← Chapters

ရှေးဟောင်းဧကရာဇ်အနိမ့်ပိင်းနန်းတော်အတွင်းသို့ ဝင်ရောက်ခြင်း

Vol. 36 Ch. 495

ရှေးဟောင်းဧကရာဇ်အနိမ့်ပိင်းနန်းတော်အတွင်းသို့ ဝင်ရောက်ခြင်း

Vol. 36 Ch. 495

မွန်းတည့်ချိန်…

ကျန်းလန်က ရှောင်ယွိကို တတိယတောင်ထွတ်သို့ လိုက်ပို့ပေးလေသည်။

တောင်ခြေသို့အရောက်တွင် ရှောင်ယွိက ခန္ဓာကိုယ်ကို တစ်ချက်လှည့်ပတ်လိုက်ပြီး လုန်ယွိအသွင် ကူးပြောင်းသွားသည်။

သူမက…

"ဂိုဏ်းတူမောင်လေး ၊ ကျွန်မပုံစံ အဆင်ပြေတယ်မဟုတ်လား"

သူမ ကြည့်ကောင်းသည်လားဟု ကျန်းလန်အား အတည်ပြုမေးမြန်းလိုက်ခြင်းပင်။

ကျန်းလန်က…

"အင်း… အဆင်ပြေတယ်"

လုန်ယွိဝတ်ဆင်ထားသည့်အဝတ်အစားများက ချပ်ချပ်ရပ်ရပ်ဖြင့် သူမ၏ ရှည်သွယ်သောအရပ်နှင့် လိုက်ဖက်ညီလှလေရာ အလွန်ပင် ကြည့်ကောင်းသည်။

မနက်မိုးလင်းစဉ်ကလည်း သူမက ထိုသို့တစ်ခါ မေးသေးသည်။ ယခုလည်း ထပ်မံအတည်ပြုနေပြန်သည်။

"ဒါဖြင့် ကျွန်မ တောင်ပေါ်တက်ပြီး ဆရာ့ကိုသွားတွေ့တော့မယ်"

ပြောပြီးသည်နှင့် လုန်ယွိက ကျန်းလန်ကို လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်သည်။

တတိယတောင်ထွတ်၏ တောင်သခင်မကျူးချင်သည် အမြဲတမ်း ကျင့်ကြံနေသည့်အတွက် သူမနေထိုင်ရာနေရာသို့ အခြားလူများ ဝင်ရောက်ရန် အလွန်ခက်ခဲသည်။ ယောကျ်ားလေးတစ်ယောက် သူမကို ဝင်ရောက်တွေ့ဆုံရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

ထို့ကြောင့် ကျန်းလန်က လုန်ယွိကို စေလွှတ်ကာ ဆရာဒေါ်လေးကျူးချင်ကို ရှာဖွေစေခဲ့ခြင်း ဖြစ်သည်။

လုန်ယွိ တောင်ပေါ်တက်သွားသည်ကို မျက်စိတစ်ဆုံးငေးကြည်နေပြီးမှ တတိယတောင်ထွတ် တောင်ခြေမှ ကျန်းလန် ထွက်လာခဲ့သည်။

သူက အထီးကျန်းမန္တန်ကို အသုံးပြုထားသည့်အတွက် လမ်းတစ်လျှောက် သူ့ကို မည်သူမှ သတိမထားခဲ့မိကြပေ။ လူသားအင်မော်တယ်များနှင့် အစစ်အမှန်အင်မော်တယ်များသည်ပင် ထူးခြားသည့်တန်ခိုးစွမ်းအား မပိုင်ဆိုင်ပါက သူ့ကို သတိထားမိကြမည် မဟုတ်ပေ။

ထူးခြားသည့်တန်ခိုးစွမ်းအား ရှိသည်ဟုဆိုရာတွင် ခွန်လွန်တပည့်များအတွက် ပြဿနာမရှိသော်လည်း သူလျှိုများအတွက်တော့ ပြဿနာ ရှိသည်။

ထိုနေ့ညတွင် တောင်သခင် (၂)ယောက်ကိုယ်တိုင် လာရောက်သုတ်သင်သည့် ရွှေပြဒါးအမြုတေတပည့်ကို ကျန်းလန် မှတ်မိသတိရနေသေးသည်။

ထိုတပည့်က အထီးကျန်မန္တန်ကို ထိုးဖောက်ပြီး ကျန်းလန်ကို သတိထားမိနိုင်သည့် ထူးခြားသည့်တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ထိုသူ အသတ်ခံရခြင်းမှာ ဧကရာဇ်ရှီးဟယ်နှင့် ဆက်စပ်နေနိုင်သည်။ အသေးစိတ်ကို မသိသော်လည်း မကြာခင်မှာ သိလာနိုင်ပေလိမ့်မည်။

ယခုတော့ ပျက်သုဉ်းတစ်စပြင်လောကကြီး၏ အခြေအနေနှင့်ပတ်သက်ပြီး သတင်းများနားထောင်ရန်နှင့် ထူးချွန်သည့်တပည့်များရွေးချယ်သည့်အကြောင်းများကို သိရှိရန် တပည့်များစွာ စုဝေးရာအရပ်ဆီသို့ ကျန်းလန် ထွက်လာခဲ့၏။

ခဏကြာသည့်အခါ တောင်သခင်များနှင့် အကြီးအကဲများ သင်ကြားပို့ချမှုများ ပြုလုပ်ပေးလေ့ရှိသော ရင်ပြင်ဆီသို့ ရောက်ရှိလာသည်။ ဤနေရာတွင် တပည့်များ စုဝေးပြီးကိစ္စရပ်များကို စိတ်အားထက်သန်စွာ ဆွေးနွေးလေ့ရှိကြသည်။

