မကျေနပ်ရင်တိုက်ခိုက်ကြတာပေါ့
Vol. 36 Ch. 499
ထိုသူများက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုလိုက်ကြသည်။
"အင်း… အတော်လေး ရင်းနှီးတဲ့သူတွေလည်း ပါတာပဲ"
မြေအောက်နတ်ဆိုးဘိုးဘေးအဓိပတိကြီးက အားလုံးကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး စကားစမြည်စတင်ပြောလိုက်သည်။
ရောက်ရှိလာသူများထဲမှ အများစုမှာ အင်အားကြီးအုပ်စုများမှ တန်ခိုးစွမ်းအားအမြင့်မားဆုံးပုဂ္ဂိုလ်များ ဖြစ်ကြသည်။ လူတိုင်းကို မသိရှိနိုင်သော်လည်း အနည်းငယ်ကိုတော့ မျက်မှန်းတန်းမိကြသည်။
နတ်မိစ္ဆာများ၏ ဧကရာဇ်ချုန်းကိုးက ယွင်ရှောင်းကို တစ်ချက်လှမ်းကြည့်လိုက်ရင်း…
"နတ်လူသားမျိုးနွယ်တွေမှာ အရမ်းတော်တဲ့ ပါရမီရှင် တက်သစ်စလူငယ်တစ်ယောက် ထွက်ပေါ်လာတယ်လို့ ကြားတယ် ၊ ကြည့်ရတာ အကြီးအကဲတွေက မင်းကို သူတို့နေရာအစားထိုးပေးအပ်ချင်ပုံရတယ်"
ယွင်ရှောင်းက ဧကရာဇ်ချုန်းကိုး၏စကားကို ခေါင်းညိတ်တုံ့ပြန်လိုက်ပြီး သူ့အကြည့်များက ကျန်းလန်ထံ ရောက်ရှိသွားသည်။
ထိုသူကို ယွင်ရှောင်း သိရှိလေသည်။ ထိုခဏတွင် နတ်ဆိုးဘိုးဘေးကလည်း ကျန်းလန်ကို လှမ်းကြည့်လာသည်။
သူက အေးစက်သည့်လေသံဖြင့်…
"သူက ဘယ်သူလဲ ၊ ဘာလို့ သူ့ဆီမှာ တာအိုရောင်ဝါ ထွက်ပေါ်မနေရတာလဲ"
မဟာတာအိုမှထွက်ပေါ်လာသည့် တာအိုရောင်ဝါသည် တာအိုအင်မော်တယ်တစ်ယောက်၏ ဝိသေသလက္ခဏာ ဖြစ်သည်။
အခြားသူများတွင် တစ်ခုစီရှိသော်လည်း ကျန်းလန်တွင်တော့ မရှိခဲ့ပေ။
ဧကရာဇ်ချုန်းကိုးက တည်ငြိမ်စွာဖြင့်…
"တစ္ဆေတိုင်းပြည်ရဲ့ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား"
သူက နတ်ဘုရားရာထူးကို ဒုတိယမြောက် ရရှိခဲ့သူ ဖြစ်ပြီး တတိယမြောက် ရရှိခဲ့သူမှာ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား ဖြစ်သည်။
ထို့ကြောင့် အခြားသူများအနေဖြင့် ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားအကြောင်း မသိရှိကြသော်လည်း သူကတော့ သိရှိလေသည်။ ထိုအမည်ကို သူကိုယ်တိုင် ကြားသိခဲ့ရသည် မဟုတ်ပါလား။
