နတ်ဘုရားရာထူးပိုင်ဆိုင်ထားသူများတွေ့ဆုံခြင်း
Vol. 36 Ch. 498
တစ်ချိန်တည်းမှာပင်…
ပင်လယ်လေးခုတွင် မူလက မျက်လုံးများမှေးမှိတ်ထားသည့် ဘိုးဘေးနဂါးက မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူ၏ နတ်ဘုရားရာထူး တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။
ကောင်းကင်ဘုံမှ တစ်စုံတစ်ရာက သူ့ကိုခေါ်ဆောင်ရန် ကြိုးစားနေသည်။
"နောက်ဆုံးတော့ မင်းက မျက်နှာထွက်ပြပြီပေါ့"
ထိုသူ မည်သူဖြစ်ကြောင်း သူ သိရှိလေသည်။ ထိုသူက ခွန်လွန်တောင်မှ အထူခြားအဆန်းကျယ်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ ထိုသူက မည်မျှအထိ ခရီးရောက်နေသည်ကို မည်သူမှ မသိခဲ့ကြသလို မည်သို့သောအနေအထားရှိကြောင်းကိုလည်း မသိနိုင်ခဲ့ကြပေ။
နဂါးမျိုးနွယ်များက အကြိအနည်းငယ် ကြိုးစားကြည့်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
နဂါးမျိုးနွယ်များက ခွန်လွန်တောင်နှင့် အပြန်အလှန်ဆက်ဆံမှု အများဆုံး ဖြစ်သည်။ ထို့ကြောင့် ထိုပုဂ္ဂိုလ်အကြောင်း စုံစမ်းရန် အခွင့်အလမ် အမြင့်မားဆုံး ဖြစ်သည်။
သို့ပေသိ သူတို့ ခွန်လွန်တောင်သို့ အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ကြသည့်တိုင် ထိုပုဂ္ဂိုလ်နှင့်ပတ်သက်ပြီး မည်သည့်အကြောင်းမှ မသိခဲ့ရပေ။
ယနေ့တော့ ထိုသူကိုယ်တိုင်က ထွက်ပေါ်လာရန် အစပြုခဲ့ပြီ ဖြစ်သည်။ အသေးစိတ်ကို မသိရှိသော်လည်း ကောင်းကင်ဘုံသို့ တက်ကြည့်လျှင် သိရှိနိုင်မည် ဖြစ်သည်။
နဂါးမျိုးနွယ်များ၏ "ရှေးဟောင်းပင်လယ်လေးခုနန်းတော်မှ အထွတ်ထိပ်ချန်ယွမ်နဂါးမင်း" က ခေါ်သံကို ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
***
တစ္ဆေတိုင်းပြည်…။
တစ္ဆေတိုင်းပြည်မှာ တစ္ဆေချီစွမ်းအားထွက်ပေါ်လာပြီး အနက်ရောင်မြူခိုးများကြားမှ တစ္ဆေမျက်နှာကြီးတစ်ခု ထွက်ပေါ်လာသည်။ သူက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။
အခြားသူများသွားပြီး သူမသွားလျှင် ကျန်ရစ်ခဲ့မည် ဖြစ်သည်။
သို့ပေသိ သူက အခြားသူများထက် ခြေတစ်လှမ်းသာပြီး မည်သို့သောကိစ္စများ ဖြစ်ပျက်နေသည်ကို သိရှိပြီးသား ဖြစ်သည်။ ထို့ကြောင့် ထူးချွန်သူများရွေးချယ်ခြင်းကို ကြိုတင်ပြုလုပ်ထားခဲ့ခြင်းပင်။
"တစ္ဆေတိုင်းပြည်၏ဧကရာဇ်ယိုတု" သည်လည်း ခေါ်ဆိုမှုကို တုံ့ပြန်ခဲ့လေသည်။
နတ်မိစ္ဆာမျိုးနွယ်များ၏ ပိုင်နက်နယ်မြေ။