တပည့်တစ်ယောက်က…

"ထူးချွန်တဲ့တပည့်တွေရွေးချယ်ဖို့ စာရင်းပေးလို့ရနေပြီနော် ၊ ဒီတစ်ခါ ဘယ်သူတွေ ရွေးချယ်ခံရမယ်ထင်သလဲ"

အခြားတပည့်တစ်ယောက်က…

"ခွန်လွန်တောင်က ထောင်ထွတ်ကြီးကိုးခုမှာ တပည့်တွေမှ အများကြီးပဲ ၊ အခုက စုစုပေါင်း (၈)ယောက်ပဲ ရွေးခြယ်မှာဆိုတော့ ဘယ်သူတွေ ရွေးခြယ်ခံရမလဲဆိုတာ ခန့်မှန်းဖို့ တော်တော်ခက်တယ်"

"ဒါပေမဲ့ တံခါးပိတ်ကျင့်ကြံနေကြတဲ့သူတွေထဲမှာလည်း တန်ခိုးစွမ်းအားမြင့်မားတဲ့သူတွေ ရှိနေသေးတာပဲလေ"

"အဲဒါတွေ ပြောမနေနဲ့ ၊ ရွေးချယ်ခံရမယ့်သူအများစုက ပထမတောင်ထွတ်နဲ့ အဋ္ဌမတောင်ထွတ်က လူတွေပဲ ဖြစ်မှာပဲ ၊ နဝမတောင်ထွတ်ကတော့ လူတစ်ယောက်မှ ရှိမှာမဟုတ်ဘူး ၊ ကျုပ်အထင်ပြောရရင် နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုက အစစ်အမှန်အင်မော်တယ် မဖြစ်သေးဘူးလေ"

"ဒါတော့အမှန်ပဲ ၊ ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုလုကျန်းကတော့ မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့်ဆိုတော့ သေချာပေါက် ရွေးချယ်ခံရမယ်ထင်တယ်"

"အင်း… ဖြစ်နိုင်တယ် ၊ ပြီးတော့ အစစ်အမှန်အင်မော်တယ် ကနဦးအဆင့်ထဲမှာဆိုရင် ဂိုဏ်းတူအစ်ကိုပေဖန်း ရွေးချယ်ခံရမယ်ထင်တယ်နော်"

"မဖြစ်နိုင်ဘူး ၊ ဟိုတလောကမှ တံခါးပိတ်ကျင့်ကြံခြင်းကထွက်လာတဲ့ ပထမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကုချီကို မေ့ထားလို့မရဘူး ၊ သူ့ရဲ့တန်ခိုးစွမ်းအားက ကြောက်စရာကောင်းလောက်အောင်ပြင်းထန်ပြီး တိုက်ခိုက်နိုင်စွမ်းလည်း မြင့်မားတယ် ၊ ဂိုဏ်းတူအစ်ကိုပေဖန်းက တန်ခိုးစွမ်းအားမြင့်မားတာမှန်ပေမယ့် တိုက်ရည်ခိုက်ရည်ကျ ဂိုဏ်းတူအစ်ကို ကုချီကို မမီဘူးလေ"

လူတိုင်းက ထိုအကြောင်းအရာကို ဆွေးနွေးနေကြသည်။

ထို့နောက်တွင်တော့ ပျက်သုဉ်းတစ်စပြင်လောကကြီးမှ အဖြစ်အပျက်များကို ဆက်လက်ဆွေးနွေးကြပြန်သည်။

"အင်အားကြီးအုပ်စုတွေ အများကြီးလာမယ်ထင်တာပဲ ၊ မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲနဲ့တောင် ဆင်တူတယ် ၊ ပိုပြီးတောင် ကြီးကျယ်ချင် ကြီးကျယ်ဦးမှာ"

"ကျုပ် ကြားတာတော့ တစ္ဆေတိုင်းပြည်ကတောင် လာမှာတဲ့ ၊ မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲတုန်းက သူတို့ မလာကြဘူးလေ"

"အမှန်ပဲ ၊ ဒါပေမဲ့ တခြားအုပ်စုတွေက လူရွေးချယ်ပွဲ မလုပ်သေးဘူးထင်တယ် ၊ ဘာသတင်းမှ မကြားရဘူး"

"ကျုပ်တို့က အိမ်ရှင်မို့လို့ တခြားသူတွေထက် ခြေတစ်လှမ်းသာဖို့ လုပ်တာနေမှာပေါ့ ၊ ပြီးတော့ မင်းတို့ သတင်းကြားကြတယ် မဟုတ်လား ၊ အခု ပျက်သုဉ်းတစ်စပြင်လောကကြီးမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေအကုန် ရပ်တန့်သွားပြီ ၊ ကြည့်ရတာ သူတို့အားလုံး လိုချင်တာ ရသွားလို့နေမယ်"

"အမှန်ပဲ… အဲဒီသတင်း ကျုပ်လည်းကြားတယ် ၊ နတ်မိစ္ဆာတွေနဲ့ တစ္ဆေတိုင်းပြည်တို့တောင် တိုက်နေတာ ရပ်သွားပြီ ၊ နတ်လူသားမျိုးနွယ်တွေနဲ့ ဇာမဏီမျိုးနွယ်တွေလည်း တိုက်ပွဲရပ်သွားတာ ကြာပြီတဲ့"

"ဟုတ်တယ် ၊ အရှေ့ဘက်စွန့်ပစ်နယ်မြေနဲ့ တောင်ပိုင်းစွန်းပစ်နယ်မြေတွေမှာလည်း ဘယ်သူမှ မတိုက်ခိုက်ကြတော့ဘူး"

"အေးလေ ၊ ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံး တိုက်ပွဲတွေ ဖြစ်တာ မရိုးရှင်းဘူး ၊ အင်အားကြီးအုပ်စုအားလုံးက တစ်ခုခု ကြံစည်နေကြတာ ဖြစ်ရမယ် ၊ အခု သူတို့လိုချင်တာ ရပြီဆိုတော့ တိုက်ပွဲတွေ အဆုံးသတ်သွားပြီပေါ့"

