ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ ကောင်းချီးလက်ဆောင်
Vol. 36 Ch. 496
ရုတ်တရက်မေးခွန်းကြောင့် ကျန်းလန် အံ့အားသင့်သွားသည်။
တစ်ဖက်လူ၏အကြည့်ကို သူ ခံစားနိုင်သော်လည်း ထိုအကြည့်က အသင်မပါလှပေ။ ထူးဆန်းသည့် စွမ်းအားတစ်ခု နိုးထလာသည်နှင့်ဆင်တူပြီး ခြိမ်းခြောက်မှုအငွေ့အသက်များတော့ ရှိမနေခဲ့ပေ။
ကျန်းလန်က ပတ်ဝန်းကျင်ကို သတိထားနေခဲ့သည့်တိုင် မည်သည့်ထူးခြားချက်မှ ဖြစ်မလာခဲ့။
ထိုသူက တစ်စစီကွဲကြေသွားတော့မည်လားထင်မှတ်ရသည့် ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားပြီး အစီအရင်တစ်ခုလည်းမဟုတ်သလို အရံအတားတစ်ခုလည်း မဟုတ်ပေ။
ကျန်းလန်က နည်းနည်းလေးပင် သတိမလွတ်ဘဲ မေးမြန်းလိုက်သည်။
"ခင်ဗျားက ဘယ်သူလဲ"
ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်တွင် သူနှင့်ဆက်သွယ်နိုင်သည့် လူတစ်ယောက်နှင့်တွေ့ဆုံရသည်က အမှန်တကယ် အထင်ကြီးစရာ ဖြစ်သည်။
အခြားသူတွေလည်း ဤသူနှင့် ကြုံတွေ့ရမည်လား မပြောတတ်ပေ။ ကျန်းလန်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်သည်။
ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည်က တစ်စုံတစ်ခုတွေးနေဟန်ဖြင့်…
"ကျုပ်လား…"
ခဏနေမှ…
"ကျုပ်က ရှေးဟောင်းဧကရာဇ်နန်းတော်က စစ်သူကြီးချင်းစန်းပဲ"
ကျန်းလန်က…
"ခင်ဗျား ကျုပ်ကို စောင့်နေတာလား"
ချင်းစန်းက ကျန်းလန်ကို ကြည့်လိုက်ရင်း…
"ဟုတ်လည်းဟုတ်တယ် ၊ ဟုတ်လည်းမဟုတ်ဘူး"
သူက ဆက်ပြောသည်။
"ကျုပ်က ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်က နတ်ဘုရားရာထူးကို ဆက်ခံထားတဲ့သူကို စောင့်နေတာ ၊ ဒါပေမဲ့ မင်းမှာ အနိမ့်ပိုင်းနန်းတော်ရဲ့ နတ်ဘုရားရာထူးရှိနေပေမယ့် တစ်ချိန်တည်းမှာပဲ ရှိမနေပြန်ဘူး ၊ ဒါပေမဲ့ ရှိတယ်လို့လည်း ဆုံးဖြတ်လို့်ရတယ်"
ကျန်းလန်က…
"ဘာလို့ ဒီလိုပြောရတာလဲ"
သူက အခြားသူများနှင့် မတူသည်ကတော့ အမှန်ပင် ဖြစ်သည်။ သူက နတ်ဘုရားရာထူးဖြင့် ချုပ်နှောင်ထားခြင်းကို မခံခဲ့ရပေ။
စစ်သူကြီးချင်းစန်းက…
"မင်းမှာ အနိမ့်ပိုင်းနန်းတော်ရဲ့ နတ်ဘုရားရာထူးရှိပေမယ့် အဲဒါက အနိမ့်ပိုင်းနန်းတော်နဲ့ မသက်ဆိုင်ပြန်ဘူး ၊ ဒါက မကောင်းတဲ့အရာမဟုတ်ပါဘူး ၊ တကယ်တော့ ကြီးကျယ်တဲ့ကိစ္စတစ်ခုလို့တောင် ဆိုလို့ရတယ်"
"မင်းရဲ့ လက်ရှိတန်ခိုးစွမ်းအားနဲ့ ဒီနေရာမှာ အကြာကြီးနေနိုင်မယ်မထင်ဘူး ၊ ဆိုတော့ မင်းရဲ့ ရောင်ဝါကို တည်ငြိမ်အောင် ကြိုးစားထားပါ ၊ ကျုပ်က တစ်ကြိမ်ပဲ နိုးထလာနိုင်မှာဖြစ်တယ် ၊ ပြီးရင်တော့ မီးခိုးလုံးအဖြစ် ပျောက်ကွယ်သွားရလိမ့်မယ် ၊ ပြီးတော့ မင်းက အခြားသူတွေနဲ့ မတူဘူး ၊ ကျုပ် မင်းကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်အောင် ကြည့်ချင်တယ်"
ကျန်းလန် မျက်ခုံးများကို တွန့်ချိုးထားသည်။
နတ်ဘုရားရာထူးက သူ့အပေါ် ကွဲပြားစွာသက်ရောက်မှုရှိပုံရသည်။ ထို့ကြောင့် သူက ထိန်းချုပ်ထားခြင်း မခံရသလို နတ်ဘုရားရာထူး ကျရှုံးသွားရန်မှာလည်း ခက်ခဲသည်။
ကျန်းလန်က…
"ရှေးဟောင်းဧကရာဇ်နန်းတော် ဘာလို့ပျက်စီးသွားရတာလဲ"
အကြောင်းအရင်းအတိအကျကို သိရှိချင်သော်လည်း နတ်ဘုရားရာထူးများအကြောင်းကိုတော့ သူ ထပ်မမေးတော့ပေ။ သူ့တွင် လုံလောက်သည့် တန်ခိုးစွမ်းအားမရှိသေးရာ ထိုအကြောင်းကိုပြောရမည့်အချိန် မဟုတ်သေးပေ။
