ဧကရာဇ်ရှီးဟယ်နှင့်စကားပြောခြင်း
Vol. 36 Ch. 493
"ဂိုဏ်းတူမောင်လေး ၊ အခု လူသားအင်မော်တယ်အဆင့် အောင်မြင်သွားပြီလား"
ရှောင်ယွိက မေးလိုက်သည်။
ထို့နောက် သူမက ပန်းပင်များကိုဆက်ပြီး ပြုပြင်ပေးနေသည်။
ကျန်းလန်က သူမနံဘေးတွင်ထိုင်ရင်း သူမကို ကူညီပေးသည်။ ရှောင်ယွိတစ်ခုခု လုပ်ချင်သည်ဆိုလျှင် ကျန်းလန်က ဘယ်သောအခါမှ မတားဆီးပေ။ တစ်ခုခု လွဲမှားနေပါကလည်း သူက ဖြေရှင်းရန် ကူညီပေးသည်။
ကျန်းလန်က…
"အင်း… ကိုယ် လူသားအင်မော်တယ်အဆင့် အောင်မြင်သွားပြီ ၊ နောက် ဆယ်စုနှစ် နည်းနည်းလောက်ဆိုရင် အစစ်အမှန်အင်မော်တယ် ဖြစ်လာတော့မယ်"
ထို့နောက် ပထမတောင်ထွတ်သို့ သွားရောက်ရမည် ဖြစ်သည်။
သူ၏ လက်ရှိတိုးတက်မှုနှုန်းဖြင့်ဆိုလျှင် အများအမြင်တွင် အစစ်အမှန်အင်မော်တယ်အဖြစ် အဆင့်တက်နိုင်မည့်အချိန်တွင် အစစ်အမှန်ကျင့်ကြံခြင်းတွင်လည်း တာအိုအင်မော်တယ်အဖြစ် အဆင့်တက်နိုင်ကောင်းပေမည်။
ထိုသို့သာဆိုလျှင် ကောင်းကင်ဘုံတံခါးသို့ ပိုပြီး အန္တရယ်ကင်းစွာ သွားရောက်နိုင်မည် ဖြစ်ပြီး မတော်တဆမှုများ မဖြစ်ရအောင် တားဆီးနိုင်ပေလိမ့်မည်။
ရှောင်ယွိက…
"ဒါဆိုရင်တော့ ဂိုဏ်းတူမောင်လေး မမီလောက်တော့ဘူး"
ကျန်းလန်က…
"ကိစ္စတစ်ခုခုများ ရှိလို့လား"
သူ အံ့အားသင့်သွားသည်။ အစပိုင်းတွင် သူတို့ (၂)ယောက်၏ စိန်ခေါ်ပွဲအတွက် ရှောင်ယွိ မေးမြန်းနေခြင်းဖြစ်သည်ဟု သူက ထင်ခဲ့မိသည်။
ရှောင်ယွိက…
"ရှိတယ်…"
ထို့နောက် သူမ မတော်တဆ နှုတ်မိသွားသည့် ပန်းပင်ကို ကျန်းလန်ထံ လှမ်းပေးလိုက်ရင်း…
"ဒါလေး ပြန်စိုက်ပေးပါဦး"
ကျန်းလန်က ခေါင်းညိတ်ရင်း ပန်းပင်လေးကို ယူလိုက်စဉ် ရှောင်ယွိက စကားဆက်ပြောသည်။
"မကြာခင်ကပဲ ခွန်လွန်တောင်က အစစ်အမှန်အင်မော်တယ်တွေနဲ့ မိုးကောင်းကင်အင်မော်တယ်တွေထဲက ထူးချွန်တဲ့ တပည့်တွေကို ရွေးချယ်မယ်လို့ ဆရာက ပြောတယ် ၊ ဆရာပြောတာတော့ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲ စတင်တော့မှာမို့လို့တဲ့"
"ပျက်သုဉ်းတစ်စပြင်လောကြီးက အင်အားကြီးအုပ်စုတွေအားလုံး ပါဝင်နိုင်တယ် ၊ ဆရာပြောတဲ့စကားအရဆိုရင် ကျွန်မတို့ခွန်လွန်တောင်ရယ် ၊ ပင်လယ် (၄)ခုကို အုပ်စိုးတဲ့ နဂါးမျိုးနွယ်တွေရယ် ၊ မြောက်ပိုင်းက နတ်မိစ္ဆာတွေရယ် ၊ အနောက်ပိုင်းက တစ္ဆေတိုင်းပြည်ရယ် ၊ အလယ်ပိုင်းလွင်ပြင်ဒေသက နတ်လူသားမျိုးနွယ်တွေနဲ့ ဇာမဏီမျိုးနွယ်တွေရယ် ၊ တောင်ပိုင်းက မြေအောက်နတ်ဆိုးတွေနဲ့ မှော်ဝိညာဉ်တောင်က မှော်ဆရာတွေ ၊ အရှေ့ပိုင်းက ချီလင်မျိုးနွယ်တွေနဲ့ ဘီလူးဝိညာဉ်မျိုးနွယ်တွေ ၊ အင်း… အားလုံးပါဝင်ကြမယ်ထင်တယ်"
ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။
"သူတို့အားလုံး ပါဝင်မယ် ၊ ဟုတ်လား"
ထိုအင်အားကြီးအုပ်စုများအားလုံးသည် နတ်ဘုရားရာထူးကို ပိုင်ဆိုင်ထားသည့် တန်ခိုးအာဏာရှိသူများ ဖြစ်ကြသည်။ ထို့ပြင် နတ်ဘုရားရာထူးအတွက် တိုက်ခိုက်ကြသည့်တိုက်ပွဲများက ပြီးဆုံးသွားပြီ ဖြစ်သည်။
ရှောင်ယွိက…
"အင်းလေ… ဘာဖြစ်လို့လဲ"
ကျန်းလန်က…
"အရေးကြီးတဲ့ပုဂ္ဂိုလ်တွေအားလုံး ပါဝင်နေတယ်လေ"
ထို့နောက် သူက ရှောင်ယွိကို ကြည့်လိုက်ရင်း မေးခွန်းထုတ်သည်။