"ပြီးတော့ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲ ပြုလုပ်ရတဲ့အကြောင်းရင်းကလည်း အဲဒါကြောင့် ဖြစ်နိုင်တယ်"

"အမှန်ပဲ ၊ သူတို့ ဘာတွေ ကြံစည်နေကြတာလဲ"

"ဟ… ကျုပ်ကို လာမမေးနဲ့လေ ၊ ဘယ်သိမလဲဗျ"

သူတို့စကားပြောသည်ကို ကျန်းလန်က ဘေးမှ နားထောင်နေခဲ့သည်။ ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် တိုက်ပွဲများ အဆုံးသတ်သွားပြီ ဖြစ်သည်။ သို့သော် အင်အားကြီးအုပ်စုများအနေဖြင့် ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲနှင့်ပတ်သက်ပြီး သိရှိကြဟန် မတူသေးပေ။

ကြည့်ရသည်မှာ ဧကရာဇ်ရှီးဟယ်က အခြားအင်အားကြီးအုပ်စုများကို အသိပေးဟန် မရှိသေးပေ။

သို့ပေသိ…

ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲအတွက် လူရွေးချယ်ရမည်ဆိုလျှင် သူ့တွင်တော့ တစ်ယောက်သာလျှင် ရှိသည်။ သေရည်ဆိုင်မှ ကောင်ငယ်လေး ဖြစ်၏။

ထို့ပြင် ရှေးဟောင်းဧကရာဇ် အနိမ့်ပိုင်းနန်းတော်သို့လည်း သွားရောက်ကြည့်ရှုရန်လိုအပ်သည်။ ထိုနေရာသို့ မသွားခင် ဆရာဖြစ်သူကို သွားရောက်တွေ့ဆုံပြီး ကောင်းကင်ဘုံတွင် မည်သို့ရပ်တည်ရမည်ကို မေးမြန်းရမည် ဖြစ်သည်။

အထက်ဘုံများအကြောင်း များများစားစား မသိသော်လည်း ထိုအကြောင်းများကို မေးမြန်းရန်လည်း အကြောင်းအရာများစွာ မရှိလှပေ။

***

နဝမတောင်ထွတ်အစွန်း။

"ကောင်းကင်ဘုံမှာ ဘယ်လို ရပ်တည်မလဲ ၊ ဟုတ်လား… ဧကရာဇ်ရှီးဟယ်က မင်းကို ဒီမေးခွန်းမေးခိုင်းလိုက်တာလား"

မော့ကျန်းသုန့်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

ကျန်းလန်က ခေါင်းညိတ်ရင်း…

"ဟုတ်ပါတယ်"

မော့ကျန်းသုန့်က…

"အဲဒါ ထောင်ချောက်ပဲ"

ထို့နောက် သူက ဆက်ရှင်းပြသည်။

"အဒီကိစ္စနဲ့ပတ်သက်ပြီး ခွန်လွန်တောင်ရဲ့ တောင်သခင် (၉)ယောက်လုံးမှာ သဘောထားကွဲလွဲမှုတွေ ကိုယ်စီရှိနေကြတယ် ၊ အမြင်တစ်ခုစီက လမ်းကြောင်းတစ်ခုကို ကိုယ်စားပြုတယ် ၊ မင်းကို အမြင်တစ်ခုအကြောင်းပြောပြလိုက်ရင် မင်း အဲဒီအကြောင်းအရာအတိုင်း ဘောင်ခတ်ခံလိုက်ရပြီး ကိုယ်ပိုင်အတွေးအခေါ် ပိတ်ဆို့သွားလိမ့်မယ် ၊ ဒါပေမဲ့ ဧကရာဇ်ရှီးဟယ်က တစ်ခုခုကို အတည်ပြုချင်လို့ မင်းကို ဒီမေးခွန်းမေးခိုင်းလိုက်တာ ဖြစ်လိမ့်မယ်"

တစ်ခုခုကို အတည်ပြုရန်တဲ့လား။

ကျန်းလန် ချက်ချင်းပင် နားလည်သွားသည်။

ဧကရာဇ်ရှီးဟယ်က သူက တပည့်ရင်းတစ်ယောက် ဟုတ် မဟုတ် အတည်ပြုလိုခြင်း ဖြစ်နိုင်သည်။ တစ်ချိန်တည်းမှာပင် သူက မည်သည့်တောင်ထွတ်မှ ဖြစ်ကြောင်း သိရှိသွားပေလိမ့်မည်။

နဝမတောင်ထွတ်မှ ဖြစ်ကြောင်း သိရှိသွားပါက သူ့အကြောင်း ဘူးပေါ်သလို ပေါ်သွားပေလိမ့်မည်။ ဧကရာဇ်ရှီးဟယ်သည်ကား အပြည့်အ၀ ယုံကြည်၍ မရသူပင်။

မော့ကျန်းသုန့်က ထိုအကြောင်းကို ဆက်မပြောတော့ပေ။

သူက ကျန်းလန်ကို တစ်ချက်ကြည့်လိုက်ရင်း…

"မင်း လျှောက်လှမ်းရမယ့်လမ်းက သိပ်ကို ရှည်လျားတယ် ၊ အခြားသူတွေ ဘာအတွက တိုက်ခိုက်နေကြတာလဲဆိုတဲ့ အကြောင်းရင်းနဲ့ မင်းနဲ့က ဘာမှမဆိုင်ဘူး ၊ အရမ်းကွာခြားလွန်းတယ် ၊ ဒီတော့ သူတို့ အရူးလုပ်တာကို မခံနဲ့ ၊ မင်း လျှောက်လှမ်းနေတဲ့လမ်းက သူတို့နဲ့ ထပ်တူကျမှာ မဟုတ်ဘူး"