အလင်းရောင်များ ဖုံးလွှမ်းနေသည့် ခန်းမဆောင်တစ်ခုထဲတွင် လူရွယ်တစ်ယောက် ရှိနေလေသည်။ သူက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီး ခဏမျှစဉ်းစားနေ၏။
ထို့နောက် ခေါ်ဆိုမှုကို တုံ့ပြန်ပြီး သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။
"ခွန်လွန်… မင်းတို့ရဲ့ ဦးတည်ချက်က ဘာလဲဆိုတာ ကြည့်ရအောင်"
ထိုလူရွယ်သည်ကား ဧကရာဇ်ချုန်းကိုးပင် ဖြစ်၏။
အလယ်ပိုင်းလွင်ပြင်ဒေသ ၊ နတ်လူသားမျိုးနွယ်များ၏ ပိုင်နက်နယ်မြေ။
ကောင်းကင်အမြင့်ထက်တွင် လူငယ်တစ်ယောက် မတ်တတ်ရပ်လျှက်ရှိသည်။ သူ၏ မျက်နှာတွင် မည်သည့်ခံစားချက်မှ ရှိမနေပေ။
"ဒီခရီးက ငါ့အတွက် မလိုအပ်ပေမယ့် သွားတော့သွားရမယ် ၊ နတ်လူသားမျိုးနွယ်တွေရဲ့ ကံကြမ္မာကိုလည်း ငါ တွေ့မြင်နေရပြီပဲ ၊ ပြီးတော့ တခြားနတ်ဘုရားရာထူးပိုင်ရှင်တွေနဲ့လည်းတွေ့ရတာ ကောင်းပါတယ် ၊ ငါ ပိုပြီး သိမြင်နိုင်တာပေါ့"
ထိုသို့ဖြင့် နတ်လူသားမျိုးနွယ်ယွင်ရှောင်းသည်လည်း ခေါ်သံကို တုံ့ပြန်ခဲ့လေသည်။
အလယ်ပိုင်းလွင်ပြင်ဒေသ ၊ ဝူထုန်တောင်။
ဝူထုန်တောင်ပေါ်ရှိ သစ်ပင်တစ်ပင်ထက်တွင် ဆံပင်အနီရောင်များပိုင်ဆိုင်ထားသည့် မိန်းမပျိုတစ်ယောက် ထိုင်နေလေသည်။ သူမက ခြေထောက်များကို လှုပ်ယမ်းရင်း ရယ်မောလိုက်သည်။
"ဒီလူက အင်အားစုတွေအားလုံး နတ်ဘုရားရာထူးတွေ ရရှိတဲ့အထိ စောင့်နေခဲ့တာမဟုတ်လား ၊ သူ ဘာလုပ်ချင်တာလဲ သိချင်မိတယ်"
ထိုသူတွင် အကြံအစီ ကြီးကြီးမားမားတစ်ခု ရှိဟန်တူသည်။ သို့တည်းမဟုတ် အလယ်ပိုင်းနန်းတော်မှ နတ်ဘုရားရာထူးကို ရယူလိုခြင်းလား။
သူမတွင် မှန်းဆချက်အချို့ရှိသော်လည်း ထိုအချက်များကို အတည်ပြုရန် မလိုအပ်ပေ။ သို့တိုင် သူမ သွားရောက်ရန် ရွေးချယ်ခဲ့သည်။
ကောင်းကင်ဘုံကိုးထပ်၏အရှင် ဝူထုန်တောင်၏ ဘိုးဘေးဇာမဏီနတ်ဘုရားသည်လည်း ခေါ်ဆိုမှုကို တုံ့ပြန်ခဲ့လေသည်။
တောင်ပိုင်းစွန့်ပစ်နယ်မြေ ၊ မြေအောက်နတ်ဆိုးမျိုးနွယ်များ။
အမှောင်ထုထဲမှ အနက်ရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသူတစ်ယောက် ထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။
အမှောင်ထုထဲမှာပင် သူ့အကြည့်များက အရာအားလုံးကို ဝါးမြိုသွားတော့မည့် ချောက်နက်ကြီးတစ်ခုအလား ထင်မှတ်ရသည်။
"အတော်များများတော့ အပေါ်ကိုတက်သွားကြတဲ့ပုံပဲ ၊ ပြီးမှ ငါလည်း သွားကြည့်ရမယ်"