ဧကရာဇ်တုန်းချင်က ကျန်းလန်ကို အေးစက်စွာကြည့်လိုက်ရင်း…
"တစ္ဆေတိုင်းပြည်မှာ ဒီလိုလူမျိုး ရှိနေတာလား"
လူတိုင်းက သူ့ကို ရန်လိုစိတ်ဖြင့် ကြည့်နေကြောင်း ကျန်းလန် ခံစားရသည်။
အမှန်ဆိုလျှင် ဤသို့ မဖြစ်သင့်ပေ။ နတ်လူသားမျိုးနွယ်များနှင့် နတ်မိစ္ဆာများက သူနှင့် ရန်ညှိုးရန်စ ရှိကြသဖြင့် မကျေနပ်ချက်များ ရှိနိုင်သော်လည်း သူက အခြားသူများနှင့် ပတ်သက်ဆက်နွယ်ဖူးခြင်း မရှိပေ။ အခြားသူများအနေဖြင့် သူ့ကို ပစ်မှတ်ထားစရာ အကြောင်းမရှိပေ။
ယခုတော့ မြေအောက်နတ်ဆိုးဘိုးဘေးသည်လည်း သူ့ကို သဘောကျဟန် မရှိပေ။ အခြားသူများသည်လည်း သိသိသာသာ ထုတ်ဖော်ပြောသည့်တိုင် သူ့ကို သဘောမကျသည်မှာ ထင်ရှားသည်။
ဧကရာဇ်ယိုတုက ဧကရာဇ်တုန်းချင်ကို ကြည့်လိုက်ရင်း…
"မင်းက ဘယ်လောက်ကြီးမြတ်တဲ့သူဖြစ်ပါစေ စိတ်ထားက မရိုးရှင်းဘူးပဲ ၊ မင်းက တစ္ဆေတိုင်းပြည်က တန်ခိုးစွမ်းအားရှင်တွေအားလုံးကို သိလို့လား"
ဧကရာဇ်တုန်းချင်က ဧကရာဇ်ယိုတကို အေးစက်စွာ လှမ်းကြည့်လိုက်ရင်း…
"ဘာလဲ… တစ္ဆေတိုင်းပြည်က ကျုပ်တို့နဲ့ ယှဉ်ချင်တာလား"
ဧကရာဇ်ယိုတုက…
"မင်းက ဦးနှောက်ရှိနေလို့ အထင်ကြီးစရာကောင်းတယ်လို့ လူတွေက ထင်နေကြတာ ၊ ဒါပေမဲ့ မင်းရဲ့ဦးနှောက်က ချီလင်မျိုးနွယ်တွေလောက်တောင် အသုံးမကျဘူး ၊ မဟုတ်ရင် အရှေ့နန်းတော်က မင်းပိုင်ဆိုင်ရမှာ ၊ အခုတော့ ကျုပ်ကို ဦးနှောက်မရှိဘူးလို့ မင်းထင်တယ်မလား ၊ ဒါပေမဲ့ မင်းလည်း ကျုပ်လိုပဲ ဦးနှောက်မှ မရှိတာ"
ဧကရာဇ်တုန်းချင်က ကမ္ဘာမြေ၏မိခင်ကို လှမ်းကြည့်လိုက်သည်။
ကမ္ဘာမြေ၏မိခင်က…
"ဦးနှောက်မရှိတဲ့သူရဲ့စကားကို ရှင်က ယုံသလား"
ဧကရာဇ်ယိုတုုက…
"ကြည့်စမ်း… သူက မင်းကို ဦးနှောက်မရှိတဲံသူလို့ ကြိမ်းမောင်းနေတယ် တွေ့လား ၊ တကယ်တော့ ဦးနှောက်မရှိတာ တော်တော်ကောင်းပါတယ် ၊ ကျုပ်ကိုယ်တိုင် အတွေ့အကြုံရှိခဲ့ပါတယ်"
ဧကရာဇ်တုန်းချင် : "……"