"ကောင်းကင်ဘုံမှာ ဘယ်လိုရပ်တည်မလဲဆိုတာ မင်းအနေနဲ့ သိစရာမလိုသေးဘူး ၊  ဧကရာဇ်ရှီးဟယ်က မင်းကို နားလည်နိုင်မယ့်သူ မဟုတ်ဘူး ၊ အနာဂတ်မှာ မင်းက အဆုံးမရှိဖြစ်နိုင်ခြေတွေနဲ့ ပြည့်နက်နေတယ် ၊ ဒီတော့ မင်း ကောင်းကင်ဘုံမှာ ရပ်တည်ချင်တယ်ဆိုရင် ဘာဖြစ်သွားမလဲ ၊ မင်း ချုပ်နှောင်ကန့်သတ်ခံရတော့မှာပေါ့ ၊ ဒါကြောင့် မင်း ဘာမှ ပြောင်းလဲစရာမလိုဘူး ၊ အခုဆိုရင် မင်းရဲ့လမ်းက အရမ်းတည်ငြိမ်နေပြီ"

"ဒီတော့ မင်းရဲ့ ကိုယ်ပိုင်လမ်းကြောင်းကို ကန့်သတ်ထားစရာ မလိုဘူး ၊ ရှေ့ဆက်ဘာဖြစ်မလဲဆိုတာကို မသိခြင်းကပဲ ရှေ့ဆက်လျှောက်ရမယ့်လမ်းက မင်းအတွက် ပွင့်လင်းနေတယ်လို့ ဆိုလိုတာပါပဲ ၊ တခြားသူတွေအတွက်တော့ ဒီလို လမ်းကြောင်းမျိုးက မသင့်တော်ပေမယ့် မင်းအတွက်တော့ သင့်တော်ပါတယ်"

ကျန်းလန် ခေါင်းညိတ်လိုက်သည်။ ဆရာဖြစ်သူ ရှင်းပြသည့်စကားများကို သူ နားလည်သည်။ သူ့အနေဖြင့် အပြောင်းအလဲပြုလုပ်စရာမလိုဘဲ ကိုယ့်လမ်းကိုယ်ဆက်လျှောကနေရန်သာ ရှိသည်။

ထိုသို့ဖြင့် တဖြည်းဖြည်း တန်ခိုးစွမ်းအားမြင့်မားလာပြီး ဆရာဖြစ်သူကို ကျော်တက်နိုင်မည် ဖြစ်သည်။ ထို့နောက် ခွန်လွန်တောင်ဂိုဏ်းချုပ်ထက် သာလွန်အောင် ကျင့်ကြံရပေမည်။

တာအိုအင်မော်တယ်အဆင့်၏အထက်တွင် မည်သည့်အဆင့်ရှိနေသေးကြောင်း မသိရှိသော်လည်း သူကတော့ ထိုလမ်းကြောင်းကို အစွမ်းကုန် လျှောက်လှမ်းမည် ဖြစ်သည်။

သို့မှသာ ဆရာဖြစ်သူ၏တာဝန်ကို လွှဲပြောင်းယူပြီး နဝမတောင်ထွတ်ကို ကာကွယ်နိုင်မည် ဖြစ်သည်။

ထို့နောက် ဆရာနှင့်တွေ့တုန်း ဆရာဖြစ်သူကို မိန်းမပေးစားမည့်ကိစ္စကိုလည်း အာရုံစိုက်ပေးရန် စဉ်းစားလိုက်သည်။

ကျန်းလန်က စူးစမ်းလိုစိတ်ဖြင့် မေးခွန်းထုတ်လိုက်သည်။

"ဆရာ… ဆရာဒေါ်လေးမြောင်ယွဲ့က ဘယ်လိုလူစားမျိုးလို့ ထင်လဲ"

မော့ကျန်းသုန့်က မျက်မှောင်ကြုတ်လိုက်ရင်း…

"မြောင်ယွဲ့လား…"

"ခွန်လွန်တောင်က တောင်သခင်တွေ အတော်များများက သူ့ကြောင့် ခေါင်းကိုက်နေကြရပေမယ့်… သူက မင်းအပေါ်တော့ အတော်လေး ကောင်းရှာပါတယ် ၊ ပြီးတော့ တခြားသူတွေ သူ့အပေါ် ဘယ်လိုမြင်လဲဆိုရင်တော့ မြောင်ယွဲ့က ဘယ်သူနဲ့မှ အဆင်ပြေအောင်နေတဲ့သူ မဟုတ်ဘူး"

ကျန်းလန် : "……"

ထိုအကြောင်းများက သူ သိပြီးသား ဖြစ်သည်။ သူ မေးမြန်းလိုက်သည်က ဆရာဒေါ်လေးမြောင်ယွဲ့အပေါ် ဆရာဖြစ်သူ၏ ကိုယ်ပိုင်ထင်မြင်ချက် ဖြစ်သည်။

သို့ပေသိ ကျန်းလန် နောက်ထပ်မေးခွန်းများကို မမေးဝံ့တော့ပေ။ ဆရာဖြစ်သူက သဘောပေါက်လွယ်သူ ဖြစ်သည်။ ယခု  သူလုပ်ရမည်မှာ ဆရာနှင့် ဆရာဒေါ်လေးမြောင်ယွဲ့ အပြန်အလှန် ရင်းနှီးနိုင်စေမည့် အချိန်တစ်ခုဖန်တီးပေးရန် ဖြစ်သည်။

အရင်တုန်းက သူနှင့် ရှောင်ယွိလိုပင် ဖြစ်သည်။

သို့သော် ခက်သည်က သူနှင့် ရှောင်ယွိက စေ့စပ်ထားသူများ ဖြစ်သည့်အတွက် တည်တည်ငြိမ်ငြိမ်နှင့်ပင် အဆင်ပြေသွားကြသည်။