မြေအောက်နတ်ဆိုးမျိုးနွယ်မှ မြေအောက်နတ်ဆိုးဘိုးဘေးအဓိပတိကြီးသည်လည်း ခေါ်ဆိုမှုကို တုံ့ပြန်ခဲ့လေသည်။
မှော်ဝိညာဉ်တောင်…။
မှော်သင်္ကေတများဖြင့်ပြည့်နေသည့် မြေပြင်ထက်တွင် မှော်ဆရာအဘိုးအိုတစ်ယောက် ထိုင်နေလေသည်။ ထိုအချိန် မှော်သင်္ကေတများက သူ၏ခန္ဓာကိုယ်အတွင်းသို့ စတင်ပေါင်းစပ်ဝင်ရောက်လာသည်။
ထိုအချိန် သူ၏ နတ်ဘုရားရာထူး လှုပ်ရှားသွားကြောင်း ခံစားလိုက်မိသည်။
သို့သော် သူက ချက်ချင်း မတုံ့ပြန်ခဲ့ပေ။ မှော်သင်္ကေတများအားလုံး သူ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားပြီးနောက် အဘိုးအို၏အသွင်အပြင်က လူငယ်တစ်ယောက်အသွင် ပြောင်းလဲသွားသည်။ သို့ပေသိ ချက်ချင်းပင် အဘိုးကြီးအသွင် ပြန်လည် ပြောင်းလဲသွားပြန်၏။
ထိုကိစ္စများပြီးမှသာ နတ်ဘုရားရာထူးထံမှ ခေါ်သံကို တုံ့ပြန်ခဲ့သည်။ သူက သူ့ကိုယ်သူ အန္တရယ်ကင်းအောင် အတည်ပြုပြီးသား ဖြစ်လေရာ ခွန်လွန်တောင်ကခေါ်သည်ဆိုလျှင်လည်း အရေးမစိုက်တော့ပေ။
မှော်ဝိညာဉ်တောင်၏အမတမှော်ဆရာကလည်း တုံ့ပြန်ခဲ့သည်။
အရှေ့ဘက်စွန့်ပစ်နယ်မြေ။
အလွန်လှပသည့် အဖိုးတန်အဝတ်အစားများကို ဝတ်ဆင်ထားသည့် မန်းမပျိုလေးတစ်ယောက်သည် ပန်းခင်းတစ်ခုအလယ်တွင် လမ်းလျှောက်လျှက် ရှိသည်။
သူမက ချောမောလှပပြီး ကျက်သရေနှင့်ပြည့်စုံလှသည်။ သူမက မြေပြင်ထက်လမ်းလျှောက်ရင်း အသစ်ပင်များနှင့်ပန်းပင်များကို ကြည့်ရှုကာ ကြည်နူးနေဟန် ရှိသည်။
အချိန်အတန်ကြာလမ်းလျှောက်ပြီးနောက် ရေကန်တစ်ခုနံဘေးသို့ ရောက်ရှိလာသည်။
သူမက တည်ငြိမ်နေသည့် ကန်ရေပြင်ကို ကြည့်ရှုနေရင်း…
"ခွန်လွန်တောင်ကလူတွေက အရှက်ကိုမရှိကြဘူး ၊ သူတို့က ရှီးယွင်ကိုဖမ်းထားကြပြီး အခု ငါ့ကို ရှာနေကြပြန်ပြီ ၊ တကယ့်ကို မဆီလျော်တာပဲ"
ထို့နောက် သူမက ရေကန်နံဘေးတွင်ထိုင်လိုက်ရင်း နတ်ဘုရားရာထူးအား ခေါ်ဆိုမှုကို တုံ့ပြန်လိုက်သည်။
ချီလင်မျိုးနွယ်များ၏ ကမ္ဘာမြေ၏မိခင်သည်လည်း ကောင်းကင်ဘုံမှ ခေါ်ဆိုမှုကို တုံ့ပြန်ခဲ့လေသည်။
အရှေ့ဘက်စွန့်ပစ်နယ်မြေ ၊ ဘီလူးဝိညာဉ်မျိုးနွယ်များ နေထိုင်ရာ…။
အရပ် (၆)ပေခွဲခန့် မြင့်မားသည့် လူတစ်ယောက်သည် ကြီးမားသည့် ကျောက်တုံးကြီးတစ်ခုထက်တွင် ထိုင်နေလေသည်။
ကျောက်တုံးကြီးက စိမ်းလန်းသည့် တောင်တစ်တောင်ထက်တွင် တည်ရှိခြင်းဖြစ်ပြီး သူ ဤနေရာတွင် တစ်ချိန်လုံး ထိုင်နေခဲ့ခြင်း ဖြစ်၏။