"ဟား ဟား ဟား"
ဧကရာဇ်ရှီးဟယ်က ရယ်မောလိုက်သည်။
"ကျုပ် စကားလေးဝင်ပြောပါရစေ ၊ တကယ်တော့ လက်သီးနတ်ဘုရားက ကျုပ်တို့ ခွန်လွန်တောင်လူပါ ၊ ရပြီလား"
ဧကရာဇ်ရှီးဟယ်စကားဆုံးသွားသည်နှင့် သူ့ကို ရန်လိုနေကြသည့် အငွေ့အသက်များ ပျောက်ကွယ်သွားသည်ကို ကျန်းလန် ခံစားလိုက်ရသည်။
ထိုသူများက သူ မည်သည့်နေရာကဖြစ်ကြောင်း အတည်ပြုလိုကြခြင်း ဖြစ်ဟန်တူသည်။ ဖြစ်နိုင်လျှင် သူ၏တန်ခိုးစွမ်းအားကိုလည်း စမ်းသပ်ကြည့်ချင်ကြဟန် ရှိသည်။
"ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲကတော့ မငြိမ်းချမ်းမှာ မြင်ယောင်တယ်"
ကျန်းလန် တွေးလိုက်သည်။
လက်ရှိတွင် သူက တန်ခိုးစွမ်းအား နည်းပါးနေသေးသည်ဖြစ်ရာ ဘာမှ မပြောသာပေ။ နောက်ထပ်အနှစ် (၁၀၀)ဆိုလျှင်တော့ သူ ထိုသူများကို ယှဉ်ပြိုင်နိုင်ပြီ ဖြစ်သည်။
မကြာမီ သူ့ထံသို့ အကြည့်တစ်ခုကျရောက်လာကြောင်း သတိပြုလိုက်မိသည်။ သူ့ကိုကြည်နေသူက ယွင်ရှောင်း ဖြစ်၏။
သူ့အကြည့်များက အလွန်တည်ငြိမ်ပြီး အငြိုးအတေးမရှိသလို ရင်းနှီးနှစ်လိုခြင်းလည်း မရှိပေ။ ထိုသို့သော ခံစားချက်ကင်းမဲ့သည့် အကြည့်မျိုးက ပိုပြီး အန္တရယ်များကြောင်း ကျန်းလန် နားလည်သည်။
ကျန်းလန်က သူကြည့်နေသည်ကို သတိထားမိသွားသည်နှင့် ယွင်ရှောင်းက ခေါင်းတစ်ချက်ညိတ် နှုတ်ဆက်လိုက်ရင်း ဧကရာဇ်ရှီးဟယ်ထံသို့ အကြည့်ကို ပြန်ပို့လိုက်သည်။
ဤအစည်းအဝေးကို ခေါ်ယူသူက ဧကရာဇ်ရှီးဟယ်ဖြစ်သောကြောင့် အားလုံးက အဋ္ဌမမင်းသားကို လျစ်လျူရှုထားကြသည်။ အဋ္ဌမမင်းသားသည် အာရုံစူးစိုက်မှုဗဟိုချက်ဖြစ်ကြောင်း လူတိုင်း သိကြသော်လည်း မည်သူမှ သူ့ကို အရေးမစိုက်ကြပေ။
ကျန်းလန် မျက်မှောင်ကြုတ်လိုက်သည်။
သူက နတ်လူသားမျိုးနွယ် ယွင်ရှောင်းကို နားမလည်သော်လည်း အလွန်အမင်း အာရုံစိုက်နေရန် မလိုအပ်ပေ။ နောက်တစ်ခေါက် သူတို့ ပြန်မဆုံခင်အချိန်ထိ တိုက်ခိုက်ကြဦးမည် မဟုတ်လေရာ အရမ်းကြီး စိတ်ပူစရာ မရှိပေ။