ထို့ပြင် စစ်သူကြီးချီစန်း စိတ်ထဲတွင်တွေးနေသည့်တွေးများကို မည်သူမှ မသိနိုင်ပေ။ ထို့ကြောင့် သူက တစ်ဖက်လူထံမှ ခန့်မှန်းချက်အချို့ကို သိရှိနိုင်ရန် စွန့်စားမည် မဟုတ်ပေ။ သူ၏ တန်ခိုးစွမ်းအားက လျှို့ဝှက်ချက်များကို ကိုင်တွယ်နိုင်သည့်အချိန်သို့ ရောက်ရှိသည့်တစ်ချိန်သို့ ရောက်ရှိလာမှသာ ထိုသို့ ပြုလုပ်မည် ဖြစ်သည်။
ချင်းစန်းက…
"အဲဒါ ကောင်းကင်ဘုံကြောင့် ပျက်စီးသွားတာလေ ၊ မင်း အခုတွေ့မြင်နေရတဲ့ ကောင်းကင်ဘုံက တကယ့် ကောင်းကင်ဘုံအစစ်မဟုတ်ဘူး ၊ ဒီနေရာက မင်းရဲ့ အမြင်အာရုံတွေနဲ့ အာရုံခံစားမှုတွေကို ဖုံးကွယ်ထားတယ် ၊ အမှောင်ထုက အရာအားလုံးကို ဖုံးကွယ်ထားတယ်"
"ဒါပေမဲ့ အဲဒီအမှောင်ထုက အဆုံးသတ်ခါနီးပါပြီ ၊ ဒါကလည်း မင်းတို့တွေ နတ်ဘုရားရာထူးတွေကို ရယူကြရတဲ့ အကြောင်းရင်းပါပဲ ၊ ဘာလို့လဲဆိုတော့ ဒီအမှောင်ထုက နတ်ဘုရားရာထူးတွေကို ချုပ်နှောင်ထားတဲ့ နောက်ဆုံးအတားအဆီး ဖြစ်လို့ပဲ"
"အမှောင်ထု ပါးလွှာပြီးကျိုးပျက်သွားရင်တော့ နတ်ဘုရားရာထူးတွေက ပျက်သုဉ်းတစ်စပြင်လောကကြီးဆီကို သက်ဆင်းသွားကြလိမ့်မယ် ၊ အဲဒီအချိန်ကျရင် ပျက်သုဉ်းတစ်စပြင်လောကကြီးမှာ ကံကြမ္မာအခွင့်ကောင်းရောင်ဝါတွေ ထွက်ပေါ်လာလိမ့်မယ်"
ချင်းစန်းက အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်ရင်း…
"မင်းရဲ့တန်ခိုးစွမ်းအားက အမှောင်ထုထဲမှာ ဘာတွေရှိလဲဆိုတာ သိနိုင်လောက်အောင် မမြင့်မားသေးဘူး ၊ မင်း အရည်အချင်းပြည့်ဝလာတဲ့တစ်နေ့ကျရင် တွေ့မြင်ပါလိမ့်မယ်"
ဆိုတော့ ဧကရာဇ်ရှီးဟယ်နှင့် အခြားသူများက ထိုအကြောင်းများကို သိနေသည်လား။
ကျန်းလန်တွေးလိုက်မိသော်လည်း ချင်းစန်းဆက်ပြောသည့်စကားကြောင့် သူ့အတွေးမှားသွားကြောင်း အလျှင်အမြန် သိလိုက်ရသည်။
"ဒါပေမဲ့ အဲဒီအကြောင်းအရာတွေကို မင်းတစ်ယောက်ပဲ တွေ့မြင်နိုင်လိမ့်မယ် ၊ အခြားသူတွေက တွေ့မြင်နိုင်မှာ မဟုတ်ဘူး ၊ ဘာလို့လဲဆိုတော့ မင်းက ထူးခြားတဲ့သူတစ်ယောက် ဖြစ်လို့ပဲ"
"တခြားသူတွေက သူတို့ရယူထားတဲ့ နတ်ဘုရားရာထူးကြောင့် သူတို့ရှိနေတဲ့နေရာမှာ ဘယ်မှမသွားနိုင်ဘဲ ပိတ်မိနေကြတာလေ ၊ ဒါက ကန့်သတ်ခံထားရတယ်လို့ ပြောနိုင်သလို ကာကွယ်ပေးထားခြင်းခံရတယ်လို့လည်း ဆိုနိုင်တယ်"
"နတ်ဘုရားရာထူး ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်က ဘယ်လောက် တန်ခိုးစွမ်းအား မြင့်မားပါစေ အပြင်ကိုထွက်မယ်ဆိုရင် သေဖို့စီရင်ချက်ကျခံရတာနဲ့ အတူတူပဲ ၊ မင်းက အန္တရယ်ကို ရှာတွေးမယ်ဆိုရင် အန္တရယ်ကလည်း မင်းကို ရှာတွေ့မှာပဲလေ ၊ မဟုတ်ဘူးလား"
ချင်းစန်း၏စကားကြောင့် ကျန်းလန် ချွေးစေးများပျံလာသည်။ ဆိုတော့ နတ်ဘုရားရာထူး ပိုင်ဆိုင်ထားသူများထဲတွင် သူတစ်ယောက်သာလျှင် မိုးကောင်းကင်ခုံရုံးဆီသို့ သွားရောက်နိုင်သညလား။
သူက ကြောက်မက်ဖွယ်ရာ ဖြစ်တည်မှုများကြားတွင် အကြောက်အလန့်မရှိ လျှောက်သွားနေခဲ့သည်လား။ သူက မသိသောကြောင့် မကြောက်ရွံ့ခဲ့ခြင်းဖြစ်ကြောင်း ကျန်းလန် ချက်ချင်း နားလည်သွားသည်။ ကြိုတင်သိရှိမည်ဆိုလျှင် ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ သူ ထွက်ခွာသွားမည် မဟုတ်ပေ။
ချင်းစန်းက…
