← Chapters

အခန်း (၂၇၆-၂၈၀)

Vol. 12 Ch. 276-280

အခန်း (၂၇၆-၂၈၀)

Vol. 12 Ch. 276-280

အပိုင်း(၂၇၆) ပြောတာ ရပ်လိုက်တော့၊ နင်ဆက်ပြောနေရင် ငါမျက်နှာ ထားစရာ နေရာရှိတော့မှာ မဟုတ်ဘူး

ဆေးဘုရင်တောင်ကြား၊ တိမ်ဖုံးတောင်ထွတ်၏ တောင်အလယ်ပိုင်းလောက်တွင် ဒေါင်ချင်းယန်နှင့် ရန်ကိုင်တို့က ခြင်းတောင်းကိုယ်စီ ကိုင်ကာ တောအုပ်တစ်ဝိုက် ဆေးပင်တွေကို ရှာဖွေနေခဲ့ကြတယ်။

ရှောင်ဖူချန်း သူတို့ကို ပေးလိုက်တဲ့ တာဝန်က ဘာမှမခက်ခဲပါဘူး။ ဆေးပင်တွေက ရှားပါးတဲ့တွေ ဆေးပင်တွေ မဟုတ်ပဲ တောအုပ်တစ်ဝိုက် အလွယ်တကူ ရှာတွေ့နိုင်တဲ့ ဆေးပင်တွေပဲ ဖြစ်ပါတယ်။

ဆေးပင်ရှာတဲ့အလုပ် မပြီးနိုင်သေးတာက လိုအပ်တဲ့ ဆေးပင်သက်တမ်းက တော်တော်လေး မြင့်တာကြောင့်ပါပဲ။

ဆေးပင်တစ်ပင်ချင်းစီတိုင်းက အနည်းဆုံး သက်တမ်းနှစ်၃၀ ရှိရပါမယ်။ တောင်တစ်ဝိုက် လိုက်ရှာခဲ့ပေမယ့် မွန်းတည့်ရောက်သည့်တိုင် သူတို့လိုသည့် ဆေးပင်အကုန် မရသေးပါဘူး။

“သံအရိုးမြက်က ၁၀ရိုးလောက်ဆို လုံလောက်ပြီလို့ အန်တီရှန်က ပြောတယ်” ဒေါင်ချင်းယန်က လက်ဆစ်ချိုးလိုက်ပြီး မျက်မှောင်ကြုံ့လိုက်ရင်း ပြောလိုက်တယ် “ဝမ်းကွဲ၊ ငါတို့ ဆေးပင်တစ်မျိုး လိုနေသေးတယ်နော်”

ရန်ကိုင်က တောအုပ်ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး မျက်မှောင်ကြုံကာ “တိမ်ဖုံးတောင်ထွတ်မှာ အဲ့ဆေးပင်တွေ ထပ်မရှိလောက်တော့ဘူး။ ငါတို့ အခြားနေရာသွားပြီး ရှာသင့်တယ်”

ဒေါင်ချင်းယန်က ရန်ကိုင်ကို လှမ်းကြည့်လိုက်ပြီး တခစ်ခစ် ရယ်လိုက်ကာ “နင်ဆိုလိုတာက… ဆေးသူတော်စင် တောင်ထွတ်ကို ပြောတာပေါ့နော်”

ရန်ကိုင်က သူမဆီ ပြန်လှမ်းကြည့်လိုက်တယ်။

နှစ်ယောက်သား တစ်ခုခုကို နားလည်ထားသည့်အလား ဆေးသူတော်စင် တောင်ထွတ်ဆီ လမ်းလျှောက်သွားလိုက်ကြတယ်။

ဆေးသူတော်စင်တောင်ထွတ်က ဆေးဘုရင်တောင်ကြားရဲ့ တားမြစ်နေရာတစ်ခုပါ။ သာမန်တပည့်တွေဆို ဆေးသူတော်စင် တောင်ထွတ်ရဲ့ မီတာ၃၀၀၀ ပတ်ပတ်လည်အတွင်း ဝင်ရောက်ခွင့်မရှိပါဘူး။ ဒါပေမယ့် မီတာ၃၀၀၀ အပြင်ဘက်ကိုတော့ သွားလို့ရပါတယ်။

သူတို့ရဲ့ ရည်ရွယ်ချက်ကို သတ်မှန်ပြီးတာနဲ့ နှစ်ယောက်သာ ဆေးသူတော်စင်တောင်ထွတ်ဆီ ဦးတည်သွားလိုက်ကြပါပြီ။

“ငါတို့ ခွဲရှာသင့်တယ်” ရန်ကိုင်က အသာအယာ ချောင်းဟန့်လိုက်ပြီး ပြောလိုက်တယ်။

“အင်း” ဒေါင်ချင်းယန်က ခေါင်းလေးညိတ်ပြီး ရယ်မောလိုက်တယ်။ ရန်ကိုင် ဘာလုပ်ချင်နေလဲဆိုတာ သူမသိတာပေါ့။ ဒါပေမယ့် ထုတ်တော့ မပြောခဲ့ပါဘူး။ ရိုးရိုးရှင်းရှင်းပဲ ပြန်ပြောလိုက်ပါတယ် “သတိထားဦးနော်”

“ငါသိတယ်”

ခြင်းတောင်းကို ကိုင်ကာ ဆေးသူတော်စင်တောင်ထွတ်ဆီ ဦးတည်သွားလိုက်ပါပြီ။ သွားနေရင်းနဲ့လည်း သံအရိုးမြက်ပင်ကို ရှာဖွေရင်းနဲ့ ဘေးပတ်ဝန်းကျင်ကို တိတ်တဆိတ် စူးစမ်းသွားခဲ့ပါတယ်။

နာရီဝက်ကြာပြီးနောက် ဟိုနားသွားလိုက်၊ ဒီနားသွားလိုက်နဲ့ ကွေ့ပတ်သွားလာနေရင်း ဆေးသူတော်စင် တောင်ထွတ်နဲ့ မီတာ၁၀၀၀လောက်ပဲ ကွာဝေးတော့တာကို ရန်ကိုင် အံ့အားသင့်စွာ တွေ့ရှိလိုက်ရတယ်။

တိတ်တဆိတ်နဲ့ မော့ကြည့်လိုက်တဲ့အခါ ဆေးသူတော်စင် တောင်ထွတ်ပေါ်၌ ခံညားထယ်ဝါစွာ မတ်တပ်ရပ်နေသည့် ရုပ်ထုတစ်ခုကို သူတွေ့ရှိလိုက်ရပါတယ်။ ထိုရုပ်ထုက ဆေးသူတော်စင်ရဲ့ ရုပ်ထုဆိုတာ ဗေဒင်မမေးပဲနဲ့တောင် သူတန်းသိလိုက်ပါတယ်။

ရုပ်ထုက ဟိုတစ်စ၊ ဒီတစ်စ ကျိုးပဲ့နေပေမယ့် လေနဲ့မိုးဒဏ်ကို နှစ်ပေါင်းများစွာ ခံစားလာရပြီးတာတောင် ခံညားထယ်ဝါစွာနဲ့ တည်ရှိနေတုန်းပါပဲ။

ပိုပြီးသေချာအောင် မြင်ရဖို့ သူ့ရဲ့ ကောင်းကင် စိတ်အာရုံကို ထုတ်လွှတ်ချင်ပေမယ့် သူ့တုန်းဆိုင်းနေခဲ့မိတယ်။

ဘေးပတ်ဝန်ကျင်မှာ ဘယ်သူ့ကိုမှ မတွေ့ရပေမယ့် တောင်ထွတ်ကို စောင့်ကြပ်နေတဲ့ ကျွမ်းကျင်သူတစ်ယောက်ကတော့ ကျိန်းသေ ရှိနေပါလိမ့်မယ်။

“နတ်ဆိုးအိုကြီး၊ အခြေအနေ ဘယ်လိုလဲဆိုတာ သိရအောင် ခင်ဗျားခိုးဝင်ပြီး တိတ်တဆိတ် စစ်ဆေးကြည့်လို့ မရဘူးလား” ရန်ကိုင်က မေးလိုက်တယ်။

“အဲ့နေရာမှသာ အင်မော်တယ် တက်လှမ်းခြင်းအဆင့် တစ်ယောက် ရှိမယ်ဆိုရင် နတ်ဆိုးအိုကြီး အနေနဲ့ ထွက်ပြေးဖို့ အခွင့်အရေး ရှိမှာမဟုတ်ဘူး” နတ်ဆိုးအိုကြီးက ပြန်ပြောလိုက်တယ်။

နတ်ဆိုးအိုကြီးရဲ့ ခွန်အားက အရမ်းကြီး မမြင့်သေးတဲ့အတွက် သူ့ရဲ့ နတ်ဆိုးချီကို အပြည့်အဝ မဖုံးကွယ်နိုင်သေးပါဘူး။ ပြီးတော့ သူ့ပုံစံက အရမ်းသိသာလွန်းပါတယ်။ အနက်ရောင် အငွေ့တွေ ဖုံးအုပ်နေတဲ့ ဝိဥာဉ်ဖျက်စီးခြင်း အရိုးနဲ့ သွားစူးစမ်းရင် အင်မော်တယ် တက်လှမ်းခြင်းအဆင့် တစ်ယောက်ရဲ့ အမြင်အာရုံနဲ့ ကောင်းကင်စိတ်အာရုံကနေ ဘယ်လိုမှ ပြေးလွတ်နိုင်လိမ့်မည် မဟုတ်ပါဘူး။

နည်းလမ်း မရှိတော့ဘူးလား။ တိမ်ဖုံးတောင်ထွတ်ကို ရောက်နေတာ တစ်လရှိသွားပြီ ဆိုပေမယ့် ဒီနေရာကို ဘာရှာဖို့ ရောက်လာရလဲဆိုတာ သူအခုထိ မသိသေးပါဘူး။

“မင်းအဲ့မှာ ရပ်နေစမ်း” သူ့အမူအရာ ခါးခါးသီးသီး ဖြစ်နေတုန်းမှာပဲ မိုးချိန်းသံတမျှ ကျယ်လောင်တဲ့ အသံတစ်သံကို သူကြားလိုက်ရတယ်။

နောက်တစ်ခဏအတွင်းမှာပဲ တောင်ထိပ်ပေါ်ကနေ လူတစ်ယောက် ရန်ကိုင်ရှေ့ကို ဆင်းသက်လာခဲ့ပြီး သူ့ကို အေးစက်စက်အကြည့်နဲ့ စိုက်ကြည့်လိုက်တယ်။

ထိုလူက အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျွမ်းကျင်သူ တစ်ယောက်ဆိုတာ အသေအချာပါပဲ။ ပြီးတော့ သူ့ခွန်အားကလည်း မနိမ့်ကျပါဘူး။ ဆေးဘုရင်တောင်ကြားက တပည့်အများစုက ဆေးပညာရှင်တွေ ဆိုပေမယ့် တိုက်ခိုက်ဖို့နဲ့ ခုခံဖို့အတွက် တာဝန်ရှိတဲ့ ကျွမ်းကျင်သူတွေလည်း ရှိပါသေးတယ်။

“မင်းက ဘယ်တောင်ထွတ်ရဲ့ တပည့်လဲ။ ဆေးသူတော်စင် တောင်ထွတ်ရဲ့ မီတာ၃၀၀၀ ပတ်လည်ကို ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုတာကို မင်းမသိဘူးလား” လူကြီး ဒေါသတကြီး အော်မေးလိုက်တယ်။

ရန်ကိုင်မျက်မှောင်ကြုံ့လိုက်ပြီး သူ့အတွေးတွေ အလျင်အမြန် ပြေးလွှားသွားခဲ့တယ်။

“မင်းဆရာက ဘယ်သူလဲ၊ ဆေးသူတော်စင် တောင်ထွတ်ကို ချဉ်းကပ်တာနဲ့ ဘယ်လိုအကျိုးဆက်တွေကို ရင်ဆိုင်ရမလဲဆိုတာ သူမင်းကို ပြောပြမထားဘူးလား”

ရန်ကိုင်လည်း ရွေးချယ်စရာ မရှိတော့သည့် အဆုံး ပြန်ပြောရုံသာ တတ်နိုင်ပါတော့တယ် “တပည့် စီနီယာကို နှုတ်ဆက်ပါတယ်။ ဒီဂျူနီယာက လူအိုကြီးရှောင်ရဲ့ တိမ်ဖုံးတောင်ထွတ်ကပါ။ ဒီနေရာကို ရောက်လာရတဲ့ အကြောင်းအရင်းက ဆေးပင်တွေ စုဆောင်းချင်လို့ပါ”

“ဂရမ်းမာစတာရှောင်လား” လူကြီးက တစ်ခဏတာလောက် အံ့အားသင့်သွားခဲ့ပြီးနောက် ချက်ချင်း နားလည်သွားခဲ့ကာ “မင်းက လွန်ခဲ့တဲ့တစ်လက တိမ်ဖုံးတောင်ထွတ်ကို ရောက်လာခဲ့တဲ့ လူငယ်လေးမလား”

“ဟုတ်ပါတယ်”

လူအကြီးက ကောင်းကင်စိတ်အာရုံနဲ့ ရန်ကိုင်ကို သေချာစစ်ဆေးလိုက်ပြီးနောက် သူ့မျက်လုံးထဲက အေးစက်မှုတို့ တဖြည်းဖြည်း လျော့ပါးသွားခဲ့တယ်။

ရန်ကိုင်က ခပ်မြန်မြန်ပဲ ထပ်ပြောလိုက်ပါတယ် “ဒီဂျူနီယာက ဆေးပင်တွေ ရှာနေရင်းနဲ့ ဒီနေရာကို မတော်တဆ ရောက်လာခဲ့တာပါ။ ဒီက စီနီယာက ကျွန်တော့်ကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်”

လူကြီးက ခေါင်းညိတ်လိုက်ပြီးနောက် ပြောလိုက်တယ် “မင်းနေရာမှသာ အခြားတပည့်တစ်ယောက်ဆိုရင် နေရာမှာပဲ သတ်ပစ်ခံလိုက်ရပြီ။ ဒါပေမယ့် မင်းက ဆေးဘုရင်တောင်ကြားကို ရောက်တာ သိပ်မကြာသေးဘူးဆိုတော့ ငါမင်းကို ဒီတစ်ကြိမ် ခွင့်လွှတ်ပေးလိုက်မယ်။ နောက်တစ်ကြိမ် အခုလိုမျိုး ထပ်မဖြစ် စေနဲ့တော့”

အကူအညီမဲ့စွာနဲ့ပဲ ထိုနေရာကနေ ရန်ကိုင် ပြန်ထွက်လာလိုက်ရတယ်။

ရန်ကိုင် ထွက်သွားပြီဆိုတာ သေချာသွားတော့မှပဲ ထိုလူကြီးက ဆေးသူတော်စင်တောင်ထွတ်ပေါ်ဆီ ပြန်တက်သွားလိုက်တယ်။

အဝေးတစ်နေရာကို ရောက်တဲ့အခါ ရန်ကိုင် နောက်ပြန်လှည့်ကြည့်လိုက်တယ်။

ထိုနေရာမှ အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက် ရှိနေမှန်း သိသွားပြီးမှတော့ ရန်ကိုင် ဘယ်လိုလုပ်ပြီး စိတ်ဓါတ်မကျပဲ နေပါ့မလဲ။ ဆေးရေကန်နားကိုသာ ကပ်ခွင့်ရမယ်ဆိုရင် အဲ့နေရာမှာ ဘယ်လိုဆန်းကြယ်မှုတွေကို ဖုံးကွယ်ထားလဲဆိုတာ သိနိုင်ပါတယ်။ ဒါပေမယ့် အခုတော့ တောင်ထိပ်နားတောင် ကပ်ခွင့်မရတဲ့အတွက် သူ့အဖို့ သိခွင့်ရဖို့ အခွင့်အရေး မရှိတော့။

စိတ်ဓါတ်ကျကျနဲ့ ပြန်လာတဲ့အချိန် ဒေါင်ချင်းယန် တစ်စုံတစ်ယောက်နဲ့ ငြင်းခုံနေတာကို လှမ်းကြားလိုက်ရတယ်။ ချက်ချင်းပဲ သူ့အရှိန်ကို မြှင့်လိုက်ပြီး ဒေါင်ချင်းယန်အဆီ ပြေးသွားလိုက်တယ်။ သိပ်မကြာခင်မှာပဲ ငြင်းခုံသံတွေကို ပိုပြီး ကြည်လင်ပြတ်သား လာခဲ့ပါတယ်။

“ဒီသံအရိုးမြက်ပင်ရဲ့ ရိုးတံကို ငါအရင်ရှာတွေ့တာလေ။ အဲ့ဒါကို နင့်ဟာလို့ ဘယ်လိုလုပ်ပြီး ပြောနိုင်ရတာလဲ” ဒေါင်ချင်းယန်က မတရား အနိုင်ကျင့်ခံရတဲ့ လေသံနဲ့ ပြောလိုက်တယ်။

နောက်တစ်ယောက်က ချက်ချင်းပဲ ပြန်ပြောလိုက်ပါတယ် “ဂျူနီယာညီမလေးက နောက်နေတာလား။ ဒီဆေးပင်က ဆေးဘုရင်တောင်ကြားရဲ့ ပိုင်ဆိုင်မှုလေ။ အရင်လာတဲ့လူက အရင်ရမှာပဲလေ။ ဂျူနီယာညီမလေး ပြောတဲ့ပုံအရဆို ဒီဆေးဘုရင်တောင်ကြားထဲမှာ ရှိတဲ့ ဆေးပင်တွေ အကုန်လုံးက ငါတို့ဟာတွေ ဖြစ်ကုန်မှာပေါ့။ ဘာလို့လဲဆိုတော့ ငါတို့က ဒီကို အရင်ရောက်ပြီး အရင်စောတွေ့ထားတာမို့လို့လေ။ တကယ်တော့ ငါတို့က ဒီမှာ ငယ်ငယ်လေးကတည်းက နေလာတာလေ”

“ဘယ်သူက နင့်ရဲ့ ဂျူနီယာညီမလေးလဲ” ဒေါင်ချင်းယန်က ဒေါသတကြီး ပြန်ပြောလိုက်တယ် “ငါက ဂရမ်းမာစတာရှောင်ရဲ့ တပည့်ပဲ။ ဝါစဉ်အရဆိုရင် နင်တို့အားလုံးက ငါ့ကို စီနီယာလို့ ခေါ်ရမှာ”

ထိုစကားကို ကြားလိုက်တာနဲ့ ဆေးဘုရင်တောင်ကြား တပည့်သုံးယောက်လုံး ဘယ်လို ပြန်ပြောလို့ ပြောရမှန်း မသိတော့ပါဘူး။

“ဘာလဲ၊ တူလေးတွေက နင့်အန်တီဆီကနေ ပစ္စည်းတွေကို လုယူချင်တာလား” ဒေါင်ချင်းယန်က အောင်ပွဲသူမလက်ထဲ ရောက်နေသည့် ဟန်ပန်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။

“အန်တီ…” တပည့်သုံးယောက်က မကျေမနပ်နဲ့ ရေရွတ်လိုက်တယ် “နင်က ဂရမ်းမာစတာရှောင်ရဲ့ စမ်းသပ်မှုကို ကံကောင်းလို့ အောင်သွားပြီးတော့ တိမ်ဖုံးတောင်ထွတ်ဆီ ဝင်ခွင့်ရခဲ့တာ။ ဂရမ်းမာစတာရှောင်သာ အဲ့အဆိပ်ဆေးလုံးကို ငါ့ကို စမ်းသပ်ခွင့် ပေးခဲ့မယ်ဆိုရင် ငါလည်း အောင်မှာ ကျိန်းသေပဲ”

“ဟန့်” ဒေါင်ချင်းယန်က မျက်မှောင်ကြုံ့လိုက်ပြီး လှောင်ပြောင်လိုတဲ့ လေသံနဲ့ “အဲ့အကြောင်းတွေ ပြောနေတာ အသုံးမဝင်ဘူး။ ဒီအန်တီရဲ့ ဆေးပင်တွေကကို လိမ်လိမ်မာမာနဲ့သာ ပေးလိုက်စမ်းပါ။ မဟုတ်ရင်ဆတာ့ နင်တို့အားလုံး ငါ့ကို ရည်ရွယ်ချက်ရှိရှိ ရန်စပြီးတော့ စီနီယာတွေကို လေးစားမှုမရှိဘူးလို့ ဆရာနဲ့ ပြန်ပြောပစ်မယ်”

ထိုစကားနေရာ ရောက်တာနဲ့ ဒေါင်ချင်းယန်ရဲ့ လေသံက ပိုပြီးပြတ်သားလာခဲ့တယ်။

ဆေးဘုရင်တောင်ကြား တပည့်သုံးယောက်၏ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့လေပြီ။ အခုအဖြစ်အပျက်သာ ပြန်တိုင်ကြားခြင်း ခံရမယ်ဆိုရင် သူတို့ ဆေးဘုရင်တောင်ကြားမှာ ဆက်ပြီးနေလို့ ရလိမ့်တော့မှာ မဟုတ်ပါဘူး။ ပြီးတော့ တိမ်ဖုံးတောင်ထွတ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေက တော်တော်လေး လျော့ရဲပါတယ်။

ပိုပြီးသေသေချာချာ ပြောရမယ်ဆိုရင်တော့ တိမ်ဖုံးတောင်ထွတ်မှာ စည်းမျဉ်းကို မရှိတာပါ။ တိမ်ဖုံးတောင်ထွတ်ဆိုတာ စည်းမျဉ်းစည်းကမ်းတွေနဲ့ အုပ်ချုပ်တဲ့ အခြားတောင်ထွတ်တွေနဲ့ ကွဲပြားစွာပဲ လုံးဝကို လွတ်လပ်တဲ့ တည်ရှိမှုတစ်ခုပါ။ ထို့ကြောင့် သူတို့ဆရာရဲ့ ဂုဏ်သိက္ခာနဲ့ လွှမ်းမိုးမှုအရ သူတို့သာ မှားယွင်းပါတယ်လို့ ဝန်ခံလိုက်ရင် မှားယွင်းသွားတယ်ဆိုပြီး ကိစ္စတွေက ပြီးပြတ်သွားပါပြီ။

ဒါပေမယ့် နောက်ဆုံးတော့လည်း သူတို့အားလုံးက ဒေါင်ချင်းယန်ထက် အသက်ကြီးပြီး ယောကျာ်းမာနဆိုတာ ရှိပါသေးတယ်။ ထို့ကြောင့် သူတို့ထက်ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်လိုလုပ်ပြီး လိုလိုလားလားနဲ့ ဦးညွှတ်ချင်ပါ့မလဲ။