"ဂိုဏ်းတူအစ်မလည်း အစစ်အမှန်အင်မော်တယ် ဖြစ်နေပြီ မဟုတ်လား ၊ အဲဒီ လူရွေးချယ်ပွဲမှာ ပါဝင်မှာလား"
ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲ၏ အသေးစိတ်အချက်အလက်များကို မသိရှိသော်လည်း ရုတ်တရက် ဤသို့ဖြစ်လာခြင်းက အပြောင်းအလဲအနည်းငယ် ရှိနိုင်သည်။
ရှောင်ယွိက ခေါင်းခါယမ်းလိုက်ရင်း…
"မပါပါဘူး ၊ ကျွန်မ ပါချင်တယ်ဆိုရင်တောင် ပါလို့မရဘူး ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမဖြစ်နေတော့ အဲဒီလိုကိစ္စတွေမှာ ဝင်ပါလို့မရဘူး"
ကျန်းလန်က…
"ဒါဖြင့် ဘယ်အချိန် လူရွေးပွဲ စတင်မှာတဲ့လဲ"
ရှောင်ယွိမပါလျှင်လည်း ကောင်းသည်သာပင်။ သူမက ကျင့်ကြံခြင်းအဆင့်တက်သည်မှာ မြန်ဆန်သော်လည်း တိုက်ပွဲအတွေ့အကြုံသိပ်မရှိပေ။
သူမက ကျောက်စိမ်းရေကန်တွင်သာ နေထိုင်ရပြီး ကျောက်စိမ်းရေကန်တွင် မနေထိုင်သည့်အချိန်များတွင် သူနှင့်သာ အတူတူ ရှိနေခဲ့သည်။
အရင်ကတော့ တတိယတောင်ထွတ်တွင် နေရာရရန်အတွက် သူမ တိုက်ခိုက်ခဲ့ရသည်များ ရှိခဲ့သည်။ ယခု ကျန်းလန်နှင့်လက်ထပ်ပြီး နဝမတောင်ထွတ်တွင် နေထိုင်သည့်အခါ သူမအတွက် ဘာမှလုပ်စရာ မယ်မယ်ရရ မရှိခဲ့ပေ။
သူမ၏ တိုက်ခိုက်မှုစွမ်းရည်က ဆုတ်ယုတ်သွားခြင်းမရှိသည့်တိုင် အလွန်တရာ ထူးချွန်လာခြင်းလည်း မရှိပေ။ ထို့ပြင် နတ်ဘုရားရာထူးများနှင့် ဆက်စပ်ပတ်သက်နေသည့် ကိစ္စများက အန္တရယ်များလေရာ ရှောင်ယွိ ပါဝင်ပတ်သက်ခြင်း မရှိပါက ပိုကောင်းသည်ပင်။
ရှောင်ယွိက…
"နောက်ထပ် နှစ်အနည်းငယ်လောက်ဆိုရင် အဲဒီလူရွေးချယ်ပွဲ စတင်တော့မယ်ထင်တယ် ၊ ရွေးချယ်တဲ့ကာလကတော့ အတော်လေး အချိန်ကြာမယ်တဲ့ ၊ လူတွေအားလုံး ရွေးချယ်ပြီးသွားတဲ့အချိန်ထိဆိုရင် နှစ်ပေါင်း (၁၀၀) လောက်တောင် စောင့်ရလိမ့်မယ် ၊ ဒါပေမဲ့ ရွေးချယ်မှု စတင်ပြီဆိုတာနဲ့ နောက်ထပ်လူစာရင်းသွင်းတာကို လက်မခံတော့ဘဲ စာရင်းပိတ်လိုက်မယ်တဲ့"
စကားပြောရင်း ရှောင်ယွိက ပန်းပင်များကို ဆက်ပြီး ပေါင်းသင်ပေးနေသည်။
ကျန်းလန်က သူမနောက်သို့ လိုက်လာရင်း…
"မင်းရဲ့ဆရာက တခြားဘာတွေ ပြောသေးလဲ"
"အင်း…"
ရှောင်ယွိက ခေါင်းမော့ရင်း ခဏမျှ စဉ်းစားနေသည်။
"တန်ခိုးစွမ်းအားမြင့်မားလေ ပိုကောင်းလေပဲလို့ ဆရာက ပြောတယ်"
ကျန်းလန် ဆက်မမေးတော့ပေ။ ဤကိစ္စများက သူနှင့် မသက်ဆိုင်ဟု ယူဆလိုက်သည်။ သူနှင့်သက်ဆိုင်ပါက ဆရာဖြစ်သူက သူ့ကို အကြောင်းကြားလာမည် ဖြစ်သည်။
ယခု ဆရာဖြစ်သူက အကြောင်းမကြားလေရာ ထိုကိစ္စကို အရေးစိုက်စရာမလိုပေ။ တာအိုအင်မော်တယ်အဖြစ် အဆင့်တက်ရန်သာလျှင် ပိုမိုအရေးကြီးသည်။
သို့သော် ရှောင်ယွိကို သူ၏ တာအိုလမ်းကြောင်းအတိုင်း ခေါ်ဆောင်သွားရန် ကျောက်စိမ်းရေကန်သို့ သွားရောက်ရန် လိုအပ်သည်။ သူမကို ဉာဏ်အလင်းပွင့်ခြင်းထဲဆွဲခေါ်သွားရန်ကတော့ မည်သို့ပြုလုပ်ရမည်ကို မသိရှိသေးပေ။
နှလုံးသားထဲမှ စွဲလန်းခြင်းသည် လူတစ်ယောက်အား အကျဉ်းကျစေနိုင်သည်။ ကျန်းလန်ကတော့ သူ့စိတ်ဆန္ဒအတိုင်းသာ ပြုလုပ်လိုပြီး လုန်ယွိ၏ အလှတရားကို ငြိမ်းချမ်းစွာ ခံစားချင်လေသည်။
ဤမျှဖြင့် လုံလောက်ပြီ ဖြစ်သည်။ မည်သည့်အရာကိုမှ အတင်းအကျပ် လုပ်စရာ မရှိပေ။
