နတ်ဘုရားရာထူးနာမည်ကိုပြောင်းလဲရန်နည်းလမ်း
Vol. 36 Ch. 494
သူ မသိသည့်အရာ တစ်ခုခုလား။
ထိုစကားကို ကြားသည့်အခါ ကျန်းလန် အတွေးအချို့ တွေးမိသော်လည်း သိပ်မစဉ်းစားခဲ့ပေ။ ထို့ပြင် သူက ဧကရာဇ်ရှီးဟယ်ကို အမြဲတမ်း သတိထားနေခဲ့သူ ဖြစ်သည်။
တစ်ဖက်လူက မေးမြန်းသည့် မေးခွန်းက ထောင်ချောက်တစ်ခု ဖြစ်နိုင်သည်။ နဂါးငိုကျွန်းတွင် မထင်မှတ်ဘဲ ဧကရာဇ်ရှီးဟယ်၏ ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့ရဖူးသည်။
ဧကရာဇ်ရှီးဟယ်မေးမြန်းသည်မေးခွန်းကို မသိစိတ်မှ တိုက်ရိုက်ပင် ဖြေကြားခဲ့မိသည် မဟုတ်ပါလား။
ထိုအချက်က အလွန်အန္တရယ်များသည်။ သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အပြည့်အ၀ အသုံးပြုထားသည့်တိုင် ထိုသို့သော မေးခွန်းမျိုး မေးလာပါက တားဆီးနိုင်ပါမည်လား မသိနိုင်ပေ။
ထို့ကြောင့် ကျန်းလန်က စိတ်ထဲတွင် ဘာမှမစဉ်းစားမိအောင် ဂရုစိုက်နေခဲ့သည်။
ဧကရာဇ်ရှီးဟယ်က…
"မင်းမှာ အဖြေရှိလား"
ကျန်းလန်က အဖြေမပေးခဲ့ပေ။ သူ့တွင် အဖြေရှိလျှင်ပင် ပြောမည် မဟုတ်ပေ။
"အကြီးအကဲ ၊ အဲဒါဘာဖြစ်မယ်လို့ ထင်လဲ"
ဧကရာဇ်ရှီးဟယ်က ကျန်းလန်ကို ကြည့်လိုကပြီး အလေးအနက်လေသံဖြင့်…
"ကျုပ်လည်း မသေချာဘူး ၊ ဒါပေမဲ့ မင်း ကျင့်ကြံခြင်းအဆင့်တက်တာ အရမ်းမြန်နေရတဲ့ အကြောင်းရင်းတစ်ခုတော့ ရှိရမယ် ၊ ပြင်ပမှော်ဝင်ပစ္စည်းတွေရဲ့ အကူအညီလည်း ပါမှာပေါ့ ၊ ဒါပေမဲ့ မင်းကိုယ်တိုင်လည်း နည်းနည်းထူးခြားတဲ့သူတစ်ယောက် ဖြစ်တယ် ၊ မင်းနေရာမှာ အခြားတစ်ယောက်သာဆိုရင် အခု မင်းရောက်နေတဲ့ အဆင့်ကို ရောက်နိုင်မှာ မဟုတ်ဘူး ၊ မင်း ကျင့်ကြံခြင်းအဆင့်တက်တာ ဘာလို့ဒီလောက်မြန်ရလဲဆိုတာ မင်း သိသည်ဖြစ်စေ မသိသည်ဖြစ်စေ အဝေးကိုတော့ မြင်အောင်ကြည့်နိုင်ဖို့လိုအပ်တယ်"
"နတ်ဘုရားရာထူး ရှိနေတယ်ဆိုတဲ့အချက်ကို မကြည့်နဲ့ ၊ မင်း အာရုံစိုက်ကမှာက နတ်ဘုရားရာထူး ထွက်ပေါ်လာတဲ့ အပေါ်က အရာကိုပဲ ၊ ကောင်းကင်ဘုံက မင်းကို ထိန်းချုပ်မထားနိုင်ဘူး ၊ မင်းက တပည့်ရင်းတစ်ယောက်ဖြစ်တယ်ဆိုရင် ကောင်းကင်ဘုံမှာ ဘယ်လိုရပ်တည်ရမလဲဆိုတာကို မင်းရဲ့ဆရာကို မေးကြည့်ပါ"
ကျန်းလန် တိတ်ဆိတ်ငြိမ်သက်နေ၏။
ဧကရာဇ်ရှီးဟယ်က ဆက်ပြောသည်။
"တန်ခိုးစွမ်းအားမြင့်မားလာဖို့ပဲ အဓိကထားပြီး ကြိုးစားပါ ၊ အခု ပိုပြီးကြိုးစားလိုကရင် နောင်တစ်ချိန်မှာ ပိုပြီးလွယ်ကူလာနိုင်တယ် ၊ အချိန်က မင်းကို စောင့်မှာ မဟုတ်ဘူး ၊ ပြီးတော့ ကျုပ်တို့ရဲ့ သဘောတူညီချက်ကိုလည်း သတိရပါ"
"ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲပြီးလို့ မင်း အသက်ရှင်ကျန်ရစ်ဦးမယ်ဆိုရင် မင်းရဲ့ နတ်ဘုရားရာထူးနာမည်ကို ပြောင်းလဲပေးဖို့ ကျုပ် ကူညီပေးမယ် ၊ ဒါပေမဲ့ မင်း နည်းနည်းပါးပါးတော့ တန်ဖိုးပေးဆပ်ရမှာပေါ့"
ကျန်းလန်က…
"အကြီးအကဲက နတ်ဘုရားရာထူးနာမည်ပြောင်းလဲပေးဖို့ ကျွန်တော့်ကို ကူညီပေးချင်နေတာလား"
ဆရာဖြစ်သူပေးထားသည့် နတ်ဘုရားရာထူးများနှင့်ပတ်သက်သည့် စာအုပ်ကို ဖတ်ရှုခဲ့သော်လည်း အမည်ပြောင်းလဲခြင်းနှင့်ပတ်သက်ပြီး ရေးသားထားခြင်း မရှိပေ။ ထိုအချက်က မဖြစ်နိုင်သလို ခံစားရသည်။
သို့သော် ဧကရာဇ်ရှီးဟယ် ပြောဆိုနေပုံအရ ထိုကိစ္စက ခက်ခဲဟန် မရှိပေ။ သူတို့ (၂)ယောက်၏ နားလည်နိုင်စွမ်းက အတော်လေး ကွာခြားနေသောကြောင့်များလား။