ကမ္ဘာမြေ၏မိခင်က ရှင်းရှင်းလင်းလင်းမမြင်ရသည့် ဧကရာဇ်ရှီးဟယ်၏ မျက်နှာကို လှမ်းကြည့်လိုက်ရင်း…
"ရှင်က ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲဆိုတာ ဖုံးကွယ်ထားတာပဲ ၊ ဒီတော့ ခွန်လွန်တောင်မှာ ရှင်က ဘယ်သူလဲဆိုတာ ကျွန်မတို့ ဘယ်လိုသိနိုင်မလဲ"
ဧကရာဇ်ရှီးဟယ်က ပြုံးလိုက်ရင်း…
"မင်း ကျုပ်ကို ဧကရာဇ်လွန်လင်လို့ ခေါ်နိုင်ပါတယ်"
နတ်လူသားမျိုးနွယ် ယွင်ရှောင်းက…
"အဲဒီလူက မင်း မဟုတ်ဘူး ၊ ကျုပ်တွေ့ခဲ့တဲ့ ဧကရာဇ်လွန်လင်က မင်း မဟုတ်ဘူး"
နဂါးမင်းချန်ယွမ်က…
"ဧကရာဇ်လွန်လင်က ပင်လယ် (၄)ခု မှာ တစ်ခါ ပေါ်လာဖူးတယ် ၊ ကျုပ်သိသလောက်တော့ ဒီပုဂ္ဂိုလ်ပဲ"
ထိုအချိန်က သူ မကြည့်ခဲ့သော်လည်း ထိုသူမှာ သေချာပေါက် သူ့ရှေ့မှလူဖြစ်သည်ကို သိရှိသည်။ ပြီးတော့ ဧကရာဇ်လွန်လင်ထွက်ပေါ်လာစဉ်က ခွန်လွန်တောင်မှ တပည့်များသည်လည်း အနားပတ်ဝန်းကျင်တွင် ရှိနေကြသည်။
ခွန်လွန်တွင် နတ်ဘုရားရာထူး ပိုင်ဆိုင်ထားသူ (၂)ယောက်သာလျှင် ရှိသည်။ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားကတော့ တာအိုအင်မော်တယ်အဆင့်ရှိသည့် နဂါးနက်ကို သတ်ဖြတ်နိုင်မည် မဟုတ်ပေ။
ထိုသို့ဆိုလျှင် ကျန်သည့်ကိစ္စများကို ပြောစရာ မရှိတော့ပေ။
ထိုအချိန် ဧကရာဇ်ယိုတုက ဝင်ပြောလိုက်သည်။
"ခွန်လွန်တောင်ကလူတွေက တကယ့်ကို ထက်မြက်ပါပေတယ်"
ခွန်လွန်တောင်က ထက်မြက်သည်ဆိုတော့ အခြားသူများကို ငတုံးများဟုပြောသလို ခံစားလိုက်ကြရသည်။
ကမ္ဘာမြေ၏ မိခင်က ထိုအကြောင်းကို စိတ်ထဲမထားတော့ဘဲ မေးခွန်းထုတ်လိုက်သည်။
"ဒါနဲ့ ယန်ရှီးယွင်ကို ကျွန်မတို့ဆီ ဘယ်တော့ပြန်ပို့ပေးမှာလဲ"
ဧကရာဇ်ရှီးဟယ်က ပခုံးတစ်ချက်တွန့်လိုက်ရင်း…
"ဒီကိစ္စကတော့ ကျုပ်ဆုံးဖြတ်လို့ရတဲ့ကိစ္စ မဟုတ်ဘူး ၊ ဒုတိယတောင်ထွတ်ရဲ့ တောင်သခင် လျိုကျင်းက ဒီကိစ္စတွေကို ကိုင်တွယ်တာပါ ၊ ကျုပ် သူ့ကို မေးပေးပါ့မယ်"
ဘိုးဘေးဇာမဏီနတ်ဘုရားက…
"ခွန်လွန်တောင်က ကမ်းလှမ်းလိုက်ရင် မတတ်နိုင်တဲ့ဈေးနှုန်းတွေချည်းပဲလေ"