"မင်းမှာ လုံလောက်တဲ့ တန်ခိုးစွမ်းအားတွေ ရှိလာတဲ့တစ်နေ့ကျရင် မင်းရဲ့ နတ်ဘုရားရာထူးတည်ရှိရာနန်းတော်က သတိပေးပါလိမ့်မယ် ၊ ဒါပေမဲ့ မင်းအတွက် အန္တရယ် မရှိနိုင်ပါဘူး"
ကျန်းလန် မည်သည့်စကားမှ ထပ်မပြောတော့ပေ။
ယခုအချိန်တွင် ကြောက်ရွံ့မှုအနည်းငယ် ခံစားခဲ့ရသော်လည်း မိုးကောင်းကင်ခုံရုံးသို့ သွားရောက်ခဲ့ခြင်းကြောင့် သူ အကျိုးအမြတ်အနည်းငယ် ရရှိခဲ့သည်မဟုတ်လား။
ကျန်းလန်က…
"ဒါနဲ့… နန်းတော်တိုင်းမှာ ခင်ဗျားလိုလူမျိုးတွေ ရှိနေတာလား ၊ အနိမ့်ပိုင်းနန်းတော်မှာ (၂)ယောက် ရှိတာလား“
ချင်းစန်းက အပြင်ဘက်သို့ကြည့်နေသည့်အကြည့်ကို လွှဲဖယ်လိုက်ပြီး သူ့လက်ထဲမှ ဓားကျိုးကို ကြည့်လိုက်သည်။
"အတော်လေးများတယ်လို့ ဆိုနိုင်ပေမယ့် အခြားသူတွေအကြောင်းကိုတော့ ကျုပ်လည်း အသေးစိတ် အတိအကျ မသိဘူး ၊ ကျုပ်သိတာက မင်းရောက်လာတာကို စောင့်နေခွင့်ရတာ ကျုပ်အရမ်းကံကောင်းတယ်ဆိုတာပဲ"
"အဲဒီတုန်းက ကျုပ်တိုက်ပွဲမှာ ကျဆုံးသွားခဲ့တယ် ၊ ကျုပ်ရဲ့ တန်ခိုးစွမ်းအားအနည်းငယ်ကို ထိန်းသိမ်းထားခဲ့ပြီး ဒီနေရာကို ပြန်လာခဲ့တယ် ၊ အဲဒီအချိန်မှာ အမှောင်ထုက ဖုံးလွှမ်းသွားခဲ့ပြီ ၊ အဲဒီကတည်းက ကျုပ်တို့ရဲ့ခေတ် ကုန်ဆုံးသွားပြီဆိုတာ ကျုပ် သိခဲ့ပါတယ် ၊ ဒါပေမဲ့ အခုတော့ နှစ်တွေဘယ်လောက်ကြာလို့ တန်ခိုးစွမ်းအားရှင်တွေ ဘယ်လောက်တောင် ထွက်ပေါ်လာသလဲ မသိဘူးလေ"
"ဒါပေမဲ့ တန်ခိုးစွမ်းအားရှင်တစ်ယောက် နန်းတော်ထဲဝင်လာပြီဆိုတာနဲ့ သူတို့လည်း အခု မင်း ကြုံတွေ့ရတဲ့အရာမျိုးကို ကြုံတွေ့ရမှာပါပဲ ၊ သူတို့ လူတစ်ယောက်ကို တွေ့မြင်ကြရလိမ့်မယ် ၊ အချို့ကိစ္စတွေကို ပိုမိုသိမြင်လာပြီး အချို့ကိစ္စတွေကို အတည်ပြုနိုင်ကြလိမ့်မယ်"
စကားဆုံးသွားသည်နှင့် ချင်းစန်းက ကျန်းလန်ကို ကြည့်လိုက်သည်။
ကျန်းလန်က…
"ဘာကိစ္စတွေကိုလဲ…"
ချင်းစန်းက…
"နတ်ဘုရားရာထူးနဲ့ပတ်သက်တဲ့ကိစ္စတွေရယ် ပြီးတော့ တာဝန်တွေနဲ့အတူ ကောင်းချီးလက်ဆောင်တွေရောပေါ့"
ကျန်းလန်က နတ်ဘုရားရာထူးအကြောင်း အကြမ်းဖျင်းသိသော်လည်း တာဝန်များနှင့် ကောင်းချီးလက်ဆောင်များကိုတော့ မသိရှိပေ။
ချင်းစန်းက ဆက်လက်ရှင်းပြသည်။
"အမှောင်ထုအရံအတားက အားနည်းလာတဲ့အခါ နတ်ဘုရားရာထူးတွေက ပျက်သုဉ်းတစ်စပြင်လောကကြီးဆီ ဆင်းသက်သွားလိမ့်မယ် ၊ ရန်သူက အမှောင်ထုထဲမှာ ရှိတယ် ၊ ဒါပေမဲ့ ဘယ်သူဖြစ်တယ်ဆိုတာ မင်း မသိနိုင်ဘူး ၊ ဒါပေမဲ့ နောက်ပိုင်းကျရင်တော့ သိလာမှာပါလေ ၊ မင်းထမ်းဆောင်ရမယ့်တာဝန်ကတော့ ရှေးဟောင်းဧကရာဇ်နန်းတော်ရဲ့ ကျရာအခန်းကဏ္ဍကို တာဝန်ယူပေးရမှာပေါ့ ၊ ဆိုလိုတာကတော့ တိုက်ပွဲကိုဆက်တိုက်ရလိမ့်မယ်"
"ပျက်သုဉ်းတစ်စပြင်လောကကြီးက အစကတည်းက အမှောင်ဖုံးပြီးသား ဖြစ်နေလို့ မင်းအတွက် ပိုပြီးဆိုးရွားတာ မရှိနိုင်ပါဘူး ၊ အမှောင်ထု ပျောက်ကွယ်သွားရင်တော့ မိုးနဲ့မြေပြိုကျပြီး လောကကြီးပျက်စီးမှာပဲ"
"ဆိုတော့ကာ… ပေးအပ်တဲ့တာဝန်ကို လက်ခံဖို့ ဆန္ဒရှိနေသရွေ့ ရှေးဟောင်းဧကရာဇ်နန်းတော်က ပေးအပ်တဲ့ ကောင်းချီးလက်ဆောင်ကို ရရှိလိမ့်မယ် ၊ ဒီကောင်းချီးလက်ဆောင်က ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်ကလူတွေအားလုံး ကျဆုံးမသွားခင် ချန်ထားရစ်ခဲ့တဲ့ အရာတွေပါပဲ ၊ ဒီ ကောင်းချီးလက်ဆောင်တွေက မင်းရဲ့တာအိုတရားကို ပိုမိုတောက်ပစေပြီး အနာဂတ်လမ်းကို ကျယ်ပြန့်လာစေလိမ့်မယ်"