အဖွဲ့ခေါင်းဆောင်ရဲ့ မျက်လုံးက ရုတ်တရက် တောက်ပသွားခဲ့ပြီး တစ်ခုခုကို စဉ်းစားမိပုံရကာ သူ့မျက်နှာက အပြုံးကြီး ပြုံးသွားခဲ့ပါတယ်။ ထို့နောက် ဒေါင်ချင်းယန်အား “လေးစားရပါသောအန်တီ၊ အန်တီက တိမ်ဖုံးတောင်ထွတ်ဆီ ဝင်ခွင့်ရမှတော့ အန်တီက ဆေးပညာမှာ ဂျီးနီးယပ်တစ်ယောက်ပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား”

“ဟုတ်တာပေါ့” ဒေါင်ချင်းယန်က ဂုဏ်ယူစွာနဲ့ ချက်ချင်း ထောက်ခံလိုက်တယ်။ သူမက ငယ်ငယ်လေးကတည်း ဆေးပညာကို ဝါသနာပါခဲ့တာပါ။ သူမအလှကို ချီးကျူးတာထက် သူမရဲ့ ဆေးပညာပါရမီကို ချီးကျူးတာကို သူမပိုပြီး သဘောကျပါတယ်။ ထို့ကြောင့် အဖွဲ့ခေါင်းဆောင်ရဲ့ ချီးကျူးစကားကို ကြားလိုက်တဲ့အချိန် ဒေါင်ချင်းယန်လည်း အလိုလို မာန်တက်မိသွားခဲ့တယ်။

“လေးစားရပါသော အန်တီက သံအရိုးမြက်ကို ရှာနေတာမလား” အဖွဲ့ခေါင်းဆောင်က ထပ်မေးလိုက်တယ်။

“အင်း”

“အခုလောလောဆယ် ဆေးဘုရင်တောင်ကြားမှာ သံအရိုးမြက် များများစားစား မရှိဘူး။ လေးစားရပါသော အန်တီက သံအရိုးမြက်ရိုးတံ ဘယ်လောက်များများ စုဆောင်းပြီးပြီလဲဆိုတာ ကျွန်တော် တစ်ချက်လောက် သိလို့ရမလား”

“ငါက ရိုးတံ၁၀ခု လိုအပ်တာ၊ ဒါပေမယ့် အခုထိ ရိုးတံ ၂ခုပဲ ရှာတွေ့သေးတယ်”

“အို၊ ဘယ်လောက်တောင် တိုက်ခိုက်လိုက်တာပါလိမ့်။ ကျွန်တော်တို့ဆီမှာက သံအရိုးမြက် ရိုးတံ တော်တော်များများ စုဆောင်းမိထားတယ်။ အဲ့ဒါက လေးစားရပါသော အန်တီကို ကျေနပ်စေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်”

“အဲ့တော့ နင်က အဲ့ရိုးတံတွေကို ငါ့ကိုပေးမယ်ပေါ့” ဒေါင်ချင်းယန်က ချက်ချင်းပဲ တောက်ပစွာ ပြုံးလိုက်ပါတယ်။ ရုတ်တရက် ထိုတူလေးတွေက ထင်သလောက် အမြင်ကတ်စရာ မကောင်းတော့ဘူးလို့ သူမခံစားလိုက်ရတယ်။

အဖွဲ့ခေါင်းဆောင်က အပြုံးကြီး ပြုံးလိုက်ပြီး “ထိုရိုးတံတွေ အားလုံးကို အန်တီဆီ ပေးဖို့က ပုံမှန်အတိုင်း ဆိုရင်တော့ မဖြစ်နိုင်ဘူး… ဒါပေမယ့် ကျွန်တော်က အဲ့ရိုးတံတွေကို ပြိုင်ပွဲတစ်ခုရဲ့ လောင်းကြေးအဖြစ် အသုံးပြုချင်တယ်။ နည်းနည်းလောက် လက်ရည်ဖလှယ် ကြတာပေါ့။ လေးစားရပါသော အန်တီသာ နိုင်မယ်ဆိုရင် ထိုရိုးတံအားလုံးကို ပေးမယ့်အပြင် လေးစားရပါသော အန်တီရှေ့မှာ စုဆောင်းထားမိခဲ့တဲ့ ဆေးပင်တွေ အားလုံးကိုလည်း ပေးမယ်။ ဘယ်လိုလဲ လေးစားရပါသော အန်တီက ယှဉ်ပြိုင်ကြည့်ဖို့ စိတ်ဝင်စားလား”

ထိုစိတ်ခေါ်မှုကို ကြားလိုက်တာနဲ့ ဒေါင်ချင်းယန်က မျက်မှောင်လေး ကြုံ့လိုက်ပြီး နှုတ်ခမ်းလေးကို ကိုက်လိုက်ပါတယ်။

အဲ့အချိန်မှာပဲ ရန်ကိုင် အသံက ဘေးဘက်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ် “မင်းတို့က လက်ရည်ဖလှယ် ချင်နေမှတော့ ငါကလည်း လက်ခံပေးရတာပေါ့”

“သက်တော်စောင့်ရန်” ဒေါင်ချင်းယန်၏ အမူအရာ နောက်တစ်ကြိမ် ပြန်လည်တောက်ပလာခဲ့ပြီး ရန်ကိုင်ကို ပြုံးပြရင်း လက်ဝှေ့ရမ်းပြလိုက်တယ်။

ရန်ကိုင်ပုံရိပ်က လက်ကနဲ ပျောက်သွားခဲ့ပြီးနောက် ဒေါင်ချင်းယန်ရှေ့တွင် ချက်ချင်း ပြန်ပေါ်လာခဲ့တယ်။ ထို့နောက် ဆေးဘုရင်တောင်ကြား တပည့်သုံးယောက်ကို လှည့်ကြည့်လိုက်ပြီး “မင်းတို့က လက်ရည်ဖလှယ်ချင်တယ်ပေါ့”

“အဲ့ဒါကသူပဲ။ ဂရမ်းမာစတာရှောင်ရဲ့ စမ်းသပ်မှုကို အောင်မြင်ခဲ့တဲ့ နောက်ထပ်တပည့် တစ်ယောက်ပဲ။ သူလည်း တိမ်ဖုံးတောင်ထွတ်ရဲ့ တပည့်တစ်ယောက်ပဲ” ဆေးဘုရင်တောင်ကြား တပည့်သုံးယောက်ထဲက တစ်ယောက်က အော်ပြောလိုက်တယ်။ သူ့မျက်နှာက မနာလိုမှုတို့ဖြင့် ပြည့်နေခဲ့ပြီး ရန်ကိုင် နေရာကို လုယူချင်နေတာ တစ်ပိုင်းသေနေတဲ့ ပုံပါပဲ။

ရန်ကိုင်ရဲ့ မောက်မောက်မာမာ ပြုမူ ပြောဆိုပုံက ဆေးဘုရင်တောင်ကြား တပည့်သုံးယောက်ကို ဒေါသထွက်သွားစေခဲ့တယ်။ ထို့ကြောင့် အဖွဲ့ခေါင်းဆောင်က ချက်ချင်းပဲ ပြန်ပြီး အော်ပြောလိုက်တယ် “ကောင်းတယ်။ မင်းက တောင်းဆိုနေမှတော့ ငါ့အရည်အချင်းကို မင်းကို ပြရသေးတာပေါ့”

“ခဏနေဦး” ရန်ကိုင်က သူ့လက်ကို မြှောက်ပြီး မေးလိုက်တယ် “သံအရိုးမြက်ရဲ့ ရိုးတံကို လောင်းကြေးစားကြေး ထပ်မယ်လို့ မင်းတို့ ပြောခဲ့တယ်လေ။ အဲ့ဒါကော အကျုံးဝင်သေးရဲ့လား”

“ဝင်တာပေါ့၊ ဘာလို့မဝင်ရမှာလဲ”

“အဲ့လိုမှ ကောင်းတာ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “မင်းတို့ သုံးယောက်စလုံး တစ်ပြိုင်တည်းလာခဲ့”

ရန်ကိုင် စကားကြောင့် တပည့်သုံးယောက်စလုံး ကြက်သေသေသွားခဲ့ရလေပြီ။ တစ်ယောက်ချင်းစီက ကျန်တဲ့နှစ်ယောက်ဆီကို ဇဝေဇဝါအကြည့်တွေနဲ့ ကြည့်လိုက်ကြတယ်။

“ကျေးဇူးပြုပြီး ငါ့ကိုသင်ပြပေးပါဦး” ရန်ကိုင် အသံက မပျောက်သေးခင်မှာပဲ သူ့ကိုယ်ကတော့ အားလုံးရဲ့ မြင်ကွင်းကနေ ပျောက်သွားခဲ့ပါပြီ။ တပည့်သုံးယောက်က ရန်ကိုင်ပုံရိပ် တစ်စွန်းတစ်စကိုသာ မြင်တွေ့လိုက်ရပြီး နောက်မှာတော့ ချက်ချင်းပဲ လွင့်ပျံထွက်သွားခဲ့ရပါတယ်။ မျက်တောင်တစ်ခတ် အတွင်းမှာပဲ ဆေးဘုရင်တောင်ကြား တပည့်သုံးယောက်က မြေကြီးပေါ်တွင် အော်ဟစ်ညီးတွားရင်း တွားသွားနေကြရနေလေပြီ။

“အားနည်းလိုက်တာ” ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး ထိုသုံးယောက်ကို သံသယအကြည့်နဲ့ ကြည့်လိုက်တယ်။

ထိုသုံးယောက်က ရမ်းရမ်းကားကား ပြုမူနေရဲတော့ အရည်အချင်းလေး နည်းနည်းပါးပါး ရှိမယ် ထင်ထားပါတယ်၊ တကယ်လည်း တိုက်ရော သူ့ရဲ့တစ်ကွက်ကိုတောင် မခံနိုင်ခဲ့ပါဘူး။ ပြီးတော့ သူရဲ့တိုက်ကွက်ကလည်း သူတို့ရဲ့ ခွန်အားကို စမ်းသပ်ရုံလောက်ပဲ ထုတ်သုံးခဲ့တာပါ။ စမ်းသပ်တာမို့ သူ့ ခွန်အား တစ်ဝက်လောက်ကို ထိန်ချန်ထားပါသေးတယ်။

“မင်း… မင်းဘာလို့ ငါတို့ကို ရုတ်တရက် ထတိုက်ရတာလဲ” ဆေးဘုရင်တောင်ကြား တပည့်သုံးယောက်ထဲက တစ်ယောက်က ရန်ကိုင်ကို တုန်တုန်ရီရီနဲ့ လက်ညိုးထိုးလိုက်ရင်း ဒေါသတကြီး အော်မေးလိုက်တယ်။

“ဘာမဟုတ်တာတွေ လာပြောနေတာလဲ” ရန်ကိုင်က လှောင်ပြောင်လိုက်တယ်။ လက်ရည်ဖလှယ်တာကို ဘယ်လိုလုပ်ပြီး ရုတ်တရက် ထတိုက်ခိုက်တာတွေ လာပြောနေရတာလဲ။

ထိုသုံးယောက်နဲ့ ဆက်ပြီး လေကြောမရှည်ချင်တော့တဲ့ အတွက် ရန်ကိုင်က ထိုသုံးယောက်ဆီ သွားလိုက်ပြီး သူတို့ရဲ့ ဆေးခြင်းတောင်းတွေထဲ သံအရိုးမြက်ပင်တွေ အားလုံးကို သူ့ခြင်းတောင်းထဲ ပြောင်းထည့်လိုက်တယ်။

“သက်တော်စောင့်ရန်၊ သွားကြစို့” ဒေါင်ချင်းယန် မျက်နှာဟာဆိုရင်ဖြင့် ရဲရဲနီလို့ နေခဲ့ပါတယ်။ ချက်ချင်းပဲ ရန်ကိုင် လက်မောင်းကို ဆွဲကိုင်ပြီး တိမ်းဖုံးတောင်ထွတ်ဆီ ပြေးပါတော့တယ်။

“မင်းဘယ်လိုလုပ်ပြီး ငါတို့ကို လှည့်စားရဲတာလဲ” မလိုလားမှုတို့ဖြင့် ပြည့်နေတဲ့ အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့တယ် “ဒီအကြောင်းကို ဂရမ်းမာစတာရှောင်ဆီ ပြန်ပြောပြီး သူတို့ကို အပြစ်ပေးခိုင်းရမယ်”

“သူတို့တွေက ဘာဖြစ်နေတာလဲ” ရန်ကိုင်က မျက်မှောင်ကြုံလိုက်ပြီး “သူတို့ပဲ လက်ရည်ဖလှယ်ချင်တာ မဟုတ်ဘူးလား။ သူတို့ရှုံးတော့မှာ ဘာလို့ တအီအီ အော်နေတာလဲ မသိဘူး။ အဲ့လောက် အားနည်းတာကိုပဲ အပြစ်ပြန်တင်သင့်တာကို၊ ဒီအရူးတွေကွာ”

ရန်ကိုင် စကားသံကို ကြားလိုက်တာနဲ့ ဒေါင်ချင်းယန်၏ မျက်နှာက ပိုပြီး နီရဲလာခဲ့ပါတယ်။

“ဘာလို့ ငါတို့ထွက်ပြေးလာရတာလဲ။ သံအရိုးမြက်တွေက သူတို့ လောင်းကြေးထပ်ထားတာလေ။ ငါတို့က လောင်းကြေးနိုင်ပြီး ရလာတာလေ။ သူတို့ဆီက လုယူပြီး ရလာတာမှ မဟုတ်တာ။ အားလုံးက မျှမျှတတနဲ့ ရလာတာပဲလေ”

“တော်ပေတော့၊ နင်သာ ဆက်ပြောနေရင် ငါမျက်နှာထားစရာ နေရာရှိတော့မှာ မဟုတ်ဘူး”

Martial Peak

အပိုင်း(၂၇၇) အဲ့လိုမဟုတ်ပါဘူး

နေ့တစ်ဝက်လောက် ကြာအောင် ပြေးပြီးနောက် တိမ်ဖုံးတောင်ထွတ်ဆီ ပြန်ရောက်တော့မှပဲ သူတို့ ပြေးတဲ့အရှိန်ကို လျှော့လိုက်ပါတယ်။ ရန်ကိုင်ကို ဒေါင်ချင်းယန်ကို သံသယအကြည့်နဲ့ ကြည့်လိုက်ပြီး သူမဘာလို့ ရှက်သွေးဖြာနေလဲဆိုတာ သူနားမလည် နိုင်အောင် ဖြစ်နေခဲ့ရပါတယ်။

“နင်ဘာလို့ အဲ့လိုလုပ်ခဲ့တာလဲ” ရန်ကိုင် မျက်မှောင်ကြုံ့လိုက်တယ်။

ဒေါင်ချင်းယန်က ရန်ကိုင်ကို ပြန်စိုက်ကြည့်လိုက်ပေမယ့် သူမကို သူမတည်ငြိမ်အောင် အရင်လုပ်လိုက်ပြီးမှပဲ သေချာရှင်းပြလိုက်တယ် “ဝမ်းကွဲ၊ နင်က အရမ်းရူးတာပဲနော်။ ဆေးပညာရှင်တွေ လက်ရည်ဖလှယ်မယ်လို့ ပြောတာက ဆေးပညာမှာ ယှဉ်ပြိုင်တာကို ပြောတာ။ ဆေးလုံးအများဆုံ ရအောင် ဆေးသန့်စင်နိုင်တဲ့လူ၊ ဒါမှမဟုတ် အရည်အသွေး အမြင့်ဆုံး ဆေးလုံးကို ဖော်စပ်နိုင်တဲ့လူမှပဲ နိုင်တာ။ အဲ့လိုမဟုတ်…”

ပြောနေရင်း သူမရဲ့ လက်သီးလေးတွေကို မြှောက်ကာ ဝှေ့ရမ်းလိုက်ပြီး “အဲ့လိုမျိုး မဟုတ်ဘူး”

ရန်ကိုင် ကြက်သေသေသွားခဲ့တယ်။ သူ့မျက်နှာတစ်ခုလုံး တစ်မုဟုတ်ချည်း နီရဲသွားခဲ့ပြီး တိုးတိုးလေး ရေရွတ်လိုက်တယ် “သူတို့က အဲ့အကြောင်းမှ မပြောခဲ့တာ။ ငါက ဘယ်လိုလုပ်ပြီး သိပါ့မလဲ”

ဒေါင်ချင်းယန်က လှောင်ပြုံးပြုံးလိုက်ပြီး “အဲ့အကြောင်းကို ဆေးပညာရှင်တိုင်း သိတယ်… ကံကောင်းစွာနဲ့ပဲ နင်အားကုန် မသုံးလိုက်တာ ကံကောင်းတယ်။ နင်သာ သူတို့ကို တကယ်ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့မယ်ဆိုရင် အကျိုးဆက် သေးမှာတော့ မဟုတ်ဘူး”

ရှင်းပြပြီးတာနဲ့ ဒေါင်ချင်းယန်က သူမ၏ နဖူးလေးကို ကူကယ်ရာမဲ့စွာနဲ့ ပွတ်လိုက်ပြီး “လုံလောက်ပြီ။ သိုင်းပညာလမ်းစဉ်ကို လိုက်စားတဲ့ ကျင့်ကြံသူတွေ အားလုံးက တိုက်ခိုက်ဖို့ပဲ သိတဲ့ ကြွက်သားခေါင်းနဲ့ လူတွေသာသာပဲ”

ရန်ကိုင် အလွန်အမင်း ရှက်သွားခဲ့တယ်။ ထိုတပည့်တွေက သူလက်ရည်ဖလှယ်ဖို့ လက်ခံလိုက်တုန်းက သူ့ကို အရူးတစ်ယောက်လို ဘာလို့ကြည့်နေလဲဆိုတာ အခုမှပဲ ရန်ကိုင် နားလည်သွားတော့တယ်။

သူတို့တွေက ရန်ကိုင်က သူတို့နဲ့ ဆေးပညာယှဉ်ပြိုင်တော့မယ်လို့ တွေးနေတာကိုး…

ဒီတော့ သူတို့ အရိုက်ခံလိုက်ရတာက အလကားသက်သက် အရိုက်ခံလိုက်ရတာ ဖြစ်သွားတာပေါ့။ အရိုက်လည်း ခံရသေး၊ ပစ္စည်းတွေလည်း ပါသွားသေး။ သူတို့တွေ အကုန်လုံး ရန်ကိုင်ကို တော်တော်လေး နားကျည်းနေမှာ အသေအချာပါပဲ။

တိမ်ဖုံးတောင်ထွတ်ဆီ ရောက်တာနဲ့ သူတို့စုဆောင်းခဲ့တဲ့ ဆေးပင်တွေကို အမျိုးသမီးနှစ်ယောက်ဆီ ပေးလိုက်ပြီး သူတို့အတွက် ပြင်ဆင်ပေးထားတဲ့ အစားအစာတွေကို စားလိုက်ပါတယ်။ ပြီးတာနဲ့ ကိုယ့်အိမ်ကိုယ် ပြန်သွားကြပါတယ်။

နောက်တစ်နေ့ သူ့အခန်းကနေ မထွက်ရသေးခင်မှာပဲ ပြင်းလှတဲ့ ဆေးရနံ့ကို သူရလိုက်တယ်။ ထိုဆေးရနံ့ကို သူရလိုက်တာနဲ့ သူ့တစ်ကိုယ်လုံးကို တည်ငြိမ်အေးချမ်းတဲ့ ခံစားမှုတစ်ခုက ဖုံးအုပ်သွားခဲ့တယ်။

သိချင်တာနဲ့ပဲ ရန်ကိုင်လည်း တံခါးဖွင့်ပြီး ဆေးရနံ့ထွက်ပေါ်ရာ အနားရှိ အိမ်လေးဆီ သွားလိုက်ပါတယ်။

ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်တဲ့အချိန် သူနဲ့သိပ်မဝေးတဲ့ တစ်နေရာမှာ အခန်းတစ်စုံကို တွေ့လိုက်ရပါတယ်။ အခန်းတစ်ခန်းစီမှာ အိုးကြီးတစ်လုံးစီ ရှိနေခဲ့ပြီး အိုးကြီးထဲမှာတော့ ဆေးမျိုးစုံကို ရောထားတဲ့ အရောအနှောတွေ ရှိနေခဲ့ပါတယ်။ အိုးတစ်လုံးစီနားမှား အမျိုးသမီးတစ်ယောက်စီ ရှိနေပါတယ်။ သူတို့တွေက အိုးကိုမွှေလိုက်၊ မီးကို ယပ်ခပ်လိုက် လုပ်နေခဲ့ကာ သူတို့နဖူးတွေကတော့ ချွေးသီးတွေနဲ့ စိုရွဲလို့ နေခဲ့ပါတယ်။

“ဆရာက အဲ့ဒါတွေကို ဆေးဖော်စပ်ဖို့ သုံးမှားလား” ဒေါင်ချင်းယန်လည်း အိမ်ထဲကနေ ထွက်လာပြီး ဘေးပတ်ပတ်လည်ကို လိုက်ကြည့်နေခဲ့တယ်။ သူမမျက်လုံးတွေဆို တလက်လက် တောက်ပနေခဲ့ပြီး စိတ်လှုပ်ရှားမှု အရိပ်အယောင်ကို သူမမျက်လုံးထဲ အထင်းသား မြင်တွေ့နိုင်ပါတယ်။

ရန်ကိုင်လည်း ဘေးကနေ တစ်ခဏလောက် ကြည့်နေပြီးနောက် မေးလိုက်တယ် “ကျွန်တော်တို့ ကူညီရဦးမလား”

ထိုစကားကို ကြားလိုက်တာနဲ့ ဒေါ်လေးရှန်က ထိုင်နေရာကနေ မတ်တပ်ရပ်လိုက်ပြီး ရန်ကိုင်နဲ့ ဒေါင်ချင်းယန်ကို ပြုံးကာ ကြည့်လိုက်ရင်း ခေါင်းညိတ်လိုက်တယ် “ကျေးဇူးပြုပြီးတော့”

ရန်ကိုင်က ခပ်မြန်မြန်ပဲ သူ့လက်မောင်း အဝတ်စကို လိပ်တင်လိုက်ပြီး မေးလိုက်တယ် “ကျွန်တော်တို့ ဘာလုပ်ရမှာလဲ”

ဒါမေပယ့် ဒေါ်လေးရှန်က ရိုးရိုးရှင်းရှင်းလေးသာ ပြန်ပြုံးပြပြီး “အခုတော့ ဘာမှလုပ်စရာ မလိုသေးဘူး။ ငါတို့က နင်တို့နှစ်ယောက်အတွက် ဆေးနှစ်အိုး ပြင်ဆင်နေတာ။ အဲ့ဆေးအိုးနှစ်အိုးက ညကတည်းက အခုလိုမျိုး ဆူပွက်နေတာဆိုတော့ အဆင့်သင့်ဖြစ်ဖို့ သိပ်မကြာတော့ဘူး”

