အခန်း (၂၆၆-၂၇၀)
Vol. 11 Ch. 266-270
အပိုင်း (၂၆၆) သုတ်သင်ခြင်း
ဖြစ်ပျက်သွားတာတွေ အားလုံးက အရမ်းကို မြန်ဆန်ပါတယ်။ သူမနောက်ပြန် ပစ်ပေါက်ခံရချိန်တုန်းက ကောင်းမလေးအဖို့ တုန့်ပြန်ချိန်တောင် မရလိုက်။ သူမနောက်လိုက်နေတဲ့ အဖွဲ့က ထိုမြင်ကွင်းကို တွေ့လိုက်တာနဲ့ သားကောင်မိတဲ့ မုဆိုးတွေလိုမျိုး စိတ်လှုပ်ရှားစွာဖြင့် အလျင်အမြန် ပြေးတက်လာခဲ့လိုက်ပြီး ကောင်းမလေးကို ဝိုင်းထားလိုက်ပါတယ်။
“မိန်းမပျက်မ… နင်အခု ဘယ်ပြေးချင်သေးလဲ” အဖွဲ့ခေါင်းဆောင်က ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်။ ကျန်တဲ့လူတွေကလည်း လူယုတ်မာဆန်ဆန် ပြုံးရင်း ကောင်မလေး၏ ပြည့်ဖြိုးနေတဲ့ ခန္ဓာကိုယ်ကို အထက်အောက် စုံဆန်ကြည့်နေလေရဲ့။ သူတို့မျက်လုံးတွေထဲ တောက်လောင် နေတဲ့ ရာဂမီးတွေကို အထင်းသား မြင်တွေ့နိုင်ပါတယ်။
ရန်ကိုင်က ထိုမြင်ကွင်းကို ကြည့်ရင်း သူ့အမူအရာ ချက်ချင်း အေးစက်သွားခဲ့တယ်။
ဒီကောင်တွေက… ကျိန်းသေ လူကောင်းတွေ မဟုတ်ဘူး
ကောင်မလေးက နှုတ်ခမ်းလေးကို ကိုက်ရင်း တုန်တုန်ရီရီနဲ့ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်၊ လူအုပ်ကြီးကို ကြည့်လိုက်ရင်း ပြေးပေါက်ရှာနေလေရဲ့။ သို့ပေမယ့် သူမသိုင်းအဆင့်က ချီသန့်စင်ခြင်း အဆင့်မှာပဲ ရှိတာလေ။ ထိုလူတွေက သူမထက် အားကောင်းတဲ့အပြင် သူမကို ပတ်ပတ်လည်ကနေ ဝိုင်းထားတဲ့အတွက် အခုကောင်မလေး ပြေးပေါက်ပိတ်သွားခဲ့ပါပြီ။
အရည်လဲ့နေတဲ့ မျက်လုံးတွေနဲ့ ရန်ကိုင်ရှိရာကို လှမ်းကြည့်လိုက်ပြီး အော်ဟစ်လိုက်ပါတယ် “အရှက်မရှိတဲ့ ကော်စုတ်၊ နင်အသေဆိုးနဲ့ သေမှာ။ နင်ဝိဥာဉ်လည်း ဖျက်စီးခံရမှာ။ နင်ကောင်းကင် အမျက်ကိုလည်း ခံစားရဦးမှာ…”
ရန်ကိုင် ကြောင့်သာ မဟုတ်ရင် ထိုလူတွေ လက်ထဲကနေ သူမလွတ်မြောက်သွားလောက်ပါပြီ။ ထိုအကြောင်းကို တွေးလိုက်တိုင်း ရန်ကိုင်ကို ခါးခါးသီးသီး မုန်းတီးမိလေရဲ့။
သူမအော်ဟစ်သံကို ကြားတဲ့အချိန် ရန်ကိုင်က နှာခေါင်းရှုံ့ပြီး ထွက်သွားခဲ့ပါတယ်။
ထိုလူအုပ်က ကောင်းတဲ့အထဲ မပါဘူးဆိုတာ သူသိပေမယ့် မိန်းကလေးရဲ့ အပြုအမူက သူ့ကို တော်တော်လေး ဒေါသထွက်သွာစေခဲ့တဲ့အတွက် သူမကို သင်ခန်းစာ ကောင်းကောင်းလေးပေးခဲ့မှာ သူကျေနပ်နိုင်မှာပါ။
ကောင်မလေးကို ဝိုင်းနေတဲ့ လူအချို့က ရန်ကိုင် ထွက်သွားဖို့ လုပ်နေတာကို မြင်တော့ တစ်ယောက်ကို တစ်ယောက် မျက်လုံးနဲ့ အချက်ပြလိုက်ကြပါတယ်။ သူတို့ထဲက နှစ်ယောက်က ရှေ့ကို ပြေးထွက်သွားလိုက်ပြီး ရန်ကိုင်နောက်ကျောကို ဓါးနှင့် ထိုးချလိုက်ပါတယ်။
ထိုနှစ်ယောက်က ဝမ်းကွဲ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် … မမြင်သင့်တာကို မြင်ပြီးသွားပြီဆိုမှာတော့ သူတို့ ရန်ကိုင်ကို အသက်ရှင်လျက် လွှတ်မပေးနိုင်ပါ။ ကောင်မလေးက ရန်ကိုင်ကို အော်ဟစ်သတိပေးဖို့ လုပ်တဲ့အချိန် ဓါးတစ်ချောင်းက သူမလည်းပင်းနား လာထောက်နေခဲ့ပါတယ်။ သူမတစ်ကိုယ်လုံး တုန်ရီသွားခဲ့ပြီး သူမအော်ပြောမယ့် စကားလုံးတွေကို ချက်ချင်း ပြန်မြိုချလိုက်ရပါတော့တယ်။
ရန်ကိုင်ဆီကို ခုန်ဝင်သွားတဲ့ နှစ်ယောက်စလုံးက ချီသန့်စင်ခြင်းအဆင့်တွေပါ။
လေအလျင်အလား ရွေ့လျားရင်း ရန်ကိုင်နောက်ကျောဘက်၌ သရဲတစ်ကောင် အလား ထွက်ပေါ်လာခဲ့ပြီး အေးစက်စက် အလင်းတစ်ချက် နှင့်အတူ ဓါးသွားက ရန်ကိုင်နောက်ကျောကို ခုတ်ပိုင်းသွားခဲ့တယ်။
ကောင်မလေးလည်း အော်ဟစ်မိလိုက်ပြီး သူမမျက်လုံးဝိုင်းဝိုင်းကြီးတွေက ကျုံ့သွားခဲ့ကာ သူမမျက်တောင် လေးတွေတောင် တဆတ်ဆတ် တုန်ရီလို့နေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူမနောင်တရမိလိုက်တယ်။
ထိုလူငယ်လေးကို သူမပြသနာထဲ ဆွဲမခေါ်မိလိုက်သင့်ပါ။ သူမလိုက်ခံနေရတုန်း အရမ်းကို စိုးရိမ်နေတာလေ။ အဲ့တော့ သူမဘာကိုမှ သေသေချာချာ မတွေးတောမိခဲ့။ သူမစိတ်ထဲ ပေါ်လာတဲ့အရာကို အော်ဟစ်လိုက်တာပါ။ ဒါပေမယ့် သူမခံစားနေရတဲ့ ဖိအားကို လျော့ကျသွား စေချင်လို့ဆိုရင်လည်း မမှားပါချေ။
ဓါးနှစ်ချောင်းက ရန်ကိုင် ကျောကို ခုတ်ပိုင်းမိတော့မယ့်အချိန် ရန်ကိုင်က ကျောဘက်မှာ မျက်စိပေါက်နေသည့်အလား ချက်ချင်းပဲ အရှေ့ဘက်ကို စောင်းချလိုက်ပြီး ဓါးချက်ကို အသာအယာ ရှောင်တိမ်းသွားလိုက်တယ်။ ထို့နောက် သူ့ကိုတိုက်ခိုက်လိုက်တဲ့ နှစ်ယောက်ကို ပြန်လှည့် ကြည့်လိုက်တယ်။ သူ့မျက်နှာက မိစ္ဆာတစ်ကောင်လို ပြုံးနေပြီး ခြောက်ခြားစရာ ကောင်းတဲ့ ရယ်သံတစ်သံ သူ့ပါးစပ်ဆီ ထွက်ပေါ်လာခဲ့တယ်။
ထိုရုတ်တရက် ပြောင်းလဲမှုက လူရမ်းကား နှစ်ယောက်ကို ကြောင်သွားစေခဲ့တယ်။ သူတို့ရှေ့ရှိ လူငယ်လေးက သူတို့ထင်ထားသလို အားနည်းပျော့ညံမှန်း မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့အခါ ချွေးအေးတို့ သူ့တို့လည်ပင်းထက်၌ ဝေ့သီလာခဲ့ပါတော့တယ်။ ကြောက်တာက ကြောက်တာပေါ့… မတိုက်ခိုက်ပဲ မနေလို့ မရတဲ့အတွက် ယွမ်ချီကို အစွမ်းကုန် လှည့်ပတ်လိုက်ပြီး ရန်ကိုင်ကို နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက် လိုက်ပြန်ပါတယ်။
အရိပ်တမျှ မြန်ဆန်တဲ့ လက်သီးနှစ်လုံးက လေထုကို ထိုးခွဲပြီး လူရမ်းကား နှစ်ယောက်ဆီ တိုးဝင်သွားခဲ့တယ်။ သို့ပေမယ့် လူရမ်းကား တို့နှစ်ယောက်က အချိန်မှီ မတုန့်ပြန်နိုင်ခဲ့တဲ့အတွက် လက်သီးချက်ကြောင့်း လေထဲလွင့်စင် ထွက်သွားခဲ့ရပါတော့တယ်။
ထိုလူရမ်းကား နှစ်ယောက် လေထဲမှာတင် အဆက်မပြတ် သွေးအန်ရင်း မြေကြီးပေါ် ရောက်တာနဲ့ ပွဲချင်းပြီး သေသွားခဲ့ပါတယ်။
“ကျဲကျဲကျဲကျဲ…” နတ်ဆိုးအိုကြီးက တိုက်ခိုက်ရင်း ရယ်မောလိုက်တယ်။ သီးခြားကမ္ဘာမှာတုန်းက လောကဥပဒေသ တွေကြောင့် သူဘာမှ လုပ်လို့မရခဲ့။ ဒါပေမယ့် အခု အပြင်ပြန်ရောက်ပြီ ဖြစ်တဲ့အတွက် သူ့လက်စွမ်းလက်စကို ပြသချင်တာလည်း မဆန်းတော့။
အနက်ရောင်အငွေ့တွေက လေထုထဲ ထွက်ပေါ်လာခဲ့ပြီး လူသေကောင် အလောင်းနှစ်ခုဆီ ပြေးဝင်သွားခဲ့တယ်။ သူ့လက်အောက် ငယ်သားနှစ်ယောက် ခုခံချိန်တောင် မရလိုက်ပဲ တစ်ထိုင်တည်း သတ်ပစ်ခံလိုက်ရတာကို တွေ့လိုက်ရတဲ့အချိန် အုပ်စုခေါင်းဆောင်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရပါတော့တယ်။
ကောင်မလေး လည်ပင်းထောက်ထားတဲ့ ဓါးကို တင်းတင်း ဆုပ်ကိုင်ထားလိုက်ရင်း သူ့ကျန်လက်အောက် ငယ်သားတွေကို အော်ဟစ် အမိန့်ပေးလိုက်တယ် “သူ့ကိုသတ်”
ကျန်ရှိနေတဲ့ လူရမ်းကားတွေလည်း အလိုလို တံတွေး မျိုချမိလိုက်တယ်။ သို့ပေမယ့် နောက်တွန့်သွားလား ဆိုတော့လား နောက်မတွန့်ပါ။ အော်ဟစ်မြည်ကြွေးရင်း သားကောင်ကို အမဲဖျက်တော့မယ် မုဆိုးတစ်အုပ်လို ပြေးဝင်သွားခဲ့ကြပါတယ်။
“ကျဲကျဲ..” နတ်ဆိုးအိုကြီးက နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက် လိုက်ပါတယ်။ လူရမ်းကားတွေထဲ တစ်ယောက်က ရှေ့နောက် ရွေ့လျားနေတဲ့ ထူးဆန်းတဲ့ လက်နက်ကို ကြည့်ရင်း အံ့အားသင့်စွာဖြင့် အော်ဟစ်မိလိုက်တယ်။
သူတို့ထဲက တစ်ယောက်က နတ်ဆိုးအိုကြီး၏ ဝိဥာဉ်ဖျက်စီးခြင်း အရိုးကို ထိပ်တိုက်ရင် ဆိုင်နေတဲ့အချိန် ကျန်တဲ့လူတွေကတော့ ရန်ကိုင်ဆီ ပြေးဝင်သွားခဲ့ကြလေရဲ့။
’ဖုန်း..ဖုန်း..ဖုန်း’
မြည်သံသဲ့သဲ့ သုံးသံနှင့်အတူ လူရမ်းကား သုံးယောက် လွင့်စင်ထွက်လာခဲ့တယ်။ သူတို့သုံးယောက်စလုံးရဲ့ ရင်ဘတ်က ကျိုးကြေနေပြီး အတွင်းဘက်ကို ချို့ဝင်နေလေရဲ့။
နှစ်စကတည်းက ရန်ကိုင်က အင်အားစု အသီးသီးက လက်ရွေးစင်တွေနဲ့ အသေအကြေ နွှဲလာခဲ့တာပါ။ လက်ရွေးစင်တွေ ဆိုတာလည်း သူတို့ထက် သိုင်းအဆင့် နှစ်ဆင့်လောက် မြင်တဲ့ သာမန်ကျင့်ကြံသူတွေကို အသေသတ်နိုင်တဲ့ ကောင်တွေပါ။
ဒါပေမယ့် အဲ့လိုလက်ရွေးစင်တွေတောင် ရန်ကိုင် သတ်ဖြတ်တာကို ခံခဲ့ရလေရဲ့။ အားအကောင်းဆုံး ဖြစ်တဲ့ ဝူချန်းရီတောင် ရန်ကိုင်သတ်တာ ခံခဲ့ရပါတယ်။ လက်ရွေးစင်တွေကိုမှ သတ်ဖြတ်လာခဲ့တဲ့ ရန်ကိုင်လို လူတစ်ယောက်ကို သူတို့ ကျားအသည်း စားထားလို့များ သွားယှဉ်ရဲတာလား။
တစ်ကောင် တစ်ချက်နှုန်းနဲ့ အကုန် အသေသတ်ခံ လိုက်ရပါတယ်။ အားနည်းတဲ့ လူတွေဆို ပွဲချင်းပြီး အသတ်ခံလိုက်ရပြီး နည်းနည်း အားကောင်းတဲ့ လူတွေကတော့ မြေကြီးပေါ်တွင် လဲလျောင်းနေရပြီး အသက်မျော့မျော့လေးသာ ကျန်ရှိပါတော့တယ်။
ခန္ဓာကိုယ်တွေက မြေကြီးပေါ် ကျသွားတာနဲ့ နတ်ဆိုးအိုကြီး ချုပ်တည်းထားခြင်း အလျင်းမရှိပဲ ထိုခန္ဓာကိုယ်တွေဆီ ပြေးဝင်သွားကာ သူတို့ရဲ့ ဝိဥာဉ်တွေကို ဝါးမြိုလိုက်ပါတယ်။ နတ်ဆိုးအိုကြီးရဲ့ ပြိုင်ဘက်ကတော့ ထွက်ပြေးချိန်တောင် မရလိုက်ပဲ ရန်ကိုင် လည်ချိုးသတ်တာကို ခံလိုက်ရလေရဲ့။
လူသေအလောင်းတွေကို လျစ်လျူရှုလိုက်ပြီး ရန်ကိုင်က အဖွဲ့ခေါင်းဆောင် လူသန်ကြီးကို အေးစက်စွာ လှမ်းကြည့်လိုက်ပါတယ်။ ထို့နောက် တစ်လှမ်းချင်း၊ တစ်လှမ်းချင်း ရှေ့တိုးသွားလိုက်တယ်။ သူ့ခန္ဓာကိုယ်ကနေ အစစ်အမှန်ချီတို့ ပေါက်ကွဲ ထွက်ပေါ်လာခဲ့ပြီး အဝတ်စတွေတောင် လေမတိုက်ပဲ တဖျတ်ဖျတ်ခတ်နေခဲ့ကာ အခုရန်ကိုင်က သတ်ဖြတ်ခြင်းနတ်ဘုရား တစ်ပါးနဲ့တောင် တူနေပါသေးတယ်။
ကောင်မလေးရဲ့ ပါးစပ်က ကြက်ဥတစ်လုံး ဝင်နိုင်လောက်တဲ့အထိ ပွင့်အာနေလေရဲ့။ သူမပြဿနာထဲ ဆွဲခေါ်ခဲ့တဲ့ လူငယ်လေးက အခုလောက်ထိ အားကောင်းလိမ့်မယ်လို့ သူမဘယ်တုန်းကမှ မျော်လင့်မထားခဲ့ပါ။ သူပုံစံအရဆိုရင် သူမထက်တောင် အသက်ကြီးတဲ့ ပုံမပေါက်ပါဘူး။ ဒါပေမယ့် သူကဘာလို့ အဲ့လောက်တောင် အားကောင်းနေရတာလဲ။
ရန်ကိုင်ကို ကြည့်နေရင်း သူမမျက်လုံးအစုံထဲ ကြောက်ရွံ့သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့တယ်။ သူမနောက်ကို လိုက်နေတဲ့ လူရမ်းကား အဖွဲ့နှင့်ယှဉ်ရင် ရန်ကိုင်က ထိုလူတွေထက် ပိုပြီးကြောက်ဖို့ ကောင်းပါတယ်။ သူ့ပုံစံက သွေးစွန်းနေတဲ့ ကွက်မျက်သူ တစ်ပုံစံနဲ့ကိုး။
သူက လူအသက်တွေကို ပုရွက်ဆိတ် အသက်တွေလို သဘောထားပြီး မျက်တောင်တစ်ချက်တောင် မခတ်ပဲ သတ်နေတာကိုး… ကောင်မလေးက ကြောက်သွားမှာပေါ့။ ကောင်မလေးတောင် ကြောက်နေမှတော့ ရန်ကိုင်ကို သတ်ဖို့ကြိုးစားခဲ့တဲ့ လူရမ်းကားခေါင်းဆောင်ကတော့ ပြောစရာတောင် မလိုတော့ပါချေ။
သူက အစစ်အမှန် ဒြပ်စင်အဆင့်လေး ဆိုပေမယ့် အခုအချိန်မှာတော့ သူ့တစ်ကိုယ်လုံး ကြောက်ရွံ့မှုကြောင့် တုန်ရီနေပြီး သူ့ဝိဥာဉ်တောင် အေးခဲသွားခဲ့ပါပြီ။ သူ့လက်အောက် ငယ်သားတွေရဲ့ ခွန်အားကို သူကောင်းကောင်း သိထားပါတယ်။ သူတို့တွေထဲကို ဘယ်သူ့ကိုမဆို တစ်ယောက်ချင်း သူယှဉ်ပြိုင်နိုင်ပါတယ်။ ဒါပေမယ့် ရန်ကိုင်လိုမျိုး အားလုံးကို တစ်ယောက်တစ်ချက်နဲ့ သတ်ဖို့ကတော့ သူ့အတွက် လုံးဝမဖြစ်နိုင်တဲ့ အရာတစ်ခုပါပဲ။
“ရောင်းရင်းရယ်… အားလုံးက နားလည်မှု လွဲသွားတာပါကွာ” လူရမ်းကား ခေါင်းဆောင်၏ နဖူးဟာ ဆိုရင်ဖြင့် ချွေးစေးတို့ဖြင့် စိုရွှဲလို့၊ ရန်ကိုင် တိုးကပ်လာတာကို ကြောက်ကြောက်လန့်လန့်နဲ့ ကြည့်နေရင်း ကိုးယိုးကားယား ရယ်မောလိုက်ပြီး “ငါတို့ကြားမှာ မကျေနပ်ချက်တွေ ရှိတာလည်း မဟုတ်ဘူးလေ။ အားလုံးကို ဒီမှာပဲ အဆုံးသတ်လိုက်ရင် ပိုမကောင်းဘူးလား”
ရန်ကိုင်ကတော့ ဘာတစ်ခွန်းမှ ပြန်မပြောပဲ ရုပ်တည်ကြီးနဲ့သာ လူရမ်းကား ခေါင်းဆောင်ကို ဆက်ကြည့်နေခဲ့တယ်။
“ငါမင်းကို မမြင်နိုင်ခဲ့တာ ငါ့အမှား။ အဲ့ဒါကြောင့်မို့လည်း မင်းကိုရန်စ မိလိုက်တာ။ ဒါပေမယ့် မင်းက ငါတို့လူ တော်တော်များများကို သတ်ပြီးသွားပြီလေ။ အခုလောက်ထိ ရက်စက်ဖို့ လိုသေးလို့လားကွာ” လူသန်ကြီးက နောက်တစ်ကြိမ် တောင်းပန်တိုးလျှိုးလိုက်ပြန်တယ်။ သို့ပေမယ့် သူ့ဓါးကတော့ မိန်းကလေး လည်ပင်းဆီကနေ တစ်ချက်ကလေးတောင် မရွေ့။