ဧကရာဇ်ရှီးဟယ်က ကျန်းလန်ကို ကြည့်ကာ ရယ်မောလိုက်သည်။
"မင်းရဲ့ နတ်ဘုရားရာထူးနာမည် ပြောင်းလဲဖို့က မခက်ခဲပါဘူး ၊ ဒါပေမဲ့ မင်းထင်ထားတာနဲ့ ကွဲလွဲနိုင်ပါတယ်"
သူက ဆက်ပြောသည်။
"ဒါနဲ့ ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်က တစ်ခုခုမကောင်းဘူးလို့ မင်း မထင်ဘူးလား"
ကျန်းလန်က…
"မထင်ပါဘူး"
အစပိုင်းတွင် ထိုသို့တွေးထင်မိသော်လည်း ယခုတော့ သူ ထိုသို့မတွေးထင်တော့ပေ။
ဧကရာဇ်ရှီးဟယ်က…
"ကျုပ်ရဲ့ ရည်မှန်းချက်က ဘာလဲဆိုတာ မင်း ခန့်မှန်းမိလောက်ပါတယ် ၊ ကျုပ်က ရှေးဟောင်းအလယ်ပိုင်းနန်းတော်က နတ်ဘုရားရာထူးကို လိုချင်တာလေ ၊ ဒါကြောင့် ခွန်လွန်တောင်မှာ အကြာကြီးထိန်းချုပ်တာကို လက်ခံပြီး ဘယ်ကိုမှ မသွားဘဲနေခဲ့တယ် ၊ အလယ်ပိုင်းနန်းတော်ရဲ့ တည်နေရာကိုမရှာခင် အင်အားကြီးအုပ်စုတိုင်း နတ်ဘုရားရာထူးရရှိတဲ့အချိန်ကို ဒီနေရာကနေဘဲ စောင့်နေရတာပေါ့"
"ဆိုတော့ကာ… ကျုပ် အလယ်ပိုင်းနန်းတော်က နတ်ဘုရားရာထူးကို ရယူနိုင်ရင် ဘာဖြစ်သွားမလဲ မင်းစဉ်းစားကြည့်လေ"
ကျန်းလန်က…
"ဒါဆို ရှေးဟောင်းအနောက်နန်းတော်က အကြီးအကဲပိုင်ဆိုင်တဲ့ နတ်ဘုရားရာထူးနေရာ လစ်လပ်သွားမှာပေါ့"
အရင်ကလည်း ကျန်းလန် ထိုအကြောင်းကို စဉ်းစားဖူးလေရာ ဧကရာဇ်ရှီးဟယ် ဘာလုပ်မည်ကို သိချင်နေခဲ့သည်။
ဧကရာဇ်ရှီးဟယ်က တည်ငြိမ်သည့်လေသံဖြင့်…
"မင်း ခန့်မှန်းမိတယ် မဟုတ်လား"
ခဏနားပြီးမှ ဧကရာဇ်ရှီးဟယ်က စကားဆက်ပြောသည်။
"အမှန်ပဲ ၊ မင်းရဲ့ နတ်ဘုရားရာထူးနာမည်ကို ပြောင်းလဲဖို့ အလွယ်ကူဆုံးနည်းလမ်းက မင်းရဲ့ နတ်ဘုရားရာထူးကို ပြောင်းလဲလိုက်ဖို့ပဲ ၊ ကျုပ်က အလယ်ပိုင်းနန်းတော်က နတ်ဘုရားရာထူးကို ရရှိတဲ့အခါ အနောက်နန်းတော်က ရာထူးကို မင်း ယူလို့ရလိမ့်မယ် ၊ အဲဒီအချိန်ကျရင် မင်းရဲ့ နတ်ဘုရားရာထူးနာမည်ကို မင်းစိတ်ကြိုက်ပေးလို့ရတယ်"
မျှော်လင့်ထားသည့်အတိုင်း ဖြစ်နေသည့်တိုင် ကျန်းလန် အံ့အားသင့်သွားသည်။
သို့သော် နတ်ဘုရားရာထူးကို ပြောင်းလဲခြင်းသည် သူ၏လက်ရှိနတ်ဘုရားရာထူးတွင် ပိုင်ဆိုင်သမျှအရာအားလုံးကို စွန့်လွှတ်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။
သူ့အနေဖြင့် ထိုအရာများကို မစွန့်လွှတ်လိုပေ။ မဟုတ်ပါက နတ်ဘုရားရာထူးမှတစ်ဆင့် ကောင်ငယ်လေးနှင့် အဋ္ဌမမင်းသားကို ဆက်သွယ်ရန် ခက်ခဲသွားပေလိမ့်မည်။
ဧကရာဇ်ရှီးဟယ်က…
"မင်းဆီက ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ရရှိထားတဲ့သူတွေကလွဲရင် ကျန်တဲ့အရာတွေကိုတော့ ယူသွားလို့မရနိုင်ဘူး ၊ မင်းလုပ်ရမှာက မင်းရဲ့ လက်ရှိနတ်ဘုရားရာထူးကို တစ္ဆေတိုင်းပြည်ကို ပြန်ပေးရလိမ့်မယ် ၊ မင်းရရှိထားတဲ့နတ်ဘုရားရာထူးက တစ္ဆေတိုင်းပြည်နဲ့ ပတ်သက်နေတာဆိုတော့ မင်းနဲ့ တစ္ဆေတိုင်းပြည်က ကြီးမားတဲ့ ကံကြမ္မာဆက်နွယ်မှုကြီး ရှိနေတယ်လေ"
"ဒီတော့ သူတို့ကို အဲဒီနတ်ဘုရားရာထူး ပြန်ပေးသင့်တယ် ၊ သူတို့နဲ့ ဆက်နွယ်နေတဲ့ ကံကြမ္မာကို ဖြတ်တောက်လိုက်ခြင်းက မင်းကို ပိုမြင့်တဲ့အဆင့်တစ်ခုကို ရောက်စေနိုင်တယ်"
ကျန်းလန် မျက်ခုံးများကို တွန့်ချိုးထားသည်။