“ကျွန်တော်တို့အတွက် ပြင်ထားတာလား” ရန်ကိုင် အံ့အားသင့်သွားရပါပြီ။

ဒေါ်လေးလန်က ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်။ လွန်ခဲ့တဲ့လ အတောအတွင်း လူအိုကြီးရှောင်က ဆေးအိုးနှစ်အိုးထဲမှာပါတဲ့ ဆေးအမယ်တွေကို အဖြေထုတ်စဉ်းစား နေခဲ့တာ။ နင်တို့ မနေ့က စုဆောင်းခဲ့တဲ့ ဆေးပင်တွေလည်း ဒီဆေးအိုးထဲမှာ ပါတယ်”

“ကျွန်တော်လည်း ပါတာလား” ရန်ကိုင် ထိသွားခဲ့ရပါပြီ။ လူအိုကြီးရှောင်က ဒေါင်ချင်းယန်အတွက် အခုလို ဆေးအိုးမျိုး ပြင်ဆင်ပေးတာကို ရန်ကိုင် နားလည်နိုင်ပါတယ်။ တကယ်တော့ လူအိုကြီးရှောင်က ဒေါင်ချင်းယန်ရဲ့ ဆရာလေ။ ဒေါင်ချင်းယန်က သူ့ရဲ့ အမွေအနှစ်ကို ဆက်ခံမယ့်သူလေ။ ဒါပေမယ့် သူအတွက်လည်း ပါတယ်ဆိုတာကတော့ ရန်ကိုင် မမျှော်လင့်ထားတဲ့ အရာပါ။

ဒါပေမယ့် အံ့အားသင့်စွာပဲ ဒေါ်လေးရှန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်တယ် “နင်က တိမ်ဖုံးတောင်ထွတ်ဆီ ရောက်လာမှတော့ ငါတို့ရဲ့လူပဲလေ။ နင်တို့နှစ်ယောက် တစ်ခုခု အရင်စားထားသင့်တယ်။ ပြီးတာနဲ့ ပြင်ဆင်ပြီး ဒီနေရာဆီ တစ်နာရီအတွင်း ပြန်လာခဲ့”

ရန်ကိုင် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့တယ်။ သူ့မျက်ဝန်းတွေကတော့ ကျေးဇူးတင်သည့် အရိပ်အယောင်တို့ဖြင့် လက်နေခဲ့ပါတယ်။

ဒေါင်ချင်းယန်နဲ့ သူ့ရဲ့ မနက်စာက မီးဖိုချောင်ထဲမှာ ပြင်ဆင်ပြီးသွားပါပြီ။ မနက်စာစားနေရင်း ဒေါ်လေးရှန်နဲ့ ဒေါ်လေးလန်တို့ လုပ်နေတာကို ထိုင်ကြည့်နေခဲ့ပါတယ်။ သူ့နှလုံးသားကတော့ နွေးထွေးမှုတို့ဖြင့် ပြည့်လို့ပေါ့။

ထိုနွေးထွေးပြီး ပျော်ရွှင်ဖွယ် ခံစားချက်ကို သူ့ဘဝတစ်လျှောက်လုံး တစ်ခါမှ မခံစားမိခဲ့ဖူးပါဘူး။

တစ်နာရီကြာပြီးနောက် ရန်ကိုင်နှင့်ဒေါင်ချင်းယန်တို့ သူ့တို့ဝင်ရမယ့် အခန်းအသီးသီးဆီ ဝင်သွားလိုက်ကြတယ်။ ဒေါ်လေးရှန်က သူ့အခန်းကို ကြီးကြပ်ရတဲ့သူပါ။ သူမရဲ့ ညွှန်ကြားမှု အောက်မှာပဲ ရန်ကိုင်က သူ့အဝတ်စားတွေကို ချွတ်ချလိုက်ပြီး အောက်ခံဘောင်းဘီလေး တစ်ထည်နှင့် ရေချိုးကန်ထဲကို ခုန်ချလိုက်တယ်။

တိမ်ဖုံးတောင်ထွတ်မှာ ရှိနေတဲ့ ထိုအမျိုးသမီး နှစ်ယောက်ကို သူတော်တော်လေး လေးစားပါတယ်။

ထိုအမျိုးသမီး နှစ်ယောက်က သူမတို့ရဲ့ အနှစ်၂၀ကျော်သက်တမ်းကို တိမ်ဖုံးတောင်ထွတ်မှာပဲ ကုန်ဆုံးခဲ့တာပါ။ သူမတို့ရဲ့ အလှပဆုံး၊ အတက်ကြွဆုံး အချိန်တွေကိုလည်း တိမ်ဖုံးတောင်ထွတ်ဆီမှာပဲ ကုန်ဆုံးခဲ့တာပါ။ ဒါပေမယ့် ကမ္ဘာကြီးက တိမ်ဖုံးတောင်ထွတ် ဆိုတာကို ကြားလိုက်တာနဲ့ ရှောင်ဖူချန်းကို ပြေးမြင်ကြပါတယ်။ ထိုအမျိုးသမီး နှစ်ယောက်ကို ဘယ်သူမှ စိတ်မဝင်စားကြပါဘူး။

ရန်ကိုင်တောင် တိမ်ဖုံးတောင်ထွတ်၌ တစ်လကျော်နေပြီး သူ့ရဲ့ ဝေယျာဝစ္စကိစ္စ အဝဝကို ထိုအမျိုးသမီး နှစ်ယောက်က အမြဲစီမံပေးခဲ့တာတောင် သူမတို့နှစ်ယောက်က ဒေါ်လေးလန်နဲ့ ဒေါ်လေးရှန် ဆိုတာပဲ သိပါတယ်။ သူမတို့ရဲ့ နာမည်အပြည့်အစုံကိုတောင် မသိပါဘူး။

“ဒေါ်လေးရှန်၊ ကျွန်တော်အခု ဘာလုပ်ရမလဲ” ရန်ကိုင်က သူ့ဘေးပတ်ဝန်းကျင်က နွေးထွေးမှုနှင့် သက်သောင့်သက်သာ ရှိမှုကို ခံစားမိလိုက်တာနဲ့ မနေနိုင်ပဲ မေးမိလိုက်တယ်။

“လူအိုကြီးရှောင် ပေးထားတဲ့ လျှို့ဝှက်ကျင့်စဉ်ကို လှည့်ပတ်လိုက်။ အဲ့ကျင့်စဉ်က ဒီဆေးရေကန်ထဲ ဆေးစွမ်းအင်ကို စုပ်ယူနိုင်ဖို့အတွက်ပဲ သုံးတာ၊ အခြားအသုံးဝင်တဲ့ နေရာမရှိဘူး။ ဒီဆေးရေကန်ထဲ ဆေးပင်တွေကို စုဆောင်ဖို့ လူအိုကြီးရှောင်က တော်တော်လေး အားစိုက်ထုတ်ခဲ့ရတယ်။ အဲ့တော့ ဆေးရေကန်ထဲ ဆေးစွမ်းအင်တွေကို နည်းနည်းလေးတောင် အလဟဿ မဖြစ်အောင် နင်သေချာ ဂရုစိုက်ရမယ်။ အဲ့လိုမှပဲ လူအိုကြီးရှောင်ရဲ့ ကြင်နာမှုကို တန်ဖိုးထားရာ ရောက်မှာ”

“ကျွန်တော် နားလည်ပါတယ်” ပြောပြီးတာနဲ့ ရန်ကိုင်က မျက်လုံးပိတ်လိုက်ပြီး အမည်မသိ လျှို့ဝှက်ကျင့်စဉ်ကို စတင်လှည့်ပတ်ပါတော့တယ်။

ထိုကျင့်စဉ်ကို လှည့်ပတ်လိုက်တာနဲ့ သူ့တစ်ကိုယ်လုံး မှာရှိတဲ့ သန်းပေါင်းများစွာသော အပေါက်ငယ်လေးတွေ ပွင့်သွား ကန်ထဲရှိ ဆေးစွမ်းအင်တွေ သူ့ကိုယ်ထဲ တစ်ဟုန်ထိုး ဝင်လာတာကို ရန်ကိုင် ခံစားမိလိုက်တယ်။

သူ့တစ်ကိုယ်လုံး ထိုခံစားမှုကို မခံစားမိတဲ့ နေရာမရှိပါဘူး။

ရန်ကိုင် အလိုလို မျက်မှောင်ကြုံ့မိလိုက်ပြီး သူ့ကိုယ်ကလည်း အနည်းငယ် တုန်ရင်သွားခဲ့တယ်။ အခြားတစ်ဖက်မှာတော့ အခြားတစ်ခန်းမှာရှိတဲ့ ဒေါင်ချင်းယန်က ထအော်ပါတော့တယ်။

တကယ်တော့ ဒေါင်ချင်းယန်က မိသားစုက အလိုလိုက်ခံရပြီး ကြီးပြင်းလာတဲ့ မိန်းမငယ်လေး တစ်ယောက်သာသာပါပဲလေ။ ရန်ကိုင်လိုမျိုး အခက်အခဲမျိုးစုံကို ကြုံတွေ့ခဲ့ရတာမှ မဟုတ်တာ။ ဒေါ်လေးရှန်က ရန်ကိုင် တုန့်ပြန်မှုကို စစ်ဆေးနေတဲ့အချိန် သူမမျက်လုံး လှလှလေးတွေက အထင်ကြီးသည့် အရိပ်အယောင်တို့ဖြင့် လက်သွားခဲ့ပါတယ်။

ဆေးရေကန်ထဲက ဆေးစွမ်းအင်တွေက တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ ကျင့်ကြံခြင်း အရည်အချင်းပေါ် အရမ်းကို အကျိုးသက်ရောက်မှု ရှိတယ်လို့ လူအိုကြီးရှောင်က သူတို့ကို အရင်တုန်းက ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ဆေးစွမ်းအင်ရဲ့ အကျိုးကျေးဇူးကို မခံစားရသေးခင် လူမဆန်သည့် နာကျင်မှုကို အရင်ဆုံး ခံစားရမှာပါ။

ရန်ကိုင်နဲ့ ဒေါင်ချင်းယန်တို့က ထိုနာကျင်မှုကို မတောင့်ခံနိုင်မှာကို သူတို့က စိုးရိမ်နေတာပါ။ ဒါပေမယ့် ရန်ကိုင် ပုံစံကိုကြည့်ရတာ ထိုနာကျင်မှုနှင့် ပက်သက်ပြီး ကိစ္စမရှိသည့်ပုံပါပဲ။

အချိန်တွေ ကြာလာတာနဲ့အမျှ ခံစားရသည့် နာကျင်မှုကို ပိုပြီးပြင်းထန်လာပါတယ်။ အခုဆိုရင် နာကျင်မှုက ခန္ဓာကိုယ် အပြင်ဘက်ကသာမက သွေးကြောနှင့် ကိုယ်တွင်းအင်ဂါတွေဆီကနေပါ ခံစားလာရပါပြီ။

ထိုလူမဆန်သည့် နာကျင်မှုကို တစ်နာရီလောက် ကြာအောင် ခံစားပြီးနောက်မှာတော့ နာကျင်မှုက ရုတ်ချည်း လျော့ကျသွားခဲ့တယ်။ ဆေးစွမ်းအင်တွေက အကန့်အသတ်ကို ရောက်သွားသည့် ပုံပါပဲ။ တစ်ခဏလောက် ကြာသည့် အချိန်မှာတော့ မည်သည့် နာကျင်မှုကိုမှ မခံစားရတော့ပါဘူး။

အခုအချိန်မှာတော့ သူ့တစ်ကိုယ်လုံး သက်သောင့်သက်သာရှိသည့် ခံစားမှုတို့ဖြင့် ပြည့်လာခဲ့ပါပြီ။

ရန်ကိုင်လည်း သက်ပြင်းတစ်ချက် ရှိုက်မိလိုက်တယ်။ အခု သူ့မျက်လုံးတွေက တောက်ပသည့် အလင်းရောင်တို့ဖြင့် လက်နေခဲ့ပါတယ်။

ဒေါ်လေးရှန်က ရန်ကိုင်ကို ပြုံးပြလိုက်ပြီးနောက် ခေါင်းလေးညိတ်ကာ ပြောလိုက်တယ် “ကြည့်ရတာ လူအိုကြီးရှောင်က နင်တို့နှစ်ယောက်ကို အထင်သေးမိသေးတဲ့ ပုံပဲ။ နင်အခုလို တောင့်ခံနိုင်လိမ့်မယ်လို့ ငါတကယ်ကို ထင်မထားဘူး”

စကားပြောနေပေမယ့် သူမလက်တွေက လှုပ်ရှားနေတာ နည်းနည်းလေးတောင် ရပ်မသွားခဲ့ပါဘူး။ ဆေးရေကန်ထဲ ဆေးပင်တွေကို တစ်ပင်ပြီးတစ်ပင် ပစ်ထည့်နေလိုက်ပြီး အောက်ခြေရှိ မီးတောက်နောက်တစ်ကြိမ် ထပ်မံယပ်ခပ်ပေးပြန်ပါတယ်။

နာကျင်မှု ပျောက်ကွယ်သွားတာနဲ့ လျှို့ဝှက်ကျင့်စဉ်ကို ဆက်ပြီး လှည့်ပတ်စရာ မလိုတော့တာကို ရန်ကိုင် တွေ့ရှိလိုက်ရါတယ်။ အဲ့အစာ ဆေးရေကန်ထဲမှာပဲ ထိုင်နေရုံနဲ့တင် ဆေးပင်တွေထဲ ဆေးစွမ်းအင်တွေကို သူအလိုလို စုပ်ယူနိုင်ပါတယ်။

တစ်ကြိမ်ပြီးတိုင်း သူ့ခန္ဓာကိုယ်က ပိုပိုပြီး သန်မာလာတာကို ရန်ကိုင် ခံစားမိလိုက်တယ်။ သူ့သွေးကြောတွေက ပိုပြီးကျယ်ပြန့်လာပြီး သူ့ချီစွမ်းအင်ကလည်း ပိုပိုပြီး သန့်စင်လာခဲ့တယ်။

“ဒေါ်လေးရှန်၊ ဆေးရေကန်ထဲက ကျန်တဲ့ဆေးစွမ်းအင်တွေကို သခင်မလေးဒေါင်ထက် ချန်ထားရင် ကောင်းမယ်” သူ့စိတ်ထဲမှာ အပြစ်ရှိသလို ခံစားနေရတဲ့အတွက် ရန်ကိုင်က ကောက်ကာငင်ကာနဲ့ ပြောလိုက်တယ်။ သူဆေးဘုရင်တောင်ကြားဆီ လာတာက ဆေးပညာကို သင်ကြားဖို့မဟုတ်ပဲ အခြားရည်ရွယ်ချက် တစ်ခုနဲ့ပါ။ သူက လူအိုကြီးရှောင်ရဲ့ တပည့်မဟုတ်ပေမယ့် လူအိုကြီးရှောင်က သူ့ကို အပြင်လူတစ်ယောက်လို မဆက်ဆံခဲ့ပါဘူး။

ဒါပေမယ့် ဒေါ်လေးရှန်က တခစ်ခစ် ရယ်လိုက်ပြီး “လူအိုကြီးရှောင် ဖန်တီးထားတဲ့ ဒီဆေးရေကန်ထဲက ဆေးစွမ်းအင်က အရမ်းကို ပြင်းထန်လွန်းလို့ တစ်ဘဝလုံးမှာ တစ်ကြိမ်ပဲ အသုံးပြုလို့ရမယ်။ နင့်မိသားစု သခင်မလေးသာ နောက်တစ်ကြိမ် ထပ်သုံးမယ်ဆိုရင် သူ့သွေးကြောတွေ ပေါက်ကွဲသွားလိမ့်မယ်”

တစ်ခဏလောက် ရပ်လိုက်ပြီး ဆက်ပြောလိုက်ပါတယ် “တကယ်တော့၊ ဒီကိစ္စနဲ့ ပက်သက်ပြီး နင်အရမ်း ဝန်ပိနေစရာ မလိုပါဘူး။ လူအိုကြီးရှောင်က နင့်အပေါ် တော်တော်လေး အကောင်းမြင်စိတ်ရှိတယ်။ နင်ရွေးချယ်ထားတဲ့ လမ်းက ဆေးပညာရှင်တွေနဲ့ ကွဲပြားတာလေး တစ်ခုကလွဲလို့ပေါ့”

“ဒီဆေးရေကန်ထဲမှာ စိမ်ရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲ” ရန်ကိုင်က သိချင်စိတ်နဲ့ မေးလိုက်တယ်။

ဒေါ်လေးရှန်က တစ်ခဏလောက် တွေးလိုက်ပြီးနောက် ပြန်ပြောလိုက်ပါတယ် “လူအိုကြီးရှောင် ပြောပုံအရဆိုရင်၊ ဒီဆေးရေကန်ရဲ့ အဓိကရည်ရွယ်ချက်က ကျင့်ကြံသူတစ်ယောက်ရဲ့ သွေးကြောတွေကို ကျယ်ပြန့်ပြီး ခိုင်ခံလာစေဖို့ပဲ။ အဲ့လိုမှပဲ လေ့ကျင့်တဲ့ အချိန်ကျရင် ယွမ်ချီကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်နဲ့ လှည့်ပတ်နိုင်မှာကိုး”

“ဆေးပညာနဲ့ကော ဆိုင်လား” ရန်ကိုင် မျက်မှောင်ကြုံလိုက်မိပါပြီ။ ထို့နောက် သူတို့ပထမဆုံး တွေ့စဉ်က လူအိုကြီးရှောင် ပြောတဲ့ စကားတွေကို ပြန်စဉ်းစားကြည့်လိုက်ပါတယ်။

“ဆေးပညာလမ်းစဉ်နဲ့ ပက်သက်ပြီး လူများစွာက မှားယွင်းနေခဲ့ကြတယ်။ ဒီလူအိုကြီးတောင် မှားယွင်းခဲ့တယ်”

လူအိုကြီးရှောင်ရဲ့ လေသံထဲက နောင်တကို ရန်ကိုင် သေသေချာချာ ခံစားမိခဲ့ပါတယ်။

ရန်ကိုင်၏ မေးခွန်းကိုတော့ ဒေါ်လေးရှန်က ခေါင်းညိတ်ပြလိုက်ပြီး “အင်း၊ ဆေးပညာနဲ့လည်း ဆက်စပ်တယ်။ ဒီအကြောင်းကို လူအိုကြီးရှောင်က လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှပဲ နားလည်ခဲ့တာ… ဒါပေမယ့် သူသိလိုက်တဲ့ အချိန်မှာတော့ အရမ်းကို နောက်ကျလွန်းနေခဲ့ပြီ။ ဆေးပညာရှင်တွေက တကယ်တော့ ကျင့်ကြံသူတွေပဲလေ။ ဆေးလုံးကောင်းကောင်းတွေကို သန့်စင်နိုင်ဖို့ဆိုရင် ယွမ်ချီသန့်စင်ဖို့လည်း လိုအပ်တယ်လေ။ အဲဒါကြောင့် လူအိုကြီးရှောင်က သူ့ရဲ့စမ်းသပ်မှုကို သူကိုယ်တိုင် သေချာပြင်ဆင်ခဲ့တာပဲ”

ဆံပင်ကို သူမ နားရွက်နောက်ပေါ် သပ်တင်လိုက်ပြီးနောက် ဒေါ်လေးရှန်က တစ်ခဏလောက် ရပ်တန့်လိုက်ပြီး ဆက်ပြောလိုက်တယ် “လူအိုကြီးရှောင်က တစ်ခါပြောဖူးတယ်။ သူ့မှာ ဆက်ခံသူတစ်ယောက် ရတာနဲ့ အဲ့တပည့်ကို အခြေခံ အမှန်တရားတစ်ခုကို သင်ပေးမယ်တဲ့”

“ဘာအမှန်တရားလဲ”

“အင်မော်တယ်တက်လှမ်းခြင်းအဆင့် မရောက်ခင် ဆေးပညာကို မလေ့ကျင့်ဖို့ပဲ” ဒေါ်လေးရှန်က ပြုံးလိုက်ပြီး “အဲ့အတွေးက အပြည့်အဝ မမှန်ကန်တာလည်း ဖြစ်နိုင်တာပဲ။ ဒါပေမယ့် သူရှာတွေ့ ခဲ့တဲ့အချက်က ဆေးပညာအတွက် အသုံးဝင်တဲ့ အချက်အလက် တစ်ခုတော့ ဖြစ်ခဲ့ပါတယ်”

အင်မော်တယ်တက်လှမ်းခြင်းအဆင့် မရောက်ခင် ဆေးပညာကို မသင်ကြားနဲ့လား။ အရှေ့တစ်လလုံးလုံး လူအိုကြီးရှောင်က ဒေါင်ချင်းယန်ကို ဘာမှသင်ကြား မပေးခဲ့တာ အံ့ဩစရာ မဟုတ်တော့ပါဘူးလေ။ အဲ့ဒါကြောင့်ပဲ သူက သူမကို ကျင့်ကြံခြင်း ပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်စေခဲ့တာပဲ။

“နင်သာ ဆေးပညာကို သင်ကြားချင်စိတ် ရှိတယ်ဆိုရင် လူအိုကြီးရှောင်က နင့်ကို လိုလိုလားလားနဲ့ သင်ကြားပေးလိမ့်မယ်” ဒေါ်လေးရှန်က ပြုံးပြီး ပြောလိုက်တယ်။

လူအိုကြီးရှောင်က သူ့ဆက်ခံသူကို အင်မော်တယ်တက်လှမ်းခြင်း အဆင့်မရောက်ခင် ဆေးပညာကို မလေ့ကျင့်စေခိုင်းတာက သူ့ရဲ့ ဘယ်တပည့်မဆို သိုင်းပညာကိုလည်း ပစ်ပယ်ထားလို့ မရဘူးလို့ ဆိုလိုပါတယ်။

ရန်ကိုင်ရဲ့ ဆန္ဒဖြစ်တဲ့ သိုင်းလမ်းစဉ်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိဖို့ ဆိုတာက လူအိုကြီးရှောင်ရဲ့ အခြေအနေနဲ့ ကွက်တိ ဖြစ်နေခဲ့ပါတယ်။

“လူအိုကြီးရှောင်ရဲ့ ကြင်နာမှုကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော် မလုပ်နိုင်ဘူး” ရန်ကိုင်က ခေါင်းခါလိုက်တယ်။ သိုင်းလမ်းစဉ်မှာ သင့်တော်တဲ့ အမြင့်တစ်ခုကို မရောက်ခင်အထိ အခြားမည်သည့်ကိစ္စကိုမှ သူစိတ်ဝင်စားလိမ့်မှာ မဟုတ်ဘူး။

ဆေးပညာရှင်တွေက ထူးခြားတဲ့ အဆင့်အတန်း တစ်ခုမှာ ရှိနေတဲ့ လူတွေပါ။ သူတို့တွေက တစ်ကမ္ဘာလုံးက လူတွေရဲ့ လေးစားအားကျခြင်းကို ခံရတဲ့သူတွေပါ။ ဒါပေမယ့် ဒါက ရန်ကိုင် လိုချင်တဲ့ လမ်းစဉ်မဟုတ်ပါဘူး။