ပန်းပင်လေးများကို ငေးစိုက်ကြည့်နေသည့် ရှောင်ယွိကို ကျန်းလန် ငေးကြည့်ရင်း တိတ်ဆိတ်နေမိသည်။ သူ တံခါးပိတ်ကျင့်ကြံနေသည့်အတွက် ရှောင်ယွိကို မတွေ့ရသည်မှာ အနှစ် (၃၀) ကြာမြင့်ခဲ့ပြီ ဖြစ်ရာ အတော်လေး ကြာသွားသည်ဟု ဆိုနိုင်သည်။
ထိုစဉ်…
"ဝှစ်…"
ရုတ်တရက် သူ၏ နတ်ဘုရားရာထူး တုန်လှုပ်သွားသည်။
ထို့နောက် တစ်စုံတစ်ယောက်က သူ၏နတ်ဘုရားရာထူးနာမည်ကို ခေါ်ဆိုနေသည်ကို ကြားလိုက်ရသည်။
"ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ တစ္ဆေတိုင်းပြည်၏ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား"
အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးများလားဟု ကျန်းလန် တွေးလိုက်သည်။ ယခုနှစ်များတစ်လျှောက် သူတို့ (၂)ယောက်ကို ကျန်းလန် လုံး၀ မတုံ့ပြန်ခဲ့ပေ။ သူတို့နှင့် မတွေ့ဆုံရသည်မှာလည်း ကြာပြီ ဖြစ်သည်။
သို့သော် သူ့ကို ခေါ်နေသူမှာ အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးမဟုတ်ကြောင်း သူ သဘောပေါက်သွားသည်။ ထိုအသံက သူတစ်ခါမှ မကြားဖူးသည့် မိန်းကလေးအသံတစ်သံ ဖြစ်သည်။
"ဧကရာဇ်ရှီးဟယ်က ဒီည ရေခဲပုစဉ်းရင်ကွဲတောအုပ်ထဲမှာ မင်းကို စောင့်နေမယ်လို့ အမှာပါးလိုက်ပါတယ်"
ကျန်းလန်က အသံထွက်ပေါ်လာရာနောက်သို့ လိုက်ပါသွားပြီး ရင်းမြစ်ကို ရှာဖွေလိုက်သည်။ ထိုအသံက ဒုတိယတောင်ထွတ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
သို့သော် သူ့အကြောင်းပေါ်သွားမည်စိုးရိမ်သောကြော့် ထပ်မံ မစူးစမ်းရဲတော့ပေ။ ဧကရာဇ်ရှီးဟယ်က သူ့ကိုတွေ့လိုသည့်အတွက် အနည်းငယ်လည်း အံ့အားသင့်သွားမိသည်။
သူ သွားသင့်လား ၊ မသွားသင့်ဘူးလား။
ကျန်းလန်က ရှောင်ယွိကို ငေးကြည့်နေရင်းမှာပင် ထိုအသံကို အကြောင်းပြန်လိုက်သည်။
"ဒီညတော့ မဖြစ်နိုင်ဘူး ၊ နောက် (၇)ရက်လောက်နေမှ ဆုံကြတာပေါ့"
ထိုအသံပိုင်ရှင်က မည်သူမှန်းမသိသော်လည်း ဒုတိယတောင်ထွတ်မှ လာသည်ဆိုကတည်းက ခွန်လွန်တောင်မှ လူတစ်ယောက်ပင် ဖြစ်နိုင်သည်။ ထို့ကြောင့် သူ၏ တုံ့ပြန်မှုကို ဧကရာဇ်ရှီးဟယ်သည်လည်း တိုက်ရိုက်ကြားသိနိုင်မည် ဖြစ်သည်။
တစ်ဖက်လူက အလျှင်လိုနေသည်ဆိုလျှင် သူနှင့် တိုက်ရိုက်စကားပြောမည် ဖြစ်သည်။ ယခုတော့ တစ်ဆင့်ခံဖြင့် ပြောဆိုလေရာ အလျှင်လိုပုံမရပေ။
သူ့အနေဖြင့် အချိန် (၇)ရက် နောက်ဆုတ်လိုက်ခြင်းက ဧကရာဇ်ရှီးဟယ်အတွက် အဆင်ပြေနိုင်သည်။
***
နောက်ရက်အနည်းငယ်အတွင်း ကျန်းလန်က ရှောင်ယွိနှင့်အဖော်ပြုပေးသည်။
သူတို့အတူတူ ရင်ပြင်ကို သန့်ရှင်းရေးလုပ်ကြပြီး မြက်ပင်များကို ရှင်းလင်းကြသည်။ နံနက်နေထွက်ချိန်နှင့် ညနေဆည်းဆာအလှများကို ကြည့်ကြသည်။ အားလပ်ချိန်များတွင်တော့ ခြံဝင်းထဲတွင် အတူတူထိုင်ကာ အနားယူကြသည်။
အတူတူနေကြသည့်အချိန်ကာလများ ရှည်ကြာလှပြီဖြစ်သည့်တိုင် လုန်ယွိက အမြဲတမ်း နဂါးတစ်ဝက်အသွင် ပြောင်းလဲနေခြင်းကို မထိန်းချုပ်နိုင်သေးပေ။ ထို့ကြောင့် ယခုရက်ပိုင်းအတွင်း ရှောင်ယွိ၏ ခန္ဓာကိုယ်ထက်တွင် နဂါးအကြေးခွံများ အမြဲတမ်း ရှိနေတော့သည်။
ခြံဝင်းထဲတွင်…
ရှောင်ယွိက သူမခြေထောက်ထက်မှ နဂါးအကြေးခွံများကို ငုံ့ကြည့်လိုက်ရင်း…
"ဒါက ဂိုဏ်းတူမောင်လေး နှစ်ပေါင်း (၃၀)လောက် တံခါးပိတ်ကျင့်ကြံနေလို့လေ ၊ ဒါကြောင့် ဘာမှထူးခြားမသွားဘူး ၊ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ရတာတောင် ပိုခက်လာတယ်"