ဆရာဖြစ်သူနှင့် ဆရာဒေါ်လေးမြောင်ယွဲ့တို့က စေ့စပ်ထားသူများ မဟုတ်ကြလေရာ မည်သို့ကူညီပေးရပါမည်နည်း။ သူတို့ (၂)ယောက်ကိုလည်း အတင်းအကျပ် စေ့စပ်ပါရန် မည်သူမှ တိုက်တွန်းဝံ့မည် မဟုတ်ပေ။

ကျန်းလန် သက်ပြင်းချလိုက်သည်။ ဤကိစ္စကို သူ မတတ်နိုင်ခဲ့ပေ။ အချိန်ယူပြီး စောင့်ကြည့်ရန်သာ ရှိသည်။

သူ အမှားအယွင်းလုပ်မိပါက ဆရာဖြစ်သူက ဆရာဒေါ်လေးမြောင်ယွဲ့ကိုပင် ရှောင်နေပေလိမ့်မည်။

***

မရဏဂူထဲတွင်…

ကျန်းလန် ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်သို့ သွားရောက်ရန် စီးစဉ်နေသည်။

ဤခရီးစဉ်တွင် အန္တရယ်အရှိဆုံးမှာ နတ်လူသားမျိုးနွယ် ယွင်ရှောင်း မိုးကောင်းကင်ခုံရုံးတွင် သူ့ကို စောင့်နေမည်လားဆိုသည့်အချက်ပင်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်လေရာ ယွင်ရှောင်းအနေဖြင့် ထိုနေရာတွင် စောင့်နေရန်မှာ ဖြစ်နိုင်ခြေတော့ သိပ်မရှိပေ။ မည်သို့ပင်ဖြစ်စေ သူ သတိထားရန် လိုအပ်သည်။

ထိုသူက သာမန်လူများနှင့်မတူလေရာ စောင့်နိုင်သရွေ့ အေးအေးဆေးဆေးပင် စောင့်ဆိုင်းနေနိုင်လေသည်။

သေချာတာတစ်ခုမှာ အရင်က သူတို့ ယှဉ်ပြိုင်စဉ်က ယွင်ရှောင်းက တာ့လော်အင်မော်တယ်သာ ဖြစ်သည်။ ယခု ကျန်းလန်သည်ပင် တာ့လော်အင်မော်တယ်အဆင့် အောင်မြင်သွားပြီဖြစ်ရာ ထိုသူက တာအိုအင်မော်တယ် ဖြစ်နေလောက်ပေပြီ။

နတ်ဘုရားရာထူးနှင့် ချိတ်ဆက်ပြီး ကျန်းလန်၏ စိတ်အာရုံက ကောင်းကင်ဘုံရှိရာသို့ တဖြည်းဖြည်းတက်လာခဲ့သည်။

ရန်သူကို အချိန်မရွေးရင်ဆိုင်ရန်လည်း အသင့်ပြင်ထား၏။

မကြာမီ မိုးကောင်းကင်ခုံရုံးရှိရာသို့ ရောက်ရှိလာသည်။ ယခင်တစ်ခေါက်က မိုးကောင်းကင်ခုံရုံးရှိရာမှာ တိုက်ရိုက်ပြန်လည်ဆင်းသက်လာသည့်အတွက် ယခုလည်း မိုးကောင်းကင်ခုံရုံးရှိရာသို့ပင် ရောက်ရှိလာခြင်း ဖြစ်သည်။

ရန်သူက သူ့ကို စောင့်ဆိုင်းနေမည်လား မသေချာသော်လည်း အခြားမည်သူ့ကိုမှ ထိုနေရာတွင် တွေ့မြင်ရခြင်း မရှိပေ။

မိုးကောင်းကင်ခုံရုံးအောက်တွင် ကျန်းလန် မတ်တတ်ရပ်နေသည်။

သူက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရင်း...

"ထွက်လာစမ်း"

ကျန်းလန်၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ထို့နောက် ယွင်ရှောင်းထွက်လာမည်လားဟု သူ အတန်ကြာအောင် စောင့်နေခဲ့သည်။ သို့ပေသိ မည်သူမှ ထွက်မလာခဲ့ပေ။

အချိန်အတန်ကြာပြီးနောက် ဤနေရာတွင် မည်သူမှမရှိကြောင်း သေချာသွားသည်။

ထိုအခါမှ ကျန်းလန်လည်း မိုးကောင်းကင်ခုံရုံးမှထွက်ခွာလာပြီး ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။

အဆုံးမဲ့အမှဗာင်ထုကို ရင်ဆိုင်ဖြတ်ကျော်လာရင်း အမှောင်ထုထဲတွင် မည်သည့်အရာများတည်ရှိကြောင်း ရုတ်တရက် သိချင်လာသည်။ အမှောင်ထုကို ဖြိုခွင်းနိုင်မည့် အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့လျှင် သူ ဘာကို မြင်တွေ့ရမည်နည်း။

ကောင်းကင်ဘုံရင်ဆိုင်ခဲ့ရသည့် အန္တရယ်များ ၊ သို့မဟုတ် ရှေးဟောင်းဧကရာဇ်နန်းတော် ပျက်စီးခဲ့ရသည့် အမှန်တရားကို သူ တွေ့မြင်နိုင်မည်လား။

မသိရှိနိုင်သော်လည်း အလင်းရောင် ရှိလျှင်တောင်မှ သူ ထွန်းညှိမကြည့်ဝံ့ပေ။

အလင်းရောင်မရှိသည်က အရာအားလုံး အဆင်ပြေနိုင်သော်လည်း အလင်းရောင်လင်းလက်လာသည်နှင့် အရာအားလုံး အစပြုပြီဟု အဓိပ္ပါယ်ရသည်။