သူ ရရှိထားသည့် နတ်ဘုရားရာထူးက အမှန်တကယ်ပင် တစ္ဆေတိုင်းပြည်နှင့် ဆက်စပ်နေသည့်အတွက် တစ္ဆေတိုင်းပြည်နှင့်စပ်လျဉ်းသည့်ကိစ္စအချို့တွင် သူက ကူညီပေးရန် လိုအပ်လေသည်။ နတ်ဘုရားရာထူးကို သူတို့ကို ပြန်ပေးလိုက်လျှင်တော့ ကံကြမ္မာကို အမှန်တကယ်ပင် ဖြတ်တောက်နိုုင်ပေလိမ့်မည်။
အနောက်နန်းတော်မှ နတ်ဘုရားရာထူးကတော့…
ဧကရာဇ်ရှီးဟယ်နှင့် အပေးအယူမှ ရရှိမည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ အပေးအယူမှာ ဧကရာဇ်ရှီးဟယ်က ရှေးဟောင်းအလယ်ပိုင်းနန်းတော်မှ နတ်ဘုရားရာထူး ရယူခြင်းတွင် သူက ပါဝင်ကူညီပေးရမည် ဖြစ်သည်။
ဧကရာဇ်ရှီးဟယ်က အလျှင်စလို မရှိပေ။
"မင်း စဉ်းစားလို့ရပါတယ် ၊ အသေးစိတ်အကြောင်းတွေကိုလည်း ဧကရာဇ်ယိုတုနဲ့ ဆွေးနွေးနိုင်ပါတယ် ၊ အချိန်တန်ရင် သူလည်း ခွန်လွန်ကို ရောက်လာလိမ့်မယ်"
ကျန်းလန် ခေါင်ညိတ်လိုက်သည်။
ဧကရာဇ်ယိုတု ခွန်လွန်တောင်သို့ လာရောက်မည်ကို သူသိရှိသည်။ လူတိုင်း ခွန်လွန်တောင်သို့ လာရောက်ကြမည်ဆိုလျှင် ထိုပုဂ္ဂိုလ်သည်လည်း ရောက်လာပေလိမ့်မည်။ ဖိတ်ကြားခြင်းမခံရလျှင်တောင် အခြားသူများနောက်တွင် မကျန်ရစ်စေရန် ရောက်ရှိလာမည် ဖြစ်သည်။
တစ္ဆေတိုင်းပြည်မှလူများက ဉာဏ်ရည်မထက်မြက်ကြသည့်တိုင် မိုက်မဲသူများ မဟုတ်ကြပေ။ သူတို့ကို အသုံးချရန်မှာ မဖြစ်နိုင်သလို ဒုက္ခပေးရန်မှာလည်း အလွန်ခက်ခဲသည်။
ဧကရာဇ်ရှီးဟယ်က မပြန်ခင် စကားတစ်ခွန်းဆိုလိုက်သည်။
"အချိန်သိပ်မကျန်တော့ဘူး ၊ တန်ခိုးစွမ်းအားပိုပြီးမြင့်မားလာဖို့အတွက် ကျုပ်တို့ အကောင်းဆုံး ကြိုးစားကြတာပေါ့"
ထို့နောက် ဧကရာဇ်ရှီးဟယ်၏ရောင်ဝါ ပျောက်ကွယ်သွားသည်ကို ကျန်းလန် ကြည့်နေခဲ့သည်။ "အချိန်သိပ်မကျန်တော့ဘူး" ဆိုသည့်စကားကို အကြမ်းဖျင်း သိရှိနားလည်လိုက်သည်။
မကြာမီ မိုးနဲ့မြေပြိုကျတော့မည် ဖြစ်သည်။
သစ်ပင်ရှေ့ရွာသို့ ရောက်ခဲ့စဉ်က ထိုအကြောင်းကို သူ နားလည်ခဲ့ရပြီး ရှေးဟောင်းဧကရာဇ်နန်းတော်ပျက်စီးရခြင်းအကြောင်းရင်းနှင့် ဆက်စပ်နေသည်။ ပျက်သုဉ်းတစ်စပြင်လောကကြီးသို့ နတ်ဘုရားရာထူးများ သက်ဆင်းလာမည့်ကိစ္စသည်လည်း ထိုအကြောင်းနှင့်ပင် ပတ်သက်နေလေသည်။
အချိန် ဘယ်နှစ်နှစ် ကျန်ရှိဦးမည်လဲ မည်သူမှ မသိနိုင်ပေ။ ကျန်းလန်ကတော့ အလှမ်းဝေးနေဆဲ ဖြစ်လေသည်။
တာအိုအင်မော်တယ် ဖြစ်လာပြီးလျှင်တော့ ထိုကိစ္စများက သူနှင့် အလှမ်းမဝေးနိုင်တော့ပေ။ ထိုအချိန်ရောက်လျှင် နတ်ဘုရားရာထူးနှင့် သက်ဆိုင်သည့်တာဝန်ကို သူ ထမ်းဆောင်ရမည် ဖြစ်သည်။
သူ၏ နတ်ဘုရားရာထူး ပြောင်းလဲရန်ကတော့ အမှန်တကယ် လိုအပ်သည်။ သို့သော် နတ်ဘုရားရာထူးကို အမွေဆက်ခံရန် လူတစ်ယောက် ရှာဖွေရမည် ဖြစ်သည်။
ထိုသူသည် တစ္ဆေတိုင်းပြည်မှ ဖြစ်သင့်လေသည်။
သူနှင့်ဆက်နွယ်နေသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါပိုင်ဆိုင်ထားသူများကို ဆက်လက်ယူဆောင်သွားနိုင်သည်ကတော့ ကံကောင်းသည်ဆိုရမည်။ နတ်ဘုရားရာထူးမှတစ်ဆင့် ကောင်ငယ်လေးနှင့် အဋ္ဌမမင်သားကို ဆက်သွယ်ရန် အဆင်ပြေလေသည်။
သို့ပေသိ အချိန်စောနေသေးသည်ဖြစ်ရာ တာအိုအင်မော်တယ် ဖြစ်လာမှသာလျှင် ဧကရာဇ်ယိုတုနှင့် တန်းတူစကားပြောနိုင်မည် ဖြစ်သည်။ ထိုအချိန်ကျမှ ဧကရာဇ်ယိုတု၏သဘောထားကို မေးမြန်းရပေမည်။
ထို့ပြင် နတ်ဘုရားရာထူးကို တစ္ဆေတိုင်းပြည်သို့ ပြန်မပေးင် သူ ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်သို့ တစ်ခေါက်ခရီးထွက်ရပေဦးမည်။