“အိုး…ဟုတ်ပြီ။ မနေ့တုန်းက တိမ်ဖုံးတောင်ထွတ်က အကြီးအကဲ သွမ့်ရဲ့ တပည့်တွေနဲ့ နင်လက်ရည်ဖလှယ်ခဲ့တယ်ဆို ဟုတ်လား” ရန်ကိုင်ကို ကိုးယိုးကားယား အခြေအနေထဲ မရောက်စေချင် တဲ့အတွက် ဒေါ်လေးရှန်က ခပ်မြန်မြန်ပဲ စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ်။

ရန်ကိုင် မျက်နှာ တစ်ခုဟုတ်ချည်း ရဲတက်သွားခဲ့ပြီး သူ့ပါးလေးကို ပွတ်ရင်း ရေရွတ်လိုက်တယ် “သူတို့တွေ ပြောတဲ့ ‘လက်ရည်ဖလှယ်’ တယ်ဆိုတာက ဆေးပညာမှာ ယှဉ်ပြိုင်တာကို ပြောမှန်း ကျွန်တော်မသိခဲ့ဘူး”

ရန်ကိုင် စကားကို ကြားလိုက်တာနဲ့ ရယ်ချင်စိတ်ကြောင့် ဒေါ်လေးရှန် တစ်ကိုယ်လုံး တုန်ရီလို့ နေပါတယ်။ ခဏအကြာမှပဲ သူမကိုယ်သူမ ပြန်ထိန်းလိုက်နိုင်ပြီး “တိမ်ဖုံးတောင်ထွတ်ဆီ ဆေးပညာသင်ဖို့ လာတဲ့ တပည့်တွေထဲက တစ်ယောက်က ကောက်ကျစ်လှည့်စားတတ်တဲ့ လူယုတ်မာတစ်ယောက်လို့ အပြင်မှာ ကောလဟာလတွေ ထွက်နေတယ်”

“ကျွန်တော် အပြုအမူက လူအိုကြီးရှောင်ကို ပြဿနာဖြစ်သွားစေနိုင်လား” ရန်ကိုင်က အပြစ်ရှိသည့် မျက်နှာထားလေးနဲ့ မေးလိုက်ပါတယ်။

ဒေါ်လေးရှန်က ခေါင်းခါလိုက်ပြီး “မဖြစ်စေဘူး။ နင်သူတို့ကို ဒဏ်ရာရအောင်မှ မတိုက်ခိုက်ခဲ့တာ။ ဒါပေမယ့် ဒီမနက်တုန်းကတော့ တစ်ယောက်ယောက်က ဒီကိုလာပြီး နင့်အပြုအမူကို တိုင်တန်းလိုက်သေးတယ်။ ကဲ၊ နောက်ဆို အဲ့လိုကိစ္စမျိုး ထပ်မဖြစ်စေဖို့ သေချာ မှတ်ထားနော်၊ မဟုတ်ရင် နောက်တစ်ခါဆို ဒီတစ်ကြိမ်လို လွယ်ကူတော့မှာ မဟုတ်ဘူး”

“ဟုတ်တာပေါ့၊ ဟုတ်တာပေါ့” ရန်ကိုင်က ပုတ်သင်ညိုလို ခေါင်းညိတ်ပြလိုက်တယ်။

ထိုအဖြစ်အပျက်က အရမ်းကို ရှက်ဖို့ကောင်းပါတယ်။ ထိုအကြောင်းကို သူပြန်တွေးလိုက်တိုင်း သူ့ပါးတစ်ခုလုံး ရဲတက်လာခဲ့ပါတယ်။

Martial Peak

အပိုင်း(၂၇၈) ရန်သူဟောင်းတွေအတွက်တော့ ကမ္ဘာကြီးက ကျဉ်းလွန်းတယ်

တစ်နေ့လုံး ဒေါ်လေးရှန်က မီးစားထိုးလိုက်၊ ဆေးရေကန်ထဲ ဆေးပင်တွေ ပစ်ထည့်လိုက်နဲ့ အလုပ်ရှုပ်နေခဲ့ပါတယ်။ သူမ တစ်ကိုယ်လုံး ဆိုရင်လည်း ချွေးတွေနဲ့ ရွှဲလို့ပေါ့။ ညနေရောက်တော့မှပဲ ဆေးရေစိမ်တာ ပြီးသွားပြီဆိုတဲ့အကြောင်းကို ဒေါ်လေးရှန်က ရန်ကိုင်ကို ပြောပြလိုက်တယ်။ ရန်ကိုင်လည်း သူ့အဝတ်အစား ပြန်ဝတ်ပြီး သူနေတဲ့ နေရာဆီ ပြန်လာခဲ့တယ်။

ဆေးရေကန်ထဲ တစ်ညလုံး စိမ်နေလိုက်တဲ့အတွက် သူ့တစ်ကိုယ်လုံး ဆေးစွမ်းအင်တွေနဲ့ ပြည့်နေသလို ရန်ကိုင် ခံစားနေခဲ့ရတဘ်။

သူ့သိုင်းအဆင့်က နည်းနည်းလေးပဲ တိုးတက်လာခဲ့ပြီး အစစ်အမှန်ချီကလည်း နည်းနည်းလေး ပိုသန့်စင်လာခဲ့ပါတယ်။ ဒါပေမယ့် အသိသာဆုံးအချက်ကတော့ သူ့သွေးကြောတွေပါ။

ဆေးရေကန်ရဲ့ အရေးကြီးဆုံး အခန်းကဏ္ဍက လူတစ်ယောက်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ သွေးကြောတွေကို တိုးတက်လာစေဖို့ပဲ ဖြစ်တယ်လို့ ဒေါ်လေးရှန်က သူ့ကို ပြောခဲ့ဖူးပါတယ်။ သွေးကြောတွေ ပိုပြီးကျယ်ပြန့် ခိုင်ခံလာမှပဲ အစစ်အမှန်ချီကို ပိုပြီးမြန်မြန်ဆန်ဆန်နဲ့ လှည့်ပတ်လာနိုင်မှာကိုး။

ခုရေတွင်းတူး ခုရေကြည် သောက်လို့ မရသလိုမျိုး ဆေးရေကန်ရဲ့ အကျိုးကျေးဇူးတွေကလည်း ချက်ချင်း မိသသာသေးပါဘူး။ နောက်ပိုင်းကျမှပဲ အဲ့အကျိုးကျေးဇူးတွေက တဖြည်းဖြည်း သိသာလာမှာပါ။

အစစ်အမှန်ယန် နည်းစနစ်ကို လှည့်ပတ်လိုက်တဲ့အချိန် အရင်တုန်းကနဲ့ မတူညီစွာပဲ အခုအချိန်မှာ ပိုပြီးမြန်မြန် လှည့်ပတ်နိုင်တာကို ရန်ကိုင် အံ့အားသင့်စွာ တွေ့ရှိလိုက်ရတယ်။ သူ့ခန္ဓာကိုယ်က ကမ္ဘာ့ချီစွမ်းအင်‌တွေကို စုပ်ယူတဲ့ အမြန်နှုန်းကလည်း အရင်ကထက် ပိုပြီး မြန်ဆန်နေတာကို ရန်ကိုင် တွေ့ရှိလိုက်ရပါသေးတယ်။

ထိုကဲ့သို့ပြောင်းလဲမှုလေးက မသိသာပေမယ့် တိုက်အိမ်ဆိုတာက သဲပွင့်ပေါင်းများစွာ စုပေါင်းပြီးမှ ဖြစ်တည်လာတာလေ။ အခု ချက်ချင်းလက်ငင်းတော့ မသိသာပေးမယ့် နှစ်ပေါင်းများစွာ ကြာတဲ့အချိန်မှာတော့ ထိုအချက်က လုံးဝကို သိသာလာမှာပါ။

ထိုဆေးရေကန်နဲ့ လျှို့ဝှက်ကျင့်စဉ်နဲ့တင် ရှောင်ဖူချန်းရဲ့ နည်းလမ်းတွေက ဘယ်လောက်တောင် ကောင်းကင်ကို ဆန့်ကျင်နေလဲဆိုတာ မြင်တွေ့နိုင်ပါတယ်။

တိုက်ပွဲစွမ်းရည်ပိုင်းမှာတော့ သူ့နာမည်က ဖော်ပြဖို့တောင် မထိုက်တန်ပါဘူး။ ဒါပေမယ့် ဆေပညာမှာဆိုရင်တော့ သူ့ရဲ့ နာမည်က ဟိုးအထွတ်အထိပ်မှာပါ။ ဆေးပညာနှင့် ပက်သက်ပြီး သူ့ရဲ့ ထိုးထွင်းသိမြင်မှုတွေက ကြီးမားလွန်းတဲ့အတွက် ရှောင်ဖူချန်းကို ဆေးပညာပိုင်းမှာ နတ်ဘုရားတစ်ပါး ဆိုပြီးတော့တောင် တင်စားကြပါသေးတယ်။

နောက်တစ်နေ့ မနက်မှာတော့ ရှောင်ဖူချန်းက ရန်ကိုင်နှင့် ဒေါင်ချင်းယန်ကို သူ့အိမ်ဆီ ဆင့်ခေါ်လိုက်တယ်။

ဒီတစ်ကြိမ်လည်း ဆေးပညာနဲ့ ပက်သက်တဲ့ ဘာအရာကိုမှ သင်ကြားမပေးခဲ့ပါဘူး။ အဲ့အစား ယွမ်ချီကို ဘယ်လိုကောင်းကောင်း ထိန်းချုပ်ရမလဲဆိုတဲ့ လေ့ကျင့်ခန်း အနည်းငယ်ကို သင်ကြားပေးခဲ့ပါတယ်။

ယွမ်ချီကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်တာ၊ မထိန်းချုပ်နိုင်တာက ဆေးဖော်စပ်တာကိုပါ အကျိုးသက်ရောက်မှု ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဆေးပညာရှင်တစ်ယောက် ဆေးဖော်စပ်တဲ့အခါ ယွမ်ချီကို မဖြစ်မနေ အသုံးပြုရပါတယ်။ အဲ့အခါကျ ယွမ်ချီထိန်းချုပ်နိုင်စွမ်း ကောင်းမကောင်းက ဖြစ်ပေါ်လာတဲ့ ဆေးလုံးရဲ့ ရလဒ်ကိုပါ အကျိုသက်ရောက် သွားပါတယ်။ ဆေးကောင်းတစ်လုံးကို ဖော်စပ်ချင်တယ် ဆိုရင် ယွမ်ချီကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ဖို့က မရှိမဖြစ် လိုအပ်တဲ့ အချက်တစ်ချက်ပါ။

ယွမ်ချီကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်၊ မနိုင်က ကျင့်ကြံသူ တစ်ယောက်ရဲ့ တိုက်ပွဲစွမ်းရည်ပေါ်လည်း အကျိုးသက်ရောက်မှု ရှိပါတယ်။ တိုက်ပွဲတစ်ခုမှာ မိမိထုတ်ဖော်လိုက်တဲ့ သိုင်းပညာရပ်ရဲ့ စွမ်းအားက ယွမ်ချီထိန်းချုပ်နိုင်စွမ်းနဲ့ တိုက်ရိုက်အချိုးကျပါတယ်။

ဘယ်အားကောင်းတဲ့ ကျင့်ကြံသူမဆို သူတို့ရဲ့ ယွမ်ချီကို ဘယ်လို ကျွမ်းကျင်စွာ အသုံးပြုရမလဲ ဆိုတာကို နားလည်ထားကြပါတယ်။ ယွမ်ချီကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရင် အားတစ်ဝက်လောက် စိုက်ထုတ်ရုံနဲ့ သိုင်းပညာရပ်ရဲ့ စွမ်းအား အပြည့်အဝကို ထုတ်ဖော်နိုင်ပါလိမ့်မယ်။ ထိုကဲ့သို ယွမ်ချီကို ဆရာအဆင့်ထိ ကျွမ်းကျင်အောင် ထိန်းချုပ်နိုင်ဖို့ကအရမ်းကို အရေးကြီးပါတယ်။

ထို့ကြောင့် ရန်ကိုင်ရော၊ ဒေါင်ချင်းယန်ရော နှစ်ယောက်စလုံး ထိုလေ့ကျင့်ခန်းကို သေချာအားစိုက်ထုတ်ပြီး လေ့လာကြပါတယ်။

ထိုကဲ့သို့ နည်းလမ်းတွေက ရှောင်ဖူးချန် တစ်ဘဝလုံး ဆေးပညာလမ်းစဉ်ကို လေ့လာရင်းနဲ့ ဖန်တီးခဲ့တာတွေပါ။ တကယ်ဆို ထိုနည်းလမ်းတွေက ရှောင်ဖူချန်းရဲ့ အဖိုးတန်ဆုံး အရာတွေလည်း ပြောလို့ရပါတယ်။

ရက်ပေါင်းများစွာ လေ့ကျင့်ပြီးတဲ့ အချိန်မှာတော့ ရန်ကိုင်နဲ့ ဒေါင်ချင်းယန် နှစ်ယောက်စလုံး ထိုလေ့ကျင့်ခန်းတွေနဲ့ ရင်းနှီးလာခဲ့ကြပါတယ်။ အဲဒါပြီးနောက် လုပ်စရာရှိတော့တာက အားသွန်ခွန်စိုက် ကျင့်ကြံဖို့ပါပဲ။

အဲ့အချိန်မှာပဲ ရန်ကိုင်က ရှောင်ဖူချန်း ပြောခဲ့တဲ့ စကားတစ်ခွန်းကို ပြန်သတိရလိုက်တယ်။

“ဆေးပညာရှင်တွေက သိုင်းလမ်းစဉ်ရဲ့ အထွတ်အထိပ်မှာ မရပ်တည်နိုင်ဘူးလို့ ဘယ်သူပြောတာလဲ”

ထိုစကားကို ပြောလိုက်တဲ့ အချိန်တုန်းက လူအိုကြီးရှောင်ရဲ့ မျက်နှာက ပြီးပြည့်စုံတဲ့ ယုံကြည်မှုတို့နဲ့ ပြည့်နေခဲ့ပါတယ်။

ထိုယွမ်ချီထိန်းချုပ်တဲ့ နည်းလမ်းတွေနဲ့ သိုင်းလမ်းစဉ် အထွတ်အထိပ်ရဲ့ ဆန်းကြယ်မှုတွေကို ထိုးထွင်းသိမြင်နိုင်ချေ ရှိကောင်းရှိနိုင်ပါတယ်။

ရန်ကိုင်လည်း မနေနိုင်တော့ပဲ အံ့အားသင့်သွားခဲ့ရပါပြီ။ လူအိုကြီးရှောင် ပြောလိုက်တဲ့ စကားတိုင်းက အဖိုမဖြတ်နိုင်တဲ့ နက်နဲတဲ့ အဓိပ္ပါယ် ဥာဏ်အလင်းတို့ ပါဝင်နေတဲ့ပုံပါပဲ။

နောက်ရက်အတွင်း ရန်ကိုင်နှင့် ဒေါင်ချင်းယန်တို့ ယွမ်ချီထိန်းချုပ်ရာမှာ ပိုပြီး ကျွမ်းကျင်လာခဲ့ပါတယ်။ ထိုလေ့ကျင့်ခန်းတွေက သူ့ယွမ်ချီထိန်းချုပ်နိုင်စွမ်းကို ပိုပြီး တိုးတက် လာစေသည့်အပြင် သူ့အစစ်အမှန်ကို အနည်းငယ် ပိုပြီးသန့်စင်လာ စေတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

အခုဆို သူ့သိုင်းအဆင့်က အစစ်အမှန် ဒြပ်စင်ဒုတိယအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိနေပြီး အစစ်အမှန် ဒြပ်စင် တတိယအဆင့်ကို ရောက်ဖို့ အလွှာပါးလေး တစ်ခုသာ ခြားနေတော့တာကို ရန်ကိုင် ခံစားမိလိုက်တယ်။

ဒီကနေ့… ရန်ကိုင်နှင့် ဒေါင်ချင်းယန်တို့ သူတို့ရဲ အိမ်အပြင်ဘက်ကမှာ ယွမ်ချီထိန်းချုပ်တာကို လေ့ကျင့်နေတုန်း အခြားတောင်ထွတ်တွေ အကုန်လုံးက စည်ကားသိုက်မြိုက်နေပြီး လူများစွာဖြင့် အုံ့အုံ့ကျက်ကျက် ဖြစ်နေတာကို အံ့အားသင့်စွာ တွေ့ရှိလိုက်ရပါတယ်။

“ဘာတွေဖြစ်နေတာလဲ” ဒေါင်ချင်ယန်လည်း လေ့ကျင့်နေတာကို ရပ်လိုက်ပြီး ဘေးပတ်လည်ကို သိချင်စိတ်အပြည့်ဖြင့် လိုက်ပတ်ကြည့်နေခဲ့တယ် “ဆေးဘုရင်တောင်ကြားထဲမှာ ဘယ်လိုလုပ်ပြီး အပြင်လူတွေ အများကြီး ရှိနေရတာလဲ”

သူမမေးခွန်းကိုတော့ ရန်ကိုင်က ပုခုံးရှုံ့ ခေါင်းခါရုံပဲ တတ်နိုင်ခဲ့ပါတယ်။

“ဆေးပညာပြိုင်ပွဲ ဒီနေ့ကနေစပြီး လာမည့် ရက်အနည်းငယ်အတွင်း ကျင်းပတော့မှာ” ဒေါ်လေးလန်နှင့် ဒေါ်လေးရှန်တို့နှစ်ယောက်က သူတို့နှစ်ယောက်ဆီ လမ်းလျှောက်လာပြီး ပြောလိုက်တယ်။

“ဆေးဘုရင်တောင်ကြားက ပုံမှန်ဆိုရင် အပြင်လူတွေကို ဝင်ခွင့်မပြုပေမယ့် တကယ်တော့ ဒီနေရာက တစ်ကမ္ဘာလုံးမှာရှိတဲ့ အင်အားစုတွေနဲ့ သွယ်ဝိုက်ပြီးတော့ ဆက်စပ်နေတာလေ။ အဲ့တော့ ဆေးပညာပြိုင်ပွဲ ကျင်းပတဲ့ အချိန်တိုင်း နေရာအနှံ့က ကျင့်ကြံသူတွေက တောင်ထွတ်အသီးသီးမှာရှိတဲ့ အကြီးအကဲတွေဆီ လာလေ့ရှိကြတယ်”

ရန်ကိုင်နှင့် ဒေါင်ချင်ယန်တို့ နှစ်ယောက်စလုံး သူတို့ တိမ်ဖုံးတောင်ထွတ်ဆီ ရောက်ကတည်းက အပြင်ကမ္ဘာနဲ့ ကင်းကွာနေတယ်ဆိုတာ ရုတ်တရက် သတိထားမိလိုက်ကြတယ်။ တောင်ထွတ်ဆီမှာသာ လေ့ကျင့်နေတဲ့အတွက် အချိန်တွေ ဘယ်လောက် ကုန်ဆုံးသွားလဲဆိုတာတောင် သူတို့ သတိမထားမိခဲ့ကြပါဘူး။

ဒေါ်လေးရှန်က တခစ်ခစ် ရယ်မောလိုက်ပြီး “တားမြစ်နယ်မြေ ဖြစ်တဲ့ ဆေးသူတော်စင် တောင်ထွတ်နဲ့ တိမ်ဖုံးတောင်ထွတ်က လွဲပြီး အခြားတောင်ထွတ်တွေ အကုန်လုံး စည်ကားသိုက်မြိုက်နေတာပဲ”

“ဟုတ်တယ်၊ ဒီနေရာက အမြဲတမ်း တည်ငြိမ်အေးချမ်းနေတာ” ဒေါ်လေးလန်ကလည်း ဝင်ပြီး ထောက်ခံလိုက်ပါတယ်။

ဒေါင်ချင်းယန်က ခစ်ခစ် ခစ်ခစ်နဲ့ ရယ်မောလိုက်ပြီး “ဆရာသာ အပြင်လူတွေကို တောင်ထွတ်ဆီ ဝင်ခွင့်ပြုလိုက်မယ်ဆိုရင် လူတိုင်း ဒီနေရာကို အပြေးလာမှာ ကျိန်းသေတယ်။ အဲ့အချိန်ကျ အခြားတောင်ထွတ်တွေမှာ လူတောင် ရှိတော့မှာ မဟုတ်ဘူး”

ဒေါ်လေးရှန်က အပြစ်တင်လိုသည့် အကြည့်နဲ့ ဒေါင်ချင်းယန်ကို ပြောလိုက်ပါတယ် “အဲ့လိုဆိုရင် ငါနဲ့နင့်ဒေါ်လေးလန်က ပင်ပန်းလွန်းလို့ အသက်ထွက်ရလိမ့်မယ်။ လာတဲ့လူ အဲ့လောက်များနေမယ်ဆိုရင် လက်ဖက်ရည်အစား ရေပဲတိုက်ရလိမ့်မယ်။ အဲ့လိုကိစ္စမျိုး ဘယ်လိုလုပ်ပြီး အဖြစ်ခံလို့ ဖြစ်ပါ့မလဲ”

ဒေါ်လေးလန်နဲ့ ဒေါ်လေးရှန်က ဒေါင်ချင်းယန်ကို အရမ်းချစ်ကြပါတယ်။ သူမတို့နှစ်ယောက်စလုံးက လက်လည်းမထပ်ထားသလို ကလေးလည်း မရှိကြပါဘူး။ ထို့ကြောင့် သူမတို့ နှစ်ယောက်က ဒေါင်ချင်းယန်ကို သူမတို့ရဲ့ သမီးအရင်း တစ်ယောက်လို အရမ်းချစ်ကြပါတယ်။

ကောင်မလေးကလည်း သူမတို့နှစ်ယောက်ဆိုရင် အမြဲတမ်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ပါ။ သူမတို့နှစ်ယောက်က သာမန်လူဖြစ်လို့၊ အစေခံတွေ ဖြစ်လို့ အထင်သေးတယ်ဆိုတာမျိုးလည်း မရှိပါဘူး။ သူမတို့နှစ်ယောက်ကို အမြဲတမ်း ယဉ်ယဉ်ကျေးကျေးနဲ့ ဆက်ဆံတာပါပဲ။

ဒေါ်လေးရှန် ပြောပြီးတာနဲ့ ရှောင်ဖူချန်းရဲ့ အိမ်တံခါးက ပွင့်လာခဲ့ပြီး ရယ်မောသံနှင့်အတူ “ကြည့်ရတာ ငါ့ရဲ့ တိမ်ဖုံးတောင်ထွတ်က ဒီနေ့လည်း ငြိမ်းချမ်းနေတဲ့ ပုံပဲ”

“ဆရာ”

“လူအိုကြီးရှောင်”