ကျန်းလန်က ချင်းစန်းကို လှမ်းကြည့်လိုက်သည်။
အတန်ကြာပြီးမှ…
"ကျုပ် အနိမ့်ပိုင်းနန်းတော်မှာ မနေရင်တောင်မှ ဒီကောင်းချီးလက်ဆောင်တွေ ရယူနိုင်သလား"
ကျန်းလန်စကားကို ကြားတော့ ချင်းစန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဟား… ဟား… ဟား"
ရယ်မောလိုက်သည့်အတွက် သူ၏မျက်နှာထက်မှ အက်ကြောင်းများက ပိုမိုအက်ကွဲလာပြီး အရေပြားအပိုင်းအစများပင် ပြုတ်ကျလာသည်။
ထို့နောက် သူက ရယ်မောခြင်းရပ်တန့်လိုက်ပြီး ကျန်းလန်ကို ကြည့်လိုက်သည်။
"အနိမ့်ပိုင်းနန်းတော်မှာ မနေဘူး ဟုတ်လား ၊ ဒီတော့ မင်း နတ်ဘုရားရာထူးကို စွန့်လွှတ်မလို့လား ၊ ထားပါတော့… အနာဂတ်မှာ လောကကြီးပျက်စီးတဲ့အခါ တတ်နိုင်တဲ့တာဝန်ထမ်းရွက်မယ်လို့ ဆန္ဒရှိနေသရွေ့ အနိမ့်ပိုင်းနန်းတော်က ကောင်းချီးလက်ဆောင်တွေကို ရယူနိုင်ပါတယ် ၊ ကျုပ်တို့ကို လိုက်လျောညီထွေမရှိဘူးလို့ မထင်ပါနဲ့"
"ကဲ… ဒါဆို မင်းဆန္ဒရှိပြီလား"
ချင်းစန်း၏ လေသံက ပြောင်းလဲသွားသည်။
သူ့အသံတွင် ကျန်းလန်ကို တောင်းပန်သည့် အရိပ်အမြွက်များပင် ပါဝင်နေသည်။
ကျန်းလန်က…
"ခင်ဗျားတို့ ဘာလို့ ဒီလိုတိုက်ခိုက်ခဲ့ကြတာလဲ"
ချင်းစန်းက ပြုံးလိုက်ရင်း…
"ဘာလို့လဲ ဟုတ်လား"
သူက ဆက်ပြောသည်။
"ကျုပ်တို့မှာ အကြောင်းပြချက် မရှိပါဘူး ၊ တချို့အရာတွေကို လူတချို့က လုပ်ကိုလုပ်ရမှာလေ ၊ ကျုပ်က သူတို့ထဲက တစ်ယောက်ပါပဲ ၊ ရှေးဟောင်းဧကရာဇ်က ဦးဆောင်တယ် ၊ ကျုပ်တို့က သူ့နောက်လိုက်ကြတယ် ၊ ဒါပါပဲ ၊ ဒါပေမဲ့ တဖြည်းဖြည်း ဒီကိစ္စက ကျုပ်တို့တာဝန်ဖြစ်လာတယ် ၊ ကျုပ်တို့ တိုက်ပွဲဝင်ခဲ့ကြတယ် ၊ အရာအားလုံးကို စတေးခဲ့ကြတယ် ၊ နောက်ဆုံးတော့ အသက်ပါပေးဆပ်ခဲ့ကြရတယ်"
ချင်းစန်း၏စကားကို နားထောင်ပြီး ကျန်းလန်က ခဏမျှ စဉ်းစားလိုက်သည်။
"ကျုပ်က ဂိုဏ်းတစ်ခုက သာမန်တပည့်တစ်ယောက်ပါ ၊ ကျုပ်ဆရာက ကျုပ်ကို ကာကွယ်ပေးပြီး ပညာသင်ပေးခဲ့တယ် ၊ ဒီတော့ ဆရာနဲ့ ဂိုဏ်းကိုကာကွယ်ဖို့က ကျုပ်တာဝန်ပါ ၊ လောကကြီးပျက်စီးသွားမယ်ဆိုရင်တောင် ကျုပ်ဂိုဏ်းကိုကာကွယ်ပေးဖို့ ဦးစားပေးရမယ်"
ကျန်းလန်က ဆက်ပြောသည်။
"နတ်ဘုရားရာထူးကတော့ ကျုပ်ကို အခွင့်အရေးတွေပေးတယ် ၊ ကျုပ်ရဲ့ ကျင့်ကြံခြင်းကို လျှင်မြန်စေတယ် ၊ ကျုပ်က နတ်ဘုရားရာထူးကို ရှာဖွေခဲ့တာမဟုတ်ပေမယ့် အကျိုးအမြတ်တွေကို ခံစားခဲ့ရတယ် ၊ ဒါကြောင့် နတ်ဘုရားရာထူးကြောင့် ဖြစ်တည်လာတဲ့ တာဝန်တွေကိုလည်း ကျုပ်လက်ခံမှာပါ ၊ ဒါပေမဲ့ တန်ခိုးစွမ်းအား နည်းပါးနေသေးတော့ ကျုပ် တတ်နိုင်သလောက်ပဲ လုပ်ပေးနိုင်မယ် ၊ အဲဒါဆိုရင် လုံလောက်သလား"
ချင်းစန်းက…
"လုံလောက်ပါပြီ ၊ လုံလောက်ပါပြီ"
ထို့နောက် သူက ကျန်းလန်ကို ကြည့်လိုက်ရင်း…
"မင်း တခြားဘာမေးစရာ ရှိသေးလဲ"
ကျန်းလန်က…
"အမှောင်ထုအရံအတား ပျက်စီးမသွားခင် ကျုပ်တို့ အချိန်ဘယ်လောက် ရနိုင်ဦးမလဲ"
ချင်းစန်းက စိတ်ပျက်သွားဟန်ဖြင့်…
"နှစ်ပေါင်းရာဂဏန်းလောက်ပေါ့"
ဤသည်က ကန့်သတ်ချက်တစ်ခုဖြစ်ပြီး မထင်မှတ်စွာပင် တိုတောင်းလွန်းသည်။
ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည့်တိုင် စိတ်ပျက်လက်ပျက် ဖြစ်မသွားမိပေ။ သူ့စိတ်က ပုံမှန်အတိုုင်းပင် ငြိမ်သက်နေသည်။