ဟိုးယခင်အချိန်က သူ၏ ပုံရိပ်ယောင်မြင်ကွင်းများထဲတွင် လူသေအလောင်းများဖြင့်ပြည့်နေသည့် တောင်တန်းများနှင့် သွေးပင်လယ်များကို တွေ့မြင်ခဲ့ဖူးသည်။
ထိုအရာများက ရှေးဟောင်းဧကရာဇ် အနိမ့်ပိုင်းနန်းတော်နှင့် ဆက်နွယ်ခြင်း ရှိ မရှိ သိရှိချင်သေးသည်။
ကျန်းလန်က ရေခဲပုစဉ်းရင်ကွဲတာအုပ်မှ ထွက်ခွာလာခဲ့သည်။ အချိန်အတန်ကြာ ဟိုဟိုဒီဒိ လျှောက်သွားနေပြီးနောက် သူ့ကို မည်သူမှကြည့်ရှုနေခြင်းမရှိကြောင်း သေချာတော့မှ ပုံမှန်အတိုင်း ပြန်လည်သွားလာခဲ့သည်။
ထို့နောက် ရှောင်ယွိအတွက် တုတ်ထိုးသကြားလုံးဝယ်ရန် ချင်းချန်မြို့သို့ ထွက်ခွာလာခဲ့၏။ သူ ရှောင်ယွိကို ပေးထားသည့်ကတိကို ဘယ်တုန်းကမှ မမေ့ခဲ့ပေ။
အများအမြင်တွင် လူသားအင်မော်တယ် ၊ အောင်မြင်သည့်အဆင့်ဖြစ်လေရာ သူ ခရီးသွားသည်က အလွန်လျှင်မြန်သည်။
ချင်းချန်မြို့မှ ပြန်လာသည့်အခါ သေရည်ဆိုင်သို့ ဝင်ရန်ဆုံးဖြတ်ထားသည်။ အဋ္ဌမမင်းသားနှင့်တွေ့ဆုံပြီး ထူးချွန်သည့်တပည့်များ ရွေးချယ်ခြင်းအကြောင်း မေးမြန်းရမည် ဖြစ်သည်။
နဂါးမင်းသား လုန်မန်က ခွန်လွန်တောင်ကို ကိုယ်စားပြုမည်လား ၊ နဂါးမျိုးနွယ်ကို ကိုယ်စားပြုမည်လား မသိရပေ။
ပြီးတော့ ကောင်ငယ်လေး…
သေရည်ဆိုင်ပိုင်ရှင်တွင် နတ်ဘုရားရာထူး မရှိလေရာ ကောင်ငယ်လေး ပါဝင်ယှဉ်ပြိုင်မည်ဆိုလျှင် သူ့နောက်ကွယ်မှပုဂ္ဂိုလ်သည် ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားပင် ဖြစ်ပေလိမ့်မည်။
ကျန်းလန် ထိုအချက်ကို ကောင်းကောင်းနားလည်လေသည်။
***
ညနေခင်းအချိန်။
ကျန်းလန် သေရည်ဆိုင်သို့ ရောက်ရှိလာသည်။
သူ ဆိုင်ထဲသို့ဝင်လိုက်သည်နှင့် ခပ်တိုးတိုး အငြင်းအခုံစကားသံများကို ကြားလိုက်ရသည်။
"ငတုံးကောင် ၊ အဲဒီလူသားအဘိုးကြီးက မင်းကို လိမ်နေတာကွ ၊ ဇာမဏီမျိုးနွယ်တွေက မီးတောက်တွေကိုပဲ သဘောကျတာ ၊ သူတို့ကို ပန်းပေးတာ ဘာအသုံးဝင်မှာလဲ ၊ ဒါတောင်မင်းက ရူးရူးမိုက်မိုက်နဲ့ ကောင်းကင်တောင်က နှင်းကြာပန်းကို သွားခူးခဲ့တယ်… ဟုတ်လား"
"မသိဘူးလေ ၊ ဟုန်ယာက ပန်းတွေလိုချင်မယ်ထင်တာပဲ ၊ ပြီးတော့ အဲဒီလူက သေခါနီးနေပါပြီ ၊ လူတွေဆိုတာ သေခါနီးအချိန်မှာ အမှန်တရားကို ပြောတတ်ကြတယ်မဟုတ်ဘူးလား"
"ကျစ်… သေခါနီးငတုံးအဘိုးကြီးကို မင်းမို့ယုံစားနေတယ် ၊ ဒါဖြင့် ဒီလိုလုပ်ကွာ ၊ မင်း အဲဒီ ဇာမဏီမလေးကို သတိလစ်သွားအောင် ရိုက်ပစ်လိုက် ၊ ပြီးရင် မင်းခူးလာတဲ့ကြာပန်းကို သူ့ရှေ့မှာ ချထား ၊ ဒါဆို မင်းပေးတဲ့ပန်းကို လက်မခံချင်ဘူးဆိုရင်တောင်မှ ငြင်းရဲမှာ မဟုတ်တော့ဘူး"
"ဒါပေမဲ့ ကျွန်တော် ဟုန်ယာကို မရိုက်ရက်ပါဘူးဗျာ"
"ညကျမှ ရိုက်ကွာ ၊ မင်း ရိုက်မယ်ဆိုရင် ကျုပ်ရဲ့ ကောင်းကင်နဂါးဓားကို ငှားမယ်"
ကျန်းလန် သူတို့ (၂)ယောက်ကို ရပ်ကြည့်နေစဉ် ဟုန်ယာကတော့ ကောင်တာတွင် တိတ်ဆိတ်စွာမတ်တတ်ရပ်ရင်း အကြမ်းပန်းကန်များကို အဝတ်ဖြင့်သုတ်လျှက် ရှိသည်။
ခဏမျှ ထိုသူများအားလုံးကို ကျန်းလန် နားမလည်နိုင်ဖြစ်သွားရသည်။ သေသေချာချာတွေးကြည့်လေ နားလည်ရခက်လေပင် ဖြစ်သည်။
သေရည်ဆိုင်ထဲတွင် လူ (၃)ယောက် ရှိနေသည်။ တစ်ယောက်က ချုန်ချီအနွယ်ဝင်ဖြစ်ပြီး တစ်ယောက်က မွေးရာပါအင်မော်တယ် နဂါးမျိုးနွယ် ဖြစ်သည်။ နောက်တစ်ယောက်ကတော့ ဇာမဏီမျိုးနွယ် ဖြစ်၏။