ကျန်းလန်က…
"အခုတော့ ကိုယ် တံခါးပိတ် မကျင့်ကြံတော့ဘူးလေ ၊ ဒါကြောင့် နောက် ဆယ်စုနှစ်အနည်းငယ် ဒါမှမဟုတ် နှစ်ပေါင်းတစ်ရာလောက်ဆိုရင် ဂိုဏ်းတူအစ်မ အသားကျလာမှာပါ"
လက်ရှိတွင် ကျန်းလန်အနေဖြင့် ပုံမှန်အတိုင်း ဆက်လက်ကျင့်ကြံရန်သာလိုအပ်ပြီး တံခါးပိတ်ကျင့်ကြံရန် မလိုအပ်သေးပေ။
ရှောင်ယွိက…
"ဒါပေမဲ့ ကျွန်မက နဝမတောင်ထွတ်မှာ အမြဲတမ်းနေလို့မှ မရတာ ၊ ကျွန်မ အကြာကြီးနေရင်လည်း ကိုယ်တွင်းမိစ္ဆာဝင်မှာစိုးလို့ဆိုပြီး ဂိုဏ်းတူမောင်လေးက နှင်ထုတ်တာပဲလေ"
သူမက က ကျန်းလန်ကိုမှီကာ စကားပြောရင်း ခြေထောက်များကို လှုပ်ယမ်းလျှက် ရှိသည်။
ကျန်းလန်က စာအုပ်တစ်အုပ်ကို တဖျတ်ဖျတ်လှန်နေရင်းမှ…
"ဒါဖြင့် ဂိုဏ်းတူအစ်မ ကျောက်စိမ်းရေကန်ကိုပြန်ရင် ကိုယ်လည်း လိုက်ခဲ့မယ်လေ ၊ ကိုယ်တွင်းမိစ္ဆာမဝင်ဘူးဆိုတာ အတည်ပြုပြီးရင် နဝမတောင်ထွတ်ကို အတူတူ ပြန်လာကြတာပေါ့"
ရှောင်ယွိက ကျန်းလန်ကို လှည့်ကြည့်လိုက်ရင်း…
"အဲဒါတောင်မှ ကျွန်မက အသားမကျသေးဘူးဆိုရင် ဘယ်လိုလုပ်မလဲ"
ကျန်းလန်က စာအုပ်ကို ဘေးသို့ချလိုက်ရင်း ရှောင်ယွိ၏ခါးထက်မှ နဂါးအကြေးခွံများကို ထိကိုင်လိုက်သည်။
"ဒါပေမဲ့ ဂိုဏ်းတူအစ်မ နဂါးတစ်ဝက်အသွင်ပြောင်းတာကို ကိုယ်က အသားကျနေပါပြီ… ၊ ဒီတော့ ဘာမှမဖြစ်တော့ဘူး"
ရှောင်ယွိက…
"ဒါပေမဲ့ ကျွန်မ နဂါးတစ်ဝက်အသွင် ပြောင်းမသွားဘူးဆိုရင်တော့ ရှင် ပိုပြီး သဘောကျမှာ မဟုတ်လား"
ကျန်းလန်က…
"အင်း… ကိုယ့်ခံစားချက်တွေ နည်းနည်းတော့ ပြောင်းလဲသွားနိုင်တာပေါ့ ၊ ဒါပေမဲ့ အဲဒါကို အသားကျအောင် ပြန်လုပ်ရဦးမယ်လေ"
အမှန်တော့ သူ့အတွက် မည်သည့်ကွာခြားချက်မှ မရှိပေ။
သူ၏ ဂိုဏ်းတူအစ်မသည် သူ၏ ဂိုဏ်းတူအစ်မသာလျှင် ဖြစ်သည်။ အရေပြားအစိတ်အပိုင်းအချို့ ပြောင်းလဲသွားခြင်းက သူ့အတွက်ဘာမှ ထူးခြားမှုမရှိပေ။
သို့ပေသိ သူရရှိထားသည့် ဒဏ်ရာများကတော့…
နဂါးတစ်ဝက်အသွင် မဟုတ်တော့သည့် လုန်ယွိနှင့်ချစ်ရသည်ဆိုလျှင်တော့ သူ ကုတ်ခြစ်ခံရသည့် ဒဏ်ရာများရရှိမည် မဟုတ်ပေ။
ရှောင်ယွိက ကျန်းလန်ကို ပြုံးပြီးကြည့်လိုကရင် ကုတ်ခြစ်ရာများနှင့်ပြည့်နေသည့် ကျန်းလန်၏ လက်ကို အသာထိကိုင်လိုက်သည်။
"ဒါနဲ့… ကျွန်မ နဂါးတစ်ဝက်အသွင် မပြောင်းတော့ရင် ကျွန်မဗိုက်ထဲမှာ ဥတစ်လုံးရောက်လာမယ်လို့ ထင်လား"
ကျန်းလန် အံ့အားသင့်စွာဖြင့်…
"ဘာရယ်… ဥ … ဟုတ်လား"
ရှောင်ယွိက…
"အင်းလေ… လူသားတွေလိုပဲလေ ၊ ကျွန်မဗိုက်ထဲမှာ လူသားတစ်ယောက် ရှိလာနိုင်မလား"
"အဲဒါ ကိုယ်ဝန်ဆောင်တာကို ပြောတာ ဂိုဏ်းတူအစ်မရဲ့"
"အင်း… အင်း… အဲဒါဆို ကျွန်မ ကိုယ်ဝန်ရှိလာနိုင်မှာလား"
"အင်း… ကိုယ် စာအုပ်တွေထဲမှာ ဖတ်ရတာတော့ တူညီတဲ့ပုံစံနဲ့ ယောကျ်ားလေး မိန်းကလေး ချစ်ကြတယ်ဆိုရင် ကိုယ်ဝန်ရဖို့ နီးစပ်တယ်တဲ့ ၊ မျိုးနွယ်စုတွေအားလုံးမှာ လူသားတစ်ယောက်ဖြစ်လာဖို့က အလွယ်ကူဆုံးပဲလေ ၊ ဒါကြောင့် ဘယ်သူမဆို လူသားအသွင်ပြောင်းလဲဖို့ ရွေးချယ်ကြတာ ဖြစ်နိုင်တယ်"
ရှောင်ယွိက ချက်ချင်း မတ်တတ်ထရပ်လိုက်ရင်း…
"ဂိုဏ်းတူမောင်လေး… ဒါဖြင့် ကျွန်မ နဂါးတစ်ဝက်အသွင်မပြောင်းတော့ဘဲ လူသားပုံစံနဲ့ အသားကျသွားအောင် အခု အိပ်ခန်းထဲသွားကြမယ်"