တန်ခိုးစွမ်းအားမြင့်မားလာအောင် ကျင့်ကြံရန်သာ လိုအပ်ပြီး မည်သည့်အရာကိုမှ စိုးရိမ်နေစရာ မလိုအပ်ပေ။ သူ၏ ကြိုးစားအားထုတ်မှုများကို ကိုယ်တိုင်ကိုယ်ပိုင်ဖြစ်အောင် ပြုလုပ်ရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော အနာဂတ်တွင် ကြိုးစားအားထုတ်ခြင်းထက် တာအိုကိုနားလည်ခြင်းကသာ ကျင့်ကြံခြင်းကို အထောက်အကူပြုမည် ဖြစ်သောကြောင့်ပင်။
ထိုအချိန် ချင်းစန်းက မတ်တတ်ထရပ်လိုက်ရင်း သူ့လက်ထဲမှဓားကျိုးကို ကျန်းလန်အား ပေးလိုက်သည်။
"ဒီဓားကိုယူပြီး နောက်ဘက်ကို သွားပါ ၊ ကျုပ်တို့ချန်ထားခဲ့တဲ့ ကောင်းချီးလက်ဆောင်တွေကို မင်း ရရှိလိမ့်မယ် ၊ အဲဒါတွေက မင်းကို အများကြီး မကူညီပေးနိုင်ပေမယ့် ကျုပ်တို့အပ်နှင်းတဲ့အရာပါပဲ ၊ ဒါပေမဲ့ ဒီဓားကို ကိုင်လိုက်ပြီဆိုတာနဲ့ တာဝန်ယူရတော့မယ်ဆိုတာ သတိပြုရမှာဖြစ်တယ် ၊ အဆင်သင့်မဖြစ်သေးရင် ဒါမှမဟုတ် ကြောက်တယ်ဆိုရင် နောင်တရဖို့ အချိန်မနှောင်းသေးပါဘူး"
ကျန်းလန်က မည်သည့်စကားမှ မဆိုဘဲ ရှေ့သို့သာ ခြေတစ်လှမ်းချင်းလှမ်းလာသည်။
သူက ကိစ္စရပ်များစွာတွင် ပါဝင်ပတ်သက်ရသည်ကို မနှစ်သက်ပေ။ သူက အမြဲတမ်း ပြဿနာကို ရှောင်ရှားလေ့ရှိသည်။ သို့ပေသိ သူထမ်းဆောင်ရမည့်တာဝန်ကိုတော့ ရှောင်ပြေးခြင်းမရှိဘဲ လက်ခံတတ်သူသာ ဖြစ်၏။
နတ်ဘုရားရာထူးမှ ပေးအပ်သည့်တာဝန်ကို ဓားကျိုးတစ်လက်ဖြင့် မဆုံးဖြတ်ဘဲ နတ်ဘုရားရာထူး၏ အကျိုးကျေးဇူးများကို လက်ခံရရှိခြင်းအားဖြင့် သူက ဆုံးဖြတ်သည်။ ထို့ကြောင့် ချင်းစန်းပေးသည့် ဓားကျိုးကို ယူခြင်း မယူခြင်းက သူ့အတွက် ဘာမှမထူးခြားပေ။
သို့ဖြစ်ရာ…
သူက ချင်းစန်းရှိရာသို့ လျှောက်သွားပြီး ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။
သူက တာဝန်ယူရမည်ကို စိုးရိမ်ခြင်း မရှိပေ။ တစ်ဖက်လူက သူ့ကို လှည့်စားမည်ကိုသာ စိုးရိမ်ပြီး သတိထားနေခဲ့သည်။
ကျန်းလန်က ဓားကို ယူလိုက်ပြီးနောက် ထူးခြားမှုတစ်စုံတစ်ရာ မခံစားရပေ။
သူက သိမ်မွေ့သည့်လေသံဖြင့်…
"ဒီဓားကို လက်ခံတာက တာဝန်ကို လက်ခံတယ်လို့ အကြီးအကဲက ယူဆတယ်ဆိုရင် ကျုပ်လက်ခံပါ့မယ်"
ချင်းစန်းက ကျန်းလန်ကို စိုက်ကြည့်ရင်း ပြုံးလိုက်သည်။
"ကျုပ် မင်းကို တကယ်သဘောကျတယ် ၊ မင်းသာ ကျုပ်တို့မျိုးဆက်မှာ လူဖြစ်ခဲ့မယ်ဆိုရင် တပည့်အဖြစ်ခေါ်ခဲ့မိမှာပဲ ၊ ကံမကောင်းတာက… မင်း မဖြစ်လာခဲ့ဘူးလေ ၊ ဒါပေမဲ့… အဲဒီအချိန်ကာလမှာ မင်းမရှိခဲ့လို့လည်း ကျုပ် ဝမ်းသားပါတယ်"
ကျန်းလန်က မည်သည့်စကားမှ ပြန်မပြောပေ။
ချင်းစန်းက သူ့အနောက်ဘက်သို့ လက်ညှိုးညွှန်ပြလိုက်ရင်း…
"အနောက်ဘက်ကိုသွားပါ ၊ မင်းရဲ့တန်ခိုးစွမ်းအားက မလုံလောက်သေးတော့ ဒီနေရာမှာ သိပ်ပြီးအချိန်ကြာကြာနေနိုင်မှာ မဟုတ်ဘူး"
ကျန်းလန်က ခေါင်းညိတ်ပြလိုက်ပြီး ဓားကျိုးကိုကိုင်ဆောင်ကာ အနောက်ဘက်သို့ ဆက်လျှောက်သွားသည်။
ချင်းစန်းက နေရာမှာပင် အားအင်မဲ့စွာ ပြန်ထိုင်ချလိုက်သည်။ သို့သော် သူ ထိုင်ချလိုက်ပြီးသည်နှင့် ကျန်းလန်ကို လှမ်းခေါ်လိုက်သည်။
"ခဏလေး…"
ကျန်းလန်က ခြေလှမ်းများကို ရပ်လိုက်ပြီး လှည့်ကြည့်သည်။
"အကြီးအကဲ ဘာကိစ္စများ ရှိလို့လဲ"
မမျှော်လင့်သည့်အန္တရယ်ဖြစ်မလာစေရန် သတိလည်းထားလိုက်၏။