ရန်ကိုင်နှင့် ဒေါင်ချင်းယန် တို့နှစ်ယောက်စလုံး ရှောင်ဖူချန်းကို မြင်တာနဲ့ လက်သီးဆုပ်ပြီး နှုတ်ဆက်လိုက်ကြတယ်။

“ဆရာ၊ ဘာသတင်ကောင်းတွေများ ရှိလို့လဲ” ဒေါင်ချင်းယန်က မြှောက်ပင်လိုတဲ့ လေသံလေးနဲ့ ယဉ်ကျေးစွာ မေးလိုက်တယ်။ ထိုအခြင်းအရာကို မြင်လိုက်ရတဲ့ ရန်ကိုင်အနေနဲ့ သူ့တစ်ကိုယ်လုံး ရွစိရွစိ ဖြစ်သွားခဲ့တယ်။ ထိုဝမ်းကွဲလေးက သူ့ရှေ့မှသာ နေချင်သလို နေတာပါ။ ရှောင်ဖူချန်း၊ ဒေါ်လေးလန်နဲ့ ဒေါ်လေးရှန်တို့ ရှေ့မှာဆိုရင်တော့ တကယ့်ကို အလိမ္မာတုံးလေး တစ်ယောက်လိုပါပဲ။

“အဝေးက သူငယ်ချင်းတစ်ယောက်က ဒီနေ့လာလည်မယ်တဲ့၊ အဲ့တော့ ငါကလည်း‌ ပျော်ရတာပေါ့” ရှောင်ဖူချန်းက ပြန်ပြောလိုက်ပါတယ်။

ဒေါင်ချင်းယန်၏ မျက်လုံးအစုံက လက်သွားခဲ့ပြီး “ဆရာက အပြင်လူတွေ တောင်ထွတ်ဆီ လာတာကို မကြိုက်ဘူး ထင်နေတာ ကြည့်ရတာ အဲ့လိုလည်း မဟုတ်တဲ့ပုံပဲ”

ဒေါင်ချင်းယန်၏ စကားကို ကြားလိုက်တာနဲ့ ရှောင်ဖူချန်းက ရယ်မောလိုက်ပြီး “ဘယ်သူ လာလည်လဲ ဆိုတာပေါ်မှာလည်း မူတည်သေးတယ်လေ။ ငါကို ဆေးဖော်ခိုင်းဖို့ လာတာဆိုရင်တော့ ငါက လက်ခံမှာမဟုတ်ပါဘူး။ ဒါပေမယ့် အခုလာမယ့် ဧည့်သည်က မတူဘူးလေ”

“ဟဟဟ… လူအိုကြီးရှောင် ဒီတစ်ကြိမ် ဒီလူအိုကြီးက မင်းကို တစ်ခုခု လုပ်ခိုင်းဖို့ လာခဲ့တာ၊ မင်းငါ့ကိုတော့ မှောင်းမထုတ် လောက်ဘူးမလား” ရယ်မောသံကျယ်ကြီးနှင့်အတူ ပုံရိပ်တစ်ခုက တောင်ပေါ်လမ်းပေါ်သို့ ဆင်းသက်လာခဲ့တယ်။ ထိုအသံကို ကြားလိုက်တာနဲ့ ရန်ကိုင် မျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး သူ့အမူအရာကလည်း တစ်မျိုးတစ်ဖုံ ထူးဆန်းသွားခဲ့တယ်။

အဲ့အသံက… ဖြစ်နိင်တာက… ဒါပေမယ့် ဘယ်လိုလုပ်…

တစ်စုံတစ်ယောက် သူမတို့ရဲ့ဆရာကို လူအိုကြီးရှောင်လို့ ခေါ်တာကို ကြားလိုက်တဲ့အချိန် ဒေါ်လေးရှန်နဲ့ ဒေါ်လေးလန်တို့ နှစ်ယောက်စလုံး မျက်မှောင်ကြုံ့လိုက် ကြပါတယ်။ ထူးဆန်းတာ တစ်ချက်က ထိုလာလည်တဲ့ လူက ဘယ်သူလဲဆိုတာ သူတို့ မခွဲခြားနိုင်တာပါပဲ။

ဒီကမ္ဘာကြီးမှာ မိသားစုကြီးရှစ်ခုရဲ့ မိသားစု ခေါင်းဆောင်တွေတောင် ရှောင်ဖူချန်းကို ဂရမ်းမာစတာရှောင်လို့ လေးလေးစားစား ခေါ်ကြရပါတယ်။

ဘယ်သူမှ သူ့ကို လူအိုကြီးရှောင်လို့ ခေါ်ရဲတဲ့အထိ မရဲတင်းပါဘူး။

ဒါပေမယ့် ရှောင်ဖူချန်းက ထိုစကားကြောင့် စိတ်မပျက်သည့်အပြင် လက်သီးတောင် ဆုပ်လိုက်ပြီး ဟာသနှောသည့် လေသံဖြင့် “ဒီလူအိုကြီးရှောင်က ဘယ်လိုလုပ်ပြီး နှင်ထုတ်ရက်မှာလဲလို့၊ ဒီလူအိုကြီးက ခင်ဗျားကို အသက်ကြွေး တင်နေသေးတယ်လေ”

ထိုစကားကို ကြားလိုက်တော့မှပဲ ဒေါ်လေးလန်နဲ့ ဒေါ်လေးရှန်တို့ နှစ်ယောက်စလုံး ရုတ်တရက် တစ်ခုခုကို နားလည်သွားခဲ့ကြတယ်။ ထိုလူကြီးက ရှောင်ဖူချန်းရဲ့ အသက်ကျေးဇူးရှင် ဖြစ်တဲ့ပုံပါပဲ။ သူမတို့ရဲ့ မျက်နှာ အမူအရာကို ချက်ချင်းပြင်လိုက်ပြီး ထိုလူကြီးကို လေးလေးစားစားနဲ့ နှုတ်ဆက်လိုက်တယ်။

တောင်အောက်ခြေမှ ပုံရိပ်တစ်ခုက မီတာထောင်ကျော်ကို မျက်တောင်တစ်ခတ်အတွင်း ဖြတ်ကျော်လာခဲ့ပြီး သူတို့ရှေ့၌ ရုတ်တရက် ပေါ်လာခဲ့တယ်။ ဒါပေမယ့် လူက တစ်ယောက်တည်း မဟုတ်ပါဘူး။ နှစ်ယောက်ပါ။

ပထမတစ်ယောက်က လူအိုကြီးရှောင်နဲ့ အသက်တူလောက်ရှိမယ့် ဆံဖြူလူအိုကြီးပါ။ သူ့မျက်နှာထက်မှာတော့ အရေးအကြောင်း အနည်းငယ် ရှိနေခဲ့ပါတယ်။ သူ့နောက်မှာတော့ မိန်းမလှလေး တစ်ယောက်ပေါ့။ ကောင်မလေးရဲ့ ဖြူစင်ရိုးသား အပြစ်ကင်းစင်တဲ့ မျက်ဝန်းအစုံက ကြယ်တွေလို တလက်လက် တောက်ပနေခဲ့ပြီး စိမ်းဖျော့ရှောင် ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပါတယ်။ သူမ၏ ကျောက်စိမ်းသဖွယ် ချောမွတ်လှတဲ့ နဖူးသား ထက်မှာတော့ မိုးပြာရောင်ကျောက်မြက် တစ်ခုကို ဝတ်ဆင်ထားကာ ကျန်တဲ့ မျက်နှာအစိတ်အပိုင်း တွေကိုတော့ မျက်နှာတစ်ခုနဲ့ ဖုံးကွယ်ထားခဲ့ပါတယ်။

လေက တဖြူးဖြူး တိုက်ခတ်နေသလို သူမ၏ မျက်နှာကာနှင့် အဝတ်အစားကလည်း လေနှင့်အတူ အသာအယာ ယိမ်းနွဲ့နေသဖြင့် အင်မော်တယ် နတ်သမီးတစ်ပါး သူ့တို့ရှေ့ ရောက်နေသလားတောင် ထင်မှတ်ရပါတယ်။

ရန်ကိုင် ကြောင်အသွားခဲ့လေပြီ။ သူ့ နှုတ်ခမ်းကွေးတက်သွားခဲ့ပြီး သူ့မျက်နှာထက် အပြုံးတစ်ခု ဖြစ်တည်လာခဲ့ပြီး မျက်နှာကာ တပ်ထားတဲ့ မိန်းကလေးကို စိုက်ကြည့်လိုက်တယ်။

ကောင်မလေးကတော့ မာန်ပါပြီး စူးရှသည့် အကြည့်ကို ခံစားမိလိုက်တာနဲ့ မျက်မှောင်ကြုံ့လိုက်ပြီး ရန်ကိုင်ရှိရာကို လှမ်းကြည့်လိုက်တယ်။ ဒါပေမယ့် သူမ လှည့်ကြည့်လိုက်တဲ့ အခိုက် သူ့မ၏ ကြယ်တာရာမျက်ဝန်းအစုံက အံ့အားသင့်မှုတို့ဖြင့် ပြည့်သွားခဲ့ပါတယ်။ သူမ၏ ကျော့ရှင်းတဲ့ မျက်တောင်လေးတွေ ဆိုရင် တခတ်ခတ် လှုပ်ခါနေခဲ့ကာ သူမ မြင်လိုက်တဲ့သူကိုတောင် သူမ မယုံနိုင် ဖြစ်သွားခဲ့ရပါတယ်။

မျက်ဝန်းနှစ်စုံတို့ ထိပ်တိုက် တွေ့ဆုံသွားခဲ့လေပြီ။ ရန်ကိုင်က နွေးထွေးစွာ ပြုံးပြလိုက်ပြီး ကောင်မလေးရဲ့ မျက်ဝန်းအစုံကတော့ လခြမ်းကွေးလေးလို ကွေးတက်သွားခဲ့ပါတယ်။ ထိုမိန်းကလေးက ရှနင်းချန်ကလွဲပြီး ဘယ်သူဖြစ်ရပါ့မလဲ။ ရှောင်ဖူချန်းဆီ လာလည်တဲ့ ဆံဖြူလူအိုကြီးကတော့ မန်ဝူရပေါ့။

“ညီအစ်ကိုမန်၊ မတွေ့ရတာတောင် ကြာပြီနော်” လူအိုကြီးရှောင်က ရှေ့တက်ပြီး လက်သီးဆုပ်ကာ လေးလေးစားစားနဲ့ နှုတ်ဆက်လိုက်တယ်။

မန်ဝူရက ပြန်ပြုံးပြလိုက်ပြီး ခပ်မြန်မြန်ပဲ လက်သီးဆုပ်ကာ “ရှောင်… အာ… အဟွတ် အဟွတ်အဟွတ် အဟွတ်အဟွတ်အဟွတ်…”

နှုတ်ဆက်စကား တစ်ခွန်းပဲ ပြောရသေးပါတယ်။ မန်ဝူရက လည်ချောင်းမှာ အရိုးနင်သွားသည့် အလား အဆက်မပြတ်ကို ပြင်းပြင်းထန်ထန် ချောင်းဆိုးပါတော့တယ်။ သူ့ခေါင်းတစ်ခုလုံး မူးဝေလာသလို ခံစားလိုက်ပြီး သူ့အသိစိတ်တစ်ခုလုံး ဝေဝါးသွားသလို မန်ဝူရ ခံစားလိုက်ရတယ်။

“ဆရာ” ရှနင်းချန်က ထိတ်လန့်သွားခဲ့ပြီး ခပ်မြန်မြန်ပဲ မန်ဝူရ၏ ကျောကိုပုတ်ပေးလိုက်တယ်။

“အစ်ကိုမန်၊ ခင်ဗျား ဒဏ်ရာရနေတာလား” ရှောင်ဖူချန်း၏ အကြည့်ကလည်း လေးနက်တည်ကြည် သွားခဲ့ပြီး ရှေ့တက်ကာ မန်ဝူရ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်တယ်။

မန်ဝူရက သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး ချောင်းအနည်းငယ် ဟန့်ပြီးတော့မှပဲ သူ့အမူအရာကို ပြန်ထိန်းနိုင်ပါတော့တယ်။ သူ့ပုံစံက အဖေသေသွားလို့ ယူကြုံးမရ ဖြစ်နေတဲ့ သားတစ်ယောက်ရဲ့ ပုံစံမျိုးနဲ့ ရန်ကိုင်ရှိရာကို ငေးကြောင်းကြည့်နေလိုက်ပြီး မေးလိုက်တယ် “ကောင်စုတ်လေး၊ မင်း ဒီမှာဘာလာလုပ်နေတာလဲ”

ဘောပဲ၊ ရန်သူတွေအတွက် ကမ္ဘာကြီးက ကျဉ်းလွန်းတယ်ဆိုတာကို တကယ်ကို မှန်ပါလား။ မိစ္ဆာဝိဥာဉ်တွေက သေတာတောင် ကိုယ့်နောက်လိုက်နေတယ်ဆိုတာ ဒါမျိုးကို ပြောတာဖြစ်ရမယ်

လွန်ခဲ့တဲ့ တစ်နှစ်တုန်းက လင်းတိုင်ရှုနှင့် သူပေါင်းပြီး ကောင်စုတ်လေးကို အတွေ့အကြုံရဖို့ သေမင်းတောင်ဆီ စေလွှတ်ခဲ့ပါတယ်။ အဲ့အချိန်ကလည်း ထိုကောင်စုတ်လေးကို သူတစ်ခါမှ ပြန်မတွေ့ရတော့ပါဘူး။

လွန်ခဲ့တဲ့တစ်နှစ်အတွင်း သူ့ရဲ့ အဖိုးတန် အသည်းတုံး ချစ်တပည့်ကလည်း စိတ်ဓါတ်တွေကျပြီး တစ်နေ့လုံးလိုလို သက်ပြင်းတွေ ချနေတတ်ပေမယ့် သူ့ရဲ့ အားစိုက်ထုတ်မှုကြောင့် နောက်ပိုင်းမှာတော့ သူ့ရဲ့ချစ်တပည့်တုံးလေးက ဆွေးရိပ်အောက်ကနေ ရုန်းထွက်နိုင်ခဲ့ပြီး အရင်ပုံစံကို ပြန်လည်ရရှိကာ သူမ၏ ကျင့်ကြံခြင်းကလည်း တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပါတယ်။

အစကတော့ သူ့တပည့်လေးက ရန်ကိုင်ကို ကျိန်းသေမေ့သွားမယ်လို့ သူထင်နေခဲ့တာပါ။ အခုတော့ မထင်မှတ်ထားတဲ့ နေရာမှာ သူတို့နှစ်ယောက် ပြန်တွေ့ခဲ့ကြပါပြီ။

သူ့ချစ်တပည့်တုံးလေးရဲ့ မျက်ဝန်းတွေကို ကြည့်ရုံနဲ့တင် ရန်ကိုင်ကို သူမဘယ်တုန်းကမှ မမေ့ခဲ့ဘူးဆိုတာကို သူဘယ်လိုလုပ်ပြီး မသိပဲ နေပါ့မလဲ။ အဲ့အစား ရန်ကိုင်နဲ့ ပက်သက်တဲ့ အတွေးတွေကို သူမနှလုံးသားထဲမှာပဲ ဖိနှိပ်ထားခဲ့တဲ့ပုံပါ။

ဖြစ်နိုင်တာကတော့ ဘယ်သူမှ မရှိတဲ့အချိန်မှာ ရန်ကိုင်အကြောင်းကို သူမဘာသာ တစ်ယောက်တည်း တိတ်ဆိတ်စွာနဲ့ တွေးတောနေတာလည်း ဖြစ်နိုင်ပါတယ်။

အဲ့အချိန်မှာပဲ မန်ဝူရက တစ်ခုခုကို နားလည်သွားခဲ့တယ်။ အချစ်ဆိုတာ ဝိုင်လိုပါပဲ၊ နှစ်ကြာလေ ပိုပြီးတော့ ပြင်းလာလေပါ။ တစ်ချိန်တည်းမှာပဲ ထိုနေရာက ချက်ချင်း လှည့်ထွက်သွားချင် မိနေခဲ့ပါတယ်။ ဒါပေမယ့် နောက်ကျလွန်းသွားခဲ့ပီဲလေ။

လွန်ခဲ့တဲ့ ရက်အတောအတွင်း ရှနင်းချန်က ငိုင်တိုင်တိုင် ဖြစ်နေသဖြင့် သူမကို အရင်လို ပြန်တက်ကြွလာအောင် လုပ်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဆေးဘုရင်တွေကြားက ယှဉ်ပြိုင်ပွဲကို ပြဖို့ ဆေးဘုရင်တောင်ကြားဆီ ခေါ်လာခဲ့တာပါ။ ဒါပေမယ့် ရန်ကိုင်ကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ သူဘယ်လိုလုပ်ပြီး မျှော်လင့်ထားပါ့မလဲ။

လခွမ်းပဲ၊ ငါဘာလို့ သူမကို ဒီနေရာဆီ ခေါ်လာမိရတာလဲ။ ဟိုကောင်ကကော ဘာလို့နေရာတကာ ပါနေရတာလဲ မန်ဝူရက တိတ်တဆိတ် ကျိန်ဆဲနေခဲ့ပါတယ်။ သူ့စိတ်ထဲ တော်တော်လေး မကျေမနပ် ဖြစ်နေခဲ့ပါတယ်။

Martial Peak

အပိုင်း(၂၇၉) အဲ့လိုမဖြစ်သင့်ဘူး

တိမ်ဖုံးတောင်ထွတ်ပေါ်ဝယ်…

မန်ဝူရ မျက်နှာက ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့ အမူအရာဖြင့် ရှုံ့မဲ့နေတဲ့အချိန် ရှနင်းချန်က တခစ်ခစ် ရယ်မောရင်း သူမဆရာကို နှစ်သိမ့်ပေးနေခဲ့ပါတယ်။

ရှောင်ဖူချန်းက ဘာမှနားမလည်သည့် မျက်နှာ အမူအရာနှင့် ရန်ကိုင်ကို ကြည့်လိုက် ရှနင်းချန်ကို ကြည့်လိုက် လုပ်နေခဲ့ပါတယ်။ ဒေါ်လေးလန်နှင့် ဒေါ်လေးရှန်တို့ နှစ်ယောက်စလုံးလည်း စိတ်ရှုပ်သွားခဲ့ပါတယ်။

ထိုအချိန်တွင် ဒေါင်ချင်းယန်က ရန်ကိုင်နား ရောက်လာပြီး စနောက်လိုက်ပါတယ် “ဟေး… တစ်ယောက်နဲ့ တစ်ယောက် ကြည့်လို မဝသေးဘူးလား။ နင်တို့ကို ကြည့်ရင်းနဲ့တောင် ငါရှက်လာပြီ”

“မင်းတို့ တစ်ယောက်နဲ့ တစ်ယောက် သိတာလား” ရှောင်ဖူးချန်းက ပြုံးကာ မေးလိုက်တယ်။

ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်ပြလိုက်ပြီး ပြုံးကာ လက်သီးဆုပ်နှုတ်ဆက်လိုက်တယ် “ဘဏ္ဏာထိန်းမန်…”

ထို့နောက် ရှနင်းချန် ဘက်လှည့်လိုက်ပြီး ညင်သာလှသည့် လေသံဖြင့် ခေါ်လိုက်တယ် “စီနီယာမမလေး…”

ရှနင်းချန်၏ နားသီးလေးနှစ်ဖက်စလုံး နီရဲသွားခဲ့ပြီး သူမ၏ ခေါင်းလေးကို မသိမသာလေး ငုံ့လိုက်ပြီး ကြောင်ပေါက်လေး လေသံနဲ့ ပြန်ပြောလိုက်တယ် “ဂျူနီယာမောင်လေး…” သူမလေသံက တုန်တောင်တုန်ရီ နေခဲ့ပါတယ်။

“အဟွတ်အဟွတ်…” မန်ဝူရက နှစ်ကြိမ်တိုင်တိုင် ချောင်းဟန့်လိုက်ပြီး ကိုးယိုးကားယား ဖြစ်နေတဲ့ လေထုကို ဖျက်စီးပစ်လိုက်တယ်။ ထို့နောက် ရန်ကိုင် နှုတ်ဆက်စကားကို ဂရုတောင် မထားတော့ပဲ ရှောင်ဖူချန်းဘက်လှည့်ကာ “လူအိုကြီးရှောင်၊ ဧည့်သည်က ဟိုးအဝေးကြီးကနေတောင် လာရတာကို မင်းက ငါတို့ကို အပြင်မှာပဲ စောင့်နေခိုင်းတော့မှာလား”

ရယ်မောရင်း ရှောင်ဖူချန်းက ခပ်မြန်မြန်ပဲ လက်ဝှေ့ရမ်းလိုက်ပြီး “ညီအစ်ကိုမန်က နောက်နေတာပဲ။ ဘယ်လိုလုပ်ပြီး အဲ့လို နေခိုင်းပါ့မလဲ။ လာလာ… အထဲသွားပြီး စကားပြောကြရအောင်”

သူ့စိတ်ထဲမှာ မေးခွန်းတွေ တစ်ပြုံတစ်ခေါင်းကြီး ရှိနေပေမယ့် ရှောင်ဖူချန်းက အတွေ့အကြုံ ရှိတဲ့ လူတစ်ယောက်ပါ။ ထို့ကြောင့် ရန်ကိုင်နှင့် ရှနင်းချန်ကြားမှာ ဆက်ဆံရေးတစ်ခု ရှိနေတယ်ဆိုတာကို သူသတိမထားမိပဲ ဘယ်နေပါ့မလဲ။ သူတို့ ပထမအကြိမ် တွေ့တုန်းက ထိုကောင်မလေးက ၁၂နှစ်ပဲ ရှိသေးတာပါ။ ထိုအချိန်တုန်းက မန်ဝူရက သူမကို သူ့ရဲ့သမီးအရင်း တစ်ယောက် ဆက်ဆံတာပါ။ အခုတော့ ကောင်မလေးက အချစ်ကို စတင် ခံစားတတ်နေခဲ့ပါပြီ။ သိသာစွာပဲ မန်ဝူရက ထိုကိစ္စနဲ့ ပက်သက်ပြီး စိုးရိမ်နေတာပါ။

ဒါက နားလည်လို့ ရပါတယ်။ ဒီလို ရိုးသားအပြစ်ကင်းပြီး ဖြူစင်သန့်ရှင်းတဲ့ စိတ်နှလုံးသားကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေး တစ်ယောက်က သူ့ကို ဆရာအဖြစ် အသိအမှတ် ပြုခဲ့မယ်ဆိုရင် သူလည်း သူမမှားယွင်း ခံစားရမှာကို ကြည့်ရက်လိမ့်မှာ မဟုတ်ပါဘူး

မန်ဝူရနဲ့ ရှောင်ဖူချန်းက ရှောင်ဖူချန်းရဲ့ အိမ်ဆီ ဖြေးဖြေးချင်း လမ်းလျှောက်သွားလိုက်ကြတယ်။ ရှနင်းချန်က ရန်ကိုင်ကို ခေါင်းညိတ်ပြလိုက်ပြီး သူမဆရာနောက်ကို အမှီလိုက်ပါတော့တယ်။