ကျန်းလန်က ကောင်းကင်ကို မော့ကြည့်လိုက်ရင်း…
"ဂိုဏ်းတူအစ်မ ၊ မိုးမချုပ်သေးဘူးလေ"
နေ့လယ်ခင်းအချိန်သာ ရှိသေးသည်။
ဤသို့သောကိစ္စမျိုးက ညဘက်တွင်သာ သင့်လျော်သည် မဟုတ်ဘူးလား။
ရှောင်ယွိက…
"နေ့ခင်းဘက်က ညဘက်ထက်ပိုအဆင်ပြေနေရင် ဘယ်လိုလုပ်မလဲ"
ကျန်းလန် : "……"
***
ရေခဲပုစဉ်းရင်ကွဲတောအုပ်အပြင်ဘက်။
သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အပြည့်အဝအသက်သွင်းထုတ်ဖော်ပြီးနောက် ကျန်းလန် လမ်းပေါ်တွင် လမ်းလျှောက်လျှက်ရှိသည်။
ယနေ့ (၇)ရက်ပြည့်ပြီဖြစ်ရာ ဧကရာဇ်ရှီးဟယ်နှင့် ချိန်းဆိုထားသည့်နေ့ရက်သို့ ရောက်ရှိပြီ ဖြစ်သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က သူက ရှောင်ယွိအတွက် အချိန်ပေးခဲ့ပြီး နဝမတောင်ထွတ်တစ်ခုလုံး လှည့်ပတ်သွားလာနေခဲ့သည်။ အနှီနဂါးမလေးသည် နဝမတောင်ထွတ်ကို သန့်ရှင်းရေးလုပ်ပေးမည်ဟုဆိုကာ နေရာအတော်များများမှ အစီအရင်များကို ဖျက်စီးပစ်ခဲ့သည်။
သူမနှင့်အတူ ချစ်ကျွမ်းဝင်တိုင်း နဂါးတစ်ဝက်အသွင်ပြောင်းလဲခြင်းက တိုးတက်မှု မရှိခဲ့ပေ။
ညဘက်များတွင် ပုံမှန်းအတိုင်းပင်ဖြစ်ပြီး နေ့ခင်းအချိန်များတွင်တော့ အစပိုင်းတွင် ဟုတ်မလိုလိုနှင့် နောက်ပိုင်းတော့ ဘာမှမထူးခြားတော့ပေ။
သို့သော် ကျန်းလန်က ထိုကိစ္စကို ခေါင်းထဲမထားပေ။ သူတို့ (၂)ယောက်အတွက် အချိန်များစွာ ရှိလေရာ ဖြည်းဖြည်းချင်း ကြိုးစားကြည့်ရုံသာရှိသည်။
သေချာသည်ကတော့ ရှောင်ယွိ၏ တန်ခိုးစွမ်းအားနှင့် သက်ဆိုင်လေသည်။ သူမ တန်ခိုးစွမ်းအားမြင့်မားလာလေ နဂါးတစ်ဝက်အသွင်ပြောင်းခြင်းကို ထိန်းချုပ်ရန် ပိုမိုခက်ခဲလာလေပင်။ သူမ မိုးကောင်းကင်အင်မော်တယ်ဖြစ်လာလျှင်လည်း ထိန်းချုပ်ရန် ပိုပြီး ခက်ခဲလာပေလိမ့်မည်။
သို့ဖြစ်ရာ အသားကျရန်အတွက် ဖြည်းဖြည်းချင်း အချိန်ယူရန်သာ လိုအပ်သည်။
ထို့ပြင် အချိန် (၇)ရက်အတွင်း ကျန်းလန်က နွားရိုင်းကိုးကောင်စွမ်းအားနှင့် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားတို့ကို ပိုမိုတိုးတက်လာစေရန် ကျင့်ကြံခဲ့သည်။ သူက တာ့လော်အင်မော်တယ်အဆင့် အောာင်မြင်သွားပြီဖြစ်သည့်တိုင် ဧကရာဇ်ရှီးဟယ်နှင့် တွေ့ဆုံရာတွင် အနည်းငယ်ပင် မပေါ့ဆဝံ့ပေ။
ဧကရာဇ်ရှီးဟယ်၏ တန်ခိုးစွမ်းအားက သူလုံး၀ ယှဉ်နိုင်သည့်အရာ မဟုတ်ပေ။
ယနေ့ ရှောင်ယွိက တတိယတောင်ထွတ်တွင် သူမ၏ဆရာဖြစ်သူကို သွားရောက်တွေ့ဆုံရန် စီစဉ်ထားခဲ့သော်လည်း သူမခန္ဓာကိုယ်ထက်တွင် နဂါးအကြေးခွံများ ဖုံးလွှမ်းနေသည့်အတွက် ခြံဝင်းထဲမှ ပန်းပင်များကိုသာ ရေလောင်းနေရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် ခွန်လွန်တောင်၏တန်ခိုးစွမ်းအားနှင့် ကျွမ်းဝင်ရင်းနှီးမှုရှိလာစေရန် ဆက်လက်ကျင့်ကြံရမည် ဖြစ်သည်။
သူမနှင့်ကျန်းလန်၏ စိန်ခေါ်ပွဲကလည်း အချိန်နီးကပ်လာပြီ ဖြစ်သည်။ စိန်ခေါ်ပွဲကျင်းပမည့်နေရာမှာ နဝမတောင်ထွတ်တွင်သာ ဖြစ်လေရာ ရှောင်ယွိက သူ့ကို အနိုင်ယူလိုသည့်ဆန္ဒ ရှိဟန်မတူပေ။
ခဏအကြာတွင်…
ကျန်းလန် ရေခဲပုစဉ်းရင်ကွဲတောအုပ်သို့ ရောက်ရှိလာပြီး ဧကရာဇ်ရှီးဟယ်ကို စောင့်နေလိုက်သည်။ စောင့်နေရင်းဖြင့်ပင် အန္တရယ်တစ်စုံတစ်ခု ကြုံတွေ့ပါက လွတ်မြောက်နိုင်ရန် အစီအစဉ်များ ရေးဆွဲထားခဲ့သည်။ ပြဿနာရှိလာပါက ရေခဲပုစဉ်းရင်ကွဲတောအုပ်မှ ချက်ချင်းထွက်ခွာသွားမည် ဖြစ်သည်။