ရန်ကိုင်က သူ့ကိုရုပ်သေကြီးနဲ့ ဆက်ပြီး စိုက်ကြည့်နေတော့ ညှိနှိုင်းတာ အဆင်မပြေတော့မှန်း လူသန်ကြီး သိလိုက်ပါြပီ။ အပျော့နည်းနဲ့ မရမှတော့ အကြမ်းနည်းနဲ့ပဲ ခြိမ်းခြောက်ရတော့မှာပေါ့။ ထို့ကြောင့် လူရမ်းကား ခေါင်းဆောင်က အံကြိတ်လိုက်ပြီး
“မင်းသာ ရှေ့ဆက်တိုးလာမယ် ဆိုရင် ငါဒီမိန်းကလေးကို ချက်ချင်းသတ်ပစ်လိုက်မှာနော်”
“သတ်လိုက်လေ။ ပြီးတော့ မင်းလည်း သူမနဲ့အတူ လိုက်သွားပေါ့” ရန်ကိုင်က အရှိန်တစ်ချက်ကလေးတောင် မလျော့ခဲ့ချေ။
လူရမ်းကား ခေါင်းဆောင်တစ်ကိုယ်လုံး ချွေးစေးတို့ဖြင့် စိုရွှဲလို့နေပါပြီ။ ရန်ကိုင် သူ့နားတိုးလာတာနဲ့ အမျှ ဧရာမတောင်ကြီး တစ်တောင်က သူ့အပေါ်ကို ဖြေးဖြေးချင်း ဖိချလာနေတယ်လို့ ခံစားရနေခဲ့တယ်။
အသက်တောင် ကောင်းကောင်း မရှူနိုင်တော့တဲ့အတွက် သူ့အစစ်အမှန်ချီကို လှည့်ပတ်ရတဲ့အထိ ဖြစ်လာပါတော့တယ်။ ဓါးကိုင်ထားတဲ့ သူ့လက်ကလည်း တုန်ရီနေတဲ့အတွက် ဓါးဖျားက ကောင်မလေး လည်ပင်းကို ရှသွားခဲ့ပါတယ်။ ကောင်မလေးလည်း ကြောက်လန့်မှုကြောင့် အလန့်တကြား ထအော်ပါတော့တယ်။
“ငါသူမကို မသတ်ရဲဘူးလို့ မင်းထင်နေတာလား” လူရမ်းကား ခေါင်းဆောင်ကို ရန်ကိုင်ကို ခြိမ်းခြောက်ဖို့ ထပ်ပြီးကြိုးစားလိုက်ပါတယ်။
ဒါပေမယ့် သူစကားပြောလို့ မပြီးသေးခင်မှာပဲ ရန်ကိုင်မျက်လုံးတွေက ကျုံ့သွားခဲ့ပြီး မမြင်နိုင်တဲ့ အားတစ်ခုက လူရမ်းကားခေါင်းဆောင် ဝိဥာဉ်ထဲ တိုးဝင်ရောက်သွားပါတော့တယ်။
ထိုအရာက ကောင်းကင်စိတ်အာရုံရဲ့ စွမ်းအားပါ။ ကောင်းကင်စိတ်အာရုံက ပတ်ဝန်းကျင်ကို စစ်ဆေးဖို့ အသုံးပြုလို့ရရုံမက တိုက်ခိုက်တဲ့နေရာမှာပါ အသုံးပြုလို့ရပါတယ်။ ရန်ကိုင် အရင်တုန်းက ကောင်းကင်စိတ်အာရုံကို သုံးပြီး တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးပါ။ အခုမှသာ ပထမဆုံးအကြိမ် ကောင်းကင်စိတ်အာရုံကို တိုက်ခိုက်တဲ့နေရာမှာ အသုံးပြုဖူးတာပါ။
ရန်ကိုင် ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုကို ခံလိုက်ရတာနဲ့ လူရမ်းကား ခေါင်းဆောင် တစ်ခဏတာ ကြောင်အသွားခဲ့ရပါတယ်။ သူအသိ ပြန်ဝင်လာတဲ့ အချိန်မှာတော့ ရန်ကိုင်က သူ့နားရောက်နေပြီး သူ့ဓါးကို ဖမ်းကိုင်ဖို့ လုပ်နေပါြပီ။
လူသန်ကြီးက အော်ဟစ်လိုက်ပြီး ယွမ်ချီကိုလှည့်ပတ်လိုက်ကာ မိန်းကလေးရဲ့ လည်ပင်းကို ဖြတ်တောက်ပြီး သူမကိုပါ သူနှင့်အတူ သေရွာတစ်ခါတည်း ခေါ်သွားဖို့ ကြိုးစားလိုက်တယ်။ ရန်ကိုင်မျက်လုံး အရောင်တလက်လက် ဖြစ်သွားခဲ့ပြီး လူသန်ကြီးရဲ့ မျက်နှာကို လက်ဖြင့် ရိုက်ချလိုက်ကာ ကောင်မလေးကို ခြေထောက်ဖြင့် ဘေးတစ်ဖက်ကို ကန်ထုတ်လိုက်ပါတယ်။
ဓါးအလင်းရောင် လက်သွားခဲ့ပြီး ကောင်မလေးလည်း ဘေးဘက်ကို လဲကျသွားခဲ့တယ်။ သို့ပေမယ့် သူမအသက်တော့ ပါမသွားခဲ့… ဆံပင်လေး အနည်းငယ်သာ ပြတ်ကျသွားခဲ့ပါတယ်။ လူသန်ကြီးက နောက်ဘက်ကို ရှောင်တိမ်းလိုက်ပြီး ရန်ကိုင်လက်ထဲကနေ သူ့ဓါးကို ပြန်ဆွဲယူလိုက်ပါတယ်။
ရန်ကိုင်မျက်နှာက လေးနက်ပြီး တည်ငြိမ်နေဆဲပါ။ လူသန်ကြီး နောက်ဆုတ်နေတဲ့ အချိန်ကို အခွင့်ကောင်းယူကာ လက်သီးတင်းတင်း ဆုပ်လိုက်ပြီး နေမီးတောက်ပေါက်ကွဲခြင်း ပညာရပ်ကို အသုံးပြုလိုက်ပါတယ်။
လူရမ်းကားခေါင်းဆောင်က အစစ်အမှန်ဒြပ်စင်အဆင့်၄ ကျင့်ကြံသူတစ်ယောက်ပါ။ ရန်ကိုင်တိုက်ခိုက်မှုကို ပြင်ဆင်ချိန်မရပဲ ခုခံလိုက်ရတယ် ဆိုပေမယ့် မခုခံနိုင်တာမျိုးတော့ မဖြစ်ခဲ့။ သူ့ဓါးကို ဝှေ့ရမ်းလိုက်ပြီး ရန်ကိုင်ကို တန်ပြန်တိုက်ခိုက်လိုက်တယ်။
တိုက်ခိုက်နေစဉ်မှာပဲ နေမီးတောက်ပေါက်ကွဲခြင်း ပညာရပ်ရဲ့ အစစ်အမှန်ချီက လူရမ်းကားခေါင်းဆောင်ရဲ့ ခန္ဓာကိုယ်ထဲ ပေါက်ကွဲသွားသဖြင့် သူ့မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့ပါတော့တယ်။
နတ်ဆိုးအိုးက အခွင့်အရေး ရတာနဲ့ ရန်ကိုင်ဆီ ပြေးဝင်သွားပြီး ကူညီပေးလိုက်တယ်။
အကွက်၁၀ကျော်လောက် တိုက်ခိုက်ပြီးချိန်မျာတော့ လူရမ်းကာင်း ခေါင်းဆောင်ရဲ့ ရင်ဘတ်ကို ရန်ကိုင် မိမိရရ တိုက်ခိုက်နိုင်ခဲ့ပါပြီ။ သူ့မျက်လုံးထဲက အလင်းရောင် တစစ ပျောက်ကွယ်သွားခဲ့ပြီး လူရမ်းကား ခေါင်းဆောင်ရဲ့ မျက်နှာက ခါးသီးမှုအပြည့်ဖြင့် ’မွန်းစတား’ ဆိုတဲ့စကားလုံးကို တိုးတိုးလေးရေရွတ်ရင်း သူ့ခန္ဓာကိုယ်က မြေကြီးပေါ် တအိအိ လဲပြိုကျသွားပါတော့တယ်။
နတ်ဆိုးအိုကြီးက ရယ်မောလိုက်ပြီး ဝိဥာဉ်ဖျက်စီးခြင်း ဆူးချွန်ကို လူရမ်းကား ခေါင်းဆောင်၏ ခန္ဓာကိုယ်ထဲ ထိုးသွင်းလိုက်ပြီး သူ့ဝိဥာဉ်ကို စတင်ဝါးမြိုပါတော့တယ်။ ပြီးတာနဲ့ အနက်ရောင်အငွေ့တွေ အဖြစ်ပြောင်းလဲသွားပြီး ရန်ကိုင်ကိုယ်ထဲ ချက်ချင်း တိုးဝင်ပျောက်ကွယ် သွားခဲ့လေရဲ့။
“သခင်လေး ခံစားမိလား” နတ်ဆိုးအိုကြီးက တိုးတိုးလေး မေးလိုက်တယ်။
“အင်း” ရန်ကိုင်က ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ အစစ်အမှန်ချီကို သုံးကာ သူ့ကိုယ်က သွေးတွေကို သန့်ရှင်းလိုက်ပြီးနောက် “အဲ့ကောင်တွေရဲ့ ချီစွမ်းအင်က အရမ်းပြင်းထန်တယ်။ သူတို့တွေ အကုန်လုံး မိစ္ဆာကျင့်စဉ် တစ်ခုခုကို လေ့ကျင့်ထားတာ ဒါမှမဟုတ် မိစ္ဆာလမ်းကြောင်းထဲ ရောက်သွားတာ ဖြစ်ရမယ်”
ဒီကမ္ဘာကြီးမှာ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေ အများဆုံးစုစည်းတဲ့ နေရာက မှိုင်းညို့တိမ်မိစ္ဆာကျွန်းပဲ ဖြစ်ပါတယ်။ ထိုနေရာကို မိစ္ဆာအရှင်သခင်တို့ ကြီးစိုးပြီး နေရာတိုင်းဟာ မိစ္ဆာကျင့်ကြံသူတွေနဲ့ ပြည့်နေပါတယ်။
အရင်တုန်းက ကောင်းကင်စံအိမ်က အကြီးအကဲချုပ်က ရန်ကိုင်ကို မှိုင်းညို့တိမ်မိစ္ဆာကျွန်းဆီသွားပြီး သူ့ထက်အဆင့်မနိမ့်တဲ့ မိစ္ဆာကျင့်ကြံသူတစ်ယောက်ရဲ့ ခေါင်းကိုဖြတ်ယူလာဖို့ တာဝန်ပေးခဲ့ပါတယ်။ သို့ပေမယ့် ရန်ကိုင်က ထိုတာဝန်ကို ယတိပြတ် ငြင်းဆိုခဲ့လေရဲ့။
ဒါပေမယ့် တစ်ခု မေးစရာ ရှိတာက… ထိုမိန်းကလေးက အဲ့လိုမိစ္ဆာကျင့်ကြံသူတွေကို ဘယ်လိုလုပ်ပြီး ရန်စမိသွားတာလဲ ဆိုတာကိုပါ။
Martial Peak
အပိုင်း(၂၆၇) ဆေးဘုရင်တောင်ကြား
သံသယအပြည့်ဖြင့် ကောင်မလေးကို သူလှည့်ကြည့်လိုက်ပါတယ်။ အခုလေးတင်ပဲ ရန်ကိုင်က သူမကို ခြေထောက်ဖြင့် ကန်ထုတ်ပြီး လူရမ်းကား ခေါင်းဆောင်၏ ဓါးချက်အောက်ကနေ ကယ်ထုတ်ခဲ့တာပါ။ သိုပေမယ့် သူမအခုထိ မြေပေါ်မှာ ထိုင်နေတုန်း။ သူမမျက်လုံးတွေကလည်း ထိတ်လန့်မှုတို့ဖြင့် ကြီးစိုးနေလေရဲ့။ သူမခန္ဓာကိုယ်လေးတောင် မသိမသာလေး တုန်ရီနေခဲ့ပါတယ်။
ရန်ကိုင်သာ နောက်ကျသွားခဲ့မယ်ဆိုရင် သူမအခုလို ဒဏ်ရာသေးသေးလေးပဲ ရခဲ့လိမ့်မည် မဟုတ်ပေ။ ဓါးက သူမဆံပင်စ အနည်းငယ်ကို ဖြတ်တောက်သွားခဲ့ပြီး သူမလည်ပင်းဆက် ဖြတ်ရှရာလေး ချန်ထားခဲ့လေရဲ့။ ရန်ကိုင်သာ အကယ်မစောခဲ့ရင် သူမလည်းပင်း အဖြတ်ခံရလောက်ပါပြီ။
ရန်ကိုင် သူမကိုကြည့်နေတာကို တွေ့လိုက်ရတော့ ကောင်မလေးက ထိတ်လန့်တကြား ထခုန်လိုက်ပါတယ်။ ဘယ်လောက်တောင် ကြောက်စရာ ကောင်းတဲ့ လူမျိုးကို သူမရန်စမိခဲ့ပြီလဲဆိုတာ အခုမှပဲ သူမသိတော့ပါတယ်။ အသက်ရှုချိန် ၃၀ ရှိုက်စာအတွင်း သူမနောက်ကို လူရမ်းကား တစ်ဖွဲ့လုံး တစ်ယောက်မကျန် အသတ်ခံခဲ့ရပါတယ်။ ပြီးတော့ သူ့ပုံစံကလည်း အဖိုးမတန်တဲ့ အမှိုက်တွေကို ရှင်းထုတ်ပစ်နေရတဲ့ ရုပ်နဲ့။
ရန်ကိုင်ကတော့ မျက်မှောင်ကျုံ့လိုက်ပြီး သူမဆီ လမ်းလျှောက် သွားလိုက်ကာ သူမရှေ့တည့်တည်၌ ထိုင်ချလိုက်ပါတယ်။ ကောင်မလေး၏ မျက်ဆံလေးတွေက ဂနာမငြိမ်ဖြစ်နေပြီး သူမ၏ မျက်တောင်မွှေးလေး တွေဆိုရင်လည်း တုန်ရီလို့နေလေရဲ့။ သူမကြောက်နေတာ အသိသာကြီးပါ။
ရယ်မောလိုက်ရင်း ရန်ကိုင်က သူမနဖူးကို လက်ချောင်းလေးဖြင့် တောက်လိုက်ပြီး လည်ပင်းဆီကို ဒဏ်ရာကို တစ်ချက်စစ်ဆေး ကြည့်လိုက်ပြီး ပြောလိုက်တယ် “ဒဏ်ရာသေးသေးလေး ပါပဲ။ နင်သာ သေချာကုမယ်ဆိုရင် အမာရွတ် ကျန်ခဲ့မှာမဟုတ်ဘူး”
ပြောနေရင်း သူ့အိတ်ကပ်ထဲ နှိုက်လိုက်ပြီး ကုသရေးဆေးလုံးတစ်လုံး ထုတ်လိုက်ပြီး ကောင်မလေးကို ပေးလိုက်တယ်။ ထိုအခြင်းအရာကို ကြည့်ရင်း ကောင်မလေး မျက်နှာထက် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ပြန်ပြောလိုက်တယ် “ငါ့မှာဆေးရှိတယ်…”
သူမ အရမ်းသတိကြီးလွန်း နေတဲ့အတွက် ရန်ကိုင်လည်း သူမကို ဆက်ပြီး မတိုက်တွန်းတော့ပဲ ဆေးလုံးကို သူ့အိတ်ကပ်ထဲသာ ပြန်ထည့်ထားလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ရန်ကိုင်မှာများ မကောင်းတဲ့ ရည်ရွယ်ချက်များ ရှိလိမ့်မလားဆိုပြီး ကောင်မလေးက သူ့ကို ကြောက်ကြောက် လန့်လန်နဲ့ စစ်ဆေးနေခဲ့ပါတယ်။
အချိန်တစ်ခဏလောက် ကြာအောင် စစ်ဆေးပြီးတော့မှပဲ ဆေးပုလင်း တစ်ပုလင်းထုတ်ကာ သူမ၏ ကိုယ်ပိုင် ကုသရေး ဆေးလုံးတွေကို ထုတ်ယူလိုက်ပါတယ်။
“အစောတုန်းက နင်ဘာလို့ ပြန်မတိုက်တာလဲ” ရန်ကိုင်က မျက်မှောင်ကြုံ့ပြီး မေးလိုက်တယ်။
“ငါ… ငါတကယ့် တိုက်ပွဲမျိုး တစ်ခါမှ မတိုက်ဖူးဘူး…” ကောင်မလေးက ရှက်ရှက်နဲ့ ပြန်ဖြေလိုက်ပါတယ်။ သိုင်းလေ့ကျင့်တုန်းက မိတ်ဆွေတွေ အချင်းချင်း လက်ရည်စမ်း ဖူးတယ်ဆိုပေမယ့် ထိုတိုက်ပွဲက လက်ရည်စမ်းပွဲ သက်သက်ပဲလေ။ သေခြင်းရှင်းခြင်း တိုက်ပွဲမှ မဟုတ်တာ။ ထို့ကြောင့် သူမလည်းပင်ကို ဓါးထောက်ခံလိုက်ရတဲ့အချိန် ဘာလုပ်ရ ဘာကိုင်ရမှန်း မသိတော့ပဲ တောင့်တောင့်ကြီး ရပ်နေခဲ့မိလိုက်တာပါ။
ရန်ကိုင် သူမကို သေချာစူးစမ်းကြည့် လိုက်ပါတယ်။ သူမအဝတ်အစား တွေဆို တော်တော်လေး ဈေးကြီးမယ့်ပုံပါ။ ဝတ်စားပုံက နည်းနည်းလေး ထူးဆန်းတယ်ဆိုပေမယ့် သူမကိုယ်ကနေ ထွက်ပေါ်နေတဲ့ မူရင်းပင်ကိုယ်ဟန်ပန် ကိုတော့ မဖုံးကွယ်ထားနိုင်ပေ။ ထိုကဲ့သို့ စရိုက်ဟန်ပန် မျိုးဆိုတာက သာမန်အဆင့်လောက်သာ ရှိတဲ့ အင်အားစု တစ်ခုပိုင်ဆိုင် နိုင်တာမျိုး မဟုတ်။
သူမ အားကောင်းတဲ့ မိသားစုတစ်ခုခုက မိန်းမပျိုလေး ဒါမှမဟုတ် သခင်မလေး တစ်ယောက်ဖြစ်ရပါမယ်။ သူမအသက်က သူနှင့်သိပ်မကွာသေးပေမယ့် ချီသန့်စင်ခြင်းအဆင့် ရောက်နေပြီး လက်တွေ့ တိုက်ပွဲစွမ်းရည် မရှိတာတော့ အံ့ဩစရာတော့ မဟုတ်။
အဓိက အကြောင်းပြချက်က သူမမိသားစုက သူမကို ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်အောင် တယုတယ ပြုစုထားခဲ့လို့ပါပဲ။
“အဲ့လူတွေကို နင်ဘယ်လိုလုပ်ပြီး ရန်စလိုက်တာလဲ”
“ငါမသိဘူး” ကောင်မလေးက မခံမရပ်နိုင် ဖြစ်ကာ ပြန်ပြောလိုက်တယ်
“ငါက အိမ်ကနေ ထွက်ပြေးလတာ..အဟွတ်..ငါပြောချင်တာက ငါက အပြင်မှာ ကစားနေတာ။ ဒါပေမယ့် အဲ့အဖွဲ့သားတွေက ဘယ်နေမှန်းမသိ ပေါ်လာပြီး အကြောင်းပြချက်မရှိ ငါ့ကိုလိုက်ဖမ်းတာ။ သူတို့တွေအားလုံးက အရမ်းကို ရွံရှာဖို့ကောင်းတယ်။ တွေးလိုက်တာနဲ့ အသည်းယားစရာကြီး”
ရန်ကိုင်လည်း သူမပြောတာကို နားထောင်ရင်း ပြုံးမိလိုက်ပါတယ်။
ရန်ကိုင်က ပြောဆိုရလွယ်တဲ့ လူတစ်ယောက်မှန်း သိလိုက်တာနဲ့ ကောင်မလေး ပိုပြီးသတ္တိရှိလာခဲ့တယ်။ ရန်ကိုင်ကို သူမ၏ မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ စိုက်ကြည့်နေလိုက်ပြီးနောက် ပြုံးပြလိုက်ကာ ပြောပြလိုက်တယ် “ပြီးတော့ နင်ကကော ငါ့ကိုဘယ်လိုလုပ်ပြီး အဲ့လိုပစ်ပေါက်နိုင်ရတာလဲ။ အဲတာ ဘယ်လောက်တောင် အန္တရာယ်များမှန်း နင်မသိဘူးလား။ ငါသာ ဒီနေရာမှ သေသွားခဲ့ရင် တစ္ဆေဘဝနဲ့ နင့်နောက်ကို တကောက်ကောက်လိုက်ပြီး နင့်ကိုအမြဲနှောင့်ယှတ်ဖို့ကြိုးစားမှာ”
ရန်ကိုင်က အဝေးတစ်နေရာကို လှမ်းကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက စဉ်းစားတွေးတော နေသည့် အရိပ်အယောင်တို့ဖြင့် ပြည့်နေခဲ့တယ်။ နောက် ကောင်မလေးကို ပြန်ကြည့်လိုက်ပြီး တည့်တိုးပြောချလိုက်တယ်
“နင်အော်လိုက်တုန်းက ငါ့အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးဆိုပေမယ့် ငါသာ အားနည်းတဲ့ လူတစ်ယောက် ဖြစ်ကြည့်ပါလား။ ဘာဖြစ်သွားမယ် ထင်လဲ။ ငါသာ ကံဆိုးမယ်ဆိုရင် အခုအချိန်လောက်ဆို နင်တို့ရောပါမိပြီး အလောင်းတစ်လောင်း ဖြစ်နေလောက်ပြီ”