ညင်သာလှသည့် လေသံဖြင့် မန်ဝူရက ရန်ကိုင်ကို လက်ညိုးထိုးပြလိုက်ပြီး “ငါ့ရဲ့ ချစ်တပည့်လေး၊ အဲ့ကောင်စုတ်လေးကို ကြည့်လိုက်စမ်း၊ ဒီကောင်က အထိန်းအကွပ်ကို မရှိဘူး။ သူဘယ်နေရာသွားသွဦး မိန်းမလေးတွေ ဆိုတာ မပါမဖြစ်ပဲ။ အဲ့ဒါကြောင့် သူ့ရဲ့ စရိုက်ကို သေချာမြင်တတ်ရမယ်နော်”

ရှနင်းချန်က အသာအယာပဲ ခေါင်းညိတ်ပြလိုက်ပါတယ်။

“ဒီလူအိုကြီး…” ဒေါင်ချင်းယန်က သူမနှုတ်ခမ်းလေးကို ကွေးလိုက်ပြီး မကျေနပ်သည့် အရိပ်အယောင်တစ်ချို့ သူမမျက်နှာထက် ထွက်ပေါ်လာခဲ့တယ်။

ဒေါ်လေးလန်နှင့် ဒေါ်လေးရှန်တို့ နှစ်ယောက်ကတော့ တခစ်ခစ် ရယ်မောလိုက်ပြီး ရန်ကိုင်ကို အချိန်အနည်းငယ်ကြာအောင် စိုက်ကြည့်နေလိုက်ပြီးနောက် ဧည်သည့်တွေအတွက် လက်ဖက်ရည် ငှဲ့ပေးဖို့ အိမ်ထဲကို ဝင်သွားပါတော့တယ်။

“ဝမ်းကွဲ၊ သူမက ဘယ်သူလဲ” ဘယ်သူမှ မရှိတော့တဲ့အချိန်မှ ဒေါင်ချင်းယန်က စပ်စပ်စုစုနဲ့ မေးလိုက်တယ်။

“သူမက ကောင်းကင်စံအိမ်က ငါ့ရဲ့ စီနီယာအစ်မ တစ်ယောက်ပဲ” ရန်ကိုင် အသာအယာလေး ပြန်ပြောလိုက်တယ်။

“သူမက နင့်ရဲ့ စီနီယာအစ်မ သက်သက်ပဲ ဟုတ်လို့လား” ဒေါင်ချင်းယန် အဓိပ္ပါယ်ရှိရှိပြုံးရင်း ရန်ကိုင်ကို ကြည့်လိုက်တယ်။

ဒါပေမယ့် ရန်ကိုင်က သူမကို တစ်ချက်သာ ပြန်ကြည့်လိုက်ပြီး သူ့အခန်းဆီ လှည့်ထွက်သွားပါတော့တယ်။

သိပ်မကြာခင်မှာပဲ ထိုနေရာမှာ မတ်တပ်ရပ်နေတဲ့ လူဆိုလို့ ဒေါင်ချင်းယန် တစ်ယောက်သာ ရှိပါတော့တယ်။ သူမက နှုတ်ခမ်းလေးဆူ ပါးလေးမို့ရင်း ထိုနေရာမှာ မတ်ပ်ရပ်နေခဲ့ပါတယ်။ သူမအကြည့်က အိမ်နှစ်ခုကြား ကူးကလန် ခတ်နေခဲ့ပြီး နှာခေါင်းရှုံ့ကာ “ဟန့်၊ ဘာတွေ ဖြစ်နေလဲဆိုတာ ငါမသိဘူး ထင်နေတယ်ပေါ့။ ငါက သုံးနှစ်သား ကလေးတစ်ယောက် မဟုတ်တော့ဘူး”

တစ်ခဏလောက် ကြာအောင် တစ်ယောက်ထဲ အတွေးထဲ မျောနေပြီးနောက် ရုတ်တရက်ကြီး ထရယ်ပါတော့တယ်။

မန်ဝူရနဲ့ ရှနင်းချန်တို့ ဆေးဘုရင်တောင်ကြားဆီ လာတယ်ဆိုတာကို ရန်ကိုင် မျှော်လင့်ထားတဲ့ အရာတစ်ခု မဟုတ်ပါဘူး။

ဆေးပညာရှင်တွေ ကြားက ပြိုင်ပွဲက သိပ်မကြာခင်မှာ စတော့မှာဖြစ်ပြီး ကောင်းကင်စံအိမ်ကလည်း ဝင်ရောက် ယှဉ်ပြိုင်ကောင်း ယှဉ်ပြိုင်နိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ စီနီယာမမလေးက အထူးခန္ဓာကိုယ် တည်ဆောက်ပုံကို ပိုင်ဆိုင်ထားတာလေ။ အခု လူငယ်မျိုးဆက်ထဲမှာရှိတဲ့ ဘယ်ဆေးပညာရှင်မဆို သူမနဲ့ ယှဉ်ပြိုင်ဖို့ မထိုက်တန်ပါဘူး။ ထိုဆေးပညာ ပြိုင်ပွဲမှာ သူမသာ ဝင်ပြိုင်မယ်ဆိုရင် ပြိုင်ပွဲက ဆက်ပြီး ကျင်းပစရာတောင် မလိုတော့ပါဘူး။ သူမသာ ဒုတိယဆိုရင် ပထမနေရာကို ယူနိုင်မယ့်လူ ဘယ်သူမှ ရှိလိ့မ်မှာ မဟုတ်ပါဘူး။

တစ်ခဏလောက် ကြာပြီးတဲ့အချိန်မှာတော့ အခန်းတံခါး ခေါက်သံကို သူကြားလိုက်ရတယ်။ ရန်ကိုင်က ပြုံးရင်း မတ်တပ်ရပ်လိုက်ပြီး အခန်းတံခါးကို သွားဖွင့်လိုက်တယ်။ အသေအချာပါပဲ၊ ရှနင်းချန်က အပြင်မှ မတ်တပ်ရပ်နေခဲ့ပါတယ်။

“ဂျူနီယာမောင်လေး” ရှနင်းချန်၏ ကြယ်တာရာအလား တောက်ပတဲ့ မျက်ဝန်းအစုံထဲ ဖုံးဖိမရနိုင်တဲ့ အပျော်တွေကို အထင်းသား မြင်တွေ့နိုင်ပါတယ်။

“အထဲအရင်ဝင်လေ” ရန်ကိုင် ပြောရင်း အခန်းတံခါးကို ဖွင့်ပေးလိုက်ပါတယ်။

ရှနင်းချန်က ခေါင်းညိတ်လိုက်ပြီဂ ညင်သာတဲ့ လေညင်းတစ်ခုလို အခန်းထဲကို အသာအယာ ဝင်သွားလိုက်ပါတယ်။

ရန်ကိုင်လည်း အခန်းတံခါးကို ဖြေးဖြေးချင်း ပြန်ပိတ်လိုက်ပါတယ်။

“စီနီယာမမလေး ဒီနေရာကို ဘယ်လို ရောက်လာတာလဲ” စီနီယာက ရေတစ်ခွက်လောင်းထည့်ပေးရင်း မေးလိုက်တယ်။

“ဒီကမ္ဘာကြီးထဲက အကောင်းဆုံး ဆေးပညာရှင်တွေက ဒီနေရာမှာ ရှိတယ်ဆို့ ဆရာက ပြောတယ်။ ငါ့အတွက် အကူအညီးလေး နည်းနည်းပါးပါးများ ရမလားဆိုပြီး ဆရာကို ငါ့ကို ဒီနေရာဆီ ခေါ်လာတာ” ရှနင်းချန်က နေရာမှာပဲ ငြိမ်သက်စွာနဲ့ ထိုင်နေရင်း ပြောပြလိုက်တယ်။ ရန်ကိုင်ကို တစ်နှစ်လောက် မတွေ့ရပြီးမှ ပြန်တွေ့ရတော့ သူမစိတ်ထဲ အနည်းငယ် စိုးရိမ်နေခဲ့ပါတယ်။ ဒါပေမယ့် စိုးရိမ်ပူပန်နေတာထက် သူမပိုပြီး ပျော်နေခဲ့ပါတယ်။

“အင်း၊ လူအိုကြီးရှောင်က ဒီကမ္ဘာမှာ အကောင်းအဆုံး ဆေးပညာရှင်တစ်ယောက်ပဲ” ရန်ကိုင်က ထောက်ခံသည့် သဘောနှင့် ခေါင်းညိတ်ပြလိုက်တယ်။

“ဂျူနီယာမောင်လေးကကော ဒီနေရာကို ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ” ရှနင်းချန်က မေးလိုက်တယ် “နင် သေမင်းတောင်ဆီ သွားနေတာ မဟုတ်ဘူးလား”

“အဲ့အကြောင်း ပြောရမယ်ဆိုရင်တော့ အရှည်ကြီးပဲ” ရန်ကိုင်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး အသေးစိတ် ပြောမနေတော့ပဲ သူပြောချင်တာကိုသာ ပြောလိုက်တယ် “ကျွန်တော်ဒီမှာ လုပ်ချင်တာ တစ်ခုရှိတယ်”

“နင်လုပ်ချင်တာ တစ်ခုခုလား၊ ငါကူညီပေးနိုင်လား”

သူ့အစီအစဉ်တွေကို သူမဆီကနေ မဖုံးကွယ်ထားချင်ပေမယ့် သူ့ပတ်ပတ်လည်၌ ပါးလျတဲ့ ကောင်းကင်စိတ်အာရုံ တစ်ခုရှိနေတာကို သူခံစားမိနေခဲ့ပါတယ်။ ထိုကောင်းကင် စိတ်အာရုံက မန်ဝူရရဲ့ ကောင်းကင်စိတ်အာရုံ မဟုတ်လို့ ဘယ်သူရဲ့ ကောင်းကင်စိတ်အာရုံ ဖြစ်ပါ့မလဲ။

အဓိပ္ပါယ်ရှိရှိ ပြုံးလိုက်ရင်း ရန်ကိုင်က ရှနင်းချန်ကို အချက်ပြလိုက်ပြီး သူမဆီ စောင်းလိုက်ကာ သူမနားနားကပ်ပြီး တိုးတိုးလေး ပြောလိုက်တယ်။

ရှနင်းချန်၏ နှလုံးခုန်သံ မြန်ဆန်လာခဲ့ပြီး သူမခန္ဓာကိုယ် တစ်ခုလုံးလည်း တောင့်တင်သွားခဲ့ပါတယ်။ သူမ မျက်နှာတစ်ခုလုံးဆိုရင် ရှက်လွန်းလို့ ရဲရဲနီနေခဲ့ပါတယ်။ ချက်ချင်း ပြန်ဆုတ်လိုက်ချင် ပေမယ့် မလုပ်ရဲတဲ့အတွက် စိုးရိမ်တကြီးနဲ့ပဲ ငြိမ်နေလိုက်ပါတယ်။

သူမရှက်နေတာကို ဂရုမထားတော့ပဲ ရန်ကိုင်က သူ့ပါးစပ်ကို သူမ နားအနား ကပ်လိုက်ပြကီး တိုးတိုးလေး ပြောလိုက်တယ် “ကျွန်တော် ဆေးသူတော်စင်တောင်ထွတ်ဆီ သွားပြီး ဆေးရေကန်ကို ကြည့်ချင်နေတာ”

“အင်း…အန်” ရှနင်းချန် စကားလုံးတွေ အထစ်ထစ်အငေါ့ငေါ့ ဖြစ်ကုန်ပါပြီ။ သူမ၏ သေးသွယ်တဲ့ လက်ချောင်းလေးတွေက အဝတ်စကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့ကာ သူမပုံစံကြည့်ရတာတော့ ရန်ကိုင် ပြောသွားတာကို ဘာမှမကြားလိုက်သည့် ပုံပါပဲ။

“အဟွတ်၊ အဟွတ်အဟွတ်” မနီးမဝေး မှာရှိနေတဲ့ မန်ဝူရကတော့ နောက်တစ်ကြိမ် ပြင်းပြင်ထန်ထန် တံတွေး သီးသွားရပြန်ပါပြီ။

“ညီအစ်ကိုမန်” မန်ဝူရနဲ့ မျက်နှာချင်းဆိုမှာ ထိုင်နေတဲ့ ရှောင်ဖူချန်း ကြောင်သွားခဲ့တယ်။ ကူကယ်ရာ မဲ့စွာနဲ့ မန်ဝူရကို နှစ်သိမ့်ပေးရုံပဲ သူတတ်နိုင်ခဲ့ပါတယ် “အချို့အရာအတွေက သူတို့လမ်းကြောင်းနဲ့ သူတို့ရှိတယ်။ အဲ့လိုအရာမျိုးတွေမှာကျ ကိုယ်ကာကွယ် ချင်ရင်တောင် ကိုယ်လုပ်နိုင်တာ ဘာမှမရှိဘူး”

“ငါသိတယ်” မန်ဝူရက ခေါင်းညိတ်ရင်း စိတ်ပျက်ပျက်နဲ့ ပြန်ပြောလိုက်ကာ ကောင်းကင်စိတ်အာရုံကို ပြန်ဆင့်ခေါ်လိုက်တယ်။

သူ့တပည့်ကို သူအရမ်း စိတ်ပူနေပေမယ့် သူမရဲ့ ကိုယ်ပိုင်ဘဝကို သူအမြဲတမ်း ဝင်ပါလို့ မကောင်းပါဘူး။ ဒါပေမယ့် သူနဲ့ ၁၀မီတာလောက်ပဲ ဝေးတဲ့ အိမ်လေးအတွင်းမှာ သူ့တပည့်နဲ့ ထိုကောင်စုတ်က နှစ်ယောက်သာ နီးနီးကပ်ကပ် အတူတူရှိနေမှန်း သိလိုက်ရပြန်တော့ သူ့စိတ်က ထိုအချက်ကို လက်ခံချင်ပြန်ပါဘူး။

ဟား… ငါသာမသိခဲ့ရင် အခုလိုမျိုးတွေ စိုးရိမ်နေရာမှာ မဟုတ်ဘူး

ရန်ကိုင်နှင့် ရှနင်းချန်တို့ အိမ်မှာတော့…

ရှနင်းချန်၏ ခန္ဓာကိုယ်က တောင့်တင်းနေဆဲပါ။ သူမနားနား ပွတ်သပ်သွားတဲ့ လေပူကိုတောင် ခံစားမိနေဆဲ။ သူမ နှလုံးသားလေး ဆိုရင်လည်း ပြင်းပြင်းထန်ထန် ခုန်နေလို့၊ အချိန်အတော် ကြာပြီးတော့မှပဲ ပြန်ပြီးတော့ တုန့်ပြန်နိုင်ခဲ့ပါတယ် “အား… ဂျူနီယာမောင်လေး၊ နင်သွားချင်…”

“ရှူး…”

ရှနင်းချန်က ပြောလက်စ စကားကို ချက်ချင်းပဲ ရပ်လိုက်ပါတယ်။ တစ်ခဏလောက် တိတ်ဆိတ်နေပြီးနောက်

“ငါအဲ့နေရာကို သွားရမယ်”

“စီနီယာမမလေးက အဲ့နောကို သွားဖို့လား” ရန်ကိုင်က သူမကို အံ့အားသင့်စွာနဲ့ ကြည့်လိုက်တယ်။

ရှနင်းချန်က အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး “နက်နဲတဲ့ အမှန်တရား တစ်ခုကို အဲ့နေရာမှာ ဖုံးကွယ်ထားတယ်လို့ ဆရာကပြောတယ်။ ဆေးပညာရှင် ဂရမ်းမစတာတစ်ယောက် သူ့တစ်ဘဝလုံး နားလည်ခဲ့တဲ့ ထိုးထွင်းသိမြင်မှုတွေကို အဲ့နေရာမှာ ဖုံးကွယ်ထားတာလည်း ဖြစ်နိုင်တယ်တဲ့။ ဆရာက ငါ့ကို အဲ့ဒါကို သွားလေ့လာစေချင်တာ။ အဲ့လို တောင်းဆိုချက်က ဆေးဘုရင်တောင်ကြားက အကြီးအကဲတွေက လက်ခံမခံဆိုတာကိုပဲ ငါမသေချာသေးတာ”

“စီနီယာမမလေးသာဆိုရင် လူအိုကြီးရှောင်က ကျိန်းသေ သဘောတူမှာပဲ” ရန်ကိုင်က တစ်ချက်လောက် တွေးလိုက်ပြီးနောက် ပြုံးကာ ပြောလိုက်တယ်။

ဆေးရေကန်ထဲမှာ ဘယ်လို ဆန်းကြယ်မှုတွေကို ဖုံးကွယ် ထားလဲဆိုတာ သူမသိပေမယ့် ရှနင်းချန်သာ အရင်သွားပြီး သေချာလေ့လာလိုက်မယ် ဆိုရင် သူ့အတွက် ပိုလွယ်ကူသွားပါပြီ။

သူကိုယ်တိုင် သွားရတာထက်တော့ ပိုကောင်းတာ မရှိပါဘူး။ ဒါပေမယ့် လူအိုကြီးရှောင်က သူ့အပေါ် ကောင်းနေတယ် ဆိုရင်တောင် ဆေးရေကန်ကို သူ့အတွက် ဖွင့်လှစ်ပေးဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် မန်ဝူရနဲ့ ရှနင်းချန်တို့ကတော့ ကွဲပြားသွားပါပြီ။ မန်ဝူရက သူ့အသက်ကို ကယ်ခဲ့တဲ့လူ။ ရှနင်းချန်က ထွတ်မြတ်စိတ်ဝိဥာဉ်ဆေးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့လူ။ အဲ့တော့ သူမအတွက် ချွင်းချက်ထားပြီး ဆေးရေကန်ကို ဖွင့်လှစ်ပေးကောင်း ဖွင့်လှစ်ပေးနိုင်ပါတယ်။

စီနီယာမမလေးက အမြဲတမ်း ငါ့ကို ကယ်နေတာပဲ ၊ ဒီတစ်ကြိမ်လည်း အတူတူပဲ ရန်ကိုင်က သူ့ဘာသာသူ တွေးလိုက်တယ်။

သူစိတ်ကောင်း ဝင်နေတဲ့အချိန်မှာပဲ ရန်ကိုင်က ရုတ်တရက် တံခါးရှိရာဘက်ကို စူးစိုက်ကြည့်လိုက်တယ်။ နောက် မိစ္ဆာဆန်ဆန် ပြုံးရင်း အစစ်အမှန်ချီလှိုင်းတစ်လှိုင်းကို တံခါးရှိရာဆီ ပို့လွှတ်လိုက်တယ်။

ချီလှိုင်းက တံခါးနဲ့ထိသွားတာနဲ့ တစ်ပြိုင်နက် ချက်ချင်းပဲ ပေါက်ကွဲသွားခဲ့ပါတယ်။

“အား” နားကို တံခါးနဲ့ကပ်ပြီး ချောင်းနားထောင်နေတဲ့ ဒေါင်ချင်းယန်က ရုတ်တရက် ထအော်လိုက်ပါတယ်။ ထောက်ကူစရာ မရှိတော့တဲ့အတွက် ချက်ချင်းပဲ မြေကြီးပေါ်ကို မျက်နှာမူက လဲကျသွားခဲ့ပါတယ်။

“နင်ဘာတွေ လာချောင်းနားထောင်နေတာလဲ” ရန်ကိုင်က သူမကို စိုက်ကြည့်ရင်း မေးလိုက်တယ်။

ဒေါင်ချင်းယန်က မတ်တပ်ရပ်လိုက်ပြီး သူမ အဝတ်က ဖုန်တွေကို ခါလိုက်ပြီးနောက် တခစ်ခစ်ရယ်မောလိုက်ကာ ရှနင်းချန်ကို စိတ်ဝင်တစားနဲ့ စိုက်ကြည့်လိုက်တယ်။

“ဒါက…” ရှနင်းချန်က သိချင်စိတ်နဲ့ မေးလိုက်ရင်း ထိုင်နေရာက ချက်ချင်း ထလိုက်တယ်။

“ကျွန်တော့်ဝမ်းကွဲလေ … ဒေါင်မိသားစုရဲ့ အဖိုးတန် သခင်မလေးပေါ့” ရန်ကိုင်က ပြန်ဖြေလိုက်တယ်။

“ဒေါင်မိသားစုလား၊ အရင်တုန်းကလဲ ကောင်းကင်စံအိမ်ကို လာတဲ့ ဒေါင်မိသားစုဝင် တစ်ယောက် ရှိသေးတယ်နော်”

“ဟုတ်တယ်၊ အရင်တုန်းက လာတဲ့ ဒေါင်မိသားစုဝင်က သူမရဲ့ အစ်ကိုကြီးပဲ”

“အဲ့တော့ နင်က သခင်မလေးဒေါင်ပေါ့နော်”

“အဲ့လောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူး။ ဒီမှာ အပြင်လူမှ မရှိတာ…” ဒေါင်ချင်းယန်က သူမကိုယ်သူမ အပြင်လူ တစ်ယောက်လို့ တွေးမထားပါဘူး။ သူမရှေ့က မမလှလှကို သေချာစစ်ဆေးရင်း ရှနင်းချန်၏ ရှက်သွေးဖြာနေတဲ့ မျက်နှာလေးကို စိုက်ကြည့်နေလိုက်ပြီးနောက် ပြုံးကာ မေးလိုက်တယ် “အစ်မက … ငါ့ရဲ့ မရီးလားဟင်”

ရှနင်းချန် လဲကျလုမတတ် ဖြစ်သွားခဲ့ပြီး သူမနှလုံးသားလေး ဆိုရင် လည်းချောင်းထဲကနေတောင် ခုတ်ထွက်တော့မတတ် ဖြစ်သွားခဲ့ပါတယ်။ ထို့နောက် ရန်ကိုင်ဆီ ပြန်လှည့်ကြည့်လိုက်ပြီး ကမန်းကတန်းနဲ့ လက်ဝှေ့ရမ်းလိုက်ရင်း ပြောလိုက်တယ် “မ… မဟုတ်… မဟုတ်ဘူး၊ နင့်ရဲ့ မရီးက … အခြားတစ်ယောက်… “

“ဟင်း… ကြည့်ရတာ အစ်မလည်း အနှေးနဲ့အမြန် ကျွန်မရဲ့ မရီးဖြစ်လာမှာပဲကို” ဒေါင်ချင်းယန်က ခေါင်းလေးညိတ်ပြီး ယုံကြည့်ရှိတဲ့ လေသံနဲ့ ပြောလိုက်တယ်။