သူမလည်း အတော်လေး ခံခဲ့ရသည် မဟုတ်ပါလား။
ကမ္ဘာမြေ၏မိခင်က မျက်မှောင်တစ်ချက်ကြုတ်လိုက်ရင်း…
"အမှန်ပဲ… ရှင်တို့တွေက မတန်တဆ ဈေးတွေတင်တောင်းကြတာလေ"
"ဟား… ဟား… ဟား… ဟား…"
ဧကရာဇ်ရှီးဟယ်က ရယ်မောလိုက်သည်။
ကမ္ဘာမြေ၏မိခင်က…
"တကယ်တော့ ခွန်လွန်တောင်သာ မရှိဘူးဆိုရင် သူတို့ရဲ့တန်ဖိုးလည်း ရှိလာမှာ မဟုတ်ပါဘူး ၊ ဒီတော့ ဒီလိုဈေးနှုန်းမျိုး ခွန်လွန်တောင်ဘက်က တောင်းဆိုတာ သဘာဝကျပါတယ် ၊ ဒါပေမဲ့…"
သူမ၏ စကားမဆုံးခင် ဧကရာဇ်ယိုတုက စကားဖြတ်ပြောလိုက်သည်။
"ဒါပေမဲ့ ဘာဖြစ်လဲ ၊ ခွန်လွန်တောင်ကို မကျေနပ်ဘူးလား ၊ မကျေနပ်ရင် ခွန်လွန်တောင်က အဆင်မပြေဘူးဆိုရင်တောင် တိုက်ခိုက်ဖို့အတွက် ကျုပ်ရဲ့တစ္ဆေစစ်တပ်ကို စေလွှတ်လိုက်မယ် ၊ တိုက်ခိုက်ပြီး မဖြေရှင်းနိုင်တာ ဘာမှ မရှိဘူး ၊ တိုက်ပွဲတစ်ခု တိုက်မယ် ၊ မရရင် နှစ်တိုက်မယ် ၊ အများဆုံးပေးဆပ်ရတာဆိုလို့ စစ်ရှုံးတာပဲ ရှိမယ်"
ကမ္ဘာမြေ၏မိခင်က ဧကရာဇ်ယိုတုကို စူးစိုက်ကြည့်လိုက်ရင်း…
"ရှင် စကားမပြောဘဲနေလို့ မရဘူးလား"
ဧကရာဇ်ယိုတုက…
"မင်းတို့အားလုံး စကားပြောနေကြတာ ၊ ကျုပ်က ဝင်မပြောဘူးဆိုရင် ရှက်စရာ မဟုတ်ဘူးလား"
ကမ္ဘာမြေ၏မိခင် : "……"
ကျန်းလန်ကတော့ စကားတစ်ခွန်းမှ မပြောဘဲ ငြိမ်သက်နေ၏။
ဧကရာဇ်ယိုတုသည် အမှန်တကယ်ပင် ရိုးသားခြင်းလား ၊ ဟန်ဆောင်နေခြင်းလားဆိုသည်ကို သူ မသိရှိပေ။
အမတမှော်ဆရာက…
"ကဲ အလုပ်ကိစ္စပဲပြောကြရအောင်"
ထို့နောက် အခြားသူများ စကားဆက်မပြောကြတော့ဘဲ ဧကရာဇ်ရှီးဟယ်ကိုသာ လှမ်းကြည့်လိုက်ကြသည်။ ဤသူကြောင့်သာ သူတို့အားလုံး ဤနေရာသို့ ယနေ့ ရောက်ရှိလာခဲ့ကြသည် မဟုတ်လား။ ထို့ကြောင့် ဧကရာဇ်ရှီးဟယ်ကပင် အသေးစိတ်အချက်အလက်များကို ပြောပြပေလိမ့်မည်။
ဧကရာဇ်ရှီးဟယ်က…
"ကျုပ်တို့မှာ အချိန်အများကြီး မရှိတော့ဘူးဆိုတာ အားလုံးပဲ သိကြတယ် မဟုတ်လား"
အခြားသူများက စကားမပြောဘဲ ဧကရာဇ်ရှီးဟယ် ဆက်ပြောမည့်စကာကိုသာ စောင့်ဆိုင်းနေကြသည်။