မတူညီသောမျိုးနွယ်များ ဖြစ်ကြလေရာ တူညီသည့်ကိစ္စရပ်များကိုပင် နားလည်မှုကွဲပြားကြသည်မှာ သဘာဝပင် ဖြစ်သည်။
ကောင်ငယ်လေးနှင့် အဋ္ဌမမင်းသား ဆိုင်ထောင့်တစ်နေရာတွင် စကားစမြည်ပြောနေကြသည်ဟုသာ ဇာမဏီကောင်မလေးက ထင်ကောင်းထင်ပေလိမ့်မည်။ သူ့အကြောင်း ပြောနေကြသည်ဟု ထင်ချင်မှထင်ပေမည်။
ကျန်းလန်ကို တွေ့သည့်အခါ လုန်မန်နှင့် ကောင်ငယ်လေးတို့က စကားဆက်မပြောတော့ဘဲ ရပ်လိုက်ကြသည်။
ကောင်ငယ်လေးက…
"အစ်ကိုကြီး ၊ အဘိုးက ဒီနေ့ပြန်မလာဘူးတဲ့ ၊ အဲဒါကြောင့် အကောင်းစားသေရည် မရနိုင်ဘူး"
အဋ္ဌမမင်းသားက…
"ယောက်ဖ… သေရည်နဲ့ ကောင်းကောင်းနှပ်ပြီးချက်ထားတဲ့ အသားဟင်းစားချင်လား ၊ ကျုပ် ချက်ကျွေးမယ်လေ"
ပြောရင်း လုန်မန်က ကောင်းကင်နဂါးဓားကို ဆွဲထုတ်လိုက်ပြီး သားရိုင်းကောင်အချို့ကို ခုတ်ထစ်လိုက်သည်။
အသားခုတ်ရန်အတွက် လုန်မန်အသုံးပြုလိုက်သည့် ဓားသိုင်းပညာက သူသင်ပေးထားသည့်ဓားသိုင်းဖြစ်ကြောင်း ကျန်းလန် သိလိုက်သည်။ ထိုဓားသိုင်းက နဂါးဓားသိုင်း၏ ပထမဓားကွက်ဖြစ်၏။ နောက်ထပ် ဓားကွက် (၂)ကွက် သင်ပေးရန် ကျန်နေသေးသည်။
ဒုတိယဓားကွက်ကတော့ သင်ပေးရန် အချိန်ယူရမည်ဖြစ်သော်လည်း တတိယဓားကွက်ကတော့ သိပ်အရေးမကြီးလှပေ။
ပထမဆုံး သူတို့၏ ကျင့်ကြံခြင်းအဆင့်နှင့် သက်ရောက်မှုများကို သုံးသပ်ရမည် ဖြစ်သည်။ ထိုအချက်များ မရှိဘဲ သူတို့အနေဖြင့် နဂါးဓားသိုင်း (၃)ကွက်ကို အသုံးပြုနိုင်မည် မဟုတ်ပေ။
ကောင်ငယ်လေးကတော့ သူသယ်ယူနေသည်မှာ မည်သည့်ဓားသိုင်းမှန်း မသိလေရာ သူ့လက်ထဲတွင် ဓားသိုင်းအသစ်တစ်ခု ထွက်ပေါ်လာနိုင်ဖွယ် ရှိသည်။
ကျန်းလန်က သိမ်မွေ့သည့်လေသံဖြင့်…
"ကျုပ် မင်းကို မေးစရာတစ်ခု ရှိလို့"
***
"အထူးချွန်ဆုံးတပည့်တွေ ရွေးချယ်တဲ့ကိစ္စ… ဟုတ်လား"
အဋ္ဌမမင်းသားက မေးလိုက်သည်။
စားပွဲတွင် လုန်မန် ၊ ကောင်ငယ်လေးနှင့် ကျန်းလန်တို့ ထိုင်နေကြသည်။
ထို့နောက် အဋ္ဌမမင်းသားက အလေးအနက်လေသံဖြင့်…
"ကျုပ်တော့ ဘာသတင်းမှ မကြားသေးပေမယ့် အစ်မကတော့ ကျုပ်ကို ပြောပြထားတယ် ၊ ဒါပေမဲ့ နဂါးမျိုးနွယ်တွေကလည်း ကျုပ်ကို မဆက်သွယ်သေးသလို ခွန်လွန်တောင်ကလည်း ဘာမှမပြောသေးဘူး"
ကောင်ငယ်လေးက…
"ကျွန်တော်က ခွန်လွန်တောင်မှာ မဟုတ်ဘူးလေ ၊ ပြီးတော့ အစ်ကိုကြီးပြောတဲ့ အင်အားကြီးအုပ်စုတွေထဲမှာလည်း မပါဝင်ဘူး ၊ ကျွန်တော်တော့ ဝင်ပြိုင်ဖို့မလိုဘူးထင်တယ် ၊ ဟုတ်တယ်မလား"
အဋ္ဌမင်းသားကတော့ ကံကြမ္မာအခွင့်ကောင်းရောင်ဝါများစွာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ယခုဆိုလျှင် လုန်မန်က ချီလင်မျိုးနွယ်မှ ကံကြမ္မာအခွင့်ကောင်းရောင်ဝါကိုပင် ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ ထို့ကြောင့် မည်သူ့ကိုကိုယ်စားပြုပြီး တိုက်ပွဲဝင်မည်ကို မသိနိုင်ပေ။
ပြီးတော့ ကောင်ငယ်လေး…
သူ့တွင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါ တစ်ခုသာလျှင် ရှိလေရာ ဝင်ပြိုင်လိုက်မည်ဆိုလျှင် သေချာပေါက် သူနှင့်သာ ချည်နှောင်ပြီး ဖြစ်ပေမည်။
ကောင်ငယ်လေးက ကောင်တာသို့ လှမ်းကြည့်လိုက်ရင်း…
"ဟုန်ယာ ၊ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲသတင်း တစ်ခုခုများ ကြားသေးလား"
ဟုန်ယာက ခေါင်းခါယမ်းရင်း…
"မကြားဘူး"