ထို့နောက် ကျောလေးကို မတ်၊ ချောင်းဟန့်ချင်ယောင် ဆောင်လိုက်ပြီးနောက် အနားမှာရှိတဲ့ ထိုင်ခုံဆီသွားလိုက်ပြီး ရန်ကိုင်နဲ့ ရှနင်းချန်ရှေ့ ထိုင်ချလိုက်ပြီးနောက် ထိုစုံတွဲ နှစ်ယောက်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေလိုက်ပါတယ်။ နောက်ဆုံးမှာတော့ ရယ်မောရင်း ပြုံးကာ ပြောလိုက်တယ် “ကဲ၊ ကျွန်မကို အာရုံမစိုက်နဲ့တော့။ လုပ်စရာရှိတာသာ ဆက်လုပ်ကြပါ”

ဒီကောင်မလေးက အပျိုလေးဖားဖား ဖြစ်နေပြီလေ။ အဲ့တော့ ယောကျ်ားနဲ့ မိန်းမကြားက အချစ်ကို စိတ်ဝင်စားတာလည်း မထူးဆန်းပါဘူး။ နောက်ဆုံးတော့ သင်ကြားရမယ့် စုံတွဲတစ်တွဲ တွေ့သွားပြီ ဖြစ်တဲ့အတွက် စပ်စုလိုစိတ် ပြင်းထန်လာတာကိုလည်း အပြစ်ပြောလို့တော့ မရပါဘူး။

ရှနင်းချန်က ဘေးပတ်ပတ်လည်ကို လှည့်ပတ်လိုက်ကြီး ကူကယ်ရာမဲ့စွာနဲ့ တိုးတိုးလေး ပြောလိုက်တယ် “ဆရာက ငါ့ကို ခေါ်နေပြီနဲ့တူတယ်။ ငါအရင်သွားတော့မယ်နော်”

ပြောပြီးတာနဲ့ အလျင်စလို ထွက်သွားပါတော့တယ်။

ဒေါင်ချင်းယန် ကြောင်သွားခဲ့လေပြီ။ သူမ မျက်နှာက စိတ်ပျက်သည့် အရိပ်အယောင်တို့ဖြင့် ပြည့်နေခဲ့ပြီး မျက်မှောင်ကြုံရင်း ရေရွတ်လိုက်ပါတယ် “မှားသွားတာလား … အဲ့လို မဖြစ်လိုက်သင့်ဘူး”

“နင်အခု ဘာတွေ တွေးနေတာလဲ” ရန်ကိုင်ကို သူမကို ထူးဆန်းသည့် အရာတစ်ခုကို ကြည့်နေသလိုမျိုး ကြည့်လိုက်တယ်။

“နင်တို့ နှစ်ယောက်က အချိန်အကြာကြီးကြာမှ ပြန်ဆုံရတာလေ။ အဲ့တော့ နင်… နင်တို့နှစ်ယောက်က ပိုပြီး ချိုသာတဲ့ စကား ချိုချိုလေးတွေကို ပြော၊ နှစ်ယောက်သားကြား ချစ်စိတ်ပြင်းပြတဲ့ လေထုကို တည်ဆောက်ပြီး အဲ့နောက်… နောက်…”

ထိုနားရောက်တာနဲ့ ဒေါင်ချင်းယန် ရှက်သွားခဲ့ပြီး အလိုလို ခေါင်းလေး ငုံ့သွားခဲ့ပါတယ်။

ရန်ကိုင်က ဖွဖွလေး သက်ပြင်းချလိုက်ပြီး “အဲ့လိုမျိုး ဖြစ်သင့်တာ။ ဒါပေမယ့် နင်ဝင်ရှုပ်လိုက်တော့ အဲ့လိုအရာတွေက မဖြစ်နိုင်တော့ဘူး။ နားလည်ပြီလား”

ဒေါင်ချင်းယန်၏ ခန္ဓာကိုယ်လေး တုန်ရီသွားခဲ့ပြီး ရုတ်တရက် အပြစ်ရှိသလို ၊နောင်တရသလို ခံစားလိုက်ရကာ “အိုးဝမ်းကွဲရယ်၊ ငါမှားသွားလို့ပါနော်။ နောက်တစ်ကြိမ် နင်တို့ နှစ်ယောက် အတူတူရှိနေရင် ငါဝင်မရှုပ်တော့ပါဘူးနော်”

“ဟွန့်၊ နင့်ကိုယ်နင်တော့ သိသား။ သွား… သွားတော့” ရန်ကိုင်က လေးနက်စွာနဲ့ ခေါင်းညိတ်ပြလိုက်တယ်။

“အင်း”

အခြားတစ်ခန်းမှာတော့ မန်ဝူရနဲ့ ရှောင်ဖူချန်းက လက်ဖက်ရည် သောက်ရင်း စကားစမြည် ပြောနေခဲ့ကြတယ်။

ရှောင်ဖူချန်းက အသာအယာလေး ရယ်မောလိုက်ပြီး လက်ဖက်ရည်ခွက်ကို ချလိုက်ကာ ခေါင်းညိတ်လိုက်ပြီး “ငါသိတာပေါ့။ ဆေးပညာနဲ့ ပက်သက်ပြီး ညွှန်ကြားပေးရမယ် ဆိုရင်တော့ ဒီလူအိုကြီး မကန့်ကွက်ပါဘူး။ ဒါပေမယ့် မင်းရဲ့ တောင်းဆိုချက်က…”

“ဟင်း၊ အဲ့ဒါက အဆင်မပြေဘူးလား”

“အဆင်မပြေတာ မဟုတ်ဘူး။ ဒါပေမယ့် အဲ့ဒါက မင်းတပည့်ရဲ့ အရည်အချင်းပေါ်လည်း မူတည်ဦးမယ်။ သူမသာ အရည်အချင်း မပြည့်မှီဘူးဆိုရင် ဆေးရေကန်ကို သွားဖို့ ငါသူမကို ခွင့်ပြုမယ် ဆိုရင်တောင် အားလုံးက အလဟဿ ဖြစ်သွားမှာ။ တကယ်တော့ ဆေးရေကန်ကို ဖွင့်ဖို့ဆိုတာ တော်တော်လေး အကုန်အကျများတာကိုး”

ထိုစကားကို ကြားလိုက်တာနဲ့ မန်ဝူရက အူလှိုက်သည်းလှိုက် ရယ်မောလိုက်ပြီး “ငါ့ရဲ့ တပည့်က အရည်အချင်း မပြည့်တာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ သူမသာ အရည်အချင်း မမှီဘူးဆိုရင် ကောင်းကင်ဘုံအောက်မှာ နောက်ထပ် အရည်အချင်း မှီတဲ့လူ ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူး”

“မင်းက အဲ့လောက်တောင် ယုံကြည်ချက် ရှိတယ်ပေါ့” ရှောင်ဖူချန်း မျက်မှောင်ကြုံ့မိလိုက်တယ်။

မန်ဝူရက ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်ကာ “အဲ့ဒါက ငါ့ကိုယ်ငါ ယုံကြည်ချက် ရှိနေတာမဟုတ်ဘူး။ ငါ့တပည့်ကို လုံးဝကို ယုံကြည်ထားတာ။ မင်းမယုံဘူးဆိုရင် သူမအရည်အချင်းကို သွားစမ်းသပ်ကြည့်လို့ ရတယ်”

ရှောင်ဖူချန်း အနည်းငယ်‌ ကြောင်အသွားခဲ့ပြီးနောက် “ကောင်းတယ်။ အခု ဒီလူအိုကြီး ပိုပြီးစိတ်ဝင်စားလာပြီ”

“ချန်အာ” မန်ဝူရက ခေါ်လိုက်တယ်။

“သမီး၊ ဒီမှာဆရာ” ရှနင်းချန်က ခပ်မြန်မြန်ပဲ ပြန်ထူးလိုက်ပါတယ်။

“လူအိုကြီးရှောင်က နင့်ရဲ့ ဆေးပညာ အရည်အချင်းကို စမ်းသပ်ချင်တယ်တဲ့။ သူ့ကို ပြလိုက်ပါဦး။ သူ့ကို စိတ်မပျက်စေနဲ့နော်” မန်ဝူရက ရယ်ကာမောကာနဲ့ ပြောလိုက်တယ်။

“ဟုတ်ကဲ့ပါ၊ ဆရာ”

Martial Peak

အပိုင်း(၂၈၀) ဆန်းကြယ်ထိပ်ဆုံးအဆင့်ကိုများ ထည့်တွက်နေသေးတယ်

ရှနင်းချန်၏ ဆေးပညာ အရည်အချင်းကို စမ်းသပ်တဲ့အချိန် ရှောင်ဖူချန်းက ရန်ကိုင်နဲ့ ဒေါင်ချင်းယန်ကို ဘေးကနေ ထိုင်ကြည့်နေစေခဲ့တယ်။ လူအိုကြီးရှောင်က သူ့တပည့်ကို ဒီကနေ အတွေ့အကြုံ ရစေချင်တာ သိသာပါတယ်။ ရန်ကိုင်လား… သူကတော့ ဒီအတိုင်း ခေါ်ထားရုံပါပဲ။

စမ်းသပ်မှုက တစ်ရက်လုံးလုံး ကြာခဲ့ပါတယ်။ လူအိုးကြီးရှောင်က ရှနင်းချန်းကို ဆေးပညာနဲ့ ပက်သက်တဲ့ မေးခွန်းမျိုးစုံ မေးခဲ့တယ်။ မေးခွန်းတွေက အချိန်ကြာလာတာနဲ့ တဖြည်းဖြည်း နက်နဲလာပြီး ပိုခက်ခဲလာမှာကတော့ အသေအချာပဲပေါ့။

ရှနင်းချန်က မေးခွန်းတစ်ခုစီတိုင်းကို လေးနက်စွာနဲ့ အသေစိတ်ရှင်းပြ ဖြေဆိုခဲ့ပါတယ်။

နေ့တစ်ဝက် ကြာပြီးတဲ့ အချိန်မှာတော့ လူအိုကြီးရှောင်ရဲ့ မျက်နှာထက် အံ့အားသင့်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့တယ်။ တစ်ရက်ကြာပြီးတဲ့ အချိန်မှာတော့ သူ့မျက်နှာက မယုံကြည်နိုင်သည့် အရာတစ်ခုကို မြင်လိုက်ရသလိုမျိုး ဖြစ်သွားခဲ့ကာ ရှနင်းချန်ကို ကြည့်တဲ့ သူ့အကြည့်တွေတောင် ပြောင်းလဲသွားရပါပြီ။

သူ့ပုံစံ ကြည့်ရတာ အရမ်းရှားပါးပြီး အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုကို တွေ့လိုက်ရသလိုမျိုး ရှနင်းချန်ကို ကြည့်တဲ့ သူ့အကြည့်တွေထဲမှာ လောဘနဲ့ မနာလိုမှုတို့ ပါဝင်လာခဲ့တယ်။

မန်ဝူရကတော့ ဘေးကနေ ထိုင်နေရင်း ဂုဏ်ယူစွာနဲ့ ရယ်မောနေခဲ့တယ်။ ဒေါင်ချင်းယန်၏ အကြည့်တွေထဲမှာလည်း လေးစားအားကျသည့် အရိပ်အယောင်တို့ ပါဝင်နေခဲ့ပြီး ရန်ကိုင် တစ်ယောက်သာ သာမန်ကိစ္စတစ်ခုကို မြင်နေရသလိုမျိုး ဟန်ပန် အမူအရာနဲ့ ရှိနေခဲ့တယ်။

တစ်ရက်ကြာပြီးနောက် လူအိုကြီးရှောင်က သက်ပြင်းအရှည်ကြီး တစ်ချက် ရှိုက်သွင်းလိုက်တယ်။

“ကဲ၊ အခုဘယ်လိုလဲ” မန်ဝူရက ရှောင်ဖူချန်းကို ကြည့်လိုက်ပြီး မောက်မာစွာနဲ့ ပြုံးလိုက်တယ်။

ရှောင်ဖူချန်း၏ အကြည့်က လေးနက်တည်ကြည် သွားခဲ့ပြီး အချိန်အတော်ကြာအောင် တိတ်တဆိတ် တွေးတောနေလိုက်ပြီး နောက်ဆုံးမှာတော့ ပြောလိုက်ပါပြီ “သူမရဲ့ အခြေပညာရပ်တွေနဲ့ သီအိုရီပိုင်း အသိပညာက မောင့်တိုင်လို တကယ်ကို သိပ်သည်း ကျစ်လစ်လွန်းတယ်။ ဒီလူအိုကြီးတောင် မသိတဲ့အရာတွေကိုတောင် သူမသိထားသေးတယ်”

ရှနင်းချန်၏ ဆေးပညာ အရည်အချင်းကို ဆန်းစစ်ရာကနေ လူအိုကြီးရှောင်လည်း အကျိုးအမြတ် များစွာ ရခဲ့ပါတယ်။ ဒါက စမ်းသပ်မှုတစ်ခုလို့ ခေါ်လို့ မရတော့ပါဘူး။ အဲ့အစား အဆင့်တူ ဆေးပညာရှင် နှစ်ယောက်ကြားက ဆေးပညာနဲ့ ပက်သက်တဲ့ အသိပညာ နှီးနှောဖလှယ်ပွဲလို့တောင် ပြောနိုင်ပါတယ်။ ကွဲပြားသွားတာလေး တစ်ချက်က ရှောင်ဖူချန်းက မေးခွန်းပဲ မေးပြီး ရှနင်းချန်က အဖြေပဲ ဖြေရတာလေးပါ။

“ဒါက သဘာဝပဲလေ” မန်ဝူရက ဂုဏ်ယူဝံ့ကြွားသည့် လေသံနှင့် ပြောလိုက်တယ်။

ရှောင်ဖူချန်းက ရယ်မောလိုက်ပြီး မန်ဝူရကို အဓိပ္ပါယ်ပါသည့် အကြည့်နှင့် ကြည့်လိုက်ကာ “သီအိုရီက တစ်ပိုင်းပဲ ရှိသေးတယ်။ ဒါပေမယ့် တစ်ခါတစ်ရံကျတော့ သီအိုရီပိုင်းကို သိတာက တကယ့်လက်တွေ့ကို အထောက်အကူ မပြုနိုင်သေးဘူး”

မန်ဝူရက အမြီးတက်နင်းခံရတဲ့ ကြောင်းတစ်ကောင်လို တရူးရူး တရှဲရှဲ ဖြစ်သွားပြီး “လူအိုကြီးရှောင်၊ ငါတပည့် အရည်အချင်းက မင်းကို မကျေနပ်စေနိုင်ဘူးဆိုရင် ငါ့မျိုးရိုးနာမည်ကို ရှောင်အဖြစ်ပြောင်းပြီး မင်းကို အဖေခေါ်လိုက်မယ်”

ထိုစကားကို ကြားလိုက်တဲ့အချိန် ဒေါင်ချင်းယန်က ဝမ်းဗိုက်ကို လက်နှင့် ကိုင်ပြီး ဝါးလုံးကွဲအော်ဟစ် ရယ်မောပါတော့တယ်။ ရယ်ရလွန်းလို့ သူမရဲ့ ပုခုံးလေးတွေတောင် အဆက်မပြတ် တုန်ရီနေခဲ့ပါတယ်။

ရှောင်ဖူချန်းက သက်ပြင်းသဲ့သဲ့ ချလိုက်ပြီး ပြုံးလိုက်ရင်း ရှနင်းချန်ဘက် လှည့်ကာ မေးလိုက်တယ် “အခု နင်သန့်စင်နိုင်တဲ့ ဆေးလုံးက ဘယ်အဆင့်လဲ”

“ဆန်းကြယ်အဆင့်နိမ့်ပါ…” ရှနင်းချန်က လေးသံတိုးတိုးနဲ့ ပြန်ပြောလိုက်တယ်။

ထိုစကားကို ကြားလိုက်တာနဲ့ ရှောင်ဖူချန်း တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ပြီး သူ့ရဲ့ မျက်နှာ အရောင်တောင် ပြောင်းလဲသွားခဲ့ရပါပြီ။ ချက်ချင်းပဲ သူ့ရှေ့က မိန်းကလေးကို သေချာစိုက်ကြည့်လိုက်တယ်။ ဒါပေမယ့် ကောင်မလေးရဲ့ မျက်နှာထက်၌ နောက်နေသည့် အရိပ်အယောင် တစ်စွန်းတစ်စကိုမှလည်း သူမတွေ့ရပါဘူး။ ဒါပေမယ့် ထိုကြယ်တာရာကဲ့သို့ တောက်ပနေသည့် မျက်ဝန်းအစုံက မည်သည့် မသန့်စင်မှုမှ မပါဝင်ပဲ တောက်ပမြဲ တောက်ပနေခဲ့ပါတယ်။ သူမ လိမ်နေတဲ့ အရိပ်အယောင်က ဘယ်မှာလဲ။

ဆန်းကြယ်အဆင့်နိမ့်…

ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ဆန်းကြယ်အဆင့်နိမ့် ဆေးပညာရှင်တစ်ယောက် ဖြစ်နေတာ တကယ်ကြီးလား။

ဆေးဘုရင်တောင်ကြားရဲ့ ထိပ်ဆုံးတပည့် ဖြစ်တဲ့ ချင်ကျဲက ဒီနှစ်ဆို၃၅နှစ် ပြည့်ပါပြီ။ ဒါတောင် သူက ကောင်းကင်အဆင့် ဆေးပညာရှင် တစ်ယောက်ပဲ ဖြစ်ပါသေးတယ်။ အသက်အရွယ်ပိုင်း အရဆိုရင် ချင်ကျဲက သူမထက် အသက်၂ဆ ပိုကြီးပါတယ်။

ဒီကမ္ဘာကြီးမှာ ဘယ်လိုလုပ်ပြီး ဒီလောက်ကြောက်ဖို့ ကောင်းတဲ့ ဂျီးနီးယပ်မျိုး ရှိနေတာလဲ။

“နင်ဆန်းကြယ်အဆင့် ဆေးလံးတွေ သန့်စင်မယ်ဆိုရင် အောင်မြင်နိုင်ချေ ဘယ်လောက်ရှိလဲ” ရှောင်ဖူချန်းက မေးလိုက်တယ်။

“တစ်ကြိမ်ပဲ အောင်မြင်ဖူးသေးတယ်… ပြီးတော့ အဲ့အချိန်တုန်းကလည်း တော်တော်လေး ခက်ခဲခဲ့တယ်”

“အို…” ရှောင်ဖူချန်း သက်ပြင်းအရှည်ကြီး မှုတ်ထုတ်လိုက်တယ်။ သူမပေးတဲ့ ဒီအကြောင်းပြချက်ကတော့ တော်တော်လေး ကျိုးကြောင်းသင့်ပါတယ်။ ဆန်းကြယ်အဆင့်နိမ့်ဆေးလုံးကို သူမ ကံကောင်းပြီးတော့ သန့်စင်နိုင်ခဲ့တာပဲ ဖြစ်ရပါမယ်။ အဲ့တော့ အဲ့ဒါကို ထည့်မတွက်လည်း ရပါတယ်။

နောက် သူ့မေးခွန်းကို ခပ်မြန်မြန် ပြောင်းလိုက်တယ် “ကောင်းကင်အဆင့် ဆေးလုံးကိုရော”

“တစ်ခါမှ မကျရှုံးဘူးဖူး”

“ဘယ်လို” ရှောင်ဖူချန်း နောက်တစ်ကြိမ် အံ့အားသင့်သွား ရပြန်ပါပြီ။ “တစ်ခါမှ မကျရှုံးဘူးဖူး ဟုတ်လား”

ရှနင်းချန်က ခေါင်းပြန်ညိတ်ပြလိုက်တယ်။

“မဖြစ်နိုင်ဘူး” ရှောင်ဖူချန်းက မျက်မှောင်ကြုံ့လိုက်ပြီး “ဒီလူအိုကြီး ကိုယ်တိုင် သန့်စင်မယ် ဆိုရင်တောင် ၁၀၀ ရာခိုင်နှုန်း အောင်မြင်မယ်လို့ အာမမခံနိုင်ဘူး”

ဆေးဖော်စပ်ရာမှာ စွန့်စားရတာတော့ အနည်းနှင့် အများဆိုသလို ပါဝင်ပါတယ်။ သူကိုယ်တိုင်က ဒီကမ္ဘာကြီးရဲ့ ဆေးပညာလမ်းစဉ်မှာ အထွတ်အထိပ်ကို ရောက်နေပြီဆိုပေမယ့် ကောင်းကင်အဆင့် ဆေးလုံးကို ၁၀၀ရာခိုင်နှုန်း အောင်အောင်မြင်မြင် ဖော်စပ်နိုင်မယ်လို့ မပြောနိုင်သေးပါဘူး။

ဒါပေမယ့် မန်ဝူရက ရယ်မောလိုက်ပြီး “မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ ညီအစ်ကိုရှောင်၊ ငါ့တပည့်ပြောတာကို မင်းမယုံနိုင်သေးဘူး ဆိုရင် စမ်းသာ စမ်းသပ်ကြည့်လိုက်၊ မင်းနာလည်သွားလိမ့်မယ်”

ရှောင်ဖူချန်း၏ မျက်နှာက လေးနက်သွားခဲ့ပြီး ခဏတာလောက် တုန့်ဆိုင်းနေပြီးနောက် မတ်တပ်ရပ်ကာ လူအုပ်ကြီးကို အချက်ပြလိုက်တယ် “ငါနဲ့လိုက်ခဲ့”

လူတိုင်းလည်း သူ့နောက်ကနေ ခပ်မြန်မြန် လိုက်သွားခဲ့တယ်။ သူ့အိမ်ထဲ ဝင်လာပြီးနောက် ရှောင်ဖူချန်းက အားလုံးကို မြေအောက်လိုဏ်ခေါင်းတစ်ခုစီ ခေါ်ဆောင်သွားခဲ့တယ်။ ကြည့်ရတာတော့ တိမ်ဖုံးတောင်ထွတ်မှာ မြေအောက်လိုဏ်ခေါင်းတွေ အများကြီး ရှိတဲ့ပုံပါပဲ။

ကျောက်ခန်းလေးက သာမန်အိမ်လေး ၁၀လုံးစာလောက် ကျယ်ဝန်းပါတယ်။ အခန်းထဲတွင် ဆေးမီးဖိုများစွာ ရှိနေခဲ့ပြီး ဆေးစဉ်တွေလည်း များစွာ ရှိနေခဲ့ပါတယ်။ ဆေးစဉ်တွေ ပေါ်မှာတော့ ဆေးပင်မျိုးစုံ ရှိနေခဲ့ပြီး တစ်ချက် ကြည့်လိုက်ရုံနဲ့တင် ဒီကျောက်ခန်းလေးထဲမှာ ဆေးပင်များစွာကို သိမ်းဆည်းထားတယ် ဆိုတာ သိနိုင်ပါတယ်။

“မင်းမှာ ကောင်းတာ တော်တော်များများ ပိုင်ဆိုင်ထားတာပဲ” မန်ဝူရက ဘေးပတ်ပတ်လည်ကို ကြည့်ရင်း ပြောလိုက်တယ်။ တစ်ခါတစ်ရံ ဆေးပင်တစ်ချို့ကို ကောက်ယူ စစ်ဆေးကြည့်လိုက် တတ်ပါသေးတယ်။