နတ်ဘုရားရာထူးမှ အပြောင်းအလဲကို ခံစားလိုက်ရပြီးနောက် သူက ထိုင်ရာမှ မတ်တတ်ထရပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ထက်မှ ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ ထိုရောင်ဝါက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖိနှိပ်ထားသည့်အလား ပြင်းထန်လွန်းလှသည်။
သူသည် လောကတစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသည့် ဘီလူးကြီးတစ်ကောင်အလား ဖြစ်သည်။
"နောက်ဆုံးတော့ အပြောင်းအလဲအသစ်တစ်ခု ဖြစ်လာပြီပေါ့"
သူက ရေရွတ်လိုက်သည်။
ဘီလူးဝိညာဉ်မျိုးနွယ်မှ ဧကရာဇ်တုန်းချင်သည်လည်း ခေါ်ဆိုမှုကို တုံ့ပြန်ခဲ့လေသည်။
***
"ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်"
ကျန်းလန်သည် နန်းတော်ရှေ့တွင် ရပ်နေလေသည်။ ထို့နောက် အခြားနေရာတစ်ခုသို့ ဆွဲခေါ်သွားသလို ခံစားလိုက်ရသည်။ သို့သော် သူ၏ အခြေစိုက်ရာနေရာက ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်တွင် တည်ရှိနေဆဲပင်။
ကျန်းလန် မဆိုင်းမတွပင် ဆွဲခေါ်ခံသွားရသည့် နေရာသို့ ဝင်ရောက်သွားသည်။ သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်အသက်သွင်းထားသည့်အတွက် သူ့ကို မည်သူမှ မသိမြင်နိုင်ပေ။
တစ်စုံတစ်ယောက်က သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထိုးဖောက်ကြည့်လျှင်တောင်မှ ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားက ဆက်လက်ဖုံးကွယ်ပေးထားမည် ဖြစ်သည်။
ယခုတစ်ကြိမ်တော့…
သူ ယခင်က မတွေ့မြင်ဖူးသည့် မြင်ကွင်းကို တွေ့မြင်ခဲ့ရသည်။
ကျန်းလန်သည် ကြယ်စင်များတောက်ပနေသည့် နေရာတစ်ခုသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် အလင်းစက်ဝန်းများစွာ ရှိနေပြီး ထိုအထဲမှတစ်ခုက သူ၏နေရာဖြစ်သည်။
အနီးကပ်ကြည့်လိုက်သည့်အခါ အလယ်တွင် အလင်းရောင်စက်ဝန်းကြီးတစ်ခု ရှိနေပြီး ထိုအလယ်ဗဟိုစက်ဝန်းကို သေးငယ်သည့် အလင်းရောင်စက်ဝန်း (၄)ခုက ဝိုင်းပတ်ထားသည်။ ထိုစက်ဝန်း (၄)ခု၏ အပြင်ဘက်တွင် အလင်းရောင်စက်ဝန်းငယ် (၈)ခု ရှိနေသည်။
အလယ်ဗဟိုအလင်းရောင်စက်ဝန်းသည် အလယ်ပိုင်းနန်းတော်ကို ကိုယ်စားပြုခြင်း ဖြစ်သည်။ ပတ်ပတ်လည်မှ စက်ဝန်း (၄)ခုကတော့ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် နန်းတော်များမှ နတ်ဘုရားရာထူး (၄)ခုကို ကိုယ်စားပြုမည် ဖြစ်သည်။ စက်ဝန်းငယ် (၈)ခုကတော့ အထက်ပိုင်း ၊ အနိမ့်ပိုင်း ၊ လက်ဝဲ ၊ လက်ျာ နန်းတော်များမှ နတ်ဘုရားရာထူး (၈)ခုကို ကိုယ်စားပြုသည်။