ကောင်မလေး၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး ခေါင်းလေ့ငုံ့ကာ တိုးတိုးလေး ပြန်ပြောလိုက်တယ် “အဲ့ဒါငါ့အမှားပါ…”
ဒါပေမယ့် မကြာပါဘူး၊ ရန်ကိုင်ကို အပြစ်တင်လိုတဲ့ အကြည့်နဲ့ ပြန်ကြည့်လိုက်ပြီး “ဒါပေမယ့် နင်လုပ်တာက အရမ်း မရက်စက်လွန်းဘူးလား။ လမ်းပေါ်မှာ အားနည်းတဲ့ လူတွေ့ရင် ကူညီပေးရမယ်လို့ လူကြီးတွေက ပြောတယ်။ နင့်ခွန်အားနဲ့ဆိုရင် သူတို့လောက်က နင့်အတွက် စာဖွဲ့စရာတောင် မလိုတာကို”
ရန်ကိုင်က ရယ်လိုက်ပြီး ဆက်ရှင်းပြဖို့ မကြိုးစားတော့ပေ။
အစောပိုင်းတုန်က လူရမ်းကားအုပ်က ကောင်မလေးကို ဝိုင်းထားတုန်းက သူတို့မျက်လုံးတွေက မကောင်းတဲ့ အလင်းရောင်တို့ဖြင့် လက်နေခဲ့တာကို ရန်ကိုင် တွေ့ခဲ့ပါတယ်။ ထို့ကြောင့် သူ့အစီအစဉ်က တိတ်တဆိတ် ထွက်သွားပြီး အဝေးတစ်နေရာကနေ စောင့်ကြည့်ဖို့ပါ။
ပြီးမှ ကောင်မလေးကို ကူပေးရမလား၊ မကူးရဘူးလား ဆိုတာကို ဆုံးဖြတ်ဖို့ပါ။ ဒါပေမယ့် အဖြစ်အပျက်တွေက သူတွေးထားသလို ဖြစ်မလာခဲ့။ ထိုလူတွေက သူ့ကို ထွက်သွားခွင့်တောင် မပေးပဲ ချက်ချင်းတိုက်ခိုက်တဲ့အတွက် သူလည်း သူတို့အသက်တွေကို တစ်ခါတည်း နှုတ်ယူပစ်လိုက်ရပါတယ်။
ကောင်မလေး၏ တရစပ်မေးခွန်းတွေနဲ့ မကျေမနပ် ရေရွတ်မှုတွေကို လျစ်လျူရှုထားလိုက်ပြီး ရန်ကိုင်က လှုပ်ရှားမှုပညာရပ်ကိုသုံးကာ ဆေးဘုရင်တောင်ကြားဆီ တစ်ဟုန်ထိုး ပြေးထွက်သွားခဲ့တယ်။ ကောင်မလေးက ရန်ကိုင်ထွက်သွားတဲ့ ပုံရိပ်ကို ငေးကြောင်ကြည့်နေခဲ့တယ်။ နောက်မှ အသိပြန်ဝင်လာပြီး ခပ်မြန်မြန်ထကာ ရန်ကိုင်နောက်ကို ပြေးလိုက်သွားပါတော့တယ်။ သူမသာ ဒီနေရာမှာ ဆက်နေရင် အစောပိုင်းကလို လူတွေနဲ့ ထပ်မတိုးနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပေ။
ရန်ကိုင်နောက်ကို ပြေးလိုက်လာရင်း ဆေးတောင်ကြားမြို့ဆီ သူမရောက်ရှိလာခဲ့တယ်။ သို့ပေမယ့် ရန်ကိုင်ကိုတော့ မတွေ့တော့ပါ။
“သူက ငါ့ထက်အသက်သိပ် မကြီးလောက်ဘူး။ အဲ့ဒါတောင် သူ့ခွန်အားက ငါ့ထက်အများကြီး အားကောင်းလွန်းတယ်။ ဘယ်မိသားစုကြီးဆီကများ သူလာတာလဲ မသိဘူး…” ကောင်မလေးက ရေရွတ်လိုက်ပြီး အချိန်အတော်ကြာအောင် အတွေးထဲ မျောနေခဲ့တယ်။ သို့ပေမယ့် ရန်ကိုင် ဘယ်ကလာလဲ ဆိုတာကို သူမလုံးဝ အဖြေမထုတ်နိုင်ခဲ့ပါ။
မြို့ထဲကို သူဝင်လာတဲ့အချိန် ဆေးရနံမျိုးစုံကို သူရလိုက်တယ်။ ထိုဆေးရနံ့တွေက သူ့ကို တော်တော်လေး လန်းဆန်းသွားစေခဲ့ပါတယ်။ ရန်ကိုင် မြို့ထဲကို လျှောက်ပတ်ကြည့်နေလိုက်တယ်။ သိပ်မကြာခင်မှာပဲ ဆိုင်အားလုံးက စားသောက်ဆိုင်နဲ့ တည်းခိုခန်းတွေက လွဲရင် ကျန်တဲ့ဆိုင်အားလုံးက ဆေးပင်၊ဆေးလုံးတွေနဲ့ ဆက်စပ်နေတာကို သူတွေ့ခဲ့ရတယ်။
သာမန်စိတ်ဝိဥာဉ်မြက်၊ ရှားပါးတဲ့ စိတ်ဝိဥာဉ်မြက်၊ ထူးခြားတဲ အသီးများ၊ အံ့ဩဖွယ်ကောင်းတဲ့ ပန်းပွင့်တွေကို နေရာအနှံ့မြင်တွေ့ နေရပါတယ်။ သူမကြားဖူးတဲ့ အမျိုးအစားတွေနဲ့ ဆေးမျိုးစိတ်တွေကိုတောင် မြင်တွေ့နေရပါတယ်။
ဆေးဘုရင်တောင်ကြား ဆိုတဲ့ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်တာပဲ
ဒီနေရာက ဆေးပညာရှင်တွေ အတွက်တော့ သုခဘုံကြီးပါပဲ။ ဆိုင်တိုင်းမှာ ဆေးပင်တွေကို ဈေးစစ်ဝယ်နေတဲ့ ဝယ်သူတွေကိုလည်း တွေ့နေရသလို ဆေးလုံးကို အခကြေးယူပြီး ဖော်စပ်သန့်စင်ပေးတဲ့ ဆေးပညာရှင်တွေကိုလည်း တွေ့နေရပါတယ်။
ဒါပေမယ့် တောင်ကြားမြို့ထဲမှာရှိတဲ့ ဆေးပညာရှင်တွေက ဆေးဘုရင်တောင်ကြားက တပည့်တွေပါပဲ။ ဒီနေရာကိုလာတဲ့ လူတွေက ဆေးဘုရင်တောင်ကြားဆိုတဲ့ နာမည်ကြောင့် ရောက်လာခဲ့တဲ့ လူတွေချည်းပဲလေ။ အဲဒါကြောင့် ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေကိုပဲ ဆေးဖော်စပ်ခိုင်းမှာပေါ့။ ဘာလို့ ပြင်ပဆေးပညာရှင်တွေဆီ သွားပြီး ဆေးဖော်စပ်ခိုင်း နေရဦးမှာလဲ။
ရန်ကိုင်က မြို့တစ်ပတ် လျှောက်ကြည့်နေပြီး မြင်ကွင်းအသစ်တွေကို ခံစားနေခဲ့ပါတယ်။ နောက်ဆုံး ဆေးပညာရှင်တွေမှာလည်း အဆင့်တွေ ရှိတယ်ဆိုတာကို သူတွေ့ရှိခဲ့လိုက်ရပါတယ်။
ဆေးပညာရှင် အဆင့်တွေကိုတော့ ရတနာတွေကို အဆင့်ခွဲထားသလိုပဲ သာမန်အဆင့်၊ မြေကမ္ဘာအဆင့်၊ ကောင်းကင်အဆင့်နှင့် ဆန်းကြယ်အဆင့် ဆိုပြီး ခွဲခြားထားကာ တစ်ဆင့်ချင်းစီကိုလည်း စဦး၊ အလယ်အလတ်၊ အမြင့်ဆုံး အဆင့်ဆိုပြီးတော့ အဆင့်သုံးဆင့် ထပ်မံခွဲထားပါတယ်။
ဒီနေရာမှာ ရှိနေတဲ့ ဆေးပညာရှင်အများစုက မြေကမ္ဘာအဆင့် ဆေးပညာရှင်တွေပဲ ဖြစ်ကြပါတယ်။ ဥပမာအားဖြင့် သူ့ရှေ့ဆိုင်က ဆေးပညာရှင်ဆိုရင် သူ့ရင်ဘတ်၌ ပွင့်ချပ်နှစ်ခုရှိတဲ့ ငွေရောင်ပန်းပွင့်ကို ချိတ်ဆွဲထားပါတယ်။ ထိုငွေရောင်သစ်ရွက် နှစ်ရွက်က
မြေကမ္ဘာအလယ်လတ် အဆင့် ဆေးပညာရှင်ကို ရည်ညွှန်းတာပါ။ ဆိုလိုတာက ထိုဆေးပညာရှင်က မြေကမ္ဘာအလယ်အလတ်အဆင့် ဆေးလုံးတွေကို သန့်စင်နိုင်တယ်ပေါ့။
ပွင့်ချပ် အရေအတွက်က အဆင့်ကို ကိုယ်စားပြုပြီုး ရွှေရောင်၊ ငွေရောင်နှင့် အဖြူရောင်တို့ကာ အမြင့်ဆုံး၊ အလယ်အလတ်၊ စဦးဆိုတာကို ရည်ညွှန်းပါတယ်။ ဆေးပညာရှင်တွေ ရင်ဘတ်၌ ချိတ်ထဲထားတဲ့ ပွင့်ချပ် အရေအတွက်နှင့် အရောင်ကို ကြည့်ရုံနဲ့တင် ဆေးပညာရှင်တွေနဲ့ အဆင့်ကို ခန့်မှန်းနိုင်ပါတယ်။
ကောင်းကင်အဆင့် ဆေးပညာရှင်တွေကိုတော့ ဒီနေရာမှာ မြင်ရခဲ့ပါတယ်။ ဆန်းကြယ်အဆင့်တွေ ဆိုရင်တော့ မြင်လေ့ကို မရှိတာပါ။ ဆေးဘုရင် တောင်ကြားက အကြီးအကဲတွေသာ ဆန်းကြယ်အဆင့် ဆေးပညာရှင်တွေ ဖြစ်တာပါ။
ဆိုင်များစွာမှာ အသင့်ဖော်စပ်ထားတဲ့ ဆေးလုံးတွေကို သွားဝယ်ယူနိုင်ပါတယ်။ သို့ပေမယ့် ထိုဆေးလုံးတွေကို ရန်ကိုင် အာရုံကို မဆွဲဆောင်နိုင်ခဲ့ပါ။ ဝိဥာဉ်ကို အားကောင်း၊ အားဖြည့်ပေးနိုင်တဲ့ ဆေးလုံးတွေပဲ သူ့အာရုံကို ဆွဲဆောင်နိုင်သည်ပေါ့။
ထိုဆေးလုံးတွေနဲ့ဆိုရင် သူ့ဝိဥာဉ်ကို ပိုအားကောင်းလာအောင် လေ့ကျင့်နိုင်ရုံမက ဝိဥာဉ်ကြာပန်းကိုပါ အားဖြည့်ပေးလို့ ရပါတယ်။ ငါးရောင်ခြယ် ဝိဥာဉ်ကြာပန်းက ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်း အဆင့်ထိ ဆက်လက်ကြီးထွားနိုင်ပါသေးတယ်။
ဝိဥာဉ်ကြာပန်းက ခုနှစ်ရောင်ခြယ် ဝိဥာဉ်ကြာပန်း အဖြစ်ကို ရောက်ရှိသွားတာနဲ့ ရရှိလာမယ့် အကျိုးကျေးဇူးတွေကလည်း အရင်ကထက် ပိုပြီးများပြားလာမှာပါ။ ဒါပေမယ့် ဝိဥာဉ်အားဖြည့်ပေးတဲ့ ဆေးလုံးတွေက တော်တော်လေး အရောင်းနည်းပါးသလို ဈေးနှုန်းတွေ ဆိုရင်လည်း အခြားဆေးလုံးတွေထက်ကို အများကြီး ပိုမြင့်ပါတယ်။
ဆေးလုံးဆယ်လုံးပါ မြေကမ္ဘာအလယ်အလတ်အဆင့် ဆေးတစ်ပုလင်းကို ငွေးပြား၅၀၀၀ ကျပါတယ်။ ဒါပေမယ့် ဆေးဆယ်လုံးပါ မြေကမ္ဘာ အလယ်အလတ်အဆင့် ဝိဥာဉ်အားဖြည်ဆေး တစ်ပုလင်းကိုတော့ ငွေပြား၃၀၀၀၀၀ ကျပါတယ်။ ဈေးနှုန်းက ခြောက်ဆတစ်ဆပါ။ သူ့အိတ်ထဲ နှိုက်စစ်ကြည့်လိုက်ပေမယ့် ဈေးက တအားများလွန်းနေတဲ့အတွက် သက်ပြင်းချပြီး ထွက်သွားရုံသာ သူတတ်နိုင်ခဲ့ပါတယ်။
မြို့ထဲအတွင် အချိန်အတော်ကြာ လှည့်ပတ်ပြီးနောက် ကောင်းကင်လည်း မှောင်ရီပျိုးလာတဲ့အချိန်မှာတော့ တည်းခိုခန်းတစ်ခန်းရှာဖို့ သူဆုံးဖြတ်လိုက်တယ်။ ဆေးဘုရင်တောင်ကြားက ညအချိန်၌ ပိုပြီး စည်ကားလို့နေပါတယ်။ စားစရာ တစ်ခုခု မှာယူစားသောက်ပြီးနောက် နောက်ဆုံးရ သတင်းတွေကို စုံးစမ်းဖို့ သူနောက်တစ်ကြိမ် မြို့ထဲ ထွက်လိုက်ပြန်တယ်။
ဆေးဘုရင်တောင်ကြားကို လာတဲ့သူ့ရည်ရွယ်ချက်က ဆေးရေကန်ကို ရှာဖို့လေ။ ဒါပေမယ့် ဆေးရေကန်က ဆေးဘုရင်တောင်ကြားရဲ့ တားမြစ်နေရာ ဖြစ်တဲ့အတွက် သူ့နောက်ဆက်တွဲ အလုပ်က လွယ်ကူတော့မည့် ပုံမပေါ်ချေ။
မြို့ထဲမှာ ရက်အနည်းငယ် ကြာအောင်နေပြီး သတင်းတွေကို စုံးစမ်းပြီးချိန်မှာတော့ ရန်ကိုင်အဖို့ စိတ်ပျက်ခဲ့ရတာပဲ အဖတ်တင်ခဲ့ပါတယ်။
ဆေးဘုရင်တောင်ကြားရဲ့ ဆေးရေကန်က ဆေးသူတောင် တောင်ထိပ်ရဲ့ ထိပ်ဆုံးနေရာမှာ ရှိနေတာပါ။ ဒါပေမယ့် ထိုနေရာမှာ ဆေးရေကန်သာ ရှိရုံမကလို့ ဆေးသူတောင်စင်ရဲ့ ပန်ချီကားချပ်လည်း ရှိနေခဲ့ပါတယ်။ ဆေးသူတောင်စင် တောင်ထွတ်က ဆေးဘုရင်တောင်ကြားက မြင့်မြတ်နယ်မြေ ဆိုရင်လည်း မမှားပါဘူး။
သာမန်ဆေးဘုရင်တောင်ကြားက တပည့်တွေတောင် ထိုနေရာကို ချဉ်းကပ်ခွင့် မရ။ ဆေးဘုရင်တောင်ကြား သခင်နှင့် အကြီးအကဲတွေလောက်ပဲ ဆေးသူတောင်စင် ပန်ချီးကားကို ကြည့်ခွင့်ရပြီး ဆေးသူတော်စင် ချန်ခဲ့တဲ့ ဆေးပညာရပ်ထဲက ဆန်းကြယ်နက်နဲမှုတွေကို လေ့လာအဖြေထုတ်ခွင့် ရပါတယ်။
ဆေးသူတောင်စင် ပန်ချီကားချပ်အကြောင်းကို သူကြားဖူးပါတယ်။ အများစုက ဆေးပညအမွေအနှစ်အနှင့် ဆေးပညာရပ်တွေနဲ့ ဆက်စပ်နေပါတယ်။
ဆေးသူတောင်စင်ရဲ့ ပန်ချီကားချပ်ကို ကြည့်ခွင့်ရသူအားလုံး သူ့တို့စိတ်ထဲ နှစ်ပေါင်းများစွာ ကြာအောင် အဖြေမထုတ်နိုင်ခဲ့တဲ့ ဆေးပညာမေးခွန်းတွေကို အဖြေထုတ်နိုင်ခဲ့ပြီး အချို့ဆိုရင် ဆေးပညာ အမွေအနှစ်အချို့ကို ရရှိသွားတယ်လို့ ကောလဟာလတွေ သူကြားဖူးပါတယ်။
ထိုအချက်ကြောင့် ဆေးဘုရင်တောင်ကြားက ဆေးရေကန်ကို တင်းတင်းကြပ်ကြပ် ကာကွယ်ထားကြပါတယ်။ အဲ့လောက်တောင် အစောင့်အကြပ် ထူထပ်နေမှာတော့ ဆေးရေကန်ဆီသွားဖို့ကို ရန်ကိုင် ဘယ်လိုလုပ်ပြီး မျှော်လင့်နေနိုင်ပါဦးမလဲ။
ဆေးရေကန်က ကောင်းကင်စံအိမ်က ရစ်ခွေနဂါးစမ်းချောင်းနှင့် မတူပေ။ နှစ်ခုစလုံးက တားမြစ်နေရာဆိုပေမယ့် ရစ်ခွေနဂါးစမ်းချောင်းက အလွန်အမင်း အန္တရာယ်များပြီး စမ်းချောင်းနား ဘယ်သူမှ မကပ်ချင်ပေ။ သိုပေမယ့် ဆေးရေကန်ကတော့ ဆေးပညာရှင်တိုင်း သွားချင်နေတဲ့ နေရာပါ။
ဒီနေ့ မြို့ထဲ ဦးတည်ချက် မရှိပဲ ခြေဦးတည့်ရာ သွားလာနေရင်း ရင်းနှီးနေတဲ့ လူတစ်ယောက်ကို သူတွေ့လိုက်ရတယ်။ ထိုလူရဲ့ နောက်ကျောကိုကြည့်ရင်း ရန်ကိုင် ရယ်မောလိုက်ပါတယ်။
ထိုလူနောက် တိတ်တဆိတ် နောက်ယောက်ခုံလိုက်ပြီး နောက်ဆုံးမှာတော့ ဆေးဆိုင်တွေထဲ တစ်ဆိုင်ကို ထိုလူဝင်သွားတာ ရန်ကိုင်တွေ့လိုက်ရပါတယ်။
ဆိုင်နာမည်ကတော့ “ဒေါင်မိသားစုဆေးဆိုင်” ပါ။
ဆိုင်ထဲကို လမ်းလျှောက်သွားလိုက်တဲ့ အခါ ဆိုင်ဝန်ထမ်းတစ်ဦးက သူ့ကိုလာပြီး နှုတ်ဆက်ခဲ့ပါတယ် “မဂၤလာပါ ဆရာ၊ ကျွန်တော် ဘာများကူညီပေးရမလဲ။ ကျွန်တော်တို့ ဒေါင်မိသားစု ဆေးဆိုင်က ဆေးပစ္စည်းတွေဖြစ်စေ၊ ဆေးလုံတွေဖြစ်စေ အားလုံးကို ဈေးမှန်ပစ္စည်းမှန် ကန်စွာဖြင့် ရောင်းချပေးနေပါတယ်။ လိုချင်တာ ရှိရင် လှည့်ပတ်ကြည့်လို့ ရတယ်နော်”
“ငါဒီကိုလာတာ ဈေးဝယ်ဖို့ မဟုတ်ဘူး” ရန်ကိုင်က ခေါင်းခါယမ်းရင်း ပြောလိုက်တယ်။
“အန်…”
“အစောပိုင်းတုန်းက ဝင်လာတဲ့ လူငယ်လေးကို ငါလာရှာတာ”
ထိုစကားကို ကြားလိုက်တာနဲ့ ဆိုင်ဝန်ထမ်းလေးက ချက်ချင်းပဲ သတိချပ်လိုက်ပါတယ်။ သို့ပေမယ့် တည်ငြိမ်ဟန်ကို ဆက်ထိန်းထားလိုက်ပြီး မေးလိုက်ပါတယ် “ဒီကညီငယ်လေးကို ဘယ်လိုခေါ်ရမလဲ သိခွင့်ရမလား”
ရန်ကိုင်က ပြန်ပြုံးပြလိုက်ပြီး “ကောင်းကင်စံအိမ်က ဧည့်သည်တစ်ယောက် သူ့ကိုလာတွေ့တယ်လို့သာ ပြောလိုက်ပါ” ဆိုင်ဝန်ထမ်းက မျက်မှောင်ကြုံ့လိုက်ပေမယ့် နောက်ဆုံးတော့ ခေါင်းပြန် ညိတ်ပြလိုက်ပါတယ်။
ထို့နောက် ခန်းမထဲ ပြန်လှည့်ဝင်သွားလိုက်တယ်။ သိပ်မကြာခင်မှာပဲ ဆိုင်ဝန်ထမ်းလေးက အပြုံးကြီးပြုံးရင်း ပြန်ထွက်လာပြီး ပြောလိုက်ပါတယ် “ညီငယ်လေး ကျွန်တော်နဲ့ လိုက်ခဲ့ပါ။ သခင်လေး စောင့်နေပါတယ်”
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်တယ်။
ဆိုင်အတွင်းပိုင်းထဲ ဝင်လာခဲ့ပြီး သုံးထပ်မြောက် အထပ်ဆီ တက်သွားလိုက်တယ်။ နောက် ဆိုင်ဝန်းထမ်း ခေါ်ဆောင်ရာနောက် လိုက်ရင်း တံခါးတစ်ချပ်ရှေ့သို့ ရောက်ရှိလာခဲ့တဘ်။ ဆိုင်ဝန်ထမ်းက ဦးညွှတ်လိုက်ပြီး ပြောလိုက်တယ် “သခင်လေး အထဲမှာရှိပါတယ်”