ဤနေရာသို့ လမ်းလျှောက်၍ လာရောက်ခြင်းသည်လည်း ပြင်ဆင်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်၏။
အမှန်တော့ နောက်ထပ်နှစ်ပေါင်း (၁၀၀)ခန့်နေမှ ဧကရာဇ်ရှီးဟယ်နှင့် တွေ့ဆုံရမည်ဆိုလျှင် ပိုပြီးစိတ်အေးလက်အေး ရှိနိုင်လေသည်။ သို့သော် ဧကရာဇ်ရှီးဟယ်က ယခုပင် သူ့ကို တွေ့ချင်နေခဲ့သည်။
ထိုစဉ်မှာပင်…
ကျန်းလန်ထံသို့ အကြည့်တစ်ခု ကျရောက်လာပြီး အဝေးတစ်နေရာမှ ရောင်ဝါတစ်ခု လွင့်မျောထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။
ဧကရာဇ်ရှီးဟယ် ရောက်ရှိလာခြင်းပင်။
ထိုပုဂ္ဂိုလ်က ကိုယ်တိုင်မလာဘဲ ရောင်ဝါတစ်ခုသာ စေလွှတ်လိုက်ခြင်း ဖြစ်လေရာ ကျန်းလန် အနည်းငယ် စိတ်သက်သာရာရသွားသည်။ မည်သည့်ပြဿနာမှ မရှိနိုင်ဟုလည်း တွေးလိုက်မိသည်။
သူက ဧကရာဇ်ရှီးဟယ်နှင့်တွေ့ဆုံရန် ငြင်းဆန်နိုင်သော်လည်း ရုတ်တရက် ဧကရာဇ်ရှီးဟယ်က သူ့ကို ရှာဖွေသည်မှာ အကြောင်းတစ်ခုခု ရှိရမည်ဟု ယူဆမိသည်။
ပြီးတော့ ပျက်သုဉ်းတစ်စပြင်လောကကြီး၏ လက်ရှိအခြေအနေများကိုလည်း သိရှိချင်သည်။ သူသည်လည်း အမြဲပုန်းအောင်းနေရန် မဖြစ်နိုင်သောကြောင့် ဧကရာဇ်ရှီးဟယ်နှင့် တွေ့ဆုံရန် ရွေးချယ်ခဲ့သည်။
"ကြည့်ရတာ ကျုပ်တစ်ခုခု လှည့်စားမှာကို မင်းက စိတ်ပူနေတာလား"
ဧကရာဇ်ရှီးဟယ်ထံမှ အသံထွက်ပေါ်လာသည်။
ကျန်းလန်က ဦးညွှတ်လိုက်ရင်း…
"အကြီးအကဲက သဘောထားကောင်းလွန်းပါတယ်"
ဧကရာဇ်ရှီးဟယ်က ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်သည်။ ပတ်ဝန်းကျင်တွင် ပြုလုပ်ထားသည့် ရှုတ်ထွေးသည် အစီအရင်များကိုသာ မတွေ့မြင်ခဲ့လျှင် ကျန်းလန် သူ့ကိုယုံကြည်သည်ဟု အမှန်တကယ် တွေးထင်မိမည်ပင်။
သို့ပေသိ သတိထားခြင်းက မမှားယွင်းပေ။ ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် အသက်ရှင်သန်ရန်အတွက် သတိရှိနေမှ ဖြစ်ပေမည်။
ဧကရာဇ်ရှီးဟယ်က…
"ထူးချွန်တဲ့တပည့်တွေ ရွေးချယ်နေတဲ့အကြောင်း မင်း သိတယ်မဟုတ်လား"
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
"အင်း…"
ဧကရာဇ်ရှီးဟယ်က ရယ်မောလိုက်ရင်း…
"မင်း အဲဒီတပည့်တွေထဲမှာ ပါဝင်ချင်လား"
ကျန်းလန်က မည်သည့်စကားမှမပြောဘဲ တိတ်ဆိတ်နေသည်။ သူ အဖြေပေးလိုက်လျှင် သေချာပေါက် ဒုက္ခကြီး ကျရောက်ပေလိမ့်မည်။
ကျန်းလန် တိတ်ဆိတ်ငြိမ်သက်နေသည်ကို ဧကရာဇ်ရှီးဟယ်က စိတ်ထဲ မထားပေ။
"မင်း ပါဝင်ဖို့အတွက် ကျုပ်မျှော်လင့်ပါတယ်"
သူက ဆက်ပြောသည်။
"မင်းကိုယ်တိုင် မပါဝင်ဘူးဆိုလည်း ပါဝင်ယှဉ်ပြိုင်မယ့်လူတစ်ယောက်ရဲ့ နောက်ကွယ်မှာ မင်း ရှိနေသင့်တယ်လေ ၊ ဒါပေမဲ့ မင်းရဲ့ တန်ခိုးစွမ်းအားနဲ့ ထောက်ပံ့မပေးဘူးဆိုရင်တော့ ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်လိမ့်မယ်"
ကျန်းလန်က ဦးညွှတ်လိုက်ရင်း…
"အကြီးအကဲ အလင်းပြပေးပါ"
တစ်ဖက်လူ ပြောနေသည့်စကားကို သူ နားမလည်ပေ။
ယှဉ်ပြိုင်မည့်သူနောက်ကွယ်တွင် သူ ရှိရမည်ဆိုသည်က ဘာကိုဆိုလိုပါသနည်း။ ထိုကိစ္စက သူနှင့် မည်သို့ တိုက်ရိုက်ဆက်စပ်နေပါသနည်း။
