင်ယွိက…

"ကြီးကျယ်ခမ်းနားတဲ့ ပုဂ္ဂိုလ်ဆိုတာ ဘယ်လိုလူမျိုးတွေကို ပြောတာလဲ"

ကျန်းလန်က…

"ဆရာနဲ့ အခြားတောင်သခင်တွေလိုမျိုး ပုဂ္ဂိုလ်တွေပေါ့"

ရှောင်ယွိက ကျန်းလန်ကို အလေးအနက်ကြည့်လိုက်ရင်း..

"ဂိုဏ်းတူမောင်လေးကရော ဘယ်အချိန် အဲဒီလိုမျိုး ကြီးကျယ်ခမ်းနားတဲ့ပုဂ္ဂိုလ် ဖြစ်လာမှာလဲ"

ကျန်းလန်က လက်ညှိုးတစ်ချောင်းထောင်လိုက်ရင်း…

"ဒီလောက် လိုအပ်မယ်"

ရှောင်ယွိက ကျန်းလန်၏လက်ညှိုးကို အံ့အားသင့်စွာ ကြည့်လိုက်ရင်း…

"နှစ်ပေါင်း (၁၀၀၀)ကို ပြောတာလား ၊ ဒါက အရမ်းမြန်နေတာ မဟုတ်ဘူးလား"

ကျန်းလန်က ဆရာဦးလေးမော့ကျန်းသုန့်ကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားသူဖြစ်လာရန် နှစ်ပေါင်း (၁၀၀၀)သာ အချိန်ယူရမည်ဆိုခြင်းမှာ အလွန်လျှင်မြန်ရာကျသည်။ အမှန်ဆိုလျှင် နှစ်ပေါင်း (၁၀၀၀) ဆယ်စဆိုလျှင်ပင် မလုံလောက်နိုင်သေးပေ။

ကျန်းလန် ကျင့်ကြံနေသည်မှာ နှစ်ပေါင်းရာဂဏန်းမျှသာ ရှိသေးသည် မဟုတ်ပါလား။

ကျန်းလန်က ရှောင်ယွိလက်ကို ဆွဲလိုက်ပြီး ဆယ်ပုံနှစ်ပုံဟု ရေးသားလိုက်သည်။

"ဒီလောက်ပဲလိုတော့တယ်လို့ ပြောတာ"

ရှောင်ယွိသည် သူမ၏လက်ပေါ်တွင် ရေးသားထားသည့်စာကို ကြည့်လိုက်ပြီးနောက် ကျန်းလန်ကို တအံ့တသြဖြင့် လှမ်းကြည့်လိုက်သည်။

ထို့နောက် သူမက ရယ်မောလိုက်ရင်း…

"ဂိုဏ်းတူမောင်လေးက ဟာသတွေ ပြောနေပြန်ပြီ"

ကျန်းလန်က ဘာမှမပြောဘဲ သူမကို ပြုံးပြလိုက်သည်။

ရှောင်ယွိ : "……"

"တော်ပြီ ၊ ရှင်က ဒီလို ကြောက်မက်ဖွယ်ရာ ခမ်းနားကြီးကျယ်တဲ့ပုဂ္ဂိုလ်မျိုး ဖြစ်ခါနီးနေပြီဆိုရင် ကျွန်မ သိပ်ကြောက်သွားပြီ ၊ ဒီည ရှင်နဲ့ မအိပ်တော့ဘူး"

ကျန်းလန်က ခေါင်းတစ်ချက်ဆတ်ရင်း…

"ဒါဖြင့် မအိပ်နဲ့ပေါ့"

***

အချိန် (၁)လ ကြာသွားပြီးသည့်နောက်…

ရှောင်ယွိ ကျောက်စိမ်းရေကန်သို့ ပြန်သွားလေသည်။

သူမက အစစ်အမှန်အင်မော်တယ် ဖြစ်သော်လည်း နဝမတောင်ထွတ်တွင် အချိန်ကြာမြင့်စွာ မနေနိုင်ပေ။ သူမ ကျောက်စိမ်းရေကန်သို့ ပြန်ရန်လိုအပ်နေသေးသည်။

ထို့ပြင် အစစ်အမှန်အင်မော်တယ်အဖြစ် အဆင့်တက်ရောက်ပြီး ဖြစ်လေရာ မိခင်ဖြစ်သူပေးအပ်ခဲ့သည့် နဂါးအမြုတေကို အသုံးပြုကာ ဆက်လက်ကျင့်ကြံရန် လိုအပ်သေးသည်။

ရှောင်ယွိ ပြန်သွားသည်နှင့် ကျန်းလန်လည်း တံခါးပိတ်ကျင့်ကြံရန် စီစဉ်လိုက်သည်။

မရဏဂူသို့ မရောက်သည်မှာပင် အချိန်အတန်ကြာခဲ့လေပြီ။ သူက သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ယူဆောင်ကာ မရဏဂူဆီသို့ ထွက်လာခဲ့သည်။

သူ ခြံဝင်းထဲမှ ထွက်လိုက်သည်နှင့် ကောင်းကင်ထက်မှ ကျယ်လောင်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက အဆုံးမဲ့ ကောင်းကင်ယံမှ ဆင်းသက်လာခြင်း ဖြစ်သည်။