ပြောပြီးတာနဲံ ဆိုင်ဝန်ထမ်းလည်း ရိုးသေစွာဖြင့် ပြန်ထွက်သွားခဲ့တယ်။ ထို့နောက် ရန်ကိုင်က တံခါးဖွင့်ပြီး အထဲကို ဝင်သွားလိုက်ပါပြီ။
အထဲဝင်လာတာနဲ့ မျက်နှာဝိုင်းဝိုင်းလေး တစ်ခုက သူ့ကိုဆီးကြို ပြုံးပြနေလေရဲ့။ သူက ဒေါင်မိသားစုက ဒေါင်ချင်းဟန်ပါပဲ။ သူ့နောက်မှာတော့ ဒေါင်မိသားစုရဲ့ လေနှင့်တိမ် အစောင့်အကြပ် နှစ်ယောက် မတ်တပ်ရပ်နေခဲ့ပါတယ်။ ရန်ကိုင်ကို တွေ့နေပေမယ့် ခေါင်းလေးသာ အသာအယာ ညိတ်ပြလိုက်ပြီး ဒီအတိုင်းပဲ ဆက်ပြီး မတ်တပ်ရပ်နေခဲ့ပါတယ်။
ဒေါင်ချင်းဟန်ရဲ့ ဘေးမှာတော့ လက်ဖက်ရည်ကို စုပ်သောက်နေတဲ့ ကျော့ရှင်းတဲ့ ဟန်ပန်အမူအရာနဲ့ မိန်းမငယ်လေး တစ်ယောက်ရှိလို့ နေခဲ့ပါတယ်။ ဒါပေမယ့် သူမကို တွေ့လိုက်တာနဲ့ ရန်ကိုင် ချက်ချင်း ကြောင်သွားခဲ့ရပါတော့တယ်။
ထိုမိန်းကလေးလည်း ကြက်သေသေသွားခဲ့ရပါတယ်။ သူမ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့ပြီး သောက်ထားတဲ့ လက်ဖက်ရည်တွေ အကုန်လုံး ဒေါင်ချင်းဟန် မျက်နှာပေါ် ထွေးထုတ်မိလိုက်ပါတယ်။
Martial Peak
အပိုင်း(၂၆၈) တကယ်ပဲ ဝမ်းကွဲတွေလား
“နင်ဘာဖြစ်နေတာလဲ” ဒေါင်ချင်းဟန်က ပြောလိုက်တယ်။ သူ့မျက်နှာပေါ် လက်ဖက်ရည် ထွေးထုတ်လိုက်တဲ့အတွက် ခံ့ညားသော ဝမ်းကွဲတစ်ယောက် ဆိုတဲ့ သူ့ပုံရိပ်က ရန်ကိုင်ရှေ့၌ တစ်မုဟုတ်ချင်း ဖျက်စီးခံလိုက် ရပါတော့တယ်။
“အဲဒါသူ…သူပဲ” ကောင်မလေးက ရန်ကိုင်ကို လက်ညိုးထိုးရင်း အံ့အားသင့်သည့် လေသံဖြင့် ပြောလိုက်ပါတယ်။
သူ့မျက်နှာထက်က လက်ဖက်ရွက်တွေကို သုတ်နေစဉ် ကောင်မလေး ပြောတာကို ကြားတဲ့အချိန် ဒေါင်ချင်းဟန်က မျက်မှောင်ကြုံ့ပြီး မေးလိုက်ပါတယ် “သူဆိုတာ ဘာကိုပြောတာလဲ။ ရှင်းရှင်းလင်းလင်း ပြောစမ်းပါ”
“သူက တောင်ကြားအပြင်ဘက်မှာ ငါတွေ့ခဲ့တဲ့ လူလေ။ ငါ့ကို လူဆိုးအုပ်ထဲ လွင့်ပစ်ခဲ့တဲ့လူပေါ့” ကောင်မလေးက ခပ်မြန်မြန်ပဲ ရှင်းပြလိုက်ပါတဘ်။ ဒေါင်ချင်းဟန်က ရန်ကိုင်ကို ကြည့်လိုက် ကောင်မလေးကို ကြည့်လိုက် လုပ်နေပြီး သူ့မျက်နှာထက်မှာတော့ အံ့အားသင့်သည့် အရိပ်အယောင်တို့ အထင်သား။
ဘယ်လိုတောင် တိုက်ဆိုင်ရတာလဲ…
ရန်ကိုင်လည်း ဇဝေဇဝါ ဖြစ်သွားခဲ့တယ်။ ထိုဥာဏ်များတဲ့ ကောင်မလေးက ဒေါင်မိသားစု ဆေးဆိုင်မှာ ပေါ်လာလိမ့်မယ့်လို့ သူမထင်ထားခဲ့တာ အမှန်ပါ။ ဒါပေမယ့် သူမ ဒေါင်ချင်းဟန် ဘေးနာမှာ ထိုင်နေပုံထောက်ရင်တော့ သူမအဆင့်အတန်းက ကျိန်းသေနိမ့်ကျလိမ့်မည် မဟုတ်ချေ။ ဖြစ်နိုင်တာက သူမက…
မျက်မှောင်ကြုံ့လိုက်ရင်း ရန်ကိုင်က ကောင်မလေး၏ ဇစ်မြစ်ကို ခန့်မှန်းကြည့်နေလိုက်ပါတယ်။
“နင်က ငါ့ရှေ့မှာပေါ်လာရဲတယ်ပေါ့” ပထမအကြိမ် တွေ့ဆုံတုန်းက သူမကို ကူညီမယ့်သူ မရှိတဲ့အတွက် ရန်ကိုင်ရှေ့တွင် ကုပ်ကုပ်လေး ငြိမ်နေခဲ့ရပါတယ်။ ဒါပေမယ့် အခုတော့ သူမမှာ လေနဲ့တိမ်အစောင့်အကြပ် နှစ်ယောက်ရှိနေပါတယ်။ ထို့ကြောင့် ရန်ကိုင်ကို မကြောက်တော့။ ပါးလေးမို့ ရင်လေးကော့ရင်း အံတကြိတ်ကြိတ်နဲ့ ရန်ကိုင်ကို လှောင်ပြောင်သလို ကြည့်လိုက်ပြီး ရယ်မောရင်း ပြောလိုက်ပါတယ်”ဟီးဟီး၊ ကောင်းကင်ဘုံသို့ သွားရာလမ်းမရှိ၊ ငရဲသို့ သွားရာတံခါးမရှိ ဆိုတဲ့အတိုင်း နင်ဒီကိုလာတာ ကိုယ့်သေကြောင်း ကိုယ်ကြံတာပဲ”
သူမထိုစကားတွေကို ပြောလိုက်ပေမယ့် သူမမျက်နှာထက် သတ်ဖြတ်လိုစိတ် အရှင်းမတွေ့ရသလို သူမပုံစံက ဒေါသထွက်နေသည့် ပုံလည်းမပေါက်ပါချေ။ အဲ့အစား ရန်ကိုင်ကို လှောင်တောင်တောင်နဲ့ စိုက်ကြည့်လို့နေပါတယ်။
သူမကို ပြန်ပြုံးပြလိုက်ရင်း ရန်ကိုင်က မေးလိုက်ပါတယ် “ဒါက ကျေးဇူးရှင်ကို နင်ကျေးဇူးပြန်ဆပ်တဲ့ ပုံပေါ့” ပြောပြီးတာနဲ့ ကောင်မလေး ထိပ်ကို အသာအယာလေး ခေါက်ချလိုက်ပါတယ်။
ကောင်မလေး၏ မျက်လုံးဝိုင်းဝိုင်းလေးတို့ ချက်ချင်း မှေးစင်သွားခဲ့ပြီး ကိုယ်လေးကို ကျုံ့ရင်း ကြောက်လန့်နေတဲ့ ယုန်တစ်ကောင်လို ဒေါင်ချင်းဟန် နောက် ချက်ချင်းပြေးပုန်းနေလိုက်ပါတယ်။ ထို့နောက် ကျားယောင်ဆောင်နေတဲ့ မြေခွေးတစ်ကောင်လို ရန်ကိုင်ကို အံကြိတ်ပြီး စူးစူးဝါးဝါးနဲ့ စိုက်ကြည့်နေလိုက်တယ်။
“အဲ့လို မရိုင်းရဘူး” ဒေါင်ချင်းဟန်က ခေါင်းခါရင်း အော်ပြောလိုက်ပါတယ်။
ကောင်မလေးက ချက်ချင်း သံယောင်လိုက်ပြီး အော်လိုက်တယ် “အဲဒါမှန်တယ်။ အဲ့လိုမရိုင်းရဘူး”
“နင့်ကိုပြောနေတာဟဲ့” ဒေါင်ချင်းဟန်က ကောင်မလေးကို စိုက်ကြည့်လိုက်တယ်။
“အာ…” ကောင်မလေး အံ့ဩသွားခဲံပါတယ်။
“နင့်အသက်ကို ကယ်ခဲ့တဲ့လူကို တွေ့တာတောင် ကျေးဇူးတင်စကား မပြောပဲ ရန်တွေ့နေသေးတယ်။ ဒီလို အရေးကြီးတဲ့ ဧည့်သည်လာတာတောင် နှုတ်ဆက်စကား တစ်ခွန်းမှမပြောဘူး။ နင့်မှာ ယဉ်ကျေးမှု နည်းနည်းလေး တောင်မှ မရှိတော့ဘူးလား” ဒေါင်ချင်းဟန်က လူကြီးလူကောင်း တစ်ယောက် ဟန်ပန်နဲ့ ကောင်မလေးကို ဆုံးမလိုက်တယ်။
“ငါမယဉ်ကျေးတာ မဟုတ်ဘူး။ သူသာ ငါ့ကိုလူဆိုးအုပ်ထဲ လွင့်မပစ်ခဲ့ရင် ဆေးဘုရင်တောင်ကြားထဲ ဝင်ပြေးလို့ ရနေလောက်မှာ” ကောင်မလေးက ခြေဆောင့်ရင်း ဒေါင်ချင်းဟန်ကို နှုတ်ခမ်းလေး ဆူပြီး ပြန်ပြောလိုက်တယ်။
“ရိုင်းလိုက်တာ။ နင် ထွက်သွားစမ်း” ဒေါင်ချင်းဟန်က စားပွဲခုံကို ဒေါသတကြီး ရိုက်ချလိုက်ပြီး ပြောလိုက်တယ်။ ကောင်မလေး နှုတ်ခမ်းအစုံက ကွေးတက်သွားခဲ့ပြီး ငိုတော့မယ့် ရုပ်နဲ့ အခန်းထဲ ဒေါသတကြီး ပြေးထွက်သွားပါတော့တယ်။ သူမထွက်မသွားခင် ရန်ကိုင်ကို ဒေါသတကြီး စိုက်ကြည့်ဖို့တော့ မမေ့ခဲ့ပေ။
သူမထွက်သွားတာနဲ့ ဒေါင်ချင်းဟန်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး ခေါင်းခါယမ်းရင်း လေနှင့်တိမ် အစောင့်အကြပ် နှစ်ယောက်ကို အချက်ပြလိုက်ပါတယ်။ အစောင့်အကြပ် နှစ်ယောက်လည်း ကောင်းကင်စိတ်အာရုံသုံးကာ စစ်ဆေးလိုက်ပြီးနောက် ဒေါင်ချင်းဟန်ကို ခေါင်းညိတ်ပြလိုက်ပါတယ်။
“ထိုင်လေ” ဒေါင်ချင်းဟန်က လက်ဝှေ့ရမ်း ပြောလိုက်တယ်။
ရန်ကိုင်လည်း ထိုင်ချလိုက်ပြီး လက်ဖက်ရည်တစ်ခွက် ငှဲ့ရင်း မျက်မှောင်ကြုံ့ကာ မေးလိုက်တယ် “အခုလေးတင်..”
“ယန်အာလေ၊ မင်းသူမကို အရင်တုန်းက တွေ့ဖူးပါတယ်” ရန်ကိုင်လည်း မနေနိုင်တော့ပဲ ပြုံးလိုက်မိပါတယ်။ သူတို့နှစ်ယောက်က တကယ်ပဲ ဝမ်းကွဲတွေ ဖြစ်နေလိမ့်မယ်လို့ သူမထင်ထားခဲ့တာ အမှန်ပါ။
ဒေါင်ချင်းယန် အကြောင်းကို သူနည်းနည်းပါးပါးလောက်တော့ သိပါတယ်။ ဒါပေမယ့် သူတို့တွေ့ခဲ့တာက ဆယ်စုနှစ် ကျော်သွားခဲ့ပြီလေ။ အဲ့အချိန်တုန်းက ဒေါင်ချင်းယန်ဆိုတာ ဒေါင်ချင်းဟန်နောက် တကောက်ကောက် လိုက်ပါနေတဲ့ ကောင်မလေး တစ်ယောက်သာသာပဲလေ။ ဆယ်နှစ်ကြာပြီးမှတော့ ရန်ကိုင်က သူမကို ဘယ်လိုလုပ်ပြီး မှတ်မိနိုင်ပါတော့မလဲ။
“မိန်းကလေး တစ်ယောက်က ကလေးဘဝနဲ့ အပျိုဘဝကြား ဆယ်ရှစ်မျိုးလောက် ပြောင်းလဲသွားတာပဲ…” ရန်ကိုင်က ခေါင်းခါရင်း မဲ့ပြုံးပြုံးလိုက်ပါတယ်။ သူက သူမကို မမှတ်မိသလို သူမကလည်း သူ့ကို မမှတ်မိခဲ့ပါ။ ဘယ်သူကများ ငယ်ငယ်တုန်းက အကြောင်းတွေကို မှတ်မိပါ့မလဲ။
“သူမထက် အသက်နည်းနည်းကြီးတဲ့ လူတစ်ယောက်က သူမကို ကယ်ခဲ့တယ်လို့ ယုအာပြောခဲ့တယ်။ သူမကို ကယ်ခဲ့တဲ့လူက မင်းဖြစ်နေလိမ့်မယ့်လို့ ငါတကယ် မထင်းထားခဲ့ဘူး” ဒေါင်းချင်ဟန်လည်း သက်ပြင်းချလိုက်တယ်။ အားလုံးက တိုက်တိုက်ဆိုင်ဆိုင်ချည်းပါပဲ။
“တကယ်ပဲ တိုက်ဆိုက်သွားခဲ့တာ” ရန်ကိုင်က ပုခုံးရှုံ့ပြလိုက်ပြီး ဆက်ပြီး ရှင်းပြမနေတော့ပေ။ သူကယ်ခဲ့လိုက်လို့လည်း တစ်ပြားတစ်ချပ်မှ သူဆုံးရှုံးသွားခဲတာ မဟုတ်။ ပြီးတော့ သူကယ်ခဲ့လူက သူ့ဝမ်းကွဲ ဖြစ်နေမှတော့ ဘာမှထပ်ပြီး ပြောနေစရာ မလိုတော့ချေ။
သူတို့နှစ်ယောက် စကားပြေနေစဉ် ဒေါင်ချင်းယန်က ရှေးဟောင်း ကျောက်စိမ်း အပိုင်းအစ တစ်ခုကို ကိုင်ပြီး တိတ်တဆိတ် ပြန်ခိုးဝင်လာခဲ့ပါတယ်။ ထိုကျောက်စိမ်းက ဖျော့တော့တော့ စွမ်းအင် အကာအရံတစ်ခုကို ထုတ်လွှတ်နေခဲ့ပါတယ်။ ထိုစွမ်းအင် အကာအရံက သူမအငွေ့အသက်တွေကို ဖျောက်ပေးနိုင်စွမ်း ရှိပါတယ်။
ထိုအကာအရံကို အင်မော်တယ်တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက်ရဲ့ ကောင်းကင်စိတ်အာရုံတောင် မထွင်းဖောက်နိုင်ပါ။
အဲ့အချိန်မှာတော့ ဒေါင်ချင်းယန်က ကြောင်သူခိုး တစ်ကောင်လို တံခါးနားကို ကုတ်ချောင်းကုတ်ချောင်းနဲ့ သွားလိုက်ပြီး ရန်ကိုင်နှင့် ဒေါင်ချင်းဟန်တို့ ပြောတာကို ခိုးနားထောင်ပါတော့တယ်။
ရန်ကိုင်ပုံစံအရ သူက ဒေါင်ချင်းဟန်နှင့် တော်တော်လေး ရင်းနှီးတဲ့ ပုံပေါက်နေတဲ့အတွက် မိန်းကလေးတို့၏ သဘာဝအရ စပ်စုချင်လာခဲတ့ယ်။ ပြီးတော့ ဒေါင်ချင်းဟန်က သူမကို ဆူပူခဲပါတယ်… အခန်းထဲကနေ ထွက်သွားဖို့ ပြောတာမျိုးဆိုရင်တော့ ဝေးပေါ့။
သူတို့နှစ်ယောက်ကြား ဆွေးနွေးစရာ တစ်ခုခု ရှိတဲ့အတွက် ဒေါင်ချင်းဟန်က သူမကို ဆူပူကြိမ်းမောင်း လွှတ်လိုက်တာပဲ ဖြစ်ရပါမယ်။ သူတို့နှစ်ယောက် ဘာတွေ ဖုံးကွယ်ထားလဲဆိုတာ သိချင်လွန်းတဲ့အတွက် အခုလို အရဲစွန့်ပြီး လာခိုးနားထောင်တာပဲ ဖြစ်ပါတယ်။
ဒေါင်ချင်းယန်၏ မျက်နှာလေးဟာ စိုးရိမ်မှုကြောင့် နီရဲနေပြီး သူမနှုတ်ခမ်းလေးကိုလည်း သွားလေးနဲ့ ဖိကိုက်ထားပါတယ်။ သူမစိုးရိမ်နေသလို စိတ်လည်း လှုပ်ရှားနေခဲ့ပါတယ်။ ဒေါင်မိသားစု မှာကတည်းက ဒီကျောက်စိမ်းပြားကို သုံးပြီး လျှို့ဝှက်ချက် အများအပြားကို သူမ ခိုးနားထောင်လာခဲ့တာပါ။ ထို့ကြောင့် ဒီအလုပ်နဲ့ သူမတော်တော်လေး နေသားကျနေတယ်လို့ ပြောလို့ရပါတယ်။
“မင်းဒီကို ဘာလာလုပ်တာလဲ” ဒေါင်ချင်းဟန်က ရန်ကိုင်ကို မေးလိုက်တယ်။
“မင်းနဲ့ စကားပြောဖို့ လာခဲ့တာ”
“ဘာပြောဖို့လဲ”
“ဆေးဘုရင်တောင်ကြားက တောင်ထွတ်တွေဆီ ငါသွားချင်တယ်” ရန်ကိုင်က တိုက်ရိုက်ပဲ ပြောချလိုက်တယ်။ လက်ဖက်ရည် တစ်ငုံ စုပ်သောက်ပြီးနောက် ထပ်မေးလိုက်ပါတယ် “မင်းငါ့ကို ကူညီပေးနိုင်မလား”
“ဘယ်တောင်ထွတ်ဆီ သွားချင်တာလဲ” ဒေါင်ချင်းဟန်က ပြန်မေးလိုက်တယ်။
“ဆေးသူတောင်စင် တောင်ထွတ်”
ထိုစကားကို ကြားလိုက်တာနဲ့ ဒေါင်ချင်းဟန်၏ အမူအရာ အနည်းငယ် လှုပ်ရှားသွားခဲ့တယ်။ တည်ငြိမ်နေတဲ့ ဒေါင်ချင်းဟန်နောက်က အစောင့်အကြပ် နှစ်ယောက်တောင် ရန်ကိုင်ကို စိုက်ကြည့်လိုက်ပါတယ်။
ဒေါင်ချင်းဟန်က မဲ့ပြုံးပြုံးလိုက်ပြီး “ဆေးဘုရင်တောင်ကြားမှာ တောင်ထွတ်၁၂ခု ရှိတယ်။ ၁၀ခုက အကြီးအကဲချုပ်တွေ နေတဲ့နေရာ၊ နောက်တစ်ခုက တောင်ကြားသခင် နေတဲ့နေရာပေါ့။ နောက်ဆုံး တစ်ခုကတော့ ဆေးသူတော်စင် တောင်ထွတ်ပဲ။
အဲ့နေရာက တားမြစ်ထားတဲ့ နေရာဆိုလည်း ဟုတ်တယ်။ အစောင့်အကြပ် အတင်းကြပ်ဆုံး နေရာဆိုလည်း ဟုတ်တယ်။ မင်းသာ တောင်ထွတ်တစ်ခုခုစီ သွားချင်ရင် ငါကူညီပေးနိုင်ပေမယ့်… ဆေးသူတော်စင် တောင်ထွတ်ဆိုရင်တော့ ငါလုပ်နိုင်တာ မရှိလောက်ဘူး”
“လုံးဝ နည်းလမ်း မရှိတော့တာလား” ရန်ကိုင်က အလွတ်တကူ လက်မလျှော့ချင်ပါ။ ဆေးသူတောင်စင် တောင်ထွတ်ဆိုတာ ဆေးဘုရင်တောင်ကြားအတွက် အထွတ်အမြတ် နယ်မြေ တစ်ခုဆိုတာ သူသိပါတယ်။ မဟုတ်ရင် ဒေါင်ချင်းဟန်ကို လာရှာခဲ့မည် မဟုတ်။
ရန်မိသားစုရဲ့ အကူအညီကို သူအခု အသုံးမပြုနိုင်ပေ။ ဒါပေမယ့် ဒေါင်ချင်းဟန်ကတော့ မတူညီတော့ပါ။ သူက ဒေါင်မိသားစုရဲ့ အကြီးဆုံးသား ဖြစ်သူလို ဒေါင်မိသားစု ခေါင်းဆောင်နေရာကို ဆက်ခံမယ့် သူလည်း ဖြစ်ပါတယ်။ ထို့ကြောင့် သူ့အဆက်အသွယ် တွေကို အသုံးချပြီး ဆေးသူတော်စင် တောင်ထွတ်ဆီများ ဝင်ခွင့်ရမလားဆိုပြီး သူ့ဆီလာကံစမ်းခြင်းပါ။
ဒေါင်ချင်းဟန်က မျက်မှောင်ကြုံ့လိုက်ပြီး စားပွဲခုံကို တတောက်တောက် ခေါက်ရင်း စဉ်းစားခန်းဝင်နေခဲ့ပါတယ်။ နောက် သိပ်မကြာခင်မှာပဲ ပြောလိုက်တယ် “လုံးဝမျှော်လင့်ချက် မဲ့နေတာမျိုးတော့ မဟုတ်ဘူး”
ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး “ပြောကြည့်လေ”