"တကယ်လို့…တကယ်လို့… မင်း ကိစ္စတွေအားလုံး တည်ငြိမ်အောင်လုပ်ပြီးရင် ကျုပ်တို့အတွက် အမွှေးတိုင်လေးတစ်တိုင်လောက်နဲ့တော့ဖြစ်ဖြစ် ပူဇော်ပေးစေချင်တယ်ကွာ"
ချင်းစန်းကဆိုသည်။
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
"ကောင်းပါပြီ…"
ချင်းစန်းက ကျန်းလန်ကို သွားတော့ဆိုသည့်သဘောဖြင့် လက်ဝှေ့ယမ်းပြသည်။
ထိုနေရာတွင် ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ ကောင်းချီးလက်ဆောင်များ ရှိနေလေသည်။ ကျန်းလန် အရှေးခန်းဆောင်မှ ထွက်ခွာသွား၏။
ချင်းစန်းသည် ထိုင်ခုံထက်တွင် ထိုင်ရင်း အပြင်ဘက်သို့ ငေးကြည့်နေသည်။ သူ့မျက်နှာတွင် အနည်းငယ် ကျေနပ်သွားဟန် အရိပ်အငွေ့တို့ ယှက်သန်းနေ၏။
"နောက်ဆုံးတော့ ငါ သူရဲဘောမကြောင်ခဲ့ဘူးပဲ ၊ မဟုတ်ရင် အဲဒီလူနဲ့ ငါ ဘယ်လိုလုပ် မျက်နှာချင်းဆိုင်ဝံ့မှာလဲ"
ပြောပြီးသည်နှင့် ချင်းစန်း၏မျက်လုံးများ ပြန်လည်မှေးမှိတ်သွားသည်။ ကျောက်ရုပ်တစ်ရုပ်အသွင် ပြောင်းလဲသွားပြီနောက် ပြာမှုန့်များအဖြစ်လေထဲသို့ လွင့်ပျံပျောက်ကွယ်သွားလေတော့သည်။
***
အရှေ့ခန်းဆောင်မှ ထွက်ခွာသွားသည့် ကျန်းလန်သည် နောက်သို့တစ်ချက် လှည့်ကြည့်လိုက်သည်။ ထိုသူက သူ့ကို တစ်ကြိမ်သာ တွေ့ဆုံနိုင်မည်ဟု ပြောခဲ့သည်။
ဆိုလိုသည်မှာ သူ အရှေ့ခန်းဆောင်မှ ထွက်ခွာသွားသည်နှင့် စစ်သူကြီးချင်းစန်းသည်လည်း ပျောက်ကွယ်သွားရပေလိမ့်မည်။
ထိုသူက အစကတည်းက ပြာမှုန့်ဖြစ်နေပြီးသားပင်။ သို့ပေသိ ထိုသူ၏ဝိညာဉ်တွင်
နောင်တရစရာတွေ မရှိဘဲ နှစ်သိမ့်မှုကို ခံစားရမည်ဆိုလျှင် ကောင်းမွန်လေသည်။
ကျန်းလန် ထိုအကြောင်းများကို အများကြီး မစဉ်းစားတော့ဘဲ ဓားကျိုးကိုကိုင်ကာ အတွင်းထဲသို့ ခြေတစ်လှမ်းချင်း ဝင်ရောက်သွားသည်။
သူ့ ရှေ့တွင် မြူခိုးများဖုံးလွှမ်းနေသည့် ကျောက်စိမ်းလမ်းလေးတစ်လမ်း ထွက်ပေါ်လာသည်။
အတန်ကြာအောင် မြူခိုးများကို ဖြတ်ကျော်ကာ ကျောက်စိမ်းလမ်းလေးအတိုင်း လျှောက်လာခဲ့ပြီးနောက် ကျယ်ပြန့်သည့်မြေကွက်လပ်တစ်ခုကို တွေ့မြင်လိုက်ရသည်။
ဤနေရာ…
မြေပုံမို့မို့များဖြင့် ပြည့်နက်နေသည်။
ကျန်းလန် မြေပုံတစ်ခုရှေ့သို့ရောက်လာသည်။ မြေပုံထက်တွင် ကျောက်ပြားတစ်ချပ်စိုက်ထားသည်ကို တွေ့ရသည်။
ကျောက်ပြားထက်တွင် -
"သစ်ပင်ရှေ့ရွာမှ ဟန်ယာ ကျဆုံးရာနေရာ"
ဟု ရေးသားထားသည်။
ကျန်းလန် ခေါင်းကိုမော့လိုက်ပြီး နေရာတစ်ခုလုံး အဆုံးမရှိ ပြည့်နက်နေသည့် မြေပုံများကို ကြည့်လိုက်သည်။
ဆိုရေသာ် ဤနေရာသည်ကား…
သုဿန်တစ်ခုပင်။
ထိုအချိန် သူ့လက်ထားမှ ဓားကျိုးက ရှေ့သို့ဆက်သွားရန် လမ်းပြသည့်အလား မှိန်ပျပျအလင်းရောင် ထွက်ပေါ်လာသည်။
ကျန်းလန်လည်း ရှေ့သို့ တစ်လှမ်းချင်းဆက်လျှောက်လာခဲ့သည်။
အတန်ဝေးဝေး လျှောက်လာပြီးသည့်နောက် လူငယ်တစ်ယောက် အော်ဟစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
"ငါ နောက်ဆုတ်မှာမဟုတ်ဘူး ၊ ငါနောက်ဆုတ်မှာမဟုတ်ဘူး ၊ ဒါက သေခြင်းတရားပဲ မဟုတ်လား ၊ ဘာမှကြောက်စရာမရှိဘူး"
ကျန်းလန်က မရပ်တန့်ဘဲ ရှေ့ဆက်လျှောက်သွားသည်။
"သူတို့ကို ကျုပ်တို့ မတားဆီးနိုင်တော့ဘူး ၊ ကျုပ် ရှေ့က ခံတိုက်ပေးထားမယ် ၊ မင်းတို့တွေ နောက်တန်းခံစစ်ကို ပြန်ဆုတ်ကြ"
"မရတော့ဘူး ၊ နောက်တန်းခံစစ်လည်း လုံး၀ ပြိုကျသွားပြီ"