အဋ္ဌမမင်းသားက ဘေးနားတွင် နားထောင်နေသော်လည်း ပြောနေကြသည့် စကားအဓိပ္ပါယ်များကို သူ နားမလည်ပေ။
ကျန်းလန်က မည်သည့်စကားမှ မဆိုပေ။ ပထမတော့ အချိန်ဘယ်လောက်ကျန်သေးလဲ သူ မသိရှိသော်လည်း ချင်းစန်းပြောစကားအရဆိုလျှင် နှစ်ရာဂဏန်းသာ ကျန်တော့သည် ဆိုသည်။ အသေးစိတ်ကိုတော့ သူ မသိရှိပေ။
နှစ်ပေါင်းရာဂဏန်းဆိုသည်မှာ (၇၀၀) (၈၀၀) ဆိုလျှင်တော့ အကောင်းဆုံး ဖြစ်သည်။
သို့သော်…
ထိုမျှ အချိန်များပြားနေလျှင် ချင်းစန်းက "နှစ်ပေါင်းရာဂဏန်း" ပြောမည့်အစား "အနှစ်(၁၀၀၀)အောက်" ဟု စကားလုံး သုံးစွဲပေလိမ့်မည်။ ထို့ကြောင့် ကျန်ရှိသည့်အချိန်သည် နှစ်ပေါင်း (၅၀၀)ထက် ကျော်လွန်မည် မဟုတ်ပေ။
ဧကရာဇ်ရှီးဟယ်က…
"အခု နတ်ဘုရားရာထူးတွေအားလုံးကို သိမ်းပိုက်ပြီးသွားပြီ ၊ အဲဒီနောက် လူတိုင်း ရှေ့ကို ခြေတစ်လှမ်းတိုးပြီး နတ်ဘုရားရာထူးတွေကို ကိုယ်ပိုင်အဖြစ် ပြောင်းလဲကြရမယ် ၊ ပြီးရင် ရှေးဟောင်းဧကရာဇ်နန်းတော်ဆိုတဲ့အမည်ကို စွန့်ပစ်ရတော့မယ်"
အမတမှော်ဆရာက…
"ဒါက ခွန်လွန်တောင်အပေါ်မှာပဲ မူတည်တာ မဟုတ်ဘူးလား ၊ အရေးကြီးတံ တံခါးတွေအားလုံးကို မင်းတို့ပဲ ထိန်းချုပ်ထားတာ မဟုတ်ဘူးလား"
ဘိုးဘေးဇာမဏီနတ်ဘုရားက…
"ဒီတစ်ခါရော ခွန်လွန်တောင်က တန်ဖိုးသတ်မှတ်ပြီး ဈေးဖြတ်ဦးမှာလား"
ချန်ယွမ်နဂါးမင်းက…
"ကျုပ်တို့ နဂါးမျိုးနွယ်တွေကတော့ အလျင်မလိုပါဘူး ၊ တန်ဖိုးပေးဆပ်ရမယ်ဆိုလည်း အေးအေးဆေးဆေးမှပဲ ပေးတော့မယ်"
ဘာပဲဖြစ်ဖြစ် ခွန်လွန်တောင်က သတ်မှတ်သည့် တန်ဖိုးဈေးနှုန်းများက များပြားလွန်းသည် မဟုတ်လား။
ဧကရာဇ်ချုန်းကိုးက…
"ကြည့်ရတာ ခွန်လွန်တောင်က အင်အားစုတွေကို အသုံးချတဲ့နေရာမှာ သိပ်တော်တဲ့ပုံပဲ"
ဧကရာဇ်ယိုတုက…
"ဒါပဲလေ… လူသားတွေဆိုတာက သားကိုဝါးစားတဲ့အပြင် အရိုးကိုပါထွေးမထုတ်ဘဲ မျိုချကြသေးတာ"
လူတိုင်းက စကားပြောနေကြသည်ဖြစ်ရာ သူ ဝင်မပြောလျှင် ဘာမှ မသိနားမလည်သလို ဖြစ်နေပေလိမ့်မည်။
***