ကောင်ငယ်လေးက ကျန်းလန်ကို လှည့်ကြည့်လိုက်ပြီး…
"ဟုန်ယာလည်း မကြားဘူးတဲ့"
အဋ္ဌမမင်းသားက…
"ဒါပေမဲ့ ခွန်လွန်တောင်က ဒီအင်အားကြီးအုပ်စုတွေကို တိုက်ပွဲမှာပါဝင်ဖို့ ပြောတယ်ဆိုတော့ ကျုပ်တို့ကို ထူးချွန်တဲ့သူတွေလို့ သတ်မှတ်တယ်ဆိုရင် နောက်ပိုင်းကျ အကြောင်းကြားမယ်ထင်တယ် ၊ ပြီးတော့ ခွန်လွန်တောင်က ထူးချွန်တဲ့တပည့်တွေ ရွေးချယ်တာကလည်း နည်းနည်းလောက်ပဲ ရွေးချယ်မယ်ထင်တယ်"
ဟုတ်ပေ၏။
အစစ်အမှန်အင်မော်တယ် အဆင့်ငယ် (၄)ဆင့်နှင့် မိုးကောင်းကင်အင်မော်တယ် အဆင့်ငယ် (၄)ဆင့် အတွက် အများဆုံး တပည့် (၈)ယောက်သာလျှင် ရွေးချယ်မည်ထင်၏။
ကောင်ငယ်လေးက စိတ်ဝင်တစားဖြင့်…
"တိုက်ပွဲမှာပါဝင်မယ်ဆိုရင် ဘယ်လိုအခွင့်ကောင်းတွေ ရရှိနိုင်မလဲ"
ကျန်းလန်က…
"ကျင့်ကြံခြင်းအဆင့် မြန်မြန်တက်ဖို့ အခွင့်အလမ်းတွေ ရလာမယ်ထင်တာပဲ"
အမှန်တော့ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲ၏ နောက်ကွယ်မှလူများကသာ အကျိုးအမြတ်အမျာဆုံး ရရှိမည် ဖြစ်သည်။ သို့သော် ပြိုင်ပွဲဝင်များသည်လည်း သေချာပေါက် အကျိုးအမြတ်ရရှိမည်ပင်။
သို့ပေသိ ပြိုင်ပွဲဝင်များက တန်ခိုးစွမ်းအား နည်းပါးကြသည့်အတွက် နောက်ဆက်တွဲကိစ္စများတွင် ပြတ်ပြတ်သားသား ပါဝင်နိုင်ကြမည် မဟုတ်ပေ။
ကျန်းလန်သည်လည်း အတူတူပင် ဖြစ်၏။ တန်ခိုးစွမ်းအား မြင့်မားခြင်း မရှိသေးပေ။ နောက်ထပ်နှစ်ပေါင်း (၁၀၀) ဆိုလျှင်တော့ တန်ခိုးစွမ်းအားမြင့်မားလာတော့မည် ဖြစ်သည်။ ထိုအချိန်တွင် သူ ဒီ့ထက်ပိုပြီး ရှေ့ဆက်နိုင်မည် ဖြစ်သည်။
တာအိုအင်မော်တယ်အထက်တွင်ရှိနေသည့် အဆင့်ကိုတော့ သူ ထိတွေ့နိုင်ပါမည်လား မသိနိုင်သေးပေ။ မည်သို့ပင်ဖြစ်စေ ကျန်းလန်က ရပ်တန့်မည် မဟုတ်ပေ။
သေရည်ဆိုင်မှ ပြန်လာပြီးနောက် ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်လာခဲ့သည်။
အင်မော်တယ်လမ်းစဉ် ထိပ်ဆုံးအဆင့်ကို ရင်ဆိုင်ရာတွင် စိတ်အခြေအနေ အပြောင်းအလဲဖြစ်ရန် လွယ်ကူသည်။ ထိုအရေးကြီးသည့်အခိုက်အတန့်တွင် အမှားအယွင်းမရှိသင့်ပေ။
တောင်ပေါ်ပြန်ရောက်သည်နှင့် ကျန်းလန်က ဝယ်လာသည့် တုတ်ထိုးသကြားလုံးများကို ရှောင်ယွိအား ပေးလိုက်သည်။ ရှောင်ယွိခန္ဓာကိုယ်ထက်တွင် နဂါးအကြေးခွံများ ရှိနေဆဲ ဖြစ်သည်။
ရှောင်ယွိက တုတ်ထိုးသကြားလုံးများကို လှမ်းယူလိုက်ရင်း…
"ဂိုဏ်းတူမောင်လေး ၊ ဒီရက်ပိုင်း ကျွန်မတို့ စိန်ခေါ်ပွဲလုပ်ကြမယ်လေ"
ကျန်းလန်က သူမ၏ဆန္ဒကို မငြင်းဆန်ပေ။
"ကောင်းပြီ"
***
အချိန် (၃)ရက်ခန့် ကြာပြီးနောက်…
နဝမတောင်ထွတ်၏ရင်ပြင်ထက်တွင် ကျန်းလန်က ရှောင်ယွိ၏ နဖူးကို သစ်သားဓားဖြင့် ခေါက်လိုက်သည်။ ရှောင်ယွိက သူမနဖူးကို လက်ဖြင့်အုပ်ရင်း ရင်ပြင်ထက် ထိုင်ချလိုက်သည်။
"ရပ်တော့ ရပ်တော့… ကျွန်မ ရှုံးတာကို ဝန်ခံပြီးပြီလေ ဘာလို့ ဆက်ခေါက်နေရတာလဲ"
ရှောင်ယွိ မကျေမနပ်ဖြင့် ကျန်းလန်ကို ကြည့်လိုက်သည်။
"ဂိုဏ်းတူမောင်လေး… ကျွန်မ ဘာ့ကြောင့် ရှုံးရတာလဲဆိုတာ သိသွားပြီ"
သစ်သားဓားကို ကိုင်ထားရင်း ကျန်းလန် အတော်လေး အံ့အားသင့်သွား၏။ နဝမတောင်ထွတ်ရင်ပြင်သည် ကျန်းလန်၏ ပိုင်နက်ဖြစ်သည့်အတွက် သူမ ရှုံးနိမ့်ရခြင်ဖြစ်ကြောင်း ထိုနဂါးငတုံးမလေး နားလည်သွားလေပြီလား။
ကျန်းလန်က…
"ဒါဖြင့် ဘာကြောင့်လဲ"