ရှောင်ဖူချန်းက ထိုကိစ္စကို စိတ်ထဲမထားပဲ သာမန်ကာလျှံကာ လေသံဖြင့် ပြန်ပြောလိုက်တယ် “အဲ့ဆေးပင်တွေ အားလုံးက ဒီလူအိုကြီး တစ်ဘဝလုံး စုဆောင်းလာခဲ့ရတဲ့ ဆေးပင်တွေပဲလေ”

ရှောင်ဖူချန်းကို ဆေးဖော်စပ်ခိုင်းဖို့ လာတောင်းဆိုတဲ့ လူတိုင်း အဖိုးတန်တဲ့ ပစ္စည်းတွေကို ယူဆောင်လာစမြဲပါ။ ထိုအဖိုးတန် ရတနာတွေ အားလုံးကို သူက ဒီကျောက်ခန်းလေးထဲမှာပဲ သိမ်းဆည်းထားခဲ့တာပါ။

ရှောင်ဖူချန်းက ရှနင်းချန်ဆီ လှည့်ကြည့်လိုက်ပြီး “တူမလေး၊ ဒီထဲက ကြိုက်တဲ့ ဆေးအမယ်တွေကို နင်ယူသုံးနိုင်တယ်။ နင်အကောင်းဆုံး ဆေးလုံးကို ဖော်ပြစမ်းပါလား၊ ဒီလူကြီး ကြည့်ရအောင်”

“ဟုတ်ကဲ့ပါ” ရှနင်းချန်က ယဉ်ယဉ်ကျေးကျေးနဲ့ ပြန်ပြောလိုက်ပြီး ဆေးအမယ်တွေကို စတင်စုဆောင်းပါတော့တယ်။

ဒေါင်ချင်းယန်နဲ့ ရန်ကိုင်က သူမနောက်လိုက်ပြီး သူမရွေးထားတဲ့ ဆေးပင်တွေကို ကူသယ်ပေးပါတယ်။ လက်ဖက်ရည် ခွက်တစ်ဝက်စာလောက် ကြာတဲ့အချိန်မှာတော့ လိုအပ်တဲ့ ဆေးပင်တွေ အားလုံးကို စုဆောင်းပြီးသွားပါပြီ။

ဒါပေမယ့် ရှောင်ဖူချန်းက သူမစုဆောင်းတဲ့ ဆေးပင်တွေကို လာစစ်ကြည့်လိုက်တဲ့အခါ မျက်မှောင်ကြုံ့လိုက်ပြီး “ဆေးအမယ်တွေက ကောင်းကင်အလယ်အလတ် အဆင့် ဆေးလုံးကို သန့်စင်တဲ့ နေရာမှာ သုံးတဲ့ ဆေးအမယ်တွေပဲ။ တူမလေးက တကယ်ပဲ ယုံကြည်ချက် အပြည့် ရှိတာလား”

ဒါပေမယ့် ရှနင်းချန်က ခေါင်းပြန်ညိတ်ပြလိုက်တယ်။

“ကောင်းပြီ၊ အဲ့လိုဆိုရင် စကြတာပေါ့။ ဒီမှာရှိတဲ့ ကြိုက်တဲ့ဆေးမီးဖိုကို ယူအသုံပြုလို့ရတယ်။ ဘာပဲ ဖြစ်ဖြစ် ဒီလူအိုကြီးမှာရှိတဲ့ ဆေးမီးဖိုတွေက နည်းတာမှ မဟုတ်လား”

“မလိုပါဘူး…” ရှနင်းချန်က ညင်သာတဲ့ လေသံနဲ့ ပြန်ပြောလိုက်ပါတယ်။

“ဆေးမီးဖို မလိုဘူးလား…” ရှောင်ဖူချန်းက စကားဆုံးအောင် မပြောရသေးခင်မှပဲ ရှနင်းချန်ဆီကနေ အစစ်အမှန် ချီစွမ်းအင်လှိုင်းတွေ ထွက်ပေါ်လာတာကို ခံစားမိလိုက်သဖြင့် သူ့ပြောလက်စ စကားတွေကို ပြန်မျိုချထားလိုက်ရတယ်။

ဆေးပင်တွေကို ကောက်ယူလိုက်ပြီး အစစ်အမှန်ချီကို အမျှင်အမျှင် လေးတွေ ဖြစ်အောင် လုပ်ကာ ဆေးပင်တွေထဲ ထိုးသွင်းလိုက်တယ်။ ထို့နောက် ဆေးပင်တွေထဲရှိ ဆေးအဆီအနှစ်တွေကို စတင်ထုတ်ယူပါတော့တယ်။ သိပ်မကြာခင်မှာပဲ မိုးစက်ကလေး တွေနဲ့ ဆင်တူသည့် ဆေးအဆီအနှစ်တွေက လေထဲမှာ စုဝေးလာပြီး နောက်ဆုံးမှာတော့ သင်းပျံ့သည့် ဆေးအရည်အဖြစ် ပြောင်းလဲလာခဲ့တယ်။

သူမလက်ကောက်ဝတ်ကို လှုပ်ရှားလိုက်တဲ့အချိန် ဆေးအဆီအနှစ် အရည်တစ်စက်က သူမ၏ အခြားလက်တစ်ဖက်ဆီ ရောက်သွားပြီး ကျောက်စိမ်းဖြူရောင် လက်ဝါးထက်ပေါ်မှာ အသာအယာ မျောနေခဲ့တယ်။

ရှနင်းချန်က နောက်ထပ်ဆေးပင်တစ်ပင်ကို ကောက်ယူလိုက်ပြီး အစောပိုင်းတုန်းက အတိုင်း နောက်ထပ် ဆေးအဆီအနှစ် အရည်တစ်စက်ကို ထပ်မံစုဆောင်း လိုက်ပြန်ပါတယ်။ ဆေးအဆီအနှစ် ထုတ်ယူခံရတဲ့ ဆေးပင်တိုင်းက သိပ်မကြာခင်မှာပဲ ညိုးခြောက်သွားခဲ့ကြပါတယ်။

“ကောင်းကင်ဘုံရေ…” ဒေါင်ချင်းယန် မျက်ဝန်းအစုံက ဖော်ပြမရနိုင်သည့် ထိတ်လန့်အံ့အားသင့်မှုတို့ဖြင့် ပြည့်နေခဲ့ပါတယ်။

ဒါက ဆေးဖော်စပ်နေတာ မဟုတ်တော့ပါဘူး။ အဲ့အစား ကမ္ဘာတုန်လောက်အောင် ရင်သက်ရှုမော အံ့ဩဖွယ်ကောင်းတဲ့ မျက်လှည့်တစ်ခုကို ပြသနေတာနဲ့တောင် တူနေပါတယ်။

ရှောင်ဖူချန်း ဒေါင်ချင်းယန်လို လုံးဝကို အံ့အားသင့်နေခဲ့ရပါတယ်။ သူ့ပါးစပ်ကနေလည်း စကားတွေ တစ်ခွန်းပြီးတစ်ခွန်း ပြောနေလို့ပါ။ “ဆေးအရည်ကို ဒီလိုမျိုး ထုတ်ယူလို့ ရတယ်လား။ ဘယ်လိုလုပ်… ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

၁၅မိနစ်လောက် ကြာပြီးနောက်မှာတော့ ဆေးပင်တွေထဲ ဆေးအဆီအနှစ်တွေက ဆေးအရည်အဖြစ် ပေါင်းစည်းသွားပြီး ရှနင်းချန်၏ နူးညံ့လှသည့် လက်ဝါးထက်တွင် စုဝေးနေခဲ့ပါတယ်။

သူမလက်ကို အသာအယာ ဝှေ့ရမ်းလိုက်ပြီး အစစ်အမှန်ချီကို အရည်အလုံးလေးထဲ ထည့်သွင်းလိုက်တယ်။ ခဏကြာပြီးနောက် သူမလက်ဝါးလေးကို ချက်ချင်း ဆုပ်လိုက်ပါတယ်။ အဲ့လို လုပ်လိုက်တာနဲ့ တစ်ပြိုင်နက် ဘေးပတ်ဝန်းကျင်ရှိ မိုးမြေချီစွမ်းအင်တွေ အားလုံးက အတူတကွ လှည့်ပတ်လာခဲ့ကြပါတယ်။

ထိုလျင်မြန်လှသည့် မမျှော်လင့်ထားသည့် အဖြစ်အပျက် ပြီးသွားသည့် နောက်မှာတော့ ရှနင်းချန်က သူမလက်ဝါးလေးကို ပြန်ဖြန့်လိုက်တယ်။ အခု အချိန်မှာတော့ အထင်ကြီး အံ့အားသင့်ဖွယ် ကောင်းတဲ့ အစိမ်းရောင် ဆေးလုံးလေးတစ်လုံးက သူမလက်ဝါးထဲမှာ ရှိလို့နေခဲ့ပါတယ်။

ဆေးလုံးထဲမှာ မသန့်စင်မှု အနည်းငယ်လေးတောင် မပါဝင်ပဲ ဆေးတစ်လုံးလုံးက စက်ဝိုင်းလို ဝိုင်းစက်နေခဲ့ပါတယ်။ ပြီးတော့ ဆေးလုံးရဲ့ မျက်နှာပြင်ထက်မှာလည်း သွေးကြောလို ယှတ်ဖြာနေတဲ့ အမျှင်တန်းလေးတွေလည်း ရှိနေခဲ့ပါတယ်။

“ဆေးကြောတွေ” ရှောင်ဖူချန်း မျက်လုံးအစုံက အပြင်ကို ထွက်ကျတော့မတတ် ဖြစ်သွားခဲ့ပြီး ရုတ်တရက် လေသံအကျယ်ကြီးနဲ့ ထအော်လိုက်တယ်။ ရန်ကိုင် မျက်ခုံးအစုံလည်း ထိစပ်တော့မတတ် ပူးကပ်သွားခဲ့ပါတယ်။

သူရှောင်ဖူချန်းကို ပထမကြိမ် တွေ့တုန်းက သူဆေးဖော်ပြီးတဲ့ အချိန်းတုန်းကပါ။ ထိုအချိန်းတုန်းက ရှောင်ဖူချန်းက ဆေးလုံးကို စစ်ဆေးနေရင်းနဲ့ ဆေးသွေးကြော ဆိုတာကိုလည်း ရေရွတ်နေခဲ့ပါသေးတယ်။

“ဦးလေး၊ ကျေးဇူးပြုပြီး စစ်ဆေးပေးပါဦး” ရှနင်းချန်က ဆေးလုံးကို ညင်သာစွာ ကိုင်ပြီး ရှောင်ဖူချန်းဆီ ပေးလိုက်တယ်။

“ဂရုစိုက်၊ ဂရုစိုက်ပါ ဒေါ်လေးရဲ့။ ဆေးကြောတွေကို မထိခိုက်အောင် သေချာဂရုစိုက်ပေးပါ” ရှောင်ဖူချန်းက တုန်တုန်ရီရီနဲ့ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ဆေးလုံးကို အလွန် ညင်သာစွာဖြင့် လက်ခံယူလိုက်ပါတယ်။ သူ့ကြည့်ရတာ နတ်ဘုရား ရတနာတစ်ခုကို တွေ့နေရသည့် လူတစ်ယောက်ပုံစံ ဖြစ်နေခဲ့ပါတယ်။

“ဟွန့်၊ ဘာမှ အသုံးမဝင်တာတွေ” မန်ဝူရက မထိတထိ လေသံနဲ့ စနောက်လိုက်တယ်။

“အရူး၊ မင်းဘာသိလို့လဲ” ရှောင်ဖူချန်းက မန်ဝူရကို ကျိန်ဆဲလိုက်ပြီးနောက် ဆေးလုံးဘက် အကြည့်ပြန်လှည့်လိုက်ကာ သေချာစစ်ဆေးကြည့်ပါတော့တယ်။

“တကယ့် ဆေးကြောတွေ… တကယ် ဆေးကြောတွေပဲ”

အခု ရှောင်ဖူချန်းမှာ ဂရမ်းမာစတာ တစ်ယောက်ရဲ့ မည်သည့် ဟန်ပန်အမူအရာမှ မရှိတော့ပါဘူး။ သူ့ပုံစံက မြို့ပေါ်ရောက်တဲ့ တောသားတစ်ယောက်လို ဖြစ်နေခဲ့ပါတယ်။

“ဆရာ၊ ဆေးကြောဆိုတာ ဘာလဲဟင်” ဒေါင်ချင်းယန်က နူးညံ့တဲ့ လေသံနဲ့ မေးလိုက်တယ်။

“ဆေးကြောတွေ…” ရှောင်ဖူချန်းက ညင်သာစွာ သက်ပြင်းချလိုက်ပြီး “ဆေးကြောဆိုတာက ဆေးပညာရှင်တွေ ဆေးပညာမှာ ရရှိနိုင်တဲ့ အမြင့်မားဆုံး အောင်မြင်မှုတွေထဲ တစ်ခုပဲပေါ့။ ဆေးလုံးမျက်နှာပြင် ပေါ်က မှိန်ဖျဖျ အမျှင်တန်းလေးတွေက ငါတို့ခန္ဓာကိုယ်မှာ ရှိတဲ့ သွေးကြောတွေလဲ။ တစ်နည်းအားဖြင့် ဆေးသွေးကြောတွေပေါ့”

“ဆေးတစ်လုံးမှာ ဆေးကြောရှိရှိ မရှိရှိ ဆေးလုံးအဆင့်က ဘာမှ မပြောင်းလဲသွားဘူး။ ဒါပေမယ့် ဆေးကြောရှိတဲ့ ဆေးလုံးနဲ့ ဆေးကြော မရှိတဲ့ ဆေးလုံးနှစ်လုံးကြားမှာ ကြီးမားတဲ့ ကွာခြားချက်ကြီး တစ်ခုရှိတယ်။ ဆေးကြောပါတဲ့ ဆေးလုံးတွေက ကောင်းကင်နဲ့ မြေပြင်ကြားက စွမ်းအင်တွေကို စုပ်ယူခဲ့ရတော့ သာမန်ဆေးလုံးတွေထက် နှစ်ဆပိုပြီး အကျိုးသက်ရောက်မှု ရှိတယ်။ အခြားတစ်နည်းနဲ့ ပြောရမယ်ဆိုရင်တော့ ဆေးကြာပါတဲ့ ဆေးလုံးကို သောက်သုံးမယ်ဆိုရင် ဆေးစွမ်းအင် နည်းနည်းမှ မဖြုန်းတီးရတော့ဘူးပေါ့။ ဆိုလိုတာကတော့ ဆေးကြောပါတဲ့ ဆေးလုံးတွေကို နှစ်ပေါင်းဘယ်လောက် ကြာအောင် သိမ်းဆည်းထားထား ဆေးလုံးထဲက ဆေးစွမ်းအင်တွေက လုံးဝ လျော့ပါးမသွားဘူး” ရှောင်ဖူချန်းက သေချာ ရှင်းပြလိုက်တယ်။

သူ့အသံက စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေခဲ့ပြီး “ဒီလူအိုကြီးက ဆေးပညာကို လေ့လာနေတာ နှစ်ပေါင်းများစွာ ရှိသွားခဲ့ပြီ။ သိပ်မကြာခင်တုန်းကပဲ ဒီလူအိုကြီး ဆေးကြောပါတဲ့ ဆေးလုံးတွေ သန့်စင်တဲ့ နေရာမှာ ပြန်ပြီးအာရုံစိုက်နေခဲ့တာ။ ဒါပေမယ့် သာမန်အဆင့် ဆေးလုံးတွေကို သန့်စင်မှပဲ ဆေးကြောတွေ ပါလာတတ်တယ်။ မြေကမ္ဘာအဆင့် ဆေးလုံးတွေဆိုရင်တော့ ဆေးကြောက မပါသလောက်ပဲ။ ကောင်းကင်အဆင့် ဆိုရင်တော့ ပိုဆိုးပေါ့။ ဆေးကြောပါတဲ့ ကောင်းကင်အဆင့် ဆေးလုံးကို အခုအချိန်ထိ တစ်ခါမှ မသန့်စင်နိုင်ခဲ့ဖူးသေးဘူး”

ထို့နောက် ရှောင်ဖူချန်းက တောက်ပသည့် မျက်ဝန်းအစုံဖြင့် ရှနင်းချန် ရှိရာဆီ လှည့်ကြည့်လိုက်ပြီး “တူမလေး၊ နင်ကောင်းကင်အဆင့် ဆေးလုံးတွေ သန့်စင်တဲ့အခါကျရင်လေ ဆေးကြောပါနိုင်ချေက ဘယ်လောက်အထိ ရှိလဲ”

ရှနင်းချန်က နှုတ်ခမ်းလေး ကိုက်ပြီး သူမဆရာရှိရာဆီ လှမ်းကြည့်လိုက်တယ်။ သူမပြသခဲ့တဲ့ ဆေးစွမ်းရည်က ဂရမ်းမာစတာရှောင်အပေါ် တော်တော်လေး ထိချက်ပြင်းနေခဲ့ပါပြီ။ ထို့ကြောင့် ထိုမေးခွန်းကို အမှန်းအတိုင်း ဖြေရမလား၊ မဖြေရမလား မသိတဲ့အတွက် သူမဆရာဆီ လှမ်းမေးရုံပဲ တတ်နိုင်ပါတော့တယ်။

ဒါပေမယ့် မန်ဝူရက ပြုံးသာပြုံးလိုက်ပြီး “ပြောသာပြောလိုက်”

“ငါးရာခိုင်းနှုန်းနဲ့ ၆ရာခိုင်နှုန်းကြား”

ဟူး…. ရှောင်ဖူချန်း သက်ပြင်းရှိုက်လိုက်မိတယ်။

ကောင်းကင်ဆေးလုံး ဖော်စပ်ရင် ဆေးကြာပါတဲ့ ဆေးလုံးကို သန့်စင်နိုင်ချေက ၅နဲ့၆ ရာခိုင်နှုန်းကြား ရှိတယ်ဆိုတော့ ဒါက တကယ်ကို ကောင်းကင်က ကောင်းချီးပေးနေတာပဲ ဖြစ်ရပါတော့မယ်။

ထိတ်လန့်အံ့အားသင့်နေသည့် အကြည့်ဖြင့် ရှောင်ဖူချန်းက ခပ်မြန်မြန်ပဲ ထပ်မေးလိုက်တယ် “ဆေးတိမ်တိုက်ရော၊ ဆေးကြောအထက်က ဒဏ္ဏာရီလာ ဆေးတိမ်တိုက်ကော တူမလေး ဆေးလုံးသန့်စင်တဲ့အချိန် ဖြစ်ပေါ်လာဖူးလား”

ရှနင်းချန်က ခေါင်းသာ ခါပြလိုက်ပါတယ်။

“ဟင်း၊ တူမလေးရဲ့ ကျင့်ကြံခြင်းအဆင့်က မလုံလောက်သေးလို့ ဖြစ်မယ်။ တူမလေးသာ အင်မော်တယ် တက်လှမ်းခြင်းအဆင့်ကို ချိုးဖြတ်နိုင်ခဲ့မယ်ဆိုရင် ဒဏ္ဏာရီလာ ဆေးတိမ်းတိုက် ပါတဲ့ ဆေးလုံးကို သန့်စင်နိုင်ချေ ရှိတယ်” ရှောင်ဖူချန်းက ခေါင်းညိတ်လိုက်တယ်။

အခန်းထဲတွင် အချိန်အတော်ကြာအောင် ခေါက်တုံ့ခေါက်ပြန် သွားနေလိုက်ပြီးနောက် ရှောင်ဖူချန်းက ရုတ်တရက် ပြောလိုက်တယ် “အားလုံး သွားကြတော့။ ညီအစ်ကိုမန်နဲ့ ငါ ဆေးနွေးစရာ ရှိတယ်” လူငယ်သုံးယောက်စလုံး ကြောင်သွားခဲ့ပေမယ့် ခပ်မြန်မြန်ပဲ ခေါင်းလေးငုံ့၊ ဦးညွှတ်ပြီး အခန်းထဲကနေ အလျှိုလျှို ပြန်လည် ထွက်ခွါသွားခဲ့ကြတယ်။

သူတို့ထွက်သွားပြီး ခဏကြာပြီးတဲ့ အချိန်မှာတော့ ကျောက်ခန်းလေးထဲကနေ မန်ဝူရ၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာခဲ့တယ် “မင်းရဲ့ အိမ်မက်ထဲမှာတောင် မရဘူးကွ။ ငါ့တပည့်ကိုများ ကြံရဲတယ်။ မင်းသား အဲ့လို ကျေးဇူးမသိတတ်တဲ့ လူမှန်းသိခဲ့ရင် ငါမင်းရဲ့ အစုတ်ပလုတ် အသက်ကို ကယ်ခဲ့မှာ မဟုတ်ဘူး။ အဲ့အစား အဲ့အဆင့်၆မိစ္ဆာသားရဲတွေ ကြားမှာပဲ မင်းကို ထားခဲ့လိုက်ပါတယ်”

ရှောင်ဖူချန်းက ချက်ချင်းပဲ ပြန်ပြောလိုက်ပါတယ် “ငါပြောတာ အဓိပ္ပါယ် ရှိတယ်လေကွာ၊ မင်းက ဆေးပညာကိုမှ နားမလည်တာ၊ မင်းသူမကို ဘာသင်ပေးနိုင်မှာ မို့လို့လဲ။ ဒီလို ကျောက်စိမ်းတုံးလေးကို မင်းနားမှာနေခိုင်းတာက ကောင်းကင်က ပေးတဲ့ လက်ဆောင်ကို ဖျက်စီးနေတာနဲ့ အတူတူပဲ။ သူမက ဒီလူအိုကြီးကို ဆရာအဖြစ် သတ်မှတ်တာကမှ ပိုကောင်းလိမ့်မယ်”

မန်ဝူရက လှောင်ပြောင်လိုက်ပြီး ထပ်ပြောလိုက်တယ် “ငါမသင်ပေးနိုင်ဘူး ဆိုရင်တောင် မင်းကကော ဘာသင်ပေးနိုင်မှာ မို့လို့လဲ”

“ငါ့တစ်ဘဝလုံး ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို သူမကို သင်ပေးနိုင်တယ်လေ။ အနည်းဆုံးတော့ သူမကို ဆန်းကြယ်အထွတ်အထိပ် အဆင့် ဆေးပညာရှင်တစ်ယောက် အမြန်ဆုံး ဖြစ်လာစေနိုင်တာပေါ့”

‘ဆန်းကြယ်အဆင့်ကိုများ ထည့်တွက်နေသေးတယ်။ မင်းက ဒီလူအိုကြီးရဲ့ နောက်ခံကို အရမ်းအထင်သေးလွန်းနေတာပဲ’

All Chapters