"ပျက်သုဉ်းတစ်စပြင်လောကကြီးရဲ့ အခြေအနေက အတော်လေး တည်ငြိမ်နေပြီ ၊ အင်အားကြီးအုပ်စုအားလုံးကလည်း နတ်ဘုရားရာထူးတွေကို ရယူပြီးပြီ ၊ အထက်ပိုင်းနန်းတော်က နတ်ဘုရားရာထူးတစ်ခု ကျန်နေတာကိုတော့ ဘယ်သူမှ မယူနိုင်ခဲ့ကြဘူး ၊ ဆိုတော့ အထက်ပိုင်းနန်းတော်က နတ်ဘုရားရာထူးကို ရယူထားတာ နဂါးမျိုးနွယ်တွေပဲ ရှိတယ်ပေါ့ ၊ သူတို့တွေအားလုံး ပြင်ဆင်မှုတွေ အများကြီး ပြုလုပ်ထားပြီးလောက်ပြီ ဒါကြောင့် နတ်ဘုရားရာထူးတွေအားလုံး ရယူပြီးပြီလို့ ဆိုနိုင်တယ်"
ဧကရာဇ်ရှီးဟယ်၏ အသံက ဆက်လက်ထွက်ပေါ်လာသည်။
"မင်း နတ်ဘုရားရာထူးတွေအကြောင်းရေးထားတဲ့စာအုပ်ကို ဖတ်ပြီးပြီလား ၊ နတ်ဘုရားရာထူးရရှိခြင်းဆိုတာက ရှေးဟောင်းဧကရာဇ်နန်းတော်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်တယ် ၊ မင်းရဲ့ နတ်ဘုရားရာထူးက ရှေးဟောင်းဧကရာဇ်နန်းတော်မှာ ရှိနေဆဲပဲ ၊ နတ်ဘုရားရာထူးကို အပိုင်ရယူချင်တယ်ဆိုရင် ကောင်းကင်ဘုံနဲ့ မရဏလောကရဲ့ ရောင်ဝါကို လိုအပ်တယ် ၊ နတ်ဘုရားရာထူးက ရှေးဟောင်းဧကရာဇ်နန်းတော်က ဆင်းသက်လာတာဖြစ်လို့ ကောင်းကင်ဘုံရဲ့ ရောင်ဝါရရှိဖို့ဆိုတာက ပြဿနာမရှိပေမယ့် အဓိကပြဿနာကတော့ မရဏလောကရဲ့ ရောင်ဝါရရှိဖို့ပဲ"
"ဒါကြောင့် ခွန်လွန်တောင်အပြင်ဘက်မှာ စိန်ခေါ်ပွဲစင်မြင့်တစ်ခု ဆောက်လုပ်ပြီး ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲကို စတင်မယ် ၊ စိန်ခေါ်ပွဲမှာ အောင်နိုင်သူက မရဏလောကနဲ့ ဆက်သွယ်ခွင့်ရမယ် ၊ အဲဒီအချိန်ကျရင် နတ်ဘုရားရာထူး ရှိတဲ့သူတွေအကုန်လုံး ခွန်လွန်တောင်ကို ရောက်လာကြလိမ့်မယ် ၊ မင်းလည်း ချွင်းချက်မရှိနိုင်ဘူး"
ကျန်းလန်က...
"သူတို့လာလို့ရတယ်လား"
မရဏလောကသို့ ဆက်သွယ်ဝင်ရောက်ရမည့် ကိစ္စသည် ကျန်းလန် မျှော်လင့်ထားသည့်ကိစ္စပင် ဖြစ်သည်။
စိန်ခေါ်ပွဲတွင် အနိုင်ရသူက မရဏလောကသို့ ဝင်ရောက်ခြင်းသည် ငရဲတံခါးကို အနည်းနဲ့အများ ပျက်စီးမှု သက်သာစေမည် ဖြစ်သည်။
မဟုတ်ပါက ထူးချွန်သည့် အစစ်အမှန်အင်မော်တယ်နှင့် မိုးကောင်းကင်အင်မော်တယ်များ လိုအပ်မည် မဟုတ်ပေ။
သို့ပေသိ နတ်ဘုရားရာထူးပိုင်ဆိုင်ထားသူတစ်ယောက်က ခွန်လွန်တောင်သို့ လာရောက်ရန် မဖြစ်နိုင်ပေ။ လာမည်ဆိုလျှင်တောင်မှ ပုံသဏ္ဌန်အစစ်အမှန်မဟုတ်ဘဲ ရောင်ဝါတစ်ခုသာ ဖြစ်နိုင်သည်။
သို့ဖြစ်ရာ တကယ်တမ်း လာရောက်နိုင်သည်ဟု မဆိုနိုင်ပေ။
ဧကရာဇ်ရှီးဟယ်က...
"သူတို့လာရောက်နိုင်ဖို့ ကျုပ် လုပ်နိုင်ပါတယ် ၊ ဒါပေမဲ့ မင်းအတွက်တော့ အန္တရယ်ရှိနိုင်တယ် ၊ မင်းက အားလုံးထဲမှာ တန်ခိုးစွမ်းအားအနည်းဆုံးပဲ ၊ တခြားသူတွေက မင်းကိုပစ်မှတ်ထားလာနိုင်တယ် ၊ ဒီတော့ မင်းရဲ့စိတ်ကိုတော့ ပြင်ဆင်ထားပါ ၊ အချိန်အတိုင်းအတာတစ်ခုအထိ ကြာပြီးရင်တော့ ကျုပ်တို့ သဘောတူထားတာကို ဆက်လုပ်ကြတာပေါ့"
ကျန်းလန်က...
"သဘောတူထားတာ ဟုတ်လား"
ဧကရာဇ်ရှးဟယ်က...
"မင်းရဲ့ နတ်ဘုရားရာထူးနာမည်ကို ပြောင်းလဲပေးဖို့ ကူညီပေးမယ်ဆိုတဲ့ သဘောတူညီချက်လေ"
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
သို့ရာတွင် နတ်ဘုရားရာထူးရှိသူများ ရောက်ရှိလာပါက သူ့အတွက် အမှန်တကယ်ပင် အန္တရယ်များသည်။
ကျန်းလန်က...
"အဲဒါက အကြမ်းဖျင်း ဘယ်တော့လောက်စတင်မှာလဲ"
သူ့အတွက် အချိန်က အရေးကြီးလေသည်။
ဧကရာဇ်ရှီးဟယ်က...