အကြွင်းမဲ့ တန်ခိုးစွမ်းအားသာမရှိလျှင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

နေရာတိုင်းတွင် အန္တရယ်များရှိနေသည်ဟု ခံစားရသော်လည်း ကျန်းလန်၏ စိတ်စွမ်းအားကို ထိခိုက်စေနိုင်ခြင်း မရှိပေ။

အနည်းငယ်သတိလွတ်သွားသည်နှင့် အဆုံးမရှိသော အမှောင်ထုထဲတွင် လမ်းပျောက်သွားနိုင်ပေသည်။ ကိုယ့်ကိုယ်ကိုယ် စစ်မှန်ရန်သာ လိုအပ်သည်။

အမှောင်ထုထဲတွင် အချိန်ကာလကိုလည်း မသိမြင်နိုင်လေရာ ကျန်းလန် ရှေ့သို့သာ ဆက်လျှောက်လာခဲ့၏။

အချန်အတန်ကြာသွားသည်ဟု ခံစားရသည့်တိုင် တကယ်တမ်းတွင် နေ့ဝက်ခန့်သာ ကုန်ဆုံးခဲ့သည်။

နောက်ဆုံးတော့ ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ ထွက်ပေါ်နေသည့် အလင်းရောင်က ကျန်းလန်မျက်ဝန်းထဲဝင်ရောက်လာသည်။

ယခုတော့ ဧကရာဇ်ယိုတု၏ အလင်းရောင်စက်ဝန်းက ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်တစ်ခုလုံးကို သိမ်းပိုက်ထားပြီး သူ၏အလင်းရောင်ကတော့ နေရာအနည်းငယ်ကိုသာ သိမ်းပိုက်ထားနိုင်သည်။

သို့ပေသိ ကျန်းလန်က စိတ်မဝင်စားပေ။

သူ၏နတ်ဘုရားရာထူးသည် တစ္ဆေတိုင်းပြည်မှ ဆင်းသက်လာခြင်း ဖြစ်ပြီး နောက်ဆုံး တစ္ဆေတိုင်းပြည်သို့သာ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။

သူကတော့ အနောက်နန်းတော်ကို သိမ်းပိုက်ခွင့်ရမည် ဖြစ်သည်။ ဧကရာဇ်ရှီးဟယ်နှင့် အပေးအယူလုပ်ခဲ့ခြင်း ဖြစ်သော်လည်း သူက ခွန်လွန်တောင်နှင့် သက်ဆိုင်သည့် နတ်ဘုရားရာထူးဖြင့် ဆက်လက်လျှောက်လှမ်းနိုင်မည် ဖြစ်သည်။

သူက နဝမတောင်ထွတ်မှ တပည့်ဖြစ်သည်။ နဝမတောင်ထွတ်သည် ခွန်လွန်တောင်နှင့် သက်ဆိုင်သည်။

ထို့ကြောင့် ခွန်လွန်တောင်နှင့်သက်ဆိုင်သည့် နတ်ဘုရားရာထူးကိုရယူလိုက်ခြင်းက ကံကြမ္မာအသစ်တစ်ခု စတင်လိုက်ခြင်း မမည်ပေ။ အကြောင်းမှာ သူက ခွန်လွန်တောင်နှင့် အစကတည်းက ကံကြမ္မာ ဆက်နွယ်နေခဲ့သောကြောင့် ဖြစ်သည်။

"ဝှစ်"

ရှေးဟောင်းဧကရာဇ် အနိမ့်ပိုင်းနန်းတော်ရှေ့သို့ ကျန်းလန် ဆင်းသက်လာသည်။ ကြီးမားလှသည့် နန်းတော်တံခါးကြီးကို ကျန်းလန် မျက်နှာမူထားသည်။

တံခါးက မိုးကောင်းကင်ခုံရုံးလောက် ကောင်းမွန်ခြင်း မရှိသော်လည်း ခမ်းနားပြီး ရိုးရှင်းသည်။

သို့သော် ပြိုကျတော့မည့်အလား အက်ကွဲကြောင်းများနှင့် ပြည့်နက်လျှက် ရှိသည်။ တစ်နေ့တွင်တော့ ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်သည် လုံး၀ ပြိုကျသွားပြီး ကောင်းကင်ဘုံမှ ပျောက်ကွယ်သွားမည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် ရှေးဟောင်းဧကရာဇ် အနိမ့်ပိုင်းနန်းတော်မှ နတ်ဘုရားရာထူးကို အပြည့်အ၀ ထိန်းချုပ်နိုင်သည့် အချိန်ကာလ ရောက်ရှိလာမည် ဖြစ်သည်။

ကျန်းလန် ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်ဆီသို့ လျှောက်သွားသည်။

အရင်က သူ၏ကျင့်ကြံခြင်းအဆင့်က မမြင့်မားသည့်အတွက် နန်းတော်တံခါးဝရောက်တိုင်း အဝေးသို့ တွန်းထုတ်ခံရသည်။ ယခုတော့ သူက တာ့လော်အင်မော်တယ်အဆင့် အောင်မြင်ခဲ့ပြီး တာအိုအင်မော်တယ်အဆင့်ကိုလည်း ဆုပ်ကိုင်ထားနိုင်ပြီ ဖြစ်သည်။

ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်သို့ ဝင်ရောက်နိုင်ရန် အရည်အချင်းပြည့်မီနိုင်ပြီ ဖြစ်သည်။ သို့ပေသိ သူ ပိုပြီး သတိထားရပေမည်။

ထို့နောက် အနိမ့်ပိုင်းနန်းတော်အတွင်းသို့ ကျန်းလန် ဝင်ရောက်လာခဲ့သည်။ တွန်းကန်မှုအချို့ စတင်ထွက်ပေါ်လာသော်လည်း ပြင်းထန်ခြင်းမရှိပေ။ သူ့ကို လွင့်ထွက်သွားအောင် တွန်းထုတ်နိုင်မည် မဟုတ်ပေ။