“လာမည့် ၂လအတွင်း ဆေးဘုရင်တောင်ကြားမှာ ဆေးပြိုင်ပွဲ ကျင်းပလိမ့်မယ်။ အဲ့အချိန်ကျရင် အင်အားစုအသီးသီးက ဆေးပညာရှင်တွေ အကုန်လုံး ဆေးဘုရင်တောင်ကြားကို လာပြီး ဝင်ပြိုင်ကြလိမ့်မယ်။ အဲ့ပြိုင်ပွဲမှာ ထိပ်ဆုံးအယောက်၅၀ ရတဲ့လူတွေ ဆေးသူတောင်စင် တောင်ထွတ်ဆီ သွားပြီး ဆေးသူတော်စင် ပန်ချီကားချပ်ကို လေ့လာခွင့် ရလိမ့်မယ်။ မင်းသား ဆေးပြိုင်ပွဲမှာ ထိပ်ဆုံးအယောက်၅၀ထဲ ဝင်နိုင်ခဲ့ရင် ဆေးသူတော်စင်တောင်ထွတ်ဆီ သွားလို့ရလိမ့်မယ်”
ထိုစကားကို ကြားတာနဲ့ ရန်ကိုင်က မျက်ခွံလှန်လိုက်ပြီး “ငါ့က ဆေးပညာရှင် တစ်ယောက်နဲ့ တူနေလို့လား”
ဒေါင်ချင်းဟန်က ခေါင်းခါလိုက်ပြီး “အဲ့လိုတော့ ဘယ်ဟုတ်မလဲ… ဒါပေမယ့် ဆေးသူတော်စင် တောင်ထွတ်ဆီ သွားချင်တယ် ဆိုရင် အဲ့တစ်နည်းပဲ ရှိတာလလေ… မင်းက ဆေးဘုရင်တောင်ကြားရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်နေရင်တော့ တစ်မျိုးပေါ့”
ရန်ကိုင် မဲ့ပြုံးသာ ပြုံးလိုက်ပါတော့တယ်။ ဒေါင်ချင်းဟန် ပြောတဲ့ နည်း၂နည်းစလုံး သူ့အတွက် မဖြစ်နိုင်ပါ။ ဆေးဘုရင်တောင်ကြားရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်ဖို့ဆိုတာက သူ့အတွက် လုံးဝမဖြစ်နိုင်ပါ။ ဆေးပြိုင်ပွဲမှာ ထိပ်ဆုံး၅၀ အတွင်း ဝင်ဖို့ဆိုတာက ပိုပြီးတော့ ရယ်စရာ ကောင်းနေသေးပါတယ်။
ရန်ကိုင်က ဆေးပညာနှင့် တစ်ကြိမ်တစ်လေ မျှတောင် ထိတွေ့ဖူးသူ မဟုတ်ပါ။ ဆေးတာအို လမ်းစဉ်ကို ရှာဖွေဖို့ဆိုတာတော့ ပိုလို့တောင် ဝေးပေါ့။ ဆေးပညာနှင့် ပက်သက်ပြီး ဘာဆိုဘာမျှ မသိတဲ့ လူတစ်ယောက်က အင်အားစုအသီးသီးက ပြိုင်ဘက်ကင်း ဆေးပညာရှင်တွေနဲ့ သွားပြိုင်ဖို့က နည်းနည်းလေးတော့ ရယ်စရာ ကောင်းနေပါတယ်။
ထိုအကြောင်းကိုတွေးရင်း ရန်ကိုင် မျက်မှောင်ကြုံ့မိလိုက်တယ်။
“ဆေးသူတော်စင် တောင်ထွတ်ကလွဲပြီး ကျန်တဲ့တောင်ထွတ်တွေဆီ သွားချင်တယ်ဆိုရင်တော့ ငါမင်းကို ကူညီပေးလို့ရတယ်။ အဲ့လောက်ကြီးလည်း သိပ်မခက်ပါဘူး” ဒေါင်ချင်းဟန်အဖို့ သူ့ဝမ်းကွဲရှေ့ မျက်နှာပျက်နေခဲ့ရလေပြီ။ ရန်ကိုင်က အခုမှ သူ့ဆီကနေ ပထမဆုံးအကြိမ် အဖြစ် အကူအညီ တောင်းတာပါ။ သိုပေမယ့် သူကတော့ ဘာမှပြန်မကူညီပေးနိုင်ခဲ့ပေ။ ထို့ကြောင့် ဒေါင်ချင်းဟန် ရှက်ရွံ့သလို ခံစားနေရတာလည်း မထူးဆန်းတော့။
“မခက်ခဲဘူးလား”
ဒေါင်ချင်းဟန်က ပြုံးလိုက်ပြီး “ရိုးရိုးလေးပါပဲ။ အဖိုးတန်တဲ့ ရတနာအချို့ကိုရှာ။ ပြီးရင် ဆေးဘုရင်တောင်ကြားက အကြီးအကဲဆီ သွားပြီး ဆေးဖော်စပ်ခိုင်းလိုက်တယ်။ အဲ့လိုဆိုရင် သူတို့ရဲ့ တောင်ထွတ်ထဲကို မင်း လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာ ခွင့်ရမယ်။ ဒါပေမယ့် နေ့တစ်ဝက်ပဲ ရမှာနော်။ နေ့တစ်ဝက်ကြာလို့မှ မင်းပြန်မထွက်ရင် တောင်ထွတ်တပည့်တွေက မင်းကို နှင်ထုတ်လိမ့်မယ့်။ အဲ့က တပည့်တွေအကုန်လုံးက ခေါင်းပေါ် မျက်လုံးရောက်နေတဲ့ ကောင်တွေချည်းပဲ။ သူတို့တွေက မင်းတို့ မိသားစုကြီး ရှစ်ခုက ကောင်တွေထက်တောင် ပိုပြီးမောက်မာသေးတယ်”
ရန်ကိုင် ခေါင်းခါရမ်းလိုက်ပါတယ်။
နေ့တစ်ဝက်ဆိုတဲ့ အချိန်က သူ့အတွက် မလုံလောက်ပါဘူး။
“မင်းကိစ္စက သိပ်ပြီးအရေး မကြီးဘူးဆိုရင် အရင်ပြန်နားလိုက်ပါလား။ ငါမင်းအတွက် အခြားနည်းလမ်းတစ်ခု စဉ်းထားပေးမယ်” ဒေါင်ချင်းဟန်၏ မျက်နှာ ရုတ်တရက် တည်ကြည်လေးနက်သွားခဲ့ပြီး “မင်းဆေးသူတော်စင် တောင်ထွတ်မှာ ဘာလုပ်ချင်နေတာလဲ ဆိုတာကို ငါမမေးလိုဘူး။ ဒါပေမယ့် ဒီစကားကိုတော့ ငါကျိန်းသေပြောရမယ်။ မင်းပြဿနာ တစ်ခုခုဖြစ်ရင် ငါတို့ ဒေါင်မိသားစုကို ဆွဲမထည့်နဲ့နော်”
အလေးအနက်ထား ပြောနေတဲ့ ဒေါင်ချင်းဟန် ရုပ်ကိုကြည့်ရင်း ရန်ကိုင် ပြုံးလိုက်မိပြီး “ငါဘာလုပ်မယ်လို့ မင်းထင်နေလို့လဲ”
“မင်းမလုပ်ရဲတာများ ဘာရှိသေးလို့လဲ” ဒေါင်ချင်းဟန်က သက်ပြင်းချလိုက်ပြီး “ငါမင်းကို နည်းလမ်းတစ်ခုခုပဲ ကူစဉ်းစားပေးနိုင်မယ်။ အဲ့လိုမှပဲ ငါဝင်ပါတယ် ဆိုတဲ့ ခြေရာလက်ရာ မကျန်ခဲ့မှာ”
“ငါသိပါတယ်ကွာ” ရန်ကိုင် ခေါင်းညိတ်ပြလိုက်ပါတယ်။
ဒေါင်ချင်းဟန်ကို နှုတ်ဆက်ပြီးနောက် သူတည်းခိုနေတဲ့ တည်းခိုဆောင်ဆီ ပြန်သွားပြီး လေ့ကျင့်နေလိုက်ပါတယ်။ ဆေးသူတောင်စင် တောင်ထွတ်ဆီ သွားနိုင်မယ့် နည်းလမ်းတစ်ခုခုကို ကြံဆရင်းနဲ့ပေါ့။
ဒေါင်ချင်းဟန် ဆိုလိုချင်တာက ရှင်းပါတယ်… သူက ရန်ကိုင် ဆေးသူတော်စင် တောင်ထွတ်ဆီ သွားချင်တာကို ကူညီပေးမယ့် နည်းလမ်း မရှိတဲ့အတွက် သူ့အပေါ် မျှော်လင့်ချက်တွေ ပုံအော်မထားဖို့ပါပဲ။
သူအတွေးထဲ မျောနေတုန်း ရုတ်တရက် တံခါးခေါက်သံကို ကြားလိုက်ရတယ်။ ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ပြီး အခန်းတံခါးကို သွားဖွင့်ကြည့်လိုက်ပါတယ်။
အခန်းတံခါးကို ဖွင့်လိုက်တဲ့အချိန် ရှက်ကိုးရှက်ကန်း အပြုံးနဲ့ အပြင်ဘက်မှာ ရပ်နေတဲ့ ဒေါင်ချင်ယန်ကို သူတွေ့လိုက်ရတယ်။
“ဟဲဟဲ”
သူမ ရန်ကိုင်ကို မမုန်းတီးတော့သလို ဒေါသလည်း မထွက်တော့ပါ။
“နင်ဒီမှာ ဘာလုပ်နေတာလဲ” ရန်ကိုင်က သူမကိုကြည့်ရင်း မေးလိုက်တယ်။
“နင်ဒီမှာ တကယ်နေနေတာပဲ” ဒေါင်ချင်းယန်က အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး အခန်းအတွင်းပိုင်းထဲကို စူးစမ်းကြည့်လိုက်ပြီးနောက် အသာအယာ ချောင်းဟန့်ရင်း “ငါ့အကိုက သူ့မှာနင့်ကို ကူညီနိုင်မယ့် နည်းလမ်း တစ်ခုရှိတယ်လို့ လာပြောခိုင်းတာ”
ထိုစကားကို ကြားလိုက်တာနဲ့ ရန်ကိုင်မျက်နှာထက် ထူးဆန်းသည့် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဘေးဘက်ကို ထွက်ရပ်ပေးလိုက်ကာ ပြောလိုက်တယ် “အထဲကို အရင်ဝင်ပြီးမှ ပြောကြတာပေါ့”
ဒေါင်ချင်းယန်ကလည်း အကြောက်အရွံ့ မဲ့မဲ့နဲ့ အခန်းထဲကို တိုက်ရိုက် ဝင်သွားလိုက်တယ်။
အခန်းတစ်ခုလုံးကို စိတ်ဝင်တစား လိုက်ကြည့်နေလိုက်ပြီးနောက် ဒေါင်ချင်းယန်၏ နှုတ်ခမ်းလေး ကွေးတက်သွားခဲ့ပြီး “နင်က ဒီလို နေရာမှာ နေတာလား။ အခန်းက ကျဉ်းလွန်းတယ်… ပြီးတော့ ညစ်ပတ်နေတာပဲ။ ဒီလိုအခန်းက တကယ်ပဲ မလိုက်ဖက်ဘူး… အထူးသဖြင့် နင့်… ဟဲဟဲ”
ရန်မိသားစု သားတစ်ယောက်ရဲ့ ဇစ်မြစ်ကို အလွယ်တကူ ထုတ်ဖော်လို့ မရဘူးဆိုတာ သူမသိတဲ့အတွက် ဒေါင်ချင်းယန်က သူမပြောမယ့် စကားလုံး တွေကို ချက်ချင်း ပြန်မြိုချပစ်လိုက်ရပါတယ်။
“နင့်အစ်ကိုက ငါ့ကိုကူညီနိုင်မယ့် နည်းလမ်း တစ်ခုရှိတယ်လို့ ပြောတယ်ပေါ့” ရန်ကိုင်က ပြုံးစိပြုံးစိနဲ့ သူမဆီ လှမ်းကြည့်လိုက်တယ်။
“အင်း” ဒေါင်ချင်းယန်က ခပ်မြန်မြန်ပဲ ခေါင်းပြန်ညိတ်ပြလိုက်ပါတယ်။
“နင့်ကို သူကိုယ်တိုင် ပြောခဲ့တာလား”
“ဟုတ်တယ်… သူကိုယ်တိုင် ပြောခဲ့တာ” ဒေါင်ချင်းယန်၏ မျက်တောင်လေးတွေ မသိမသာလေး လှုပ်ခါသွားခဲ့ပါတယ်။
“အဲ့လိုဆို ဘာလို့ ငါဆီ သူကိုယ်တိုင်လာပြီး မပြောတာလဲ”
“ငါက အဲ့အတိုင်း လုပ်နေတာ မဟုတ်လို့လား” ဒေါင်ချင်းယန်က ကုတင်ပေါ် ထိုင်ချလိုက်ပြီး ရိုးသား အပြစ်ကင်းစင်တဲ့ အပြုံးလေး ပြုံးရင်း
“ဆေးဘုရင်တောင်ကြား အပြင်ဘက်မှ လုပ်စရာ အရေးကြီးကိစ္စတွေ ရှိသေးလို့ ငါ့အစ်ကိုက ဒီကိစ္စကို ငါ့လက်ထဲ လွှဲခဲ့တာ။ အဲ့ဒါကြောင့် နင်သူ့ကို သွားရှာစရာ မလိုတော့ဘူး”
Martial Peak
အပိုင်း (၂၆၉)
ဒေါင်ချင်းယန်က ရုပ်တည်ကြီးနဲ့ ပြောနေပေမယ့် ရန်ကိုင်က သူမကို ဘယ်လိုလုပ်ပြီး ယုံကြည်ရဲပါ့မလဲ။
“တကယ်လား” ရန်ကိုင်က ထူးဆန်းစွာ ပြုံးလိုက်ပါတယ်။
“ငါနင့်ကို လိမ်နေတယ်လို့ နင်ထင်နေတာလား” ဒေါင်ချင်းယန်က ကိုယ်ကို မတ်လိုက်ပြီး ရင်ဘတ်ကို ပုတ်ကာ “စိတ်အေးအေး ထားစမ်းပါ။ နင်သွားချင်တဲ့ နေရာဆီ ခေါ်သွားပေးပါ့မယ်လို့ ကတိပေးတယ် ဟုတ်ပြီလား”
“ဟဲဟဲ” ရန်ကိုင်မျက်နှာထက်က အပြုံးက ပိုပိုပြီး ကြီးလာခဲ့ပါတယ်။
ရန်ကိုင် အပြုံးကိုကြည့်ရင်း သူမကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ဒေါင်ချင်းယန် ခံစားလိုက်ရဝယ်။ တံတွေး မျိုးချလိုက်ရင်း ကြောက်ကြောက် လန့်လန့်နဲ့ ပြန်ပြောလိုက်တယ် “နင့်ရယ်သံကြီးက ကြောက်စရာကြီး”
ရန်ကိုင်က ရုပ်ပြန်တည်လိုက်ပြီး ဒေါင်ချင်းယန်ကို ဆက်မစတော့ပဲ “ဒီအကြောင်းကို နင်ဘယ်လို သိတာလဲ ငါ့ကိုပြောပြ”
“ဘာ” ဒေါင်ချင်းယန် စကားထစ်သွားခဲ့ပါတယ်။ သူမမျက်နှာကလည်း ပုံမှန်မဟုတ်သလို ပြောင်းလဲနေခဲ့ပါတယ်။
“ငါ သွားချင်တဲ့နေရာကို နင်ဘယ်လိုသိတာလဲ” ရန်ကိုင်က သူမကို စူးစိုက်ကြည့်လိုက်ပြီး “နင့်အစ်ကို ဒေါင်ချင်းဟန်က အရမ်းသတိ မမဲ့ဖို့ နင့်ကို မပြောခဲ့ဘူးလား”
ဒေါင်မိသားစု ဆေးဆိုင်မှာတုန်းကတောင် သူတို့စကားမပြောခင် ဒေါင်ချင်းဟန်က ဒေါင်ချင်းယန်ကို အခန်းထဲကနေ ထွက်သွားခိုင်းခဲ့တာပါ။ အခုမှ ရုတ်တရက်ကြီး သူမကို ဘာလို့ ဝင်ကူခိုင်းရတာလဲ။ သူမကို အကူအညီတောင်းတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပါ။ ရန်ကိုင်ရဲ့ ဇစ်မြစ်ကို သူမကို မသိစေချင်တဲ့ အတွက်တောင် သူမကို အခန်းထဲကနေ ထွက်သွားခိုင်းခဲ့တာလေ။
ပြီးတော့ သူတို့ စကားပြောခဲ့တာ ၁နာရီလောက်ပြ ရှိပါသေးတယ်။ အစောပိုင်း တုန်းကတောင် ဒေါင်ချင်းက သူ့ကိုကူညီဖို့ နည်းလမ်း မရှိဘူးလို့ ပြောနေပါသေးတယ်။ တစ်နာရီတောင် မကြာတဲ့ အချိန်လေးအတွင်းမှာပဲ သူမှာ့ ရန်ကိုင်ကို ကူညီနိုင်မယ့် နည်းလမ်း ရှိသွားပြီပေါ့။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
ပြီးတော့ သူ့ရဲ့ ဝမ်းကွဲငယ်လေးက အလျင်အမြန်ပဲ အကြည့်လွှဲလိုက်ပါသေးတယ်။ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာ ရန်ကိုင် မသိရင်သာ ထူးဆန်းနေမှာပါ။
“အစ်ကို ငါ့ကိုတကယ်ပဲ ပြောခဲ့တာ” ဒေါင်ချင်းယန်က ဘူးခံငြင်းနေတုန်းပင်။
ရန်ကိုင်က ရယ်မောလိုက်ပြီး ဒေါင်ချင်းယန် လက်မောင်းကို ဖမ်းဆွဲလိုက်ကာ အခန်းထဲကနေ ဆွဲခေါ်ထုတ်ဖို့ ကြိုးစားလိုက်တယ်။
“နေဦး… နင်ဘာလုပ်ဖို့ ကြိုးစားနေတာလဲ” ဒေါင်ချင်းယန်က ခေါင်းမာမာနဲ့ ခုခံဖို့ ကြိုးစားနေခဲ့ ကြောက်လန့်တကြားနဲ့လည်း အော်ဟစ်နေပါသေးတယ်။
ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ပြီး “နင်ဆက်အော်နေမယ်ဆိုရင် ငါနင့်ကို အရင်သတိမေ့သွားအောင် လုပ်ရလိမ့်မယ်”
ဒေါင်ချင်းယန်က သူမပါးစပ်ကို ချက်ချင်းပဲ ပိတ်လိုက်ပါတယ်။ ဒါပေမယ့် ခုခံနေတာတော့ မရပ်ခဲ့။ သို့ပေမယ့် သူမဘယ်လောက်ပဲ ကြိုးစားကြိုးစား သူမခွန်အားက ရန်ကိုင်ကိုမှ မယှဉ်နိုင်တဲ့အတွက် ရန်ကိုင်လက်ကနေ မလွတ်မြောက်နိုင်ခဲ့ပေ။ မျက်တောင်တစ်ခတ် အတွင်းမှာပဲ သူတို့နှစ်ယောက် တံခါးဝသို့ ရောက်သွားခဲ့ပါပြီ။
“နင်ငါ့ကို ဘာလုပ်ချင်နေတာလဲ” ဒေါင်ချင်းယန်က ငိုသံကြီးနဲ့ ရန်ကိုင်ကို ကြည့်ရင်း မေးလိုက်ပါတယ်။
“ဒေါင်ချင်းယန်ဆီ ပြန်ခေါ်သွားမလို့။ သူရှိနေသေးမယ်ဆိုတာ ငါသိတယ်”
“မလုပ်ပါနဲ့… ငါအခုမှ ခိုးထွက်လာနိုင်ခဲ့တာ။ နင်သာ ငါ့ကို ပြန်ပို့မယ်ဆိုရင် ငါပြန်ထွက်လို့ ရတော့မှာ မဟုတ်ဘူး” ဒေါင်ချင်းယန်က သွေးရူးသွေးတန်းနဲ့ တောင်ပန်ပါတော့တယ်။
ရန်ကိုင်က ပြုံးလိုက်ပြီး “အဲ့ဒါဆို ငါ့အစီအစဉ်တွေကို နင်ဘယ်လို သိသွားတာလဲ ဆိုတာ ပြောပြ”
“ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ၊ ငါပြောမယ်”
သူမပြောတာ ကြားတော့မှပဲ ရန်ကိုင် သူမကို လွှတ်ပေးလိုက်ပါတော့တယ်။ ဒေါင်ချင်းယန်က သူမလက်ကောက်ဝတ် နေရာလေးကို ပွတ်သပ်ရင်း ရန်ကိုင်ကို ပြန်ပြီး ဒေါသတကြီး စိုက်ကြည့်လိုက်ပါတယ်။ သို့ပေမယ့် ဘာမှတော့ ပြန်မပြောခဲ့။ အဝတ်အစားကို သပ်ရင်အောင် အရင် ပြန်ပြင်လိုက်ပြီး ကုတင်ပေါ် ထိုင်ချလိုက်ပါတယ်။
“နင်ငါ့ကို လိမ်တာနဲ့ ငါနင့်ကိုအစ်ကိုဆီ ချက်ချင်း ပြန်ပို့မှာနော်” ရန်ကိုင် အရင်ဆုံး သတိပေးလိုက်ပါတယ်။