ရှောင်ယွိက ကျန်းလန်လက်ထဲမှ သစ်သားဓားကို လှမ်းကြည့်လိုက်ရင်း…
"ဘာလို့လဲဆိုတော့ ကျွန်မတို့ တိုက်ခိုက်တိုင်း ဂိုဏ်းတူမောင်လေးက ကျွန်မရဲ့ သစ်သားဓားကို လုယူသွားတယ်လေ ၊ ပြီးတော့ အဲဒီသစ်သားဓားနဲ့ အမြဲ ခေါင်းကိုခေါက်တယ်"
ကျန်းလန်တိတ်ဆိတ်နေ၏။
ခဏကြာမှ ရှောင်ယွိက ဆက်ပြောသည်။
"နောက်တစ်ခါ စိန်ခေါ်ပွဲကျရင် အဲဒီသစ်သားဓားကို ကျွန်မ မသုံးတော့ဘူး"
ကျန်းလန်က…
"ဒါဖြင့် ဘာထူးမှာလဲ ၊ နောက်တစ်ကြိမ် စိန်ခေါ်ပွဲက နှစ်ပေါင်း (၁၀၀) ကြာမှ လုပ်မှာလေ ၊ အဲဒီအချိန်ကျ ဂိုဏ်းတူအစ်မလည်း အစစ်အမှန်အင်မော်တယ် ကနဦးအဆင့် ၊ ကိုယ်လည်း အစစ်အမှန်အင်မော်တယ် ကနဦးအဆင့် ရောက်နေပြီကို"
ရှောင်ယွိ : "……"
***
တစ္ဆေတိုင်းပြည်။
ကောင်းကင်ကြီးသည် အရင်အတိုင်း အုံ့မှိုင်းနေဆဲ ဖြစ်သည်။ မိုးမရွာသည့်တိုင် အရင်ကလောက်တော့ ခြောက်သွေ့နေခြင်း မရှိတော့ပေ။
ခြံဝင်းတစ်ခုထဲတွင် လူငယ်တစ်ယောက် လက်သီးသိုင်းကို အပြင်းအထန် စနစ်တကျ လေ့ကျင့်လျှက် ရှိသည်။
"ယား…"
"ဟူး…"
ချင်းမုက စွမ်းအားများကို လက်သီးတါင ်စုစည်းရင်း ဆက်လက်လေ့ကျင့်နေသည်။ သူ၏ စွမ်းအားများက အရင်ကထက် တိုးတက်လာခဲ့ပြီး လက်သီးသိုင်းကလည်း ပိုမိုအစွမ်းထက်ကာ အားကောင်းလာခဲ့သည်။
သူက တစ္ဆေတိုင်းပြည်တွင် နံပတ်တစ် လက်သီးသိုင်းသမား ဖြစ်ချင်ခဲ့သည်။ နောင်တစ်ချိန် လက်သီးနတ်ဘုရား သေဆုံးသွားခဲ့လျှင် သူက လက်သီးနတ်ဘုရား၏ နေရာကို အမွေဆက်ခံမည် ဖြစ်သည်။
သူက တစ္ဆေတိုင်းပြည်၏ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားအသစ် ဖြစ်ချင်သည်။ ထိုအချိန်ရောက်လျှင် နတ်မိစ္ဆာများရော ခွန်လွန်တောင်ပါ သူ၏ လက်သီးအောက်တွင ်တုန်လှုပ်သွားကြပေလိမ့်မည်။
သူ၏ လက်သီးချက် ဖြတ်သန်းသွားသည့် မည်သည့်နေရာတွင်မဆို ရန်သူများ အသက်ပျောက်ကြရမည် ဖြစ်၏။
"ဘုန်း"
ပြင်းထန်သည့် စွမ်းအားတစ်ခုက ကောင်းကင်ထက်ပျံတက်သွားသည်။ ချင်းမု၏ လက်သီးစွမ်းအားပင် ဖြစ်သည်။
တစ္ဆေတိုင်းပြည်ရှိ ပြည်သူပြည်သားများအားလုံးက လက်သီးသိုင်းကို စနစ်တကျတတ်ကျွမ်းကြသည်။ သူကတော့ အတော်ဆုံးနှင့် တန်ခိုးစွမ်းအား အမြင့်မားဆုံး ဖြစ်ချင်ခဲ့သည်။
ထိုအချိန် ခြံဝင်းထဲသို့ အမျိုးသမီးတစ်ယောက် ရောက်လာပြီး…
"ချင်းမု"
ချင်းမုက လက်သီးသိုင်းလေ့ကျင့်နေသည်ကို ရပ်တန့်လိုက်ပြီး အမျိုးသမီး၏အနားသို့ ရောက်လာသည်။
"အမေ… ဘာဖြစ်လို့ခေါ်တာလဲ"
အမျိုးသမီးက…
"သား… မင်း အသက်မငယ်တော့ဘူးလေ ၊ မင်းအဖေ မင်းအသက်အရွယ်တုန်းက မင်းကိုတောင်ရနေပြီ"
"အမေ… ကျွန်တော်က ငယ်ပါသေးတယ် ၊ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားရဲ့လက်အောက်မှာ နံပါတ် (၁) စစ်နတ်ဘုရား ဖြစ်ခွင့်ရချင်သေးတယ် ၊ အခု အိမ်ထောင်ပြုဖို့ အချိန်မတန်သေးပါဘူး ၊ လုပ်စရာအလုပ်တွေ အများကြီး ရှိသေးတယ်လေ"
ချင်းမုက နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရင်း…
"အဖေက ငယ်ငယ်ရွယ်ရွယ်နဲ့ ကျွန်တော့်ကို မွေးခဲ့လို့ ရွာမှာပဲ ခြေချုပ်မိနေတာပေါ့"
သူကတော့ စောစောစီးစီး အိမ်ထောင်မပြုနိုင်သေးပေ။
ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား၏ လက်အောက်တွင် နံပါတ် (၁) စစ်နတ်ဘုရား ဖြစ်ချင်သေးသည်။ ပြီးတော့ တစ္ဆေတိုင်းပြည်၏ နံပါတ် (၁) လက်သီးသိုင်းသမားလည်း ဖြစ်လိုခဲ့သည်။