အတွင်းသို့ နောက်ထပ်ခြေတစ်လှမ်းလှမ်းလိုက်သည်။ တွန်းကန်မှုက ရှိနေဆဲဖြစ်ပြီး အတွင်းသို့ ရောက်လာလေ တွန်းကန်မှုကလည်း ပိုမိုများပြားလာလေ ဖြစ်သည်။

"ကြည့်ရတာ လူတစ်ယောက် ကျင့်ကြံခြင်းအဆင့်မြင့်မားလေ အထဲကိုပိုဝင်နိုင်လေ ဖြစ်မယ်ထင်တယ်"

ခန်းမှန်းပြီးနောက် ကျန်းလန် အတွေးများကို ရပ်တန့်ကာ ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်အတွင်းသို့ ဆက်လက်ဝင်ရောက်လာသည်။

အထဲတွင် မည်သည့်အရာများ ကျန်ရစ်သည်ကို ကြည့်ချင်မိသည်။

သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ပတ်ဝန်းကျင်မှ မြူခိုးများက တဖြည်းဖြည်းလွင့်ပြယ်သွားကာ နောက်ဆုံး သူ့ရှေ့တွင် ကျောက်စိမ်းလမ်းလေးတစ်ခု ထွက်ပေါ်လာသည်။ ထိုလမ်းလေးက အနိမ့်ပိုင်းနန်းတော်၏ အလယ်ဗဟိုသို့ ဦးတည်နေဟန် ရှိ၏

သို့ပေသိ ကျန်းလန် ရှေ့ဆက်တိုးလာလေ ၊ တွန်းကန်မှုများက ပိုများလာလေ ဖြစ်လေရာ ဘယ်လောက်ဝေးဝေးအထိ သွားနိုင်မည်ကို သိရှိခြင်း မရှိပေ။ တတ်နိုင်သမျှတော့ ရှေ့ဆက်သွားကြည့်ရန် ဆုံးဖြတ်ထားသည်။

ဤနေရာမှ တွန်းကန်မှုများနှင့် ချိတ်ဆက်ကြည့်ရန် ကြိုးစားရင်း ကျန်းလန်၏ နှလုံးသားက တဖြည်းဖြည် ငြိမ်သက်လာသလို တွန်းကန်မှုသည်လည်း လျော့ကျလာသည်။

ကျန်းလန်က ရင်ပြင်ကျယ်ကြီးထက်ရှိ ကျောက်စိမ်းလမ်းလေးအတိုင်း လမ်းလျှောက်လာသည်။ ရင်ပြင်အဆုံးတွင် ကြီးမားလှသည့် ခန်းမဆောင်ကြီးတစ်ခု ရှိနေသည်။ ထိုခန်းမဆောင်သို့ ရောက်သည်အခါ လှေကားထစ်တစ်ခုကို တွေ့မြင်ရသည်။

လှေကားထစ်က အက်ကွဲလျှက်ရှိပြီး ခန်းမဆောင်ကြီးသည်လည်း အက်ကြောင်းများဖြင့် ပြည့်နက်လျှက် ရှိသည်။ အချို့အပိုင်းများဆိုလျှင် ပြိုကျလျှက်ရှိသည်ကို တွေ့ရသည်။

ခန်းမဆောင်ရှေ့တွင် ကျောက်စာတိုင်တစ်ခု ရှိပြီး စာများရေးသားထားသည်။

"အနိမ့်ပိုင်းနန်းတော်၏ အရှေ့ခန်းမဆောင်"

စာတမ်းကိုဖတ်ပြီး ကျန်းလန် တွေးလိုက်သည်။

"ဧကရာဇ်ယိုတုရော ဒီနေရာကို ရောက်ဖူးလား မသိဘူး ၊ ဒါမှမဟုတ် သူက အနောက်ခန်းမဆောင်ကို ရောက်သွားခဲ့သလား"

ဧကရာဇ်ယိုတုနှင့်တွေ့မှသာ အဖြေကို သိရှိနိုင်ပေလိမ့်မည်။

"ရှပ်… ရှပ်"

ကျန်းလန် သတိထားရင်း ရှေ့သို့ တစ်လှမ်းချင်းလှမ်းလိုက်သည်။

ခန်းမဆောင်ထဲတွင် ဘာမဆို ကြုံတွေ့ရနိုင်သည်။ သို့သော် သူ့စိတ်က တည်ငြိမ်နေဆဲ ဖြစ်၏။ စိတ်အတက်အကျများပါက ဤနေရာမှ တွန်းကန်မှုများ ပိုမိုများပြားလာမည် ဖြစ်သည်။ အခန့်မသင့်ပါက လွင့်ထွက်သွားနိုင်သည်။

သို့ဆိုလျှင် နောက်တစ်ကြိမ် နန်းတော်ထဲဝင်ရောက်နိုင်ရန် အချိန်အနည်းငယ် ထပ်မံစောင့်ဆိုင်းရပေလိမ့်မည်။

အက်ကွဲနေသည့် လှေကားထစ်များအတိုင်း ကျန်းလန် ခြေလှမ်းမှန်မှန်ဖြင့် လှမ်းတက်လာပြီး နန်းတော် အရှ့ခန်းမဆောင်သို့ ဖြည်းညင်းစွာ ချဉ်းကပ်လာသည်။

ဤနေရာတစ်ခုလုံးက တိုက်ပွဲကြီးတစ်ခု ကြုံတွေ့ရင်ဆိုင်ခဲ့ရသည့်အလား ပြင်းထန်စွာ ပျက်စီးနေခဲ့သည်။ သာမန်တန်ခိုးစွမ်းအားတစ်ခုက ဤကျောက်တုံးလှေကားထစ်များကို ပျက်စီးစေနိုင်မည်မဟုတ်ဟု ကျန်းလန် ခံစားရသည်။