"ကျုပ် စိတ်မကောင်းပါဘူး ၊ သူတို့ရဲ့ ဆိုးညစ်ယုတ်မာမှုတွေကို ကျုပ် မနှိမ်နင်းနိုင်ခဲ့ဘူး ၊ ရွာကရော ဘာလို့ စစ်ကူတွေထပ်မပို့သေးတာလဲ"
"စစ်ကူတွေပို့လည်း အသုံးမဝင်ဘူး ၊ စစ်ကူပို့လည်း သေလမ်းပို့တာနဲ့ အတူတူပါပဲကွာ"
ကျန်းလန် ထိုအသံများကို နားထောင်ရင်း ရှေ့ဆက်လျှောက်လာသည်။
"ရှေးဟောင်းကရာဇ်က ကောင်းကင်ဘုံလမ်းကို ပိတ်လိုက်ပြီတဲ့ ၊ အခုချိန်ပြန်မယ်ဆိုရင် နောက်မကျသေးဘူး ၊ ကျုပ် တစ်ယောက်ချင်း နာမည်ခေါ်မယ် ၊ နာမည်ခေါ်ခံရတဲ့သူတွေက ပြန်ဖို့ပြင်ကြပါ"
"ငါ ပြန်မှာ မဟုတ်ဘူး ၊ ငါ ဒီကိုရောက်လာကတည်းက အသက်စွန့်ထားပြီးသား ၊ ပြန်ဖို့ရည်ရွယ်ချက် မရှိဘူး"
"ကျုပ်လည်း မပြန်ဘူး ၊ ကျုပ်တို့ မပြန်ဘူးဆိုရင် ပိုပြီးကြာကြာတောင့်ခံထားနိုင်မယ်"
"လမ်းပိတ်တော့မယ် ၊ ဒီမာ ကျန်ရစ်ခဲ့တဲ့သူတွေ ဘယ်သူမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
"သေရမှာက ကြောက်စရာမဟုတ်ဘူး ၊ ငါ သေရမှာကို မကြေက်ဘူး ၊ သူရဲဘောကြောင်ပြီး အသက်ရှင်မှာကို ပိုကြေက်တယ်"
"ဟုတ်တယ် ၊ ကျုပ်တို့ ဒီမှာပဲနေပြီး အလေင်းတွေနဲ့ ခံတပ်တည်ဆောက်မယ်"
"ငါ သေရတော့မယ် ၊ ဒါပေမဲ့ လက်ခံဖို့ ခက်ခဲနေတုန်းပဲ ၊ ငါ့ရဲ့ တာအိုသင်္ကေတကို ဒီနေရာမှာ ချန်ထားခဲ့မယ် ၊ နောင်တစ်ချိန် တစ်ယောက်ယောက်က ဒါကို တွေ့သွားမယ်ဆိုရင် သူ့အတွက် အကျိုးရှိနိုင်မှာပါ"
"ညီနောင်တို့ ၊ ကျုပ်အရင်သွားနှင့်ရတော့မယ် ၊ ဒါပေမဲ့ မင်းတို့ မြန်မြန်လိုက်မလာကြနဲ့ဦး ၊ မင်းတို့တောင့်ခံထားနိုင်သရွေ့ ရှေးဟောင်းဧကရာဇ် ပြင်ဆင်မှုတွေ ပိုပြီးပြုလုပ်နိုင်လိမ့်မယ်"
"ကျုပ်သေရပေမယ့် ကျုပ်ရဲ့ကောင်းကင်ဓားကိုတော့ ပြန်ပို့လိုက်မယ် ၊ နောက်တစ်ကြိမ် ဓားမကိုင်နိုင်တော့တာ စိတ်မကောင်းစရာပဲ ၊ ဒါပေမဲ့ မျှော်လင့်ချက် ရှိပါသေးတယ်လေ"
ကျန်းလန် ရှေ့သို့ ဖြည်းညင်းစွာ ဆက်လျှောက်လာသည်။
သူ့လက်ထဲမှ ဓားကျိုးသည်လည်း အလင်းရောင်များ ပိုမိုတောက်ပလာသည်။
ထိုအချိန် ဗလာနယ်ထဲမှ မရေမတွက်နိုင်သည့် မြေပုံသင်္ချိုင်းဂူများသည် ဓားကျိုးကို တစ်ချိန်တည်း တုံ့ပြန်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ကျန်းလန်၏ တာအိုနယ်မြေထွက်ပေါ်လာသည်။ တာအိုနယ်မြေထဲတွင် ညအချိန် ဖြစ်နေပြီး ကောင်းကင်ထက်တွင် လမင်းက ထိန်ထိန်သာလျှက် ရှိသည်။
မရေမတွက်နိုင်သော် အလင်းတန်းများက ညကောင်းကင်ထက်သို့ ခုန်ဆင်းလာကြာပြီး ညအမှောင်ကို အလှဆင်ပေးကြသည်။
ကောင်းကင်တစ်ခွင်လုံးသည် ကြင်စင်ကောင်းကင်ကြီးအဖြစ် ပြောင်းလဲသွား၏။
ကျန်းလန်၏တာအိုနယ်မြေက ဆက်လက်ကျယ်ပြန့်လာပြီး ကြယ်စင်ကောင်းကင်ကြီးက အဆုံးမဲ့ ဖြစ်တည်လျှက် ရှိသည်။
သူ၏ တာအိုတရားတွင် ဖြစ်ပေါ်သွားသည့် အပြောင်းအလဲများကို ခံစားရင်း ကျန်းလန် လမ်းဆက်မလျှောက်တော့ဘဲ ရပ်တန့်လိုက်သည်။ အတန်ကြာရပ်တန့်နေပြီးမှ ရှေ့ဆက်လျှောက်လာခဲ့၏။
သူက ထိုနေရာမှ အမြင့်ဆုံးစြင်္ကံလမ်းတစ်ခုထက်သို့တက်သွားပြီး မတ်တတ်ရပ်လိုက်သည်။
မရေမတွက်နိုင်အောင် များပြားလှသည့် မြေပုံသင်္ချိုင်းဂူများကို ကြည့်လိုက်ပြီး သိမ်မွေ့စွာ ပြောလိုက်သည်။
"တကယ်လို့ ဖြစ်နိုင်ခဲ့မယ်ဆိုရင် တစ်နေ့နေ့မှာ ကျုပ် မင်းတို့အားလုံးအတွက် နံသာပေါင်းအမွှေးတိုင်တွေနဲ့ ပူဇော်ပေးပါ့မယ်"