အပြင်ဘက်မှ ရပ်ကြည့်နေသည့်ကျန်းလန်သည် ထိုအကြောင်းများကို ချက်ချင်း နားလည်သွားသည်။
အတွင်းဘက်ရှိ စက်ဝန်း (၄)ခုနေရာတွင် လူတစ်ယောက် မတ်တတ်ရပနေသည်ကို တွေ့မြင်ရပြီး သူ့ပုံစံက ရှင်းရှင်းလင်းလင်း တွေ့မြင်ရခြင်း မရှိပေ။
ထိုသူက ဧကရာဇ်ရှီးဟယ် ဖြစ်သည်မှာ ပြောနေစရာပင် မလိုပေ။ သူ့နံဘေးတွင် လူတစ်ယောက် ရှိနေသည်။
ထိုသူကို တွေ့မြင်ရသည့်အခါ ကျန်းလန် အံ့အားသင့်သွားရ၏။ အဋ္ဌမမင်းသားပင် ဖြစ်သည် မဟုတ်ပါလား။
လုန်မန်မှာ ဘာဖြစ်မှန်းမသိဘဲ ပတ်ဝန်းကျင်ကို ထိတ်လန့်စွာဖြင့် ကြည့်နေသည်။
ဧကရာဇ်ရှီးဟယ်က သူ့ကို နှစ်သိမ့်လိုက်သည်။
"မကြောက်ပါနဲ့ ၊ ဒီနေရာမှာ မင်းကို ဘယ်သူမှ ထိခိုက်အောင် မလုပ်နိုင်ပါဘူး ၊ အေးအေးဆေးဆေး နေပါ"
အဋ္ဌမင်းသားက ကူရာကယ်ရာ မဲ့ဟန်ဖြင့်…
"အကြီးအကဲ… ဒါက ကျွန်တော် ရှိသင့်တဲ့နေရာမဟုတ်ဘူးလို့ ခံစားရတယ်"
ဤနေရာသို့ လာရောက်ကြမည့်သူများသည် ခွန်လွန်တောင်မှ တောင်သခင်များထက်ပင် ကြောက်မက်ဖွယ်ရာကောင်းသည့် အရေးကြီးသောပုဂ္ဂိုလ်များဖြစ်ကြောင်း သူ နားလည်သည်။
သူ့အနေဖြင့် ထိုသူများကို မည်သူ့ကိုမှ မထီမဲ့မြင့် ပြုရဲမည် မဟုတ်ပေ။ မဟုတ်ပါက သေချာပေါက် အသက်ပျောက်သွားနိုင်သည်။
ထို့ကြောင့် သူ ပြန်သွားချင်ခဲ့သည်။
ဧကရာဇ်ရှီးဟယ်က ရယ်မောလိုက်ရင်း…
"တခြားသူတွေ ရောက်လာကြတော့မယ် ၊ မင်း ငြိမ်ငြိမ်နေဖို့ပဲလိုတယ် ၊ ဘာမှ မထိခိုက်ပါဘူး"
ကျန်းလန်က အခြားသူများ ရောက်ရှိလာသည်ကို စောင့်ကြည့်နေရင်း သူတို့အားလုံး၏ တန်ခိုးစွမ်းအားများကိုလည်း အကြမ်းဖျင်း နားလည်လိုက်သည်။
သူသာ တာအိုအင်မော်တယ်ဆိုလျှင် မည်မျှ ကောင်းလိုက်ပါမည်လဲ။ ယခုတော့ သူ့အပေါ် ကျရောက်နေသည့် ဖိအားများက ကြီးမားလွန်းလှသည်။ သို့ပေသိ ဤနေရာတွင်တော့ မည်သူမှ တိုက်ခိုက်ကြမည့်ပုံ မပေါ်ပေ။ အဋ္ဌမမင်းသားက အလယ်တွင် ရှိနေလေရာ တိုက်ခိုက်ကြလျှင် ခံနိုင်ရည်မရှိဘဲ ပြုတ်ကျသွားမည် ဖြစ်သည်။
မကြာမီ ပုံရိပ်များ တစ်ခုပြီးတစ်ခု စတင်ထွက်ပေါ်လာသည်။
ဧကရာဇ်ရှီးဟယ်၏ရှေ့တွင် မိန်းမပျိုတစ်ယောက် စတင်ထွက်ပေါ်လာသည်။ သူမက ဂုဏ်သရေရှိ မိန်းမပျိုတစ်ယောက် ဖြစ်ပြီး ချီလင်မျိုးနွယ်မှ ကမ္ဘာမြေ၏မိခင် ဖြစ်လေသည်။