"နောက်ထပ် အနှစ် (၈၀)ကနေ အနှစ် (၁၀၀) ၊ (၁၂၀) အတွင်းပေါ့"
ထို့နောက် သူက စိတ်ဝင်တစားဖြင့် ဆက်ပြီးမေးမြန်းသည်။
"မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ"
ကျန်းလန်က တိတ်ဆိတ်နေ၏။
တောင်သခင်များအနေဖြင့် ခန့်မှန်းမိမည်ဆိုလျှင်တောင်မှ သူ၏ကျင့်ကြံခြင်းအဆင့်ကို တာ့လော်အင်မော်တယ် ၊ အလယ်ဆင့်ဟုသာ ထင်မှတ်ကြပေလိမ့်မည်။
ပုံမှန်ဆိုလျှင် နောက်ထပ်ဆယ်စုနှစ်အနည်းငယ်အတွင်း အဆင့်တက်နိုင်မည် မဟုတ်သေးပေ။
နောက်ထပ် နှစ် (၁၀၀)အတွင်းဆိုလျှင်တော့ တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့်သို့ ရောက်ရှိကောင်းရောက်ရှိနိုင်သည်။ ဤသည်က ထန်ကုန်တွက်ချက်ထားခြင်း ဖြစ်သည်။
သို့သော် တကယ်တမ်းတွင် ကျန်းလန်က နှစ်ပေါင်း (၈၀)မှ နှစ်ပေါင်း (၁၀၀)အတွင်း တာအိုအင်မော်တယ်အဆင့်သို့ တက်ရောက်နိုင်ကောင်းသည်။
ဤသို့ဆိုလျှင် သူက အခြားသောနတ်ဘုရားရာထူးရှိသူများနှင့်ယှဉ်လျှင် အားနည်းနေတော့မည် မဟုတ်ပေ။
ထိုနေ့ရက်တွင် တစ်စုံတစ်ယောက်က သူ့ကို ပစ်မှတ်ထားလာပါက သူက သတ်ဖြတ်ပစ်မည် ဖြစ်သည်။ သို့မှသာ နောက်ပိုင်းတွင် သူ၏နတ်ဘုရားရာထူးကို မည်သူမှ လုယူဝံ့တော့မည် မဟုတ်ပေ။
ဧကရာဇ်ရှီးဟယ်က ရုတ်တရက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"ဒါနဲ့ မင်း ဘာလို့ နတ်ဘုရားရာထူး ရရှိခဲ့သလဲဆိုတာ စဉ်းစားကြည့်ဖူးလား"
ကျန်းလန်က...
"တစ္ဆေတိုင်းပြည်ကြောင့်လား"
သူ ထိုကိစ္စကို အမှန်တကယ်ပင် သိချင်မိသည်။ နတ်ဘုရားရာထူး ရရှိခဲ့ခြင်းက သူ အတော်လေး နားမလည်နိုင်ဖြစ်ရသည့်ကိစ္စပင်။
ဧကရာဇ်ရှီးဟယ်က ဆက်ပြီး ရှင်းပြသည်။
"အင်း... အဲဒါကလည်း အကြောင်းရင်းတစ်ခုပဲပေါ့ ၊ ဒါပေမဲ့ တစ္ဆေတိုင်းပြည်က ကိုးကွယ်မှုကို ရရှိရုံနဲ့ လူတစ်ယောက်က နတ်ဘုရားရာထူး ရရှိသွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ ၊ မဟုတ်ရင် ဧကရာဇ်ယိုတုက ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်ကို ဝင်ရောက်ဖို့ မင်းဆီကို အကူအညီလာတောင်းမှာတောင် မဟုတ်ဘူး"
ဧကရာဇ်ရှီးဟယ်က ကျန်းလန်ကို တစ်ချက်အကဲခတ်လိုက်ရင်း...
"မင်းက ခွန်လွန်တောင်မှာ နေထိုင်တဲ့သူလေ ၊ ခွန်လွန်တောင်က ကောင်းကင်ဘုံနဲ့ရော မရဏလောကနဲ့ပါ ချိတ်ဆက်နေတယ် ၊ အဲဒါက နတ်ဘုရားရာထူး ရရှိလာနိုင်တဲ့ အခြေခံကျတဲ့ အချက်တွေပဲ ၊ ပြီးတော့ မင်းမှာ အဲဒီအခြေခံအချက်တွေအကုန်လုံး ပြီးပြည့်စုံနေတယ် ၊ တစ္ဆေတိုင်းပြည်က မင်းကို ကိုးကွယ်ဆည်းကပ်တဲ့အခါ ကံကြမ္မာအခွင့်ကောင်းရောင်ဝါထွက်ပေါ်လာတယ် ၊ တစ္ဆေတိုင်းပြည်နဲ့ နတ်မိစ္ဆာတွေရဲ့တိုက်ပွဲမှာ မင်းက သူတို့ဆုတောင်းတာကို တုံ့ပြန်လိုက်တဲ့အခါ မင်းရရှိထားတဲ့ အခြေခံအုတ်မြစ်နဲ့ ကံကြမ္မာအခွင့်ကောင်းရောင်ဝါက ချိတ်ဆက်သွားတယ်"
"အဲဒီအချိန်မှာ နတ်ဘုရားရာထူးက မင်းအပေါ်ကျရောက်လာခဲ့တယ် ၊ အခု တစ္ဆေတိုင်းပြည်ကလည်း နတ်ဘုရားရာထူးတစ်ခု ရရှိထားတယ်ဆိုပေမယ့် အမှန်တကယ် တစ္ဆေတိုင်းပြည်ရဲ့ နတ်ဘုရားရာထူးကို ပိုင်ဆိုင်ထားသူကတော့ မင်းကိုယ်တိုင်ပါပဲ"
"ပထမတော့ မင်း ခွန်လွန်တောင်မှာ ချုပ်နှောင်မိနေလိမ့်မယ် ၊ ဒါမှမဟုတ် တစ္ဆေတိုင်းပြည်မှာ မင်းက ရှိမနေနိုင်တဲ့အတွက် နတ်ဘုရားရာထူး ပျောက်ကွယ်သွားမယ်လို့ ကျုပ် တွေးထင်ခဲ့တယ် ၊ ဒါပေမဲ့ ကျုပ်တွက်ချက်တာ မှားသွားခဲ့တယ်"
"မင်းမှာ ကောင်းချီးလက်ဆောင်တွေအားလုံးကို ပိုင်ဆိုင်ထားတယ်လေ ၊ ခွန်လွန်တောင် ၊တစ္ဆေတိုင်းပြည်နဲ့ ရှေးဟောင်းဧကရာဇ်ဆီက ကောင်းချီးလက်ဆောင်တွေပေါ့ ၊ ဒါပေမဲ့ ဒီအရာတွေက နတ်ဘုရားရာထူးကိုပဲ ရရှိစေတာ ၊ နတ်ဘုရားရာထူး ရရှိထားသူကို လွတ်လပ်မှု ပေးနိုင်စွမ်း မရှိဘူး"
"ဆိုတော့... မင်းရဲ့နတ်ဘုရားရာထူးက ကန့်သတ်ထိန်းချုပ်ခံမထားရတာဟာ မင်းဆီမှာ မသိနိုင်တဲ့ တစ်စုံတစ်ရာ ရှိနေရမယ်"
***