သူ့ စကားဆုံးသွားသည်နှင့် မြေပုံသင်္ချိုင်းဂူများက တုံ့ပြန်သည့်အနေဖြင့် တုန်လှုပ်သွားကြသည်။ ထို့နောက် အဆုံးမဲ့အလင်းရောင်များ တောက်ပလာပြီး မိုးကုတ်စက်ဝိုင်းထိတိုင် လင်းထိန်လာသည်။
ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်တော်တစ်ခုလုံး လင်းထိန်တောက်ပလျှက် ရှိလေသည်။
သူတို့ကို အခြားသူများ တွေ့မြင်စေချင်သည့်အလား အစွမ်းကုန် လင်းလက်နေကြသည်။
သို့သော် ထိုအလင်းရောင်က အပြင်ဘက်ရှိ အမှောင်ထုကို ထိုးဖောက်နိုင်ခြင်း မရှိလေရကား မည်သူမှ တွေ့မြင်နိုင်ခြင်း မရှိခဲ့ကြပါပေ။
ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော် တစ်ဖက်ခြမ်းမှ ဧကရာဇ်ယိုတုကတော့ ထိုအလင်းရောင်ကို ခံစားမိလေသည်။
သူက ထိုအလင်းရောင်များကို ကြည့်ပြီး သူ့ကိုယ်သူ မှေးမှိန်သွားသလို ခံစားလိုက်ရသည်။
မည်သို့သောကိစ္စ ဖြစ်ပျက်သည်ကို လက်သီးနတ်ဘုရားနှင့်တွေ့ဆုံမှ မေးမြန်းကြည့်ရပေမည်။ သူနှင့် လက်သီးနတ်ဘုရားသည်လည်း ခင်ခင်မင်မင် ရင်းနှီးကြသည် မဟုတ်လား။
***
ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်၏ အထက်ပိုင်းတွင်တော့ လူရွယ်တစ်ယောက် ကောင်းကင်ထက်သို့ မော့ကြည့်လျှက် ရှိသည်။
သူ့မျက်နှာတွင် အပြုံးရိပ်တစ်ခု ထင်ဟပ်နေ၏။
"အံ့သြစရာပဲ ၊ အံ့သြစရာပဲ ၊ ဒီတာဝန်ကို သူက အေးအေးဆေးဆေးနဲ့ လက်ခံနိုင်ခဲ့သတဲ့လား ၊ ဒီလိုတာဝန်မျိုးကို လွှဲပြောင်းထမ်းဆောင်ရဲတဲ့သူကို ပထမဆုံးတွေ့ဖူးတာပဲ"
"အိမ်း... အသက်ငယ်သေးလို့ သတ္တိရှိသလားတော့ မပြောတတ်ဘူး ၊ သူ့ခံယူချက်နဲ့သူ ရှိမှာပေါ့လေ"
"သူက ဘယ်တောင်ထွတ်ကလဲဆိုတာ အမြဲတမ်းတွေးမိတယ် ၊ ဒါပေမဲ့ အနောက်နန်းတော်ကိုတော့ သူ့ကို တကယ်ပဲလွှဲပြောင်းပေးရလိမ့်မယ်"
လူရွယ်၏ စကားသံအဆုံးသတ်သွားသည်နှင့် သူ့ပခုံးထက်မှ နဂါးငယ်လေးက တုန်လှုပ်ခြောက်ခြားစွာဖြင့် အော်ဟစ်လိုက်သည်။
လူရွယ်က ဆက်ပြောသည်။
"အနောက်နန်းတော်ကို ခွန်လွန်တောင်က လူတွေကလွဲပြီး ဘယ်သူမှ မသိမ်းပိုက်နိုင်ဘူး ၊ ကောင်းချီးလက်ဆောင်တွေကိုလည်း ခွန်လွန်တောင်က လူတွေပဲ ရယူနိုင်လိမ့်မယ်"
"နောင်လာနောက်သားတွေအတွက် ချန်ထားတာမို့လို့ အဲဒီကောင်းချီးလက်ဆောင်တွေကို ကျုပ် ဘယ်တုန်းကမှ မထိခဲ့ပါဘူးလေ"
သူ့ပခုံးထက်မှ နဂါးငယ်လေးကတော့ စိတ်ရှုတ်ထွေးဟန် ရှိနေသည်။
လူရွယ်က ပခုံးထက်မှ နဂါးလေးကို စောင်းငဲ့ကြည့်လိုက်ရင်း...
"ဘာလို့ အငယ်တန်းတပည့်ကို ပေးရတာလဲ ဟုတ်လား ၊ တကယ်တော့ နတ်ဘုရားရာထူးဆိုတာက တန်ခိုးစွမ်းအားမြင့်မားတိုင်းလည်း ရယူဖို့သင့်တော်တာ မဟုတ်ဘူး ၊ နတ်ဘုရားရာထူးရယူမယ့်သူနဲ့ နတ်ဘုရားရာထူးကလည်း လိုက်ဖက်ညီဖို့ လိုသေးတယ်"
"ဒီကောင်လေးက တန်ခိုးစွမ်းအား နည်းပါးပေမယ့် နတ်ဘုရားရာထူးနဲ့ လိုက်ဖက်ညီမှု အရမ်းမြင့်မားတယ် ၊ ထားပါလေ ကျုပ်အများကြီးပြောနေလည်း မင်း နားလည်မှာ မဟုတ်ပါဘူး"
"ကဲ ထူးချွန်တပည့်တွေ ဆက်ရွေးကြရအောင် ၊ တခြားသူတွေကိုလည်း အကြေင်းကြားဖို့ ပြင်ဆင်ရဦးမယ်"
ထိုစကားကို ကြားသည့်အခါ နဂါးလေးက မကျေမနပ်ဖြင့် ခန္ဓာကိုယ်ကို ကွေးကောက်ပစ်လိုက်သည်။
"မပူပါနဲ့ကွာ ၊ ဒီတစ်ခေါက် ထူးချွန်တပည့် ရွေးချယ်တာမှာ ဟိုတစ်ခေါက် မင်းကို ရိုက်လိုက်တဲ့တပည့်မပါပါဘူး"
ထိုစကားကိုကြားတော့ နဂါးလေးမှာ ချက်ချင်းပင် ပြန်လည်တက်ကြွလာလေတော့၏။
***