“နင်တို့ပြောတာကို ငါချောင်းနားထောင်ခဲ့တာ” ဒေါင်ချင်းယန်က ရန်ကိုင်ကို ရှက်ရွံ့စွာဖြင့် လှမ်းကြည့်လိုက်သည့်အချိန် ရန်ကိုင် မျက်နှာတစ်ခုလုံး မဲမှောင်သွားတာကို တွေ့လိုက်ရတဲ့ အခါမှာတော့ ကမန်းကတန်းနဲ့ပဲ ထပ်ပေါင်းပြောလိုက်ပါတယ်
“ငါနင့်ကို လိမ်နေတာ မဟုတ်ဘူး။ နင်တို့ပြောနေတာကို ငါတကယ်ပဲ ချောင်းနားထောင်ခဲ့တာ”
ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်ပြီး “နင့်လို ချီသန့်စင်ခြင်း အဆင်ပဲ ရှိသေးတဲ့ လူတစ်ယောက်က လေနဲ့တိမ် အစောင့်နှစ်ယောက်ရဲ့ ကောင်းကင် စိတ်အာရုံကို ပုန်းရှောင်ပြီး ငါတို့ပြောနေတာကို ဘယ်လိုလုပ်ပြီး ချောင်းနားထောင် နိုင်ရတာလဲ”
သူနဲ့ဒေါင်ချင်းဟန် စကားပြောနေတုန်းက လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက်က ပတ်ဝန်းကျင်ကို အဆက်မပြတ် စစ်ဆေးနေခဲ့တာလေ။ သူမသာ ချောင်းနားထောင်နေခဲ့မယ်ဆိုရင် ထိုအဖိုးကြီး နှစ်ယောက် မသိပဲ နေလိမ့်မည် မဟုတ်ပါဘူး။
“ငါ့မှာလည်း ငါ့နည်းနဲ့ငါ ရှိတာပေါ့” ဒေါင်ချင်းယန်က အောင်နိုင်သူအပြုံးနဲ့ ကုတင်ထက် ဒူးလေ့နဲ့ကာ ထိုင်နေပါတယ်။ ရန်ကိုင် မျက်နှာ သုန်မှုန်နေသေး တာကို တွေ့လိုက်ရချိန်မှာတော့ ဒေါင်ချင်းယန်က မပျော်မရွှင် ဖြစ်သွားခဲ့ပြီး
“ငါ့လို ဒေါင်မိသားစုရဲ့ မိန်းမပျိုလေး တစ်ယောက်က ဘယ်လိုလုပ်ပြီး အဖိုးတန် ရတနာတွေ မရှိပဲနေမှာလဲ… အာ… “
“ရတနာလား” ရန်ကိုင် မျက်မှောင် မသိမသာ ကြုံ့သွားခဲ့ပါတယ်။ သူ တကယ်ကို အံ့ဩသွားတာပါ။ ဘယ်လို ရတနာကများ အင်မော်တယ် တက်လှမ်းခြင်း အဆင့်နှစ်ယောက်ရဲ့ ကောင်းကင်စိတ်အာရုံကနေ မမြင်နိုင်အောင် ဖုံးကွယ်ပေးနိုင်တာလဲ။ ပြီးတော့ လေနဲ့တိမ် အစောင့်နှစ်ယောက် ဆိုတာကလည်း အဆင့်နိမ့် အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေ မဟုတ်ကြပါဘူး။
အနည်းဆုံး အဆင့်၇ ဒါမှမဟုတ် ၈ လောက် ရှိတာပါ။ အဲ့လို လူနှစ်ယောက်ရဲ့ ကောင်းကင်စိတ်အာရုံကနေ လွတ်မြောက်အောင် ရှောင်သွားနိုင်တယ်ဆိုတဲ့ ဒေါင်ချင်းယန်မှာရှိတဲ့ ရတနာရဲ့ အဆင့်က ပေါ့သေးသေးတော့ မဟုတ်လောက်ပါ။
မပြောသင့်တာကို ပြောလိုက်မိပြီမှန်း သိသွားတာနဲ့ ဒေါင်ချင်းယန်က ရန်ကိုင်ကို လှမ်းကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်ပါတယ် “နင့်သာ ငါ့ဆီကနေ လုမယူ ဘူးဆိုရင် အဲ့ရတနာကို ငါနင့်ကို ပြမယ်” ထိုစကားကို ကြားလိုက်တာနဲ့ ရန်ကိုင် ရုတ်တရက် ကြက်သေသေ သွားခဲ့ရပါတယ်။ ဒါပေမယ့် တိတ်တဆိတ်တော့ ခေါင်းငြိတ်လိုက်ပါသေး။ ဘာပဲဖြစ်ဖြစ် ထိုထူးဆန်းတဲ့ ရတနာကို သူမြင်တွေ့ချင်နေမိပါသေးတယ်။
ရန်ကိုင် ကတိပေးပြီးတာနဲ့ ဒေါင်ချင်းယန်က သူမလက်ဖြန်ထဲက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်ပါတယ်။ ရန်ကိုင်က ထိုအဝါရင့်ရောင် ကျောက်စိမ်းပြားကို သေချာစစ်ဆေး ကြည့်လိုက်ပါတယ်။ သာမန်ကျောက်စိမ်း တစ်ခုနဲ့မခြား။ ဒါပေမယ့် ကျောက်စိမ်းပြား ထက်မှာတော့ ရေးထွင်းထားတဲ့ မျဉ်းကြောင်းအချို့ ရှိနေခဲ့ပါတယ်။
ဒေါင်ချင်းယန်က ကျောက်စိမ်းပြားကို အသက်သွင်းလိုက်သည့် အချိန် သူမအရှိန်အဝါတွေ လုံးဝပျောက်ကွယ်သွားတာကို ရန်ကိုင် အံ့အားသင့်စွာ တွေ့ရှိလိုက်ရပါတယ်။
ဒေါင်ချင်းယန်က ခပ်မြန်မြန်ပဲ ပြောလိုက်ပါတယ် “နင်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို မရောက်သေးတော့ ကောင်းကင် စိတ်အာရုံကို အသုံးပြုနိုင်ဦးမှာ မဟုတ်သေးဘူး။ အဲ့တော့ ဒီကျောက်စိမ်းပြာက ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ နင်နားလည်မှာ မဟုတ်ဘူး။ ငါ့နင့်ကို လိမ်နေတာ မဟုတ်ဘူး။ ဟိုလူအိုကြီး နှစ်ယောက်လက်ကနေ ဒီကျောက်စိမ်းပြားကို သုံးပြီး ငါပုန်းကွယ်နေခဲ့တာ”
သူမ ပြောနေတုန်း ရန်ကိုင် ကောင်းကင် စိတ်အာရုံကို သုံးပြီး စစ်ဆေးကြည့်လိုက်ပါတယ်။ ဒေါင်ချင်းယန်၏ တည်ရှိမှုကို သူစိုးစဉ်းမျှ အာရုံ မခံနိုင်ခဲ့ပါဘူး။ သူသာ မျက်လုံး ပိတ်ထားလိုက်မယ် ဆိုရင် ဒေါင်ချင်းယန် သူ့ရှေ့မှာ ရပ်နေတယ် ဆိုတာကိုတောင် သတိပြုမိလိမ့်မည် မဟုတ်။ ထိုကျောက်စိမ်းပြားက တကယ်ကို သာမန် မဟုတ်ပါဘူး။
“ပြန် သိမ်းထားလိုက်တော့။ အခြားလူတွေကို လျှောက်မပြနဲ့နော်” ရန်ကိုင်က လေးနက်စွာဖြင့် သတိပေးလိုက်တယ်။ ဒေါင်ချင်းယန်က ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး “ဘာလို့ ပြရမှာလဲ။ အဲ့လို ပြရအောင်လို့လည်း ငါက အရူးမှ မဟုတ်တာ” ပြောပြီးတာနဲ့ ဒေါင်ချင်းယန်က ကျောက်စိမ်းပြားကို သေချာပြန် သိမ်းထားလိုက်တယ်။
“နင်ဘယ်လောက်တောင် ကြားခဲ့တာလဲ”
“အကုန်လုံးနီးပါး ကြားလိုက်တယ်”
“ဆေးသူတော်စင် တောင်ထွတ်ဆီ နင်သွားချင်နေတာကို ငါသိတယ်။ နင်က ငါ့ရဲ့ဝမ်းကွဲ ဆိုတာကိုလည်း ငါသိတယ်” ဒေါင်ချင်းယန်လည်း တော်တော်လေး အံ့အား သင့်နေခဲ့ပါတယ်။ သူမပါးစပ်က လျှာအရိုး မရှိတိုင်း အော်လိုက်တဲ့ စကားတစ်ခွန်းက အမှန်ဖြစ်နေမယ်လို့ သူမဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး။
“ငါသွားချင်နေတဲ့ နေရာဆီ သွားလို့ရတဲ့ နည်းလမ်းတစ်ခု ရှိတယ်လို့ ခုနတုန်းက နင်ပြောခဲ့တယ်နော်။ အဲ့တာ နင်တကယ်ပြောနေတာလား”
“အင်း… ငါတကယ် ပြောနေတာ” ဒေါင်ချင်းယန်က ခေါင်းလေး ညိတ်လိုက်ပြီး သူမမျက်လုံးအစုံက ရုတ်တရက် စနောက်လိုစိတ်တို့ဖြင့် လက်သွားခဲ့ပြီး “ဒါပေမယ့် အခု နင့်ကို ငါမပြောပြချင်သေးဘူး”
ရန်ကိုင် ချက်ချင်းပဲ နားလည်သွားပါတယ် “နင်လည်း အခြေအနေတွေ ရှိတယ်ပေါ့။ ကောင်းပြီလေ… နင်ဘာဖြစ် ချင်တာလဲဆိုတာကို ပြောသာပြောလိုက်”
“ငါအစ်ကို ငါ့ကို မမိအောင်လုပ်ပေး” ဒေါင်ချင်းယန်က ခပ်မြန်မြန်ပဲ ပြောလိုက်တယ်။
ရန်ကိုင် မျက်မှောင်ကြုံ့မိ လိုက်လေပြီ။ ဒေါင်ချင်းယန် အိမ်က ခိုးထွက်လာတယ် ဆိုတာ သူသိထားတာ ကြာပါပြီ။ ဒေါင်ချင်းဟန်က ဆေးဘုရင် တောင်ကြားမှာ ပေါ်လာတယ် ဆိုတာကလည်း ဒေါင်ချင်းယန်ကို လိုက်ရှာနေတာကြောင့်ပါပဲ။ သူက သူမနဲ့ဆွေမျိုး တော်တယ် ဆိုပေမယ့် တကယ်တော့ ဒါက ဒေါင်မိသားစုရဲ့ အတွင်းရေး ကိစ္စသက်သက်ပဲလေ။ သူ့လို အပြင်လူတစ်ယောက်က ဝင်ပြီး ဆုံးဖြတ်ချက်ချတာ ကောင်းတဲ့ အကြံတစ်ခုတော့ မဟုတ်ပါဘူး။
လွန်ခဲ့တဲ့ ရက်နည်းနည်းတုန်းကတောင် လူဆိုးတစ်အုပ်လိုက်လို့ သူမခြေကုန် သုတ်ပြေးခဲ့ရပါသေးတယ်။ သူမသာ တစ်ခုခု ဖြစ်သွားခဲ့မယ် ဆိုရင် ဒေါင်မိသားစုကလည်း ဒီအတိုင်း ငြိမ်နေမှာ မဟုတ်ပါဘူး။
“ဝမ်းကွဲကလည်း… “ ရန်ကိုင် စဉ်းစားနေတုန်းပဲ ဆိုတာကို မြင်တော့ ဒေါင်ချင်းယန်က ခပ်မြန်မြန်ပဲ သနားချင်ယောင် ဆောင်လိုက်ပြီး ရန်ကိုင် လက်မောင်းကို ဆုပ်ကိုင်ရင်း အသနားခံလိုက်တယ် “အိမ်မှာနေရတာ အရမ်း အသက်ရှု ကြပ်စရာ ကောင်းလွန်းတယ်။ ငါက အပြင်မှ လမ်းလျှောက် ထွက်ချင်ရုံပဲဟာကို။ ရက်နည်းနည်းလောက် ကစားပြီးတာနဲ့ ငါအိမ်ပြန်မှာပါ။ အဲဒါကြောင့် သူ့ကို မပြောပါနဲ့နော်… နော်လို့… ကျေးဇူးပြုပြီး မပြောပါနဲ့နော်”
ရန်ကိုင်ကတော့ တိတ်ဆိတ်နေဆဲပါ။
အသနားခံတာက အလုပ်မဖြစ်မှန်း သိလိုက်တာနဲ့ ဒေါင်ချင်းယန်က သူမနောက်ဆုံး ဝှက်ဖဲကို အသုံးပြုလိုက်ပါတော့တယ် “နင်ငါ့ကို မကူညီဘူးဆိုရင် ငါ… ငါလည်း နင်က ရန်မိသားစုက သားတစ်ယောက် ဆိုတာကို သတင်းလိုက်ဖွ ပစ်လိုက်မယ်။ အဲ့အချိန်ကျရင် နင်ဘယ်လိုလုပ်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့ “
ရန်ကိုင်လည်း နဖူးပေါ် လက်တင်းစဉ်းစား မိလိုက်ပါပြီ။ ဒီကောင်မလေးက တော်တော်လေး ခေါင်းကိုက်စရာပါ။
တစ်ယောက်ယောက်သာ သူ့ကို အခုလို လာပြီး ခြိမ်းခြောက်မယ် ဆိုရင် တစ်ခါတည်း လတ်စသတ်ပေးလိုက်မှာပါ။ ဒါပေမယ့် သူ့ရဲ့ ဝမ်းကွဲလေးကျတော့ အဲ့လိုလုပ်လို့ မဖြစ်ဘူးလေ။
တစ်ခဏလောက် စဉ်းစားပြီးချိန်မှာတော့ နောက်ဆုံး ရန်ကိုင် ပြောလိုက်ပါပြီ “နင်ဒီမှာ ရှိနေတဲ့အကြောင်း ဒေါင်ချင်းဟန်ကို ငါသွားပြောတော့မယ် “
ဒေါင်ချင်းယန်လည်း ထိုင်နေရာမှ ချက်ချင်း ထခုန်လိုက်ပြီး ရန်ကိုင်ကို နည်းမျိုးစုံဖြင့် ကျိန်ဆဲပါတော့တယ် “နင် အသည်းနှလုံး မရှိတဲ့ လူကြမ်းကောင်ကြီး။ အရှက်မရှိတဲ့ ဝမ်းကွဲ အစုတ်ပလုတ်။ ငါနင့်ကို မုန်းတယ်”
“ငါပြောတာ ပြီးအောင် နားထောင်ဦး” ရန်ကိုင်က သူမကို စိုက်ကြည့်လိုက်ပြီး
“နင့်အစ်ကိုကို သွားသတင်း ပေးလိုက်မယ် ဆိုပေမယ့် ငါနင့်ကို ဒီမှာ နေခွင်ပြုထားမှာ။ အဲ့တော့ ပြဿနာ လိုက်မရှာပဲ ငြိမ်ငြိမ်လေးသာနေ”
“ကောင်းပြီ” ဒေါင်ချင်းယန်က အစာကောက်နေတဲ့ ကြက်တစ်ကောင်လို ခေါင်းလေး တညိတ်ညိတ်လုပ်ပြီး “ငါကောင်းကောင်း နေပါမယ်လို့ နင့်ကို ကတိပေးတယ်”
အကူအညီ မဲ့စွာနဲ့ ခေါင်းယမ်းလိုက်ရင်း ရန်ကိုင် စာတစ်စောင် ပြင်ဆင်ရပါတော့တယ်။
ထိုအချိန်မှာတော့ ဒေါင်မိသားစု ဆေးဆိုင်၌ ဒေါင်ချင်းယန်က ဒေါသအိုး ပေါက်ကွဲနေခဲ့ပါတယ် “သူမ ထွက်သွားပြန်ပြီလား။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ မင်းတို့မှာ ဒီလောက် လူအများကြီး ရှိတာတောင် မိန်းကလေး တစ်ယောက် မင်းတို့မျက်လုံးအောက်ကနေ ထွက်သွားတာကို မမြင်လိုက်ဘူး ဆိုတော့ မင်းတို့အားလုံး ချီစားပြီးတော့ ကြီးလာကြာတာလား”
သူ့ရှေ့မှာတော့ များစွာတော့ ဒေါင်မိသားစု တပည့်တွေက အရိုက်ခံထားရတဲ့ ခွေးလေးတွေလို ခေါင်းလေးငုံ့ပြီး တိတ်ဆိတ်စွာဖြင့် မတ်တပ်ရပ်နေခဲ့ပါတယ်။ သူတို့အားလုံး ငိုချင်ပေမယ့် မျက်ရည်က ထွက်မကျနိုင်ခဲ့။
ငါတို့လည်း ဘာမှလုပ်နိုင်တာမှ မဟုတ်တာ။ ငါတို့ခွန်အားလေးနဲ့ ဒီလို လူတွေစည်းကားနေတဲ့ ဆေးဘုရင်တောင်ကြားမြို့ထဲမှာ သခင်မလေးကို ဘယ်လုပ်ပြီး လိုက်ရှာရမှာလဲ။ ပြီးတော့ သခင်မလေးမှာ ထူးထူးဆန်းဆန်း နည်းလမ်းတွေလည်း ရှိသေးတာကို။ သူမက လူအုပ်ထဲ ရောက်သွားမှတော့ ပျောက်သွားတာက အဆန်းမှမဟုတ်တာ။ ငါတို့က ဘာလုပ်နိုင်ဦးမှာလဲ။
ဒါက သူတို့အားလုံး တွေးနေတာပါ။ ဒါပေမယ့် အပြင်ကိုတော့ ထုတ်မပြောရဲကြ။
“မင်းတို့ ဘာရပ်လုပ် နေသေးတာလဲ။ တစ်ယောက်မှ အသုံးကို မကျဘူး။ သွား… မင်းတို့ သခင်မလေးကို သွားပြန်ရှာလာခဲ့။ သခင်မလေးကိုသာ ပြန်မရှာလာနိုင်ဘူးဆိုရင် မင်းတို့တွေ အကုန်လုံး တစ်ယောက်မှ ပြန်မလာနဲ့တော့။ မင်းတို့ကိုယ် မင်းတို့ ခွေးစားသာ ကျွေးပစ်လိုက်တော့ အသုံးမကျတဲ့ သောက်ရူးတွေ “ ဒေါင်ချင်းဟန်က ဒေါသတကြီး အော်ဟစ် ကျိန်းမောင်းလိုက်တယ်။
ဒေါင်မိသားစု တပည့်တွေလည်း တုန်လှုပ်ခြောက်ခြား ကြောက်လန့်နေတဲ့ ငှက်တွေ၊ တိရစ္ဆာန်တွေလို ချက်ချင်း ပြေးထွက်သွားကြတော့တယ်။ သူတို့အားလုံးရဲ့ စိတ်ထဲမှာတော့ တစ်ခုခုကို ရေရွတ်ရင်းနဲ့ပေါ့။
သခင်မလေးရယ်… မြန်မြန်သာ ပြန်လာပါတော့။ သခင်မလေးသာ ပြန်မလာဘူးဆိုရင် ငါတို့အားလုံးတော့ သေပြီ
“ဆေးဘုရင်တောင်ကြား မြို့ထဲမှာ တိုက်ခိုက်တာကို တားမြစ်ထားတယ် ဆိုတော့ သခင်မလေး ဒုက္ခမရောက်လောက်ပါဘူး။ အဲဒါကြောင့် သခင်လေး အရမ်းကြီးလည်း စိုးရိမ်မနေသင့်ဘူး။ အပြင်ထွက် လျှောက်လည်လို့ ဝသွားရင် သူမလာသာ သူမက ပြန်လာကောင်း ပြန်လာနိုင်ပါသေးတယ် “ လေနဲ့တိမ်အစောင့်နှစ်ယောက်ထဲက တစ်ယောက်က ပြောလိုက်တယ်။
“သူမ တောင်ကြားကနေ ထွက်သွားမှာကို ငါစိုးရိမ်နေတာ” ဒေါင်ချင်းဟန်က အကူအညီမဲ့စွာနဲ့ ပြောလိုက်တယ် “အဲ့ကောင်မလေးက ကမ္ဘာကြီးအကြောင်း ဘာမှသိတာ မဟုတ်ဘူး။ လူဆိုးတစ်အုပ်နဲ့ ကြုံခဲ့တာ သိပ်ကြာသေးတာ မဟုတ်ဘူး။ အခု အပြင်ကို ပြန်ထွက်သွားပြန်ပြီ”
လူအိုကြီး နှစ်ယောက်လည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး နောက်ဆုံး ဘာမှတော့ မပြောခဲ့ပေ။
မကျေမနပ်နဲ့ ညီးတွားနေတဲ့ အချိန်မှာပဲ ဆိုင်ဝန်ထမ်း တစ်ယောက်က တံခါးပေါက်ရှေ့ ရောက်လာပြီး ကိုယ်ကိုကိုင်းကာ မေးလိုက်တယ်
“ဘယ်သူက ဒေါင်မိသားစု သခင်လေးလဲ ခင်ဗျာ”