"နတ်ဘုရားရာထူး ထွက်ပေါ်လာတော့မှာပဲ ၊ ဘယ်သူတွေများ နတ်ဘုရားရာထူး ရရှိပြန်ပြီလဲ မသိဘူး"

နိယာမအရ နတ်ဘုရားရာထူး ရရှိရန် ကျန်ရှိနေသည့် အင်အားကြီးအုပ်စု (၃)ခု ကျန်ရှိနေသေးသည်။ ထိုအုပ်စု (၃)ခု တစ်ချိန်တည်း နတ်ဘုရားရာထူးရရှိမည်လားဆိုသည်ကတော့ မသိနိုင်ပေ။

သူ ကြည့်နေစဉ်မှာပင် ခွန်လွန်တောင် အဓိကခန်းမဆောင်ထက်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ အလင်းရောင်က အတော်လေး သိသာထင်ရှားပြီး ခွန်လွန်တောင်အပြင်ဘက်သို့ ဦးတည်ထွက်ခွာသွားသည်။

"ဧကရာဇ်ရှီးဟယ် လှုပ်ရှားလိုက်တာပဲ"

ကျန်းလန် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

နတ်ဘုရားရာထူးအသစ်တစ်ခု ထွက်ပေါ်လာတော့မည်ဖြစ်ရာ အဋ္ဌမမင်းသားကို သွားရောက်ရှာဖွေခြင်းလား။

"ကြည့်ရတာ အဋ္ဌမင်းသားက သူ့အတွက် အရမ်းအရေးကြီးတဲ့ပုံပဲ ၊ အလယ်ပိုင်းနန်းတော်က နတ်ဘုရားရာထူးကို ရယူဖို့ အဋ္ဌမမင်းသားနဲ့ ပတ်သက်နေတာ ဖြစ်နိုင်တယ်"

ရှေးဟောင်းမြောက်ပိုင်းနန်းတော်မှ ဧကရာဇ်ချုန်းကိုး ၊ ရှေးဟောင်းအနောက်နန်းတော်မှ ဧကရာဇ်ရာဇ်ရှီးဟယ်နှင့် ရှေးဟောင်းတောင်ပိုင်းနန်းတော်မှ မြေအောက်နတ်ဆိုးဘိုးဘေးအဓိပတိကြီးတို့အားလုံး နတ်ဘုရားရာထူူးများ ပိုင်ဆိုင်ထားကြသည်။

ပြောရလျှင် အနောက် ၊ တောင် ၊ မြောက် နန်းတော်များတွင် နတ်ဘုရားရာထူးများ ရှိနေပြီး နတ်ဘုရားရာထူး မရှိသေးဘဲ ကျန်ရှိနေသည်မှာ ရှေးဟောင်းအရှေ့နန်းတော်သာလျှင် ဖြစ်သည်။

နတ်လူသားမျိုးနွယ် ၊ ဇာမဏီမျိုးနွယ်နှင့် တစ္ဆေတိုင်းပြည်တို့ နတ်ဘုရားရာထူး ရရှိခဲ့စဉ်က ဧကရာဇ်ရှီးဟယ် လှုပ်ရှားခဲ့ခြင်း မရှိပေ။ သူက အနောက် ၊ တောင် ၊ မြောက် နန်းတော်များမှ နတ်ဘုရားရာထူး ရရှိချိန်များတွင်သာ လှုပ်ရှားခဲ့သည်။

သို့ဖြစ်ရာ ယခု ဧကရာဇ်ရှီးဟယ် လှုပ်ရှားမှုပြုလုပ်လာသည်ကို ကြည့်ခြင်းအားဖြင့် နတ်ဘုရားရာထူးအသစ်သည် ရှေးဟောင်းအရှေ့နန်းတော်မှ သေချာပေါက် ဖြစ်ရပေမည်။

"ဒါဆို ဘီလူးဝိညာဉ်မျိုးနွယ်တွေလား ၊ ချီလင်မျိုးနွယ်တွေလား မပြောတတ်ဘူး"

ကျန်းလန် စောင့်နေစဉ်မှာပင် ခွန်လွန်တောင်အဓိကခန်းမဆောင်အထက်မှ နောက်ထပ်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြန်သည်။

လူ (၂)ယောက်ဆီသို့ ဦးတည်သည့် အလင်းတန်း (၂) ခု။

ကျန်းလန် အံ့အားသင့်သွားသည်။ သာမန်အခြေအနေအရဆိုလျှင် ဧကရာဇ်ရှီးဟယ် အသုံးပြုမည့်သူမှာ အဋ္ဌမမင်းသား တစ်ယောက်သာလျှင် ရှိသည်။ ယခု အဘယ့်ကြောင့် နောက်တစ်ယောက် ရှိနေရပါသနည်း။

ထို့နောက် ချီလင်ကောင်မလေး ယန်ရှီးယွင်အကြောင်း တွေးလိုက်မိသည်။ ဧကရာဇ်ရှီးဟယ်က ယခုတစ်ကြိမ် သူမကို ဦးတည်သည်ဆိုလျှင် နတ်ဘုရားရာထူး ရရှိသူသည် ချီလင်မျိုးနွယ်မှဖြစ်သည်ဟု အဓိပ္ပါယ်ရလေ၏။

***

All Chapters