ဧကရာဇ်ရှီးဟယ်၏ ဘယ်ဘက်တွင်တော့ ကိုယ်ရောင်ကိုယ်ဝါ တောက်ပလွန်းသည့် လူတစ်ယောက် ပေါ်လာသည်။ ထိုသူက ဧကရာဇ်ချုန်းကိုးပင် ဖြစ်သည်။
ဧကရာဇ်ချုန်းကိုးနှင့် မျက်နှာချင်းဆိုင်တွင် အနက်ရောင်သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသည့် မြေအောက်နတ်ဆိုးဘိုးဘေးအဓိပတိ ပေါ်လာသည်။ ထိုသူက လူရွယ်တစ်ယောက် ဖြစ်၏။
ထိုသူ (၄)ယောက်ကို တွေ့လိုက်သည်နှင့် မည်သူများ ဖြစ်ကြောင်း ကျန်းလန် ချက်ချင်း သိလိုက်သည်။
မကြာခင် အဋ္ဌမမင်းသား၏နံဘေးတွင် နဂါးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ချန်ယွမ်နဂါးမင်းပင် ဖြစ်လေ၏။ ကျန်းလန်သည်လည်း သူ့အတွက် သတ်မှတ်ထားသည့်နေရာသို့ ဝင်ရောက်လိုက်သည်။
ကျန်းလန်၏ ဘေးနားတွင်တော့ အနက်ရောင်မြူခိုးများ ဖုံးလွှမ်းနေသည့် တစ္ဆေမျက်နှာကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုသူက တစ္ဆေတိုင်းပြည်မှ ဧကရာဇ်ယိုတုပင် ဖြစ်သည်။
ဘယ်ဘက်ခြမ်းတွင်တော့ အနီရောင်ဆံပင်များကို ပိုင်ဆိုင်ထားသည့် ငယ်ရွယ်သော မိန်းမပျိုတစ်ယောက် ရှိနေသည်။ သူက ဇာမဏီမျိုးနွယ်မှ ဘိုးဘေးဇာမဏီငှက် ဖြစ်သည်။ သူမ နံဘေးတွင်တော့ အရပ် (၆)ပေခွဲခန့် မြင့်မားသည့် လူတစ်ယောက် ထွက်ပေါ်လာသည်။ ထိုသူက ဘီလူးဝိညာဉ်မျိုးနွယ်မှ ဧကရာဇ်တုန်းချင် ဖြစ်သည်။
ညဘက်ခြမ်းတွင်တော့ အဖြူရောင်ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ပေါ်လာပြီး သူ့အမူအရာက တည်ငြိမ်လွန်းသည်။ နတ်လူသားမျိုးနွယ် ယွင်ရှောင်းပင် ဖြစ်၏။ သူ့ဘေးနားတွင်တော့ ခန္ဓာကိုယ်တစ်ခုလုံး မှော်သင်္ကေတများ ပြေးလွှားနေသည့် အဘိုးအိုတစ်ယောက် ပေါ်လာသည်။ ထိုအဘိုးအိုကတော့ မှော်ဝိညာဉ်တောင်မှ အမတမှော်ဆရာပင် ဖြစ်သည်။
လူတိုင်း ဤနေရာသို့ ရောက်ရှိလာကြသည်။
ကျန်းလန်ကတော့ မျက်ခုံးများကို တွန့်ချိုးထားရင်း အန္တရယ်ကို သတိထားနေသည်။
ဤလူများအားလုံးက တန်ခိုးစွမ်းအား မြင့်မားလွန်းကြသည်။ ယခုဆိုလျှင် နတ်လူသားမျိုးနွယ် ယွင်ရှောင်းသည်ပင် တာ့လော်အင်မော်တယ် မဟုတ်တော့ပေ။ တာအိုအင်မော်တယ် ဖြစ်နေပေပြီ။ အားလုံးထဲတွင် ကျန်းလန်တစ်ယောက်သာလျှင် တန်ခိုးစွမ်းအာ အနိမ့်ပါးဆုံး ဖြစ်နေခဲ့သည်။
အခြားသူများကလည်း တစ်ယောက်နှင့်တစ်ယောက် အကဲခတ်နေကြသည်။
နတ်ဘုရားရာထူး ရရှိထားသူများအနေဖြင့် ယခုမှ တစ်ယောက်နှင့်တစ်ယောက် ပထမဆုံးအကြိမ် တွေ့ဆုံဖူးကြခြင်း ဖြစ်သည် မဟုတ်ပါလား။
***