ဒေါင်ချင်းဟန်က ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်တယ် “ငါပဲ”
“သခင်လေးကို နှုတ်ဆက်ပါတယ် “ အစေခံလေက ဖော်လံဖားလေသံနဲ့ ပြောလိုက်ပြီး “လူငယ်လေးတစ်ယောက်က သခင်လေးဆီ စာပို့ခိုင်းလိုက်လို့ပါ”
ဒေါင်ချင်းဟန် အံ့အားသင့်သွားခဲ့ပြီး “အဲ့စာ ဘယ်မှာလဲ”
အစေခံလေးက စာကို ဒေါင်ချင်းဟန်လက်ထဲ ချက်ချင်း ထည့်ပေးလိုက်တယ်။
ခပ်မြန်မြန်ပဲ စာအိတ်ကို ဖောက်ဖတ်ကြည့်လိုက်ပြီးနောက် ဒေါင်ချင်းဟန်က ခွန်အားမဲ့နေတဲ့ ပုံစံနဲ့ ထိုင်ခုံပေါ် မှီချလိုက်ပါတယ်။ သူ့ရင်ထဲက တစ်နေတဲ့ ကျောက်တုံးက နောက်ဆုံးတော့ လျှောကျသွားခဲ့ပါပြီ။
နောက် လေနဲ့တိမ် အစောင့်အကြပ်ကို အချက်ပြလိုက်တယ်။ လေနဲ့တိမ် အစောင့်နှစ်ယောက်လည်း အစေခံကို ငွေပြားအနည်ငယ်ပေးပြီး ပြန်လွှတ်လိုက်ပါတယ်။
သူတို့သခင်လေးရဲ့ တင်းမာနေတဲ့ မျက်နှာအမူအရာ ပြေလျော့သွားတာကို မြင်လိုက်ရချိန်မှာတော့ လေနဲ့တိမ်အစောင့် နှစ်ယောက်ထဲက တစ်ယောက်က မနေနိုင်ပဲ မေးမိလိုက်တယ် “သခင်မလေး ဘယ်နေရာမှာ ရှိလဲဆိုတာ သိရပြီလား”
သူ့နဖူးကို ပွတ်သပ်လိုက်ရင်း ဒေါင်ချင်းဟန်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး လေသံတိုးတိုးနဲ့ ပြောလိုက်တယ် “တကယ်တော့ သူမက ရန်ကိုင်ဆီ ရောက်နေတာ”
“သူမနဲ့ ပက်သက်ပြီး စိုးရိမ်စရာ မလိုဘူးလို့ သူအခုပဲ ငါ့ဆီ စာရေးလိုက်တာ”
တည်းခိုခန်းမှာတော့ ရန်ကိုင်က ဒေါင်ချင်းယန်အတွက် သူနဲ့ကပ်လျှက် အခန်းတစ်ခု ငှားပေးလိုက်တယ်။ သူ့အပြုအမူက မိန်းမငယ်လေးရဲ့ အထင်ကြီး လေးစားစိတ်ကို ပိုတိုးလို့ သွားစေခဲ့ပြီး
“ဝမ်းကွဲက အကောင်းဆုံးပဲ”
ဒုတိယနေ့မှာတော့ ဒေါင်ချင်းဟန် သူတို့ဆီ ရောက်လာခဲ့တယ်။ ရန်ကိုင်ကလည်း အဖြစ်အပျက် အလုံးစုံကို အကျဉ်းချုံး ရှင်းပြလိုက်တာပေါ့။ သူရှင်းပြနေတုန်း ဒေါင်ချင်းယန်က အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်လို သူ့ကို ပြုံးပြနေခဲ့ပါတယ်။
ဒေါင်ချင်းယန်က သူ့ရဲ့ ချက်ကောင်းကို မိမိရရ ဆုပ်ကိုင်ထားတာလေ။ အဲဒါကြောင့် သူမကို သူတွန်းအား မပေးရဲခဲ့။ အကယ်၍ သူက ယန်မိသားစု သားတစ်ယောက် ဖြစ်တယ်ဆိုတဲ့ သတင်းသာ ပေါက်ကြားသွားခဲ့ရင် ဖြစ်လာမယ့် အကျိုးဆက်က နောက်စရာ မဟုတ်ပါဘူး။
အခုလို ကျဉ်းထဲကျပ်ထဲ ရောက်နေတဲ့အတွက် ရန်ကိုင်လည်း သူ့ဝမ်းကွဲလေးရဲ့ အလိုကို လိုက်လျောပေးရပါတော့တယ်။ အချိန်တွေ မြန်ဆန်စွာ ကုန်ဆုံးသွားခဲ့ပြီး ဒေါင်ချင်းယန်သူ့ဆီ ရောက်တာ ၈ရက် ကြာသွားခဲ့ပါပြီ။ ထိုရက်အတောအတွင်း ရန်ကိုင်က ကျင့်ကြံရင်းနဲ့သာ သူ့အချိန်တွေကို ကုန်ဆုံးစေခဲ့ပါတယ်။
ဆေးဘုရင်တောင်ကြားမြို့က လူထူထပ်တယ် ဆိုပေမယ့် မြို့ထဲမှာက မိုးမြေစွမ်းအင်တွေ အရမ်းကို ပေါကြွယ်ဝတာလေ။ အဲဒါကြောင့် အပြင်မှာ လေ့ကျင့်ရတာထက် စာရင် ဒီနေရာက ပိုပြီး လေ့ကျင့်လို့ ကောင်းတာပေါ့။
ထိုရက်အတောအတွင်း သူ့ရဲ့ဝမ်းကွဲလေးက သူ့ကို မရမရ ဆွဲခေါ်ပြီး အပြင်ထွက် လျှောက်လည်လေ့ရှိပါတယ်။ ရက်အနည်းငယ် ကြာပြီးနောက် ရန်ကိုင် တွေ့ရှိလိုက်ရတာက သူ့ရဲ့ဝမ်းကွဲလေးက ဆေးပညာရှင် တစ်ယောက် ဖြစ်နေတယ် ဆိုတာကိုပါ။
သူမ၏ ဆေးပညာရှင် အဆင့်အတန်းက အရမ်းကြီး မမြင့်ဘူး ဆိုရင်တောင် သူမက သာမန် အလယ်အလတ်အဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်နေတုန်းပါပဲ။
သူမက ဒေါင်မိသားစုရဲ့ သခင်မလေးလေ။ ငယ်ငယ်ကတည်းက သူမ ကျင့်ကြံဖို့အတွက် မိသားစုက အရင်းအမြစ် တော်တော်များများ သုံးစွဲခဲ့တာပါ။ သူမဘာလိုလဲ ပြောလိုက်… ဒေါင်မိသားစုက ရအောင် ရှာပေးတာပါပဲ။ ဘယ်ဆေးလုံးလိုလဲ အဆင့်သင့်ပါပဲ။ အဲ့လို အရင်းအမြစ် လုံလုံလောက်လောက် ရှိနေမှတော့ သူမက ဘာလို့ ဆေးပညာရှင် လုပ်စရာ လိုဦးမှာလဲ။ ထို့ကြောင့် သူမ ဆေးပညာကို စိတ်ဝင်စားတဘ် ဆိုရင်တောင် သူမလေ့ကျင့်မှုက လုံလောက်မှု မရှိသေးပါဘူး။
ဒါပေမယ့် အခုတော့ ဆေးဘုရင်တောင်ကြားဆီ သူမရောက်လို့ လာခဲ့ပါပြီ။ ဒီနေရာက သူမအတွက်တော့ နိဗ္ဗာန်ဘုံပါပဲ။ မြင်သမျှ အရာအားလုံးက စွဲမက်စရာ ကောင်းနေသည်လေ။
Martial Peak
အပိုင်း(၂၇၀) အဆိပ်ဆေးလုံး
မနက်အစောပိုင်း ရန်ကိုင် လေ့ကျင့်နေတုန်း တံခါးခေါက်သံကို ကြားလိုက်ရတယ်။ ထို့နောက် အခန်းတံခါးပွင့်လာကာ ဒေါင်ချင်းယန်က အခန်းထဲကို ပြေးဝင်လာလိုက်ပြီး “ကို့…”
“ဘာကို့လဲ” ရန်ကိုင်က သူမကို စိုက်ကြည့်လိုက်ပြီး သူမ၏ နဖူးလေးကို ပုတ်လိုက်တယ်။
ဒေါင်ချင်းယန်က လျှာလေးတစ်လစ်တစ်လစ် ထုတ်ပြီး ခပ်မြန်မြန်ပဲ ရုပ်တည်လိုက်ကြာ မြင့်မြတ်တဲ့ မိန်းမပျိုတစ်ယောက် ဟန်ပန်နဲ့ အမိန့်ပေးလိုက်တယ် “ကိုယ်ရံတော်ရန်၊ ဒီသခင်မလေးကို ခရီးတစ်ခု လိုက်ပို့စမ်း”
တကယ်တော့ သူမက ဒေါင်မိသားစုရဲ့ သခင်မလေးလေ။ ဒေါင်မိသားစုနဲ့ ယန်မိသားစုဆိုတာ ဆွေမျိုးတွေပါ။ ဒေါင်ချင်းယန်က ရန်ကိုင်နာမည် ခေါ်နေတာကိုသာ တစ်ယောက်ယောက် ကြားသွားခဲ့ရင် သူတို့ကြားက ဆက်ဆံရေးကို အလွယ်လေး ခန့်မှန်းနိုင်ပါတယ်။
ဒါကြောင့် ထိုကိစ္စနဲ့ပက်သက်ပြီး သူတို့နှစ်ယောက် စဆွေးနွေး ရပါတော့တယ်။ နောက်ဆုံးမှာတော့ ရန်ကိုင်က ဒေါင်ချင်းယန်ရဲ့ ကိုယ်ရံတော် အဖြစ် ဟန်ဆောင်ဖို့ နှစ်ယောက်သား ဆုံးဖြတ်လိုက်ကြတယ်။
မိသားစုကြီးတွေက သခင်မလေးတွေက အပြင်ထွက်ရင် အမြဲတမ်း အစောင့်အကြပ်တွေနဲ့လေ။ ဒါကြောင့် ကိုယ်ရံတော်ဆိုတဲ့ ဂုဏ်ပုဒ်က ရန်ကိုင်အတွက် မဆိုးလှပါဘူး။
အပြင်ကို တစ်ချက်လောက် ကြည့်လိုက်ပြီးနောက် ဒေါင်ချင်းယန်၏ တောင်းဆိုချက်ကို ရန်ကိုင် ပယ်ချလိုက်တယ် “နင်ဘာသာနင် သွားပတ်တော့။ ဒီတစ်ကြိမ်တော့ ငါမလိုက်တော့ဘူး”
ဒါပေမယ့် ဒေါင်ချင်းယန်က ရယ်မောပြီးတော့သာ “ကိုယ်ရံတော်ရန်၊ နင်အဲ့နေရာကို မသွားချင်တော့ဘူးဆိုတာ သေချာပြီလား”
ရန်ကိုင် အမူအရာ တစ်မုဟုတ်ချည်း ပြောင်းလဲသွားခဲ့လေပြီ။
“ဒီနေ့က အဲ့နေ့လား”
လွန်ခဲ့တဲ့ ရက်အတောအတွင်း ဆေးသူတော်စင် တောင်ကြားဆီ ဘယ်လိုသွားရမလဲဆိုတာကို ရန်ကိုင်က ဒေါင်ချင်းယန်ကို အဆက်မပြတ် မေးမြန်းနေခဲ့တာပါ။ ဒါပေမယ့် ဒေါင်ချင်းယန်က အချိန်မကျသေးဘူးဆိုပြီး အမြဲတမ်း သူ့မေးခွန်းကို ရှောင်သွားခဲ့တာ ချည်းပါပဲ။ ဒါပေမယ့် အခုတော့ မျှော်လင့်ချက် အရိပ်အယောင်လေးကို တွေ့ခဲ့ရလေပြီ။
ရန်ကိုင်က ကျင့်ကြံနေတာကို ရပ်လိုက်ပြီး ကုတင်ပေါ်ကနေ ချက်ချင်း ထလိုက်ပါတယ်။
မြို့ထဲမှာတော့ ဒေါင်ချင်းယန်က ရေထဲရောက်နေတဲ့ ငါးတစ်ကောင်အလား လူအုပ်ကြီးထဲ အစုံအဆန် သွားလာနေခဲ့တယ်။ ရန်ကိုင်ကတော့ ကိုယ်ရံတော် အဝတ်အစားကို ဝတ်ဆင်ရင်း ပစ္စည်းပစ္စယ မျိုးစုံကို ကိုင်ကာ ရုပ်သေကြီးနဲ့ သူမနောက်ကနေ တိတ်တဆိတ်နဲ့ လိုက်ပါနေခဲ့ပါတယ်။
မြို့ရဲ့ အရှေ့ဘက်ခြမ်းဆီ ရောက်တဲ့အချိန်မှာတော့ ဒေါင်ချင်းယန်ရဲ့ မျက်နှာလေးဟာ စိတ်လှုပ်ရှားမှုကြောင့် နီးမြန်းသွားခဲ့လေတယ်။ သူမဆီက နှလုံးခုန်သံကိုတောင် သူကြားနေရပါတယ်။ အသက်ပြင်းပြင်း ရှုနေလိုက်ပြီး လက်သီးကို တင်းတင်း ဆုပ်ထားကာ အချိန်အတော်ကြာမှပဲ သူကိုစိတ်ကို ပြန်တည်ငြိမ်အောင် လုပ်နိုင်ခဲ့ပါတယ်။
လှည့်ပတ် ကြည့်လိုက်တဲ့အချိန် လူအုပ်ကြီးကို သူတွေ့လိုက်ရတယ်။ လူအားလုံးရဲ့ ရင်ဘတ်မှာတော့ ပန်းပွင့်တံဆိပ် အမျိုးမျိုးကို ချိတ်ဆွဲထားကြပါတယ်။ ရွှေ၊ငွေနဲ့ အဖြူရောင်ရှိတဲ့ ပွင့်ချပ်တံဆိပ်တွေကို တပ်ဆင်ထားကြပြီး ပွင့်ချပ်အရေအတွက်ကလည်း တစ်ခုမှ သုံးခုအထိ ရှိကြပါတယ်။
ထိုလူတွေအားလုံးက ဆေးပညာရှင် တွေပါပဲ။
မြေကမ္ဘာ အလယ်အလတ် အဆင့်မှ ထိပ်ဆုံးအဆင့် ဆေးပညာရှင်တွေက အများစုဖြစ်ပြီး သာမန်အဆင့် ဆေးပညာရှင်တွေလည်း အများကြီး ရှိပါတယ်။ လူအရေအတွက်က ၂၀၀လောက် ရှိပါတယ်။
တစ်ချိန်တည်းမှာပဲ ဒေါင်ချင်းယန်က ငွေရောင်ပွင့်ချပ် တစ်ခုကို ထုတ်ယူလိုက်ပြီး သူမရင်ဘတ်ပေါ် ဂုဏ်ယူစွာဖြင့် ချိတ်ဆွဲထားလိုက်ပါတယ်။ သူမပုံစံက ငါက သာမန်အလယ်အလတ်အဆင့် ဆေးပညာရှင် တစ်ယောက်လို့ လူတိုင်းကို ပြောနေသယောင်ယောင်။
“နင်ဘာလုပ်နေတာလဲ” ရန်ကိုင်က သူမကို နားနားကပ်ပြီး မေးလိုက်တယ်။
“စောင့်သာ စောင့်နေစမ်းပါ။ နင်သွားချင်တဲ့ နေရာဆီ သွားလို့ရမရက အခုလာမယ့် အဖြစ်အပျက်ပေါ် မူတည်သွားပြီ” ဒေါင်ချင်းယန်က ညင်သာစွာြဖင့် ပြန်ပြောလိုက်တယ်။ သူမ၏ ချစ်စဖွယ် မျက်နှာလေးဟာ ဆိုရင်ဖြင့် လေးနက်မှုတွေနဲ့ ပြည့်နေလို့ပေါ့။
ရန်ကိုင် မျက်မှောင် ကျုံ့လိုက်လေပြီ။ နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်လိုက်ပြီး အနီးအနားက ဆေးပညာရှင်တွေ ပြောနေတာကို နားထောင်လိုက်ပါတယ်။ တစ်ခဏ ကြာပြီးနောက် ရန်ကိုင်အမူအရာက ကိုးယိုးကားယား ဖြစ်လာခဲ့ပါတယ်။
ဒီနေရာမှာ လူတွေအများကြီး စုဝေးနေရတာက ဆေးဘုရင်တောင်ကြားရဲ့ တိမ်ဖုံးတောင်ထွတ် ပိုင်ရှင် အကြီးအကဲ ရှောင်ဖူရှန်းရဲ့ တပည့်အဖြစ် လာရောက်ယှဉ်ပြိုင် ကြာတာပါ။ ရန်ကိုင်က မျက်လုံး အပြူးသားနှင့် ဒေါင်ချင်းယန်ကို ကြည့်လိုက်ပြီး မေးလိုက်လေပြီ “နင်ဒီကို တပည့်နေရာ အတွက် လာယှဉ်ပြိုင်တာလား”
ဒေါင်ချင်းယန်က ပြုံးလိုက်ပြီး “ဟုတ်တာပေါ့။ ဂရမ်းမာစတာရှောင်ရဲ့ တပည့်ရွေးပွဲဆိုတာ တစ်သက်မှ တစ်ကြိမ်လောက်ပဲ ရမယ့် အခွင့်အရေးကြီး။ အိမ်ကနေ ငါထွက်ပြေးလာတာကလည်း ဒီအကြောင်း ပြချက်ကြောင့်ပဲ”
ပြောနေရင်းနဲ့ ဒေါင်ချင်းယန်က ရန်ကိုင်ကို သနားကမားဖြင့် ကြည့်လိုက်ပြီး “ကိုယ်ရံတော်ရန်၊ ဒီအကြောင်းကို ငါ့အစ်ကိုဆီတော့ ပြန်မပြောဘူးမလား”
“ဒီကိစ္စက ငါ့သွားချင်တဲ့နေရာနဲ့ ဘာပက်သက်လို့လဲ”
“တိမ်ဖုံးတောင်ထွတ်က နင်သွားချင်တဲ့ နေရာနဲ့သိပ်မဝေးဘူး။ နင်သာ အဲ့နေရာဆီ ဝင်နိုင်မယ် ဆိုရင်…” ဒေါင်ချင်းယန်က တိုးတိုးလေး ပြန်ပြောလိုက်တယ်။
သူမပြောတာကို နားထောင်ရင်း ရန်ကိုင် မျက်ခုံး ကျုံ့မိလိုက်တယ်။ တိမ်ဖုံးတောင်ထွတ်ကိုသာ ဝင်နိုင်မယ်ဆိုရင် ဆေးသူတော်စင် တော်ထွတ်ဆီ ဝင်နိုင်မယ့် နည်းတစ်ခုခုကို ရှာကောင်း ရှာနိုင်ပါလိမ့်မယ်။ တကယ်တော့ တိမ်ဖုံးတောင်ထွတ်နဲ့ ဆေးသူတောင်စင် တောင်ကြားကို တောင်ကုန်းသေးသေးလေး နှစ်ခုပဲ ခြားထားတာလေ။
“ဒါပေမယ့် ဆေးပညာကို ငါနားမလည်ဘူးလေ”
ဒေါင်ချင်းယန်က ရယ်မောလိုက်ပြီး “ဆေးပညာကို နားမလည်ရင်တောင် သူတပည့် ဖြစ်လာဖို့ အခွင့်အရေး ရှိတယ်လို့ ဂရမ်းမာစတာရှောင်ရဲ့ တပည့်ရွေးပွဲ အသိပေးစာမှာ ဖော်ပြထားတယ်။ လိုအပ်တာဆိုလို့ နင့်မှာ ဆေးပညာနဲ့ ပက်သက်ပြီး ပါရမီရှိဖို့ပဲ လိုတယ်”
သူတပည့် ဖြစ်လာဖို့ အခွင့်အရေး ရှိတယ်လို့ ဂရမ်းမာစတာရှောင်ရဲ့ တပည့်ရွေးပွဲ အသိပေးစာမှာ ဖော်ပြထားတယ်။ လိုအပ်တာဆိုလို့ နင့်မှာ ဆေးပညာနဲ့ ပက်သက်ပြီး ပါရမီရှိဖို့ပဲ လိုတယ်”
“မစ္စတာ ရန်…” ဒေါင်ချင်းယန်က ရန်ကိုင်လက်မောင်းကို ဖက်တွယ်ရင်း
“နင့်အတွက် ငါတော်တော်လေး တွေးပေးထားခဲ့တာလေ။ ငါ့အစ်ကိုကို ဒီအကြောင်း သွားမပြောပါနဲ့နော်။ ပြီးတော့ ငါသာ အောင်အောင်မြင်မြင်နဲ့ ဂရမ်းမာစတာရှောင်ရဲ့ တပည့် ဖြစ်လာနိုင်ခဲ့ရင် မိသားစုအတွက်လည်း ဂုဏ်တက်တဘ်လေ။ ငါ့အဖေ သိသွားခဲ့ရင်တောင် သူငါ့ကို ချီးတောင်ကျူးဦးမှာ။ အဲ့ဒါကြောင့် မုန်းတီစရာ ကောင်းတဲ့ အလုပ်တွေ မလုပ်ပါနဲ့နော်”
ရန်ကိုင်က အသာအယာပဲ ပြန်ပြောလိုက်တယ်” နင်သာ အောင်မြင်မယ် ဆိုရင် ငါကလည်း ဘာမှ ပြောနေမှာ မဟုတ်ဘူး”
“ငါအောင်မြင်မယ် ဆိုတာ ကျိန်းသေတယ် “ဒေါင်ချင်းယန်က ယုံကြည်ချက် အပြည့်နဲ့ ပြောလိုက်ပါတယ် “ဒီနေ့အတွက် ငါတော်တော်လေး ပြင်ဆင်လာခဲ့ရတာ။ ငါမသေချာတာဆိုလို့ နင်မလာမှာကိုပဲ “