ခဏအကြာတွင်…

ကျန်းလန် ခန်းမဆောင်ရှေ့တွင်ရပ်လိုက်ရင်း အတွင်းထဲသို့ လှမ်းကြည့်လိုက်သည်။

အထဲတွင် ပြိုကျပျက်စီးနေသည့် ကျောက်တုံးကျောက်သားများစွာကို တွေ့ရသည်။ ခန်းမထိပ်ရှိ စင်မြင့်တစ်ခုထက်တွင်တော့ လူတစ်ယောက် ထိုင်နေ၏။

ထိုသူက ကျိုးပဲ့ပျက်စီးနေသည့် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည်။ လက်ထဲတွင် ဓားကျိုးတစ်လက်ကိုင်ထားပြီး ဓားကျိုးဖြင့် စင်မြင့်ထက်ကိုထိုးစိုက်ထားလေရာ သူ၏ခန္ဓာကိုယ်သည် လုံးဝကွေးကောက်သွားခြင်းမရှိဘဲ ဖြောင့်စင်းလျှက်ရှိသည်။

ခေါင်းငိုက်စိုက်ကျနေသည့်အတွက် ထိုသူ၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရခြင်းမရှိပေ။ သို့သော် သူ့ခန္ဓာကိုယ်မှ အသက်ဓာတ်စွမ်းအားများ ထွက်ပေါ်နေသည်ကို မတွေ့ရှိရပေ။

ရုပ်အလောင်းတစ်ခုလား ၊ ဒါမှမဟုတ် ရုပ်တုတစ်ခုလား။

သိရှိရန်မှာ မဖြစ်နိုင်ပေ။

သို့သော် ထိုသူကို တွေ့လိုက်သည်နှင့် ကျန်းလန် သတိထားလိုက်ပြီး အချိန်မရွေး တန်ပြန်တိုက်စစ်ဆင်ရန် အသင့်ပြင်ထားသည်။

ထိုသူက ရှေးဟောင်းဧကရာဇ် အနိမ့်ပိုင်းနန်းတော်တွင် ကျန်းလန် ပထမဆုံးတွေ့မြင်ဖူးသူ ဖြစ်သည်။ ဘာဖြစ်မည်ကို မည်သူမှ မသိနိုင်ပေ။

ကျန်းလန် ခန်းမဆောင်ထဲသို့ လမ်းလျှောက်ဝင်သွားပြီး စင်မြင့်ထက်သို့ ဖြည်းညင်းစွာ ချဉ်းကပ်လာသည်။

ထိုသူအနား ချဉ်းကပ်ခါနီးတွင် ကျန်းလန် ခြေလှမ်းများ ရုတ်တရက် ရပ်တန့်လိုက်သည်။

သူ့ ရှေ့မှလူက ရုတ်တရက် ပြောင်းလဲသွားသည့်အလား သူ့ရင်ထဲ ထူးဆန်းသည့်ခံစားချက်တစ်ခု ဝင်ရောက်လာသည်။ ထိုသူ၏ခန္ဓာကိုယ်ထဲတွင် တစ်စုံတစ်ခုက သက်ဝင်ရှင်သန်လာပုံရသည်။

မည်သည့်အရာဖြစ်ကြောင်း ကျန်းလန် မဆုံးဖြတ်နိုင်သော်လည်း အသက်ဓာတ်စွမ်းအား မဟုတ်သည်ကတော့ သေချာသည်။

ထိုအချိန်မှာပင် မူလက ငြိမ်သက်နေသည့် အလောင်းကောင်ကြီးက ရုတ်တရက် တုန်လှုပ်သွားပြီး ဖြည်းညင်းစွာဖြင့် ခေါင်းမော့ကြည့်လာသည်။

ကျန်းလန်က ထိုသူ၏မျက်နှာကို သတိထားကြည့်လိုက်သည့်အခါ မျက်နှာတစ်ခုလုံးအက်ကွဲကြောင်းများ ပြည့်နက်နေကြောင်း တွေ့လိုက်ရသည်။ ထိကိုင်လိုက်လျှင်ပင် ကွဲကြေသွားတော့မည့်အလား ထင်မှတ်ရသည်။

ထိုသူ၏လှုပ်ရှားမှုများကို စိတ်ဝင်တစားကြည့်နေရင်း ကျန်းလန် ထွက်ပြေးရန် မစဉ်းစားမိပေ။

အန္တရယ်အငွေ့အသက်များ ခံစားရခြင်းမရှိလေရာ ဤနေရာတွင် ဘာဖြစ်နေသည်ကို အဖြေရှာရမည် ဖြစ်သည်။

ထိုခဏတွင် ထိုသူ၏မျက်လုံးများက ဖြည်းညင်းစွာပွင့်လာပြီး သူ့မျက်နှာထက်တွင် ခံစားချက်အရိပ်အယောာင်များ ထွက်ပေါ်လာသည်။

အဆုံးမရှိသောကြယ်စင်များပမာ နက်နဲလှသည့် မျက်ဝန်းတစ်စုံ ဖြစ်သော်လည်း ကြယ်စင်များအားလုံးက ကွဲကြေပျက်စီးနေကြသည်။

သူ၏မျက်ဝန်းများရွေ့လျားသွားပြီး နောက်ဆုံး အကြည့်က ကျန်းလန်ဆီသို့ ကျရောက်လာသည်။

သူက ကျန်းလန်ကို အချိန်အတော်ကြာ ကြည့်နေခဲ့သည်။

နောက်ဆုံးတော့ ကျန်းလန်နှင့် ဆုံတွေ့ရသည်ကို ဝမ်းသာသည့်အလား ထိုသူက ပြုံးလိုက်လေသည်။

"မင်း ရောက်လာပြီလား"

***

All Chapters