နောင်တစ်ချိန် လက်သီးနတ်ဘုရားသေဆုံးသွားပါက သူက လက်သီးနတ်ဘုရားအသစ်ဖြစ်လာမည် ဖြစ်သည်။ ယခုအချိန် အိမ်ထောင်ပြုမည်ဆိုပါက သူ့အနာဂတ် ပျက်စီးသွားပေလိမ့်မည်။
အမျိုးသမီးက ချင်းမုကိုကြည့်ရင်း မည်သည့်စကားမှ ဆက်မပြောတော့ပေ။ သူမက ဒီအတိုင်း ပြောလိုက်မိခြင်းသာ ဖြစ်သည်။
သူမက…
"သြော်… ဒါနဲ့ ဧကရာဇ်ယိုတုက ထူးချွန်တဲ့သူတွေ ရွေးချယ်တာ စတင်နေပြီလို့ အမေ သတင်းကြားတယ် ၊ သူက စွမ်းအားကြီးပြီး တစ္ဆေတိုင်းပြည်အပြင်ကို ထွက်နိုင်စွမ်းရှိတဲ့ လူသစ်တွေကို ရွေးချယ်နေတယ်တဲ့"
"ဟုတ်တယ်… ၊ ကျွန်တော်လည်း သတင်းကြားတယ် ၊ စာရင်းသွင်းဖို့ သွားလျှောက်သေးတယ်လေ ၊ သူတို့က ကျွန်တော့်ကို စာရင်းသွင်းဖို့ အရည်အချင်းမရှိဘူးဆိုပြီး ပြန်လွှတ်လိုက်တယ်"
ထို့နောက် ချင်းမုက မျက်မှောင်များ ကြုတ်လိုက်ရင်း…
"ဧကရာဇ်ယိုတုက ကျွန်တော့်ကို ပစ်မှတ်ထားနေသလို ခံစားရတယ် ၊ သူက ကျွန်တော်က လက်သီးပဲထိုးတတ်ပြီး ဦးနှောက်မရှိဘူးလို့ ထင်နေတာဖြစ်ရမယ်"
အမျိုးသမီးက ချင်းမုကို ကြည့်လိုက်ရင်း…
"သားက အဲဒီတိုက်ပွဲကို သွားချင်လို့လား ၊ အန္တရယ်များတယ်နော်"
သူမတွင် သားတစ်ယောက်သာ ရှိလေရာ ချင်းမုက သူမအတွက် အလွန်အရေးကြီးလေသည်။
ချင်းမုက…
"သွားချင်တာပေါ့ ၊ ကျွန်တော်သာ မသွားရဘူးဆိုရင် တစ္ဆေတိုင်းပြည်က နံပါတ် (၁) လက်သီးသိုင်းသမားဖြစ်တယ်ဆိုတာ တခြားသူတွေ ဘယ်လိုလုပ် သိတော့မှာလဲ ၊ ပြီးတော့ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားလက်အောက်က နံပါတ် (၁) စစ်နတ်ဘုရားလည်း ဘယ်လိုလုပ် ဖြစ်လာနိုင်တော့မှာလဲ"
သို့သော် သူ့ပုံစံက စိတ်ပျက်လက်ပျက်ဖြစ်နေသည်။
တိုက်ပွဲသွားရဖို့ နေနေသာသာ စာရင်းသွင်းရန်ပင် အရည်အချင်းမရှိဟု ပြောဆိုခံခဲ့ရသည် မဟုတ်လား။
အမျိုးသမီးက သက်ပြင်းချလိုက်ရင်း သစ်သားပြားတစ်ခုကို ချင်းမုထံ ကမ်းပေးလိုက်သည်။ ထိုသစ်သားပြားထက်တွင် "ယိုတု" ဆိုသည့် စာလုံး (၂)လုံး ရေးထိုးထားသည်။
"ဒါက သားအတွက်ပါ"
ချင်းမုက သစ်သားပြားကို ယူလိုက်ပြီး စူးစူးစိုက်စိုက်ကြည့်လိုက်ရင်း…
"အမေ… ဒါက ဘာလဲ"
အမျိုးသမီးက…
"ထူးချွန်တဲ့သူတွေ ရွေးချယ်တဲ့နေရာမှာ သား စာရင်းသွင်းခွင့်မရတာက ဧကရာဇ်ယိုတုက သားကို တမင်သက်သက်နှိမ်တာလည်းမဟုတ်သလို ပစ်မှတ်ထားတာလည်း မဟုတ်ပါဘူး ၊ အဲဒီအစား သူက သားကို အထူး ထူးချွန်အဖွဲ့ဝင်တစ်ယောက်အဖြစ် သတ်မှတ်ထားလို့ စာရင်းသွင်းစရာ မလိုတော့တာပါ"
ဘာကြောင့်မှန်း နားမလည်သော်လည်း ဧကရာဇ်ယိုတုက ချင်းမုကို အမှန်တကယ်ပင် တန်ဖိုးထားလေသည်။
ဧကရာဇ်ယိုတုက သားဖြစ်သူကို တန်ဖိုးထားသည်မှာ…
သူမက ခြံဝင်းထဲမှ လက်သီးနတ်ဘုရား၏ရုပ်တုကို တစ်ချက်လှမ်းကြည့်လိုက်သည်။
လက်သီးနတ်ဘုရား၏ တန်ခိုးစွမ်းအားကို လူတိုင်း ကိုယ်တိုင်ကိုယ်ကျ မခံစားခဲ့ကြရပေ။ သို့သော် ချင်းမုက ခံစားရလေသည်။
ဤသည်မှာ ကံတရားချည်းသက်သက် မဟုတ်သည်မှာ ထင်ရှားသည်။
ချင်းမု စိတ်လှုပ်ရှားသွားဟန်ဖြင့်…
"တကယ်လား အမေ"
အမျိုးသမီးက ခေါင်းညိတ်လိုက်ရင်း…
"အမေ ညစာစားဖို့ မင်းအဖေကို သွားခေါ်လိုက်ဦးမယ်"
"ဟုတ်… အဲဒါဆို ကျွန်တော် သွားနှင့်တော့မယ်နော်… ဟားဟား…"
ပြောပြီးသည်နှင့် ချင်းမုသည် ပျော်ရွှင်စွာ ပြေးထွက်သွားလေတော့သည်။
***