ထိုစကားကို ကြားလိုက်တာနဲ့ ရန်ကိုင် တိတ်တဆိတ် ခေါင်းယမ်းမိလိုက်တယ်။ ဒေါင်ချင်းယန် ပြောတဲ့ သူမမှာ နည်းလမ်း ရှိတယ် ဆိုတဲ့ နည်းလမ်း အခုလို နည်းလမ်းမျိုး ဖြစ်နေလိမ့်မယ့်လို့ သူဘယ်တော့မှ မတွေးခဲ့ဖူးတာတော့ အမှန်ပါ။ အခုနည်းလမ်းက ကောင်းတယ်ဆိုပေမယ့် ရန်ကိုင်က လုံးဝယုံကြည်ချက် အပြည့်မရှိပါဘူး။ တကယ်တော့ သူက ဆေးပညာနဲ့ ပက်သက်ပြီး ဘာဆိုဘာမှကို မသိတာလေ။ အဲ့တော့ ဂရမ်းမာစတာ ရှောင် ဖန်တီးထားတဲ့ စစ်ဆေးပွဲကို သူဘယ်လိုလုပ်ပြီး ကျော်ဖြတ်နိုင်ပါ့မလဲ။
ဒါပေမယ့် ဒီအထိ ရောက်လာပြီ ဆိုမှတော့ အံကြိတ်ပြီး ကြိုးစားဖို့ပဲ ရှိပါတော့တဘ်။ ဘာပဲဖြစ်ဖြစ် ကြိုးစားလိုက်လို့ အသားပဲ့ပါသွားတာမှ မဟုတ်တာကို။
အချိန်တွေ ကုန်လာတာနဲ့ အမျှ ဆေးပညာရှင်တွေလည်း ပိုပိုများလာခဲ့တယ်။ သူတို့တစ်ယောက်ချင်းစီက ဒေါင်ချင်းယန်လိုပဲ မျှော်လင့်ချက်၊ စိတ်လှုပ်ရှားမှု တို့ဖြင့် ပြည့်နေခဲ့တယ်။ သူတို့ထဲက အချို့ရဲ့ မျက်နှာထက်မှာဆိုရင် လေးစားရိုသေသည့် အရိပ်အယောင်တို့ကိုတောင် မြင်တွေ့နေရပါသေးတယ်။
ထိုအခြင်းအရာကို ကြည့်ရုံနဲ့တင် ဂရမ်းမာစတာရှောင်ရဲ့ တပည့်ဖြစ်ဖို့ သူတို့တွေ ဘယ်လောက် စိတ်အားထက်သန်နေလဲဆိုတာကို မြင်တွေ့နိုင်ပါတယ်။
ဘေးပတ်ပတ်လည်က ပြောစကားတွေကို နားထောင်ရင် ရန်ကိုင် တော်တော်လေး သိလိုက်ရတယ်။ ရှောင်ဖူးချင်းက ဆေးဘုရင်တောင်ကြားက အဆင့်မြင့် ပုဂ္ဂိုလ်ကြီးတွေထဲ တစ်ယောက် ဖြစ်ပါတယ်။ ဆေးပညာဘက်မှာ သူ့ရဲ့ အောင်မြင်မှုဟာ ဆိုရင်ဖြင့် လက်ရှိ
ဆေးဘုရင်တောင်ကြား သခင်ထက်တောင် ပိုပြီးကြီးကျယ်ပါသေးတယ်။ ပြီးတော့ သူက ဆေးဘုရင်တောင်ကြားရဲ့ ဆန်းကြယ်အဆင့် ဆေးပညာရှင် တွေထဲက တစ်ယောက်ဆိုလည်း မမှားပါဘူး။
ဆန်းကြယ်အဆင့် အထက်မှာတော့ စိတ်ဝိဥာဉ်အဆင့် ဆိုတာ ရှိပါတယ်။ ဒါပေမယ့် ထိုအဆင့်ကို ရောက်ဘယ်သူ တစ်ဦးတစ်ယောက်မှ မရောက်ရှိ ဖူးပါဘူး။
ရှောင်ဖူချင်းက ဆေးပညာကို အရူးအမူး လိုက်စားတဲ့ လူတစ်ယောက်ပါ။ သူက ဆေးဘုရင်တောင်ကြား၌ တောင်ထွတ်တစ်ခုကို ပိုင်ဆိုင်ထားတယ် ဆိုပေမယ့် သူ့မှာ တပည့်ဆိုလို့ တစ်ယောက်မှမရှိ။ မိန်းမဆိုလည်း ထိုနည်းလည်းကောင်းပါပဲ။ သူ့တစ်ဘဝလုံးကို ဆေးပညာလမ်းစဉ်ကို လိုက်စားရင်းနဲ့သာ အချိန်ကုန်ဆုံး စေခဲ့တာပါ။
ဆေးပညာ အသိုင်းအဝိုင်းမှာ ဆိုရင်ဖြင့် ရှောင်ဖူးချင်းဟာ လေးစားဖွယ်ရာ ပုဂ္ဂိုလ်ကြီး တစ်ဦးပါ။ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ဂရမ်းမာစတာရှောင်က တပည့်လက်ခံတော့မယ့် သတင်း ဆေးဘုရင်တောင်ကြားကနေ ထွက်ပေါ်လာတာနဲ့ ဆေးလောက တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားခဲ့ပါတယ်။
ထိုသတင်းကို ကြားတာနဲ့ နေရာအနှံ့က မရေမတွက်နိုင်တဲ့ ဆေးပညာရှင်တွေက ဂရမ်းမာစတာရှောင်ရဲ့ တပည့် ဖြစ်ဖို့အတွက် ဆေးဘုရင်တောင်ကြားဆီ အလုအယက် သွားကြပါတော့တယ်။
မိသားစုကြီး ရှစ်ခုနဲ့ ပထမအဆင့် အင်အားစုတွေတောင် သူတို့ရဲ့ ကိုယ်ပိုင် ဆေးပညာရှင်တွေကို တက်ရောက်ဖို့အတွက် စေလွှတ်ချင်ခဲ့ပေမယ့် ဂရမ်းမာစတာရှောင်က ငြင်းဆန်းခဲ့ပါတယ်။
နောက်ဆုံး ဒီနေ့အချိန်၌ ဆေးဘုရင်တောင်ကြားတွင် ဂရမ်းမာစတာရှောင် ကိုယ်တိုင် စီစဉ်ထားတဲ့ စမ်းသပ်ပွဲ တစ်ခု ကျင်းပပါမယ်။ ထိုစမ်းသပ်ချက်ကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်တဲ့ ဘယ်သူမဆို တိမ်ဖုံးတောင်ထွတ်မှာ တပည့်ဖြစ်ခွင့် ရပါမယ်။
ဂရမ်းမာစတာက သူ့တပည့်ဖြစ်လာမယ့် လူတွေရဲ့ နောက်ခံတွေ ဘာတွေကို ဂရုမစိုက်ပါဘူး။ ဘယ်ကနေပဲ လာလာ၊ ဘယ်အင်အားစုကနေပဲ လာလာ၊ သူကြိုက်နှစ်သက်လောက်မယ့် ပါရမီ အရည်အချင်းကိုသာ ပိုင်ဆိုင်ထားပါက သူ့တပည့် ဖြစ်လာနိုင်ပါတယ်။ လိုအပ်ချက်ကတော့ အသက်၂၀ထက် မကျော်ဖို့ပါပဲ။
ထို့ကြောင့် ဒီမှာ ရှိနေတဲ့ ဆေးပညာရှင်တွေ အကုန်လုံးက လူငယ် မျိုးဆက်ချည်းထဲကပါပဲ။ အချို့လူတွေဆိုရင် ဆေးဘုရင်တောင်ကြားရဲ့ ဆေးပညာရှင်များ စုဝေးပွဲအတွက်ပါ ကြိုပြီး ပြင်ဆင်လာကြတာပါ။
အချိန်က မြန်ဆန်စွာနဲ့ ကုန်ဆုံးသွားခဲ့ပါတယ်။
ဒေါင်ချင်းယန် နောက်မှာ ရပ်နေရင်း ရန်ကိုင်က ဘေးပတ်ပတ်လည်ကို အစဉ်မပြတ် စူးစမ်းနေခဲ့ပါတယ်။ အချိန်အတော်ကြာ စောင့်ဆိုင်း ပြီးချိန်မှာတော့ လူအုပ်ကြီး တစ်ခုလုံး ရုတ်ရုတ် ရုတ်ရုတ် ဖြစ်သွားခဲ့တယ်။ ဆေးဘုရင်တောင်ကြားက တပည့်တွေ နောက်ဆုံး ထွက်ပေါ်လာခဲ့လေပြီ။
ထိုဆေးဘုရင်တောင်ကြား တပည့်တွေက ဂရမ်းမာစတာရှောင်ရဲ့ တိုက်ရိုက် တပည့်တွေ မဟုတ်ပါဘူး။ ထိုတပည့်တွေက ဒီနေ့ပွဲကို စစ်ဆေးအကဲဖြတ်ဖို့ တာဝန်ပေးခြင်း ခံရတဲ့ အခြားတောင်ထွတ်က တပည့်တွေပါပဲ။
မနီးမဝေး တစ်နေရာမှာတော့ စင်မြင့်တစ်ခုကို ပြင်ဆင်ထားပါတယ်။ ထိုစင်မြင့်က စမ်းသပ်စစ်ဆေးပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရောက်ရှိလာတဲ့ ဆေးပညာရှင်တွေ စုစည်းဖို့အတွက် တည်ဆောက်ထားတာ ဖြစ်ပြီး ဆယ်မီတာကျော် ရှည်ပါတယ်။
ဆေးဘုရင်တောင်ကြား တပည့်လေးယောက်က သက်လတ်ပိုင်းလူကြီး လေးယောက်၏ ဦးဆောင်မှုနှင့်အတူ စင်မြင့်ဆီသို့ လမ်းလျှောက်လာခဲ့တယ်။ သူတို့ မျက်နှာထက်မှာတော့ ဂုဏ်ယူဝင့်ကြွားမှုတွေကို အထင်းသား မြင်တွေ့နေရပါတယ်။
သူ့ရင်ဘတ်မှာတော့ ရွှေရောင်ပွင့်ချပ်သုံးခု ရှိနေပြီး သူ့ဘက်ထဲမှာတော့ ဆေးအိုးကြီးတစ်လုံး ရှိနေခဲ့ပါတယ်။ သူ့မျက်နှာက လေးနက်တည်ကြည်နေကာ ဘေးပတ်လည်က လူအုပ်ကြောင့် တစ်ချက်ကလေးတောင် စိတ်အနှောက်အယှတ် ဖြစ်သွားသည့်ပုံမပေါ်။
ဒါပေမယ့် သူ့ကို မြင်လိုက်တဲ့ အတွက်ကြောင့် လူအုပ်ကြီးတစ်ခုလုံး အသံဗလံတို့ဖြင့် ဆူညံသွားခဲ့ပါတယ်။
“အဲဒါ ဆေးဘုရင်တောင်ကြားက ချင်ကျဲပဲ။ သူက အခုမှ ၃၅ပဲ ရှိသေးတာ။ အဲ့တာတောင် ကောင်းကင်အထွတ်အထိပ်အဆင့် ဆေးညာရှင် တစ်ယောက် ဖြစ်နေပြီ”
“သူက ဒီမျိုးဆက် ဆေးဘုရင်တောင်ကြား တပည့်တွေရဲ့ ဂျီးနီးယပ် တစ်ယောက်ပဲ။ သူက နောင်တက်မယ့် တောင်ကြားသခင် ဖြစ်လာမယ် လို့တောင် ပြောနေတာ ငါကြားတယ်”
“ရှူး၊ တိုးတိုး…”
ချင်ကျဲက သိပ်မကြာခင်မှာပဲ စင်မြင့်ပေါ် ရောက်ရှိလာခဲ့ပြီး ဆေးအိုးကို စားပွဲခုံပေါ် တင်ထားလိုက်တယ်။ ကျန်တဲ့ ဆေးဘုရင်တောင်ကြားက တပည့်တွေလည်း သူ့နောက်မှာ လာပြီး ရပ်နေလိုက်ကြပါတယ်။
လူအုပ်ကြီးကို တစ်ချက်ဝှေ့ကြည့်လိုက်ပြီး ချင်ကျဲက လက်သီးဆုပ်ကာ ပြောလိုက်တယ် “အားလုံပဲ၊ ဒီနေ့ ဦးလေးရှောင်ရဲ့ တပည့်ရွေးပွဲမှာ ဒီချင်ကျဲက ကြီးကြပ်သူအဖြစ် တာဝန်ယူမှာပါ”
ဆေးပညာရှင်တွေက သိုင်းလောကကြီးမှာ မရှိမဖြစ် အရေးပါတဲ့ လူတွေ ဖြစ်တဲ့အတွက် ဆေးပညာရှင်တိုင်းကို သိုင်းပညာရှင်တိုင်းက လေးလေးစားစား ဆက်ဆံလေ့ရှိကြတယ်။ ထို့ကြောင့် ဆေးပညာရှင် အားလုံးနီးပါးက ခေါင်းပေါ် မျက်လုံးရောက်နေတဲ့ သူတွေချည်းပါပဲ။
သူတို့ ဘယ်နေရာသွားသွား လေးလေးစားစားနဲ့ ဆက်ဆံခံနေရတော့ လောကဝတ်စကားတွေ ဘာတွေ ပြောဖို့မသိတော့။ တိုတိုနဲ့လိုရင်းပဲ။ ကြိုက်ကြိုက် မကြိုက်ကြိုက် သူတို့က ဂရုကိုမစိုက်။ ဆေးပညာရှင်တိုင်းက သူများထက် ခေါင်းတစ်လုံး အပိုပါနေသလိုလို။ အရမ်းကို မောက်မာဝင့်ကြွားကြပါတယ်။
ချင်ကျဲကို ဂျီးနီးယပ် ဆေးပညာရှင်မျိုးဆို ပိုဆိုးပေါ့။ စကားလေး နည်းနည်းပြောပြီးတာနဲ့ ချက်ချင်းပဲ ဆေးအိုးအဖုံးကို ချင်ကျဲ ဖွင့်လိုက်ပါတယ်။ ဆေးအိုးထဲ့ ဆေးရနံ့က ဘေးပတ်ပတ်လည်ဆီ ပျံ့နှံ့လို့ သွားခဲ့လေပြီ။ ဆေးရနံ့ကို ရှုရှိူုက်မိတဲ့လူတွေကတော့ မအီမသာတွေ ဖြစ်ကုန်ကြပါပြီ။
“ဒီတစ်ခါ စမ်းသပ်မှုက ရိုးရှင်းပါတယ်။ ဒီဆေးလုံးတွေက ဦးလေးရှောင် ကိုယ်တိုင် သန့်စင်ထားတဲ့ ဆေးလုံးတွေပဲ။ ဦးလေးရှောင်ရဲ့ တပည့်ဖြစ်ချင်တဲ့ ဘယ်သူမဆို ဒီဆေးလုံးကို သောက်ပြီး ဆေးလုံးထဲက ဆေးစွမ်းအင်တွေကို စုပ်ယူပြရမယ်။ ဆေးလုံးထဲက ဆေးစွမ်းအင်တွေကို အောင်အောင်မြင်မြင် သန့်စင်နိုင်တဲ့ ဘယ်သူမဆို ဒီစမ်းသပ်မှုကို အောင်မြင်တယ်။ ကဲ.. အခု အားလုံး စလို့ရပြီ”
ပြောပြီးတာနဲ့ ချင်ကျဲက ဘေးထွက် ရပ်နေလိုက်တယ်။ ဆေးဘုရင်တောင်ကြား တပည့်သုံးယောက်က ရှေ့ကိုထွက်လိုက်ပါတယ်။ လူအုပ်ကြီးကို ကြည့်တဲ့ သူတို့ရဲ့ အကြည့်တွေက မောက်မာမှု အပြည့်နဲ့ပါ။
လူရာပေါင်း များစွာ ရှိနေတဲ့အထဲတွင် ဘယ်သူမှ ပထမဆုံး သွားပြီး မစမ်းသပ်ချင်ကြပါဘူး။ ချင်ကျဲ ပြောသွားတာ ရိုးရှင်းပြီး တည့်တိုး ဆန်ပေမယ့် ဂရမ်းမာစတာရှောင် ကိုယ်တိုင် ဖန်တီးထားတဲ့ စမ်းသပ်ပွဲက ပြောသလောက် ရိုးရှင်းမည် မဟုတ်မှန်း အားလုံး သိကြပါတယ်။
အားလုံးက အခုအချိန်မှ သူတို့အစား တစ်ယောက်ယောက်ကို ရှေ့ထွက် စေချင်နေတာပါ။ အဲ့လိုမှပဲ အရင်ဆုံးစူးစမ်းပြီး ပြင်ဆင်သွားလို့ ရမှာလေ။ ဒါပေမယ့် ဒီမှာ ရှိနေတဲ လူတွေကကော ဘယ်လိုလုပ်ပြီး အခြားတစ်ယောက်ရဲ့ ခြေနင်းကျောက်တုံး ဖြစ်ချင်ပါ့မလဲ။
ဆေးဘုရင်တောင်ကြား တပည့်တွေကတော့ စိုးရိမ်မနေခဲ့ပါဘူး။ အေးအေးဆေးဆေးနဲ့ပဲ စင်မြင့်ပေါ်မှာ ရပ်စောင့်နေခဲ့ကြတယ်။ အချိန်အတော် ကြာပြီးနောက် တစ်ယောက်ယောက်က ရဲဆေးတင်ပြီး မေးလိုက်တယ် “ဒီဆေးလုံးက ဘာဆေးလုံးလဲဆိုတာ ငါတို့သိလို့ရမလား”
ဆေးဘုရင်တောင်ကြား တပည့်တွေထဲ တစ်ယောက်က ချက်ချင်း နှာခေါင်းရှူံ့လိုက်ပြီး “အဆိပ်ဆေးလုံး”
လူအုပ်ကြီး တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားခဲ့လေပြီ။ ဂရမ်းမာစတာ ရှောင်ရဲ့ စမ်းသပ်မှုက အောင်မြင်ဖို့ မလွယ်ကူးဘူးဆိုတာ သူတို့အားလုံး နားလည်ထားပေမယ့် အခုဟာက သူတို့မျှော်လင့်ထားတာနဲ့ တခြားစီ ဖြစ်နေခဲ့ပါတယ်။
သူတို့ထဲက ဘယ်သူကများ အဆိပ်ဆေးလုံး တစ်လုံး လိုလိုလားလားနဲ့ မျိုချပြီး ဆေးလုံးအစွမ်းကို သန့်စင်ချင်မှာလဲ။ ဒီလို အရာမျိုးကို စမ်းသပ်မှုလို့ ခေါ်တာလား။ မွေးကတည်းက အသက်တစ်ချောင်းပဲ ပါလာတာလေ။ စမ်းသပ်မှုမှာသာ သေဆုံးသွားခဲ့ရင် ဒီနေရာက သူတို့ခေါင်းချရာ ဖြစ်သွားမှာပါ။ အခုလို စမ်းသပ်မှုမျိုးကို ဘယ်သူကများ သူတို့အသက်နဲ့ ရင်းပြီး ဝင်ပြိုင်ရဲပါ့မလဲ။
ဒါပေမယ့် ချင်ကျဲက ဆက်ပြောလိုက်ပါတယ် “ဆေးလုံးက အဆိပ်ဆေးလုံး ဆိုပေမယ့် သေလောက်တဲ့အထိတော့ အဆိပ်မပြင်းဘူး။ ဒါပေမယ့် မင်းတို့ အရည်အချင်းက နိမ့်ကျနေမယ် ဆိုရင်တော့ သုံးလကနေ ငါးလလောက်အထိ အိပ်ရာထဲ လဲနေရလိမ့်မယ်”
ဆေးလုံးက သေလောက်တဲ့အထိ အဆိပ်မပြင်းဘူးဆိုတာကို ကြားလိုက်တော့မှပဲ လူတော်တော်များများ စိတ်သက်သာရာ ရသွားခဲ့တယ်။ ဂရမ်းမာစတာရှောင်ဆိုတာ လူသိထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးလေ။ အခုလိုမျိုး လူတွေကို သေအောင်တော့ လုပ်မယ့် လူမျိုး မဟုတ်လောက်ပါဘူး။
ဆေးအိုးထဲမှာတော့ အဆိပ်ဆေးလုံးတွေ ရှိနေခဲ့ပါတယ်။ စမ်းသပ်မှုကနေ နှုတ်ထွက်သွားတဲ့ လူတွေကတော့ လှိုင်းထန်နေချိန် ငါးလာမျှားတဲ့ လူတွေပါပဲ။ ဒါပေမယ့် အခုလဒီနေရာမှာ လာစုစည်းနေတဲ့ လူတွေထဲမှာ ဘယ်သူကများ မိမိကိုယ်ကို ယုံကြည်မှု မရှိတဲ့လူ ပါလို့လဲ။ အားလုံးက မိမိကိုယ်ကို မိမိ အပြည့်အဝ ယုံကြည်သူချည်းပါပဲ။ တစ်ခဏ ကြာပြီးနောက် နောက်ဆုံးမှာတော့ တစ်ယောက်ယောက်က စင်မြင့်ပေါ် တက်သွားခဲ့လေပြီ။
“ငါလည်းသွားမယ်”
တစ်ယောက်က ဦးဆောင်သွားတာနဲ့ ကျန်တဲ့လူတွေလည်း လိုက်သွားကုန်ကြပါပြီ။ ရွှတ်..ရွှတ်..ရွှတ်… သိပ်မကြာခင်မှာပဲ စင်ပေါ်ကို လူဒါဇင်ကျော်လောက် တက်သွားခဲ့ပါတယ်။
“စမ်းကြည့်လိုက်” ဆေးဘုရင်တောင်ကြား တပည့်တွေက ခေါင်းညိတ်ပြလိုက်ပါတယ်။ စင်ပေါ်တက်လာတဲ့ တစ်ယောက်ချင်းစီက ဆေးတစ်လုံးစီ ယူလိုက်ပြီး ပါးစပ်ထဲထည့်ကာ မျိုချလိုက်ပါတယ်။
“အဲ့ဆေးကို အပြည့်အဝ သန့်စင်ဖို့ ကြိုစားရပါမယ်”
ဆေးလုံးမျိုချပြီးတာနဲ့ အားလုံးက တင်ပလင်ခွေ ထိုင်ချလိုက်ပြီး သူတို့ရဲ့ အမျိုးမျိုးသော လျှို့ဝှက်ပညာရပ်တွေကို စတင်လှည့်ပတ်ပါတော့တယ်။ စင်အောက်က လူတွေကတော့ စိတ်ဝင်တစားနဲ့ စင်ပေါ်ကလူတွေကို စူစမ်းလေ့လာနေခဲ့ပါတယ်။
သူတို့အားလုံးက သူတို့အလှည့်ကျ အထောက်အကူ ရနိုင်မယ့် အကူအညီလေးများ ရမလားဆိုပြီး အာရုံစိုက်ကာ စူးစမ်းလေ့လာ နေကြာတာပါ။